Saturday 26 October 2013







Posted: 20 Oct 2013 11:46 PM PDT
"ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်"
ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။ ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား "လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်" ဟု၍ဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။

ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။ ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။ ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။

၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့ ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။ ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။

ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။ ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ "ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်" ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ တိုက်၊ ပဉ္စဂံ စာပေတိုက်)နှင့် ကျွန်တော်၏ ခံစားချက်စကားလုံးများအား ကွန်ပျူတာ စာရိုက်ကူညီပေးခဲ့သော ကျော်ဟိန်း (FFSS)၊ ဇော်စိုင်း (FFSS)၊ ဝံသ (FFSS)၊ ဇူးဇူး (FFSS)နှင့် လိုအပ်သော အချက်အလက်များအား ရှာဖွေစုဆောင်းပေးခဲ့သော ဇာနည်ထက် (FFSS)၊ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးပေးခဲ့သော ရောဘတ်အောင် (FFSS) တို့အပြင် အမှာစာ ရေးသားကူညီပေးခဲ့သော ဘဘဦးဝင်းတင်၊ ဘကြီးမိုး (ဦးမိုးသူ)၊ ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ အယ်ဒီတာချုပ်)တို့အား၎င်း မျက်နှာဖုံးပန်းချီဖန်တီးပေးခဲ့သော ပန်းချီဆရာ ဦးတင်ထွန်း၊ အတွင်းပန်းချီများအား ဖန်တီးရေးဆွဲပေးခဲ့သော ပန်းချီဆရာ မင်းကျော်ခိုင်(USA-NY)၊ မမွှေး၊ ပန်းချီ လင်းဝဏ္ဏ၊ ကာတွန်း မောင်မောင်အောင်တို့နှင့် ဇာတ်ညွှန်း လွင်မင်းအံ့တို့အားလည်း ကျွန်တော်၏ နှလုံးသားထက်မှ ကျေးဇူး တင်မိပါတော့သည်။ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)၏ အကြံပြုချက်အရ ကျွန်တော်၏မွေးနေ့ဖြစ်သော နိုဝင်ဘာလ (၂)ရက်နေ့ မတိုင်မီ မွေးနေ့အကြိုအဖြစ် နိုဝင်ဘာ (၁)ရက်နေ့အား စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်ခဲ့ကြတော့သည်။

ကျွန်တော်၏ "ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်" ဟူသော ခေါင်းစီးနှင့်ပတ်သတ်၍ ကျွန်တော်ရှင်းလင်း ထားချက်အားလည်း ယင်းစာအုပ်တွင်ပါရှိသည်။ "ဖြစ်ချင်တယ်" နှင့် "ဖြစ်ခဲ့ရင်"တို့သည် အဓိပ္ပါယ်ချင်း ကွာခြားမှု ရှိသည်ကို သတိထားစေချင်တော့သည်။ ကျွန်တော်သည် အများပြည်သူလူထု မြန်မာပြည်သူ/သားများအတွက် စွန့်လွှတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေရသော၊ မြန်မာပြည်ကြီးအား ကျေးဇူးဆပ်နေသော သူတစ်ယောက် ဖြစ်သည်နှင့်အညီ မြန်မာပြည်သူလူထုတို့၏ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ လူမှုဒုက္ခပေါင်းများစွာတို့ သည် ကျွန်တော့်နှလုံးသားထဲ ထပ်တူထပ်မျှ ခံစားလာခဲ့ရသည်။

"ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်" စာအုပ်သည်ကား "ပြည်သူ့အသံ … ကျော်သူ့အသံ" "ကျော်သူ့အသံ … ပြည်သူ့အသံ" ဖြစ်တော့သည်။ ထိုထိုသော အကြောင်းများကြောင့် "ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်"စာအုပ်၏ အမည်မှာ "ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင်" ဟူ၍ ဖြစ်သင့်တော့သည်။
ကျော်သူ
Posted: 20 Oct 2013 03:59 PM PDT
ယခုလအတွင်း မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ဗုံးဖောက်ခွဲသူများမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပြည်လည်တည်ငြိမ်စ ပြုနေပြီ ဖြစ်သော ဘာသာရေး ပဋိပက္ခများကို ပြန်လည်ဖြစ်ပွားစေရန် နိုင်ငံရေးရည်ရွယ်ချက် ရှိရှိလုပ်ဆောင် ခြင်း များသာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ဖြစ်သော နိုင်ငံခြားရင်းနှီး မြှပ်နှံများကိုထိခိုက်စေရန် ရည်ရွယ်ပြီးလုပ်ဆောင်သည်ဟူသော အချက်ကိုမူ ၄င်းအနေဖြင့် ယုံကြည်မှု မရှိကြောင်း ယခုလ ၂၀ရက်တွင် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
" ကားနဲ့လိုက်ပို့ပေးသူတွေရဲ့ ပြောပြချက်အရ သူ့ရဲ့အမူအယာနဲ့ လှုပ်ရှားမှုက သာသနိက အဆောက် အအုံတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်တယ်။ရွှေတိဂုံဘုရားကိုလည်း ခိုင်းထားတဲ့ကောင်လေးက မလုပ်ရဲလို့ လုပ်ရဲလို့ရှိရင် ဒါ့ထက်ပို ပြသာနာကြီးမယ်။ ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားတဲ့ နေရာတွေကို သူတို့က ပစ်မှတ်ထားပြီးလုပ်တယ်။ တကယ်လို့ အောင်မြင်သွားလို့ ရှိရင်လည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတွေရဲ့ ပဋိပက္ခကို ပိုကြီးအောင်လုပ်တယ်လို့ ထင်တယ်။ စီးပွားရေး ရင်းနှီးမြှပ်နှံမှု ထိခိုက်အောင် လုပ်တယ်ဆိုတာ အပေါ်ယံပြထားတဲ့ ကိစ္စလို့ပဲ ကျွန်တော်တို့က သုံးသပ်တယ်" ဟု ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ဗုံးပေါက်ကွဲမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူများသည် ဗုဒ္ဓဘာသာ၏ အထင်ကရဖြစ်သော ပုဂံရှေးဟောင်း နယ်မြေရှိ တန်ခိုးကြီး အာနန္ဒာဘုရားသို့ သွားရောက်လေ့လာ ကြည်ရူ့ခဲ့ခြင်းများရှိပြီး ရန်ကုန်မြို့ ရှိရွှေတိဂုံစေတီတော်မြတ်ကြီး၌ လည်းအစ္စလမ် ဘာသာဝင်တို့၏ ဘတ်ကရီအစ် နေ့တွင် ဗုံးဖောက်ခွဲရန် ကြံစည်မှုရှိခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုများ ကြောင့်ဖမ်းဆီးခံထားရသူ စောမြင့်လွင် နှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့သူ KNU ဗဟို မှဖဒိုမန်းငြိမ်းမောင်က ရှင်းပြသည်။

"ကားမောင်းပို့ပေးခဲ့တဲ့ ပုဂ္ဂိုလ်တယောက်က သူလိုက်ပို့ခဲ့တဲ့ ပုဂ္ဂိုလ်တွေက ပုဂံကိုနှစ်ခေါက် ရောက်တယ်။သွားတဲ့သူက ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး။ သာသန နယ်မြေပုဂံဆိုတာက ခင်ဗျားတို့ သိတဲ့အတိုင်းပဲ နိုင်ငံခြားသားတွေ သွားတယ်။ သူလေ့လာတာက အာနန္ဒာဘုရားကို အချိန်တစ်နာရီ ကြာအောင်လေ့လာတယ်။ အာနန္ဒာ ဘုရားဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲလှိုဏ် ဘုရားဖြစ်တယ်။ မကောင်းတဲ့ အကြံအစည်နဲ့ လုပ်မယ်ဆိုရင် အများကြီးအခွင့် အရေးရှိတယ်" ဟု ၄င်းက ဆက်လက်ပြောသည်။

ယခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ လုပ်ဆောင်သူများသည် KNU အောက်ခြေရှိသူများ၏ စိတ်ခံစားချက်အပေါ် ရှေ့တန်းတင်ကာ လုပ်ဆောင်ခဲ့သော ဖြစ်စဉ်များသာ ဖြစ်ပြီး KNU ၏သဘောထား မဟုတ်ကြောင်း KNU ဗဟိုကဆိုသည်။

မြန်မာပို့စ်ဂလိုဘယ်
Posted: 20 Oct 2013 03:43 PM PDT
ရခိုင့်သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချနေခြင်းအပေါ်ရခိုင်ပြည်နယ်ရှိလူထုအခြေပြုအဖွဲ့စည်းများ၏ သဘောထားထုတ်ပြန်ကြေငြာချက်

နေ့စွဲ။ ။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်။

သဘာဝသယံဇာတများ ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို "ပြည်သူ့သယံဇာတအဖွဲ့"မှ ဦးဆောင်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်မှ (၁၆) ရက်အထိ မြောက်ဦးမြို့၊ မြောက်ဦးဟိုတယ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်းများနှင့် ရခိုင့်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြပြီး မိမိတို့ ရခိုင်ပြည်နယ်မှထွက်ရှိသည့် သဘာဝသယံဇာတများအား ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာနှင့် အကျိုးခံစားခွင့်ရရှိရေး များကို ဘက်ပေါင်းစုံမှ ခြုံငုံသုံးသပ် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ယခင်အစိုးရအဆက်ဆက်နှင့် ဦးသိန်းစိန်အစိုးရ လက်ထက်တိုင်အောင် အကောင် အထည်ဖေါ်ဆောင်ရွက်လျှက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးအမည်ခံစီမံကိန်းများမှ ရခိုင်ပြည်သူများ၏ လူမှုစီးပွား အပေါ် အကျိုးသက်ရောက်မှုများနှင့် နစ်နာဆုံးရှုံးမှုများအပါအ၀င် ရခိုင့်တောတောင်သဘာဝများနှင့် ဂေဟစနစ်များ ထိခိုက်ပျက်စီးလာမှုများကိုလည်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပြီး နိုင်ငံခြားဝင်ငွေ များကို နိုင်ငံတော်အတွက် အများဆုံးရှာပေးနေသည့် ပြည်နယ်တစ်ခုဖြစ်သည်။ သို့သော်လည်း ရခိုင်ပြည်နယ် သည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးပြည်နယ်တခုဖြစ်ပြီး ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်နေသည်မှာ ရခိုင်ပြည်သူ တရပ်လုံးအတွက် ၀မ်းနည်းစရာအဖြစ် မြင်တွေ့နေရသည်။ လက်ရှိအချိန်တွင်လည်း ရခိုင်ပြည်သူထုဆန္ဒမပါရှိဘဲ ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို တရုတ်ပြည်သို့ ထုတ်ယူတင်ပို့ရောင်းချထားပြီး၊ အထူးစီးပွားရေး ဇုန်စီမံကိန်းများ၊ သတ္တုတူးဖော်ထုတ်လုပ်ခြင်း စီမံကိန်းများနှင့် ရေအားလျှပ်စစ်စီမံကိန်းများကို ရခိုင်ပြည်တစ်ဝန်း တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပေသည်။

သို့သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်တပြည်လုံးအတိုင်းအတာအရ ရန်ကုန်မြို့နှင့်တူညီသော ဈေးနှုန်းဖြင့် (၂၄)နာရီ လျှပ်စစ်မီးရရှိရေးအပါအ၀င် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် ဒေသတခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအချိန်ထိ ထိရောက်သော လုပ်ဆောင်ပေးမှုများ မရှိသေးပေ။

ထို့ကြောင့် မြောက်ဦးမြို့တွင်ပြုလုပ်ခဲ့သော သဘာဝသယံဇာတများ ကိုယ်ပိုင်စီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲသို့ ရခိုင်ပြည်နယ်(၁၇)မြို့နယ်၏ အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ အောက်ဖော်ပြပါ အချက်များကို တညီတညွတ်တည်း တောင်းဆိုလိုက်သည်။


ရွှေသဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ ရခိုင်ပြည်နယ်ရှိ ကျေးလက်နှင့် မြို့ပြများတွင် ရန်ကုန်မြို့နှင့်တူညီသော ဈေးနှုန်းဖြင့် လျှပ်စစ်ဓါတ်အား ၂၄နာရီ သုံးစွဲခွင့်ပြုရန်နှင့် စီမံကိန်းမှရရှိသောအကျိုးအမြတ်များကို ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သုံးစွဲရန်။

ရခိုင်ပြည်သဘာဝသယံဇာတစီမံကိန်းများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရှိဒေသခံပြည်သူများမှ ကိုယ်ပိုင် စီမံခန့်ခွဲပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အမာထည့်သွင်းပြဌါန်းရန်။

ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ဆန္ဒမပါဘဲ လျာထားလုပ်ကိုင်ဆောင်ရွက်နေသော အောက်ဖော်ပြပါ စီမံကိန်းများကို အမြန်ဆုံးရပ်တန့်ပေးရန်။

လေးမြို့ရေအားလျှပ်စစ်စီမံကိန်း (မြောက်ဦးမြို့နယ်)၊ ကုလားတန်မြစ်ကြောင်းစီမံကိန်း၊ တိုက်တေနီယမ်ထုတ်လုပ်မှုစီမံကိန်း(မောင်တောမြို့နယ်)၊ နေပူတောင်စီမံကိန်း (တောင်ကုတ်မြို့ နယ်)၊ အထူးစီးပွါးရေးဇုန်စီမံကိန်းနှင့် မြဒေးကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်းများ (ကျောက်ဖြူမြို့ နယ်)၊ ဟိုတယ်ဇုန်နှင့် စိုက်ပျိုးမွေးမြူရေးစီမံကိန်း (မာန်အောင်မြို့နယ်)၊ သူဌေးချောင်း ရေအား လျှပ်စစ်စီမံကိန်း (သံတွဲမြို့နယ်)၊ အမ်းချောင်းရေအားလျှပ်စစ်စီမံကိန်း(အမ်းမြို့နယ်)၊ ကျောက်ဖြူ- ကူမင်းရထားလမ်း၊ မြဒေးကျွန်းရေနက်ဆိပ်ကမ်း စီမံကိန်းများဖြစ်သည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်မဖေါ်ဆောင်နိုင်သေးသရွေ့ သဘာဝသယံဇာတများ ထုတ်ယူ သုံးစွဲမည့် စီမံကိန်းများကို လုံးဝဆိုင်းငံ့ထားရန်။
တပ်မတော်၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့် ကုမ္ပဏီအချို့မှ ဒေသခံပြည်သူများ၏ လယ်ယာမြေများ သိမ်းဆည်းထားမှုများကို အမြန်ဆုံးပြန်ပေးရန်။

လုပ်ဆောင်မည့် စီမံကိန်းများအတွက် စစ်မှန်သော FPIC, UNDRIP, SIA, EIA, HIA ရယူရန်နှင့် ၄င်းတို့ကို မဖြစ်မနေလုပ်ဆောင်ရမည့် ဥပဒေတစ်ရပ်ကို တရားဝင်ပြဌါန်းပေးရန်။

သဘာဝသယံဇာတထုတ်ယူသုံးစွဲခြင်း စီမံကိန်းများနှင့်ပတ်သက်၍ တက်ကြွလှုပ်ရှားမှုကြောင့် ဒေသအသီး သီးမှ ထိန်းသိမ်းအကျဉ်းချခံနေရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။

ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာအဆောက်အဦး အမွေအနှစ်နယ်မြေများကို UNESCO ၏ စံနူန်းများနှင့်အညီ ထိန်းသိမ်းဖော်ထုတ်ကာကွယ်ပေးရန်။

၂၀၁၂ခုနှစ် မေလ ၂၇-ရက်မှ ၂၉-ရက်ထိ ရသေ့တောင်မြို့တွင် ကျင်းပခဲ့သော ရခိုင်ပြည်လုံးဆိုင်ရာ လူထုအစည်းအဝေးမှ တောင်းဆိုချက်များ၊ ကန့်ကွက်ချက်များ၊ အကြံပြုချက်များ၊ တောင်ကုတ် ရခိုင်လူမှုကွန်ယက်မှ သဘောထားထုတ်ပြန်ချက်များ၊ ၂၀၁၂ နိုဝင်ဘာလတွင်ပြုလုပ်သော ရခိုင်လူငယ် Forum မှ သဘောထားထုတ်ပြန်ချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်။

ဆက်သွယ်ရန်
ဒေါ်အေးနုစိန် (စစ်တွေ) - ဖုန်း - 094 200 31 358
ဦးဖေကြွယ် (သံတွဲ) - ဖုန်း - 094 201 95 806
ဦးမျိုးထွန်း (ပြည်သူ့သယံဇာတ) - ဖုန်း - 094 250 18154
ဦးအောင်သောင်းရွှေ (မောင်တော) - ဖုန်း - 092 502 36 720
ဦးထွန်းနေ၀င်း (မြောက်ဦး) - ဖုန်း - 094 211 72 405
မောင်ထွန်းကြည် (ကျောက်ဖြူ) - ဖုန်း - 092 502 38 839

You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment