Posted: 25 Aug 2013 09:30 AM PDT
ကျနော့်ဇာတိ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမှာတော့ သူတို့ အကြံအောင်သွားတယ်။ သိတဲ့အတိုင်း အရင့်အရင် ဇာတ်လမ်းတွေလိုပဲ မြန်မာဗုဒ္ဓဘာသာ မိန်းမပျိုကလေးတစ်ယောက်ကို မွတ်ဆလင်သုံးယောက်က အဓမ္မကျင့်တယ်ဆိုတဲ့ ဘယ်ကနေ ဘယ်လို အခြေအမြစ်မရှိထွက်လာမှန်းမသိတဲ့ ကောလာဟလကို အခြေတည်တယ်။ ထုံးစံအတိုင်း အဲဒီအထဲက တစ်ယောက်ကို ရဲစခန်းမှာ ဖမ်းထားတယ်ဆိုတဲ့ သတင်းကို ဘယ်သူက ဘယ်လိုအတည်ပြုလိုက်လဲမသိဘူး ဒေါသထွက်နေတဲ့ လူတစ်စုဆီ ဝုန်းဒိုင်းဆို ရောက်သွားတယ်။ ထုံးစအတိုင်း လူအုပ် အရေအတွက် ၃၀၀ ဝန်းကျင်က ရဲစခန်းသွားဝိုင်းတယ်။ ပြီးတော့ ထုံးစံအတိုင်း ရဲစခန်းနားက မွတ်ဆလင်ပိုင် ဆိုင်ခန်းတွေ ရိုက်ဖျက်တယ်။ ထုံးစံအတိုင်း မွတ်ဆလင်ပိုင် ကြက်ခြံတွေကို မီးရှို့တယ်။ အဲဒီအထိ ဘယ်သူမှ မတားနိုင်ဘူး။ ဆိုင်ခန်းတွေ ရိုက်ဖျက်နေတဲ့အဆင့်တင် သေနပ်မိုးပေါ်ထောင်ဖောက်ပြီး လူစုခွဲလို့ရတယ်။ ကြက်ခြံမီးရှို့တဲ့အထိ ဘာမှ ထိန်းလို့ မရတာ ဘာသဘောလဲလို့ မေးချင်တယ်။
ဒီလောက် တစ်နိုင်ငံလုံး ဆက်တိုက်ဖြစ်နေတာတောင် အခုအထိ မတားနိုင်ဘူးဆိုတော့ တာဝန်ရှိတဲ့သူတွေ ဘယ်လောက်ရှက်ဖို့ကောင်းသလဲ။ ဘယ်လိုလူတွေက ဒီလောက် လက်ရဲဇက်ရဲ လုပ်နေတာလဲ။ တစ်နိုင်ငံလုံးမှာ ဖြစ်သမျှ အားလုံးက ဘာလို့ ဒီလောက် တူညီနေရတာလဲ။ စဉ်းစားတတ်တဲ့သူတိုင်း သိတယ်။ လုံခြုံရေးတာဝန်ရှိသူတွေကို ဘယ်ကနေ တိုက်ရိုက်အမိန့်ပေးနေတာလဲ။ ဒီလို လက်ရဲဇက်ရဲလုပ်နေတဲ့သူက တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ မဟုတ်ဘူးလား။ ဒီလောက်အတင့်ရဲရဲ လုပ်နေတာ သူတို့နောက်က ဘယ်လောက် အင်အားကြီးနေလို့လဲ။ ဒီလောက် စွမ်းအားကြီးနေတာ စွမ်းအားရှင်တွေမို့လို့ ဖြစ်မယ်။ ဒီပုံအတိုင်းဆို စွမ်းအားရှင်များနဲ့ ဖွဲ့စည်းထားတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့တွေ နောက်လာမယ့် ရွေးကောက်ပွဲတွေမှာ မင်းမူလာမှာ မြင်ယောင်သေးတော့။ ကန့်ဘလူနယ်ဆိုတာ တစ်လျှောက်လုံး အေးချမ်းလာခဲ့တာ။ ဒီဘက် နှစ်၂၀ ကျမှသာ အာဏာရှိသူတွေကိုယ်တိုင်ရယ် အာဏာအရှိန်ခိုစီးပြီး မြို့ကို မာဖီးယားဆန်ဆန် ဗိုလ်ကျနေတဲ့ လူတချို့ရယ်က ဟိုပြော၊ ဒီပြောနဲ့ ရှိနေတဲ့ ချစ်ခင်စည်းလုံးညီညွတ်မှုလေး ယိုင်နဲ့လာခဲ့တာ။ ဒါပေမဲ့ ဒီလိုသတင်းမျိုး တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ ထုံးစံရှိနေတော့ ဒေသခံ မွတ်ဆလင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ သိနေပြီးသား။ အဲတော့ အားလုံးက သတိရှိနေကြပြီးသား။ ဖြစ်လာရင် ထိန်းသိမ်းဖို့ ပြင်ထားပြီးသား။ ဒါပေမဲ့ ဖြစ်ခဲ့တဲ့ မြို့တွေမှာ လုပ်နေကျနည်းနဲ့ ဘယ်ကမှန်းမသိတဲ့ လူအုပ်က အရင်မြို့တွေမှာလိုပဲ ရဲစခန်းသွားဝိုင်းတယ်။ ကျနော့်ဇာတိအကြောင်း ကျနော်သိတယ်။ ဒေသခံတွေ အဲလောက် သွေးမဆိုးဘူး။ ရဲစခန်းသွားဝိုင်းလောက်တဲ့အထိ အဆင်အခြင် မမဲ့ဘူး။ ဒီလိုအောက်တန်းကျကျ ကြံစည် လုပ်ကြံတဲ့သူတွေကို ကျနော် သိပ်အထင်သေးတယ်။ သိပ်အောက်တန်းကျတယ်။ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း အချင်းချင်း အပြန်အလှန် ချစ်ခင်လေးစားမှု၊ ရိုင်းပင်းကူညီမှုနဲ့ နေလာခဲ့တဲ့ ဒေသခံမြန်မာတွေအကြား ဒီလို အောက်လမ်းနည်းနဲ့ သွေးခွဲဖို့ လုပ်တာ ပက်စက်လွန်းတယ်။ ကိုယ်ပေးသလောက် ကိုယ်ပြန်ရတဲ့ လောကကြီးက သိပ်တရားတယ်။ ထန်းကုန်းဒေသမှာရှိတဲ့ မိတ်ဆွေများ သံသရာက တင်လာတဲ့ အကြွေးရှိရင်တော့ ဆပ်ရမယ်။ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ အကြွေးသစ်ယူတဲ့သူကတော့ ဒီဘဝမှာ ဆပ်နိုင်ရင်ဆပ်၊ မဆပ်နိုင်ရင် သံသရာတစ်လျှောက်လုံး ဆပ်ရမယ်။ Kyaw Min Swe (The voice journal Editor)
ရိုးရာ
ထုံးစံအတိုင်း
ကောင်မလေးကို အနိုင်ကျင့်
ထုံးစံအတိုင်း
လူဆိုးတွေကို ရဲစခန်းမှာ ဖမ်း
ထုံးစံအတိုင်း
ဒေါသရမ်း လူတစ်စု ဝုန်းဒိုင်းကြမ်း
ထုံးစံအတိုင်း
ဒေါသတကြီးလူအုပ် ရဲစခန်းဝိုင်း
ထုံးစံအတိုင်း
ဆိုင်ခန်းတွေ ရိုက်ဖျက်စမ်း
ထုံးစံအတိုင်း
အိမ်တွေကို မီးရှို့
ထုံးစံအတိုင်း
ဘယ်သူမှ မတား
ထုံးစံအတိုင်း
ဆူကြ ဆဲကြ သွေးပူကြ
ထုံးစံအတိုင်း
အုပ်ချူပ်သူတွေ လာကြ
ထုံးစံအတိုင်း
ဝန်ကြီးရုံး သတင်းထုတ်ပြန်
ထုံးစံအတိုင်း
တရားခံတွေ မမိ
ထုံးစံအတိုင်း
ကောက်ရိုးမီးတွေ လို ၀ုန်းကနဲထ ဖြုတ်ကနဲငြိမ်း
ထုံးစံအတိုင်း
နောက်တစ်နေရာရွေ့
ယုံကြည့်မှုဆိုတာ ဒီလိုပဲ တည်ဆောက်ရတာပေါ့..
Evolutionဆိုတာ ဒီလိုပဲ ဖြေးဖြေးပေါ့
ရှေ့တက်မယ့်ခြေထောက် နောက်လူဆွဲ
လဲကွဲ.. ပြဲ
ဟဲ.. ဟဲ..ဖြေးဖြေးပေါ့...
ဒါဟာ.. ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခုပေါ့..
ထုံးစံအတိုင်း ပေါ့..
တိုင်းပြည်သာ ပျက်ချင်ပျက်
ပြည်သူသာ ငတ်ချင်ငတ်
ရိုးရာ ပျက်လို့ ဘယ်ရမလဲ.. နော့..
ခင်မင်လေးစားစွာဖြင့် (ကိုကျော်မင်းဆွေရဲ့ စတေးတပ်ထဲမှ စာသားတချို့ကို အခြေခံထားကြောင်း) |
Posted: 25 Aug 2013 08:42 AM PDT
ပန်းတနော်မြို့နယ် အတွင်း ခေါင်ဖျားသောကျေးရွာလေးတခုတွင်းသို့ရောက်လာပြီး ရွာသား အဘိုးအို တဦးကို ဘုန်းကြီးကျောင်းပေါ်တွင်ပင် ရိုက်နှက်ခဲ့သည့် ရဲတပ်ကြပ် လှမျိုးဆိုသူ အကြောင်း။ သူ့ ရဲစခန်းသည် ခနွဲကဘိုကျေးရွာတွင်ရှိပြီး သူ့စခန်းမှ အပါး ကျေးရွာများသို့ လာရောက်ပြီး လိုင်းကြေး ကင်းကြေး အခွန်အခ ကြေးများ ကောက်ခံ နေသူဖြစ်သည်။ ယခု အဘိုးအို ကို ရိုက်နှက်ခြင်းမှာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့ ကျေးရွာသို့ လာရောက်ပြီး အင်းလုပ်ကွက်များ ဘုံစားအင်းများ အကြောင်း မေးမြန်းခြင်းကို ကူညီပြသပေးမိသောကြောင့် ယခုလို နံရိုး သုံးချောင်း ကျိုးသည် အထိ ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ယခု ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၇၁ ရပ်ကွက်တွင် ရောက်ရှိပြိး ဆေးဝါးကုသနေရသည်။ သားသမီးများမှာလည်း နွမ်းပါးသူများဖြစ်သောကြောင့် အရိုက်လည်း ခံရသေးသည်။ ရဲတပ်ဖွဲ့ က တန်ပြန် တရားစွဲဆိုရန် စီစဉ်နေသည့် ရဲတပ်ဖွဲ့ဝင်အား ပြန်လည်ခုခံမှု ဆိုသည်ကိုလည်း ရင်ဆိုင်ချေပ ရန် လမ်းစရိတ် မရှိသဖြင့် နံရိုးလည်း ကျိုးရသည် ထောင်ကျမည့် ဘေးကိုလည်း စိုးကြောက်နေရသည့် မြန်မာနိုင်ငံသား ကျေးလက် နေ လူတန်းစား ဘ၀။ နေမျိုးဇင် |
Posted: 25 Aug 2013 07:56 AM PDT
ဆရာမောင်ဝံသ (ဦးစိုးသိမ်း)နှင့် ပထမဦးဆုံး တွေ့ခဲ့တဲ့ အချိန်ကို မမှတ်မိတော့ပါဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိစ္စတွေနဲ့ ဆုံကြပြောကြတာတွေ ရှိခဲ့ပေမဲ့ အသေအချာ မှတ်ဥာဏ်ထဲမှာ ကျန်နေတဲ့ တွေ့ဆုံခြင်းကတော့ ၁၉၈၉ ခုနှစ် ဆရာဦးဝင်းတင် အထိန်းသိမ်းခံရပြီး အချိန်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပါတီ အတွင်းရေးမှူး တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကိုယ်စား တတ်နိုင်သမျှ တာဝန်တွေ ထမ်းဆောင် ပေးပါမယ်လို့ ဆရာမောင်ဝံသက လာရောက်ပြောဆိုပါတယ်။ ကျွန်မကလည်း ဆရာမောင်ဝံသရဲ့ ကမ်းလှမ်းချက်ကို ကျေးဇူးတင်စွာနဲ့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ များမကြာမီ ကျွန်မကလည်း အကျယ်ချုပ်ကျ၊ ဆရာမောင်ဝံသကလည်း အကျဉ်းကျနဲ့ အတူ ကြာကြာမလုပ်လိုက်ကြရပါဘူး။ နောက် ၁၉၉၅ ခုနှစ် ကျွန်မ လွတ်လာပြီးနောက် ပြန်ဆုံကြပေမဲ့ ထပ်မံပြီး ကျွန်မက အကျယ်ချုပ်ကျ၊ ဆရာမောင်ဝံသကလည်း အကျဉ်းကျနဲ့ တွေ့ဆုံကြုံကွဲ နိုင်ငံရေး ဘ၀သံသရာမှာ လည်ခဲ့ကြပါတယ်။
ဆရာမောင်ဝံသက စာရေးရတာကို မြတ်နိုးတန်ဖိုးထားပြီး စာရေးရာမှာ မွေ့လျော်တဲ့ စာပေချစ် စာပေသမားတစ်ဦးပါ။ နိုင်ငံရေးကို အလွန်စိတ်ဝင်စားပြီး နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပေမဲ့ နိုင်ငံရေးလုပ်ရတာ မွေ့လျော်တဲ့ ပုဂ္ဂိုလ် တစ်ဦးမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီတော့ နိုင်ငံရေးလုပ်ရတာ မွေ့လျော်တဲ့ သူတွေဆိုတာ ဘယ်လိုလူတွေပါလိမ့်။ ကျွန်မကတော့ နိုင်ငံရေးလုပ်ရတာ မွေ့လျော်လားဆိုတဲ့ အမေးမျိုးလည်း တက်လာနိုင် ပါတယ်။ စဉ်းစားကြည့်ရင် ငယ်ရွယ်စဉ်ကာလကတည်းက နိုင်ငံရေးထဲမှာ ဘ၀နှစ်ခဲ့တဲ့ ဖေဖေတောင် နိုင်ငံရေး လုပ်ရတာ မွေ့လျော်တယ်လို့ ပြောလို့မရပါဘူး။ လွတ်လပ်ရေး ရယူချင်လို့။ ဒါအတွက် နိုင်ငံရေး လုပ်ရမယ် ဆိုတာ ယုံကြည်လို့ နိုင်ငံရေး လောကထဲ ရောက်လာခဲ့တာပါပဲ။ ထိုနည်းတူပါပဲ။ ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်ချင်လို့ တည်ထောင်နိုင်ဖို့ရာ နိုင်ငံရေး လုပ်ရမယ်ဆိုတာ ယုံကြည် လက်ခံလို့ ကျွန်မတို့ ဆရာမောင်ဝံသတို့လို လူတွေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထဲ ရောက်လာကြတာပါ။ စာပေ၀ါသနာပါသူတွေ ဖြစ်တဲ့ အလျောက် နိုင်ငံရေးစကား၊ စာပေစကားရောပြီး ဆွေးနွေးလေ့ ရှိကြပါတယ်။ နိုင်ငံရေးလုပ်ရာမှာ အတွေးအခေါ် နဲ့အလုပ်အကိုင် ခွဲခြားထားလို့ မရဘူးဆိုတဲ့ သဘောထားတွေကို အခြေခံပါတယ်။ ပြည်သူ့ခေတ် ဂျာနယ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုမှာ "ဘယ်အကြောင်းကြောင့်ပဲ နိုင်ငံရေး လုပ်လုပ်၊ လေ့လာ ဆည်းပူမှုမပြုဘဲနဲ့ အထက်လူကြီး တွေ မြှောက်စားလို့ မောက်ကြွားရတာမျိုးဆိုရင်တော့ အိမ်ဖြည့်နိုင်ငံရေး သမားပဲဖြစ်လာလိမ့်မယ်၊" "ပြည်သူကို မလေးစားသူဟာ ဘယ်တော့မှ ဒီမိုကရေစီ နိုင်ငံရေးသမား မဖြစ်နိုင်ဘူး" စသဖြင့် ပါခဲ့ပါတယ်။ ဒါကြောင့် ဆရာမောင်ဝံသဟာ အဓိကအားဖြင့် စာရေးဆရာဆိုပေမဲ့ နိုင်ငံရေးသမားများအတွက် အလွန်အရေးကြီးတဲ့ လေ့လာဆည်းပူးမှု ပြုလုပ်တတ်ခြင်းနဲ့ ပြည်သူကို လေးစားခြင်းဆိုတဲ့ အရည်အချင်းနှစ်ခု နဲ့ ပြည်စုံပါတယ်။ ဆရာမောင်ဝံသကို နောက်ဆုံးအကြိမ်တွေ့ခဲ့ရတာကတော့ ဇူလိုင်လ ၂၁ရက် တနင်္ဂနွေနေ့က ဖြစ်ပါတယ်။ အာဇာနည်နေ့အတွက် ရန်ကုန်ကို ပြန်ရင်းနဲ့ ၀ိတိုရိယ ဆေးရုံကို သွားခဲ့ပါတယ်။ အဆုတ်ကင်ဆာဖြစ်နေကြောင်းကို သိခဲ့ရကတည်းက ဆရာမောင်ဝံသ ကျန်းမာရေး အခြေအနေဟာ လွန်စွာ စိုးရိမ်ဖွယ်ဖြစ်နေ ပြီဆိုတာကို သိပါတယ်။ အိမ်ကိုသွားပြီး တွေ့လိုက်တော့ ထုံးစံအတိုင်း ပြုံးပြုံးရွှင်ရွှင်နဲ့ နိုင်ငံရေးအကြောင်း၊ စာပေအကြောင်းရောပြီး တက်တက်ကြွကြွ ပြောပါတယ်။ ဒီနောက်ပိုင်း ကျွန်မလည်း သွားလာလှုပ်ရှား၊ အလုပ်တွေများနဲ့ ဆရာမောင်ဝံသနဲ့ မတွေ့ဖြစ်တာ ဇူလိုင်လ အထိကို ရောက်လာ ပါတော့တယ်။ ရောဂါအခြေအနေ ဆိုးနေပြီကြားထားတော့ အိပ်ရာထဲမှာလဲပြီး ပိန်ချုံးနေမှာပဲလို့ ထင်ခဲ့ပါတယ်။ တကယ်တွေ့ရတော့ တွန်းလှည်းပေါ်မှာ ထိုင်နေပြီး မျက်နှာ ပြည့်ပြည့်၊ ပြုံးပြုံးရွှင်ရွှင် ဖြစ်တော့ ၀မ်းသာရပါတယ်။ သို့သော်လည်း ကင်ဆာ ရောဂါခံစားခဲ့ရသူ မြောက်မြားစွာရဲ့ အတွေ့အကြုံ တွေနဲ့ ရင်းနှီးခဲ့ရလို့ အချိန်မရွေး ပြန်လည် ဆုတ်ယုတ်သွားနိုင်တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ် တွေ့တဲ့ အခါမှာလည်း နိုင်ငံရေးအကြောင်း၊ စာပေအကြောင်းတွေပဲ ဆွေးနွေးကြပါတယ်။ စွမ်းအားရှိသ၍ စာရေးသွားချင်ကြောင်း၊ မြင်ချင်သေးတဲ့ နိုင်ငံရေး အခြေအနေတွေ အကြောင်း၊ မျှော်လင့်ချက်များစွာနဲ့ ဆရာမောင်ဝံသ ပြောခဲ့ပါတယ်။ ရဲဘော် ရဲဘက်တစ်ဦး လောကကြီးက ထွက်ခွာသွားတဲ့ အချိန်ဟာ ကျန်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ သူ မပြီးပြတ်ခဲ့တဲ့ အလုပ်တွေ ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ၊ သူ မမြင်ခဲ့ရတဲ့ အိပ်မက်တွေ ဘယ်လို ဖော်ဆောင်ပေးရမလဲဆိုတာ စဉ်းစားရပါတယ်။ ဆရာမောင်ဝံသရဲ့ မျှော်လင့်ချက်တွေ အကြောင်းတွေးရင်းနဲ့ နောက်ဆုံး မြင်ခဲ့ရတဲ့ ပြုံးရွှင်ကြည်လင်တဲ့ မျက်နှာကို သတိရပြီး ဒီလိုလက်ဆောင်မွန် ပေးခဲ့တဲ့ ဆရာမောင်ဝံသ(ဦစိုးသိမ်း) ကို ကျေးဇူးတင်လျက်ပါ။ ဒီတစ်ပတ်တော့ ဒီမျှသာ။ ။ အောင်ဆန်းစုကြည် မေတ္တာရိပ် |
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်) To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
http://www.burmaburo.blogspot.com
No comments:
Post a Comment