Monday, 29 August 2011



ကုလသမဂ္ဂသို့ ဒီပဲယင်းအရေး တင်ပြခြင်းသည် လက်စားချေလိုခြင်းကြောင့်မဟုတ်ဟုဆို

Posted: 27 Aug 2011 06:40 PM PDT


၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာသည့် ယာဉ်တန်း အကြမ်းဖက် တိုက်ခိုက် ခံရမှုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက်ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သည့် ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာ သည် NLD အနေဖြင့် လက်စားချေလိုသည့် စိတ်ဆန္ဒဖြင့် ပေးပို့ခြင်းမဟုတ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဆိုသည်။

အဆိုပါ စာတမ်းကို NLD ပါတီ၏ ဥပဒေအကြံပေးအဖွဲ့က လေ့လာစုံစမ်းရေးသားထားခြင်း ဖြစ်ပြီး ယင်းစာတမ်းတွင် ဒီပဲယင်း အကြမ်းဖက် မှုကြောင့် ပါတီဝင်များသေဆုံးမှု၊လက်ရှိ NLD ၏ရပ်တည်ခွင့်နှင့် ဖြတ်သန်းခဲ့ရသည့် မှတ်တမ်းများ ပါဝင်ကြောင်း သိရသည်။

"ဒါက သမိုင်းပါ၊ ဥပဒေကြောင်းအရ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့အတွက် လုပ်ဆောင်ရတာပါ"ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အစိုးရအဖွဲ့တို့ သုံးကြိမ်တွေ့ဆုံပြီး ကောင်းမွန်သော အခြေအနေများ ရရှိနေသော အချိန်တွင် NLD အနေဖြင့် ယင်းအစီရင်ခံစာ တင်သွင်းမည်မှာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသူ အသိုင်းအဝိုင်းက သုံးသပ် သည်။

"ဒေါ်စုက အမုန်းတရား မရှိပါဘူးလို့ ပြောနေတာရယ်၊ သူ့အကျိုး၊ ပါတီအကျိုးထက် ပြည်သူအကျိုးကိုသာ အလေးထားပါမယ်လို့ ပြောထားတဲ့ အတွက် ဒီအစီရင်ခံစာကို တင်သွင်းမယ်ဆိုရင်တောင် သူမှာအစိုးရနဲ့ တစ်ခုခု Agree ဖြစ်ပြီးလို့ လုပ်တာလို့ ယူဆတယ်"ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင် အခြေစိုက် မြန်မာပညာရှင်တစ်ဦးက သုံးသပ်သည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နယ်လှည့် မော်တော်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သူများ၏ တိုက်ခိုက်မှုကြောင့် ပါတီဝင်များ သေဆုံးခဲ့ပြီး အချို့မှာ ဆူပူအောင်လှုံဆော်မှုဖြင့် အကျဉ်းချခြင်း ခံခဲ့ရသည်။

မြန်မာပြည်သို့ ၅ ရက်ကြာ လာရောက်နေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စတာ ကွင်တားနားကိုလည်း ကုလသမဂ္ဂသို့ တင်သွင်းမည့် အစီရင်ခံစာပေးလိုက်ပြီး၊ မစ္စတာ ကွင်တားနားက ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦး စေလွှတ်ပေးမည် ဖြစ်ကြောင်း ဂတိပြုသွားခဲ့သည်။

YC(KS)


ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊ (မျိုးမြင့်ချို)

Posted: 27 Aug 2011 06:30 PM PDT


ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊၂ဝ၁၁ ဧပြီလ၂ ရက် နှင့် ၃ ရက်နေ့များတွင် ယူအက်စ်ကမ်ပိန်းဖေါ်ဘားမား (USCB) ၏ နိုင်ငံလုံးဆိုင်ရာစည်းရုံးရေးအစည်းအဝေး (2011, National Organization Meeting- USCB)ကို ဝေါ်ရှင်တန်ဒီစီတွင် ကျင်းပခဲ့၏။ ထိုအစည်းအဝေးတက်ရောက်ရန် ဖိတ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏။ ဝေါ်ရှင်တန်ဒီစီသို့ တတိယအကြိမ် ရောက်ခြင်းဖြစ်၏။ (USCB) မှ အစစအရာရာ စီစဉ်ဆောင်ရွက်ပေး၏။ ကျေးဇူးတင်ရသလို အားလည်းနာမိ၏။

အစီအစဉ်များက ၈ နာရီခွဲမှ ၉ နာရီ ၁၅ မိနစ်အထိ တက်ရောက်လာသူများမှတ်ပုံတင်ခြင်းနှင့် မနက်စာ ဧည့်ခံခြင်း။ ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃ဝ အထိ USCB Board of Directors များ၏ တွဲဘက်ဥက္ကဋ္ဌက အဖွင့်စကားပြော၏။ ၉ နာရီ ၃၅ မိနစ်မှ ၄ဝ အထိ ဒေါ်အောင်ဆန်းစုကြည်မှပေးပို့သည့် ဗီဒီယို အမှာ စကားကိုပြပေး၏။ ၉ နာရီ ၄ဝ မှ ၅ဝ အထိ မူဝါဒရေးရာညွှန်ကြားရေးမှူး ကိုအောင်ဒင်က အမှာ စကားပြော၏။

၉ နာရီ ၅ဝ မှ ၁၁ နာရီ ၅ မိနစ်အထိ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ (Situation on The Ground) ခေါင်းစဉ်အောက်မှ ဗမာပြည်တွင်လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများအကြောင်း (Panel Discussion) ဖြစ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် USCB မှ Patrick Cook-Deegan ကဆောင်ရွက်ပြီး Panelists များအဖြစ် USCB မှ မိုင်ရာဒါဖေါ၊ ဒေါက်တာ ပါဗင်န်းပါမာ Dr. Parveen Parmar(Associate Director of Brigham and Women's Hospital, International Emergency Medicine Fellowship and Physicians for Human Rights)၊ ဒေါက်တာသောင်းထွန်း (The Burma Fund-UN Office) နှင့်ကျနော် (Myo Myint, Former Burmese Soldier, NLD Member and Former Plitical Prisoner) တို့က ထိုင်ပေးရ၏။

၁၁ နာရီ ၁ဝ မိနစ်မှ ၂၅ မိနစ်အထိ အမေရိကန်အစိုးရ၏ နိုင်ငံတကာမူဝါဒနှင့် ဗမာပြည်အပေါ် အရေးယူဆောင်ရွက်ချက် (International Policy and Action on Burma) ခေါင်းစဉ်ဖြင့် နောက်ထပ် Panel Discussion တခုလုပ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် (USCB) မှ Jennifer Quigley ကဆောင်ရွက်ပြီး ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း(Joseph Yun, Deputy Assitant Secretary of State-Bureau ofr East Asia and Pacific) နှင့် သမ္မဘုရှ်လက်ထက် အမျိုးသားလုံခြုံရေး ကောင်စီဝင်နှင့် ဂျော့ခ်ျတောင်းတက္ကသိုလ်တွဲဘက်ပါမောက္ခ ဒေါက်တာမိုက်ဂရင်း(Dr. Mike Green,Former Senior Director for Asia at National Security Council,Associate Professor at Gorgetown University and Senior Advisor and Japan Chair,CSIS) နှင့် ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံချက်ညွှန်မှူး မစ္စ ဒေါ့က်ဟီ ဖက်စီဟီရန် (Ms. Dokhi Fassihian, Executive Director, The Democracy Coalition Project) တို့က Panel ထိုင်ကြ၏။

နေ့လည် ၁ နာရီ ၃၅ မိနစ်ကနေ ၁ နာရီ ၅ဝ အထိက Burma Soldier documentary film ဗီဒီယိုကားတိုလေး ၂ ခုကိုပြခဲ့၏။

Burma Soldier video clips လေးတွေပြပြီးတော့ ကျနော် ၁၅ မိနစ်ခန့်စကားပြောခွင့်ရခဲ့၏။ ဗမာစစ် အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်နေမှုအကြောင်း၊ ဗမာ့တပ်မတော်မှလူမျိုးစုဒေသများတွင် နိုင့်ထက်စီးနင်းလုပ်ဆောင်နေမှုများအကြောင်း၊ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအခြေအနေနှင့် ထောင်တွင်းအခြေအနေများ၊ စစ်ကြောရေးစခန်းနှင့် ထောင်တွင်းနှိပ်စက်ညှဉ်းပမ်းမှုများအကြောင်း ခပ်တိုတိုချုပ်ပြီးတင်ပြခဲ့၏။ ထို့နောက် တက်လာသူများက မေးသည့်မေးခွန်းများအား ပြန်လှန်ဖြေကြားပြီး ဗမာပြည်ဒီမိုကရေစီရေးအတွက် တိုးတက်ပြောင်းလဲလာစေရန် လုပ်ဆောင်နိုင်မည့်အခြေအနေများ အခွင့်အလမ်းများကိုလည်း ဆွေးနွေးပြောဆိုဖြစ်ခဲ့၏။ တက်လာသူတိုင်း၏ တလှိုက်တလှဲ စိတ်ဝင်တစားရှိမှုကြောင့်လည်း အားတက်မိသလို လာရကျိုးတက်ရကျိုးနပ်သည့် အစည်းအဝေးဟုမြင်၏။

၎ ရက်နေ့ရောက်တော့ နေထိုင်ရာပြည်နယ်ရဲ့ ကွန်ဂရက်စ်လွှတ်တော်အမတ်များနှင့်တွေ့ပြီး ဗမာပြည် အရေးဆွေးနွေး တင်ပြနိုင်ရန် စီစဉ်ပေး၏။ (Dirksen Senate Office Building) တွင် အမေရိကန်ပြည်ထောင်စုတခုလုံးက ဆီနိတ်တာတွေရုံးထိုင်ကြရ၏။ ကျနော် အင်ဒီယားနားပြည်နယ် ဆီနိတ်တာရုံးသို့သွားကာ ဗမာပြည်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ချမှတ်လုပ်ကိုင် ဆောင်ရွက်နေသည့် ပေါ်လစီဆိုင်ရာကိစ္စများအား သူနှင့်ဆွေးနွေးဖြစ်ခဲ့၏။ သူက သိချင်သည်များ မေးမြန်းသလို ကျနော်ကသူသိလိုမည် ထင်သည့်ကိစ္စများအား ဆွေးနွေးဖြစ်၏။ ၄၅ မိနစ်ခန့်ကြာမည်ထင်၏။ ဗမာပြည်တွင် လူ့အခွင့်အရေးအခြေအနေ တစုံတရာတိုးတက်ပြောင်းလဲမှုမရှိမချင်း စစ်ဗိုလ် များနှင့်ယင်းတို့၏အဝန်းအဝိုင်းများအပေါ် အမေရိကန်ပြည်ထောင်စုကချမှတ်ထားသည့် ပစ်မှတ်ထား စီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိ ရေးကို ထောက်ခံကြောင်းဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းခြက်မရှိနှင့်အမြန်ဆုံးလွှတ်ပေးရေး၊ လွတ်လာပြီးနောက်တွင် ဗမာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်၏ အဆင့်တိုင်းတွင် ယင်းတို့အား အကန့်အသတ်အချုပ်အချယ်မရှိ ပါဝင်ခွင့်ရရေးအတွက် အမေရိကန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပေးရေးကိစ္စများကို ဆွေးနွေးတင်ပြခဲ့၏။


ထိုခရီးစဉ်တွင် အထူးသဖြင့်ကိုအောင်ဒင်၏ လှိုက်လှဲပျူငှာမှုကိုကြည်နူးရ၏။ သူနှင့်ကျနော်က ၁၉၉ဝ ပြည့်နှစ်များက အင်းစိန်ထောင် တွင်အတူရှိခဲ့ဖူးသူများ။ ၁ဝ (က) ပုဒ်မနှင့်ထိန်းသိမ်းခံကာလအတွင်း (၁)တိုက်တွင် အတူရှိခဲ့ကြ၏။ သူတို့အခန်းမှာ သူရယ်၊ သဲကုန်း ကိုအောင်သန်းရယ်၊ ဒေါတ်တာမောင်မောင်ကျော်ရယ်၊ ဗိုလ်ဝေနိုင်(ဦးတင်မြင့်ဟုထင်သည်)ရယ်၊ နတ္တလင်းက ဖြိုးဝေဝင်းရယ် အတူနေသည် ဟုမှတ်မိနေ၏။ သူနှင့်ကျနော့ကြားမှာ အမှတ်ရစရာ မှတ်မှတ်ရရကိစ္စလေးတခုရှိခဲ့ကြ၏။ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာနှိပ်စက်ကလူပြုလွန်းသည့် ထောင်မှူးမောင်ပြုံး၊ ချစ်မောင်တို့အား ကျနော်တို့အပြုတ်တိုက်စဉ်ကဖြစ်၏။ ကျနော်နှင့်ကိုနေမင်း(ရှေ့နေကိုဝင်းရွှေ) တို့ အခြားသူများနှင့်တိုင်ပင်ပြီး သူ့အရိုးနှင့်သူ့ပြန်ထိုးအစီအမံအတွက် လျှို့ဝှက်လုပ်နေရသည့်အချိန်။ ကျနော့်နှင့်ကိုနေမင်းအတွက် ထောင်တွင်း အန္တရာယ်အလွန်ကြီးနေသည့်အချိန်။ ကိစ္စမပြတ်ခင်လက်သည်ပေါ်သွားပါက အချိန်မရွေးထုတ်ရိုက်၊ ပြစ်ဒဏ်တိုက်ရောက်သွားနိုင်သည့် အနေအထား။ အရာရာသတိကြီးကြီးထားနေရစဉ်။ အထူးလျှို့ဝှက်လုပ်ကိုင်နေရသည့်ကာလ။ ကျနော့်အခန်းဖေါ်တယောက်က တိုက်ပွဲ၏ အလားအလာကောင်းမှုအပေါ် အားရစိတ်ဖြင့်ထောင်ဝါဒါတယောက်အား ဝင့်ဝါမိလိုက်၏။ ကျနော်လက်သည်ဖြစ်ကြောင်း ထောင်မှူးများ ဘက်က ဖေါ်ထုတ်ရနိုင်သည်မို့ ကျနော်အစိုးရိမ်ပိုရ၏။ သူ့ကိုလည်းမပြောသာသဖြင့် ကိုအောင်ဒင့်အား တိုးတိုးတိတ်တိတ်ပြောပြီး အကူ အညီတောင်းမိ၏။ နောက်တနေ့ရေချိုးဆင်းချိန်တွင် ကိုအောင်ဒင်ကျနော်တို့အခန်းရှေ့လာပြီး ကျနော့်အခန်းဖေါ်အား ထိုသို့မဆိုရန် ယဉ် ကျေးသိမ်မွေ့စွာ တားမြစ်ပေး၏။ ကျနော့်အခန်းဖေါ်လည်း နှုတ်ထိမ်းသွား၏။ ကျနော် သူ့ကို ထိုကိစ္စအတွက် ကျေးဇူးတင်သလို အမှတ်လည်း ရနေဆဲဖြစ်၏။

နောက် သူရောကျနော်ပါ ထောင်ကျသွားပြီးနောက် သူက (၅)တိုက်။ ကျနော်က (၄)တိုက်ရောက်သွားကြ၏။ ရေချိုးဆင်းချိန် တယောက်ကိုတယောက် လက်ပြနှုတ်ဆက်ရုံမှတပါး စကားပြောဆိုရန်အခွင့်မသာခဲ့ကြ။ နောက်တော့ စက်တင်ဘာ ၂၅ အပြီးမှာ ကျနော် တောင်ငူထောင်ရောက်သွား၏။ သူနှင့်မတွေ့ရတော့။ နောက် ကျနော်ထောင်ကလွတ်လာပြီး မဲဆောက်ရောက်တော့ သူအမေရိကားကနေ ထိုင်းကိုဆင်းလာတုန်း အေအေပီပီတွင်ဆုံမိပြန်၏။ တခါ ပြန်ကွဲသွားပြန်၏။ နောက် ကျနော် အမေရိကားရောက်လာပြီး ရှစ်လေးလုံး အနှစ်၂ဝ အခမ်းအနားကို နူးယော့ခ်မှာသွားတက်တော့ ခနပြန်ဆုံ၏။ သူ့လိပ်စာကဒ်ပေးပြီး ဆက်သွယ်ဖို့ဆို၏။ ကျနော်လည်း တခါတရံကိစ္စရှိသည်မှ အပ ဖုန်းမဆက်ဖြစ်။ အခုတခေါက်ပြန်ဆုံတော့ ဝေါ်ရှင်တန်ဒီစီမှာ။ သူက (USCB) ၏ မူဝါဒရေးရာညွှန်ကြားရေးမှူး(Policy Director)။ ကျနော်က အဖိတ်ခံဧည့်သည်နှင့် Panelist ဖြစ်နေ၏။ စကားတော့ သိတ်များများမပြောဖြစ်ခဲ့ကြ။ အချိန်လည်းမရ။ သူလည်း အလုပ်တွေနှင့် ပိနေပုံပေါ်၏။ လူလည်း အတန်ငယ်နွမ်းနယ်နေသယောင်ထင်၏။ သို့သော်သူသည် သူယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့၏။ လုပ်နေ၏။ လုပ်နေဦးမည့်သူဖြစ်မည်ဟု ကျနော်ယုံ၏။

မျိုးမြင့်ချို


The Ladyရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်သောMichelle Yeoh၏ပုံတူပန်းချီကားအားလော့စ်အိန်ဂျလေ့စ်မြို့မှပန်းချီအနုပညာရှင် (Shepard Fairey)မှထပ်မံရေးဆွဲ

Posted: 27 Aug 2011 09:27 AM PDT

The Battle of Algiers Criterion cover Diabolique Criterion cover

ယခင်ရေးဆွဲခဲ့သော ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီကားတွင် အနီရောင်အလင်းတန်းများ၏ ထိပ်တွင်သူမ၏အသဲနှလုံး အထက်၌ ဂျိုးငှက်တစ်ကောင်ဖြင့် သရုပ်ဖေါ်ထားပြီး "Freedom to Lead" စာသားကို ထည့်သွင်းထားပါသည်။ ပန်းချီဆရာ ဖိုင်ရီ(Shepard Fairey)ပြောသည်မှာ " သူမရဲ့ နေအိမ်အကျယ်ချုပ် အကျဉ်းခံနေရမှုကို အမှတ်ရစေဖို့နဲ့ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်ထားမှုတွေကို ပေါ်လွင်စေဖို့ ဒီပန်းချီကားကို ဖန်တီးခဲ့တာပါ" လို့ပြောကြား ခဲ့ပါသည်။


NLD ကိုဘောင်ခတ်နေပြီ

Posted: 27 Aug 2011 09:11 AM PDT



" ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများ၌ ပါဝင်မှုသည် သူတဦးတည်း ပါဝင်ရန် မဟုတ်ဘဲ သူ၏တရားဝင် နိုင်ငံရေးပါတီပါ ပါဝင်နေမည်ဖြစ်ကြောင်း"

"ဥပဒေနှင့်အညီ ပါတီတည်ထောင်ခွင့် လျှောက်ထားနိုင်ပါကြောင်း ပြောဆိုကာ ရွေးကောက်ပွဲ ကျင်းပရန် လစ်လပ်နေသော လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၄၈ နေရာ ရှိသည်ဟုဆိုသည်။"

" ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ပါတီနှင့် နိုင်ငံတော် အစိုးရတို့သည် အပြန်အလှန် ကူညီသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် (Reciprocal Basis) ဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါကြောင်း"

2008 ခုနှစ် ဖွဲ.စည်းပုံအခြေခံ ဥပဒေကို လက်မခံနိုင်သည့်အတွက် ရွှေဂုံတိုင် စာတမ်းကို ဆက်လက် ဆွဲကိုင်ထားဆဲဆိုတဲ့ NLD ကို မှတ်ပုံတင်ဖို့ အတင်းတိုက်တွန်းနေတဲ့ စကားတွေပါ။ အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနားနှင့် တွေ.ဆုံစဉ်က ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ၂ ကြိမ်တွေ.ဆုံခြင်းတွေ အပေါ်မှာ သုံးသတ်ပြောဆိုခဲ့တဲ့ စကားတွေပါ။

ကြံ.ဖွံ.အစိုးကတော့ NLD ကိုဘောင်ခတ်နေပါပြီ။ လုပ်ပိုင်ခွင့်တွေနည်းအောင်လုပ်နေပါပြီ။ ဒေါ်စုရဲ့ အခန်းကဏ္ဍကို လျှော့ချ၊ နိုင်ငံတကာနဲ့ ဒေါ်စုရဲ့ကြား အဟန့်အတား ဖြစ်အောင်ကြံစည်နေပါပြီ။ နုတ်ပိတ်ဖို့ ကြီုးစားခြင်းသက်သက်မျှသာ။

မှတ်ပုံမတင်ရင်

...................

NLD မှတ်ပုံမတင်ဘူးဆိုရင် ကြံ.ဖွံ. အစိုးရအနေနဲ့ ထောက်ကွက် ဖြစ်လာပါလိမ့်မယ်။ သူတို့ အနေနဲ့ သဘောထားကြီးကြီး စိတ်ရှည်စွာနဲ့ NLD ကို မှတ်ပုံဖို့ ပြောပေမဲ့ NLD အနေနဲ့ မှတ်ပုံမတင်ဘူး။ ဒါကြောင့် သူတို့ NLD ရဲ့ လှုပ်ရှားမှုတွေကို အရေးယူတာတွေ ၊ တားမြစ်တာတွေ ရှိလာနိုင်ပါတယ်။ နောက်ဆုံး အကြောင်းပြချက်မျိုးစုံနဲ့ ထောင်ထဲ ပြန်ထဲ့နိုင်ပါတယ်။ NLD ကို မှတ်ပုံတင်ဖို့ အမြဲပဲ တိုက်တွန်းနေတာတွေ.နေရပါတယ်။ ဒါကြံ.ဖွံ. အစိုးရအနေနဲ့ NLD ကို တရားမ၀င် အဖွဲ.အစည်း အဖြစ် ထောက်ပြနေခြင်းသက်သက်ပါ။ NLD ဟာ တရားဝင် အဖွဲ.အစည်း မဟုတ်ကြောင်း ခြိမ်းခြောက် နေခြင်းသက်သက်သာဖြစ်ပါတယ်။ တရားမ၀င် အသင်းဖွဲ.စည်းခြင်း နှင့် တရားမ၀င် အသင်းအဖွဲ.နှင့် ဆက်သွယ် ပတ်သက်ခြင်း ဥပဒေကို တချိန်မှာ အသုံးချ ဖမ်းဆီးနိုင်ရန် ကြိုတင် ပြင်ဆင်မှုများလို့ ယူဆရပါတယ်။

မှတ်ပုံတင်ရင်


...................

မှတ်ပုံတင်ရင်တော့ သူတို့ အိပ်ထဲက ဖား ဖြစ်သွားပါပြီ။ ချက်စားလိုကစား၊ ကင်စားလိုကစား၊ NLD ကကြံ.ဖွတ် အစိုးရ ထားရာနေ စေရာသွား ရတော့မှာပါ။ တရားဝင်ပါတီဖြစ်လာတဲ့ အတွက် သူတို့ ရဲ့ လက်အောက်မှာ လှုပ်ရှားရတော့မှာ ဖြစ်လို့ အရင်လို အလွတ်ပြောဆိုတာတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံတာတွေ အစိုးရခွင့်ပြုချက် မရဘဲ မလုပ်နိုင်တော့ပါဘူး။ အနိုင်ရ အမတ်တွေ လောက်သာ အချို.ကိစ္စတွေမှာ ပြောရေးဆိုခွင့် ရှိလာမှာ ဖြစ်ပြီး အမတ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသော ၊ ရွှေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော ၊ ရွေးကောက်ပွဲ အနိုင်မရသော သူများမှာ မီဒီယာမှာ ပြောခဲ့ရင် အဖမ်းခံရပါမယ်။ ပါတီကို ကန့်သတ်လိုက်တဲ့ သဘောပါ။ တရားဝင် အစိုးရ နိုင်ငံရေးပါတီ ဖြစ်တဲ့ အတွက် အမတ် မဟုတ်သူအများစုက ပါးစပ်တွေ ပိတ်ထားဖို့သာရှိပါတယ်။ လွတ်တော် အမတ်ဖြစ်လာသူကလည်း ၊လွတ်တော် မှာ အရေးတယူ ပြောဆိုနိုင်လောက်အောင်ထိ တိုးပေါက်မှာ မဟုတ်ပါဘူး။ ပါလီမန်တက် ၊ သူတို့ပြောတာနားထောင်ပြီး ပြန်ရုံပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံခေါင်းဆောင်ဆိုသော အနေအထားမှ လွှတ်တော်အမတ်ဆိုသော အနေအထားကို လျှော့ချပြီး ချိုးနှိမ်ဖို့ သက်သက် ဖြစ်ပါတယ်။ သေချာတာကတော့ နိုင်ငံတကာနဲ့ အဆက်ဖြတ်ပြစ်လိုက်တာပါ။ ပီးရင် သူ့ရဲ့ ၀ါဒတွေ ရိုက်သွင်းပါလိမ့်မယ်။ နိုင်ငံတကာမှလည်း သူတို့ရဲ့ လွှတ်တော် အမတ်ကို တွေ.ဖို့ အရေး သူတို့ ခွင့်ပြုချက်ရယူဖို့လိုပါလိမ့်မယ်။ (ပိုဂ္ဂိုလ်ရေးတွေ.ဆုံမှုမျိုးမဟုတ်ပဲ ၊ နိုင်ငံဖွင့်ဖြိုးတိုးတက်ရေး အတွက်ဆိုရင် ၊ သက်ဆိုင်ရာ ၀န်ကြီးများ ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ သံတမန်နည်းလမ်းများအရ တွေ.ဆုံရပါမယ်။)


မှတ်ပုံတင်သည်ဖြစ်စေ၊မှတ်ပုံမတင်သည် ဖြစ်စေ NLD ကို ဘောင်ခတ်နေတာတော့ သေချာနေပါပြီ။

ရဲသူရိန်မင်း


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment