Tuesday 15 July 2014

နိုင်ငံသား ဖြစ် မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်နေသော်လည်း နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေး

Published on: July 1, 2014
Written by: 
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး
နိုင်ငံသားဖြစ်မဖြစ် စိစစ်မှုများ ရခိုင်ပြည်နယ်၌ စတင်ဆောင်ရွက်နေသော်လည်း နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေးယူမည် ဆိုသည်ကို အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နိုင်ငံသားကတ်မရသင့်ဘဲနှင့် ရနေသည့် တိုင်းရင်းသားအမည်ခံ ဘင်္ဂါလီလူမျိုးများစွာ ရှိနေကြောင်း၊ နိုင်ငံသား စိစစ်ခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံသားများ၏ မူလအခွင့်အရေးများ အပြည့်အ၀ရရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်သကဲ့သို့ နိုင်ငံသားမရသင့်သူများကိုလည်း မည်သို့အရေးယူမည်ဆိုသည့် အစီအစဉ်များ ရှိရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံသားမဖြစ်သူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းမရှိဟု ရခိုင်အမျိုးသားပါတီ ဒုတိယခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောကြားသည်။
"ဥပဒေတစ်ခုကို အကောင်အထည် ဖော်မယ်ဆိုရင် ဒီဥပဒေ၏ အထောက်အထားများသည် ဥပဒေအရပေးထားခြင်း ဟုတ်မဟုတ်ကို ပြန်စိစစ်ရမယ်။ စစ်တဲ့အခါမှာ ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း ကျောသား ရင်သားမခွဲခြားဘဲ အရေးယူရမယ်။ ပြီးရင် အဆင့်ဆင့်စိစစ်မယ်။ တကယ်ရသင့်တဲ့သူကို ရအောင်လုပ်ရင် ရပြီးသားလူကို နိုင်ငံသား မူလအခွင့်အရေးကို အပြည့်အ၀ပေးရမယ်။ မရသင့်တဲ့သူကို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ တစ်ပြိုင်နက်တည်းသူ့မှာ အစီအစဉ် ရှိရမယ်" ဟု ဒေါက်တာအေးမောင်က ပြော ကြားသည်။
ဘင်္ဂါလီအပါအ၀င် နိုင်ငံသားမဖြစ်သင့်သည့် နိုင်ငံခြားသားများ မြန်မာနိုင်ငံသားဖြစ် ခွင့်ရရှိနေခြင်းသည် နိုင်ငံအတွက်များစွာ နစ်နာကြောင်း၊ နိုင်ငံသားစိစစ်ရာတွင် နိုင်ငံသားမဖြစ်သူများအား မည်ကဲ့သို့ဆောင်ရွက်မည် ဆိုသည်ကို လက်ရှိတွင် ယတိပြတ်ပြောပြရန် စဉ်းစားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားစိစစ်ခြင်းကိုလည်း အချိန်ယူဆောင်ရွက် ရမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုတင်သွင်းထားခြင်းခံရသူ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။
"ရခိုင်တိုင်းရင်းသားများရဲ့ဆန္ဒကတော့ နံပါတ်တစ်ကတော့ ၈၂ အက်အရ စိစစ်ပါ။ နံပါတ်နှစ်က အတူမနေလိုပါ။ နံပါတ်သုံးကတော့ စိစစ်တဲ့မဟုတ်တဲ့သူတွေကို တတိယနိုင်ငံ သို့မဟုတ် ခြံစည်းရိုးခတ်ပြီးထားဖို့ဆိုတဲ့ ပုံစံမျိုးတော့ပြောတာပေါ့။ အဲဒီတော့ ဒါတွေက ဥပဒေအရ ဆောင်ရွက်သွားမှာပါ။ အဆင့်တစ်နဲ့နှစ်ကတော့ ကိုယ်တို့လက်တွေ့ကျကျ ဆောင်ရွက်လို့ရပြီ။ နံပါတ်သုံးဖြစ်တဲ့ ဘာလုပ်မယ်မဟုတ်တဲ့ သူတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အနေအထားကတော့ လက်ရှိမှာ ယတိပြတ်ကြီးပြောဖို့က ကိုယ်တို့မှာ အစီအမံက စဉ်းစားရဦးမယ်။ ဒါပေမဲ့ တစ်ခုခုတော့ လုပ်ရမယ်။ အဲဒီတော့သူများတွေလိုပဲ ခြံစည်းရိုးနဲ့ထားမလား။ ဒါမှမဟုတ် တတိယနိုင်ငံကို ပို့မလား။ ဘယ်လိုစီမံမယ်ဆိုတာ ကိုတော့ နိုင်ငံတကာရဲ့ စံနှုန်းတွေနဲ့အညီ သွားရမှာပေါ့" ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

ဘင်္ဂါလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာတိုင်းရင်းသားဟု သတ်မှတ်ထားမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကိုရပ်တန့်ပြီး ဆွေးနွေးသင့်ကြောင်း ဒေါက်တာအေးမောင်တိုက်တွန်း

Published on: July 1, 2014
Written by: 
စိုးမင်းထိုက်၊ ဥာဏ်ဝင်းရှိန်
ဇူလိုင် ၁ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေး၌ ဒေါက်တာအေးမောင် ဆွေးနွေးစဉ်
ဘင်္ဂါလီလူမျိုးများအနေဖြင့် ရိုဟင်ဂျာတိုင်းရင်းသားဟု သတ်မှတ်ထားမှုနှင့် နိုင်ငံရေးရည်မှန်းချက်များကို ရပ်တန့်ပြီး ဆွေးနွေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီမှ ဒေါက်တာအေးမောင်က ဇူလိုင် ၁ ရက်က ပြောကြားသည်။

"ဘင်္ဂါလီက ဘင်္ဂါလီပါပဲ။ သူတို့က ဗမာပြည်မှာလာနေတယ်။ ဗမာပြည်ရဲ့သစ္စာခံပြီး နေရမှာပေါ့။ တိုင်းရင်းသားဆိုတဲ့ လိမ်ညာထားတဲ့ ရိုဟင်ဂျာဆိုတာကိုဖြတ်၊ နောက်ပြီး သူတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကိုဖြတ်။ ကျွန်တော်တို့ဆွေးနွေးမယ်။ တည်ငြိမ်တဲ့ပတ်ဝန်းကျင်ဖြစ်အောင် ကျွန်တော်တို့ဖန်တီးမယ်။ ခင်ဗျားတို့ဘ၀အတွက် လက်ဖြန့်တောင်းနေစရာမလိုဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်အောင် ကျွန်တော်တို့ဖန်တီးမယ်။ အဓိက,ကတော့ စီးပွားရေးအဆောက်အအုံတွေ အစိုးရအနေနဲ့ ဖန်တီးပေးရမယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများအပေါ် ရခိုင်လူမျိုးများ၏ အကြမ်းဖက်မှုပုံစံဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်ရသည့်အကြောင်းအရင်းများတွင် ယင်းအဖွဲ့များအနေဖြင့် တစ်ဖက်သတ်သွားနေသည့် ပုံစံဖြစ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ နှစ်ဖက်ကြည့်ရန်လိုအပ်ကြောင်း၊ အဆိုပါအဖွဲ့များအနေဖြင့် ရခိုင်လူမျိုးများ၏ ယုံကြည်မှုကိုရရှိရန် ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းမှုများရရှိနိုင်ရန်အတွက် ၀န်ကြီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်မောင်မောင်အုန်း၊ အခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အစိုးရအဖွဲ့မှ ၁၅ ဘီလျံချထားပေးသည်ဟု ပြောကြားကြောင်း သိရသည်။

"ဒီဆွေးနွေးမှုတွေမှာ ဗိုလ်ချုပ်မောင်မောင်အုန်းရဲ့ ချဉ်းကပ်မှုတွေဟာ ကောင်းမွန်ပါတယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ဘယ်လိုအကောင်အထည်ဖော်မယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတွေကအစပေါ့။ ကျွန်တော်တို့ဒေသကတော့ လုံခြုံရေးက အဓိကကျပါတယ်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးအောင် ဘယ်လိုဆောင်ရွက်မယ်။ ငြိမ်းချမ်းတဲ့၊ တည်ငြိမ်တဲ့လူမျိုးနွယ်စု ပတ်ဝန်းကျင်ဖြစ်မှ တည်ဆောက်လို့အဆင်ပြေနိုင်မှာလို့ သူကပြောခဲ့ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့တွေ ကန့်ကွက်ခဲ့ပေမယ့် နယ်စပ်အရေးကိစ္စတွေကိုသိနေတဲ့သူ့ကို ကျွန်တော်တို့ လက်တွဲပြီး ဆောင်ရွက်သွားမှာပါ" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်မောင်မောင်အုန်းသည် တပ်မတော်မှလာသည့်အတွက် တပ်အင်အားရှိကြောင်း၊ ရခိုင်လူထုအင်အားနှင့် အစိုးရအင်အားပေါင်းပြီးဆောင်ရွက်ပါက ရခိုင်ပြည်နယ်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးလာနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

ဒေါက်တာအေးမောင်က "ကျွန်တော်အရင်က ရခိုင်နဲ့ပတ်သက်တဲ့အဆိုတင်ဖူးပါတယ်။ အဲဒီတုန်းက ဦးလှဆွေက ကန့်ကွက်ခဲ့ပါတယ်။ ဟိုတုန်းက ကန့်ကွက်ခဲ့တဲ့သူက အခုမှရုတ်တရက်ပြောင်းပြီး ဒီအဆိုကို ဘာကြောင့်တင်ခဲ့တာလဲ။ စဉ်းစားစရာပါ။ လွှတ်တော်မှာတင်တာကတော့ ပြည်သူလူထုသိအောင်လုပ်တာဖြစ်မယ်။ အစိုးရနဲ့ လွှတ်တော်ပူးပေါင်းမှုကို ထုတ်ဖော်ပြတာလို့ထင်တယ်။ ဒီအဆိုက ချိတ်ဆက်မှုတွေရှိတယ်။ ရွေးကောက်ပွဲနီးလေ ဒီလွှတ်တော်ကြီးမှာ မုန်တိုင်းလေးတွေ ထန်လာနိုင်တယ်။ လူမျိုးစုလွှတ်တော်ဖြစ်နေလို့ပါ။ ဒီဟာက နိုင်ငံရေးကစားကွက်၊ နိုင်ငံရေးဗျူဟာတစ်ခုဖြစ်လာမယ်။ နိုင်ငံရေးကစားကွက် အနုတ်အသိမ်းလေးတွေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုစစ်စစ်အဖြစ် ပုံဖော်ချင်တယ်" ဟု ဆက်လက်ပြောကြားသည်။

ရခိုင်လူမျိုးများ နေရပ်စွန့်ခွာမှုများလာခြင်းမှာ စီးပွားရေးအလုပ်အကိုင်ရှားပါးခြင်းကြောင့်ဖြစ်ကြောင်း၊ တိုင်းရင်းသားများသည် တိုင်းရင်းသားဒေသများတွင်သာ ပျော်ရွှင်စွာနေထိုင်ချင်ကြကြောင်း၊ ရခိုင်ပြည်နယ်သည် ပင်လယ်ထွက်ပေါက်ရှိကြောင်း၊ အဆိုပါအားသာချက်များကို ပြည်ထောင်စုအစိုးရအနေဖြင့် အသုံးမပြုခဲ့သည်မှာ အံ့သြစရာဖြစ်ကြောင်း၊ စီးပွားရေး လွတ်လပ်ခွင့်ချထားပေးရန်လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။

ဇွန် ၂၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးလှဆွေက ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ နေပျော်လာရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အခြေအနေတစ်ရပ်ရပ်ကို ဖန်တီးဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရကို တိုက်တွန်းကြောင်းအဆိုအား တင်သွင်းခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် ရခိုင်အမျိုးသားပါတီဆောင်ရွက်မည်

Published on: July 1, 2014
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ ပေါင်းစည်းထားသည့် ရခိုင်အမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည်ဟု ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဦးလှစောက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်ရုံးကို ဇွန် ၂၉ ရက်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဓမ္မ၀ိဟာရလမ်း၊ အမှတ် ၇၅ တွင်ဖွင့်လှစ်ခဲ့ရာ တိုင်းရင်းသားပါတီများအပါအ၀င် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

"ရခိုင်အမျိုးသားပါတီရုံးကို ဖွင့်ခြင်းဖြင့် တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးကို အခိုင်အမာလုပ်သွားမယ်။ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးဆိုတာက ကျွန်တော်တို့ တိုင်းရင်းသားပေါင်းစုံမျှော်လင့်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို လုပ်သွားမယ်" ဟု ဦးဦးလှစောကဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ရန်ကုန်ရုံးဖွင့်လှစ်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပါတီလှုပ်ရှားမှုများ ပိုမိုပြုလုပ်ရန်နှင့် ၂၀၁၄ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲများအတွက် ပြင်ဆင်မှုတစ်ခုလည်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောက ပြောကြားသည်။

ရခိုင်အမျိုးသားပါတီရုံးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ဖွင့်လှစ်ထားကြောင်း၊ ပါတီဗဟိုဌာနချုပ်နေရာကို ရန်ကုန် သို့မဟုတ် စစ်တွေ၌ သတ်မှတ်ခြင်းကို လာမည့်စက်တင်ဘာလတွင် ပြုလုပ်မည့် ရခိုင်အမျိုးသားပါတီ၏ ညီလာခံတွင် ဆုံးဖြတ်သွားမည်ဟု ပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီခေါင်းဆောင်များအနေဖြင့် ဇွန် ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ ၎င်းတို့ပါတီ၏မူဝါဒများကို ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်အမျိုးသားကို ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆို

(နိရဉ္စရာ- ၃၀ ဇွန်လ ၂၀၁၄)
နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆိုနေကြစဉ်။
နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တောင်းဆိုနေကြစဉ်။
နုတ်ထွက်သွားသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်လှတင်၏ နေရာတွင် ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကိုသာ အစားထိုး ခန့်အပ်ရန် နယူးယောက်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးရှေ့တွင် တွင် ရခိုင်အမျိုးသား (၃၀) ခန့်မှ  ဇွန်လ ၂၈ ရက်နေ့က ဆန္ဒဖေါ်ထုတ်ပွဲပြုလုပ်ကာ တောင်းဆိုခဲ့ကြသည်ဟု သတင်း ရရှိသည်။
" ရခိုင်ပြည်သူများ ရွေးကောက်တင်မြှာက်ထားတဲ့  ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်ပဲ စစ်ဗိုလ်ချုပ်တယောက်ကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ ရခိုင်ပြည်ကို ပြည်ထောင်စုအတွင်းက ပြည်နယ်တခုအဖြစ် သဘောမထားလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီအတွက် လာဆန္ဒပြတောင်းဆိုတာပါ" ဟု  ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်သည့် ခိုင်ဘခင်က ပြောသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်အုန်းအား ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ က အဆိုပြုခဲ့သည်။
ယင်းနောက်ပိုင်းတွင် ယခုတောင်းဆိုမူ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဆန္ဒပြပွဲတွင် ပါဝင်သူတဦးဖြစ်သည့် ခိုင်မျိုးထွန်း မှလည်း " သမ္မတ ဦးသိန်းစိန်အနေဖြင့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဦးတည်နေတယ်လို့ ပြောဆိုပြီး  တစ်ဘက်မှာ ဗိုလ်ချုပ်တစ်ဦးကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အဆိုတင်သွင်းတာဟာ ပြောတာနဲ့ လုပ်တာ တစ်ခြားစီ ဖြစ်နေတယ်ဆိုတာ သိသာ ထင်ရှားနေပါတယ်" ဟု ဆိုသည်။
ဆန္ဒပြပွဲတွင် ပါဝင်သူ မမေသူခင်ကလည်း  " မြန်မာ တနိုင်ငံလုံးရှိ အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရွေးကောက်ခံ အရပ်သားများကိုသာ ၀န်ကြီးအဖြစ် ခန့်အပ်ထားပြီး ရခိုင်ပြည်နယ် တခုတည်းတွင်သာ စစ်ဗိုလ်ချုပ်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဟာ မတရားဘူး၊ ဒီလုပ်ရပ်ဟာ ဒီမိုကရေစီ အတုအယောင်သာဖြစ်တယ်" ဟု သူမက ပြောသည်။
ဆန္ဒပြပွဲကို နေ့လည် ၁ နာရီမှ ညနေ ၃ နာရီထိ ပြုလုပ်ခဲ့ကြကြောင်းနှင့် လူ ၃၀ ခန့် တက်ရောက်ခဲ့ကြကြောင်း ခိုင်ဘခိုင်က ပြောဆိုသည်။
ပြည်ပရောက် ရခိုင်အမျိုးသားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရခိုင်အမျိုးသားကိုသာ ခန့်အပ်ရန် တောင်းဆိုနေသော်လည်း ဇွန်လ (၃၀) ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်မောင်မောင်အုန်းအား ကန့်ကွက်သူ တစ်စုံတစ်ဦးမှ မရှိဘဲ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အတည်ပြု ခန့်အပ်ခဲ့သည်။


No comments:

Post a Comment