Monday 29 August 2011



-


ရင်ထဲက ရှစ်ဆယ့်ရှစ် အပိုင်း (၅) ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

Posted: 23 Aug 2011 06:54 AM PDT

အလယ်က မျက်မှန်နဲ့သူကတော့ ဆောင်းပါးရှင် ကိုမောင်မောင်ဝမ်းပါ..

ရင်ထဲက ရှစ်ဆယ့်ရှစ် အပိုင်း (၅)
ဆောင်းပါးရှင် (မောင်မောင်ဝမ်း)

သြဂုတ်လ ၉ ရက် ၁၉၈၈

ဒီနေ့လည်း မနေ့က ရှစ်လေးလုံးလိုပဲ.. လူထုဆန္ဒပြပွဲနဲ့ စီတန်း လှည့်လည်တာကို မြို့မြောက်ဘက်ကနေ ထွက်ပြီး တောင်ဘက်က ပြန်ဝင်လာခဲ့တယ်၊ ထူးခြားတာက.. ပစ်တာခတ်တာ လုံးဝမရှိခဲ့ဘူး..။ မြို့လူထုက ပိုရဲတင်းလာတယ်…။ သောက်ရေတွေအိုးတွေကို အိမ်တွေရှေ့မှာ တန်းစီချထားတာမျိုး၊ သပိတ်တပ်ဦးကို ပန်းကုံးတွေ စွပ်တာမျိုးတွေ လုပ်ကြတယ်။ သတင်းတွေထဲမှာလည်း တနိုင်ငံလုံးလောက် လူထုအုံကြွမူ့တွေ စနေကြပြီ…။ တမြို့ပြီးတမြို့ ဆန္ဒပြပွဲတွေ အကြောင်း အသံလွှင့်ဌာနတွေက တဆင့်သိနေရတယ်….။ တကယ်တော့… လူထုဟာဘယ်ဟာ မတရားဘူး၊ ဘယ်ဟာတရားတယ် ဆိုတာကို သိကြပါတယ်..။ အကြောက်တရားတွေ ဖြစ်အောင် ခြောက်လှန့်ဖိနှိပ်ထားလို့ သာမလွန်ဆန် ဖြစ်နေကြတာပါ..။ လွတ်လပ်ခွင့်နဲ့ ထိုးဖောက်ခွင့် တစုံတရာလည်း ရောက်လာရော.. လူထုရဲ့ ဆန္ဒတွေ သဘောထားတွေက သိသာတယ်….။

သပိတ်စခန်းထဲ ဆန္ဒပြစစ်ကြောင်းကြီး ပြန်ဝင်တော့.. ကျနော်တို့ ကျောင်းသားခေါင်းဆောင်တွေ တယောက်ကို တယောက်ကြည့်ပြီး တော်တော် ရီချင်နေကြတယ်..။ ဘာလို့လည်းဆိုတော့.. လူတွေက ချွေးတွေတရွဲရွဲနဲ့ ဆံပင်တွေမှာလည်း ဖုံတွေအလိမ်းလိမ်း.. ဒါပေမယ့်.. လည်ပင်းမှာ အစွတ်ခံထားရတဲ့ ပန်းကုံးတွေက ဇာတ်မင်းသားလိုလို ဘာလိုလိုနဲ့ ဆိုတော့ ..စပ်ဖြဲဖြဲပုံတွေ ပေါက်နေကြတယ်။ ဒီကြားထဲမှာ.. သပိတ်စခမ်းထဲက.. စင်မြင့်မှာ နိုင်ငံရေး တရားဟောတော့.. ပန်းကုံးတွေက မချွတ်ရဲသေးဘူး.. လူထုက တမြတ်တနိုးနဲ့ ချီးမြှင့်ထားတာဆိုတော့… ငြိုငြင်သွားမှာကိုလည်း ကြောက်ရသေးတယ်။ တခါဆန္ဒပြလမ်းကြောင်းကို အကြံပေးတဲ့ အမကြီးက လုပ်ပြန်ပါလေရော။ ကျနော်တို့ စင်မြင့်ပေါ်တက် တရားမဟောခင် ခြေထောက်အောက်နားမှာ ခြင်္သေ့ပုံနဲ့ နေ၀င်း၊ စိန်လွင်ဆိုပြီး နှစ်ပုံခင်းထားတယ်လေ…။ အဲဒီပုံတွေပေါ် ခြေဖနောင့်နဲ့ "ဟိတ်"ဆိုပေါက်ပြီးမှ ပြောရမယ်တဲ့..။ ကျနော်တို့ကလည်း အားနာတတ်တယ်..။ ဒါလေးလုပ်တာ ဘာမှမခက်ပါဘူးလေ ဆြိုပီး..သူပြောသလို လုပ်လုပ်ပြီးမှ စင်ပေါ်တက်ရတယ်..။ သူကတော့.. တော်တော်ကိုကျေနပ်လို့… ပြီးတော့ ပြောလိုက်သေးတယ်။

" သူတို့ကလည်းငါတို့ကို ဗေဒင်၊ယေတြာတွေနဲ့တိုက်နေတာ..ငါတို့ကလည်းပြန်တိုက်စစ်ဆင်ရမယ်လေတဲ့"

ရင်ထဲမှာ သူ့ကိုကြိတ်ပြီးတော့ ချီးကျူးမိတာရှိပါတယ်..။ သူလည်း သူတတ်နိုင်သလောက် တော်လှန်ရေး လုပ်နေတာကိုပါ။ တမြို့လုံးမှာရှိတဲ့ ရပ်ကွက်အသီးသီးက ထမင်းထုတ်တွေစုပြီး လာပေးကြတယ်..။ ရှစ်လေးလုံး လူထုဆန္ဒပြပွဲ ကာလတွေမှာ လူထုကပေးတဲ့.. ထမင်းထုတ်တွေ စားရတာကိုက သိပ်အရသာ ရှိလှပါတယ်…။

သြဂုတ်လ ၁၀ ရက် ၁၉၈၈

ဒီနေ့မှာ.. ရေနံမြေအလုပ်သမားတွေက.. သူတို့ရဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး.. ကျောင်းသားသမဂ္ဂရှိရာ သပိတ်စခန်းကို ချီတက်လာကြတယ်..။ ပြီးတော့.. ရေနံမြေအလုပ်သမား သမဂ္ဂဆိုတာကို ရေနံမြေအလုပ်သမားအများစု ထောက်ခံမှုနဲ့ ဖွဲ့လိုက်ကြတယ်..။ ဥက္ကဌက..ဦးခင်ဝင်း (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ) အတွင်းရေးမှုးက ဦးချစ်ညီညီ (လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီပါတီ) ရေနံမြေ အလုပ်သမားတပ်ကြီး ချီတက်လာတော့.. မြို့နေလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့မြင်ကွင်းကို အခုထိ သတိရနေဆဲပါ.. တခါ…ပွင့်ဖြူ၊ စလင်းနယ်ဘက်က လယ်သမားတွေနဲ့ ရေနံချောင်း ပတ်လည်ရွာတွေက လယ်သမားတွေလည်း ချီတက်လာမယ်ဆိုတဲ့… သတင်းတွေကိုလည်း ရထားတယ်…။ တချို့ရွာတွေက လယ်သမားတွေ.. မော်တော်တွေနဲ့ တက်လာပြီတဲ့… ဒါနဲ့..ကျနော်တို့လည်း သူတို့လာချိန်နဲ့ တိုက်ပြီးမှ.. စီတန်းလှည့်လည် ဆန္ဒပြပွဲကိုထွက်ဘို့ ဆုံးဖြတ်လိုက်ကြတယ်….။ မနက်(၉)ရီမှာ စတင်ပြီး သပိတ်ဆန္ဒပြ စစ်ကြောင်းကို စခန်းထဲကနေ စတင်ထွက်ခွာ လိုက်ကြတယ်…။ ဒီနေ့နေကလည်း အရင်နေ့ကထက် စာရင်နည်းနည်း ပျင်းသလားမသိဘူး..။ လူတွေကြည့်လိုက်ရင် ချွေးသံတရွဲရွဲနဲ့.. ဒါပေမယ့် ဘယ်သူမှ မောရပမ်းရ ကောင်းမှန်းမသိကြဘူး.။ .မြင့်ငွေဆိုရင်.. ရှေ့က ကြွေးကြော်သံ တိုင်ရလွန်းလို့ အသံတွေဝင်ပြီး ထွက်တောင် မထွက်တော့ဘူး…။ မြို့လည်ဈေး တနေရာရောက်တော့.. ကျနော်စီးလာတဲ့ ဘိနပ်က ပြတ်သွားတယ်။ အဲဒါကို သပိတ်တပ်ဦးမှာ အလံကိုင်လာတဲ့.. ကျောင်းသား.. သူ့နံမည်က သန်းဇော်ဦးတဲ့.. ရေနံချောင်း ကောလိပ်မှာတက်နေတာ..။ သူကချက်ခြင်း သူ့ဘိနပ်ကိုချွတ်ပြီး ကျနော့်ကို ထိုးပေးတော့ ကျနော်ကငြင်းတယ်…။ ဒါပေမဲ့မရဘူး သူကဇွတ် အတင်းထိုးပေးတာနဲ့.. ကျနော်လည်း အားနာပြီး ယူစီးလိုက်မိတယ်..။ ဒါနဲ့…ကျနော်က

" ညီလေး မင်းခြေထောက်တွေပူမှာပေါ့…နေကပူတယ်ကွ "ဆိုတော့

"ရပါတယ်အကိုရာ.. နေပူတာ.. နေ၀င်းပူတာလောက် မဆိုးသေးပါဘူးတဲ့ "ဒီစကားလေးက ကျနော့်ရင်ထဲ စိမ့်ကနဲဝင်သွားတယ်… နေ၀င်းဆိုတာ အဲဒီအခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဥက္ကဌကြီး နိုင်ငံအကြီးအကဲ ဦးနေ၀င်းကိုပြောတာ… ဒါပေမဲ့ အဲဒီအချိန်မှာ သူကအနားယူသွားပြီး ဦးစိန်လွင် (ဗိုလ်မူးချုပ်စိန်လွင်) ကို ပါတီ ဥက္ကဌ ရာထူးရော၊ ကောင်စီ ဥက္ကဌရာထူးရော လွှဲပေးထားခဲ့ပြီး နောက်ကွယ်ကနေ ကြိုးကိုင်တယ်….။ ဒီလိုနဲ့ လမ်းခွဲတနေရာကို ရောက်တော့ေ စာစောကပြောခဲ့တဲ့ တောင်သူလယ်သမားတွေက..ဆီးစောင့်နေကြတယ်..။ နည်းတဲ့ အင်အားလား တော်တော်များတယ်…။ ကျနော်တို့လည်း တော်တော်လေး ၀မ်းသာကြတယ်…။

တောင်သူ လယ်သမားဦးကြီးတွေက နဲ့ကျနော်တို့ ပွေ့ဖက်နှုတ်ဆက်ပြီး.. သပိတ်စစ်ကြောင်းကို ဆက်ချီတက်လာတော့ ရှေ့ကလွှတ်ထားတဲ့ ကင်းထောက် လူငယ်တွေက အပြေးအလွှား သတင်းတွေ လာပို့ကြတယ်။ ရှေ့မှာ ရဲတွေသေနတ်တွေနဲ့ လမ်းပိတ်ပြီး အဆင်သင့်နေရာယူ စောင့်နေကြပြီတဲ့။ ကျနော်တို့အားလုံး ဘာဆက်လုပ်ကြမလည်း ဆုံးဖြတ်ရတော့မယ်…။ ခေါင်းဆောင်တွေ စုစည်းပြီး ချက်ခြင်း ဆုံးဖြတ်လိုက်တယ်။ ရှေ့ဆက်တက်ဘို့ (ဒီဆုံးဖြတ်ချက်ဟာ မှားတယ်လို့ မဆိုနိုင်ပေမဲ့ မမှန်ခဲ့တာတော့ သေချာပါတယ်)။ အားလုံးက သွေးဆူနေကြတာ မဟုတ်လား..။

တရွေ့ရွေ့နဲ့ သပိတ်တပ်ကြီးက မိုးလုံးညံ ကြွေးကျော်သံတွေနဲ့ ချီတက်လာရာကနေ… မြို့နယ်ကောင်စီရုံးရှေ့မှာ ရဲတွေက လမ်းကို ကန့်လန့်ပိတ်ပြီး သေနတ်တွေနဲ့ ချိန်ထားတယ်…. နောက်မှာလည်း သံဆူးကြိုး အထပ်ထပ်ကာလို့… ရှေ့ဆက်တက်မလာဘို့ကို လော်စပီကာနဲ့ အော်တယ်။ ကျနော်က သပိတ်တပ်ဦးမှာရှိနေတော့.. အလံကိုင်အဖွဲ့ကို ခနရပ်တန့်ကြည့်ဘို့ ပြောလိုက်တယ်။ ဆဲသံဆိုသံ အော်သံတွေနဲ့ ဆူညံနေတော့.. ဟိုဘက်က လော်စပီကာနဲ့ အော်နေတာ.. သဲသဲကွဲကွဲမကြားရဘူး…။ တချက်တချက် ကြားရတာက… အခုပုဒ်မ၁၄၄ထုတ်ထားကြောင်း (ပုဒ်မ၁၄၄ဆိုတာ ည၆နာရီကနေ မနက်၆နာရီ ပြင်ပကို ထွက်ခွင့်မပြု၊ လူငါးဦးထက် ပိုမစုဝေးရဆိုတဲ့ ဥပဒေပါ) နောက်ကြွေးကျော်သံတွေ သံပြိုင်တိုင်တယ်။

ပထမ မိုးပေါ်ထောင်ပစ်တဲ့ သေနတ်သံတွေ ထွက်လာတယ်…။ နောက်တော့ လူအုပ်ကြီးရှိနေတဲ့ အနီးနားက တမာပင်ကိုင်းတွေကို လှမ်းပစ်ပြီး ချောက်လှန့်တယ်…။ လူအုပ်ကြီးဘက်က လည်းပါလာတဲ့ လောက်လေးဂွတွေ.. ဂျင်ကလိတွေနဲ့ ၀ိုင်းပစ်ကြတယ်…။ ဒါပေမဲ့နည်းနည်း အလှမ်းဝေးနေတော့မ ရောက်နိုင်ပါဘူး.. အပေါ်ကသစ်ကိုင်းတွေ.. သေနတ်မှန်ပြီး… တဖျောင်းဖျောင်း ကျလာတာ မနည်းရှောင်လိုက် ရတယ်….။ ရှေ့ဆုံးက အလံကိုင် သပိတ်တပ်ဦးက.. ရှေ့ဆက်တက်ဘို့ ရုန်းထနေတော့.. သေနတ်သံတွေ အဆက်မပြတ် ထွက်လာပြီး ကျည်ဆံတွေ တရွှီရွှီ ပြေးနေတယ်လို့တောင် ထင်ရတယ်…။ အားလုံးက ရုန်းရင်းဆန်ခပ်ဖြစ်နေပြီ..…။ တဘက်ကလည်း အဆက်မပြတ်ပစ်နေပြီ…။ ရုတ်တရက်.. ကျနော့်ဘေးနားမှာ အလံကိုင်နေတဲ့ စောစောက ကျနော်တင်ပြခဲ့တဲ့.. ကျောင်းသား.. သေနတ်မှန်သွားတယ်..။ ရင်အုံလောက်မှာ ဖြစ်မယ်ထင်တယ်…။ သွေးတွေဖျာကနဲ ထွက်လာတာကို တွေ့လိုက်ရတယ်….။ အလံကိုင်ထားရက်က ကတ္တရာလမ်းမပေါ်ကို မှောက်ရက်ကျသွားတယ်.. ဒီမြင်ကွင်းကိုမြင်လိုက်ရပြီး.. ကျနော့်လည်း ပူထူသွားတယ်..။ ဘေးမှာလူထုက ကျနော့်ကို ချက်ခြင်းဝိုင်းလိုက်ပြီး.. လှဲချ.. အပေါ်ကနေ အုပ်ထားတယ်.. ပြီးတော့ သေနတ်သံတွေ ယာယီအစဲလောက်မှာ.. ကျနော့်ကို ဆွဲထူပြီး အပြေးအလွှား ခေါ်သွားတော့တာပဲ…။ ကျည်ကွယ်ရာ ကုန်းကမူ တခုကိုရောက်တော့မှ အပေါ်စီးကနေ လှမ်းကြည့်နေတော့ လမ်းမပေါ်မှာ လဲကျနေတာ.. လေးဦးလောက်ရှိမယ်…။ အလံကိုင်ကျောင်းသား သန်းဇော်ဦးကတော့ ချက်ခြင်း..ကျဆုံး သွားတယ်..။ ရဲတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ရောက်လာပြီး.. သူ့အလောင်းနား ရောက်တော့.. ရဲတယောက်က ဘိနပ်နဲ့ မျက်နှာကို ဆွဲလှန်လိုက်တယ်…။ ကျန်တဲ့သူတွေက.. ကျန်တဲ့အလောင်းတွေ လိုက်ကောက်နေတယ်…။


အဲဒီနေ့က မြင်ကွင်းကိုတော့ ကျနော့်တသက်မှာ ဘယ်တော့မှ မမေ့နိုင်ပါဘူး..။ ကျနော့်ဘ၀မှာ ငိုကြွေးတယ်ဆိုတာ အလွန်မှ ရှားပါးပါတယ်…။ ကျနော်သာမက အားလုံးသော လူထုတော်တော်များများ ၀မ်းနည်းပက်လက် ငိုကြွေးမိကြတယ်..။ တကယ်တော့ ဒီမျက်ရည်တွေဟာ ခံပြင်းနာကျဉ်းလို့ ကျလာတဲ့ မျက်ရည်တွေသာလျှင် ဖြစ်ပါလိမ့်မယ်…။ လူထုရဲ့ စိတ်ဓါတ်၊ ခွန်အားတွေကတော့ မာသထက် မာကျောသွားပြီ..။ ဘယ်လိုနည်းနဲ့ နှစ်သိမ့်မှုကိုမှ လက်မခံ တော့ဘူး…။ ပိုပြီးတော့ စုစည်း ကျစ်လစ်လာကြတယ်…။ သပိတ်အမာခံစခန်းကို အသက်နဲ့လဲ ကာကွယ်ဘို့ ဆုံးဖြတ် ကြတယ်…။ ၁၀ရက်နေ့က လေးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်…။ အဲဒီ့နောက်ပိုင်းမှာတော့.. ချီတက်တန်းစီ ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းထားကြတယ်။

အဲဒီနေ့ညမှာပဲတခါ… သပိတ်စခန်းကို ၀င်စီးဘို့ကြိုးစားခဲ့တဲ့.. ရဲတွေကိုပြည်သူလူထုကြီးက.. မောင်းထုတ်နိုင်ခဲ့တယ်..။ ညဘက်မှာ ထိပ်တိုက်တွေ့ကြတယ်။ သူတို့ရဲတွေက.. သပိတ်စခန်းရှိရာ လမ်းသွယ်ထဲကို ၀င်လိုက်တာနဲ့.. လူထုက သူတို့ကို ၀ိုင်းပတ်ထားလိုက်ပြီ…။ ရဲတွေက နယ်မြေ မကျွမ်းကျင်ဘူး..။ ပြီးတော့အမှောင်ထဲမှာ… လူထုကတားတယ်..။ ရှေ့ဆက်တက်ရင် ခုခံမယ်ဆိုတာပြောတယ်..။ သူတို့ကမရဘူး.. အထက်အမိန့်အရ.. သပိတ်စခန်းကို ၀င်သိမ်းမယ်ဆိုတာပြောတော့…. မမြင်ရတဲ့ အမှောင်ထဲက ထွက်လာလိုက်တဲ့.. သံလုံးထဲပစ်တဲ့ လောက်လေးဂွတွေ၊ ဂျင်ကလိတွေနဲ့ ၀ိုင်းအုံပစ်ကြတာ.. ရဲတွေဒဏ်ရာရပြီး.. ကစင့်ကလျား ထွက်ပြေးကုန်ကြတယ်….သေနတ်နဲ့ တောင် ပြန်မပစ်နိုင်အားဘူး။ အဲဒီ့နောက်ပိုင်းမှာ.. သူတို့သပိတ်စခန်းကို လာမစီးရဲတော့ဘူး….(နောက်ပိုင်းမှသိရတာက. .ဒီကိစ္စတွေအတွက် တိုင်းရဲမှုးကြီးနဲ့ သက်ဆိုင်ရာပါတီ၊ ကောင်စီတွေနဲ့ ပြသနာတက်တယ်၊ တိုင်းရဲမှူးကြီးက ပြောတာ…။ အမုန်းခံရ၊ အနာခံရတော့ ကျုပ်တို့ရဲတွေ… ခင်ဗျားတို့က ပါတာမဟုတ်ဘူး..။ စားပွဲပေါ်ထိုင်ရာမပျက် အမိန့်ပေးနေတယ်… ကျုပ်တို့ မလုပ်နိုင်ဘူးလို့ အာခံတယ်…)။

နောက်ပိုင်းမှာ ကျနော်တို့ဆီက သတင်းမှားတွေ သူတို့ရတယ်….။ ဘာလည်းဆိုတော့.. ကျနော်ကျောင်း သားတွေ လက်ထဲမှာ လက်နက်အချို့ ရောက်နေပြီဆိုတာ သူတို့ကြားမှာ သတင်းကြီးသွားတယ်..။ ဒါ့ကြောင့် ၀င်မစီးရဲတော့တာ လည်းပါတယ်…။ အမှန်က ကျနော်တို့လက်ထဲမှာ လောက်လေးဂွ၊ ဂျင်ကလိ၊ လေးမြှားလို လက်နှက်ကလွဲရင် ကျန်တာဘာမှမရှိဘူး…။ ဖြစ်တာကဒီလိုပါ… ကျနော်တို့အဖွဲ့ထဲက မြင့်ငွေနဲ့၊ ကိုအေးမောင်မောင်ကြည် (ယခုရွှေဝါရောင်တော်လှန်ရေးနဲ့ ထောင်ကျနေသူ)က ညဘက်ရောက်ရင်.. တယောက်တလှည့် လော်စပီကာနဲ့ အော်နေတာ…။ စကားဝှက်တွေလည်းပါတယ်… တခါဘာလုပ်သလည်းဆိုတော့… ကျနော်တို့ကို လူတစုက… ရိုင်ဖယ်ကျည်ဆံတွေ လာပေးတယ်… အတောင့်၄၀လောက်ရှိမယ်ထင်တယ်..။ အဲဒါတော့ရှိတယ်…။ ဒါနဲ့ဘာလုပ်လို့ ရမှာလည်း…။ ဒီတော့…. ဘာလုပ်သလည်း ဆိုတော့.. လေသေနတ် အလက်လေးလက်လောက် ရှာလာတယ်…။ လုပ်တဲ့သူတွေကလည်း ပေါက်ပေါက်ရှာရှာ လုပ်တတ်တယ်ဗျ….။ လေသေနတ် ပြောင်းတံထိပ်မှာ.. စောစောက ရိုင်ဖယ်ကျည်ကို တိတ်စတွေနဲ့ အသာကပ်ထားတယ်…။ ကျည်ဆံဖင်ကို.. လေသေနတ်ကျည်က ရိုက်ထွက်တဲ့ သဘောပေါ့…(လေသေနတ်ကျည်က ကျည်ရိုက်တံလို ဖြစ်သွားတယ်)…။ ညလူခြေခပ်တိတ်တိတ် အချိန်ရောက်ပြီဆို မိုးပေါ်ထောင်ပစ်လိုက်တယ်…။ တကယ့်သေနတ် ပစ်လိုက်တဲ့အတိုင်း ဟိန်းထွက်နေတာ… တလက်ပစ်ပြီးပြီဆို တခါ..တိတ်နဲ့ပြန်ကပ်ပေါ့…။ နောက်တခါ တချက်ပစ်လိုက်…. လော်စပီကာနဲ့ကလည်း အော်သေးတာ…

"ရဲဘော်တို့ ကျည်တွေသိပ်မဖြုန်းပါနဲ့… တတောင့်ကို တယောက်မှန်အောင်ပစ်ပါ "….

(နောက်မှပြန်သိရတာက.. အဲဒီအချိန်မှာ ရဲစခန်း အချုပ်ထဲမှာ ဆန္ဒပြပွဲကြောင့် ဖမ်းထားတာ… အယောက်၃၀ လောက်ရှိတယ်..။ သူတို့က ရဲစခန်းမှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းစုံကို အကုန်တွေ့နေရတယ်…။ ကျနော့်တို့ဆီက သေနတ်သံတွေ ထွက်လာပြီဆို.. နေရာတွေယူ.. အသင့်တွေပြင်.. ပြာယာခပ်နေကြတာတဲ့….)

နောက်..လူထုဟောပြောကနေ.. ကျနော်က ပြင်းပြင်းထန်ထန် တောင်းဆိုချက်တခုကို တောင်းဆိုလိုက်တယ်….။ ဖမ်းထားတဲ့သူတွေကို ချက်ခြင်းလွှတ်ပေးပါ..။ လွှတ်မပေးရင်..။ ရဲစခန်းအပါဝင်… ပါတီကောင်စီရုံးတွေ… သက်ဆိုင်ရာ အာဏာပိုင်တွေ အိမ်တွေကို အကုန်ဝင်စီးမယ်….။ မိရင်မိတဲ့သူ.. အကုန်ရှင်းမယ်ဆို ခပ်တည်တည်ပဲ ကြေငြာလိုက်တယ်….။ ညဘက်ရောက်တော့… ကျနော်တို့ ဆရာတွေဖြစ်တဲ့… ဆရာဦးသိန်းနဲ့… ဦးရဲမြင့်တို့နှစ်ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက အကူညီတောင်းပြီး ကျောင်းသားတွေနဲ့ စေ့စပ်ဆွေးနွေး လိုကြောင်းကို ကမ်းလှမ်းလာတယ်…။ ကျနော်တို့ဆီက လွှတ်လိုက်မယ့် ကိုယ်စားလှယ်ကိုလည်း.. လုံးဝဖမ်းဆီးခြင်း.. အန္တရာယ်ပြုခြင်း မလုပ်မယ့် အကြောင်းကိုလည်း ကတိက၀တ်တွေနဲ့ မှာလိုက်တယ်…။ ကျနော်တို့ဘက်က ကျောင်းသားသမဂ္ဂ.. တွဲဖက် အတွင်းရေးမှူး (မကွေးကောလိပ်ကျောင်းသား ကျော်စွာ) လိုက်သွားတယ်….။ အေးအေးဆေးဆေးပဲ ပြန်ရောက်လာပါတယ်….။ သူတို့ဘက်က ကျနော်တို့ကို အကြမ်းမဖက်ဘို့ ကတိပေးလာတယ်..။ ကျနော်တို့ကလည်း အကြမ်းမဖက်ဘို့ပြောတယ်..။ နောက်ဖမ်းထားတဲ့ သူတွေကို မနက်မှာ ပြန်လွှတ်ပေးမယ် ဆိုပြီးပြောတယ်…။ တွဲဖက် အတွင်းရေးမှူးကလည်း

"အန်ကယ်တို့ဘက်က ကတိတည်ရင်.. ကျနော်တို့ဘက်ကလည်း ကတိတည်ပေးပါ့မယ်..။ ဒါပေမဲ့ စောင့်ကြည့်လေ့လာဦးမယ်..။ သို့သော်သပိတ်လှန်ဘို့ ကိစ္စမျိုးကိုတော့ လုံးဝ..လုံးဝ လက်မခံပါ "ဆိုပြီး ပြောလာခဲ့တယ်….။ ပြောမယ်ဆို အဲဒီနေ့ညက.. အပစ်အခတ် ရပ်စဲထားတယ်ပေါ့….။
တနိုင်ငံလုံးမှာလည်း မြို့နယ်အသီးသီး ရှစ်လေးလုံး သပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေတဲ့ အကြောင်း သတင်းတွေထဲမှာ ကြားနေရပြီ…။ ကျနော်တို့ တိုက်ပွဲအရှိန်ကလည်း မြင့်သထက်မြင့်လာနေတယ်…။ ဒီလိုနဲ့… နောက်နေ့ရောက်တော့ မြို့ထဲ ဈေးနှစ်ဈေးက ဈေးသူဈေးသားတွေက စုပြီးကျောင်းသားသမဂ္ဂ သပိတ်စခန်းကို ရောက်လာကြတယ်…။ သူတို့က.. ဈေးပိတ်ထားရတဲ့အတွက် များစွာ နစ်နာနေတဲ့ အကြောင်း၊ ဈေးကိုပြန်ဖွင့်ခွင့် ရအောင်ကြိုးစားပေးဘို့ အကြောင်းတွေ တင်ပြလာတယ်....။ ကျနော်တို့ ဘာလုပ်နိုင်မှာလည်း… ကျနော်တို့က တော်လှန်ရေးလုပ်နေတာ..။ အာဏာပိုင်တွေလည်း မဟုတ်.. ဒါပေမဲ့.. ဟန်ကိုယ့်ဘို့ ဆိုတဲ့အတိုင်း ကျနော်တို့ ကြိုးစားပေးပါ့မယ် ဆိုပြီးပြောလိုက်ကြတယ်…။ သူတို့ပြန်သွားတော့.. ခေါင်းဆောင်ပိုင်းတွေ စုဝေးပြီး တို့ဘာလုပ်ကြမလည်း.. ဒီကိစ္စဘယ်လိုလုပ်ရပါ့ လည်းပေါ့…. ဒါနဲ့ကျနော်က …

"ငါ့အမြင်ကတော့.. ဖြစ်လာတာမလာတာ ခနထား.. အာဏာပိုင်တွေကို သရော်ချင်တယ်ကွ… သရော်တယ်ဆိုတာလည်း တကယ်တော့ အံတုခြင်းတမျိုးပဲ…။ ဘယ်လိုလည်း ဆိုတော့ကွာ.. ငါတို့က အမိန့်ကြေငြာစာထုတ်မယ်…" ဆိုတော့.. အားလုံးကဟာသ.. သဘောမျိုး.. သရော်တဲ့  သဘောမျိုးထားပြီးချကွာ.. လုပ်မယ်ကွာဆိုပြီး သဘောတူခဲ့ကြတယ်..။ ဒါနဲ့ကျနော်တို့ အမိန့်ကြေငြာစာကို လူထုသိအောင် ကြေငြာလိုက်ကြတယ်….။

အမိန့်ကြေငြာချက်အမှတ် ၁ / ၈၈

နေ့စွဲ---- +++++++++++++

ဒီကနေ့ (+++++++++++) ရက်နေ့မှစပြီး.. ရေနံချောင်းဈေးကြီးအား တရားဝင် ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ ယခုအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်။

ပုံ

ကျောင်းသားသမဂ္ဂ
-----------------------------------------------------------------------------------------

ခပ်တည်တည်ပဲ ကျေငြာလိုက်တယ်…။ တကယ်က.. မဆလ အစိုးရခေတ်မှာ လူတွေလှောင်ပြောင်ကြတာ တခုရှိ တယ်..။ ပုံ-စိန်လွင်ဆိုတာ… တခုခုကို အမိန့်ပေးချင်ပြီဆို… ဥပမာယောကျာင်္းက မိန်းမကို ထမင်းခူးခိုင်းချင်တယ်ဆို…

"မိန်းမငါထမင်းစားမယ်.. ထမင်းခူးလိုက်ပါ… ပုံ..စိန်လွင်…. လူတွေက ဟာသလုပ်ကြတယ်..။ ဘာလို့ ဒီလိုလုပ်ကြတာလည်း ဆိုတော့.. ငွေစက္ကူတွေ သိမ်းလည်း .. ပုံ- စိန်လွင် ဆိုအမိန့်ထုတ်သိမ်း၊ ဟိုဟာအာဏာပြချင်၊ ဒီဟာပါဝါပြချင်လည်း.. ပုံ.စိန်လွင်ဆို အမိန့်ထုတ်နေတော့ လူတွေစိတ်ထဲမှာ နာကျဉ်မှုတွေကို ဖောက်ခွဲဘို့.. ဟာသ လုပ်ပစ်လိုက်ကြတယ်..။ ဒါကိုကျနော်တို့က တန်ပြန်သရော်ဘို့ လုပ်လိုက်တာ.. အကျိုးဆက်က ဘာဖြစ်လာသလည်းဆိုတော့… ကျောင်းသားတွေက ဈေးဖွင့်ခိုင်းလိုက်ပြီ..။ ဖွင့်လို့ရပြီဆို ဈေးကြီးကို စည်စည်ကားကား ပြန်ဖွင့် ရောင်းဝယ် ဖောက်ကားကြတော့တယ်..။ ကျနော်တို့လည်း တော်တော် အံသြကုန်ကြတယ်..။ ဘာတွေဖြစ်ကုန်မှန်းကို မသိတော့ဘူး….။ ဒီလိုနဲ့ ကျနော်တို့ ဆက်အကြံထုတ်တယ်…။ .ဆက်အားစမ်း ကြည့်ဦးမယ်ဆိုပြီး  ဒုတိယအကြိမ်မြောက် အမိန့်ကြေငြာချက် ဆိုတာကို.. ၂/၈၈နဲ့ ထုတ်ပြီး ကျောင်းသားသမဂ္ဂ ပိုင်နက်ဆို နယ်မြေတွေ သတ်မှတ်ပစ်လိုက်တယ်…။ အဲဒီထဲမှာ ဘာပါသလည်းဆိုတော့… ဒီနယ်မြေများအတွင်း သက်ဆိုင်ရာ အာဏာပိုင်များ၊ ရဲများ၊ ယင်းတို့မိသားစုဝင်များ၊ ကူးလူးခြင်း သွားလာခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း နေထိုင်ခြင်းခွင့်မပြု.. တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဆို ကြေငြာလိုက်တယ်…..။

အပိုင်း (၆) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
( မောင်မောင်ဝမ်း )

ဂျာနယ်ထဲမှာပါတယ်.... စာကိုဖျက်တာ ဘယ်သူလဲ......

Posted: 22 Aug 2011 12:39 PM PDT

မော်နီတာဂျာနယ်မှ လျှက်တပြက် ဦးဖျက်ခိုင်ကြောင့် မေမေစုကိုချစ်တယ် စာပျောက်သွားရတဲ့ မြင်ကွင်း

ဒီနေ့ကိုအောင်မျိုးထွန်း ပေးပို့လာတဲ့ မော်နီတာဂျာနယ်  အတွဲ (၁)၊ အမှတ် (၆၆)၊ ၂၀၁၁၊ သြဂုတ်လ၊ (၂၁)ရက်နေ့ထုတ်၊ မော်နီတာသတင်းဂျာနယ်ရဲ့ နောက်ကျောဖုံးမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံပါ အကြောင်းအရာလေးပါ..။

ပြီးခဲ့တဲ့ ၁၄ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်က အနောက်ဘက်မှာ အမျိုးသမီးတဦးမှ မေမေစုကို ချစ်တယ်ဆိုတဲ့ စာရွက်ကို ကိုင်ဆောင်ထားတာ တွေ့မြင်မိကြမှာ ဖြစ်ပါတယ်...။ သို့ပေမယ့်လည်း ...


  အယ်ဒီတာချုပ်ဦးမြတ်ခိုင် ဦးစီးထုတ်ဝေတဲ့ မော်နီတာဂျာနယ်ရဲ့ နောက်ကျောဖုံးက ပုံမှာတော့ မြင်ရတဲ့ အတိုင်း မေမေစုကိုချစ်တယ် ဆိုတဲ့စာတမ်းဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေပြီး အဖျက်ခံထားရတာ တွေ့ရပါတယ်...။ ဒီကိစ္စဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ပါတယ်...။ အကြောင်း (၂)ချက်ကို စဉ်းစားကြည့်ရင် ဒီစာဖျက်တဲ့ လုပ်ရပ်ဟာ တာဝန်ခံအယ်ဒီတာချုပ်လား၊ စာပေစီစစ်ရေးလားဆိုတာပါပဲ...။
အောင်ဆန်းဂျာမွန်းဖွင့်ပွဲ အခမ်းအနား မူရင်းဓာတ်ပုံပါ.. မေမေစုကိုချစ်တယ် မြင်ကွင်း..

ပထမအချက်အနေနဲ့ စာပေစိစစ်ရေးကြောင့်လို့ စွပ်စွဲရအောင်လည်း ယနေ့အချိန်မှာ နိုင်ငံတော် သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ တွေ့ဆုံပွဲကိုတောင် နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတွေမှာ ဖော်ပြခွင့် ပါရှိခွင့်ပေးထားတာပါ...။ နိုင်ငံပိုင်သတင်းစာတွေ ရုပ်မြင်သံကြားတွေမှာတောင် ဖော်ပြပါရှိတဲ့ လူထုခေါင်းဆောင် ဓာတ်ပုံတွေကို စာပေစီစစ်ရေးအနေနဲ့ အထွန့်တက်ပြီး ဒီစာလေးတစ်ခုကို ဖျက်ခိုင်းမယ်တော့ ဟုတ်ဟန်မတူပါ..။ မပြေးသော်လည်း ကန်ရာရှိသလို ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် မေလက အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကာ့တ်ကမ့်ဘဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာမှာ တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖိုတိုရှော့နဲ့ ပြန်လည် ပြင်ဆင်ပြီး ဖြုတ်ချန်ထားခဲ့တာလည်း အယ်ဒီတာချုပ်ကြီးပါပဲ...။
 ပြီးခဲ့တဲ့ ၂၀၁၀ မေလ၁၀ရက်နေ့က နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် လူထုခေါင်းဆောင် အမေစုနှင့် Mr.Kurt Campbell တို့ စိမ်းလဲ့ကန်သာ၌ တွေ့ဆုံစဉ်(မူရင်းပုံ)
လျှက်တပြက်ဂျာနယ် စာစောင်မျက်နှာဖုံးမှာပါတဲ့ ... လူထုခေါင်းဆောင်ပုံ ပျောက်သွားတဲ့
ဦးဖျက်ခိုင်ရဲ့ ရိုက်ချက်...
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မော်နီတာဂျာနယ်မှာ ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်ခွင့်ကို အမှုအနိုင် ရရှိသယောင် ရေးသား ဖော်ပြခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုဖို့ ပြုလုပ်ခဲ့တဲ့ အပေါ် အာဃာတတရားများ ထားလေသလားဆိုတာတော့ ကာယကံရှင် အသိဆုံးဖြစ်ပါလိမ့်မယ်...။ ချစ်တဲ့သူကို ချစ်တယ်လို့ ရေးထားတာ အပြစ်ရှိလား၊ နိုင်ငံတော်သစ္စာဖောက်မှုကြီးလား၊ ပုန်ကန်မှုကြီးလား။ ဒီစာဖျက်လိုက်ရတဲ့ အတွက် အယ်ဒီတာချုပ်ကြီး ဂုဏ်တွေတက်သွားမယ်..၊ စောင်ရေတွေများများ ရောင်းရမယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ။

မလုပ်ကောင်း မလုပ်သင့်တဲ့ အရာတွေပါ....။ သမိုင်းဆိုတာ အမြဲစီးဆင်းနေတာပါ...  အယ်ဒီတာချုပ်ကြီး ရုံးခန်းမှာ ရေးထားတဲ့ သေရင်ပြီးပြီ စာသားလို သေရင်လည်း မပြီးသေးပါဘူး..။ မသေခင်လည်း ပြီးမှာ မဟုတ်သေးပါဘူး။  ကိုယ့်သမိုင်း ကိုယ်ရေးနေတာပါ...။ ဓာတ်ပုံဖြုတ်၊ စာသားဖျက်တာလောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကချစ်တာ လျော့မသွားသလို အယ်ဒီတာချုပ်ကြီးကိုလည်း ပရိသတ်က ပိုချစ်လာမှာ မဟုတ်ပါဘူး...။ မုန်းဘို့ဆိုတာကတော့ သေချာသလောက်ပါပဲ..။ နောက်ဆုံးအနေနဲ့ အယ်ဒီတာချုပ်ကြီးလို နိုင်ငံသိ ပုဂ္ဂိုလ်တယောက် အနေနဲ့ ယခုလို ကလေးကလားဆန်တဲ့ လက်သရမ်းတဲ့ လုပ်ရပ်များအား ရပ်တန်းက ရပ်ပေးပါလို့ ယဉ်ကျေးစွာ တောင်းဆိုလိုက်ပါတယ်...။

ဒီမိုဝေယံ

အမေ့အားမာန် ပညာဒါနကျောင်း(ဒလမြို့ )နှင့် အမေ့အလင်းရောင် ပညာဒါနကျောင်း... (ကော့မှူးမြို့) သတင်း၊ ဓာတ်ပုံမှတ်တမ်း..

Posted: 22 Aug 2011 08:35 AM PDT

အမေ့အားမာန် ပညာဒါနကျောင်း( ဒလမြို့ )
သူငယ်ချင်းတို့ ရေ..

မနေ့ က( ၂၁.၈.၁၁ ) မှာ အမေ့စုရဲ့ စေတနာ မုန့်အလှူအတွက် ဒလမြို့ နယ်မှာ ဖွင့်ထားတဲ့ အမေ့အားမာန် ပညာဒါနကျောင်းကို အဖွဲ့ချုပ်တာဝန်ရှိလူကြီးများနဲ့ လူငယ်တွေသွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အားမာန် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၃၀)ကို စေတနာဆရာ (၆)ယောက်က ချို့ချို့တဲ့တဲ့ ပညာသင်ကြား ပေးလျှက်ရှိပါတယ်။ အဖွဲ့ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံလျှက်ရှိပြီး အလှူရှင်များ မှလည်း ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )
သတင်း၊ ဓာတ်ပုံများ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...
အမေ့အလင်းရောင် ပညာဒါနကျောင်း (ကော့မှူးမြို့ )

သူငယ်ချင်းတို့ ရေ..

မနေ့က(၂၁.၈.၁၁) မှာပဲ အမေ့စု ရဲ့ စေတနာမုန့် အလှူအတွက် ဒလမြို့ နယ်ပြီးတော့ ကော့မှူးမြို့နယ်မှာ ဖွင့်ထားတဲ့ အမေ့အလင်းရောင် ပညာဒါနကျောင်းကို အဖွဲ့ချုပ် တာဝန်ရှိလူကြီးများနဲ့ လူငယ်များ ဆက်လက်သွားရောက် ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အလင်းရောင် ပညာဒါနကျောင်းလေးမှာ ကလေးငယ် အယောက် (၁၆၉)ဦးကို စေတနာဆရာ (၁၂) က ချို့ချို့တဲ့တဲ့ ပညာသင်ကြားပေးလျှက် ရှိပါတယ်။ ရန်ကုန်မှဆရာ(၈)ဦး၊ တွံတေးမှဆရာ(၃)၊ ကော့မှူးမှ ဆရာ(၁)တို့ ပညာဒါနပြုနေကြပါတယ်။

ရန်ကုန်အဖွဲ့ချုပ်မှ လူငယ်ဆရာများကတော့ အချိန်ပြည့်နေပြီး ဦးဆောင်သင်ကြားပေးနေပါတယ်။

စာသင်ချိန်များကတော့ ( တနင်္လာ မှ သောကြာ )
မနက်( ၆း၃၀ ) မှ ( ၈း၃၀ ) ထိ သူငယ်တန်း မှ ဒုတိယတန်း
ညနေ( ၃း၃၀ ) မှ ( ၆း၃၀ ) ထိ တတိယတန်း မှ စတုတ္ထတန်း
ညနေ( ၆း၃၀ ) မှ ( ၉း၃၀ ) ထိ ပဉ္စမတန်း မှ အဋ္ဌမတန်း
(စနေ + တနင်္ဂနွေ) တစ်နေလုံး အတန်စုံ သင်ကြားပေးနေပါသည်။

အဖွဲ့ချုပ်မှလည်း တတ်နိုင်သမျှ ထောက်ပံလျှက်ရှိပြီး အလှူရှင်များမှလည်း ပူပေါင်းပါဝင် ပညာဒါန ဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကော်မတီသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀ )

You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment