Friday 4 October 2013



Posted: 02 Oct 2013 11:29 PM PDT
အပူပင် အကြောင့်ကြမဲ့စွာနဲ့အေးအေးလူလူ ရှေ့ဆင့် နောက်ဆင့် တန်းစီနေကြတဲ့ လူတန်းရှည်ရှည်တွေကို တွေ့တိုင်းကျွန်မစိတ်ထဲမှာ တစ်ခုခု အလိုမကျသလို ခံစားရစမြဲပါ။ တန်းစီနေကြတယ် ဆိုတဲ့နေရာမှာအရေးပါတဲ့ လုပ်ငန်းဆောင်တာတွေအတွက် မဖြစ်မနေ တန်းစီနေတဲ့သူတွေကို အသာ ဖယ်ထားပြီးအခု လတ်တလောမှာ ဟိုနားတစ်စု၊ ဒီနားတစ်စု တွေ့နေ မြင်နေရတဲ့ လူတန်းရှည်တွေဟာဘာအတွက်များပါလိမ့်… လို့ ကျွန်မ စပ်စပ်စုစု လေ့လာမိပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ကိုယ်ပိုင်အချိန် နည်းပါးလွန်းသူ၊ စောင့်ဆိုင်းခြင်းကို အကြောင်းမဲ့ပျင်းရိတတ်သူပီပီ တမျှော်တခေါ် တန်းစီယူမှ ရလာမဲ့ အရာတွေကို တတ်နိုင်သမျှရှောင်လေ့ရှိတယ်။ ဒါတင်မက အေးအေးလူလူ စီတန်းနေကြတဲ့သူတွေကို ကြည့်ပြီး သူတို့နှယ့်အချိန်တွေ ပိုနေရန်ကော လို့ မနာလိုဖြစ်မိလား… ဖြစ်မိပါရဲ့…။

ဒါပေမဲ့လည်း ကျွန်မရောက်နေတဲ့ဒီကျွန်းပိစိလေးမှာက နေရာတကာမှာ တန်းစီကြရတယ်။ တန်းစီခြင်းဟာ နေ့စဉ်ဘ၀ထဲကအစိတ်အပိုင်းတစ်ခုလို့ ဆိုရမလောက်ကို နေရာတိုင်းမှာ တန်းစီကြရပါတယ်။စည်းကမ်းရှိတယ် လို့ ပြောရင် ရသားပေါ့…။ ဘယ်လိုတွေ တန်းစီသလဲ ဆိုရင်တော့ပြောမကုန်ပါပဲ…။ လှေခါးတက်ဖို့က စလို့ တန်းစီရတယ်။ ကားစီးဖို့လည်း တန်းစီရတယ်။ကားငှားဖို့လည်း တန်းစီရတယ်၊ အစားစားဖို့လည်း တန်းစီရတယ်၊ ယုတ်စွအဆုံးအများသုံးအိမ်သာတွေမှာလည်း အခန်းအပြင်လျှံနေတဲ့အထိ တန်းစီပြီး စောင့်ရတတ်ပါတယ်။ဘယ်လို ၀န်ဆောင်မှုကိစ္စမျိုးမဆို လူနည်းနည်း များလာတာနဲ့ အလိုလိုနေရင်းလူတန်းရှည်ကြီးတစ်ခုဖွဲ့လို့ စောင့်ဆိုင်းကြရတဲ့ အဖြစ်ပါ။ တချို့နေရာတွေမှာတော့တိုကင်လေးတွေ ပေးထားတာမို့ ကိုယ့်အလှည့် မရောက်ခင်မှာ အဆင်ပြေတဲ့ တစ်နေရာမှာသက်တောင့်သက်သာ ထိုင်စောင့်နေရတာမျိုးတွေလည်း ရှိပါသေးတယ်။



ပြောရရင် လူအများနဲ့ အတူဆောင်ရွက်ရတဲ့ ကိစ္စတွေတိုင်းမှာ တန်းစီပြီး စောင့်ဆိုင်းခြင်းဆိုတာသိပ်ကောင်းပါတယ်… စည်းကမ်းရှိရှိ စနစ်တကျ တန်းစီတာ အင်မတန်ကောင်းတဲ့ လုပ်ရပ်ပါ။ဒါပေမဲ့ ကျွန်မ ပြောချင်တဲ့ တန်းစီခြင်းနဲ့ နေသားတကျ ဖြစ်နေသူများ ဆိုတာကတော့ တကယ်ပဲတန်းစီရတာကို နည်းနည်းမှ မတွန့်ဆုတ်ပဲ အသားတကျ ပျော်မွေ့တဲ့သူများရဲ့ အကြောင်းပါ။

အဲဒီလို တန်းစီနေကြသူတွေကိုလေ့လာလိုက်တဲ့အခါမှာ တစ်စုံတစ်ခုကို လိုအပ်လို့ စီကို စီမှ ဖြစ်မှာမို့လို့တန်းစီကြရတာမျိုးနဲ့ သိပ် အရေးမပါတာတွေအတွက် (သို့မဟုတ်) တစ်ခုခုကို အခမဲ့လိုချင်တာတွေ အတွက် အချိန်နဲ့ ငွေကြေးကို အလဲအလှယ်လုပ်လို့ တန်းစီတာမျိုးရယ်လို့နှစ်မျိုး တွေ့ရပါတယ်။ ဒါက ကျွန်မရဲ့ ပုဂ္ဂလိက ဆန်တဲ့ ထင်မြင်ချက် သက်သက်ပါ။အမှန်ကတော့ တန်းစီနေတဲ့သူတိုင်းမှာ ကျွန်မ သေသေချာချာ မသိနိုင်တဲ့ အရေးပါမှုတွေကိုယ်စီ ရှိနေကြမှာ မလွဲပါ။

မနက်စောစော အခမဲ့ ဝေငှတဲ့သတင်းစာတစ်စောင် ရဖို့အတွက်  တန်းစီရတယ်။ရထားဘူတာ အဝင်ဝမှာ တစ်ရှူးပေပါ အထုတ်ကလေးတွေ အခမဲ့ ဝေနေတာကို ရဖို့အတွက်တန်းစီရတယ်။ ရထားဘူတာနဲ့ မနီးမဝေးက ကုန်တိုက်တွေကို ပြေးဆွဲတဲ့ အခမဲ့ဘတ်စ်ကားကြီးတွေ စီးရဖို့အတွက် တန်းစီရတယ်။ ဒါတွေက ကိုယ် အခမဲ့ ရဖို့ အတွက်စီရတာတွေမို့ အသာ ထားလိုက်ကြစို့…။ သူ့ထက် ဆိုးတာတွေက… ရိုးရိုး Food Centerတွေမှာ စားစရာ တစ်ခုခု ဝယ်ဖို့အတွက် တန်းစီရတယ်။ စားစရာ ရပြီး ပြန်တော့ထိုင်စားစရာ နေရာ တစ်နေရာစာလေး အတွက်လည်း တန်းစီ စောင့်ဆိုင်းရတယ်။ ဈေးကြီးကြီးပေးစားရတဲ့ နာမည်ရ ဆိုင်မျိုးမှာတောင်မှ ဆိုင်အဝင်ဝက Wait to be Seated လို့ရေးထားတဲ့ ဆိုင်းဘုတ်လေး ရှေ့မှာ တန်းစီ စောင့်ဆိုင်းရပါသေးတယ်။ အဝတ်အစားဝယ်မယ်ဆိုလည်း ကိုယ်နဲ့ သင့် မသင့်၊ တော် မတော် အရင် စမ်းဝတ်ကြည့်ဖို့လိုတယ်မဟုတ်လား… ဆိုတော့ အဲဒီလို အဝတ်လဲခန်းအတွက်လည်း တန်းစီရတယ်။ ဝတ်ကြည့်ပြီးလို့နှစ်သက်လို့ ဝယ်မယ် တန်ရာတန်ဖိုး ပေးချေတော့မယ် ဆိုလည်း Cashier ရှေ့မှာအဝတ်လေးတွေ ကိုယ်စီ ပိုက်လို့ တန်းစီကြရပြန်တယ်။ ဘယ်နေရာမှာမဆိုတန်းစီစောင့်ဆိုင်းနေရတဲ့ အချိန်တွေဟာ ကျွန်မ အမုန်းဆုံး အချိန်တွေပါပဲ…။ဒါကြောင့် အလွန်အမင်း မလွှဲသာ မရှောင်သာ အချိန်မျိုးကလွဲရင် တန်းစီရတဲ့ နေရာတွေကိုကျွန်မ ရှောင်လေ့ရှိပါတယ်။ 

နောက်ထပ် ကျွန်မ ပြောပြချင်တဲ့တန်းစီပုံ တန်းစီနည်းတွေက ဒီလိုပါ…။
လွယ်တာလေး ဥပမာ ပြရရင် iPhone(သို့) iPad စတဲ့ ပစ္စည်း အသစ်ထွက်တဲ့နေ့ဆို နောက်တနေ့ မနက် ဆယ်နာရီမှာ ဖွင့်မဲ့ဆိုင်ကိုဒီလိုညမျိုးထဲက ညအိပ်ပြီး တန်းစီကြတယ်။ တစ်ရက်လေးမှ မစောင့်နိုင်ပဲ ထွက်ထွက်ချင်းကိုင်ချင်ကြတဲ့ ရောဂါပါ…။ ဝယ်လိုအားနဲ့ ရောင်းလိုအားနဲ့ကလည်း အမြဲတစေ မမျှတလေတော့ဒီလိုမှ တန်းမစီရင် နောက်ထပ် တစ်ရက် နှစ်ရက် ကနေ တစ်ပတ်လောက်အထိ စောင့်ရမှာဆိုတော့ ဒီလိုပဲ ညအိပ် တန်းစီကြတာပါ။

တလောက ဒီမှာ H & M ဆိုတဲ့အဝတ်အစားတွေ ရောင်းတဲ့ဆိုင် ဖွင့်ပါတယ်။ ပထမဆုံး စဖွင့်တဲ့နေ့မှာ ဝယ်တဲ့သူ တွေကိုဒေါ်လာ နှစ်ဆယ်တန် Gift Voucher ပေးမယ် လို့ ကြေငြာတယ်…။ ဒီက လူသားအပေါင်းတို့ဟာအဲဒီ နှစ်ဆယ်တန် Gift Voucher ရဖို့အတွက် ညလုံးပေါက် ဆိုင်တံခါးရှေ့မှာ အိပ်ပြီးတန်းစီကြပါတယ်…။ အဲဒီလိုပါ…

စားသောက်ဆိုင်တွေထဲမှာကောင်းတယ်လို့ နာမည်ကြီးတဲ့ဆိုင် ဒါမှမဟုတ် တခုခု လျှော့ဈေး၊ပရိုမိုးရှင်းရှိတဲ့ဆိုင်… စားဖို့ စဉ်းစားလိုက်ရင် အနည်းလေး နာရီဝက်ကနေ တနာရီတန်းစီ စောင့်ရတယ်။ တန်းမစီနိုင်၊ မစောင့်နိုင်ရင် မစားရုံပဲလေ…။ သူတို့ကတော့စိတ်ရှည်တယ်ဗျား… ဖုန်းလေးတွေ ကိုယ်စီ ကိုင်လို့ ဂိမ်းကစားရင်းကိုယ့်အလှည့်ရောက်တဲ့အထိ စောင့်ကြတယ်…။

နာမည်ရ လျှပ်စစ်ပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ခုဆို ဆိုင်ဖွင့်ချိန် မနက် ရှစ်နာရီမှာ ၄၂ လက်မ တီဗွီ ဘယ်နှစ်လုံး…ဟုမ်းသီရေတာ ဘယ်နှစ်လုံး… အဝတ်လျှော်စက် ရေခဲသေတ္တာ ဘယ်နှစ်လုံး… စသည်ဖြင့်ဦးရာလူစနစ်နဲ့ ရောင်းမယ်လို့ ကြော်ငြာတယ်။ ဈေးကလည်း တော်တော်လေး သက်သက်သာသာရောင်းပါတယ်။ လျှပ်စစ် ရေနွေးအိုးတို့ ပေါင်မုန့်ကင်စက်တို့ ဘာတို့ဆို ကိုးဒေါ်လာဆယ်ဒေါ်လာလောက်နဲ့ကို ချရောင်းတာပါ။ အဲဒီမှာလည်း အပေါ်မှာ ပြောခဲ့သလို နောက်တနေ့ဖွင့်မဲ့ ဆိုင်တံခါးရှေ့မှာ ညအိပ် ညနေ တန်းစီပြီး စောင့်ဆိုင်း ဝယ်ယူကြပါတယ်။အဲဒီမြင်ကွင်းတွေအတွက် ကျွန်မမှာသာ ရင်သပ်ရှုမော ဖြစ်ရတာ သူတို့ကတော့ တကယ့်ကိုနေသားတကျ၊ မမောမပန်း၊ အေးအေးလူလူ နဲ့ သက်သက်သာသာ တန်းစီကြတာပါ…။

တနေ့က အိမ်နားက ဈေးလေးကိုအသွား…ပိတ်ထားတဲ့ အလူမီနီယံတံခါးရှေ့မှာ စီတန်းနေတဲ့ လူတန်းရှည်တစ်ခုကို တွေ့ရတယ်။ကြည့်လိုက်တော့ အသက်ကြီးကြီး အမျိုးသမီး အချို့နဲ့ အသက်ငယ်ငယ် အမျိုးသမီးတွေအများဆုံးပါဝင်တယ်။ အချိန်ကတော့ မနက် ဆယ်နာရီနီးနီး...။ ဒါနဲ့ ကျွန်မ သူတို့အနားကပ်သွားပြီး အခြေအနေကို အကဲခတ်မိတယ်။ သူတို့ စီနေတာ ဆိုင်တစ်ဆိုင်ရဲ့ အရှေ့ မှာဆိုတော့ ဆိုင်နာမည်ကို မော့ကြည့်မိတယ်။ ဆိုင်နာမည်ကို တွေ့တော့ သိလိုက်တယ်၊ ဒါရွှေငွေ လက်ဝတ်လက်စားတွေ ရောင်းတဲ့ ဆိုင်ပဲ။ ဒီဆိုင်ရှေ့မှာ ဒီလို လူတန်းရှည်ကြီးစီနေတာ ဘာကြောင့်လဲ… တယောက်ကို ပုလဲ တစ်လုံး ဒါမှမဟုတ် စိန်တစ်လုံးစီ ပေးမှာမို့လို့လား…။ မဖြစ်နိုင်လိုက်တာ…။ စပ်စုလက်စနဲ့ ဆိုင်တံခါးနားအထိ ကျွန်မတိုးကပ်သွားမိတယ်။ အဲဒီမှာ တွေ့လိုက်ရတာက ဆိုင်ဖွင့်ဖွင့်ချင်း လာတန်းစီတဲ့သူအယောက်ငါးဆယ်ကို ဈေးဝယ်အိတ် တစ်လုံးစီ လက်ဆောင်ပေးမယ်ဆိုတဲ့ ကြော်ငြာပဲ…။ပြထားတဲ့ ဈေးဝယ်အိတ် ဆိုတာကလည်း ခပ်ညံ့ညံ့ ပလတ်စတစ်သား လက်ဆွဲဈေးဝယ်အိတ်လေးရယ်ပါ။ သူတို့ဆိုင်က ပစ္စည်းကို ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေလာတန်းစီရင်ကိုပဲ ဈေးဝယ်အိတ် တစ်လုံးစီ ရမယ် လို့ ကြော်ငြာထားတာ။ သူတို့ဆိုင်ကိုလူတွေ ဂရုပြုမိအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလွဲရင် ဘာများ ရှိအုံးမှာပါလဲ။ ကျွန်မလိုလူမျိုးတွေချည်းသာဆိုရင်တော့ အဲဒီဆိုင်ရှေ့ လူတစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ အခုတော့တွန့်လိမ် ကွေ့ကောက်နေတဲ့ လူတန်ရှည်းကြီးဟာ အကြံပိုင်လှတဲ့ စီးပွားရေးသမားတို့ရဲ့လှည့်ကွက်တစ်ခုထဲ အချိုးတကျ စီးမျောပါဝင်လို့..။

အဲဒီလို အဖြစ်မျိုးတွေနေရာတိုင်း လက်ညှိုးထိုး မလွဲဘူး ဆိုတာ တဖြည်းဖြည်းနဲ့ သိလာရတယ်။ ဟိုတလောကအုံးအုံးကြွက်ကြွက် ဖြစ်သွားတဲ့ Mc Donald က Hello Kitty အရုပ်ကလေးတွေရဖို့တန်းစီရင်းမှာ ကြားဖြတ်ကြ၊ နေရာလုကြနဲ့ ရဲကားတွေ၊ လုံခြုံရေးတွေ ရောက်လာတဲ့အထိဖြစ်သွားတဲ့ အကြောင်းကလည်း သတင်းစာထဲမှာ စာလုံးအမဲတွေနဲ့ အထင်အရှား နေရာယူ လို့…။

တခါကတော့ တန်းစီတာနဲ့ ပတ်သက်လို့ရယ်စရာကောင်းတဲ့ အဖြစ်တစ်ခု ကျွန်မ ကြုံခဲ့ဖူးတယ်။ အောချတ်ရဲ့ စနေနေ့ ညနေစောင်းငါးနာရီဟာ လင်းလက်တဲ့ နေရောင်တွေအောက်မှာ လှပစွာ စည်ကားနေခဲ့တယ်။ ဟိုငေး ဒီငေးနဲ့လမ်းလျှောက်လာရင်း တစ်နေရာ အရောက်မှာ ပလက်ဖေါင်းတလျောက် စီတန်းနေတဲ့လူတွေကိုကြည့်ပြီး စိတ်ထဲ ဘာများ ပါလိမ့်ပေါ့။ သူတို့ ဦးတည်နေတဲ့နေရာတလျောက်လုံးမှာက နာမည်ကြီး ကုန်တိုက်တွေချည်းပဲ…။ ဒီတော့ ဘယ်နေရာမှာ ဘာတွေများဈေးလျှော့နေတာလဲ လို့ မိန်းမပီပီ ကျွန်မ တွေးမိတယ်။ အဲဒီနေ့က ကိုယ်တိုင်ကလည်းဈေးဝယ်ချင်လို့ လာတဲ့သူဆိုတော့ လျှော့ဈေးလေး ဘာလေးများ ရှိရင် ဆိုတဲ့စပ်စုချင်စိတ်၊ သက်သာချင်စိတ်ကလေး တပိုင်းတစကလည်း ပါဝင်နေသေးသပေါ့။ 

အဲဒီလိုနဲ့ အစရှာမရတဲ့လူတန်းကြီးနား ကျွန်မ အသာ တိုးကပ်သွားရင်း အေးစက်စက် မျက်နှာနဲ့ အမျိုးသမီးတွေ ကြားထဲမှာအနည်းငယ်လေး ဖေါ်ရွေမယ် (သို့မဟုတ်) ကျွန်မ မေးတာလေးကို အရေးတယူပြန်ဖြေပေးနိုင်မယ်လို့ ထင်ရတဲ့ အမျိုးသမီးတစ်ယောက်အနားကို ချဉ်းကပ်သွားမိပါတယ်။ဘာကို တန်းစီနေကြတာလဲ လို့ မေးခွန်းထုတ်လိုက်တော့ သူလည်း မသိပါဘူးတဲ့ ရှေ့မှာလူတွေ တန်းစီနေတာ တွေ့တာနဲ့ တခုခုတော့ ထူးခြားလို့သာ စီနေတာ ဖြစ်ရမယ်လို့ ယူဆတဲ့အတွက်ကြောင့် သူလည်း တွေ့တဲ့နေရာကနေ ၀င်စီနေလိုက်တာပါတဲ့…။ ဘုရားရေ… ဘာမှန်းညာမှန်းမှ မသိပဲ အသားလွတ် တန်းစီခြင်းမှာ သက်တောင့်သက်သာ ပျော်မွေ့နေသူမျိုးလည်းလောကမှာ ရှိပါသေးလား လို့ ရယ်ချင်စိတ်တ၀က်နဲ့ ကျေးဇူးတင်စကား ဆိုပြီး ကျွန်မပြန်လှည့်လာခဲ့ပါတယ်။ နောက်မှ ပြန်သိရတာကတော့ အဲဒီနေ့က တန်းစီတဲ့သူတွေဟာ Road Showတခုမှာ စီနေကြတာ ဖြစ်ပြီး တစ်ယောက်ကို ခေါက်ထီး တစ်ချောင်းစီ ရခဲ့ပါတယ် တဲ့…။  

တကယ်တမ်း ကျွန်မ ပြောပြချင်တဲ့တန်းစီခြင်းမှာ နေသားတကျ ဖြစ်နေသူများ နဲ့ သူတို့ရဲ့ တန်းစီပုံ တန်းစီနည်းကအဲဒီလိုပါ…။ ကြားရတာ အံ့အားသင့်စရာလည်း ကောင်း၊ ရယ်ချင်စရာလည်း ကောင်းမှန်းသိပေမဲ့ တခါတရံမှာ မသိမသာနဲ့ ကိုယ်တိုင်တောင် ရောနှော ပါဝင်သွားတတ်သေးတာမျိုး….

အမှန်ဆိုရရင် တန်းစီခြင်းဟာစောင့်ဆိုင်းခြင်းပါပဲ… ပြီးတော့ ဒါဟာလည်း ဒီခေတ် ဒီအချိန်မှာ ရှိသင့်တဲ့၊ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကိုယ့်အလှည့်ကို ရောက်ဖို့အတွက် နေရာလုရ တိုးရကြိတ်ရတာမျိုး မရှိပဲ အိနြေ္ဒရရနဲ့ စီတန်း စောင့်ဆိုင်းနိုင်တာမို့ လက်ခံသင့်၊ကြိုဆိုသင့်တဲ့ စနစ်တစ်ခုလည်း ဖြစ်နေပါတယ်။ ဒါကို ကျွန်မ စိတ်မရှည်နိုင်သရွေ့ကတော့မဖြစ်မနေ တန်းစီမှရမဲ့ အရေးကိစ္စတွေမှာ သေချာပေါက် ဒုက္ခတွေ ရောက်နေအုံးမှာပါပဲ…။အကြောင်းအကျိုး ညီညွတ်တဲ့ တန်းစီခြင်းမျိုးမှာ အကျွမ်းတ၀င်၊ ပြီးတော့နေသားတကျဖြစ်လာဖို့ကိုတော့ ကျွန်မ တဖြည်းဖြည်းချင်း ကြိုးစားနေဆဲပါ…။

Posted: 02 Oct 2013 08:24 PM PDT

(02 October 2013 နေ့ထုတ် Daily Eleven သတင်းစာ)
မောင်လွင်မွန် (ကသာ)

တရုတ်နိုင်ငံတွင် လူသိများသည့် တရုတ်ဗိုလ်ချုပ် တစ်ဦး၏ အသက် ၁၇ နှစ်သာ ရှိသေးသည်ဟုဆိုသော သားကို အမျိုးသမီး တစ်ဦးအား အုပ်စုလိုက် မတရား ပြုကျင့်ရာတွင် ခေါင်းဆောင် ပါဝင်ခဲ့ခြင်းအတွက် မုဒိမ်းမှုဖြင့် ရုံးတင် စစ်ဆေး ခဲ့သည်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်လီရှောင်ဂျင်းသည် တရုတ်လွတ်မြောက်ရေး တပ်မတော်တွင် လူသိများ ထင်ရှားသူ တစ်ဦး ဖြစ်ပြီး မျိုးချစ်စိတ်လှုံ့ဆော် တေးများဖြင့် လူကြိုက်များ အဆိုတော်တစ်ဦး ဖြစ်သကဲ့သို့ တရုတ်တပ်မတော်၏ အနုပညာ ဂီတကျောင်းတွင် ကျောင်းအုပ်ကြီးလည်း ဖြစ်သည်။ မိခင်ဖြစ်သူ မန်ဂီကလည်း နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်သည်။

အမှုမှာ လွန်ခဲ့သော ဖေဖော်ဝါရီလက ပေကျင်းမြို့ ဟိုတယ်တစ်ခုတွင် ဗိုလ်ချုပ်လီရှောင်ဂျင်း၏သား လီတိန်ရီနှင့် အခြား လေးဦးတို့ အရက်များ အလွန်အကျွံ မူးယစ်သောက်စားပြီး ယင်းဟိုတယ်တွင် ဘီယာသောက်နေသော အသက် ၁၈ နှစ် အရွယ် အမျိုးသမီး တစ်ဦးအား မတရား ပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သောလက တရားရုံးတင် စစ်ဆေး ရာတွင် လီတိန်ရီက ကျူးလွန်ကြောင်း ၀န်ခံခြင်း မရှိဘဲ သူ့အနေဖြင့် ကျုးလွန်မှု မရှိသလို ထိုအမျိုးသမီးနှင့် ပတ်သက်မှု လည်း မရှိဖူးကြောင်း၊ ထိုညက မိမိမှာ မူးနေသဖြင့် ဘာကိုမှ မမှတ်မိပါကြောင်း စသည်အပြင် ယင်းမိန်းကလေးမှာလည်း ပြည့်တန်ဆာ တစ်ဦးသာဖြစ်ကြောင်း ထုချေဖြေရှင်းခဲ့ပြီး အခြားလေးဦးကလည်း ပြစ်မှုကို ပထမတွင် ငြင်းဆိုခဲ့ကြသည်။ တရုတ်နိုင်ငံတွင် အထက်တန်းလွှာတို့၏ သားသမီးများမှာ ဥပဒေ အထက်တွင် ရှိတတ်စမြဲ ကြုံရလေ့ ရှိခြင်းကြောင့် လီတိန်ရီမှာ အပြစ်တစ်စုံတစ်ရာ ကျခံရမည် မဟုတ်ဘဲ လွတ်မြောက်သွားလိမ့်မည်ဟု ပြည်သူအများက ထင်မြင်ကြပြီး အင်တာနက်တွင်လည်း ယင်းသို့ အဆိုးမြင် ရှုထောင့်မှ ဝေဖန်လျက် ကြိုတင်နိမိတ် ဖတ်ခဲ့ကြသည်။

ထို့ပြင် လီတိန်ရီကို ဥပဒေ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပထမအကြိမ် မြင်ကြရသည် မဟုတ်ဘဲ ၂၀၁၁ ခုနှစ် စက်တင် ဘာ ၆ ရက် ညကလည်း ပေကျင်းမြို့တွင် ယာဉ်မောင်းလိုင်စင် မရှိသည့် လီတိန်ရီ မောင်းလာသော လိုင်စင်မဲ့ ဘီအမ် ဒဗလျူ ကားနှင့် လိုင်စင်နံပါတ်အတု အိုနံပါတ် တပ်ထားသည့် အော်ဒီကား နှစ်စီးကို သူတို့ရှေ့မှကွေ့ရန် အရှိန်လျှော့သော ကားက လမ်းပိတ်သည်ဆိုကာ ကားပေါ်ပါ လင်မယား နှစ်ယောက်စလုံးကို လီတိန်ရီနှင့် အော်ဒီကားမောင်းသူ လူငယ်တို့ က ကားပေါ်မှဆွဲချ ရိုက်နှက်ခဲ့ကြသည်။ သုံးမိနစ်ကြာ ရိုက်နှက်ခဲ့စဉ်အတွင်း ဘေးလူတို့ကို "ဘယ်ကောင် ရဲကိုခေါ်ရဲသလဲ ပြောစမ်း" ဟု အော်ဟစ်ကြိမ်းမောင်း စိန်ခေါ်ခဲ့ကြသည်။ လင်မယား နှစ်ယောက်စလုံး ဒဏ်ရာများ ရရှိကာ ခေါင်းမှသွေး များ ယိုကျသည်အထိ အရိုက်ခံရသည်။ လင်ယောက်ျားမှာ ဒဏ်ရာပြင်းထန်ပြီး နဖူးတွင် ခြောက်ချက်၊ ခေါင်းတွင်နှစ်ချက် ချုပ်ရကာ နှာတံနှင့် ညာမျက်လုံးတွင် အတွင်းကြေ ထိခိုက်မှု ဖြစ်ခဲ့သည်။ ရဲများရောက်ရှိ လာချိန်တွင် လီတိန်ရီတို့နှစ်ဦး ထွက်ပြေးရန် ကြိုးစားသော်လည်း ဖမ်းဆီးခံရသည်။ ယင်းကာလက လီတိန်ရီမှာ ၁၅ နှစ်သာ ရှိသေးပြီး အရွယ်မရောက် သေးသူအဖြစ် စစ်ဆေးစီရင် ခံရသည်။ ယင်းကာလက အင်တာနက်တွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသော ယင်း သတင်း အတွက် အများက လီတိန်ရီကို လူဆိုးတေလေလေးအဖြစ် ပြစ်တင်ရှုတ်ချ ခဲ့ကြပြီး သူသည် ထိန်းသိမ်းပညာပေး စခန်းတွင် တစ်နှစ်သွားရောက် နေထိုင်ခဲ့ရသည်။ ထူးခြားချက်မှာ ထိုစဉ်က သူဖခင် လီရှောင်ဂျင်းက သူ့အနေဖြင့် သူ့သား၏ ဆိုးသွမ်း အကျင့်တန်မှုများကို ပြုပြင်ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပါကြောင်း အများပြည်သူအား တောင်းပန်ခဲ့ခြင်း ဖြစ် သည်။ ခု

တစ်ကြိမ်မှာလည်း အသက် ၇၄ နှစ်အရွယ် ဗိုလ်ချုပ်လီရှောင်ဂျင်းမှာ သူ့သား ဖမ်းဆီးခံရခြင်းအတွက် စိတ်ဖိစီး မှု ဖြင့် ကျန်းမာရေးပင် ထိခိုက်နေပြီး ယခုအသက် ၁၇ နှစ်သာ ရှိသေးသည်ဟု ဆိုနေသော သူ့သားမှာ အရွယ်ရောက်ပြီး ဖြစ်ကြောင်း သက်သေအထောက် အထားများကြောင့်လည်း အရှက်ကွဲစရာ ကြုံနေရသည်။ South China Morning Post က တင်ပြသော ဗီဒီယိုဖိုင် တစ်ခုတွင် လီရှောင်ဂျင်းက ၂၀၀၆ ခုနှစ်တွင် သူ့သား အသက် ၁၂ နှစ် ရှိပြီဟု ဆိုထား သည့် အတွက် ယခုအခါ သူသားအသက် ၁၉ နှစ် ရှိပြီဖြစ်ကြောင်း ထင်ရှားနေရာ အရွယ်မရောက်သေးသူအဖြစ် လျှော့ပေါ့ အပြစ်ပေး ခံရရန် ၁၇ နှစ်ဟု လိမ်လည်ထားကြောင်း ပေါ်လွင်လာခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၁ မှာကဲ့သို့ "အရွယ် မရောက်သေးသူ အဖြစ်" အစား "အရွယ်ရောက်ပြီးသူ အဖြစ်" စစ်ဆေးစီရင်သင့်ကြောင်း ရည်ညွှန်းကြခြင်း ဖြစ်သည်။ သို့သော် တရားရုံးက လီတိန်ရီကို အရွယ်မရောက်သေးဟု သတ်မှတ်ပြီး သတင်းသမားများကို တရားရုံး အတွင်းသို့ ၀င်ခွင့်မပြုဘဲ အမှုကိုလည်း အများပြည်သူရှေ့ စစ်ဆေးခြင်း မပြုခဲ့ပေ။

သို့သော် ကြာသပတေးနေ့က တရားရုံး စီရင်ချက်တွင် လီတိန်ရီသည် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ကျန်လေးဦးမှာလည်း သုံးနှစ်မှ ၁၂ နှစ်အထိ ပြစ်ဒဏ်များ အသီးသီး ကျခံရကြောင်း နိုင်ငံတကာ သတင်းများအရ သိရပါသည်။ တရားသူကြီးက ယခုအမှု၏ စီရင်ချက်မှာ ယနေ့ တရုတ်အထက်တန်းလွှာများ ဘ၀ကို မီးမောင်းထိုးပြ လိုက်ခြင်း ဖြစ်သည်ဟုပင် ဆိုလိုက်သည်။ ထို့ပြင် လီတိန်ရီပြောသော ယင်းမိန်းကလေးမှာ ပြည့်တန်ဆာ တစ်ဦးသာ ဖြစ်သည်ဆိုခြင်းမှာ ယခုအမှုနှင့် မသက်ဆိုင်ဘဲ အဓိက အချက်မှာ ကာမဆက်ဆံမှုကို အမျိုးသမီးက သဘောတူညီသည် မတူညီသည် ဆိုသည်က အရေးကြီးကြောင်းလည်း ပြောကြားသည်။ တရားရုံး၏ အဆိုအရ လုံခြုံရေး ကင်မရာ မြင်ကွင်း တွင် လီတိန်ရီက မိန်းကလေးကို ဟိုတယ်ဓာတ်လှေကားတွင်း ဇွတ်ဆွဲသွင်းပြီး မျက်နှာကို ရိုက်နှက်သည်ကို တွေ့ရ ကြောင်း၊ မိန်းကလေး အ၀တ်ကို ဆွဲချွတ်သည်ကိုလည်း တွေ့ကြောင်း သိရသည်။ သို့သော် လီတိန်ရီသည် ယခုပြစ်မှုတွင် ဦးဆောင်ကျူးလွန်သူဟု ထင်ရှားသော်လည်း အရွယ်မရောက်သေးသူ ဖြစ်သဖြင့် ညှာတာစွာ ပြစ်ဒဏ်ပေးခြင်း ဖြစ်ကြောင်း လည်း ဆိုထားသည်။ အတူကျူးလွန်သော အသက်အရွယ်ရ အမျိုးသားမှာ ပြစ်မှုကို ၀န်ခံသည့်အပြင် ပူးပေါင်းဆောင်ရွက် မှု လည်း ရှိသည့်အတွက် ၁၂ နှစ်သာ အပြစ်ပေးခဲ့ကြောင်း၊ အခြား အရွယ်မရောက်သေးသော လူငယ်နှစ်ဦးမှာလည်း အပြစ်ဝန်ခံပြီး နစ်နာသူကိုလည်း တောင်းပန်သည့်အတွက် ပြစ်ဒဏ်ကို ရွှေ့ဆိုင်းပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

တရားရုံး၏ ဖော်ပြချက်အရ ယင်းပြစ်မှုမှာ အမှန်တကယ် ကျူးလွန်ခဲ့ကြောင်း ပေါ်လွင်သည်ဟု ယူဆရသည်။ သို့သော် တရုတ်ရဲ သုတေသန အရာရှိ တစ်ဦးက အများပြည်သူ၏ ဒေါသမှာ ယခုအမှုတွင် သက်ရောက်မှုရှိကြောင်း ပြောခဲ့သလို တရုတ်ဆိုရှယ် မီဒီယာ သုံးစွဲသူ တစ်ဦးကလည်း "အများပြည်သူ ထင်မြင်ချက်က ဥပဒေကို လမ်းလွဲပို့နေတာကတော့ တရုတ်နိုင်ငံ ဥပဒေစိုးမိုးမှုမှာ အတားအဆီး အနှောင့်အယှက် တစ်ခုပဲ" ဟု ဖော်ပြခဲ့သည်။ လီတိန်ရီ၏ ရှေ့နေကလည်း နှုတ်ဖြင့် သက်သေထွက်ချက်ဖြင့် အမှုကို ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်းမှာ တရားမျှတမှု မရှိဟု ဆိုခဲ့သည်။ မည်သို့ဆိုစေ ယခုအမှုတွင် အများပြည်သူ၏ ထင်မြင်ချက်က ဥပဒေကို လွှမ်းမိုးသည်ဟု မြင်သည့်သူများ ရှိသည်ဆိုသည့်တိုင် တရားရုံး အနေဖြင့် ဥပဒေနှင့် အညီနှင့် မျှမျှတတဖြစ်ရန် ကြိုးစားဆောင်ရွက် ခဲ့သည်ဟု ယူဆစရာ ရှိနေသည်။ လီတိန်ရီသည် အသက်ပြည့်ပြီးသူ ဖြစ်ကြောင်း မီဒီယာက သက်သေပြချက် ဖိအားရှိနေသည့်တိုင် တရားရုံး၌ ထိုသို့စစ်ဆေး တွေ့ရှိချက် မပေါ်ပေါက်သည့်အတွက် အရွယ်မရောက်သေးသူ အဖြစ်သာ စစ်ဆေးခဲ့ပုံ ပေါ်သည်။ သို့သော် ပြစ်ဒဏ်ဆယ်နှစ်မှာ နည်းလှသည်ဟု မဆိုသာပါ။ သို့ရာတွင် တရုတ်မျက်မှောက် လူ့အဖွဲ့အစည်းကို မယုံကြည်နိုင်သူ ပြည်သူအချို့က "ဒီကောင် ဆယ်နှစ်လည်း မနေပါဘူး။ မကြာခင် ပြန်လွတ်မှာ" ဟု ပြောနေကြဆဲ ရှိသည်။

မည်သို့ဆိုစေ အာဏာနှင့် ငွေကြေးအရှိန်အ၀ါ မြင့်သူတို့၏ ဒုတိယ မျိုးဆက်က အခွင့်ရေးယူ ရမ်းကားခြင်း၊ ဥပဒေ၏ အထက်က ရှိနေတတ်ခြင်းတို့ကို ကြုံရပါများပြီး သည်းမခံနိုင်အောင် ဖြစ်နေသော အများပြည်သူ၏ ဖိအားမည်သို့ ရှိသည်ပဲ ဖြစ်စေ အများပြည်သူကို တောင်းပန်ခဲ့သော တေးသံရှင် ဗိုလ်ချုပ်လီရှောင်ဂျင်း၏ အများပြည်သူအပေါ် တန်ဖိုးထား လေးစား ရကောင်းမှန်း သိမှုနှင့် တရားရုံးက မည်သည့်ဘက်ကိုမျှ တစ်ဖက်သတ် ဖိနှိပ်မှုမပြုဘဲ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့မှု တို့ကို အသိအမှတ် ပြုရမည်သာ ဖြစ်ပါသည်။
တရုတ်နိုင်ငံသည် ကွန်မြူနစ်နိုင်ငံဟု တရားဝင် ဆိုထားပြီး ဒီမိုကရေစီ နိုင်ငံပါဟုလည်း မဆို။ ပါတီစုံ ရွေးကောက်ပွဲဖြင့် တင်မြှောက်ထားသော အစိုးရလည်း မဟုတ်ပါ။ ထို့ပြင် အများပြည်သူ၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အတွက် မေးခွန်းအထုတ် ခံရတတ်သော နိုင်ငံမျိုးလည်း ဖြစ်သည်။ သို့ရာတွင် ယခုသတင်းကို ဖတ်ရသောအခါ တရုတ်ဗိုလ်ချုပ် တစ်ဦးက အများပြည်သူ၏ ထင်မြင်ချက်ကို အလေးထားပြီး မိမိအပြစ်ကို ၀န်ခံကာ မိမိသားအတွက် တောင်းပန်ရန် ၀န်မလေးပုံ၊ သားအသက်ကို လိမ်သည်မှအပ အခြားပိုမို လွယ်ကူသော တရားရုံးကို စွက်ဖက်လွှမ်းမိုးခွင့် ဗိုလ်ချုပ်လီရှောင် ဂျင်း ရနိုင်ခြင်းရှိဟန် မတူပုံနှင့် တရားရုံးကလည်း အများပြည်သူ၏ အမြင် (Public Opinion) နှင့် ဥပဒေ စိုးမိုးမှု (Rule of Law) တို့ကို ချိန်စက်ဆောင်ရွက် နိုင်ပုံတို့ကို လေးစားဖွယ်အဖြစ် မြင်ရပါသည်။

အာဏာရှင် စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံပါဟု ဆိုနေသော အာရပ်နွေဦး တော်လှန်ရေးဝင် နိုင်ငံများ၊ အထူးသဖြင့် အီဂျစ်လို နိုင်ငံမျိုးနှင့် ကမ္ဘာ့အခြား ဒီမိုကရေစီ အမည်ခံထားရာ နိုင်ငံမျိုးများတွင် ရိုက်နှက်ရမ်းကားမှု လွန်ကျူးပြီး ပြည်သူကို စော်ကားစိန်ခေါ်ခဲ့သော သားမျိုးအတွက် မိမိမှာ တာဝန်ရှိပါသည်ဟု တောင်းပန်သော ဗိုလ်ချုပ်မျိုး မြင်ရနိုင်ပါ့မလားဟု စဉ်းစားတွေးတော နေမိသည် ဆိုပါလျှင်။

မောင်လွင်မွန် (ကသာ)
Posted: 02 Oct 2013 10:05 AM PDT
တပ်မတော်၏ လိုလားချက်ဖြစ်သောခေတ်မီတပ်မတော်ဖြစ်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ပေးနိုင်ပါက အခြေခံဥပဒေနှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ  ပြုလုပ်ရာတွင် ချောမွေ့မည်ဖြစ်ပြီး
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်တပ်မတော်၏ မက်လုံးများကိုမှု သတိပြုရမည်ဖြစ်ကြောင်း စက်တင်ဘာ၂၉ရက်က တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်သော
 မြန်မာ့နိုင်ငံရေးအကူး အပြောင်း၏အခွင့်အလမ်းနှင့်စိန် ခေါ်မှုများစကားဝိုင်းတွင်နိုင်ငံရေး သုတေသီဦးမင်းဇင်ကပြောသည်။

""ကျွန်တော်တို့ကတပ်မတော် ဘာလိုချင်လဲဆိုတာသိဖို့လိုတယ်။ စိတ်ကောင်းရှိပြီးလုပ်ပေးတယ်ဆို ရင်တော့အတိုင်းတက်အလွန် ပေါ့။အခုလို Liberalization (လျော့ပေါ့မှု)တွေလုပ်လာတာ Incentives (မက်လုံး)တွေရှိလို့ "" ဟု၎င်းကပြောသည်။ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအရနိုင်ငံ တော်၏အခန်းကဏ္ဍများတွင် တပ်မတော်၏ပါဝင်ပတ်သက်မှု များနှင့်ပတ်သက်၍နိုင်ငံရေးအသိုင်း အ၀ိုင်းများတွင်ဝေဖန်မှုများရှိနေ ပြီး၊နိုင်ငံရေးနှင့်ကာကွယ်ရေးကို သာအဓိကလုပ်ဆောင်မည့်အဖွဲ့ အစည်းဖြစ်စေချင်ကြောင်းဒေါက် တာသောင်းထွန်းကပြောသည်။

စက်တင်ဘာ (၂၉)ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး(သို့)အသစ်ပြန်လည်ရေးဆွဲ ရေးအတွက်တွေ့ဆုံမှုအပြီးတွင် ထုတ်ပြန်ကြေငြာခဲ့သည့်ကြေငြာ ချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ""တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်"" ဟုပြဋ္ဌာန်း ထားသဖြင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအသစ်ရေးဆွဲ ခြင်းမှာတပ်မတော်အားဖိတ်ခေါ် ဆွဲသွင်းရာရောက်ပါသည်"" ဟု ဖော်ပြပါရှိကြောင်းသိရသည်။

၂၀၁၃ခုနှစ် အောက်တိုဘာလအတွင်းတွင်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှုလက်မှတ်ကိုလွှတ်တော်တွင်လက်မှတ်ရေးထိုး နိုင်မည်ဟု
ပြည်ထောင်စုငြိမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ကမီဒီယာများသို့ပြောကြားခဲ့ဖူး သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ များဖြစ်သည့်ဦးမော်သန်း၊ ဒေါက် တာသောင်းထွန်း၊ ဦးမင်းဇင်တို့က မြန်မာ့နိုင်ငံရေးအကူးအပြောင်း ၏အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်စက်တင်ဘာ ၂၉ ရက်နေ့ကရွှေဂုံတိုင်တော်ဝင် နှင်းဆီတွင်စကားဝိုင်းဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြသည်။

အဆိုပါစကားဝိုင်းသို့ပါတီ အဖွဲ့အစည်းများနှင့်ဒီမိုကရက် တစ်အင်အားစုများ၊ မျိုးဆက်သစ် လူငယ်များတက်ရောက်ဆွေးနွေး ကြပြီး၊ပညာရှင်များကပြည်တွင်း ငြိမ်းချမ်းရေးနှင့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးစားပေးဟောပြောခဲ့ကြကြောင်း သိရသည်။

"၂၀၀၈ ဥပဒေမှာအဓိကကျ တာ တပ်မတော်ပဲ၊တပ်မတော်ကို စိတ်ကောင်းရှိသလားမေးရမှာဖြစ် ပါတယ်၊ တိုင်းပြည်ရဲ့အရေးကြီး ဆုံးအင်စတီကျူးရှင်းသုံးခုဟာ

 ၁။ဒီမိုကရေစီစံနှုန်းပြည့်ဝတဲ့ခိုင်မာ တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊

၂။ ပြည်တွင်းငြိမ်းချမ်းရေး

၃။ လက်နက်ကိုင်အင်အားစုတပ်မ တော်ပဲဖြစ်ပါတယ်

အခုငြိမ်းချမ်း ရေးဆွေးနွေးနေတဲ့နေရာမှာအရေး ကြီးတာကစားပွဲပေါ်မှာတင်ပြီး ငြိမ်းချမ်းရေးကိုဆွေးနွေးနေပေမယ့် စားပွဲအောက်မှာငါ့အကျိုးစီးပွား ဟာဘာလဲသူ့အကျိုးစီးပွားဟာ ဘာလဲမပြောနိုင်သေးဘူးပြောနိုင် ရင်တော့ဒါအကောင်းဆုံးပဲ" ဟု ရှစ်လေးလုံးလူထုအရေးတော်ပုံ ကျောင်းသားတစ်ဦးဖြစ်ခဲ့ပြိးယခု ဘားကလေးယူနီဗာစတီတွင် စာတန်းပြုစုနေသည့်ဦးမင်းဇင်က ပြောကြားလိုက်သည်။

ဆက်လက် ပြီးအမျိုးသားပြန်လည်သင့်မြတ် ရေးအတွက်ခေါင်းဆောင်ကောင်း နှင့်ပတ်သက်၍လည်း "ပေါ်လယ် တီကယ်ဆိုင်းရင့်စ်ကတော့ခေါင်း ဆောင်အဓိကဆိုတာကိုအားမပေး ဘူး၊ဒါပေမယ့်အခုအချိန်မှာတော့ ခေါင်းဆောင်ကအရေးပါနေတယ်၊ နယ်လ်ဆင်မင်ဒဲလားလို ဗိုလ်ချုပ် အောင်ဆန်းလိုခေါင်းဆောင်မျိုး လိုတယ်၊အဲဒါမရှိရင်တော့နိုင်ငံရေး အပေးအယူတည့်အောင်ဈေးညှိ ဖို့ဆိုတာမလွယ်ဘူး" ဟုဦးမင်းဇင် ကဆိုသည်။

အခမ်းအနားကိုအပြန်အလှန် မေးမြန်းဆွေးနွေးမှုများဖြင့်အဆုံး သတ်ခဲ့ကြပြီး၊ယင်းအခမ်းအနား အတွက်သံလွင်အဖွဲ့နှင့် IPSJ အဖွဲ့တို့ပူးပေါင်းစီစဉ်ခြင်းဖြစ် ကြောင်းသိရသည်။

ဘိုဘိုမင်း၊နောင်နောင်
hotnewsweekly.com
Posted: 02 Oct 2013 09:38 AM PDT

ဒီစာကို ရေးနေတဲ့ ၂၀၁၃ စက်တင်ဘာ ၂၇ ရက်မှာ ကျုပ်ရဲ့နိုင်ငံရေးဘဝ ၂၅ နှစ်တိတိ ပြည့်မြောက်တယ်ဗျာ။ အရေးကိစ္စမြားမြောင်တဲ့ လူ့ဘောင်လောက အတိုင်းအထွာ မဟာဗျူဟာနဲ့ တန်းညှိလိုတော့ မဖြစ်ဘူးပေါ့။ လောကတံထွာအတိုင်းအတာ ပမာဏကတော့ ရှည်လျားပါဘိခြင်းပေါ့ဗျာ။ အဲဒီ အချိန်ကာလ အတိုင်းအတာ ရှည်ကြာတဲ့ နိုင်ငံရေးသံသရာကြီးထဲမှာ ၂၅ နှစ်ဆိုတာ မျက်စိတမှိတ်၊ လျှပ်တပြက်သာဖြစ်တယ်လို့ ဆိုရမှာပဲဗျာ။

လူ့ဘဝသက်တမ်း ပုဂ္ဂလိကသက်တမ်းနဲ့တိုင်းလို့ကတော့ ကာလတော်တော်ရှည်ကြာကြီးဗျ။ လူတို့ဘာဝလောဘနဲ့ တိုင်းတာရင် လောဘဆိုတာ (ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးဖွဲ့သလို) 'တောင်ကျရေ နွားနှစ်ကောင်မဝသလို' လိုက်မဆုံး၊ မိုက်မဆုံး ကာလရှည်ကြီးဗျ။ ဒေါသနဲ့ တိုင်းတာရင် လောကဆိုတာ 'ကမ္ဘာမကျေဘူး' အရေးတော်ပုံ ဟစ်ကြွေးတဲ့ကာလရှည်ကြီးဗျ။ မောဟနဲ့တိုင်းတာရင် အာဏာရှင်ငမိုက်သားတို့ကို ရုန်းကန်ရမှန်းသိ၊ ကုန်းခံရင်း အရှုံး သံသရာလည်နေကြရတဲ့ ကာလရှည်ကြီးဗျ။

အဲဒီနိုင်ငံရေးဘဝကာလတို၊ လူ့ဘဝကာလရှည်တည်းဟူသော ၂၅ နှစ်ကာကို ကျုပ်ဖြတ်သန်းခဲ့တယ်။ ပြည်သူ့ အာဏာ မဟာအောင်ပွဲ စိတ္တတက္ခဏမှာ ကျုပ်မြောနေခဲ့တယ်။ ဒီလိုနဲ့ အနိစ္စသဘောအရတော့ ကျုပ်လဲ ကိစ္စချော ရတော့မှာပေါ့။

အဲဒီ့ကာလရှည်ကြာ တိုတောင်းစွာကို ကျုပ်ခမျာကတော့ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို မဗေဒါ စုန်ဆန်ကြော မျောတာကို ကျူရိုးရှင် ထိုင်ကြည့်သလိုမျိုး ဥပေက္ခာမျက်စိနဲ့ ထိုင်မကြည့်နိုင်ဘူးဗျာ။

လောကဓံကို ကြောက်ပြေးတဲ့ ရွှေသမင်လိုလဲ ကျုပ်မလုပ်ချင်ဘူး။ ငွေရတုကို ကျုပ်သမင်လည်ပြန် မကြည့်ဘူး။ ငါဟဲ့ယောက်ျား ရင်ဆိုင်ခြင်း၊ ငါဟဲ့ယောက်ျား ခြင်္သေ့မင်း စိတ်ဓာတ်နဲ့ ခြင်္သေ့လည်ပြန်ခြင်းနဲ့ပဲ ကြည့်တယ်။ သမင်ကြည့်တာ အကြောက်ကြည့်၊ အပြေးကြည့်၊ အရှုံးကြည့်။ ခြင်္သေ့ကြည့်တာ အရဲကြည့်၊ အဆိုင်ကြည့်၊ အနိုင်ကြည့်။

ဘာ့ကြောင့် ကျုပ်ငွေရတုကို ခြင်္သေ့လည်ပြန် ကြည့်နိုင်သလဲ။

ဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီးမှာ အရေးတော်ပုံတပ်သားတစ်ယောက်အဖြစ်နဲ့ ကျုပ်ပါဝင်လှုပ်ရှားခဲ့တယ်။

လွတ်လပ်စွာရေးသားခွင့်၊ ပွင့်လင်းမြင်သာခွင့်၊ ပြည်သူ့ဆန္ဒဖော်ထုတ်ခွင့်၊ အမှန်တရားအလင်းဆောင်၊ အမှားတရား အမှောင်ခွင်းခွင့် တိုက်ပွဲတွေကို လမ်းဖောက်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပြည်သူ့အရေးတော်ပုံကြီးရဲ့ အမွေခံ၊ အောင်လံလွှင့်နိုင်ငံရေးပါတီကြီး တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့တယ်။ အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ ထောင်ထဲရောက်ခဲ့တယ်။ ဆယ်စုနှစ် နှစ်စုအကြာ ထောင်ကလွတ်တော့ ကျုပ် အပြာရောင် ထောင်ကန့်ကွက် ဝတ်စုံအမြဲဝတ်ခဲ့တယ်။ ထောင်ထဲမှာ ဒီမိုကရေစီပိုင်ခွင့်၊ လူ့အခွင့်အရေး ပြည့်ဝခွင့်တွေ တိုက်ပွဲဝင်ခဲ့တယ်။

'စုလွှတ်တွေ့'လှုပ်ရှားမှုနဲ့ ဒေါ်စုနဲ့နိုင်ငံရေး အကျဉ်းသားအားလုံးးလွှတ်ရေး၊ လွှတ်တော်ကျင်းပရေးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တောင်းဆိုခဲ့တယ်။

'ရံသုံးရံ' လှုပ်ရှားမှုနှင့် ဒေါ်စုကို ဝန်းရံကြ၊ ဒီချုပ်ကို ဝန်းရံကြ၊ လွှတ်တော်(ပြည်သူ့အာဏာ)ကို ဝန်းရံကြဖို့ လှုံ့ဆော်ခဲ့တယ်။

'နိုးသုံးနိုး' လှုပ်ရှားမှုနဲ့ စစ်အာဏာအခြေခံဥပဒေသစ် အမှတ်ခြောက်အခြေခံမူဝါဒ (တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုကဏ္ဍတွင် ပါဝင်ရေး) ဖျက်သိမ်းရန်၊ အလျော့ပေးစေ့စပ်မှု လုံးဝမပြုရန်၊ ဒူးထောက်လက်မြှောက်ပုဒ်မ ၄၀၁ ဘယ်တော့မှ လက်မှတ်မထိုးရန် တိုက်ပွဲဝင်ခဲ့တယ်။

ထောင်ကလွတ်တော့ ဒီချုပ်မှာ မဝရေစာ နိုင်ငံရေးတာဝန် ဆက်ယူတယ်။ ၂၀၀၉ မှာ 'လူထုကို မျက်နှာမူကြ' လှုပ်ရှားဖော်ခဲ့တယ်။ ရွှေဂုံတိုင် ကြေညာစာတမ်း ကြေညာခဲ့တယ်။ 'လှေခွက်မကျန် အောင်လံမလှဲ' လှုပ်ရှားမှု နှိုးဆော်ခဲ့တယ်။

လွှတ်တော်တွင်းလှုပ်ရှားမှုနဲ့အတူ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားခဲ့တယ်။ ဒီချုပ်ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေ ဖြစ်တဲ့တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ဝန်းရံခဲ့တယ်။

ကျုပ်က မသေကောင်းမပျောက်ကောင်းလို့ မသေမပျောက်သေးတာ။ ခေတ်ဝန်ကတော့ ဖြစ်စဉ်ပြောင်းခဲ့ပြီ။ အသက် ၆၀ မှာ နိုင်ငံရေး ဝိညာဉ်တွယ်ခဲ့လို့ ထောင်ထဲရောက်ခဲ့တယ်။ ထောင်ထဲမှာ သတင်းဝိညာဉ်ရှင်ပြန်ထမြောက်လို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မီဒီယာထိုးစစ် ဒီရေမြင့်သစ်ခဲ့တယ်။ 'ဒီလှိုင်း' ဆိုတာ ထောင်ရေစက်။ ထောင်ထဲမှာ ကျုပ်တို့ထုတ်ခဲ့တဲ့ စာစောင်နာမည်။ ဒီမိုကရေစီဆူနာမီ ရေငလျင် ဒီလှိုင်းကြီးပေါ့။

'ဒီလှိုင်း' ခရီးဆက်တော့ ကျုပ်အသက် ၈၀ ကျော်ပြီ။ နိုင်ငံရေးသမုဒ္ဒရာ ပင်လယ်ပြင်ကျယ်မှာ ကျုပ်ထင်သဟယ် မြင်သဟယ် အခြေခံမဏ္ဍိုင်တွေ မထူနိုင်ပါဘူး။

ဒီလှိုင်းမှာ ကျုပ်နိုင်ငံရေးသရော်စာတွေ ရေးတယ်။ အခါများစွာ ရှုးကြောင်ပေါချာ စာထိုးစာနှက်တွေပါပဲ။ ဖက်ပျော်ရုံလောက်ပါ။ ကရော်ကမည် လွှတ်လိုက်လို့လည်း မရဘူး။ ပါတီကြီးက ရှေ့ကခံနေသေး။ တုန့်ခနဲ ဘရိတ်အုပ်လိုက်လို့ကလဲ မဖြစ်။ လူထုက နောက်ကခံနေသေး။ ဒီလိုနဲ့ ရှေ့မရောက်၊ နောက်မလန် စာပေမသန်စွမ်းတွေကို ကျုပ်ရေးလာခဲ့တယ်။

အခုတော့ လေလျှော့ချိန်တန်ပြီ။ ကလောင်လဲပမ်း၊ လူလဲနွမ်းပြီ။ အနောက်တိုင်း စာပေအသုံးအနှုန်းအတိုင်းဆိုရင် ငန်းသီချင်း Swan Song ဆိုသင့်ပြီ။ မရဏတေးသီသင့်ပြီပေါ့။ မျောက်မင်းအူသံ ဟစ်သင့်ပြီပေါ့။ ကျုပ်အသက် နှစ်ရှစ်ဆယ် သက်တမ်းတစ်ဝက်ကျိုးခဲ့ပြီ။ ဒီရေမြင့်သစ် ဒီရေမစစ်ခင် ခေတ်ဝန်တွေအထမ်းလျှော့ရတော့မယ်။ ခေတ်လမ်းတွေ အလှမ်းလျှော့ရတော့မယ်။

နိုင်ငံရေးသမား၊ သတင်းသမား ဆိုတာ အသက်မသေမီအထိသာ ထက်မြက်ထိရောက်နိုင်တာဗျ။ လူဆိုတာ ခန္ဓာကိုယ်အတ္တဘောကြီးဘုံးဘုံးလဲသေပျောက်သွားမှ စခန်းသိမ်းတာ မဟုတ်ဘူးဗျ။ ဥာဏ်သေရင်လဲ တစ်ဇာတ်သိမ်းပြီ။ ဥာဏ်သေတယ်ဆိုတာ မိမိရဲ့အသိအာရုံတွေကို အခါမလပ် စုစည်းသိမ်းရုံအသုံးချနိုင်ခြင်း မရှိတာကိုပြောတာ။


လူတိုင်းဟာ ဥာဏ်သေတာကို သိမှတ်ရမယ်။ ဥာဏ်သေသွားရင် နိုင်ငံရေး၊ လူမှုရေး ဦးဆောင်မှုကဏ္ဍတွေကို ဆင့်ကမ်းရမယ်။ လွှဲပြောင်းရမယ်။ အဖွဲ့အစည်း ကုလားထိုင် ဖက်သေမယ် မကြံရွယ်ရဘူး။ အဲသလိုဆို လူသေရုံမက အဖွဲ့အစည်း၊ ကုလားထိုင်ပါ အတူသေမယ်။

ကျုပ်ကတော့ ပါတီတာဝန်ထမ်းရွက်တဲ့ သက်တမ်းအစိတ်မှာ ကနဦးကတည်းက အချိန်တန်ရင် စာရင်းပိတ်ဖို့ ကြံရွယ်ပြီးသားဗျ။ ဒါကို လူကြီးတွေလည်း တင်ပြပြီးသားဗျ။

ဒီတော့ ကျုပ်ရဲ့နိုင်ငံရေးပါရမီဖြည့်လုပ်ငန်းစဉ်အတိုင်း ကျုပ်အခု ဥာဏ်သေစ ပြုချိန်မှာ 'ဒီလှိုင်း' က လောင်ရွက်လွှင့်မှုတွေ လေလျှော့ချတော့မယ်။ ရိက္ခာမစား၊ စာမူခတစ်ပြားမယူ၊ အကြံပေးသာလုပ်ခဲ့တဲ့ 'ဒီလှိုင်း' လုပ်ငန်းတာဝန်တွေကို ဖဲ့ချွေသေးမွှာတော့မယ်။

ဒီချုပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း အထိုးအနှက် အရုန်းအကန်ဖျော့တော့မယ်။ လျှော့တော့မယ်။

နှစ်ဆယ့်တစ်ရာစု ဒီချုပ် ရှေ့ခရီးမှာ လူငယ်အားသစ်တွေ စိတ်သစ်၊ မာန်သစ်၊ ဥာဏ်သစ်၊ ဈာန်သစ်၊ ဟန်သစ်တွေနဲက တက်လှမ်းကြပါစို့လို့ပဲ တိုက်တွန်းပါတယ်။

လူငယ်တွေ ရှေ့တန်းက ချီကြပါ။ ကျုပ်တို့ အိုနာကျိုးကန်းတွေ နောက်က ထပ်ချပ်လိုက်ကြမယ်။


အရေးတော်ပုံစိတ်ဓာတ် ခိုင်ခိုင်မြဲကြ

ဒီချုပ်စွမ်းအား သန်သန်မွေးကြ

ပြည်သူ့အာဏာ မာမာကိုင်ကြ

နှစ်ဆယ့်တစ်ရာစုနိုင်ငံရေး ပြင်းပြင်းထူကြ

ဒေါ်စုခေါင်းဆောင်မှုနောက်

နောက်နွားသိုက်လို ဖြောင့်ဖြောင့်လိုက်ကြ

အတိုက်အခံ ဥာဏ်မာန်မြဲကြ။


ဟံသာဝတီဦးဝင်းတင်


ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၃၈)။
Posted: 02 Oct 2013 08:14 AM PDT
ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ပြည်လမ်းအပေါ်က အင်းလျားကန်ဘောင်မှာ အပန်းဖြေ လာရောက်သူတွေ အနေနဲ့ အနားယူရင်းနဲ့ အင်တာနက်သုံးလို့ရအောင်လို့ တပ်ဆင်ပေးထားတာပါ။ ၂၄နာရီ အသုံးပြုလို့ ရမှာပါ"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းအပြင် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးစွဲခွင့်အပြင် ကန်ပေါင်လုံခြုံရေးအတွက် CCTV ကင်မရာ နှစ်လုံးပါ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။ "CCTV ကင်မရာနှစ်လုံးကိုလည်း ကန်ပေါင်လုံခြုံရေးအတွက် တပ်ဆင်ထားပါတယ်။ ပြည်လမ်း
ဘက်ကို မျက်နှာမူပြီး ထားတာကတစ်ခု၊ ကန်ဘောင်ဘက်ကို မျက်နှာမူပြီး ထားတာက တစ်ခုပါ။

အဓိက ကတော့ အင်းလျားကန်ပေါင်နဲ့ ပြည်လမ်းအပေါ်မှာ မှုခင်းတွေ မဖြစ်အောင်လို့ပါ"ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။ အင်းလျားကန်ဘောင်တွင် လာရောက်
အပန်းဖြေသူ မဆွေဇင်က "ကန်ဘောင်မှာ အခုလို အခမဲ့ ဝိုင်ဖိုင် သုံးလို့ရပြီးဆိုတော့ အလွန်အဆင်ပြေပါတယ်။ အရင်ကဆိုရင်တော့ လေညှင်းခံရုံလောက်ပဲ လာကြတာ။ အခု အင်တာနက်လိုင်း သုံးရတာမဆိုးလို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်း လာသုံးဖြစ်ပါတယ်"ဟု ဆိုသည်။

Myanmar ICT
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment