ဆရာမကြီး လူထုဒေါ်အမာရေးသော မြန်မာမွတ်စလင်မ် ကျားဘညိမ်းအကြောင်း
မန္တလေးသူ မန္တသားများစာအုပ်မှဖြစ်ပါသည်။
ကျားဘညိမ်းဆုံးသွားတာ ခုဆိုရင်ခြောက်နှစ်ပြည့်ပါတော့မယ်။ သူဆုံးသွားတာအတန်ကြာပါမှ သူ့ကိုပိုသတိရဖို့ ဖြစ်နေရတယ်။ မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှာ (The big fights of the decades) ဆိုပြီး အမေရိကန်မှာထိုးသွားခဲ့ကြဖူးတဲ့ လက်ဝှေ့ပွဲကြီးပွဲကောင်းတွေကို ပြန်ပြတဲ့အစီအစဉ်ပါရင် ကိုဘညိမ်းကို သတိရမိတယ်။ ဒီပွဲတွေအကြောင်းကို သူက ဆောင်းပါးတွေအကြိမ်ကြိမ်ရေးပြလာတဲ့လူ။ သူ့ပါးစပ်ထဲမှာ ဘယ်တုန်းကထိုးတဲ့ ဘယ်သူနဲ့ဘယ်သူ့ပွဲမှာ ဘယ်သူကဘယ်နှစ်ချီနဲ့ ဘယ်သူ့ကို အလဲသိပ်လိုက်တာကလား ဆိုတာတွေက အလွတ်ရနေသူမဟုတ်လား။ ခုသာရှိနေရင် ရုပ်မြင်သံကြားက အဲ့ဒီပွဲတွေကိုကြည့်ပြီး ဘယ်သတင်းစာက ဘယ်ဂျာနယ်က ဒီပွဲကို ဘယ်လိုရေးခဲ့တာ ဒေါ်အမာရဲ့လိုတောင် ပြန်ပြောပြနေဦးမှာ။
ကိုဘညိမ်းလက်ဝှေ့ကို စိတ်ဝင်စားပုံက ရှားမှရှားကိုး။ သူဆုံးသွားတော့ ကျွန်မကအိမ်မှာမရှိဘူး။ သူနေမကောင်းတာလဲ ကျွန်မမသိဘူး။ သေဆုံးသွားတာလဲမသိဘူး။ ဘယ်အထိမသိလဲဆိုရင်ဖြင့် သူဆုံးကာနီး ဦးလှတို့သားအဖဆီ ဆေးရုံပေါ်ကနေ သူရေးလာတဲ့ စာတွေကို အကြောင်းပြုပြီး သူဆုံးမှ ဦးလှရေးတဲ့ ဆောင်းပါးကိုတောင် ကျွန်မမသိဘူး။ မဖတ်ရဘူး။ ဒါကြောင့်ကျွန်မ အိမ်ပြန်ရောက်လာတော့မှ ကိုဘညိမ်းဆုံးရှာပြီ၊ ဘယ်တော့ဆီလောက်ကဆိုတာကြားရပါတယ်။ စိတ်မကောင်းလိုက်တာ၊ ဖြစ်ရလေခြင်းလို့။
ကိုဘညိမ်း ညီ ကိုဘသိန်း(ချစ်ညို) ကကျွန်မတို့ လူထုတိုက်မှာ စစ်ပြီးစက အယ်ဒီတာဝင်လုပ်တော့ ကိုဘသိန်းနဲ့ ကိုဘညိမ်းက အထက်အောက်ညီအစ်ကိုဆိုပေမယ့် အမွှာလိုညီအစ်ကိုမို့ ကိုဘသိန်းသာမကဘူးကိုဘညိမ်းလည်း ကိုဘသိန်းဆီက အဆစ်ပါလာတဲ့ သတင်းထောက်လုပ်ပြီး လူထုတိုက်ကို သူရောက်လာနေပါတော့တယ်။ ပြီးတော့ သူတို့က နေရှင်နယ် ကျောင်းထွက်တွေဆိုတော့ ကျွန်မတို့နဲ့ငယ်ကတည်းက ခင်မင်လာကြသူတွေလေ။ ကိုဘညိမ်းလူထုတိုက်ကို အမြဲတမ်းဝင်ထွက်သွားလာနေတဲ့ အကြောင်းထဲမယ် သူ့ညီကိုဘသိန်း
ရှိလို့ချည်း ဟုတ်ဟန်မတူဘူး။ သူရေးချင်သားချင်တဲ့ လက်ဝှေ့သတင်းနဲ့ ဆောင်းပါးတွေ မကြာမကြာရေးနိုင်သားနိုင်ဖို့လည်း ပါတယ်ထင်တယ်။ သူက လက်ဝှေ့နဲ့အသက်ရှင်လူလုပ်နေသူလို့ ပြောရခမန်း လက်ဝှေ့ကိုစွဲလန်းခဲ့သူမဟုတ်လား။ အဲဒီတော့ သူမြတ်နိုးတဲ့ လက်ဝှေ့သတင်းတွေကို သတင်းစာထဲပါအောင်အပျော်တမ်းအားကစား သတင်းထောက်လုပ်ပြီး သတင်းရေးပေးတယ်။ သူဖတ်ထားတဲ့ဟာတွေထဲကထုတ်နှုတ်ပြီး လက်ဝှေ့ဆောင်းပါးတွေရေးယူလာတယ်။ အားကစားသတင်းကို လူထုဂျာနယ်နဲ့လူထုသတင်းစာကလည်း နေရာပေးလေ့ရှိတော့ ကိုဘညိမ်းနဲ့ အံကိုက်ဖြစ်နေကြတာပေါ့။ကိုဘညိမ်းက ကျွန်မတို့ငယ်ငယ်က အမေတို့မိတ်ဆွေ ဦးဥာဏ်ကြီး ဆိုတဲ့လူလိုလူစား၊ အဲဒီဦးဥာဏ်ကြီး ကို အမေတို့က ပြောပြီးပြန် ဦးဥာဏ်ကြီး လို့ခေါ်ကြတယ်။ ဦးဥာဏ်ကြီး ဆိုတဲ့လူက အိမ်ကိုလာရော။ အိမ်မှာသူပြောချင်ရာတွေရှောက်ပြော၊ ပြောလို့အားရတော့ပြန်ရော။ သူများစကားတော့သိပ်နားထောင်တဲ့ အကျင့်မရှိဘူးတဲ့။ ကိုဘညိမ်းကလည်း ဒီလိုလူစား။ တိုက်ကို ရောက်လာရင်ဟိုအယ်ဒီတာစားပွဲ၊ ဒီအယ်ဒီတာစားပွဲ ကုလားထိုင်အလွတ်ရှိရာ ဝင်ထိုင်ပြီး သူပြောချင်ရာရယ်စရာမောစရာတွေ တစ်ခုပြီးပြောတာပဲ။
ဒေါ်အမာနှယ် အရှေ့ပိုင်းအောင်တော်မူက နာရီစင်ကို ဆိုက္ကားစီးလာတာ၊ နာရီစင်ရောက်တော့ပေးတဲ့ဆိုက္ကားခနည်းလို့၊ ဆိုက္ကားသမားက မကျေနပ်နိုင်ပါဘူးဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ စီးတဲ့လူကို
အောင်တော်မူပြန်ပို့ထားခဲ့သတဲ့။ ကြည့်ပါဦးဒေါ်အမာရယ်….လမ်းကအတက်ကြီးကို ကိုဘညိမ်းစကားကို ကျွန်မက တဟားဟားရယ်ရပါတယ်။ ပြီးတော့မှ ဟုတ်ရဲ့လား ကိုဘညိမ်းရယ်
လို့ပြောရင် ၊ "တကယ်ပါတကယ်ပါ" တဲ့။သူ ဟဲလဆင်ကီအိုလံပစ်လိုက်သွားရပြီး ဟိုမှာလက်ဝှေ့ရှုံးပြန်လာခဲ့တဲ့အခေါက်ကလဲ ဟဲလဆင်ကီမှာဘယ်နိုင်ငံက ဘတ်စကက်ဘောဂိုးသွင်းတဲ့လူမှန်းမသိ အရပ် ၆ ပေကျော်၊ ၇ ပေနီးပါးလူကြီးတစ်ယောက်နဲ့သူနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံကလေး ၂ လက်မပတ်လည်လောက် ကျွန်မတို့ကိုပြတယ်။ ပြီးတော့
ကျွန်တော်ချစ်တဲ့ မွတ်ဆလင်အဘိုးကြီးတစ်ယောက်က "ဘညိမ်း မင်းနိုင်ခဲ့လား" လို့မေးတော့ ကျွန်တော်က "ရှုံးခဲ့တယ်။ ဒီလူနဲ့ထိုးရတာ"လို့ ဓာတ်ပုံထုတ်ပြတော့ အဖိုးကြီးက "အလ္လာ" ဆိုပြီး သူ့နဖူး လက်ဝါးနဲ့ ရိုက်ရှာသတဲ့။ ကိုဘညိမ်းရောက်လာရင် ဒီလိုပုံပြင်တွေက တစ်နေ့လေးငါးခု ပါလာတာပါ။ သူပြောနေတုန်း နားထောင်တဲ့လူတွေက ပါးစပ်မစေ့ရဘူး။ နို့ပေမယ့် သူပြောပြီးလို့ပြန်သွားတဲ့အခါသူပြောတာတွေ အဟုတ်ဟုတ်မှာ မဟုတ်ဘူးလို့ အောင့်မေ့စရာချည်းပါ။သူ့စကား အလေးအနက်ထားလို့မရဘူး။ သူက ဒီလိုမဟုတ်ကဟုတ်ကတွေ ပြောနေရတာပျော်တယ်။သူများကိုနစ်နာအောင်တော့လည်း ဘယ်တော့မှ မပြောတတ်ပါဘူး။ နို့ပေမယ့် တစ်နေ့တော့ကိုဘညိမ်း ကျွန်မရဲ့စားပွဲရှေ့ကိုလာပြီး "ကျားဘညိမ်းရုပ်ထုကို ကမ္ဘာကျော်
ပန်းပုဆရာကြီး ဦးဟန်တင်က ထုတော့မလို့တဲ့။ တကယ်ပါတကယ်ပါ၊ ဒီဇင်ဘာလဆိုရင် ကျားဘညိမ်းကို ဘန်ကောက်လွှတ်လိမ့်မယ်။ ကမ္ဘာ့အပျော်တမ်းလက်ဝှေ့အဖွဲ့ချုပ်က စစ်ဆေးမယ့် ကြိုးဝိုင်းဒိုင်နဲ့အမှတ်ပေးဒိုင် စာမေးပွဲကို သွားဖြေဖို့ပေါ့ " တဲ့။ ကျွန်မက သူ့ကိုခါတိုင်းလိုပဲ ရယ်မောပြီးနားထောင်နေတော့ ကိုဘညိမ်းက "ဟောဒီ တစေ့တစောင်းစာရေးဆရာတို့အကြောင်း ဆိုတဲ့စာအုပ်ထဲမှာ ကျားဘညိမ်းအကြောင်းမပါသေးလို့၊ ကျွန်တော့်အကြောင်းဆိုပြီး ကျွန်တော်ကရေးမလို့။ မြို့မငြိမ်းအကြောင်းကို ဒေါ်အမာရေးထားတာ သိပ် သဘောကျတယ်။ ကျွန်တော့်အကြောင်း ဒေါ်အမာရေးတာ သိပ်ဖတ်ချင်တာပဲ။ ဒေါ်အမာကလူတွေကို သေမှရေးတာမကောင်းပါဘူး။ မသေခင်ရေးချင်ပါတယ်ဆိုရင် ကျွန်တော် ကျားဘညိမ်း အကြောင်း
ရေးစမ်းပါခင်ဗျာ" တဲ့။ကိုဘညိမ်းကသူ့စကားတွေကို အစပိုင်းတုန်းကသာ ရယ်စရာပြောနေကျ လေမျိုးနဲ့ပြောနေတာ။သူ့အကြောင်း ကျွန်မရေးစမ်းပါဆိုတဲ့နေရာရောက်တော့ လူကအတည်ပေါက်ပြောတာဖြစ်နေပြီ။ နောက်ပြီးဘာမဆို တဟားဟားရယ်ရင်းပြောနေကျ ကိုဘညိမ်းက သူ့အကြောင်းရေးစမ်းပါဆိုတဲ့ စကားကို
မျက်နှာငယ်လေးနဲ့ ကျွန်မကိုပူဆာနေတဲ့အပြောမျိုး ပြောနေတာပါ။ ပြီးတော့ ခါတိုင်းဆုံရင်သူပြောချင်တာပြောပြီးရင် သူက တစ်စားပွဲကိုကူးသွား၊ ဒါမှမဟုတ် ပြန်သွားတဲ့လူပါ။ ဒီတစ်ခါတော ကျွန်မရှေ့က ကုလားထိုင်မှာ ဝင်ထိုင်နေပါတော့တယ်။ သူက ကျွန်မဆီက "ေးမယ် ရေးမယ်"ဆိုတာကိုကြားချင်တယ်လေ။ တကယ်တော့လည်း ကိုဘညိမ်းအကြောင်းက ကျွန်မရေးချင်စရာကောင်းတဲ့ "အနုပညာသည်" တစ်ယောက်အကြောင်းပါပဲ။လက်ဝှေ့သမားကို အနုပညာသည်လို့ ကျွန်မခေါ်လိုက်လို့ လက်ဝှေ့ကိုတော့ အနုပညာထဲမထည့်သင့်ပါဘူးလို့ ကျွန်မနဲ့ သဘောမတူသူတွေက ပြောကောင်းပြောပါလိမ့်မယ်။ လက်ဝှေ့ကိုအနုပညာသည်လို့ ပြောတဲ့လူရော၊ အနုပညာမှမဟုတ်ဘဲ အနုပညာမခေါ်နိုင်ပါဘူး ဆိုချင်သူတွေမှာရောအကြောင်းပြစရာ အချက်အလက်တွေ ရှိကြပါလိမ့်မယ်။ ဒီကိစ္စဟာ ကနေ့ထက်ထိ ငြင်းခုံဆဲပြဿနာပါ။ဒါကြောင့် ကိုယ်ကြိုက်သလို လက်ခံကြပါ။ နို့ပေမယ့် လက်ဝှေ့သမား ကိုဘညိမ်းကတော့ အနုပညာသည်အမှန်ပါဘဲ။ သူကိုယ်တိုင်လည်း လက်ဝှေ့ဟာ အနုပညာလို့ စွဲစွဲမြဲမြဲယုံကြည်သူပါ။ သူ့ဘဝဟာလက်ဝှေ့အတွက်လို့လဲ သူကဇောက်ချသတ်မှတ်ထားသူပါ။
ကိုဘညိမ်းဟာ ကလေးအရွယ်ကစပြီး အသက်သေဆုံးချိန်အထိ လက်ဝှေ့အကြောင်းကိုဘဲသူ့အာရုံထဲမှာထားပြီး ဒီအကြောင်းကိုဘဲပြော၊ ဒီအကြောင်းကိုဘဲရေး၊ ဒါအတွက်ဘဲအလုပ်လုပ်နေသူပါ။
ကလေး(၁၀)ယောက်နဲ့ ဒီလက်ဝှေ့ကို မစားရလဲဖက်ထား၊ ငတ်ပြတ်မွဲတေနေရက်နဲ့လဲ တွယ်ထားသူပါ။တကယ်တော့ လက်ဝှေ့က သူ့ကို ထမင်းမကျွေးပါဘူး။ ကိုဘညိမ်းကို ကျွန်မတို့ငယ်ငယ်ကတည်းသိတာ၊သူ့ကို သူ့မိဘနဲ့ သူ့ဇနီးနဲ့ ခင်မင်တဲ့မိတ်ဆွေတွေက ဝိုင်းဝန်းပြီး စားဖို့ရအောင်ကူညီခဲ့ကြရတာပါ။ ကိုဘညိမ်းက လက်ဝှေ့ကိုချစ်မြတ်နိုးရင်း ပန်းချီလည်းဆွဲတယ်။ စာလည်းရေးတယ်။ (၁၂)ကောင်ကျားကိုလည်း ရောက်ရာအရပ် ချိန်းသူရှိတိုင်း ထိုးပါတယ်။ ဒါကြောင့်လက်ဝှေ့ပညာဟာ အနုပညာဟုတ်တာမဟုတ်တာအပထား။ ငတ်ငတ်ပြတ်ပြတ်ပေပေတေတေနဲ့ လက်ဝှေ့ကို ဖက်ထားတဲ့ကိုဘညိမ်းကတော့အနုပညာသမားအစစ်ပါဘဲ။ကိုဘညိမ်းက ဒီလက်ဝှေ့အတတ်ကောင်းကို မန္တလေးမြို့က ဆရာကြီး ဦးရာဇတ်ရဲ့နေရှင်နယ်ကျောင်းက ရခဲ့တာပါ။ နေရှင်နယ်ကျောင်းကို ဟိုတုန်းကတော့ "နေချင်တိုင်းကျောင်း" လို့ခေါ်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒီကျောင်းက တခြားကျောင်းတွေနဲ့ မတူဘဲကိုး။ ဒီကျောင်းမှာပထမတုန်းကတော့ (၂၁) ဦးသားသမီးတွေသာ အထားများခဲ့ပေမယ့် နောက်ပိုင်းရောက်တော့ ကျောင်းတကာကလက်မခံတဲ့ ကျောင်းသူကျောင်းသားတွေလဲ ဒီကျောင်းကလက်ခံတယ်။ အင်္ဂလိပ်စာချည်းသတ်သတ်သင်ပေးတဲ့ စပါယ်ရှယ်တန်းရှိပြီး စာတော်ရင် တစ်နှစ် နှစ်တန်းတက်နိုင်တဲ့ အခွင့်အရေးလည်း ပေးထားတယ်။ ဒါကြောင့် ကိုရင်တွေ ဦးပဉ္ဇင်းတွေ စပါယ်ရှယ်တန်းတက်ပြီး အောင်တော့ အထက်တန်းကို ဝေါခနဲရောက်လာတာတွေလည်း ရှိတယ်။ ပျံတော်မူသွားရှာပြီဖြစ်တဲ့ ဓမ္မကထိကအကျော် အနီးစခန်းဆရာတော်တို့၊မိုးကုတ်ဆရာတော်ဦးနန္ဒိယဆိုရင် ကျွန်မတို့နဲ့တစ်တန်းတည်း ကျောင်းတက်ကြဖူးသေးတာပေါ့။ ပြီးတော့ ဆရာကြီးဦးရာဇတ်က မွတ်ဆလင်ဖြစ်လေတော့ မန္တလေးမှာရှိတဲ့ မွတ်ဆလင်တွေရဲ့သားသမီးတွေလည်း ဒီကျောင်းမှာရှိပါတယ်။ ကိုဘညိမ်းက ဝက်စလီယံကျောင်းက ကျောင်းထုတ်လိုက်တဲ့ မွတ်စလင်လူငယ်လေးပါ။ ဒါကြောင့် ဆရာကြီးဦးရာဇတ်ကျောင်းကို သူရောက်လာတယ်။
နေရှင်နယ်ကျောင်းက သူများကျောင်းတွေလို ကျောင်းဝင်း ကျယ်ကျယ်ပြန့်ပြန့်ရှိတာမဟုတ်ဘူး။ အဲဒီတော့ ကျောင်းပိုင်ဘောလုံးကွင်းတွေဘာတွေ မရှိဘူး။ မရှိတော့ ဆရာကြီးက ကျောင်း အဆောက်အဦးထဲမှာသာ လေ့ကျင့်လို့ရတဲ့ လက်ဝှေ့ကို ကျောင်းသားတွေကိုသင်စေတယ်။ လက်ဝှေ့ဆိုတာ ဘောက်ဆင်ထိုးတဲ့လက်အိတ်ဖိုး အလွန်ကုန်တဲ့ အားကစား၊ အဲဒီတော့ ကျောင်းတိုင်းသင်ကြားမပေးနိုင်ဘူး။ဒါကိုသိတော့ ကျောင်းဆရာတွေတချို့က ကျွန်မတို့ မိန်းကလေး ကျောင်းသူတွေကို မြှောက်ပေးတယ်။လက်အိတ်ဖိုးသိပ်ကုန်တဲ့ ဘောက်ဆင်ကိုတော့ ကောင်လေးတွေဖို့ လုပ်ပေးတယ်။ ကျွန်မတို့မိန်းကလေးတွေကစားဖို့လည်း ဆရာကြီးလုပ်ပေးပါဦးလို့ အရေးဆိုကြတဲ့။ကျွန်မတို့က သင်လွှတ်လိုက်တဲ့အတိုင်း ဆရာကြီးရုံးခန်းထဲ ဝင်သွားပြီး ပြောကြတော့ ဆရာကြီးက Punch မဂ္ဂဇင်းဖတ်နေရာက မော့ကြည့်ပြီး "သောက်ရေအိုးတစ်လုံးရိုက်ခွဲပြီး ရှပ်ဒိုးပစ်ချေကြ" တဲ့။ကျွန်မတို့လဲ ရယ်မောပြီး ဆရာကြီးရုံးခန်းက တပ်ခေါက်ပြီး ပြန်ခဲ့ကြတယ်။ ကျွန်မတို့ကို မြှောက်ပေးတဲ့အထဲဆရာကြီးညီ ကိုဘကျော်လဲ ပါတာပေါ့။ နေရှင်နယ်ကျောင်းဆိုတာ ဒီလိုကျောင်းပါ။
ကိုဘညိမ်းဟာ သီဟိုဠ်သားလက်ဝှေ့နည်းပြဆရာကြီး ဘီလ်ဖစ်ရှားနဲ့ ကိုချစ်အုံးရဲ့တပည့်မွတ်ဆလင်လူရည်လယ် လက်ဝှေ့တက်သစ်စလေး ဘညိမ်းအဖြစ်နဲ့ နေရှင်နယ်ကျောင်းမှာ နာမည်တက်လာတယ်။ ဆရာကြီးမစ္စတာရာဇတ်ရဲ့ နေရှင်နယ်ကျောင်းထွက်တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး၊မျိုးချစ်စိတ်ရှိတယ်။ ဗမာနဲ့ အပေါင်းအသင်းပိုဆန့်တယ်။ ဗမာရည်ပိုလည်တယ်။ ဗမာနဲ့ မွတ်ဆလင်ရောထွေးနေလေ့ရှိပါတယ်။ဘညိမ်းဟာ (၁၃) နှစ်သားနဲ့ အမျိုးသားကျောင်းချန်ပီယံဖလားကို (၁၉၃၆) ခုနှစ်မှာ စပြီးဆွတ်ခူးနိုင်ခဲ့တာကြောင့် ဒီအချိန်ကစပြီး ဘီလ်ဖစ်ရှားမွေးထုတ်တဲ့ နေရှင်နယ်ကျောင်းကလက်ဝှေ့ကျော်ကလေး ဖြစ်လာခဲ့ပါတော့တယ်။ ဘညိမ်းက (၁၃) နှစ်သားကစပြီး အသက် (၃၃) နှစ်အထိ နှစ်ပေါင်း (၂၀) တိုင်တိုင် ကြိုးဝိုင်းထဲမှာလက်ဝှေ့သမားအဖြစ်နဲ့ ရှိနေခဲ့သူပါ။ ဘညိမ်းက စောစောပဲ အိမ်ထောင်ကျတယ်။ ကလေးတွေလဲ အများကြီးမွေးတယ်။ သူ့အသက် (၄၀) မှာ ကလေး (၁၀) ယောက်ရဲ့အဖေဖြစ်နေပြီ။ သူ့မိန်းမမကြည်ကတော့ လင်သားအပေါ်ညှာတာ ကြင်နာရာမှာ စံထားလောက်တဲ့ အမျိုးသမီးတစ်ယောက်ပါ။
ကိုဘညိမ်း တစ်သက်လုံး လက်ဝှေ့ဝဲဩဃထဲက မထွက်ဘဲနေနိုင်အောင် သူက ကလေးတွေအများကြီးလဲမွေးပေးသေးတယ်။ စက်ပန်းလဲထိုးကျွေးသေးတယ်။ စက်ပန်းမထိုးရတဲ့အခါ ဈေးရောင်းကျွေးပြီး ကိုဘညိမ်းရဲ့ပါရမီကို ကူညီဖြည့်သူပါ။ ဒီနေရာမှာ မကြည်ဟာ ဗမာအမျိုးသမီး အလွန်ပီသပါတယ်။ ပန်းပုဆရာကြီးဦးဟန်တင်ရဲ့ ဇနီးလိုပဲ။ ဦးဟန်တင် ခုလိုနာမည်မကြီးခင် ပန်းချီပန်းပုပညာနောက် အငတ်ငတ်အပြတ်ပြတ်နဲ့ လိုက်နေတုန်းက ဇနီးဒေါ်ဖွားရှင်က ကလေးတွေလဲ မွေးပေးသေးတယ်။ ဈေးရောင်းလဲကျွေးသေးတယ်ဆို မဟုတ်လား။ ဒီလိုအမျိုးသမီးတွေ ဘယ်လူမျိုးမှာ ရှိမှာလဲ။ ဗမာမှာမှရှိတာကလား။
ဗမာမတွေက ဒါမျိုးဟာ လုပ်ရိုးလုပ်စဉ်လို ယောကျာ်းမသောင်သာတဲ့အခါဆိုပြီး မိန်းမကရှာကျွေးကြတာပဲ။ကိုဘညိမ်းက လက်ဝှေ့ကို သူသာ အရူးအမူး မြတ်နိုးနေတာမဟုတ်ဘူး။ သူ့ဇနီးနဲ့ သူ့
သားသမီးတွေကိုလည်း သူလိုဖြစ်အောင် စည်းရုံးတယ်။ တခြား လူငယ်လူရွယ်တွေကိုလည်း သူ့လိုဖြစ်အောင်စည်းရုံးသူပါ။ လက်ဝှေ့အကြောင်း ဆောင်းပါးတွေ ကျွန်မတို့ လူထုဂျာနယ်နဲ့ လူထုကလပ်ထောင်ပြီးလမ်းကြိုလမ်းကြားမှာ တေပေနေတဲ့ကလေးတွေအပါအဝင် လူငယ်တွေကို စုရုံးခေါ်ယူပြီး လက်ဝှေ့သင်ပေးတယ်။ ကိုဘညိမ်းက လက်ဝှေ့ကို လူသိအောင် လူကြိုက်လာအောင်လုပ်ပေးတဲ့ ဗမာထဲက အစောဆုံးလူတစ်ယောက်ပါ။ သူနဲ့တွေ့ရင် လက်ဝှေ့အကြောင်း မကြားဖူးသူရော၊ ကြားဖူးသူပါ လက်ဝှေ့အကြောင်းတွေသူကပြောပြနေမှာပဲ။ သူလက်မီတဲ့ လူထုဂျာနယ်နဲ့ သတင်းစာကနေပြီး လက်ဝှေ့ ဆောင်းပါးတွေရေးပြနေမှာပဲ။ သူ့ဆောင်းပါးတွေကို တစ်နေ့တခြား လူဖတ်များလာတဲ့အခါ မြဝတီ၊ သွေးသောက်၊ တံခွန်၊မိုးကြိုး စသဖြင့် တခြားစာနယ်ဇင်းတွေမှာလဲ ရေးထည့်နေတာပဲ။ လက်ဝှေ့အကြောင်း လုံးချင်းဝတ္ထုနာမည်က "သဲခင်းပေါ်ကသွေးတကွက်" တဲ့။ လက်ဝှေ့အကြောင်းရေးထားတဲ့ အင်္ဂလိပ်လိုစာအုပ် လက်ဝှေ့အကြောင်းပါတဲ့ဂျာနယ်မဂ္ဂဇင်းဟာ သူ့ဆီမှာ အစုံအလင်ဆုံးရှိပါတယ်။ သူက ဒီစာအုပ်မျိုးကိုတွေ့ရင် ထမင်းစားစရာမရှိချင်နေပေစေ တန်းဝယ်တာပါ။ ပြီးတော့ သူ့အနားမှာ လူတစ်ယောက်ကနှစ်ယောက်ရှိလာရင် သူကလက်ဝှေ့အကြောင်း ပြောမှာပဲ။ အမေရိကန်ပြည်ထောင်စုမှာ ကြေးစားလက်ဝှေ့သမားတွေ ကြိုးဝိုင်းထဲတထိုင်းထိုင်း ကျပြီး သေကျေနေလို့ လက်ဝှေ့ဟာ ကြမ်းကြုတ်ရက်စက်တဲ့ အားကစားမို့ ပိတ်ပစ်ရမယ်လို့ဒေါသတကြီး တောင်းဆိုကြ၊ နှာခေါင်းရှုံ့နေကြတဲ့အချိန်မှာ ကိုဘညိမ်းကတော့ လက်ဝှေ့ဟာ အနုပညာပါလို့ကာကွယ်မြဲပါ။ ကိုဘညိမ်းရဲ့လက်ဝှေ့သက် အနှစ်(၂၀)ဆိုတာ လက်ဝှေ့သမားတို့လောကမှာ သက်တမ်းရှည်လွန်းတဲ့ကာလမျိုးပါ။ သူက ကလေး(၅)ယောက်အဖေဖြစ်တဲ့ အထိ ထိုးနေသေးတာပါ။ ကိုဘညိမ်းက သူ့လက်ဝှေ့ထိုးသက် အနှစ်(၂၀)အတွင်း ပွဲအချီ (၅၀) ကျော်ထိုးဖူးတယ်။ အဲဒီ (၅၀) ကျော်မှာ (၇) ပွဲပဲရှုံးဖူးသတဲ့။ ပွဲပေါင်း (၄၀) ကျော်နိုင်ဖူးတယ်။ ဒီနိုင်ပွဲ (၄၀) ကျော်အနက်က သူအနှစ်သက်ဆုံး ဆုဖလားကတော့ (၁၉၄၉) ခုကရတဲ့ ထိုးပုံထိုးနည်း သိပ္ပံနည်းအကျဆုံး ထိုးသတ်သူကိုပေးတဲ့ ဖလားပါပဲတဲ့။
ဒီဖလားကို လူတကာဝင်ပြိုင်တဲ့ပွဲမှာ မင်းကြွယ်၊ ဆဲမြူရယ်၊ ကိဝှိုက်၊ စောဟာဒီ၊ မဂျစ်တို့နဲ့အတူ ထိုးရင်းရတဲ့ဖလားပါတဲ့။ ကိုဘညိမ်းက အဲဒီညက စိန့်ပေါလ်က လင်းမာဆယ်နဲ့ ပြိုင်ထိုးရတယ်။ လင်းမာဆယ်နဲ့ ထိုးရာမှာ ဘညိမ်းထိုးပေါက်က သိပ္ပံနည်းအကျဆုံးလို့ ဆုံးဖြတ်ပြီး ဘညိမ်းကိုပေးတာလေ။
ကျွန်မက ရှင်ထိုးသမျှပွဲတွေထဲ ဘယ်ပွဲအမြိန်ဆုံးလဲလို့ တစ်ခါကမေးကြည့်တော့ (၁၉၅၁) ခုနှစ်ကအိန္ဒိယ ဖဲသားဝိတ်ချန်ပီယံပီဘို့စ်နဲ့ ထိုးရတဲ့ပွဲဟာ အမြိန်ဆုံးတဲ့။ အဲဒီညက အိန္ဒိယက ဗမာနိုင်ငံကို လက်ဝှေ့(၇) ဆိုင်း လာထိုးတယ်။ ဘညိမ်းထိုးတဲ့ပွဲကလွဲလို့ အားလုံးအဆိုင်းတွေမှာ ဗမာကရှုံးပါတယ်။ မျိုးသန့်လဲရှုံး၊ မဂျစ်လဲရှုံး၊ အောင်မြင့်လဲရှုံး၊ ကေဆဲမြူရယ်လဲရှုံး၊ ဒါကြောင့် အိုးဝေသတင်းစာက "ဘညိမ်း တစ်ယောက်ရှိလို့သာ ဗမာတွေခေါင်းဖော်နိုင်တော့သည်" လို့ ရေးပါတယ်။ ဒီပွဲကို ကိုဘညိမ်းက ကျွန်မကိုဘယ်လိုစားမြုံ့ပြန်သလဲဆိုတော့ "ဒေါ်အမာ့နှယ်၊ အဲဒီညက ကျွန်တော်တို့ ဗမာတွေအားလုံးရှုံးကုန်တော့ကျွန်တော့်မိန်းက မကြည်က အင်မတန်စိုးရိမ်တဲ့မျက်နှာနဲ့ ဂရုစိုက်ထိုးနော်" လို့မှာတယ်။ ကျွန်တော့်မိန်းမမကြည် သောကရောက်တာ ဒီတစ်ပွဲပဲ။ သူစိတ်ပူရှာတဲ့မျက်နှာကလေးကို ကျွန်တော့်စိတ်ထဲစွဲနေတယ်။ ဒါနဲ့"ငါ့မိန်းမလဲ မျက်နှာမငယ်စေနဲ့၊ တိုင်းပြည်လဲ မျက်နှာမငယ်စေနဲ့ဆိုပြီး ကျွန်တော်ထိုးတာပါ" တဲ့လေ။
ကိုဘညိမ်းနိုင်လိုက်တဲ့ဘို့စ်က အိန္ဒိယက အတော်ဆုံးဖဲသားဝိတ်သမားဖြစ်ပြီး အိုလံပစ်နှစ်ခုပြန် အိန္ဒိယလက်ရွေးစင်ပါ။ဒီပွဲနိုင်လိုက်လို့ (၁၉၅၂) ဖင်လန်မှာကျင်းပတဲ့ (၁၅) ကြိမ်မြောက်အိုလံပစ်ကို လွှတ်ဖို့ ကိုဘညိမ်းအရွေးခံရတာပါ။ အဲဒီတော့ ကိုဘညိမ်းက အသက်(၂၈) နှစ်အရွယ် ကလေး(၃)ယောက်ရဲ့အဖေ ဖြစ်နေပါပြီ။ ဒါပေမယ့် ကိုဘညိမ်းက အဲဒီအချိန်ဟာ သူ့အသန်စွမ်းဆုံးအချိန် မကြည်က အစိုးရိမ်ဆုံးအအချိန်လို့လည်းပြောပါတယ်။ ကိုဘညိမ်းစကားပြောရင် မကြည်ကတော့ပါတာပဲနော်လို့ပြောတော့ ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ကြီးရှေ့မှာ သူတို့မိသားစု သားသမီးအကုန်နဲ့ တန်းစီရိုက်ထားတဲ့ ဓာတ်ပုံကို ပိုက်ဆံအိတ်ထဲကထုတ်ပြပြီး "ကျွန်တော့်ကို ဗိုလ်ချုပ်ကတောင် ဟေ့ကောင်တော်တော့လို့ တားယူရတယ်" လို့ ပြောပြီး
တဟားဟားရယ်နေပါတယ်။ ကိုဘညိမ်းက နိုင်ငံခြားသားတွေနဲ့ (၇)ကြိမ်ထိုးဖူးတယ်။ တစ်ကြိမ်မှာတော့ ဥရောပချန်ပီယံ ပိုလန်က လက်ဝှေ့ကျော် ဇက်ဒရိုးဂို့စ်နဲ့ ထိုးရပြီး ကျားဘညိမ်းက အမှတ်နဲ့ ရှုံးခဲ့တယ်။ကျားဘညိမ်း လက်ဝှေ့မှာ ဘာကောင်းတာလဲလို့ သူထိုးတာကို မမြင်ဖူးလိုက်သူတွေက မေးရင် ဘညိမ်းက တစ်ဖက်သားနဲ့ ယှဉ်ထိုးတဲ့အခါ ရှောင်ပြေးတာမျိုး ဆုတ်သွားတာမျိုး လုပ်တာမဟုတ်ဘူး။ ရပ်နေတာ။ပြီးတော့မှာ ခါးပေါ်မှာတင်လှည့်ပြီး ရှောင်တိမ်းနေတာ။အဲဒီစတိုင်က ဘောက်ဆင်မှာလှတယ်။ ကြည့်ရသူကလဲကြိုက်တယ်။ တချို့က တစ်ဖက်လူနဲ့ယှဉ်မိရင် ဝင်လာတဲ့လက်သီးကို ရှောင်ချင်လို့ ခြေလှမ်းနဲ့ဆုတ်သွားတာ။ တစ်ဖက်ကိုထွက်ပြေးတာမျိုး လုပ်ကြတယ်။ ဘညိမ်းက ဝေးဝေးမပြေးပါဘူး။ လူချင်းလက်တစ်ကမ်းစာမှာပဲ ရဲရဲ ရပ်နေတာပါ။ လာတဲ့လက်သီးကို ခါးပေါ်ကနေ လှည့်ပြီးသာ ရှောင်တာတိမ်းတာပါ။ အဲဒီလို ကိုယ့်ထိုးဖက်နားမှာ ကပ်ရပ်နေရဲတော့သူ့မှာ ဘာအခွင့်အလမ်း သာလာသလဲဆိုရင် ကိုယ်ကထိုးကွက်ရတာနဲ့တစ်ပြိုင်နက် အကွက်ကောင်းကိုချက်ချင်းရယူပြီး ထိုးလိုက်နိုင်တာပေါ့။ ဒါကြောင့် ကိုဘညိမ်းထိုးနေတာကို ကြည့်ရတဲ့အခါ ပရိသတ်က"ဒါမှပေါ့၊ ဒီလိုမှပေါ့" လို့အားရကြတယ်။ ကိုဘညိမ်းတို့က ပရိသတ်ကြိုက် လက်ဝှေ့သမားမျိုးပါ။သူထိုးပေါက်ကိုကြည့်ရတဲ့အခါ "ဘယ်အနားမှာဆို ငါသာဖြင့် ဘယ်လိုထိုးလိုက်မှာပဲ" လို့ ပွဲကြည့်ကမအောက်မေ့ရတော့ဘူး။ အဲဒီအားမရမှုမျိုး မရှိလိုက်ရခင် သူကထိုးပြီးဖြစ်နေတတ်တယ်။ ကျားဘညိမ်းက မန္တလေးဝင်းကြိုဝင်းကြားမှာ ပြေးလွှားကစားနေတဲ့ ကလေးတွေအများကြီးကိုလက်ဝှေ့သင်ပေးသွားလို့ လက်ဝှေ့သမားကောင်းလေးတွေဖြစ်လာတဲ့အခါ ရဲဘက်၊ စစ်ဘက် စတာတွေမှာအလုပ်ရကုန်ကြတာတွေ မနည်းဘူး။ မန္တလေးဒါးတန်းက (၂၅) လမ်းမှာတစ်ခု၊ (၈၃) လမ်းဗမကရုံးလမ်းမှာတစ်ခု၊ ကိုဘညိမ်းက ရွှေကျားကလပ်ဆိုပြီး လက်ဝှေ့ကလပ်တွေထောင်တယ်။ အရပ်သားရော ကျောင်းသားရော သူက လက်ဝှေ့သင်ပေးတယ်။ အဲဒီလိုလုပ်ပေးလို့ သူ့မှာ ဘာမှရတာမဟုတ်ဘူး။ပုံမတော်ရင် အရပ်က မုန်းသေးတယ်။ နို့ပေမယ့် ဘညိမ်းက သင်မြဲသင်တာပါပဲ။ (SugarRay Leonard's Golden Gloves) အစီအစဉ်လာရင် ရှူးဂါးရေးလီယိုနတ်က ထိုးနေတဲ့လက်ဝှေ့သမားလေးတွေရဲ့ ထိုးပေါက်ကို ဝေဖန်ပြနေတဲ့အခါ ကျွန်မမျက်စိထဲ ကိုဘညိမ်းကိုချည်းမြင်ယောင်နေတယ်။ သူသင်ပေးသွားတဲ့ လက်ဝှေ့သမား ရာနဲ့ချီရှိပါတယ်။ အဲဒီအထဲက ချန်ပီယံ (၁၈)ဦးထွက်ပါသတဲ့။ မန္တလေးက ရဲချစ်၊ ရဲဆွေ၊ ရဲတင့်၊ ရဲမြင့်တို့ဟာ ရင်ဘတ်မှာ ကျားခေါင်းတပ်ပြီး(ကိုဘညိမ်းရဲ့ ကလပ်တံဆိပ်) ကြိုးဝိုင်းဝင်လာကြသူတွေပါ။ ရန်ကုန်က လက်ဝှေ့ကျော်တွေဖြစ်တဲ့ တင့်ထွန်း၊အယ်လိပ်ဇန်းဒဂရားနဲ့ ရေတပ်က လှရွှေတို့ဟာ ဘညိမ်းတပည့်တွေပါ။ "ဒေါ်အမာနှယ့် ကျွန်တော်ပွဲပေါင်းအချီ (၅၀) ကျော် ထိုးဖူးတယ်။ အမှတ်နဲ့ (၇) ပွဲရှုံးဖူးပါတယ်။ပွဲထိုးလို့ ကျွန်တော်လဲတယ်လို့လဲ မရှိခဲ့ဖူးဘူး။ ကွဲတယ်လည်းမရှိခဲ့ဖူးဘူး။ နှာခေါင်းသွေးယိုတာ၊ မျက်လုံးအညိုအမဲဖြစ်တာတောင် မရှိခဲ့ဖူးပါဘူး။ ယုံပါ၊ တကယ်ပါ။ ဟောဒီမျက်ခုံးတို့၊ ပါးတို့က အနာရွတ်တွေဟာ ကျွန်တော့်တပည့်တွေကိုသင်ပေးရင်း ခံရတဲ့ တပည့်တွေရဲ့ လက်ရာအမှတ်အသားတွေပါ။ ဒီကောင်တွေကိုကျွန်တော်ကဖက်ထိုးရင်း ကိုယ့်မျက်နှာပေးအထိုးခံပြီး သင်ပြလာခဲ့တော့ သူတို့တစ်တွေဟာ ကျွန်တော့်စတိုင်ကို အပြည့်အဝ အတုယူနိုင်ခဲ့ကြပါတယ်လို့" ကျားဘညိမ်းက ပြောပါတယ်။
အသက် (၁၃) နှစ်သားက လက်ဝှေ့ကို ပွေ့ပိုက်ဖက်တွယ်ထားတဲ့ ကျားဘညိမ်းကိုအမျိုးသားကိုယ်လက်ကြံခိုင်ရေးကောင်စီက (၁၉၅၄) ခုနှစ်မှာ လက်ဝှေ့နည်းပြဆရာ ခန့်လိုက်ပါတယ်။
ဘညိမ်း ကျောင်းကထွက်ပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတယ်။ စစ်ဖြစ်တော့ ဘညိမ်း စစ်ထဲလိုက်တယ်။ စစ်ပြီးတော့ မဟာမိတ်တပ်သားတွေနဲ့ လက်ဝှေ့ထိုးနေပြီး ထမင်းစားဖို့အတွက် သူဝါသနာပါတာတစ်ခုဖြစ်တဲ့ စုတ်ကိုင်ပြီး ဆိုင်းဘုတ်ရေးစားပါတယ်။ နို့ပေမယ့် ဆိုင်းဘုတ် ရေးတယ်ဆိုတာအချိန်မရွေးရေးနေရမှ ထမင်းဝမယ့်အလုပ်မျိုး။ သူက မဟာမိတ်တပ်တွေနဲ့ချိန်းပြီး လက်ဝှေ့ချည်းထိုးဖို့ကြိုးစားနေတာမို့ ဇနီးမကြည်က ဖြစ်သလိုရှာဖွေကျွေးရပါတယ်။ အဲဒီကမ္ဘာစစ်ကြီးပြီးမှ ကျားဘညိမ်းဆိုတဲ့နာမည် သူစပြီးရတာပါ။လက်ဝှေ့သမားကျားဘညိမ်းလို့ဆိုလိုက်ရင် မသိသူတွေက အလွန်ကြောက်စရာကောင်းတဲ့လူလို့ထင်ကြလိမ့်မယ်။ နို့ပေမယ့် အဲဒီလို ထင်တာဟာ ပါစင်အောင်လွဲပါတယ်။ ကိုဘညိမ်း ကျားဆိုတဲ့နာမည်ကို ရပုံယူပုံကဒီလိုပါ။ ကိုဘညိမ်းက ငယ်ငယ်လေး (၁၀) နှစ်သားလောက်ကတည်းက (၁၂) ကောင်ကျားထိုးဝါသနာပါပါတယ်။ သူ့ညီချစ်ညို ကိုဘသိန်းက သူ့ထက် (၁) နှစ်သာငယ်တဲ့ညီ။ ဒီညီနဲ့ကျားထိုးကစားနေကြတာပဲ။ ဒီလိုညီအစ်ကိုကျားထိုးရင်း ဘတပြန် ကျားတပြန် နိုင်နေကြ။ သူတို့တော်တော်လေးကြီးလာတော့ မန္တလေးမှာ (၁၂) ကောင်ကျားနာမည်ကြီးတဲ့ ဦးဘသိန်းကြီးဆိုတာရှိတယ်။ ဒီဦးဘသိန်းကြီးက ဘညိမ်းတို့ကို ကျားရွှေ့နည်း အကွက်ကောင်းကလေးတွေကိုသင်ပေးတယ်။ ချစ်လို့။ အဲဒီတော့ ကိုဘညိမ်းက ဦးဘသိန်းကြီးဟာ "ကျားဘုရားပဲ" လို့ သူကအထင်သိပ်ကြီးပါတယ်။ ဒီဦးဘသိန်းကြီးကို ကျားထိုးကောင်းလို့ မန္တလေးက "ကျားဘသိန်း" လို့လဲခေါ်ကြပါတယ်။ စစ်ပြီးစ ဘာလုပ်စားရမှန်းမသိလို့ စုတ်ကိုင်ပြီး ဆိုင်းဘုတ်ရေးစားတော့ အဲဒီခေတ် မန္တလေးပန်းချီလောကမှာ ဘရင်ကလေး၊ြွကယ်လေး၊ ညိုလေး စတဲ့ "လေး" ပါတဲ့ ပန်းချီဆရာတွေက အလုပ်လုပ်နေကြတာ။ သူတို့ကိုအားကျပြီး ကိုဘညိမ်းက သူ့ဆိုင်ဘုတ်ရေးတဲ့စုတ်ကိုလဲ "လေး"နဲ့ နာမည်ပေးချင်တယ်။ အဲဒီတော့ ကျားကြီးဘသိန်းရဲ့တပည့်မို့ ]ကျားကလေး} လို့သူရေးတဲ့ဆိုင်းဘုတ်တွေမှာသူကလက်မှတ်ထိုးတယ်။ စုတ်နာမည်ကို "ကျားကလေး" လို့ ယူလိုက်တယ်။ (၁၉၇၄) ခုနှစ်မှာ ကျင်းပတဲ့လက်ဝှေ့ဗိုလ်လုပွဲမှာ ကိုဘညိမ်းက ဘင်တန်ဝိတ်တန်းမှာ ချန်ပီယံရတယ်။ အဲဒီတော့ လူထုသတင်းစာက "ကျားကလေးဘညိမ်း" လို့ သူ့ကိုဖော်ပြလိုက်တယ်။ ဒီအချိန်ကစပြီး "ကျားကလေးဘညိမ်း" "ကျားကလေးဘညိမ်း" လို့ဖြစ်လာတာပါပဲ။
ဒီနာမည်ကို ကိုဘညိမ်းက သိပ်ကြိုက်ပါတယ်။ သူ့ကို ကိုဘညိမ်းလို့ ခေါ်တာထက် ကျားဘညိမ်းလို့ခေါ်မှ ပြုံးလာသူပါ။ ကိုဘညိမ်းဆိုရင် သူကသူ့ခေါ်တယ်မထင်ဘူးလေ။
ဒီကျားကလေးဆိုတာကိုသူဘယ်လောက်ကြိုက်သလဲဆိုရင် ကျားပုံကျားအရုပ် ဘယ်မှာပဲတွေ့တွေ့ သူကဆုတ်ယူထားရမှ။ သူ့လက်ကအားနေရင်ကျားရုပ်ကိုဆွဲနေတာ။ သူ့ဆီမှာ ကျားပုံတွေ အနေအထားအမျိုးမျိုးနဲ့ စုထားတယ်။ ကျားခေါင်းပုံစံတွေ မရေတွက်နိုင်အောင် သူက ဆွဲထားတယ်။ သူ့လက်ဝှေ့ကလပ်က လူငယ်တွေရဲ့ရင်ဘတ်မှာ ကျားခေါင်းကြီးတွေနဲ့လေ။
"ကိုဘညိမ်းရဲ့၊ ရှင့်အကြောင်း အတိုဆုံးပြောပြစမ်းပါ" ဆိုတော့ " (၁၉၂၃) ခုမွေး၊ အရပ် (၅) ပေ(၄) လက်မ၊ ကိုယ်အလေးချိန် (၉) စတုန် (၁၂၀)ပေါင်၊ အသက် (၄၀) အရွယ်မှာ ကလေး (၁၀)
ယောက်အဖေ၊ (၂) ယောက်သေလို့ (၈) ယောက်အဖတ်တင်တယ်။ ဇနီးနဲ့သားသမီး (၈) ယောက်ကို လက်ဝှေ့နည်းပြဆရာအဖြစ်နဲ့ မဝတဝ ကျွေးနေပါတယ်" တဲ့။
ကိုဘညိမ်းက လက်ဝှေ့နည်းပြဆရာအဖြစ်နဲ့နေရင်း ဗမာ့လက်ဝှေ့ကို ကမ္ဘာ့လက်ဝှေ့တစ်ခုလို စင်တင်နိုင်တဲ့အဖြစ်ကိုရောက်ဖို့လဲ တစ်ဖက်တစ်လမ်းက ကြိုးပမ်းအားထုတ်လာပါတယ်။ ဗမာ
လက်ဝှေ့သမားကောင်းတွေထွက်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေကို ရောက်တဲ့အခါ တောကြိုအုံကြားမှာသတ္တိပြနေကြတဲ့ မွန်လူငယ်၊ ကရင်လူငယ်လေးတွေကို ခေါ်လာပြီး ရန်ကုန်လို၊ မန္တလေးလိုမှာစင်တင်ပေးပါတယ်။ သူက စည်းမဲ့ကမ်းမဲ့ သတ္တိပြနေကြတဲ့ လူငယ်လေးတွေအတွက် စိတ်မကောင်းပါဘူး။ တောပန်းလေးတွေ အလကား ကြွေလွင့်ရသလိုပဲတဲ့။ ဗမာ့လက်ဝှေ့မှာ စည်းကမ်းတွေဆွဲပေးပြီး သိပ္ပံနည်းကျထိုးသတ်နည်းတွေကို သင်ပြပေးတယ်။ တခါတော့ ဗမာ့လက်ဝှေ့သမားတွေကို တရုတ်ပြည် ခေါ်သွားပြီး သူကစင်တင်ပေးပါတယ်။ ယိုးဒယားမှာထိုးနေတဲ့ အမျိုးသားလက်ဝှေ့နဲ့ ဗမာလက်ဝှေ့ကိုယှဉ်ယှဉ်ပြီး ပြောလိုက်ရတာကလဲ အမောပဲ။ ကိုဘညိမ်းက "ဒေါ်အမာ့နှယ်၊ ကျွန်တော်ချစ်တဲ့လက်ဝှေ့ကို အကြောင်းပြုပြီး (၁၅) ကြိမ်မြောက်
ကမ္ဘာ့အိုလံပစ်ပွဲ ဟဲလစင်ကီကိုလည်းရောက်ရပြီ။ အနောက်ဆို ဘက်ကင်ဟမ်နန်းတော်လည်း ရောက်ရပြီ။အရှေ့ဆို တင်အာမင်ရင်ပြင်မှာ တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင်းရဲ့ မိန့်ခွန်းကိုလဲ နားထောင်ဖူးပါပြီလို့"ကျေနပ်စကားပြောပါသေးတယ်။
ကျားဘညိမ်းက လက်ဝှေ့ကို အနုပညာတစ်ရပ်အနေနဲ့သာ ကြိုက်တာပါ။ သူ့ဘဝ သူ့ဆက်ဆံရေးမှာတော့ သူကြိုက်တဲ့လက်ဝှေ့ပညာကို ဘယ်တော့မှ အသုံးမချပါဘူး။ သူက လောကဓံ အထောင်းအထုကို လှိမ့်ခံရင်း သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်သာ နေတာပါ။ ကိုဘညိမ်းညစ်သွားတယ်၊ အနိုင်ကျင့်သွားတယ်လို့ ဘယ်မှာမှ မရှိပါဘူး။ သူများကိုထိုးနှက်သွားတယ်လို့လည်းမရှိပါဘူး။ သူ့မှာ ဝသည်ဖြစ်စေ၊ မဝသည်ဖြစ်စေ ရယ်စရာပြောပြီး တဟားဟားရယ်နေတာပါ။
ကျွန်တော့်ကိုကျားဘညိမ်းဆိုလို့ လူတွေကအင်မတန့်လူကြမ်းကြီးလို့ထင်ကြတယ်။ ကျွန်တော်ကဖြင့်ညဆိုရင် အိပ်ရာကထပြီး အိမ်သာတစ်ယောက်တည်းမသွားဝံ့လို့ မကြည်နှိုးပြီး အဖော်ခေါ်ရသေးတယ်။ကျွန်တော်ကတစ္ဆေကြောက်တာကိုး ဆိုပြီး တဟားဟားရယ်ပါတယ်။
ကျားဘညိမ်းက မန္တလေးကိုလဲ သိပ်ချစ်ပါတယ်။ ဘယ်ရောက်ရောက် သူ့မန္တလေးအကြောင်းကြွာားတာပါ။ လူချင်းယှဉ်မိရင် သူ့မန္တလေးက တစ်ဝါကြီးလိုက်တာပဲ။ ဘယ်သူနဲ့စကားဆိုရဆိုရ
မန္တလေးဘက်က နိုင်အောင်ပြောတာပါ။ ဒါပေမယ့်ကိုဘညိမ်းက လူမုန်းအော်ကြွားတဲ့လူစား မဟုတ်ပါဘူး။လူချစ်အောင် ပြောတတ်သူသာပါ။ (၁၂) ကောင်ကျားကိုတော့ သူကသိပ်ဝါသနာပါတယ်။ တစ်မြို့တစ်ရွာကို အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်ဘာနဲ့ဖြစ်ဖြစ်သွားရရင် လူစုံတဲ့ လက်ဖက်ရည်ဆိုင်လိုနေရာမှာ ကျားထိုးဖို့ ဘက်ရှာတာပဲ။ ပြီးတော့ကျားထိုးရင်း မန္တလေးအကြောင်းပြောတာပါပဲ။
သူမန္တလေးမှာနေတုန်းက ဈေးချိုထဲက ကျော်လှိုင်လက်ဖက်ရည်ဆိုင်ဟာ လူစုံစုတဲ့နေရာ၊ ကိုဘညိမ်းမလာရမနေနိုင်တဲ့ နေရာတစ်ခုပဲ။ အဲဒီမှာ ပေါ်ဦးသက်ရှိမယ်။ တင်မိုးတို့ရှိမယ်။ မောင်သာရတို့ရှိမယ်။ကာတွန်းဝင်းဖေတို့ရှိမယ်။ သူငယ်ချင်းစုံတဲ့ဒီနေရာမှာ သူကမန္တလေးအကြောင်း သူဘယ်မြို့မှာ ဘယ်လို ပြောခဲ့တယ်ဆိုတာကို ဖောက်သည်ချတာပဲ။
ကိုသန်းရင် (မန္တလေးရဲ) နဲ့ ကျားဘညိမ်းမြန်မာနိုင်ငံက လက်ဝှေ့လောကမှာ မန္တလေးက ရဲကိုသန်းရင်တို့ဟာ စောစောစီးစီး နာမည်ကြီးတဲ့ဘောက်ဆင်သမားတွေပါ။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဂျင်နီတန်နီလက်ထက် ကမ္ဘာလှည့်တယ်။ ပြီးတော့ သီဟိုဠ်ရောက်တဲ့အခါ သူက(Best Boxer)) အကောင်းဆုံး ထိုးသတ်သူဆုဖလား တစ်လုံးပေးခဲ့တယ်။ ဒီဖလားကို
ကိုသန်းရင်က သီဟိုဠ်မှာ ဘင်တန်ဝိတ်တန်းမှာထိုးရင်း ရခဲ့ပါတယ်။ (၁၉၄၇) ခုနှစ်က စစ်ပြီးခေတ်မှာ ပထမဦးဆုံး လက်ဝှေ့သင်တန်းတစ်ခု မန္တလေးမြို့မှာဖွင့်လှစ်ခဲ့တယ်။ ဒီသင်တန်းကို ဖြစ်မြောက်အောင်ကူညီပေးသူကတော့ မန္တလေးမြို့က ရတနာပုံဆီစက်ပိုင်ရှင်ဆီသိန်းသား လူပျိုကြီး ဦးအေးမောင်ပေါ့။ သူကသူ့ဆီစက်ဝင်းကြီးထဲမှာ နေရာပေးရုံမကအကျွေးအမွေးပါ တာဝန်ယူပါတယ်။ မန္တလေးမှာ ဒီလိုကိစ္စတွေကို စိတ်ရောကိုယ်ပါ အားပေးတတ်တဲ့အမျိုးသား လူချမ်းသာတွေရှိတာက ချစ်စရာကောင်းပါတယ်။ ဒီသင်တန်းကို အထက်ဗမာနိုင်ငံက လူငယ်လူရွယ်တွေ အများကြီး တက်လာကြတယ်။ကိုဘညိမ်းလဲတက်တယ်။ ကိုသန်းရင်က ကိုဘညိမ်းကို အတွင်းဝင် အနီးကပ်သတ်နည်းခေါ်တဲ့ အင်းဖိုက်ကို
အဲဒီသင်တန်းမှာ သေသေချာချာသင်ပေးသွားပါတယ်။ အင်းဖိုက်ကို ပူးကပ်သတ်နည်းလို့လဲ ခေါ်ပါတယ်။ ကိုဘညိမ်းကောင်းတယ်ဆိုတဲ့ဟာတွေမှာ ဒီအင်းဖိုက်တင်လဲပါပါတယ်။ကိုဘညိမ်းအသက် (၄၀) ကျော်ပဲရှိသေးတယ်။ ဆံပင်တွေဖြူလှပြီ။ (၁၉၆၅) ခုနှစ် ကွာလာလမ်ပူမှာကျင်းပတဲ့ ဆီးယက်ဂိမ်းက သူ့ကို နိုင်ငံတကာလက်ဝှေ့ အကဲဖြတ်အဖြစ်နဲ့ခေါ်လို့ သွားရတယ်။ဟိုရောက်တော့ အိမ်ရှင်မလေးရှားတစ်ဦးက ခင်ဗျားဆံပင်တောင် ဖြူနေပါပကောလို့ ပြောလို့တဲ့၊ My hairmay be grey, but once I was as good as Cascious Clay and Born in Mandalay လို့ကဗျာနဲ့ပြောခဲ့သတဲ့။သူ့သားသမီးတွေအကြောင်းကိုမေးရင် သားသမီး (၁၀) ယောက်ရှိ၊ (၂) ယောက်ငယ်ငယ်ကဆုံးတော့(၈) ယောက်ကျန်တယ်။ ယောကျာ်း (၆) ယောက်။ နောက်တစ်ယောက်က ဆန်နီညိမ်းက ပန်းချီပန်းပုဝါသနာပါတယ်။ ရဲမြင့်ညိမ်းက ပန်းချီဝါသနာပါတယ်။ မျိုးမြင့်ညိမ်းက လက်ဝှေ့သမား၊ တော်တော်ထိုးနေပြီ။
သမီးနှစ်ယောက် မာလာညိမ်းနဲ့ စန္ဒာညိမ်း၊ ပြီးတော့ ဖြူလေးနဲ့ ထွန်းအောင်။ ကျွန်တော်သားသမီးတွေကြီးလာရင် ဘယ်သူဘာဖြစ်မယ်တော့မသိဘူးတဲ့။ နို့ပေမယ့် သူမဆုံးခင် (၂) နှစ်မှာ သူ့သမီးငယ် စန္ဒာညိမ်း လက်ခုတ်ကုန်းကို ပျော်ပွဲစားသွားရင်း ရေနစ်သေဆုံးခဲ့ရှာတယ်။ အသက် (၂၀) အရွယ်မှာကြီးလှမှ ခုလိုဖြစ်သွားရတော့ ကိုဘညိမ်းတော်တော်စိတ်ထိခိုက်တယ်။ ဒီသမီးကလေး သေဆုံးရပုံအကျိုးအကြောင်းတွေကို ကျွန်မဆီလာပြီး မျက်ရည်လည်ရွဲနဲ့ ပြောပြနေတာအကြာကြီး၊ စိတ်မကောင်းစရာပဲ။
ကိုဘညိမ်းဟာ အစာဟောင်းလမ်းကြောင်းမှာဖြစ်တဲ့ ကင်ဆာရောဂါနဲ့ ဆုံးပါသတဲ့။ သူမသေခင်ကျွန်မရေးတာကို ဖတ်ချင်ပါတယ် ပူဆာရှာတဲ့ ကိုဘညိမ်းကို ကျွန်မက သူသေဆုံးသွားတာတောင်မှ
ဝမ်းနည်းစကား စာလေးတစ်ကြောင်း ချက်ချင်းမရေးနိုင်တဲ့အဖြစ်မို့ ခုမှပဲ ကျွန်မအပေါ်တင်ရှိနေတဲ့ အကြွေးကိုအတိုးရောအရင်းပါ ပေးဆပ်လိုက်ရင်း ကိုဘညိမ်းကိုယ်စား ကိုဘညိမ်းကိုခင်မင်သူတွေကပဲ ဖတ်ကြပါတော့လို့တောင်းပန်စကားဆိုလိုက်ရပါတယ်။
(ကျားဘညိမ်းက သူ့နာမည်ညိမ်းကို ဒီအတိုင်း စာလုံးပေါင်းပါတယ်။ ဒါကြောင့် သူကြိုက်တဲ့အတိုင်းစာလုံးပေါင်းရေးလိုက်ပါတယ်။ )
No comments:
Post a Comment