Monday, 28 March 2011

ငရဲခန်းသို့ သမင်လည်ပြန်

စစ်အာဏာရှင် လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက် နေသလိုပဲ ဆိုတာ ကြားဖူးမှာပါ။ စစ်အာဏာရှင် တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တနိုင်ငံလုံး ခံစားနေရတာကို ပုံဖော်ပြီး ပြောနေကြတာပါ။

ထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ငရဲခန်းတွေထဲက အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကား တွေက ဒါမှမဟုတ် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ရေးသားချက်တချို့ကနေ သိရှိနေကြပါပြီ။ ဒါပေမယ့် မလုံလောက်သေးပါ ဘူး။

jailပြောစရာတွေက တယောက်နဲ့တယောက် မတူညီတဲ့ ခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။ အခု ဒီဆောင်းပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှကို မှတ်တမ်းပြုလိုက်တာပါ။

စစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာမှုတွေကို စုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေရဲ့ မှတ်တမ်းတင်မှုတွေက လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။

စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီငရဲခန်းထဲကို စတင်ရောက်တဲ့ မြင်ကွင်းလေးကို ပြန်စဉ်းစားမိပါတယ်။

၁၉၉၃ ခုနှစ် သြဂုတ်လ၊ အချိန်က ည ၁၂ နာရီလောက် ရှိနေပါပြီ။ ရန်ကုန်မြို့ ရွှေပြည်သာက ဦးပဉ္ဇင်းရဲ့ကျောင်းကို ဝင်ပြီးစစ်တပ်နဲ့ဝိုင်း၊ ကျောင်းကနေ ဦးပဉ္ဇင်းတို့ကို စတင်ခေါ်ဆောင်တော့“ကိစ္စရှိလို့ ခဏလိုက်ခဲ့ပါ” ။ ဒီစကားလေးပဲ ပြောတာပါ။ ဒါပေမယ့် ကားပေါ် စရောက်ရောက်ခြင်းပဲ ခေါင်းကို အဝတ်တခုနဲ့ စတင်အုပ်လိုက်ပါတော့တယ်။ ၀မ်းလျား မှောက်ဖြစ်သွားတော့ လူ ၅ ယောက်က လက်တဘက်ကို တယောက်စီ၊ ခြေတဘက်ကို တယောက်စီ၊ ခါးပေါ်ခွလျက် တယောက် က ချုပ်ထားလိုက်တော့တယ်။

ဘုန်းကြီးကျောင်းကနေ သူတို့ရဲ့ ထောက်လှမ်းရေးစခန်း ရေကြည်အိုင် အထိ ကားပေါ်မှာ အဲဒီပုံစံအတိုင်း လိုက်ပါခဲ့ရ တယ်။ ဘယ်နေရာ ဘယ်အရပ်လို့ မသိအောင် ခေါင်းကို အုပ်ထားတာပါ။ ဒါပေမယ့် ရွှေပြည်သာမှာ နေသူတယောက် အတွက် အခုရောက်နေတာ ဘယ်နားလောက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း လူ ၂ ယောက်က လက်တဘက်ဆီကို ဆုပ်ကိုင်ပြီး ဆွဲခေါ်သွားပါတယ်။ ရှေ့မှာ အတားအဆီးများ ရှိနေတဲ့ဟန်နဲ့ “ခြေထောက်မြှောက်၊  ကျော်...ကျော်” ဆိုပြီး ခိုင်းပါတယ်။ ၂ ခု၊ ၃ ခုကို ကျော်ခိုင်းပြီး “ခေါင်းငုံ့ ခေါင်းငုံ့” ဆိုပြီး တခါထပ်ခိုင်းပြန်တယ်။ ငုံ့ခိုင်း တာမှ သာမန်လောက် ငုံ့ရုံမဟုတ်ဘဲ ခါးကို တအားညွှတ်ပြီး ငုံ့ခိုင်းတာပါ။ အဲဒီကနေ အခန်းတံခါးကို ဖွင့်ပြီး အထဲကို ၀င် ခိုင်းလိုက်ပါတယ်။ အခန်းက ၄x၂ သစ်သားချောင်းတွေ ကာရံထားတဲ့ အခန်းကျဉ်းလေး ဖြစ်ပါတယ်။ ၀ါကျင့်ကျင့် မီးလုံး လေး တလုံး ထွန်းထားပါတယ်။ ဖျာအကြမ်းတချပ် ခင်းထားတာ တွေ့တယ်။

အကြောက်တရားက မဖိတ်ခေါ်ဘဲ ရောက်လာတယ်။ ဘေးနှစ်ခန်းကျော်လောက်က နာကျင်စွာ ညည်းညူသံက အကြောက် တရားကို ပိုပြီး အရှိန်မြင့်စေတယ်။ အမှောင်ထဲမှာ ညရဲ့အရိပ်ကိုခိုပြီး အသံမျိုးစုံကို ပေးနေတဲ့ သတ္တ၀ါတို့ရဲ့ အော်မြည်သံကလည်း အကြောက်တရားဆီ စိတ်ကို တွန်းပို့နေပြန်တယ်။ အပြင်လမ်းပေါ်မှာ အစောင့် ကင်းသမားရဲ့  ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတဲ့ ခြေလှမ်းတွေ တခါတခါ ငယ်သံပါအောင် အော်လိုက်တဲ့ အဝေးဆီက နာကျင်သံတွေက ငါ့အလှည့်ကျရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ စိတ်က ဂနာမငြိမ် ဖြစ်နေတာအမှန်ပါ။ မကြာဘူး သော့ခလောက်သံက ငရဲခန်းရဲ့ တံခါးဝကို သွားရတော့မယ်လို့ လှမ်းပြောလိုက်သလိုပါပဲ။

“ထွက်မယ်” ဆိုတဲ့ အမိန့်ပေးသံ ကြားရပြီး တံခါးဝနားကို တိုးကပ်လိုက်တော့ တယောက်က ခေါင်းစွပ်တခုနဲ့ ခေါင်းကို စွပ်လိုက်တယ်။ တယောက်က လက်ကိုစွဲပြီး လက်ထိပ်ခတ်လိုက်တယ်။ နောက်“လိုက်ခဲ့”။ ဒီစကားတခွန်းပြောပြီး လူကို ဆွဲခေါ်သွားပါတယ်။ အခန်းတခန်းထဲ အရောက်မှာ ထိုင်ခုံတလုံးပေါ် ထိုင်ခိုင်းလိုက်တယ်။ နောက်မှီမပါ၊ ဘေးလက်တန်း မပါတဲ့ ထိုင်ခုံလေးပါ။ အဲဒီ ထိုင်ခုံပေါ်မှာ အချိန်တော်တော် ကြာတဲ့အထိ ထိုင်ခိုင်းထားတယ်။ ပတ်ဝန်းကျင် တခုလုံးမှာ လည်း တိတ်ဆိတ်မှုတွေ လွှမ်းမိုးနေတယ်။ တခါတခါ ဖြတ်လျှောက်သွားတဲ့ တဖျပ်ဖျပ် ခြေသံတချို့သာ ကြားနေရတယ်။

ဒီလိုနဲ့ ၂ နာရီလောက်အကြာမှာ လူ ၂ ယောက်လောက် လှမ်းလာတဲ့ ခြေသံတွေက အခန်းနားကို ပိုပြီးနီးလာတယ်။ အခန်းထဲ ၀င်လာကြတယ်။ သူစမေးတဲ့ မေးခွန်းက “ကဲ ခင်ဗျား ဒီနေရာကို ဘာကြောင့် ရောက်လာတယ် ထင်သလဲ”။ ဒါ ပထမဦးဆုံး ငရဲခန်းသခင်ရဲ့ ပဋိသန္ဓာရ စကားပါပဲ။

နောက်ဆက်တွဲ အတွေ့အကြုံတွေကတော့ ဘေးက လိုက်လာတဲ့ ပါးကွက်သားတို့ရဲ့ လက်သံပြောင်တဲ့ ညာဖြောင့် လက်သီးလား၊ ဘယ်ဖြောင့်လက်သီးလား မသိတဲ့ အရှိုက်ထဲ ပစ်သွင်းခံရတဲ့ လက်သီးချက်တွေပါပဲ။ ဒဏ်ရာဒဏ်ချက် တွေကို စာဖွဲ့မပြချင်တော့ပါဘူး။ လေယာဉ်ပျံ စီးရတာတွေ၊ ဆိုင်ကယ် စီးရတာတွေဟာ ငရဲခန်း ရောက်သူတိုင်းအတွက် ကျော်ဖြတ်ရမယ့် ခရီးကြမ်းတွေပါပဲ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို နင်းချေပစ်တဲ့ အပြုအမူတွေပါပဲ။

အကျင့်သီလနဲ့ ပြည့်စုံသူရော ပညာဉာဏ်မြင့်မားသူရော မည်သူမဆို ငရဲခန်းထဲရောက်ခဲ့ရင် အထိုးခံ၊ အကန်ခံ လူမဆန် စွာ ကြိုဆိုခြင်းကို ခံရမှာပါပဲ။ သံဃာတပါးအတွက် အထွဋ်အမြတ်ထား အဆက်အဆံ ခံခဲ့ရတာတွေဟာ ငရဲခန်းထဲရောက် ရင် မေ့ထားလိုက်ပါတော့လို့ ပြောနေသလိုပါပဲ။ ဘယ်လောက် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ဖြစ်ပါစေ၊ ဒီငရဲခန်း ကိုတော့ ဖြတ်သန်းခဲ့ကြရတာပါ။ ကာယကံအားဖြင့် လူမဆန်မှုကိုသာ ခံရတာမဟုတ်ပါဘူး။ ၀စီကံအားဖြင့်လည်း ရုန့် ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေက အခန်းထဲ ၀င်လာသူတိုင်းရဲ့ နှုတ်က ဖောဖောသီသီ ဒလဟော သွန်ချနေတာပါ။

ဦးပဉ္ဇင်း ကြုံခဲ့ရတာတွေက သူများထက်စာရင် သက်သာတယ် ဆိုရမှာပါ။ သက်သာတယ် ဆိုတာတောင် တသက်လုံး မမေ့နိုင်စရာပါ။ ကိုယ့်ထက် ဆိုးသူတွေကတော့ တစက်ချင်းချတဲ့ ရေစက်ရဲ့ ဒဏ်ကို ခံရတဲ့အကြောင်းတွေကို ကိုယ်တိုင် ကြုံသူတွေရဲ့ တကယ့်ဖြစ်ရပ်စကားတွေက ထောင်ထဲမှာ နားမဆံ့အောင် ကြားခဲ့ရတာပါ။

ကဗျာဆရာ ကိုကြည်တင်ဦးဆို ထောင်ထဲရောက်ပြီးမှ တဖန် ပြန်လည် စစ်ကြောခံရတာက မြင်ရသူပါ တောက်ခေါက်သံ မဆုံးအောင် ဖြစ်ရပါတယ်။ ကိုယ်တုံးလုံးချွတ်ပြီး ၀ါးခြမ်းပြားနဲ့ မွေးရာပါ ပစ္စည်းကို အရိုက်ခံရတာ၊ မီးနဲ့အတို့ခံရတာတွေဟာ ကြားရသူတွေ၊ မြင်ရသူတွေကိုပါ နာကျင်စေတုန်းပါပဲ။ လူကိုဇောက်ထိုးဆွဲပြီး အစစ်ခံရတာလည်း လူပြောများတဲ့ ငရဲခန်းထဲက လက်စွမ်းပြမှုပါပဲ။

ငရဲခန်းထဲက အကြောင်းတွေဟာ ပြန်မတွေးချင်ဆုံး အကြောင်းတွေ ဖြစ်သလို ဘယ်လိုဖျက်ဖျက် စိတ်မှတ်ဉာဏ်ထဲက ဆွဲထုတ်လို့မရတဲ့ အကြောင်းတွေပါပဲ။ မဟာမြတ်မုနိ ဘုရားတန်စောင်းထဲက ကြေးရုပ်ကြီးတွေဟာ ဗိုက်တွေ ရင်ဘတ် တွေမှာ အချိုင့်တွေ ဖြစ်နေတာ တွေ့ဖူးမှာပါ။ အင်မတန် မာကြောတဲ့ ကြေးရုပ်တုအပေါ် သာမန်လက်ကလေးနဲ့ ပွတ်တာ ကြိမ်ဖန်များစွာ ကြာလာတော့ ကြေးသားတွေ ချိုင့်သွားရတာကို အထူးအဆန်း ထင်ခဲ့မိပါသေးတယ်။ အခုမြင်ရတဲ့ လူ တယောက်ရဲ့ ဦးခေါင်းက ဒဏ်ရာတွေမြင်တော့ အဲဒီကြေးရုပ်တွေထက်နုတဲ့ လူသားရဲ့ အသားပေါ် ထမင်းစား တူ လောက်ရှိတဲ့ တုတ်ချောင်းလေးနဲ့ နေ့ရက်ဆက်တိုက်မပျက် အခေါက်ခံရတဲ့ ဦးခေါင်းခွံဟာ ကြေးမဟုတ်တော့ ရက်ပိုင်း လေးနဲ့တင် ဒဏ်ရာတွေက သေရွာပါခဲ့ရတယ်။

ဒါတွေက မသေဘဲ ပြန်လာခဲ့ကြသူတွေရဲ့ငရဲခန်းထဲက ဒဏ်ရာတွေကိုသာ ပြောနေတာပါ။ အသက်သေပြီး အစပျောက် သွားရသူတွေ၊ ဦးနှောက်ပျက် ရူးသွပ်သွားရသူတွေဟာ စစ်အာဏာရှင်တို့ရဲ့ငရဲခန်းထဲမှာ များစွာရှိနေပါသေးတယ်။ ဒါတွေဟာ အခု လူကိုယ်တိုင် ပြောပြနိုင်သူတွေရှိတုန်း မှတ်တမ်းတွေ ရယူထားသင့်ပါတယ်။

ဖက်ဆစ်တို့ရဲ့ ကိုယ့်လူမျိုးအပေါ် ကမ်းကုန်အောင် ရက်စက်မှုဟာ အာဏာငန်းဖမ်းမှု တခုတည်းကြောင့် ဖြစ်ရတာပါ။ သူတို့တွေဘယ်လိုပဲ အာဏာတွေပါဝါတွေနဲ့ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို ဖုံးကွယ်ထား ဖုံးကွယ်ထား အမှန်တရား ကို ဖော်ထုတ်နိုင်မယ့် တရားဥပဒေရှေ့မှောက် ရောက်တဲ့အခါ အာဏာရူးတို့ကို ချည်နှောင်တဲ့ ကြိုးတွေအဖြစ် ငရဲခန်းထဲ က အံကြိတ်သံတွေ၊ တောက်ခေါက်သံတွေက တာဝန်ယူပါလိမ့်မယ်။

စစ်ကြောရေးခန်းက လွတ်လာသူဟာ (ဘယ်သူမှ မရောက်ချင်တဲ့) ထောင်ကို ပို့တော့မယ်ဆိုရင် နေ့ညမပြတ် ခံစားနေရ တဲ့ ဒုက္ခက လွတ်ပြီလို့ ၀မ်းသာကြသူတွေချည်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ တရားရုံးရောက်တဲ့အခါ ထောင်ထဲနေတဲ့အခါတွေမှာ များစွာတွေ့ကြုံရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သီးသန့် စာတပုဒ် ရေးရ မှာပါ။

ငရဲခန်းအကြောင်းကိုသာ ခေါင်းစီးပို့ထားတာမို့ ထောင်ထဲက ရက်စက်မှုတွေကို အကြမ်းဖျင်း ပြောချင်ပါသေးတယ်။ ထောင်ထဲက ဥပဒေ (jail manual) အရ ပေးရမယ့် အခွင့်အရေးတွေ များစွာရှိပါတယ်။ သူသတ်မှတ်ထားတဲ့ ဥပဒေကို သူကိုယ်တိုင် မလိုက်နာဘဲ ထင်တိုင်းကြဲခဲ့တာတွေကိုတော့ လူ့အခွင့်အရေးအကြောင်းမှာ သီးသန့်ရေးပါမယ်။

ထောင်ထဲမှာ ကျောပေါ် တုတ်ချက်များစွာ ကျရောက်ခဲ့ရတဲ့ ဇာတ်လမ်းတွေဟာ ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ကြုံတွေ့သူတွေနဲ့ လက်ပွန်းတတီး နှစ်ရှည်လများ နေလာခဲ့ရတော့ ကိုယ်တိုင် ခံစားခဲ့ရသလိုပါပဲ။ အင်းစိန်ထောင်ထဲက “ယုဝတီတိုက်” ဆိုတာ နာမည်ကြီး ငရဲခန်းတခုပါပဲ။ ဒီငရဲခန်းကို ကိုယ်တိုင်ရောက်ခဲ့သူရဲ့ နာကြည်းသံ အံကြိတ်သံ တောက် ခေါက်သံတွေဟာ ထောင်ကလွတ်ပေမယ့် ကြားနေရတုန်းပါပဲ။ ယောက်ျားတယောက်ကို နာမည်ခေါ်တဲ့အခါ ယောက်ျားထူးသလို “ဗျာ” လို့ထူးရင် အရိုက်ခံရတယ်။ “ရှင်” လို့ ထူးရတယ်။ တယောက်ချင်းစီကိုလည်း နာမည်ကြီး အနုပညာသည်တွေရဲ့ နာမည်တွေကို တပ်ပြီးခေါ်တယ်။ ထက်ထက်မိုးဦး၊ ခင်သန်းနု၊ ခိုင်သင်းကြည်၊ နန္ဒာလှိုင် စတဲ့ နာမည် တွေဟာ ယောက်ျားဖြစ်တဲ့ ယုဝတီတိုက်ရောက် အကျဉ်းသားတွေ အခေါ်ခံရတဲ့ နာမည်တွေပါ။ ဦးပဉ္ဇင်းနဲ့ အင်မတန် ရင်းနှီးတဲ့ ဦးတင်ထွန်းဆို ပိန်ပိန်ပါးပါးနဲ့မို့ သူ့ကို ခေါ်တဲ့နာမည်က ဒေါ်မြလေးတဲ့။

နာမည်လှလှလေးတွေရဲ့နောက်က နာမည်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ရက်စက်မှုတွေက ကြားရသူတွေပါ နှိပ်စက်ခံရ သလို ဖြစ်စေခဲ့ပါတယ်။ ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့။ လူတယောက်စီကို ရုပ်ရှင်မင်းသမီးတွေရဲ့ နာမည် လှလှတွေ တပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ်။ နေ့စဉ် အချိန်မှန် အပြင်ထုတ် အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေ ဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက် အနေ အထားနဲ့ ဒူးနဲ့တံတောင် ထောက်ရမယ်။ ဒူးရော တံတောင်ရောမှာ သွေးချင်းချင်း နီနေတယ်။ ခံရတာ သွေးသံ တရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။ ယုဝတီတိုက်ထွက်တွေရဲ့ တကိုယ်လုံးမှာ ဒဏ်ရာတွေဟာ သေရာပါသွားမှာ သေချာတယ်။ အင်းစိန်ထောင်သမိုင်းမှာ ယုဝတီတိုက်ဆိုတာ လူမဆန်ဆုံးသော ငရဲခန်းပါပဲ။

၁၉၉၉ ခုနှစ် ဇူလိုင်လမှာ ဆေးကုသဖို့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြန်ရောက်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တခုက စိတ်ထဲမှာ အခုထိ ဒဏ်ရာပြင်းစွာ ရနေတဲ့အဖြစ်တခုပါပဲ။ ဘာသာရေးစကား၊ ဘာသာရေးတရား ပြောဆို နေကြတဲ့ နိုင်ငံရေးအကျဉ်းသား(အခု အမေရိကန်ရောက်နေတဲ့ ကိုစိုးသန်း) ကို အသံကျယ်လို့ လာရောက်ဆဲဆိုတဲ့ ၀န်ထမ်း အား ဘာသာရေးအရ ဦးပဉ္ဇင်းနဲ့ ကိုစိုးသန်းက ပြောပြတဲ့အခါ အဲဒီဝန်ထမ်း တော်တော် အရှက်ရသွားတယ်။ ဒီကိစ္စကို မကျေနပ်လို့ ဦးပဉ္ဇင်းတို့နှစ်ယောက်ကို ထောင်မှူးကြီး ရုံးခန်းခေါ်ပြီး ပညာပေးခံလိုက်ရတာ တော်တော် နာကြည်းစရာ ကောင်းတယ်။ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားပြောသူက အမှန်၊ ပီယ၀ါစာ ပြောသင့်တယ်လို့ တင်ပြသူက အမှားဖြစ်ပြီး ပြစ်ဒဏ်ကျခံရတယ်။ ယုဝတီတိုက် မရှိတော့တာ ဦးပဉ္ဇင်းတို့အတွက် ကံကောင်းတာပဲ။

၂ တိုက်မှာ နေစဉ်က ရှေ့တည့်တည့်မှာ အမြဲပိတ်ထားတဲ့ အခန်းတခန်းကို တွေ့ရတယ်။ ဘာကြောင့်ပိတ်ထားတာလဲလို့ ဘေးအခန်းမှာ ရှိတဲ့ လူတွေကို မေးကြည့်တော့ သူတို့ကပြောတယ်။ ဒါ ပြစ်ဒဏ်အခန်းတဲ့။ ပြစ်ဒဏ်ကျခံသူတွေကို မိကျောင်းတက် တက်ခိုင်းပြီး လူနှစ်ယောက်က(လူနှစ်ယောက်ဆိုတာ ၀န်ထမ်းဖြစ်ချင်လည်း ဖြစ်မယ်။ ၀န်ထမ်း မဟုတ် လည်း အာဏာပိုင် လက်ပါးစေအကျဉ်းသားလည်း ဖြစ်မယ်) အဆက်မပြတ် ရိုက်နှက် ခေါ်ဆောင်လာတဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားရဲ့ဒုက္ခကို မြင်ခဲ့သူတိုင်းက သနားမဆုံး ရှိကြတယ်။

အလုံပိတ်ထားတဲ့ အခန်းကျဉ်းထဲမှာ ရက်သတ္တနှစ်ပတ်လောက် ပိတ်ထားတယ်။ ပုံစံ ထမင်းဟင်းကို လာပေးချိန်သာ သူ့ခမျာ အလင်းရောင်မြင်ရတယ်။ သနားလို့ ငါးပိကြော်လေး မုန့်လေးသွားမပေးလိုက်နဲ့၊ ပေးတဲ့သူပါ ပြဿနာအရှာခံရ တယ်။ မသင်္ကာရင် ပြစ်ဒဏ်ကျ အခန်းထဲကို ၀င်ရှာတယ်။ မသင်္ကာစရာ ငါးပိကြော်၊ ဆေးလိပ်တို ဒါမှမဟုတ် စားစရာ တခုခုများ တွေ့လို့ကတော့ ပြစ်ဒဏ်ကျခံသူလည်း မသက်သာ၊ အနီးအနားက အခန်းတွေကိုလည်း ပြဿနာရှာတော့ တယ်။

အဲဒီ ငရဲခန်းကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC) ၀င်တော့မယ်ဆိုတဲ့ အသံကြားမှ ရပ်တန့်သွားတယ်။ ICRC ဟာ အကျဉ်းသားတွေ တကယ်အားကိုးရတဲ့ အဖွဲ့အစည်းပါပဲ။

၁၆ နှစ်တာကာလမှာ ကဗျာစာရွတ်မိလို့ တိုက်ပိတ်ခံရတာ၊ ဘာသာရေးစကားပြောလို့ တိုက်ပိတ်ခံရတာတွေဟာ ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ ဒဏ်ရာတွေလို့ပဲ ဆိုလိုက်ချင်ပါတယ်။ တချို့ကိစ္စတွေဟာ အကြောင်းတိုက်ဆိုင်မှ ပြန်လည်ပေါ် လာ တာမို့ တခုချင်းကို တပေါင်းတစည်းတည်းတော့ မတင်ပြနိုင်တော့ပါဘူး။ အကြောင်းသင့်လို့ ပေါ်လာရင် ပေါ်လာ သလို မှတ်တမ်းတွေရေးမှာပါ။ ကိုယ့်လူမျိုး အချင်းချင်း ဘာကြောင့် နှိပ်စက်တာလဲဆိုတဲ့ အဖြေကို စာဖတ်သူလည်း ထုတ် ကြည့်စေချင်ပါတယ်။

No comments:

Post a Comment