မြန်မာနှလုံးသားနှင့် လီနင်ဂရက်မြို့သူ
2 January 2015 18:43(+0630) (၁ ရက် ခန့်က)
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း။ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လှဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ စိတ်မြဲသို၍ ကြည်ညိုလွှတ်ပြန်၊ သခင်မွန်ကို၊ ချစ်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည်း။
မှန်းနန်းမဟာရာဇ၀င်တော်ကြီးတွင် ထည့်သို မှတ်တမ်းပြုရသည်အထိ ဂန္ထ၀င်မြောက်ခဲ့သည့် နန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ ဖြစ်သည်။ ဤလင်္ကာအား ကြိုက်နှစ်သက်သော မြန်မာများ အနမတဂ္ဂရှိသော်လည်း လီနင်ဂရက်မြို့သူ မာရီယာ တယောက် အသည်းပေါက်မတတ် ရင်ဝှက်လှိုက်ဖို စိတ်လိုလက်ရ ကြိုက်ရသည့် အကြောင်းက အထူးစိတ်ဝင်စားစရာ ကောင်းလှသည်။
ထိုလင်္ကာအား မြန်မာများကဲ့သို့ပင် နှစ်သက်သူ မာရီယာကို ရုရှားနိုင်ငံ အနောက်မြောက်ဘက်ရှိ လီနင်ဂရက်မြို့ဟု ၁၉၂၄ မှ ၁၉၉၁ ခုနှစ်အထိ ခေါ်တွင်ခဲ့ပြီးနောက် ရှေးယခင် အမည်နာမ ဖြစ်သော စိန့်ပီတာစဘတ်သို့ ပြန်ပြောင်းမှည့်ခေါ်ခဲ့သည့် မြို့ကြီးတွင် မွေးဖွားသည်။ ဘုရင်ခေတ် ရုရှားပြည်၏ မြို့တော်လည်း ဖြစ်ခဲ့ဖူးကာ နွေရာသီ၌ အလွန်နေချင်စဖွယ်ကောင်းလှသည်ဟု သူမက ဆိုသည်။
မာရီယာသည် ငယ်စဉ်အခါကတည်းက စာဖတ်ဝါသနာပါပြီး အထူးသဖြင့် အာရှနိုင်ငံများအကြောင်း ဖွဲ့သီအပ်သော စာပေများကို ပိုမိုနှစ်ခြိုက်သည်။ ဂီတကျောင်းတက်၍ စန္ဒယားတီးလည်း သင်ခဲ့ဖူးသည်။
တက္ကသိုလ်နှင့် မေဂျာကို ရွေးချယ်စဉ်အခါက တရုတ်ဘာသာစကားကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံနှင့် မြန်မာစကားအကြောင်း သိပင် မသိခဲ့ရှာပေ။ ကံကောင်းသည်မှာ ထိုစဉ်က တရုတ်/မြန်မာ ဘာသာစကားနှစ်ခုတွဲထားသည့် မေဂျာတခုကို တွေ့ရှိခဲ့သည်။ ၅ နှစ်မှ ၁ ကြိမ်သာခေါ်သော မေဂျာလည်း ဖြစ်သည်။ မြန်မာစကားကို စသင်ပြီး နောက်ပိုင်းတွင် အလွန်စိတ်ဝင်စားသွားပြီး မြန်မာလို ပြော၊ ဖတ်၊ ရေးနေရလျှင် စိတ်ထဲတွင် တခုခု ဖြစ်နေသည်ဟု မာရီယာက တက္ကသိုလ်ကျောင်းသူဘ၀ အစ ရောင်နီဦးနေ့ရက်များ အကြောင်း ပြန်ပြောပြသည်။
“အရမ်းရင်းနှီးတဲ့ သူငယ်ချင်းကို တွေ့လိုက်ရသလို၊ အရမ်းလိုအပ်တဲ့ ပစ္စည်းကို ရလိုက်သလို၊ ခရီးထွက်ပြီးတော့ ကိုယ့်အိမ်ကိုယ် ပြန်ရောက်သလို ခံစားမိတယ်။ ကျွန်မကို ပျော်ရွှင်စေတဲ့အသံက မြန်မာသံပဲ” ဟု သူမက ဆိုသည်။
တရုတ်စကားကို လေ့လာခဲ့ရသည်မှာ အကြောင်းအရင်း ရှိသည်။ တရုတ်စာကောင်းကောင်းတတ်ပါက အလုပ်ကောင်းရသည်။ လစာလည်း ကောင်းမည်။ မြန်မာစကားနှင့် ပတ်သက်သော အလုပ်ကို ရှာရသည်က မလွယ်ကူ၊ သူမနေထိုင်ရာ မြို့တွင် မြန်မာစကားနှင့် ပတ်သက်သော မည်သည့်အလုပ်ကိုမှ ရှာမရသည့် အဆုံး မော်စကိုမြို့သို့ ပြောင်းရွှေ့ကာ ရှာရပြန်သည်။ ရလာသော အလုပ်မှာ မြန်မာငွေကြေးနှင့် တွက်ဆကြည့်ပါက လစာကောင်းသည်ဟု ဆိုနိုင်သော်ငြား ရုရှားတွင်တော့ သန့်ရှင်းရေးသမား အဆင့်သာ ရှိသည်။ သို့သော် မာရီယာအတွက် မြန်မာမှာ အဓိက၊ ပိုက်ဆံထက်လည်း အရေးကြီး၊ နိစ္စဓူဝ မြန်မာစကား ပြောနေရ၊ ကြားနေရလျှင် ကျေနပ်နေသည်။
သံရုံးတွင် မြန်မာလို ပြောကြသည်။ မြန်မာဟင်းများ ချက်ကျွေးသည်။ ပွဲရှိသည့်အခါတိုင်း မြန်မာရိုးရာဝတ်စုံနှင့် တက်ရောက်ရသည်။ မြန်မာဝတ်စုံများက သူမအတွက် သိပ်ကိုခန့်ထည်လှပနေ၍ အမြတ်တနိုးဝတ်ဆင်လေ့ရှိသည်။
“ကျွန်မ အတွက်တော့ မြန်မာက နံပါတ်တစ်ပဲ” ဟု သူမက ပြောသည်။
မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာနှင့် အများကြီး ဆက်နွှယ်နေပြီး မြန်မာတို့သည် ရှေးရိုးအစဉ်အလာ အယူအဆများကို ထိန်းသိမ်းကာ ယနေ့ထက်တိုင် လက်ခံသုံးစွဲနေခြင်းမှာ သူမတို့နှင့် မတူညီ၍ အလွန်စိတ်ဝင်စားမိကြောင်း၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်သည့် အတွက်လည်း မြန်မာတို့အား ချီးကျူးကြောင်း ပြောဆိုသည်။
မာရီယာက မြန်မာပြည်ကို ၂၀၀၉ ဒီဇင်ဘာမှ ၂၀၁၀ ဖေဖော်ဝါရီအထိ ၃ လကြာ အလည်အပတ် ရောက်ရှိဖူးခဲ့သည်။ ထိုစဉ်က တတိယနှစ် ကျောင်းသူဖြစ်ပြီး ရန်ကုန်တက္ကသိုလ်၌ မြန်မာစာသင်တန်းတက်ရန် လာခဲ့ခြင်း ဖြစ်သော်လည်း ၁ နှစ်သင်တန်းသာ ရှိခဲ့၍ မတက်ဖြစ်လိုက်။ ကမ္ဘာလှည့်ခရီးသွားတယောက်ကဲ့သို့သာ နေခဲ့ပြီး ပုဂံ၊ ပုပ္ပါး၊ ပဲခူး၊ ငပလီတို့ကို သွားရောက်လည်ပတ် အပန်းဖြေခဲ့သည်။
မွေးချင်းသုံးယောက်အနက် အလတ်ဖြစ်သော သူမ၏ နာမည် အပြည့်အစုံမှာ မာရီယာ သီဟာမီရာဗာ ဖြစ်သည်။ မိဘများက ရွာတွင်နေထိုင်ကြပြီး အဖွားတယောက်လည်း ရှိသေးသည်ဟု သူမက ဆိုသည်။ မော်စကိုမြို့ရှိ မြန်မာသံရုံး၌ ဘာသာပြန် အဖြစ် လုပ်ကိုင်လျက်ရှိကာ အခါအားလျော်စွာ ရုရှားများကို မြန်မာစာ သင်ကြားပေးပြီး ရုရှားစာ သင်ကြားလိုသည့် မြန်မာများအတွက်လည်း တတ်အားသရွေ့ ကူညီပေးလျက်ရှိသည်။ “မြန်မာသံရုံးကိုရောက်တော့ ကိုယ့်ကိုကိုယ် မယုံနိုင်အောင် ပျော်ခဲ့တယ်။ မြန်မာသံရုံးဆိုတာ မြန်မာနိုင်ငံသေးသေးလေးလိုပဲ။ ကျွန်မကိုယ်ထဲမှာ Magnet ရှိသလို ဖြစ်နေတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ်၊ မြန်မာဘက်ကို ရောက်အောင် ဆွဲငင်နေတယ်။” ဟု သူမ၏ ပျော်ရွှင်မှုများကို မျှဝေသည်။
လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာထက် မြန်မာလူငယ်များအကြား ရင်းနှီးနေသော မာရီယာ၏ အကောင့်မှာ ၀သုန် မိုး ဖြစ်သည်။
“ဆရာက ပထမနှစ်ကတည်းက မြန်မာနာမည် ရွေးပေးတယ်။ ကျွန်မက ဒီနာမည် မကြိုက်ဘူး၊ ကြိုက်တာက မိုးဆိုတဲ့ နာမည်ပဲ။ ဒါပေမဲ့ ဗုဒ္ဓဟူးသမီးဖြစ်လို့ နာမည်က ‘မ’ နဲ့ မစရဘူး၊ မြန်မာထုံးစံအရ နာမည် လိုချင်လို့ စဉ်းစားရတာ သိပ်ဒုက္ခရောက်တယ်။ နောက်ဆုံး ဗေဒင် ထွက်တတ်တဲ့သူငယ်ချင်းတစ်ယောက်က တွက်ပေးပြီး ဝသုန်မိုးဆိုတဲ့နာမည်ကို ရွေးပေးပါတယ်။” ဟု သူမက ထိုအမည် ပေးဖြစ်ခဲ့ပုံကို ရှင်းပြသည်။
သူမပြောပြသည့် ရုရှားနိုင်ငံ၏အကြောင်းများမှာလည်း စိတ်ဝင် စားစရာကောင်းနေပြန်သည်။ ယူကရိန်းတွင် ဖြစ်ပွားပေါ်ပေါက်နေသည့် မတည်ငြိမ်မှုများအတွက် လွန်စွာဝမ်းနည်းသော အငွေ့အသက်များကို သူမထံတွင် မြင်တွေ့ရသည်။
နောက်ထပ် သူမပြောပြသည့် စိတ်ဝင်စားဖွယ်ကောင်းသော ရုရှား ပြည်အကြောင်းလေးတခုလည်း ရှိသေးသည်။ ယင်းမှာ ခရစ္စမတ်နေ့နှင့် သက်ဆိုင်နေသည်။ ရုရှားနိုင်ငံ၏ခရစ္စမတ်နေ့သည် ဇန်န၀ါရီ ၇ ရက်နေ့ ဖြစ်သည်။ ထို့ကြောင့် အခြားနိုင်ငံများနှင့် ကွဲလွဲနေသည်။ ခရစ္စမတ်နေ့ ဟူသည်မှာ ခရစ်တော်၏မွေးနေ့ဖြစ်ရာ ရုရှားတို့၏ ရက်စွဲမှာ အဘယ် ကြောင့် ကွာခြားနေရသနည်း။ ထိုအဖြေကို မာရီယာက သေချာရှင်းပြ ပေးသည်။ယေရှုခရစ်တော်၏ဒေသနာတော်ကို အဓိပ္ပါယ်ကောက်ယူရာမှာ လူများက ဆန့်ကျင်ကြ၍ အဓိက အသင်းတော် ၃ ရပ် ခွဲထွက်ခဲ့သည်။ ထိုအသင်းတော်များမှာ Catholic, Protestant နှင့် Orthodox တို့ ဖြစ်ကြသည်။ ၁၀ ရာစုက ရုရှားပြည်တွင် ဇာဘုရင် Vladimir က Orthodox ဘာသာကို ရွေးပြီး ရုရှားပြည်သူအားလုံး ကိုးကွယ်ကြစေရန် အမိန့်ထုတ်ပေးခဲ့သည်။ ၁၉၁၈ခုနှစ်ထိ ဇာဘုရင်က ဘာသာရေးခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။ သို့သော် ၁၉၁၇ခုနှစ် တော်လှန်ရေးကြောင့် ဘုရင်စနစ်ပျက်သုဉ်းသွားခဲ့သည်။ ရုရှားခေါင်းဆောင်အသစ်များက ဘုရားသခင် မရှိဟုဆိုပြီး ကိုးကွယ်ခွင့်မပြုတော့ပေ။ ဘုရားကျောင်းများအား ဖျက်ဆီးခဲ့သည်။ ဘုန်းကြီးများကို ကွပ်မျက်ခဲ့သည်။
ထိုအချိန်က သုံးသည့် ဂျူလီယာန် ပြက္ခဒိန်မှာ အဆင်မပြေတော့၍ ဂရေဂိုရီယန် ပြက္ခဒိန် စပြီးအသုံးပြုခဲ့သည်။ ဂျူလီယာန် ပြက္ခဒိန်က ၁၂၈ ခုနှစ် ကြာပြီးလျှင် ၁ရက် အပိုတိုးသည်။ ယခု ဂျူလီယာန် ပြက္ခဒိန်က ၁၃ရက် နောက်ကျနေသည်။ တခြားနိုင်ငံများ၌လည်း ဂရေဂိုရီယန် ပြက္ခဒိန်သာ သုံးနေကြသည်။ သို့သော် ရုရှား ခရစ်ယာန်အသင်းတော်က ဂျူလီယာန် ပြက္ခဒိန်မှာ ပို၍ ကောင်းမွန်သည်ဟု ဆုံးဖြတ်သောကြောင့် ဘာသာရေးဆိုင်ရာ ပွဲများကို အရင်အတိုင်းသာ သတ်မှတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရုရှားတွင် ခရစ္စမတ်နေ့မှာ အခြားနိုင်ငံများထက် ၁၃ ရက်နောက်ကျနေရခြင်း ဖြစ်သည်။
ရုရှားနိုင်ငံ၏ ပထမဆုံး မြန်မာစာဌာနကို ၁၉၅၇ ခုနှစ် တွင်ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ရုရှား-မြန်မာဆက်ဆံရေးမှာ အထူးတိုး တက်ကောင်း မွန်နေခဲ့သည်။ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များအကြား ဆက်သွယ်မှုများ အမြဲမပြတ်ဆိုသလိုရှိနေသည်။ သို့ဖြစ်၍ မြန်မာ-ရုရှားစကားပြန်များ လိုအပ်လာကာ ထိုနှစ်တွင် စိန့်ပီတာစဘတ် တက္ကသိုလ် (ယခင်-လီနင်ဂရက်တက္ကသိုလ်)၌ မြန်မာစာဌာနဖွင့်လှစ်ပြီး မြန်မာစကားကို စတင်သင်ကြားပေးခဲ့သည်။
ပထမဆုံး ကျောင်းသူကျောင်းသားများမှာ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က ရုရှားနိုင်ငံ၌ မြန်မာ စာအုပ်များ၊ အဘိဓာန်များ လုံးဝမရှိသေး၍ ဖြစ်သည်။ ၁၉ ရာစုက အင်္ဂလန်တွင် ထုတ်ဝေခဲ့သည့် Burmese Dictionary ဟူသော စာအုပ် တအုပ်သာ စာကြည့်တိုက်တွင် ခဏငှားပြီး ဖတ်ရှုနိုင်ခဲ့ကြကာ နောက် ပိုင်းကျမှ အခြားနိုင်ငံများကထုတ်သော စာအုပ်များအား တဖြည်းဖြည်း မှာဝယ်ခဲ့ကြောင်း သိရသည်။ ထိုခေတ်ကျောင်းသားများသည် ရုရှားနိုင်ငံ တွင် မြန်မာစာ သင်ကြားလေ့လာပြီးသကာလ မြန်မာနိုင်ငံသို့လည်း လာ ရောက်၍ ဆက်လက်ဆည်းပူးခဲ့ကြသည်။
၁၉၅၇ ခုနှစ်က စပြီး ၅ နှစ် တကြိမ် မြန်မာစကားသင်ယူလိုသည့် ကျောင်းသား ၆ ယောက်၊ ၇ ယောက်ကိုခေါ်ပြီး စာသင်ပေးသည်။ မြန်မာစကားကို ပထမဆုံးလေ့လာသူများမှာ ပညာရှင်များ၊ ဆရာ ဆရာမ မျာဖြစ်ပြီး မြန်မာစာနှင့်ပတ်သက်သော စာအုပ်၊ ဆောင်းပါးပေါင်း များစွာ ကို ရေးသားခဲ့ကြသည်။ မြန်မာ-ရုရှားနှင့် ရုရှား-မြန်မာအဘိဓာန် များကို လည်း ပြုစုထုတ်ဝေခဲ့သည်။ ယခုလက်ရှိ ထိုတက္ကသိုလ်ကြီး၌ မြန်မာစာ သင်ယူနေသည့် Bachelor ကျောင်းသား ၅ ဦးနှင့် မဟာဝိဇ္ဇာတန်း တက်ရောက်နေသူ တဦးသာရှိသည်။
“တခါတလေ သိပ်အံ့သြဖို့ကောင်းတယ်။ ကျွန်မ ဖေ့စ်ဘွတ်မှာ မြန်မာဝတ်စုံ ၀ယ်ချင်တယ်ဆိုတဲ့အကြောင်း Post တခုရေးဖြစ်တော့ အပြင်မှာ တခါမှမတွေ့ဖူးတဲ့သူတွေက လက်ဆောင်တွေဝယ်ပြီး ရုရှား အထိ ပို့ပေးကြတယ်။ အရမ်းဝမ်းသာပါတယ်” ဟု မာရီယာက ပြောသည်။
သူမအတွက် မြန်မာစာလေ့လာရာ၌ အခက်ခဲဆုံးစိန်ခေါ်မှုက အသံထွက်ဖြစ်သည်။ ရုရှားစကားနှင့် လုံးဝမတူဘဲ အချို့အသံများဆိုလျှင် ရုရှားစကားတွင်မရှိ၊ သဒ်္ဒါပိုင်းတွင်လည်း ရှုပ်ထွေးလှပြီး လေ့လာသူနည်း သေးသောကြောင့် စာအုပ်ကောင်းကောင်းလည်းမရှိသေးဘဲ သေချာရှင်းပြ နိုင်မည့်စာအုပ်များ အလွန်လိုနေ အပ်နေကြောင်း သိရသည်။
ပုဂံခေတ်မှသည် မျက်မှောက်ကာလအထိ စီးဆင်းလာသည့် မြန်မာ့ စာပေသမိုင်းကြောင်း၊ ရှင်မဟာသိလ၀ံသ၊ ရွှေတောင်သီဟသူ၊ ဦးကြင်ဥ၊ ဦးပုည၊ ပီမိုးနင်း၊ သိပံ္ပမောင်ဝ၊ ဇော်ဂျီနှင့် သခင်ကိုယ်တော် မှိုင်းတို့အကြောင်း၊ လောကနီတိကျမ်းနှင့်မြန်မာကဗျာများ၊ ရာဇကုမာရ် ကျောက်စာ စသည်တို့ကို သင်ကြားပေးခဲ့သည့်ဆရာကြီး Prof. Yanson (မြန်မာနာ မည်-ဦးဉာဏ်)ကိုလည်း ကျေးဇူးအထူးတင်ရှိသည်ဟု မာရီယာကဆိုသည်။
“မြန်မာစကားကိုကြိုက်တာ အကြောင်းပြချက်မရှိဘူး။ ဘာကြောင့် ကြိုက်လဲဆိုတာ ကျွန်မကိုယ်တိုင်လည်း မသိဘူး။ သိတာတခုပဲရှိတယ်။ မြန်မာလို မပြောဘဲနဲ့ကို မနေနိုင်တော့တာ” ဟု သူမက ဖွင့်ဟခဲ့သည်။
ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
(သစ်ထူးလွင်မှကူးယူဖေါ်ပြသည်)
No comments:
Post a Comment