Monday 29 August 2011



စိမ်းလဲ့ကန်သာ တွေ့ဆုံမှုဆိုတာ

Posted: 16 Aug 2011 06:56 AM PDT

စာရေးသူ - တူမောင်ညို (ရိုးမ၃)

သတင်းစာရှင်းလင်းပွဲ ၂ ခု ကို အကွက်ချပြီး တစ်ရက်ထဲ တပြိုင်နက်ထဲ ပြုလုပ်ကြခြင်း ဖြစ်တယ်။
ဒါပေမယ့် နေရာကတော့ တစ်နေရာစီ။ နေပြည်တော်နဲ့ ရန်ကုန်မှာ ခွဲပြီးလုပ်တာဖြစ်ပါတယ်။ ဒီလို ခွဲလုပ်တာကိုယ်၌က သူတို့ပင်ကိုယ်ရည်ရွယ်ချက်နဲ့ သဘောထားကို ထင်ဟပ်ဖေါ်ပြနေပါတယ်။
ရန်ကုန်မှာ ဦးအောင်ကြည် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက တစ်စိတ်တစ်ပိုင်းကိစ္စပဲ ဖြစ်တယ်။ နေပြည်တော်မှာ ဦးကျော်ဆန်းခေါင်းဆောင်ပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲက တစ်ခုလုံးသဘောဆောင်တယ်။ အစိုးရ အာဘော်နဲ့ သဘောထားတွေကိုပြောတဲ့ ရှင်းလင်းပွဲဖြစ်တယ်။
အမိန့်ကြော်ငြာစာအမှတ် (၇၅/၂၀၁၁) ထုတ်ပြန်ကတည်းက "နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍" ဆိုပြီး တိတိကျကျ သတ်မှတ်တာဝန်ပေးထားပြီးလည်း ဖြစ်တယ်။ အဲဒီ (၁၁) ဦးပါတဲ့ "ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့" ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ခေါင်းဆောင်တယ်။
ဒီတော့ သတင်းစာရှင်းလင်းပွဲတစ်ခုနဲ့တစ်ခုက ပါဝါခြင်း မတူကြဘူး။ နေပြည်တော်သတင်းစာရှင်းလင်းပွဲက ပါဝါပိုကြီးတယ်။ ကြီးဆိုအသစ်စက်စက်ဖွဲ့စည်းလိုက်တဲ့ "ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့" က ကျင်းပတာ ဖြစ်တယ်။ အသေအချာ ပြင်ဆင်ချိန်ကိုက်ပြီးမှ ပြုလုပ်လိုက်တာလည်း ဖြစ်တယ်။

ဝန်ကြီးက မျက်ရည်ကျပြလိုက်တော့ "သောသောရုတ်ရုတ်" ဖြစ်သွားတယ်။ ဒါကလည်း ဖမ်းစားလိုက်တဲ့ ပရိယာယ် တစ်ကွက်ပေါ့။
ဒီလိုငိုနေတဲ့အချိန်မှာ နှဲကြီးကိုချွဲချွဲကြီးမှုတ်ပြီး (ဇာတ်) ပို့ပေးလိုက်ချင်တယ်ဆိုတဲ့ သြဘာပေးထားတာလည်း အင်တာနက်မှာ ဖတ်လိုက်ရလို့ "ရယ်" ကြရသေးတယ်။ "အကယ်ဒမီ" ရနိုင်တယ်လို့ "တစ်" ပေးသူက ပေးတယ်။ "ဆန်ရေစပါးရှားနိုင်တယ်" လို့ နိမိတ်ဖတ် သူကလည်းဖတ်တယ်။ သေချာတာတော့ အခုလို ရေတွေကြီးနေပုံမျိုးနဲ့ဆိုရင် နောင်နှစ် ဆန်ဈေးကြီးမှာ သေချာတယ်။

"နေပြည်တော်" သတင်းစာရှင်းလင်းပွဲက "ရန်ကုန်" သတင်းစာရှင်းလင်းပွဲကို လွှမ်းမိုးနေတယ်။ ချုပ်ကိုင်ထားတယ်။ ဘောင်ခတ်ပေးထားတယ်။ တစ်စိတ်တစ်ပိုင်းကို တစ်ခုလုံးက လွှမ်းမိုးနေတာပေါ့။ဒီနေရာမှာ "စိမ်းလဲ့ကန်သာတွေ့ဆုံပွဲရဲ့သဘောအဓိပ္ပါယ်" ကို နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်း ထုတ်ဖေါ်ပြောသွားတာကို အချက်တစ်ချက်ကို သတိပြုမိလိုက်တယ်။ အဲဒီသတိပြုမိတဲ့အချက်ကို ကွက်ပြီးတင်ပြပါမယ်။ ဒီအချက်ကိုလည်း (၁/၂၀၁၁) သတင်းစာရှင်းလင်းပွဲရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင်က ပြောသွားတာပါ။
ပြောရေးဆိုခွင့်အဖွဲ့ခေါင်းဆောင်က အခုလိုပြောပါတယ်။

"အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုတဲ့အနေနဲ့ ဥပဒေအရ ရပ်တည်ခွင့်မရှိတော့တဲ့ NLD ရဲ့အရေးကိစ္စကိုပင် သိမ်မွေ့ စွာကိုင်တွယ်ပြီး၊ အမျိုးသားအကျိုးစီးပွားအတွက် လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလန်းများ ဖွင့်ပေးထားတာကို တွေ့ရမှာဖြစ်တယ်။ NLD ဟာ နိုင်ငံရေးဆောင်ရွက်မယ်ဆိုပါက တရားဝင်ပါတီထူထောင်ခွင့်ရအောင် ဥပဒေနဲ့အညီလုပ်ဆောင်ရမှာပဲ ဖြစ်ကြောင်း ပြောကြားလိုပါတယ်"

"မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အပိုင်းက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ NLD ကိုလည်း တတ်နိုင်သမျှ လက်တွဲခေါ်ယူလျက်ရှိပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ဇူလိုင်လ ၂၅ ရက်နေ့မှာ ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးသဘောတူ ထုတ်ပြန်ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်၊ ဆက်လက်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း အောင်မြင်တဲ့ ရလဒ်ကောင်းများ ရရှိဖို့မျှော်လင့်ပါကြောင်း ပြောကြားလိုပါတယ်"
"စိမ်းလဲ့ကန်သာတွေ့ဆုံပွဲဘာလဲ" ဆိုတာ ဒီပြောကြားချက်နဲ့တင် သရုပ်သကန်ပေါ်လွင်နေပါပြီ။
"သိမ်မွေ့စွာကိုင်တွယ်ပြီး လက်တွဲဆောင်ရွက်နိုင်မယ့် အခွင့်အလန်းများ ဖွင့်ပေးထားတာကို တွေ့ရမှာဖြစ်တယ်/ တတ်နိုင်သမျှ လက်တွဲခေါ်ယူလျက်ရှိတယ်" တဲ့။ " NLD ဟာ ဥပဒေအရရပ်တည်ခွင့် မရှိတော့ဘူး၊ နိုင်ငံရေးဆောင်ရွက်မယ်ဆိုရင် တရားဝင် ပါတီထူထောင်ခွင့်ရအောင် ဥပဒေနဲ့ အညီလုပ်ဆောင်ရမယ်" တဲ့။
"သိမ်မွေ့စွာကိုင်တွယ်"၊ "အခွင့်အလန်းများဖွင့်ပေးထား"၊ "တတ်နိုင်သမျှလက်တွဲခေါ်ယူ"၊ "ဥပဒေအရ ရပ်တည်ခွင့်မရှိတော့ဘူး"၊ "ဥပဒေနဲ့အညီလုပ်ဆောင်ရမယ်" ဆိုတဲ့ အသုံးနှုန်းတွေဟာ ဘယ်လောက်များ အပေါ်စီးဆန်နေပါသလဲ။ တန်းတူရည်တူ သဘောမထားဘူးဆိုတာ သိပ်ပေါ်လွင်ပါတယ်။

ချုပ်လိုက်တော့ "စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ" ဟာ အများထင်မြင်ယူဆနေသလို နိုင်ငံရေးအရဆွေးနွေးနေတာ မဟုတ်ဘူး၊ ဥပဒေဘောင်ထဲမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး "ဈေးဆစ်" နေကြတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အဓိပ္ပါယ်သက်ရောက်နေပါတယ်။ " NLD က နိုင်ငံရေးလုပ်မယ်ဆိုရင် ဥပဒေနဲ့အညီမှတ်ပုံတင်ရမယ်" ဆိုတဲ့ အချက်ကို ထုတ်ပြောလိုက်တော့ ဒီသဘောက ပိုလို့ထင်ရှားမသွားပေဘူးလားဗျာ။

ဒီလိုစကားတွေကို သမ္မတကိုယ်တိုင်လက်မှတ်ရေးထိုးပြီး ပူပူနွေးနွေး ခန့်အပ်တာဝန်ပေးလိုက်တဲ့အဖွဲ့ခေါင်းဆောင်က ပြောတဲ့စကားတွေလည်းဖြစ်ပါတယ်။ ဒီတော့ဗျာ ဒီထက်ခိုင်လုံတိကျစရာ မရှိတော့ဘူးပေါ့။
"စိမ်းလဲ့ကန်သာတွေ့ဆုံပွဲ"က ရရှိလာမယ့်ရလဒ်ဆိုတာတွေဟာ "ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ" ဖြစ်ရမယ်လို့တောင် "ဘောင်" ခတ်ပေးလိုက်သေးတယ် မဟုတ်လားခင်ဗျ။
ကျနော်နိဂုံးချုပ် ပြောချင်တာက ဦးအောင်ကြည်နဲ့ မိနစ် (၅၀) ကြာတွေ့ဆုံပြီး ထုတ်ပြန်လိုက်တဲ့ "သတင်းထုတ်ပြန်ချက်" ဟာ ယေဘုယျသိပ်ဆန်လွန်းနေတာ ဘာမျှမဆန်းဘူးဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ သတင်းထောက်အမျိုးသမီးတစ်ဦးက ဦးအောင်ကြည်ကို ဒီလိုမေးမြန်းခဲ့ပါတယ်။

"သဘောထားကွဲလွဲနေမှုတွေ၊ စိတ်ဝမ်းကွဲပြားနေမှုတွေကို ဆွေးနွေးတယ်လို့ ပြောပါတယ်၊ အဲဒါအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြားကိုပြောတာပါလား၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရအကြား အခြေအနေကို ဆိုလိုတာပါလား၊ နောက် တစ်ခုက အဲဒီမှာပဲပါပါတယ်။ တရားဥပဒေစိုးမိုးရေးကိစ္စဆွေးနွေးတယ်လို့ သိရပါတယ်။ အဲဒီလိုဆွေးနွေးတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီကို တရားမဝင်ဘူးလို့ ပြောထားတာရှိပါတယ်။ အဲဒီကိစ္စကို သိရမလားရှင့်"
ဒီလို သော့ချက်ကျတဲ့ မေးခွန်းတွေကို တိတိကျကျ ဖြေဆိုနိုင်ခြင်း မရှိခဲ့တာကလည်း "ဦးအောင်ကြည်ရဲ့ အနေအထားနဲ့ စိမ်းလဲ့ကန်သာတွေ့ဆုံမှုရဲ့လက်ငင်းအနေအထား" ကို ထင်ဟပ်ဖော်ပြနေပြန်ပါတယ်။
ဒါကြောင့် "စိမ်းလဲ့ကန်သာတွေ့ဆုံမှု" က ရရှိလာနိုင်မယ့် ပြေလည်မှုရလဒ်နဲ့အဖြေဆိုတာဟာ "ဖွဲ့စည်းပုံအခြေခံဥပဒေ" ကို လက်ခံ/မခံဆိုတဲ့အချက်ပေါ်မှာသာ အဓိကမူတည်နေပါတယ် ခင်ဗျ။
ဒီလမ်းအတိုင်းသွားရင် အဲဒီရွာကိုပဲ ဒုတ်ဒုတ်ထိရောက်မှာပါ။


ဆရာအော်ပီကျယ်၏ ဟင်္သာတစာပေဟောပြောပွဲ(ရုပ်/သံ)

Posted: 16 Aug 2011 06:45 AM PDT



ပျော်ရာမှာမနေ တော်ရာမှာနေတဲ့ .. ကျနော်တို့  ပျော်တဲ့ ရွာ - မြို့  - နိုင်ငံကို ဘာလို့  တော်ရာ နေရာ မလုပ်နိုင်သေးတာလဲ .. ကျနော်တို့  ပျော်တဲ့နေရာကို တော်တဲ့နေရာ ဖြစ်စေချင်တယ်.. ဆောင်ပုဒ်အများဆုံးနိုင်ငံ မြန်မာနိုင်ငံပါပဲ.. မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမယ်တဲ့.. ရည်မှန်းချက် ထားတာတော့ ကောင်းတာပေါ့ နောက်မှ ၇ ဂိုး ဇီးရိုးဖြစ်သွားတာ..
DVB entertainment


ဆရာမောင်သာချို ရဲ့ ( နှလုံးသား လှပါစေ )

Posted: 16 Aug 2011 05:38 AM PDT



မှတ်သားစရာ အဖြာဖြာနှင့် လှပသော နှလုံးသား ပိုင်ရှင်များ အကြောင်းကို ဝေေ၀ဆာဆာ ပြောပြသွားတဲ့
ဆရာမောင်သာချိုရဲ့ နှလုံးသား လှပါစေ စာပေဟောပြောပွဲ ( အောင်လံမြို့ )

ကျနော်တို့ မသိသေး ၊ မသင်ခဲ့ရ ဘူးသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှလုံးသား လှပမှု အကြောင်းကို ပြောပြသွားတာ လွမ်းစရာ ကောင်းလှသလို အချို့နေရာတွေမှာ မျက်ရည်တောင် ကျလာမိပါတယ် ။
လမ်းဘေး အကြော်တဲလေးထဲမှာ လူတစ်ယောက်ချမ်းနေရှာတာကို သူမြင်တော့ သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးတယ်….။ နိုင်ငံတော်ရဲ့ အကြီး အကဲ ဆီက မယူရဲတော့ ဗိုလ်ချုပ်က ဘာပြောတယ်ထင်လည်း ။ မင်းချမ်းနေတာ ငါနဲ့ ဆိုင်တယ်ကွ….. ပြည်သူလူထု ဆင်းရဲနေတာ ငါနဲ့ဆိုင်တယ်. ။ ဘာကြောင့်လည်း ဆိုတော့ ငါက တိုင်းပြည်ရဲ့ အကြီးအကဲဖြစ်လို့ဘဲ ဆိုပြီး သူဝတ်ထားတဲ့ ကုတ်အကျီကို ချွတ်ပေးကာ သူရဲ့ နှလုံးသားကို လှပမှုကို ဖွင့်ပြသွားတဲ့ ဗိုလ်ချုပ်…..။

တကယ့်ကို ကောင်းလွန်းလို့ နားဆင်စေချင်တဲ့ စေတနာနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ် ။

ဗမာ့သွေး


ဒေါ်စုကိုဆက်ချစ်ပါရစေ။

Posted: 16 Aug 2011 12:53 AM PDT


ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို မျက်စေ့စုံမှိတ် တောက်လျှောက်ထောက်ခံလာတဲ့သူဆိုတော့ အခု တလော မေးခွန်းတစ်ခု လာလာမေးတာ ခံနေရပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့  ပေါင်းလိုက်ပြီလား"

သူတို့ အမေးကို ဌာန်ကရိုဏ်းကျကျ နိုင်ငံရေးစကားကြီးစကားကျယ်တွေ ရေလဲသုံးပြီး ပြန်ဖြေလိုက်တဲ့အခါ"သြော်.. တူတာတွဲလုပ် မတူတာ ဘေးဖယ်ထား" ဆိုပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့  သူတို့ စဉ်းစား သွားကြပါတယ်။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့  ပေါင်းလိုက်ပြီလား လို့  မေးတဲ့သူ တစ်ယောက်မှ ထွက် မလာပါဘူး။ အဲဒီလိုအပေါက်မျိုးကို မတွေးကြတာလည်း NLD နဲ့  ဒေါ်စုတို့ ကို စစ်အစိုးရက နှစ် ၂၀ ကျော် တရကြမ်းဖိနှိပ်ခြေမှုန်းခဲ့လို့  ဘီလူးဟာ မင်းသားမလုပ်တတ်ဘူး ဆိုတဲ့ အမြင်ကြောင့်ဖြစ်ပါတယ်။

တူတဲ့ကိစ္စရပ်တွေထက် မတူညီတဲ့ကိစ္စရပ်တွေကို ကျွန်တော်တို့  ပိုစိတ်ဝင်စားပါတယ်။ အတိုက်အခံဆိုတာ သဘောကွဲလွဲမှုတွေကို ရှာဖွေမွှေနှောက်ပြီး ပြည်သူတွေထံ ချပြပြီး အာဏာရအစိုးရကို ဝေဖန် တိုက်ခိုက် နေရတာလေ။ မဟုတ်ရင်တော့ အာဏာရပါတီထဲဝင်ပြီး နိုင်ငံရေးလုပ်ရုံပါဘဲ။ အရိပ်ပါတီ၊ အရိပ်နိုင်ငံရေးဆိုတာ အင်မတန်ရွံရှာစရာပါ။ ကြံ့ဖွံ့ အစိုးရရဲ့  ပြည်ထောင်စုဝန်ကြီးတွေရဲ့  နိုင်ငံရေးလုပ်ကွက်တွေဟာ ခြေလှမ်းသွက်ပြီးတိုင်ပင်ကိုက် လှုပ်ရှားနေတာကို တွေ့ ရတော့ ကျွန်တော်တို့ တွေ ငထူငအ လုပ်နေရင် ကား ကနဲ ကျန်ရစ်တော့မယ့် အခြေအနေတချို့ ကို မြင်လာရပါပြီ။

ဒေါ်စုကို အစိုးရက အခုလိုဆက်ဆံနေတာကို အမေရိကန်အစိုးရရဲ့ ကြိုဆိုတယ်ဆိုတဲ့ စကားတစ်ခွန်းဟာ လည်းကျွန်တော်တို့ ထည့်တွက်ရမယ့်ကိစ္စပါ။ ဒေါ်စုနဲ့  အစိုးရတာဝန်ရှိသူတစ်ဦး တွေ့ ဆုံနေတာကို ဂွမ်းဆီထိ ပီတိဖြစ်နေတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို တက်အုပ်ချုပ်ပြီး အစိုးရလုပ်နေတာ ကျွန်တော်တို့  မြင်ချင်နေတာပါ။ ဘယ်စစ်ထွက်ပုဂ္ဂိုလ်မှန်သမျှ ဌာနအသီသီးရဲ့  ၀န်ကြီးနေရာ ယူထားကြတဲ့ အစိုးရအဖွဲ့ မျိုးကို မြင်ဖို့ ကျွန်တော်တို့  ဆန္ဒမရှိပါဘူး။

ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်အပေါ် အားမလိုအားမရနဲ့  စိတ်ပျက်ငြီးငြူသံ၊ ရှေ့ မှာ ပေါ်တင်ဆန့် ကျင်သံမျိုး တွေ ဒီ့ ထက်ပိုပြီး ထွက်လာနိုင်စရာရှိပါတယ်။ ရေဒီယိုမီဒီယာတစ်ခုမှာ မွန်လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တစ်ဦး က ဒေါ်စုကို "ငြိမ်းချမ်းရေးကိစ္စ လက်တွေ့ လုပ်ကြည့်ပါ၊ အဲဒီအခါ မလွယ်မှန်းသိလိမ့်မယ်၊ မရရင် ပြန်လှည့်ခဲ့ပေါ့"လို့  သုံးသပ်လိုက်သံကို ကြားတဲ့အပြင် တချို့ နိုင်ငံရေးဆောင်းပါးနဲ့ ဝေဖန်သူတွေရဲ့  အမြင်မှာလည်း "အပိုတွေ၊မယုံနဲ့ ၊ စစ်အစိုးရက ရုပ်ရှင်ရိုက်နေတာ၊ ဒေါ်စု ခံသွားရလိမ့်မယ်" ဆိုပြီး မှတ်ချက်ပေးနေကြပါတယ်။ ဒါ..ဒေါ်စုနဲ့ ဦးအောင်ကြည် ၂ ခါဘဲ တွေ့ ရသေးလို့ ၊ သုံးလေးငါးခါများတွေ့ ပြီးလို့  သောင်တင်ရေမကျ၊ ၀ါးတားတား ဆက်ဖြစ်နေဦးမယ်ဆိုရင် ဒီ့ ထက် ဆူညံတဲ့အသံတွေကို ကြားလာရဖို့ ရှိပါတယ်။

နောက်တစ်ပတ်မှာ နေပြည်တော်လွှတ်တော်ကို အချိန်ကိုက် ပြန်စတာဟာ အစိုးရမှာ ရည်ရွယ်ချက်တစ်ပုံတစ်ပင်နဲ့ ပါ။ ပြည်တွင်းပြည်ပက တောင်းဆိုနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရေး၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ တွေနဲ့  တွေ့ ဆုံစကားပြောရေး၊ မြစ်ဆုံရေကာတာ ဆက်မလုပ်ဖို့ နဲ့  ဧရာဝတီမြစ်ထိန်းသိမ်းရေး စတဲ့ လူပြောသူပြောများလွန်းနေတဲ့ အရေးတကြီးကိစ္စရပ်တွေကို တစ်ဘက်မှာ ဒေါ်စုကို ကြေညာချက်ထုတ်ချွေးသိပ်ထားပြီး ကြံ့ဖွံ့ အစိုးရရဲ့  နိုင်ငံရေးမောင်းနှင်ရာ နေပြည်တော် လွှတ်တော်က နေ ဟော့ရှော့ခ်ဖြစ်နေတဲ့ ဒီကိစ္စ၃ ခုကို မဲဆန္ဒရှင်များအကြိုက်ဆိုပြီး တဖောင်းဖောင်းတဒိန်းဒိန်း ပစ်လွှတ်ဖို့  အလားအလာတွေ့ ရပါတယ်။ ပြည်သူ့ ဆန္ဒကို လွှတ်တော်ကြီးက အကောင်အထည်ဖော်လေသတည်း ဆိုပြီး လွှတ်တော်ထဲက တိုင်းရင်းသားပါတီတွေ၊ဒီမိုကရက်တစ်ပါတီတွေနဲ့  အာဏာရပါတီတို့  ရောကြိတ်သမမွှေ ကြမယ့်သဘောပါ။ ကြံ့ဖွံ့ ပါတီမဟုတ်တဲ့လွှတ်တော်ထဲက ကျန်အင်းအားစုတွေရဲ့  စွမ်းဆောင်ချက်က ဟောဒီလို အားရစရာပါဆိုပြီး လုပ်ပြပါလိမ့်မယ်။

တကယ်တော့ ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေနဲ့ စခန်းသွားတဲ့ နေပြည်တော်လွှတ်တော်နိုင်ငံရေးရဲ့  အလုပ်ဖြစ်နေပုံ၊ရွေးကောက်ပွဲနိုင်ငံရေးရဲ့  အကျိုးဆက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပြီ၊ စစ်ပွဲတွေ ရပ်ပြီ၊ မြစ်ဆုံဆည်တည်ဆောက်ရေး ဆက်မလုပ်ဖြစ်တော့ဘူး.. ဆိုတာကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို No လုပ်ခဲ့ကြတဲ့ အင်အားစုအားလုံးအပြင် နိုင်ငံတကာကိုပါ မြှူဆွယ်ဖြားယောင်းမယ့်သဘောပါ။ ဒေါ်စုအနေနဲ့  ရွေးကောက်ပွဲအ၀န်းအ၀ိုင်းထဲ ၀င်ရောက်ဖို့  စဉ်းစားတဲ့အခါ အနည်းငယ်အဖုအထစ်ဖြစ်နေတဲ့ NLD ထဲက သဘောထားတင်းမာတဲ့အုပ်စုနဲ့ လူထုအုံကြွမှုနည်းနဲ့  အစိုးရကို ဖြုတ်ချရမယ်လို့  စဉ်းစားထားကြတဲ့သူတွေကို ဒေါ်စုကိုယ်စား နေပြည်တော်ကဖွဲ့ ဆိုတင်ဆက်ပေးမယ့်ပုံမျိုးလုပ်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် ဘာစကားတွေပြောကြသလဲ ကျွန်တော်တို့ မသိရပါဘူး။ ဒေါ်စုက NLD ဗဟိုအစည်းအဝေးမှာ ပြောပြခဲ့တယ်လို့  ကြားရပေမယ့် ဦးဥာဏ်ဝင်းက ဒါကိုလည်း ထုတ်ဖော် မပြောနိုင်ပါလို့ အင်တာဗျူးတစ်ခုမှာ ပြောသွားတာကြောင့် လောလောဆယ်သိဖို့ လမ်းစမရှိ တော့ပါဘူး။ အားလုံးဟာ ထိပ်တန်းလျို့ ဝှက်ချက်တွေ ဖြစ်နေပါတယ်။ အဖြေတိတိကျကျ မရသေးလို့  ကျွန်မ ပြောလို့ မရသေးဘူးလို့  ဒေါ်စု ပဲခူးခရီးစဉ်မှာ ပြောသွားတဲ့အတွက် အစိုးရသတင်းစာက ထုတ်ပြန်သလောက်ဘဲ သိကြရဦးမှာပါ။ ဒီလိုမျိုး အထိမ်မ၀ှက်တွေနဲ့  ဆက်သွားးနေမယ်ဆိုရင် အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရဲ့  တွေ့ ဆုံမှုအခန်းဆက်ကို လူထုအနေနဲ့  စိတ်အချဉ်ပေါက်လာဖို့  ရှိပါတယ်။ လက်ခုပ်သံတွေ တိုးတိတ်သွားဖို့  ရှိပါတယ်။

ဒေါ်စုနဲ့  NLD ကို အချိုသတ်ထားပြီး အစိုးရအနေနဲ့ တစ်ဘက်မှာ သူတို့ အဓိကထားတဲ့ လွှတ်တော် နိုင်ငံရေးကို အနှောက်အယှက်ကင်းကင်းနဲ့  ရုပ်လုံးကြွလာအောင် အခုအချိန်မှာ ထုဆစ်ပုံဖော်ပါတော့မယ်။ ကျွန်တော်တို့ ကဟိုဘက်ကို ငေးမော၊ ဒီဘက်ကို ထောက်ခံနဲ့  ကျွန်တော်တို့ မကြိုက်တဲ့ ကြံ့ဖွံ့ အစိုးရရဲ့  နူးညံ့တဲ့လက်သီးထိုးချက်တွေကို ထုံပေပေခံရတော့မယ့်ပုံပါဘဲ။ အခုတောင် ကျွန်တော့်ကို မေးနေကြပြီလေ။

ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ဆက်ပြီးထောက်ခံနေဦးမှာပါ။ ကျွန်တော့် နိုင်ငံရေးဖီလင်က ဒေါ်စုဆီမှာဘဲ ကိန်းဝပ်လျက်ပါ။ ဒီခေတ်နိုင်ငံရေးမှာ ဒေါ်စုက လွဲရင် ထောက်ခံဖို့ ကောင်းတဲ့သူ မတွေ့ သေးလို့  ဒေါ်စုကိုဆက်ချစ်ပါရစေ။

အောင်မျိုးထွန်း

၁၆- ၈- ၂၀၁၁


ဆရာ့ကို အန်တီတစ်ယောက်တည်းပိုင်တာ မဟုတ်ပါဘူး

Posted: 16 Aug 2011 12:44 AM PDT


"ဆရာ့ကို သူ့ ရဲ့  ရဲဘော်ရဲဘက်စာရေးဖော်တွေက မီးမသင်္ဂြိုလ်ခိုင်းဘူး။ ဂူသွင်းမြှပ်နှံချင်ပါတယ်လို့ 
အန်တီ့ကို တောင်းဆိုထားပါတယ်။ ဆရာ့ကို အန်တီတစ်ယောက်တည်းပိုင်တာ မဟုတ်ပါဘူး။ သူ့ ရဲ့
အပေါင်းအသင်း၊ စာဖတ်ပရိသတ်တွေအားလုံးပိုင်တဲ့အတွက် သူတို့ ရဲ့ ဆန္ဒတွေကို ဦးစားပေးသွားမှာပါ"

ဒေါ်ခင်မာမာ
(ဆရာနန္ဒာသိန်းဇံ၏ဇနီး)
Aung myo tun


ဗေဒါသင်တန်းကျောင်းတွင်ပြုလုပ်မည့်"ဧရာဝတီအလုပ်ရုံဆွေးနွေးပွဲ"အတွက်ဖိတ်ကြားခြင်း။ဝန်ခံကတိပြုခြင်းနှင့် အကူအညီတောင်းခံခြင်း။

Posted: 15 Aug 2011 09:06 AM PDT


မြန်မာနိုင်ငံသူ၊နိုင်ငံသားများသည်ဧရာဝတီမြစ်(မြစ်ဆုံနှင့် မြစ်လက်တက်များ)ပေါ်တွင်တည်ဆောက်မည့် ဆည်စီမံကိန်းများနှင်ပတ်သက်၍ဖြစ်ပေါ်လာနိုင်သည့်အကျိုး၊အပြစ်များကိုသိလိုသောဆန္ဒရှိလိမ့်မည်ဟုယုံကြည်ပါသည်။သို့ အတွက်(၁၈.၈၂၀၁၁)အမှတ်(၄၅၃)သုမနလမ်း ၁၆/၂ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗေဒါသင်တန်းကျောင်းတွင်"ဧရာဝတီအလုပ်ရုံဆွေးနွေးပွဲ"အားမည်သူမဆိုတက်ရောက်ဆွေးနွေးနိုင်ရန်ဖိတ်ကြားခဲ့ ပါသည်။သို့ ရာတွင်"ဧရာဝတီ"နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲမှာတစ်ကြိမ်တည်းနှင့် ပြည့် စုံရန်ခက်ခဲပါလိမ့်မည်။

ထို့ အတူ ဗေဒါသင်တန်းကျောင်းမှာလည်းတက်ရောက်လိုသည့် လူဦးရေပမာဏအား လက်ခံနိုင်ရန် အခက်အခဲရှိသည့် အတွက်ဒုတိယအကြိမ်(၂၈-၈-၂၀၁၁)မှ အစပြု၍ အပတ်စဉ်တနဂ်နွေနေ့ တိုင်း(တိကျသည့် အဖြေရရှီသည်အထိ) စဉ်ဆက်မပြတ်စေရန် ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ပြီးနေရာကိုလည်းပြောင်းရွှေ့ ကျင်းပရန်စီစဉ်ထားပါသည်။

မိမိတို့ ပြည်သူများသည်ဆည်တည်ဆောက်ခြင်းကိုမျက်စေ့ စုံမှိတ်ကန့် ကွက်လိုသူများမဟုတ်ကြဘဲ ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ဆိုးပြစ်များကို တိကျ၊သေချာ၊ ရှင်းလင်း၊ ပြတ်သားစွာသိရှိလိုခြင်းသာဖြစ်သည့် အတွက်(ဧရာဝတီနှင့်တကွ မြန်မာနိုင်ငံ၏ အကျိုးကိုလိုလားသော) အတတ်ပညာရှင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ လာရောက်ရှင်းလင်းပြောကြားပေးပါလျှင် လေးစားစွာခံယူလိုပါကြောင်း တင်ပြ ဖိတ်ကြား အပ်ပါသည်။ခင်ဗျား။

ဝန်ခံကတိပြုခြင်း
------------------

အထက်အကြောင်းအရာ(ဧရာဝတီအလုပ်ရုံဆွေးနွေးပွဲ)နှင့် စပ်လျဉ်း၍ ကျနော်ဦးဝင်းချိုသည် (မည်သည့်တစုံတယောက်၊တစုတဖွဲ့ ၏ခိုင်းစေညွှန်ကြားချက်မျှမပါဘဲ မိမိ၏လွတ်လပ်သောသဘောဆန္ဒနှင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ယနေ့ အချိန်ထိ( ပြည်တွင်း၊ပြည်ပ)မည်သူတဦး တယောက်ထံမှ (ရည်ညွှန်းစာရွက် စာတမ်းများမှတပါး) ငွေကြေးနှင့်အကူအညီများ ရယူခြင်း မရှိခဲ့ကြောင်း လေးနက်စွာကတိပြုပါသည်။

ဦးဝင်းချို(၁၂/ရကနနိုင်-၀၄၅၁၅၉)အမှတ်(၆၀)ဗိုလ်ရာညွန့် လမ်း။ဒဂုံမြို့ နယ်။ရန်ကုန်
ဖုံး၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄။

အကူအညီတောင်းခံခြင်း
--------------------------

ဧရာဝတီ၏အရေးသည်မြန်မာပြည်၏အရေးဖြစ်ပါသည်။မြန်မာပြည်သူ/ပြည်သားများအားလုံးသိရှိ/နားလည်ရန်အထူးလိုအပ်သည်ဟု ခံယူပါသည်။ သို့အတွက်မိမိအား ဦ်းဆောင်နိုင်သော၊ လမ်းညွှန်နိုင်သော ပူးပေါင်းဆောင်ရွက်လိုသောဧရာဝတီချစ်သူ၊မြန်မာပြည်သားများအနေဖြင့် မိမိအား ဆက်သွယ်ဆောင်ရွက် အကူအညီပေးကြပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

ကာကွယ်ခြင်းသည်ကုသခြင်းထက်အရေးကြီးသည်။
မြစ်ဆုံဆည်စီမံကိန်း
---------------------

ကျနော်တိတိကျကျမသိပါဘူးဗျာ။

...စင်္ကာပူနိုင်ငံထက်ကြီးတယ်ဆိုဘဲ။

နယူးယောက်မြို့ ထက်တောင်ကျယ်တယ်ဆိုဘဲ။

စစ်ကိုင်းငလျင်ပြတ်ရွေ့ နဲ့ လဲမဝေးဘူးဆိုဘဲ။

ဂေဟစံနစ်တွေလည်းပျက်စီးနိုင်တယ်ဆိုဘဲ။

လင်းပိုင်တွေလည်းပျောက်ကွယ်သွားနိုင်တယ်ဆိုဘဲ။

ဧရာဝတီမြစ်ကြီးတောင်မှကောသွားမယ်ဆိုဘဲ။

တကယ်တော့ ကျနော်သိတာရှိပါတယ်။

ဂေဟစံနစ်မပျက်သုဉ်းသင့် ဘူး။

ဧရာဝတီလင်းပိုင်မပျောက်သင့် ဘူး။

ဧရာဝတီမြစ်ဟာမကောသင့် ဘူး။

နောက်ပြီးတော့ ဧရာဝတီ

----------------------------

ကျနော်တိတိကျကျမသိပါဘူးဗျာ။

မြစ်အရှည်ကဘယ်လောက်လဲ။

ဘယ်နေရာမှာအကျယ်ဘယ်လောက်လဲ။

ငါးမျိုးစိတ်ပေါင်းဘယ်လောက်လဲ။

သူရှာကျွေးနေတဲ့ လူဦးရေဘယ်လောက်လဲ။

တကယ်ကိုကျနော်တိတိကျကျသိတယ်။

ဧရာဝတီကိုပြည်ထောင်စုသားအားလုံးချစ်တယ်။

ဧရာဝတီဟာကျနော်တို့ အားလုံးရဲ့ ကျေးဇူးရှင်။

ဧရာဝတီကကျနော်တို့ သမိုင်းရဲ့ ဇာတ်လိုက်ကျော်။

ဧရာဝတီပျောက်သွားမှာကိုကျနော်တို့ အားလုံးမလိုလားဘူး။

တကယ်တော့ ကျနော်ကြောက်ပါတယ်။

မြစ်ဆုံဆည်ကြီးပေါက်သွားမှာကို

ရေချိုငါး၊ပုဇွန်တွေပျောက်သွားမှာကို

နိုင်ငံသားတွေပြည်ပရောက်သွားမှာကို

စဉ်းစားကြည့် တော့ လည်းကျနော်မကြောက်ဘူး။

သယံဇာတတွေပျောက်အောင်ဘယ်သူလုပ်မှာလဲ။

ပြည်သူဒုက္ခရောက်အောင်ဘယ်သူလုပ်မှာလဲ။

ဧရာဝတီမရှိအောင်ဘယ်သူလုပ်မှာလဲ။

ဒါပေမဲ့ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုအရေးကြီးတယ်ဆိုတာကိုးဗျ။


ဝင်းချို(၀၁-၃၉၃၁၅၅/လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄)အမှတ်(၆၀)ဗိုလ်ရာညွန့် လမ်း၊ဒဂုံမြို့ နယ်။ရန်ကုန်မြို့ ။

(၂၀၁၀)ရွေးကောက်ပွဲဝင်တစ်သီးပုဂ္ဂလကိုယ်စားလှယ်။



NLDရဲ့ကြေငြာချက်အမှတ် ၁၄/၀၈/၁၁ နှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျေးဇူးတင်လွှာ

Posted: 15 Aug 2011 08:06 AM PDT


ဇာမဏီငှက် တောင်ပံတစ်ဖက်နှင့် ဆရာနန္ဒာသိန်းဇံ

Posted: 15 Aug 2011 07:43 AM PDT

နှစ်ပေါင်းများစွာလောင်ကျွမ်းခြင်းခံခဲ့ရသောဇာမဏီငှက်သည် ကြွင်းကျန်ခဲ့သော ပြာပုံမှ တစ်ဖန်ပြန်လည် ပေါက်ဖွားလာပြီးထပြန်သွားသောဒဏ္ဍာရီငှက် (သို့) သူရဲကောင်းငှက် (သို့) ဇာမဏီငှက်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသောနာရေးပို့ဆောင် ရေးယာဉ်၏ ခေါင်မိုးပေါ်တွင် ထိုဇာမဏီငှက်ကို ရွှေချကာအမြတ်တနိုးအထွဋ်အထိပ်တွင် ထားရှိ လျှက်ရှိသည်။

၁၄.၈.၂၀၁၁ (တနင်္ဂနွေနေ့) ည (၇း၄၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ မြန်မာပြည်၏ ဘာသာသာသနာအတွက် စာပေသူရဲကောင်းတစ်ဦးဖြစ်သူ၊ ဒဿနပညာရှင်၊ အငြိမ်းစားဒဿနိကဗေဒပါမောက္ခ နန္ဒာသိန်းဇံ(မဟာသဒ္ဓမဇောတိကဓဇ) အသက် (၆၅)နှစ် သည် ကွယ်လွန်အနိစ္စရောက်ရှိသွားပါ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၅.၈.၂၀၁၁ (တနင်္လာနေ့) နံနက် (၁၀း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဂျပန်နိုင်ငံလုပ် နာရေးပို့ ဆောင်ရေးယာဉ်ဖြင့် သွားရောက်၍ စာရေးဆရာ နန္ဒာသိန်းဇံ၏ ကျန်ရစ်ခဲ့သော ရုပ်ကလပ်အားရန်ကုန်ပြည်သူ့ဆေးရုံကြီးအအေးခန်းသို့ သွားရောက်၍ သယ်ဆောင်ပြီး ရေဝေးသုဿန်အအေး ခန်းသို့ ပို့ဆောင်ခြင်းကို ပြုလုပ်ခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအအေးခန်းမှ ဥက္ကဋ္ဌ ဦးကျော်သူမောင်းနှင်လာသောနာရေးပို့ဆောင်ရေးယာဉ် ထွက်ခွာလာချိန်တွင် လေပြင်းမိုးပြင်းများ ရွာချထားခြင်းကြောင့် ကိုင်းညွှန့်နေသောအအေးခန်းဂိတ်ပေါက်ရှိ ပိတောက်သစ်ကိုင်းနှင့် မီးကြိုးတို့၏ ချိတ်ဆွဲခြင်းကိုခံရကာနာရေးပို့ဆောင်ရေးယာဉ်ခေါင်မိုးပေါ်ရှိ ရွှေချကာအမြတ်တနိုးအထွဋ်အထိပ်ထားရှိသောဇာမဏီငှက်၏ အတောင်ပံတစ်ဖက်ကို ရိုက်ချိုးခြင်းခံလိုက်ရသည်။ ထို့ကြောင့် ရိုက်ချိုးခံရသော ဇာမဏီငှက်အရုပ်အား နောက်မှလိုက်လံကူညီ ဖေးမပေးသောစာရေးဆရာမဒေါ်သန်းမြင့်အောင် စီးနှင်းလိုက်ပါလာသောမော်တော်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်အအေးခန်းသို့ ဆရာ နန္ဒာသိန်းဇံ၏ ရုပ်ကလပ်အားပို့ဆောင်ပေးခဲ့တော့သည်။

လမ်းခရီးတွင် အတွေးနယ်ချဲ့ခဲ့သည်။ ဇာမဏီငှက် ဟုဆိုရာ၌ ဒဏ္ဍာရီငှက် (သို့) သူရဲကောင်းငှက် (သို့) အာဇာနည်ငှက် ဟုတင်စားခေါ်ဆိုကြသည်။ ဆရာ နန္ဒာသိန်းဇံသည်လည်း မြန်မာပြည်၏ စာပေသူရဲကောင်း (သို့) စာပေအာဇာနည်တစ်ဦးပင် ဖြစ်သည်။ ယခုဆရာ နန္ဒာသိန်းဇံ၏ ၁၈.၈.၂၀၁၁ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ ဂူသွင်းသင်္ဂြိုလ်မည့် နောက်ဆုံးခရီးဖြစ်သော နှုတ်ဆက်ပွဲအတွက် ဆရာ၏ ကျန်ရစ်သော ရုပ်ခန္ဓာကိုယ်အား ပြင်ဆင်ပြုပြင် ထိန်းသိမ်းထားရန်အတွက် အအေးခန်းသို့ ပို့ဆောင်ရာတွင် ဇာမဏီငှက် တောင်ပံတစ်ဖက်ကျိုးကျန်ရစ်ခဲ့သည့် အတိတ်နိမိတ်သည် မြန်မာပြည်တွင်း ပြည်သူပြည်သားအားလုံးတို့အတွက် ဆက်လက်ပေးဆပ်ရန် ဆရာ့ကိုယ်စားတစ်စုံတစ်ယောက်အားအမွေထားရစ်ခဲ့လေသလားဟု . . . . ။

ဆရာထားရစ်ခဲ့သောဒဏ္ဍာရီ၊ အာဇာနည်၊ သူရဲကောင်းတည်းဟူသောပညာအမွေကိုမည်သူဆက်လက်၍ ထိမ်းသိမ်းပါတော့မည်နည်း။

ကျော်သူ<


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment