Friday 4 October 2013



၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာ
Created on Monday, 30 September 2013 03:25
AddThis Social Bookmark Button
၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမည် ဆိုသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီများ တရားမ၀င် ၀င်ရောက်မှု ပိုမိုများပြားလာကြောင်း ရခိုင်တိုင်းရင်းသား ဒေသခံများက ပြောကြားသည်။
စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) တွင် ပြုလုပ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ခြံစည်းရိုးများ ကာရံထားသော်လည်း လုံခြုံမှု အပြည့်အ၀ မရခြင်း၊ ချောင်းများအတွင်း လှေများခိုးဝင် ခိုးထွက် များပြားနေခြင်းတို့ကြောင့် ဘင်္ဂါလီများ ခိုးဝင်မှုများ ရှိနေသေးကြောင်းလည်း ရခိုင်တိုင်းရင်းသားများက ဆိုသည်။
"နဂါးမင်း စီမံချက်တုန်းက အကုန်လုံး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားကြပေမယ့် အခုအခါမှာတော့ သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ကြားတဲ့အတွက် လူတွေဟာ တစိမ့်စိမ့်နဲ့ ရေစိမ့်သလို စိမ့်ဝင်လာနေတယ်" ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။
၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင် တိုင်းရင်းသားအဖြစ် မပါဝင်ဘဲ ၎င်းတို့သည် တိုင်းရင်းသားဖြစ်ကြောင်း ပြောဆိုနေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ကြောင်းနှင့် ၁၉၈၂ ခုနှစ် ဥပဒေကို အကြွင်းမဲ့ ထောက်ခံကြောင်း ရခိုင်တိုင်းရင်းသားများက ပြောကြားသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဥပဒေအားလုံးရဲ့ အချုပ်ပါ။ White Card ဆိုတာကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှာကြည့်ပါတယ်။ လုံးဝမတွေ့ပါဘူး။ ၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း ဒီ White Card ဆိုတာဟာ လုံးဝမပါရှိပါဘူး။ အဲဒါကြောင့် White Card ဆိုတာကို တင်ပြနေတာဟာ ဥပဒေမဲ့ တင်ပြနေခြင်းသာဖြစ်ကြောင်း ကျွန်တော်တင်ပြ လိုပါတယ်" ဟု ဦးဘိုမင်းဖြူက ဆက်လက်ပြောကြားသည်။
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို အလေးထား ကောက်ခံသင့်ကြောင်းလည်း ရခိုင်တိုင်းရင်းသားများက တိုက်တွန်းပြောဆိုခဲ့ကြသည်။
Home News ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

Monday, September 30, 2013


ရခိုင်တိုင်းရင်းသားများ မကာကွယ်ပါက မြန်မာမြေပုံ ယခုအတိုင်း မရှိနိုင်ဟု သူရဦးရွှေမန်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၉

ထူးခြားသည့် ပထဝီ အနေအထားအရ ရခိုင်ပြည်နယ်တွင် နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ရခိုင်တိုင်းရင်းသားများ ခက်ခက်ခဲခဲ ကာကွယ်နေရပြီး ရခိုင်တိုင်းရင်းသားများ သာ မကာကွယ်ခဲ့ပါက မြန်မာနိုင်ငံ မြေပုံသည် ယခုအတိုင်း တည်ရှိနေမည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် International Business Centre (IBC) တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မိသားစု တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
"ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးဆိုရင်။ ရခိုင်တွေ အဆမတန် ခက်ခက်ခဲခဲ ထမ်းဆောင်နေကြတဲ့ နယ်မြေပိုင်ဆိုင်ရေး၊ အချုပ်အခြာအာဏာ တည်မြဲရေး များစွာ အခက်အခဲရှိမှာ ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

လုံခြုံရေး မျက်ခြည်ပြတ် မခံနိုင်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးမှု မရှိသေးကြောင်း ဦးရွှေမန်းက ပြောကြားသည်။
"လုံခြုံရေးနဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိလားဆိုရင် မရှိသေးဘူးလို့ ဖြေရမှာပဲ။ ရှိတယ် ဆိုရင်လည်း မလုံလောက်သေးဘူးလို့ ကျွန်တော်ပြောရမှာ ဖြစ်တယ်" ဟု ဦးရွှေမန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရာတွင် လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရုံဖြင့် ငြိမ်းချမ်းရေးဟု ပြောဆို၍ မရကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများသည်လည်း ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်ဆောင်နိုင်သည့် ပဋိပက္ခများ ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသား လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွင်း ဥပဒေများ ပြဋ္ဌာန်းကာ အကာအကွယ်ပေးရန် လိုအပ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့မှာ လွန်စွာ အရေးပါကြောင်း အထက်ပါ ဆွေးနွေးပွဲကို တက်ရောက်သည့် ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ သိရှိရသည်။
"နယ်စပ်မှာ ခြံစည်းရိုး ကာထားရုံနဲ့ လုံခြုံမှု မရှိသေးဘူး။ ခြံစည်းရိုးမရှိတဲ့ ချောင်းတွေက နေ့စဉ်နဲ့အမျှ လှေတွေ ဝင်ထွက်နေကြတယ်။ ပိုက်ဆံတစ်ထောင် ပေးလိုက်ရင် နတ်မြစ်ကို လှေနဲ့ ထွက်လို့ရတယ်" ဟု ရခိုင်ပြည်နယ်ကိုယ်စား တင်ပြသည့် တရားလွှတ်တော်ရှေ့နေ ဦးဘိုမင်းဖြူက ပြောကြားသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အနီးရှိ ကျေးရွာများတွင် လက်နက်ကိုင် အုပ်စုများ ဝင်ရောက်မှုကို မကြာခဏ ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်တွင် RSO ခေါ် လက်နက်ကိုင် တပ်ဖွဲ့များ စစ်သင်တန်း ပေးနေသည်ဆိုသည့် သတင်းများကြောင့် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း၊ မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်မည်ဆိုသည့် အစီအစဉ်ကြောင့် နယ်စပ်က ခိုးဝင်မှုများ များပြားလာကြောင်း ရခိုင်ပြည်နယ် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်နှင့် ဘင်္ဂါလီလူဦးရေ အလွန်ကွာဟသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တိုင်းရင်းသား ကျေးရွာများကို တိုးမြှင့်ချပေးရန်၊ ဒေသခံများကို ပြည်သူ့စစ် သင်တန်းများပေးရန် လိုအပ်ကြောင်း ၎င်းတို့၏ တင်ပြချက်များအရ သိရှိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နယ်စပ်ဒေသသို့ အနည်းနှင့်အများ ဂယက်ရိုက်မှုများ ရှိနိုင်သဖြင့် နယ်စပ် အခြေအနေများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် တိုက်တွန်းထားသည်။




--
http://www.burmaburo.blogspot.com

No comments:

Post a Comment