Friday 4 October 2013


Saturday, September 21, 2013


ပြည်ခိုင်ဖြိုးပါတီ ၏ ၂၀၁၅ ရွေးကောက်ပွဲအလားအလာ


Pite Tin

အရှိကို အရှိအတိုင်း အမြင်ကိုအမြင်အတိုင်း ရေးလိုက်ပါတယ်။ဘယ်သူတွေ ဘယ်လောက်နာနာ တိုင်းပြည်နဲ့ လူထု မနာဖို့ အဓိကထားကြရန် နိုင်ငံရေးသမားတိုင်း တာဝန်ရှိပါကြောင်း။
( The voice weekly 21. sep .2013 )


၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရဖွဲ့ခွင့်ရော လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့
ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာမကောင်းတဲ့အကြောင်း
ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို အနိုင်မရစေလိုတဲ့စေတနာရော
အနိုင်ရစေလိုတဲ့စေတနာ ပါလုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ၄င်းပါတီနှင့်အတူ stakeholder
အားလုံးက ဒီမိုကရေစီရေးအတွက်နိုင်ငံနဲ့ လူထု အကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ
ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်းသတိပေးလိုရင်းသာဖြစ်ပါတယ်။ပြည်ခိုင်ဖြိုး ဘာကြောင့်
ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါအချက်အလက်များက အထင်အရှား
အထောက်အပံ့ပြုပါတယ်။

၁။လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာနာလံမထူနိုင်ခြင်း။

အထူးသဖြင့် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့နို
င်ငံများအတွက်
စီးပွားရေးအခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုးရိုက်ခတ်လေ့ရှိပါတယ်။
အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံလူတန်းစားက အစိုးရအပေါ်
အပြည့်အဝလေးစားယုံကြည်မှု၊ အားကိုးမှုရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှ ခံစားခွင့်
မယ်မယ်ရရမရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထု လိုအပ်ချက်ဖြစ်တဲ့
စားဝတ်နေမှုချောင်လည်ရေး ( အစိုးရလုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး )
ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေးပါဘူး။ အစိုးရရဲ့ ရည်မှန်းချက်အတိုင်းလည်း
ကျန်ရှိနေသေးတဲ့သက်တမ်းနှစ်နှစ်ခွဲကာလမှာ ပြည့်မီဖို့တော်တော်ကြီး ခဲယဉ်းပါတယ်။

အခြေခံ အဆောက်အဦများကို လက်ရှိအစိုးရလက်ထက်မှာ ပြီးစီးအောင်တည်ဆောက်လို့ မရဘူးဆိုတာလည်း
ထင်ရှားပါတယ်။ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၊ သိသာတဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတို့ဟာ
နှစ်နှစ်ခွဲကာလအတွင်းမှာ ဘယ်လိုမှဖြစ်လာနိုင်မယ်မဟုတ်ပါဘူး။နိုင်ငံခြားရင်းနှီးမြှုပါနှံမှုဆိုတာ
လက်ရှိလာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေ အပြင် နည်းပညာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းကောင်း
ရရှိနိုင်မယ့် လုပ်ငန်းကြီးကြီးမားမားတွေကို ဆိုလိုရင်းဖြစ်ပါတယ်။

တစ်ကယ်တော့ ဒါဟာ အစိုးရရဲ့ အပြစ်မဟုတ်ပါဘူး။
စီးပွားအကြီးအကျယ်ပျက်ထားတဲ့ တိုင်းပြည်ကို အစိုးရသက်တမ်းတစ်ခုအတွင်းမှာ ပြန်ထူထောင်လို့ ဘယ်လိုမှမရနိုင်ပါဘူး။
ဒါပေမယ့် လူထုကလည်း ဒီလောက် စိတ်မရှည်နိုင်ကြပါဘူး။ဆင်းရဲတွင်းနက်တဲ့ကာလက ကြာရှည်ခဲ့လေတော့
ဖြစ်နိုင်ရင် ချက်ချင်းလွတ်မြောက်ချင်ကြပါတယ်။နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ လူ့ဘောင်အဖွဲ့အစည်းထဲမှာရှိတဲ့
ရုန်းထွက်ချင်တဲ့ တိုးတက်ချင်တဲ့ လူစဉ်မီချင်တဲ့လူထုအပြစ်လည်း မဟုတ်ပြန်ပါဘူး။
ဒီတော့ ဆင်းရဲတွင်းနက်စေခဲ့တဲ့ အစိုးရများရဲ့ ကောင်းမွေ ဆိုးမွေခံ ပြည်ခိုင်ဖြိုးပါတီအပေါ်
တာဝန်တွေက အလိုလို သက်ရောက်မှု ရှိလာတော့တာဖြစ်ပါတယ်။

လွှတ်တော်ကလည်း အခု တိုင်းပြည်မှာရင်ဆိုင်နေရတဲ့ပြသနာတွေကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့
ခပ်ပြင်းပြင်းလေးတိုက်တွန်းလာတာတွေ့ရပါတယ်။ ဒီလိုတိုက်တွန်းတာဟာ သီအိုရီ အရ မှန်ပေမယ့်
ဒီမိုကရေစီထူထောင်ခါစ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့ထဲနဲ့ ပြသနာတွေအားလုံးကို ဖြေရှင်းဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီမှာလည်း အဓိကတာဝန်ရှိတယ်ဆိုတာ
ပါတီအနေနဲ့ မေ့လျော့နေပါတယ်။ စစ်အစိုးရဆီကနေ အမွေခံခဲ့တဲ့ ပါတီကနေ အစိုးရအဖွဲ့
ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အရင် အာဏာရှင်ခေတ်က ချွတ်ခြုံကျခဲ့ရတဲ့တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့အတွက်
အစိုးရကိုပဲ တာဝန်ရှိတယ်လို့ သဘောထားရင် လက်တွေ့အနေအထားအရ လွဲချော်မှု
ရှိနေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးခိုင်မာတဲ့တစ်နေ့မှာ အရာခပ်သိမ်းအတွက် အစိုးရမှာတာဝန်ရှိတယ်လို့
ပြောလို့ရပါတယ်။ပါတီအနေနဲ့ အစိုးရရဲ့အခက်အခဲများကို တတ်စွမ်းသမျှ ဝိုင်းဝန်းဖြေရှင်းပေးဖို့
အစွမ်းကုန်အားထုတ်သင့်ပါတယ်။ အစိုးရက မလုပ်နိုင်မကိုင်နိုင်လို့ ဘာမှတိုးတက်မှုမရှိရင် လူထုက ပါတီကိုပါ
အပြစ်တင်ကြမယ်ဆိုတာ သတိပြုပါ။ လူထုက ပါတီအပေါ် အမြင်ကြည်လင်မှုမရှိသေးပါဘူး။ပြောင်းလဲလာတဲ့
အခြေအနေလေးကို မျှော်လင့်ချက်နဲ့ သည်းခံ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့အချက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲဟာ မဝေးတော့တာကြောင့်လည်း လူထုဟာ
လက်ရှိကာလအခြေအနေများမတိုးတက်နိုင်သေးတဲ့အပေါ် စိတ်ရှည်နိုင်ကြခြင်းဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဝင်လူကြီးတော်တော်များများက တပ်ကလာတဲ့ လူတွေဖြစ်လေတော့ အရင်အစိုးရလက်ထက်က
ငါတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေပဲဆိုတဲ့အယူအဆ ကလည်း လူထု မသိစိတ်ထဲမှာငုတ်လျှိုးနေတာဖြစ်ပြီး
အခု အဲဒီပုဂ္ဂိုလ်တွေထဲက ( ပြည်သူ့လွှတ်တော် ဥက္ကဌကဲ့သို့သော )ပုဂ္ဂိုလ်တချို့က နိုင်ငံအကျိုးကို လိုလိုလားလား
လုပ်လာကြလို့သာလက်သင့်ခံပြီး စောင့်ကြည့်နေကြတာပါ။ကျန်တဲ့ နှစ်နှစ်ခွဲကာလမှာ ဘာမှထူးထူးခြားခြား
လုပ်မပေးနိုင်ဘူးဆိုရင် ဆန္ဒမဲပြားဆိုတဲ့ လက်နက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖြုတ်ချဖို့
စောင့်နေကြတာဖြစ်ပါတယ်။ မြန်မာလူထုရဲ့ ဒီမိုကရေစီအသိတရားဟာ နိုင်ငံတကာအဆင့်မမီနိုင်သေးးဆိုပေဘူပေမယ့်
ဆန္ဒမဲပေးတဲ့ ကိစ္စမှာတော့ ချွင်းချက်ရှိပါတယ်။မြန်မာလူထုဟာ မကျေနပ်မှုများအတွက် သူတို့အခွင့်အရေးဖြစ်တဲ့
မဲပြားနဲ့ ပြင်းပြင်းထန်ထန် ဆန္ဒပြလေ့ရှိတာကို ထည့်စဉ်းစားဖို့လိုပါတယ်။ ဒါဟာ အစိုးရကို လူထုက လုံးဝလက်မခံဘူးဆိုတဲ့
အဓိပ္ပါယ်တော့မဟုတ်ပါဘူး။ လက်ရှိသမ္မတရဲ့ စေတနာနဲ့ အားထုတ်မှုကိုအသိအမှတ်ပြုကြပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ( ဒါမှမဟုတ် ပါတီအပေါ်သြဇာညောင်းလှသူများဟာ ) ဦးသိန်းစိန်ကို သမ္မတရာထူးနေရာအတွက်
ရွေးချယ်ခဲ့ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုက သူတို့ ဆုံးဖြတ်သမျှထဲမှာ အမှန်ကန်ဆုံးဖြစ်ပါတယ်။
သမ္မတကြောင့် လူထုဟာ ဒုက္ခသုက္ခတွေကို မသိကျိုးကျင်ပြုပြီးစိတ်ရှည်လက်ရှည် စောင့်ကြည့်နေကြတာဖြစ်ပါတယ်။
အရင် အစိုးရ အဆက်ဆက်က ပြသနာတွေကို သင်ပုန်းချေနိုင်ကြတာဖြစ်ပါတယ်။လူထုဟာ အာဏာရှင်စနစ်ကို
ရွံမုန်းတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီစနစ် တဖြည်းဖြည်း
ပီပြင်လာဖို့အတွက် စိတ်အားထက်သန်နေကြပါတယ်။

အစိုးရအနေနဲ့ အဓိကရည်မှန်းထားတဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်ခဲ့ရင်
၂၀၁၅မှာ ရလဒ်ကောင်းတချို့ကို မျှော်လင့်လို့ရပါတယ်။
လူထု မှာ အခြေခံအားဖြင့်လိုအပ်ချက်တွေ များလှပေမယ့်အဓိက လိုချင်တောင့်တ တာက အလုပ်အကိုင်အခွင့်အလမ်းများနဲ့
အိမ်ယာပိုင်ဆိုင်ခွင့်တို့ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းဆိုတာက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့
တိုက်ရိုက်ဆက်နွယ်နေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုက အခြေခံအဆောက်အဦများနဲ့တိုက်ရိုက် ဆက်နွယ်နေလေတော့
အခြေခံအဆောက်အဦများကို ပီပြင်အောင် မတည်ဆောက်နိုင်သရွေ့ အလုပ်အကိုင်အခွင့်အလမ်းများ
ကောင်းမွန်လာဖို့လည်းမဖြစ်နိုင်သေးပါဘူး။

လက်ရှိမြန်မာနိုင်ငံမှာ အိမ်ယာစီမံကိန်းများကို အမှန်တစ်ကယ်ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တဲ့အစိုးရမျိုးဟာ
လူထုထောက်ခံမှုကောင်းကောင်းရနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက်လျှော့ချချင်ရင် အိမ်ယာစီမံကိန်းများကို
ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် လုံလုံလောက်လောက် လုပ်ပေးနိုင်ဖို့လိုပါတယ်။ လူတွေ နေစရာရှိတာနဲ့
ကိုယ်ကျင့်တရားတွေထိန်းသိမ်းကြပါလိမ့်မယ်။ ရာဇဝတ်မှုတွေကျဆင်းပါလိမ့်မယ်။ပညာရေး ကို အာရုံပိုစိုက်လာကြပါလိမ့်မယ်။
လူ့ဘောင်အဖွဲ့အစည်းအတွက် တတ်စွမ်းသလောက် လုပ်လာကိုင်လာကြပါလိမ့်မယ်။
နေစရာအိမ်မရှိတဲ့အတွက် အိမ်လခအတွက် ကိုပဲ မနည်းရုန်းကန်ရှာဖွေနေကြရပြီး ဆင်းရဲတွင်းက မလွတ်နိုင်ဖြစ်နေကြရပါတယ်။
ကျန်တာတွေဘာမှ ခေါင်းထဲမထည့်နိုင်ကြတဲ့အပြင်ကိုယ့်ကိုယ်ကိုယ်လည်း လေးစားတန်ဖိုးထားမှု လျော့ကျလာကြပါတယ်။
ကိုယ်ကျင့်တရားတွေ ပျက်ပြားလာကြပါတယ်။လက်ရှိ အိမ်ယာစီမံကိန်းတွေ အကောင်အထည်ဖော်နေတာက
ဆင့်ပါးစပ် နှမ်းပက်ဖြစ်နေပါတယ်။ ( နိုင်ငံတကာအကူအညီကို အပြင်းအထန်ရှာဖွေရယူပြီး နှစ်နှစ်ခွဲကာလအတွင်းမှာ
တန်ဖိုးအမှန်တစ်ကယ်နည်းတဲ့ အိမ်ယာစီမံကိန်းများကို လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် အကောင်အထည်ဖော်ပေးနိုင်ရင်တောင်
ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာအခြေအနေ နည်းနည်းကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စအကောင်အထည်ဖော်ဖို့ဆိုတာ က
အစိုးရအတွက် ဘယ်လိုမှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ လက်ရှိ တန်ဖိုးနည်းအိမ်ယာဈေးနှုန်းကလည်း
ဆင်းရဲသားဘယ်လိုမှ လက်လှမ်းမမီနိုင်ပါဘူး။ အိမ်ယာဘဏ်တွေလုပ်မယ်ဆိုတာကလည်း၂၀၁၅ ရွေးကောက်ပွဲအမီ
ဘာမှ ထိထိရောက်ရောက် ရှိမှာမဟုတ်တာသေချာပါတယ်။ တန်ဖိုးနည်းအိမ်ယာဆောက်ကြမယ့် ကုမ္ပဏီများကလည်း
အမျိုးသားအကျိုးစီးပွားကို ထည့်စဉ်းစားကြမှသာ ဆင်းရဲသားတွေအတွက်အလုပ်ဖြစ်မှာဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အိမ်ယာစီမံကိန်းများကို လိုအပ်ချက်ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်မယ့် အလားအလာမရှိသေးခြင်းကလည်း
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၁၅မှာ အရှုံးနဲ့ရင်ဆိုင်ရဖို့ အဓိကအကြောင်းရင်းကြီးဖြစ်နေပါတော့တယ်။
အစိုးရကိုပဲ ဝန်ပိအောင်လုပ်မထားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကျန်တဲ့ နှစ်နှစ်ခွဲကာလမှာ စီးပွားရေးအခြေခံကောင်းတချို့
တိုးတက်ဖြစ်ပေါ်ဖို့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကြိုးပမ်းနိုင်ခြင်းမရှိဘူးဆိုရင် ၂၀၁၅ မှာ အခက်အခဲကို အဆိုးရွားဆုံးရင်ဆိုင်ရပါလိမ့်မယ်။

၂။တပ်မတော် နှင့် ပြည်ခိုင်ဖြိုးပါတီ အကျိုးစီးပွားနှင့် ရည်မှန်းချက် မတူညီမှု။

ပါတီများရဲ့ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ အနိုင်ရရှိရေးနဲ့ အစိုးရဖွဲ့နိုင်ရေးဖြစ်ပေမယ့် တပ်ရဲ့ရည်မှန်းချက်က
နိုင်ငံတော်တည်ငြိမ်ရေးဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်ခြင်းမနိုင်ခြင်းနဲ့အစိုးရဖွဲ့နိုင်ခြင်းမဖွဲ့နိုင်ခြင်းက တပ်ရဲ့
အကျိုးစီးပွားမဟုတ်ပါဘူး။ တပ်မတော်က အခြေခံဥပဒေကို မထိပါးသရွေ့ နိုင်ငံတော်တည်ငြိမ်ရေးကို မထိပါးသရွေ့
ဘယ်ပါတီကပဲ နိုင်နိုင်အစိုးရဖွဲ့ဖွဲ့ သူ့တာဝန်ကို သူလုပ်မှာဖြစ်ပါတယ်။ဒါဟာ နိုင်ငံရေးသမားတော်တော်များများ
မျက်စေ့လည်နေတဲ့ကိစ္စဖြစ်ပြီးတော့ မိမိတို့သန်ရာ စဉ်းစားတွေးခေါ်ရင်း ဒီအချက်ကို
မေ့လျော့နေလေ့ရှိပါတယ်။တချို့ကတော့ ဒီအမှန်တရားကို လက်ခံယုံကြည်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။
အဆိုးမြင်တဲ့စိတ်နဲ့ တပ်ကိုမယုံတဲ့သဘောကြောင့်လည်း ပြည်ခိုင်ဖြိုးနဲ့ တပ်ကို ခွဲမမြင်နိုင်ကြတာလည်းရှိ ပါတယ်။
အလုပ်ဖြစ်အောင် လုပ်ချင်ရင်တော့ ပကတိအရှိတရားများ( ပေးထားချက်များ)ကို အရှိအတိုင်းလက်ခံ
ထည့်သွင်းစဉ်းစားကြဖို့ လိုပါတယ်။

ပြည်ခိုင်ဖြိုးဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ၂၅ ရာခိုင်နှုန်းခန့်
အနိုင်ရပြီး တပ်မတော်ရဲ့ ထောက်ခံမှုကိုလည်းရရှိမှသာ ပြည်ခိုင်ဖြိုးအစိုးရဆိုတာ ပေါ်ပေါက်နိုင်ပါလိမ့်မယ်။
( တပ်မတော်က သမ္မတလောင်းတစ်ယောက် တင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကလည်း အရေးပါကြောင်းသတိပြုသင့်ပါတယ်။)
ပြည်ခိုင်ဖြိုးက သမ္မတလောင်းတင်ဖို့ လုံလောက်တဲ့ကိုယ်စားလှယ်အရေအတွက်မရခဲ့ရင် တပ်မတော်ကတင်မယ့်
သမ္မတလောင်းရဲ့ အနေအထားက အရေးပါလာပါလိမ့်မယ်။ ( ဒီနေရာမှာ ဖြတ်ပြောချင်တာက သမ္မတရာထူးရည်မှန်းထားသူ
သူရဦးရွှေမန်းကိစ္စပါ။ သူ့ကို ပြည်ခိုင်ဖြိုးရဲ့ သမ္မတလောင်းအဖြစ်ရာထား ထားပုံရပြီး ဒီလိုသာအမှန်ဖြစ်ရင် ဦးရွှေမန်းအတွက်
အလားအလာ မကောင်းလှပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်ရှုံးနိမ့်တဲ့အခါ တပ်က ဦးရွှေမန်းကို သမ္မတလောင်းတင်ခဲ့ရင်တော့
အလားအလာရှိနိုင်ပါတယ်။ )

တပ်မတော်အနေနဲ့ကတော့ သူ့ရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို
ပြည်ခိုင်ဖြိုးပါတီ အာဏာရရှိရေးထက် ပိုဦးစားပေးမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး
အခြေမလှခဲ့ရင် တပ်ကပြည်ခိုင်ဖြိုးရဲ့ နိုင်ငံရေးအတွက် တစ်စုံတစ်ရာဆောင်ရွက်ပေးဖို့ အကြောင်းမရှိလှပါဘူး။ အခြေခံ ဥပဒေမှာ
နိုင်ငံရေးအရအရေးပါတဲ့ဆုံးဖြတ်ခွင့်ကို ပြည်ခိုင်ဖြိုးကို ပေးထားခြင်းမရှိကြောင်းနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်များနဲ့ပတ်သက်ရင်
တပ်မတော်က ပိုမိုအရေးပါကြောင်း သတိပြုဖို့လိုပါတယ်။ဘယ်နိုင်ငံရေးသမားမဆို ပြည်ခိုင်ဖြိုးနဲ့တပ် ဘာကွာလို့လဲဆိုတဲ့
အရပ်ပြောမျိုးနဲ့ဆိုရင်တော့ နိုင်ငံရေးဆက်လုပ်လို့ အောင်မြင်နိုင်မယ်မဟုတ်ပါဘူး။ အရှိတရားများကို အမှန်အတိုင်းသိအောင်ကြိုးစားပြီး
အဲဒီအမှန်တရားများကို လက်သင့်ခံပြီး အလုပ်လုပ်ကြမှ ဘာလုပ်လုပ်အောင်မြင်နိုင်ကြမယ်ဖြစ်ပါတယ်။
တပ်ရဲ့လွှတ်တော်တွင်း ပါဝါ( လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့် )ကို ပြည်ခိုင်ဖြိုးက ရယူသုံးစွဲနိုင်ဖို့ရွေးကောက်ပွဲမှာ အနိုင်ရဖို့လိုပါတယ်။
လက်ရှိအလားအလာများအရ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခဲ့တဲ့ အနေအထားမျိုး ပြည်ခိုင်ဖြိုးအနေနဲ့ မျှော်လင့်လို့လုံးဝမရနိုင်ကြောင်း
လက်ရှိမှာ အထင်အရှားမြင်တွေ့နေရပြီဖြစ်ပါတယ်။

၃။ NLD ၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်။

၂၀၁၅အတွက် အရေးအပါဆုံးအချက်ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မျက်နှာနဲ့ပဲ NLD ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို
အသာလေး အနိုင်ရဦးမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။ ဒေါ်စု သမ္မတရာထူးယှဉ်ပြိုင်ခွင့်ဆိုတာက သပ်သပ်စဉ်းစားရမယ့်အချက်ပါ။
ဒေါ်စု သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် NLD အမတ် အများစု လွှတ်တော်ထဲရောက်လာပါလိမ့်မယ်။၁၉၉၀ တုန်းက ဒေါ်စု ကိုယ်တိုင်ကိုယ်ကျ
ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့ အခြေအနေမှာ အပြတ်အသတ်အနိုင်ရခဲ့သလိုပါပဲ။ ၂၀၁၅မှာ
ပါဝင်ယှဉ်ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေပေမယ့်
ဒေါ်စုက ကိုယ်တိုင်ကိုယ်ကျ အမတ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်မှာဖြစ်လေတော့ လူထုရဲ့ နိုးကြားမှုဟာ
ပြန်လည်မြင့်တက်လာမှာဖြစ်ပြီး ပါတီဟာလည်းလွှတ်တော်များမှာ အများစု အနိုင်ရဖို့နီးစပ်နေပြီဖြစ်ပါတယ်။တိုင်းရင်းသားပါတီမဟုတ်တဲ့
တခြားသောနိုင်ငံရေးပါတီများအနေနဲ့ ၂၀၁၅မှာ ဘယ်လိုမှ အခြေအနေမကောင်းနိုင်ပါဘူး။အခုမှ အသစ်ဖွဲ့မယ့်ပါတီများအတွက်ဆို ပိုဆိုးပါတယ်။
ပါတီများအနေနဲ့ ရေရှည်ရပ်တည်နိုင်အောင် ပြင်ဆင်ထားပြီး အစွမ်းကုန်ကြိုးစားကြမှသာ တန်ရုံကျမယ်ဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်ရှိတဲ့
အလုပ်ကျိုးစားတဲ့ အမတ်အချို့
( ဥပမာ ဦးသိန်းညွန့်ကဲ့သို့ ပုဂ္ဂိုလ်မျိုး )သာ အနိုင်ရဖို့မျှော်လင့်လို့ ရနိုင်မယ်ဖြစ်ပါတယ်။

၂၀၁၅ အလွန်မှာ တပ်နဲ့NLD ဟာလွှတ်တော်များမှာ အလုပ်ကို တော်တော်များများတွဲလုပ်ရမှာဖြစ်ပြီး
ဒါဟာ နိုင်ငံရေးအရ အသိမ်မွေ့ဆုံးအခြေအနေဖြစ်လာပါလိမ့်မယ်။
တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံတဲ့အခြေအနေဖြစ်လာပါလိမ့်မယ်။လမ်းဆုံလမ်းခွတစ်ခုကို ရောက်ရှိသွားပါလိမ့်မယ်။
ဒါဟာ very important untested factor လည်းဖြစ်ပါတယ်။ နှစ်ဘက် စိတ်ရှည်သည်းခံမှု အပြန်အလှန် နားလည်မှု
ဒီမိုကရေစီနဲ့ပတ်သက်တဲ့ရည်မှန်းချက်ခိုင်မာမှုတို့နဲ့သာ ခရီးဆက်နိုင်ရင် လူထုနဲ့ နိုင်ငံတော် မြန်မြန်ပန်းတိုင်ရောက်မယ့်ကိစ္စဖြစ်ပြီး စိတ်မရှည်ကြရင်လည်း
ဒီမိုကရေစီနဲ့ လွဲချော်သွားနိုင်ပါတယ်။လမ်းကြောင်းပြောင်းသွားနိုင်ပါတယ်။NLDအများစုနိုင်ပြီး ပြည်ခိုင်ဖြိုးက
၁၀ရာခိုင်နှုန်းအောက် လောက်သာ အမတ်နေရာရခဲ့ရင် ဒါ့အပြင် ဒေါ်စု သမ္မတ ရွေးချယ်ခွင့်အတွက်
အခြေခံဥပဒေကို အချိန်မီ ပြင်ဆင်ဖို့ မဖြစ်နိုင်ခဲ့ရင် တပ်ကအမည်စာရင်းတင်သွင်းမယ့် သမ္မတလောင်းဟာ NLD ကတင်မယ့်
သမ္မတလောင်းထက် အလားအလာပိုကောင်းပါလိမ့်မယ်။ တပ်ကလည်း ၂၀၁၀အတွေ့အကြုံရှိထားပြီးဖြစ်တာကြောင့်
တစ်နည်းအားဖြင့် လူထုဟာ စိတ်စေတနာမှန်ကန်ရင် ဘယ်သူမဆိုလက်ခံတယ်ဆိုတဲ့ ချက်ကို တွေ့ကြုံပြီးဖြစ်တာကြောင့် သမ္မတရာထူးအတွက် ပုံရိပ်အကောင်းဆုံး
ပုဂ္ဂိုလ်တစ်ယောက်ကိုသာ သေချာပေါက်ရွေးချယ်ပါလိမ့်မယ်။ dignity and reputation ကို အဓိကထားရွေးချယ်ပါလိမ့်မယ်။
လက်ရှိ လူထုနဲ့တပ်မတော် ကြား တိုးတက်လာတဲ့အခြေအနေကို တပ်ကလည်းပြန်အထိခိုက်ခံမယ် မထင်ပါဘူး။
ဒီတော့ လက်ရှိသမ္မတအပြင် လက်ရှိ ဘယ်သူမှ သိပ်သတိမထားမိသေးတဲ့ တစ်ယောက်လည်းဖြစ်နိုင်ပါတယ်။
( အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတလောင်းမဖြစ်ခင်အထိ
သာမန် ဒီမိုကရက် ပါတီဝင်တစ်ယောက်ပါ။ ) လက်ရှိသမ္မတကလည်း အရွေးမခံတော့ဘူးလို့ အပြတ်ပြောထားတာမရှိသေးပါဘူး။
သူ့ပုံရိပ်က ကောင်းလွန်းနေတဲ့အတွက်
တပ်ကတင်မယ့် သမ္မတလောင်းဟာ လက်ရှိသမ္မတလည်း ဖြစ်နိုင်ခြေ အများကြီးရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အခြေမလှခဲ့ရင် ပြည်ခိုင်ဖြိုးက သမ္မတလောင်းအမည်စာရင်းတင်သွင်းခွင့်လည်းဆုံးရှုံးမှာဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတမှုရှိအောင် ဂရုစိုက်ရတော့မှာဖြစ်လေတော့ NLDရဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ဟာ ပြည်ခိုင်ဖြိုးအတွက်
အကြီးမားဆုံးအကျပ်အတည်းဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒေါ်စုသာ သမ္မတလောင်း မဖြစ်ခဲ့ရင် တပ်က သမ္မတလောင်းဟာ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိမယ့် အမတ်များရဲ့
ထောက်ခံမှုကို မျှော်လင့် လို့ ရနိုင်ပြီဖြစ်ပါတယ်။ ( ဒါကြောင့် NLD အနေနဲ့ ဒေါ်စုအပြင် သမ္မတလောင်းတစ်ယောက်ကို ကြိုကြိုတင်တင် ရွေးချယ်ပြင်ဆင်ထားသင့်တယ်လို့
ဆိုရခြင်းဖြစ်ပါတယ်။) ဒေါ်စုအတွက်လမ်းပွင့်သွားခဲ့ရင်တော့ သမ္မတဖြစ်ဖို့အလားအလာအကောင်းဆုံးပုဂ္ဂိုလ်ဟာ ဒေါ်စုသာ ဖြစ်ပါတယ်။ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတခဲ့ရင်
ပြည်နယ်များမှာရှိတဲ့ မဲဆန္ဒနယ်များကလွဲရင်NLD က အပြတ်အသတ် နိုင်မှာဖြစ်ပါတယ်။အစိုးရဖွဲ့ခွင့်ကို ဒေါ်စုက ရရှိမှာဖြစ်ပါတယ်။

အထက်ပါအကြောင်းအချက်များကြောင့် ပြည်ခိုင်ဖြိုးအနေနဲ့ ရွေးကောက်ပွဲမှာ ထင်တာထက် အခြေအနေဆိုးနိုင်ကြောင်း ပြောရခြင်းဖြစ်ပါတယ်။ ဒါဟာ နှစ်နှစ်ခွဲကာလအတွင်း
ပြည်ခိုင်ဖြိုးအပါအဝင် နိုင်ငံရေးနှင့် ဆက်နွယ်နေသူအားလုံး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြစေလိုတဲ့ ဆန္ဒ၊ ဒီမိုကရေစီခရီးလမ်းကြောင်း လုံးဝ တိမ်းစောင်းမသွားစေလိုတဲ့
စေတနာ တို့ဖြင့် ပကတိ ဖြစ်နိုင်ခြေနှင့် အရှိတရားများကို ခွဲခြမ်းစိတ်ဖြာမိခြင်းသာဖြစ်ပါကြောင်း၊ပြည်ခိုင်ဖြိုးအနေနဲ့၂၀၁၅အလွန်
ငါးနှစ်တာကာလမှာ အကောင်းဆုံးအတိုက်အခံအဖြစ်ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားနိုင်ပါကြောင်းနဲ့
တပ် ၊အတိုက်အခံ( NLD ၊တိုင်းရင်းသားပါတီများနဲ့ အခြားသောပါတီများ )နဲ့ ပြည်ခိုင်ဖြိုးတို့ အတွက် ( solution for all to win )ကသာ
နိုင်ငံနဲ့ လူထု အကျိုးကို အာမခံချက် အပြည့်အဝ ပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။ ။

ပိုက်တင်
BY ရဲရင့်(ကနေဒါ) ... 9/21/2013
ခေါင်းစဉ်

1 အကြံပြုခြင်း:

မ လေး ပြ န် said...
ဒေါ် စု နိုင် ငံ ခေါင်း ဆောင် မ ဖြစ် သင့် ဘူး လို့  ထင် ပါ တ ယ် ဘာေ ကြာင့် လဲ ဆို တော့ မေ လး မှာ မြန် မာေ တွ အ သတ် ခံရ အ ဓ မ္မ ကျ င့် ခံ ရ အ ဖမ်း ခံ ရ အ င် ဒို မှာေ ခါ င်း ဖြ တ် အ သ တ် ခံရ ချိ န် ကျ နော် တို့ လေး စား ခဲ့ရ တဲ့ မေ မေ စု ကလူ နည်း စု မွ တ် ဆ လင် တွေ အနို င် ကျင့် ခံ နေ ရ ပါ တ ယ် လူ မျိုးခြား များ ဘ က် မှ ရ ပ် တည် ပြီး အ တိ ဒုက္ခ ရော က် နေ တဲ့မြ န် မာ များ ဘက် ဝ မ်း န ည်း စ ကားေ တာင် မေ ပြာ ပဲ သမ တ ဖြစ် ချ င် တယ် ကျ နော် တို့  မု န်း တဲ့ အစိုး ရ က တော့ သူ့ အ စွ မ်း ရှိ သေ လာ က် ကူ ညီ သွား ခဲ့ ပါ ပြီ သမတ ကြီး နဲ့ သီ တဂူ ဆရာေ တာ် ဘုရားတို့ ကိုေ ကျး ဇူး အ ထူး တင် ပါ တ ယ်
21/9/13 14:56




--
http://www.burmaburo.blogspot.com

No comments:

Post a Comment