မိခင် နှောင်ကြိုးကို ဖြေပါအံ့
သည်းစွာသော အနာကို ကုစားပါအံ့
သမီး၏ လုံလဝီရိယဖြင့် နာလန်ထူပါစေအံ့
မွေးကျေးဇူးကို မသိတတ်သောထိုသူတို့ အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအား ပေးပါလေ..........
တွေ့ ရအံ့သော ဘေးရန်တို့ ကို
သမီးထီမည် မဟုတ်
တဘဝတွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့် သေရသည်ဖြစ်စေ
သမီး၌ မထူးခြား ........
သမီး၏ စိတ်ကူးတို့ သည်
ဤတကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
ဤသင်တို့ သည်လည်း ပျော်မြူးကြရမည်........
အခြားအခြားသော သူတို့ ၏
ရှုတ်ချခြင်း ၊ကဲ့ ရဲ့ ခြင်း
မုန်းတီး ရွံရှာခြင်း
နာမည်ဖျက်လိုခြင်းတို့ ကို
သမီး အလျဉ်းဂရုမပြု .........
မိခင်ထံမှ ဒါမှငါ့ သမီးဟူသော
ကျူးရင့်သံကိုသာ တောင့်တပါ၏
လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီးဖြစ်ရပါလို၏ ။ ။ (အောင်ဆန်းစုကြည်)
Thursday, 31 March 2011
ပျဉ်းမငုတ်တို
ဖွတ်ထွတ်ရွတ်တွ ၊ ဌက်လင်းဒသို့ 
ပျဉ်းမငုတ်တို ၊သက်ကြားအိုသည်
ကုန်းမိုထက်တွင် ၊တပင်တည်း၊
ခွဆုံအတွင်း ၊သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ၊ အိုင်းအမာသို့ 
ကျယ်စွာဟက်ပက်၊ ခြအိမ်ပျက်၊
ကုန်းမိုကမ်းဘား၊ မြေပတ်ကြားတွင်
စစ်သားခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း၊ လက်ပြညွန်
ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ၊ နေလျံလည်းတိုက်
လေပြင်းခတ်လျက်၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်၊ ရွက်ဟောင်းညှာကြွေ
ရွက်သစ်ဝေ၍၊ လေပြေထဲတွင်
ငယ်ရုပ်ဆင်သည်
အသင်ယောင်္ကျားကောင်းတကား။
(၁၁.၁.၁၉၄၉ နှစ်ဒုတိယကမ္ဘာစစ် အပြီးတွင် ဆရာမင်းသုဝဏ်ရေးသားသည့် ကဗျာ)

ရွှေမြန်မာ
ဘယ်တောင်ကြည့် ကြည့် သတိရခြင်း
တွေးတိုင်းထင်ရက် ဒို့ ရင်ထဲကပုပ္ပါးတောင်။
ဘယ်မြစ်တွေ့ တွေ့ အောင်းမေ့ နေခြင်း
လွမ်းတိုင်းမြင်ရက် ဒို့ ရင်ထဲက ဧရာဝတီ။
ဘယ်နေရာရှိရှိ တမ်းတမိချင်
ပြန်ရောက်ချင်ရဲ့  ဒို့ ရင်ထဲက ပုဂံပြည်။
ပုပ္ပါး ဧရာဝတီ ပုဂံပြည်နှလုံးသား
ချစ်သူများလေ ဒို့ တတွေ ရှေးဗမာများဖြစ်ပါ၏။
(မောင်စိန်ဝင်း ပုတီးကုန်း)

Fwd: ဒေါင်းမာန်ဟုန်
ဒေါင်းမာန်ဟုန် |
Wednesday, 30 March 2011
ရိုးသားမှု ကိုမရောင်းနှင့်
ရိုးသားမှုကို မရောင်းနှင့်
ဆုံးမပုံကောင်း၊ ရှေးသူဟောင်းတို့ 
ရိုးကြောင်း ဂုဏ်တင်၊ရှေးပုံပြင်ဝယ်
ချိန်ခွင် တည်ကာ၊တဘက်မှာ
ကောင်းစွာ ရိုးသားခြင်း
တဘက်တွင်းမှာ မြေကမ္ဘာ
ကမ္ဘာမြေက ပေါ့ လေခြင်း။
ချိန်ခွင် တည်ကာ၊ တဘက်မှာ
ကောင်းစွာ ရိုးသားခြင်း
ကမ္ဘာမြေနှင့် ကျောက်သံဆင့်
မြေနှင့်ဘက်က ပေါ့ လေခြင်း။
ချိန်ခွင်တည်ကာ၊ တဘက်မှာ
ကောင်းစွာ ရိုးသားခြင်း
မြေသံအပြင်၊ သက်ရှိတင်
မြေပြင်ဘက် ကပေါ့ လေခြင်း။
ရိုးသားခြင်းက၊ ဂုဏ်ပြည့် ဝ၏
သူမှပြန်ကြား မရိုးသားကြောင့်
ကြီးမားပြစ်ရှိ၊ အဝိဇိ၌
ကျဘိ ရှည်ကြာ သူ့ ခေါင်းမှာ
ကမ္ဘာမြေပိ ကျောက်သံပိ
သက်ရှိပိကာ လေးရရှာဟု
ရှေးအခါက ဘိုးဘွားများ
ဆိုရိုးထားသည်
ရိုးသားမှု ကို မရောင်းနှင့်။
(မစိုးရိမ်စာသင်သား အရှင်အိန္ဒာစရိယာဘိဝံသ(Ashin Indacariyabhivamsa ) ရေးသားထားသည့် ကဗျာ )

Tuesday, 29 March 2011
Fwd: စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း............ဘုန်းတော်ကြီး စာမေးပွဲများ ..........အရှင်ဇဝန နှင့် အင်တာဗျူး......
အရှင်ဇဝန နှင့် အင်တာဗျူး များ ကို ကြည့်ရှူရန် >>>>
အရှင်ဇဝန နှင့် အင်တာဗျူး အပိုင်း (၁)
http://www.facebook.com/video/video.php?v=165740523481555&saved#!/video/video.php?v=165737306815210
အရှင်ဇဝန နှင့် အင်တာဗျူး အပိုင်း (၂)
http://www.facebook.com/video/video.php?v=165740523481555&saved

စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်း
Fwd: လူငယ်တို့ရဲ့မျှော်လင့်ချက်နဲ့ လက်ရှိတပ်မတော်........မက်စ်မြန်မာ ဦးဇော်ဇော် နှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ..........
မက်စ်မြန်မာ ဦးဇော်ဇော် နှင့် ဆက်စပ်သည့် FIFA ဥက္ကဌ စစ်ဆေးခံရဖွယ်ရှိ............
by San Maung on Tuesday, March 29, 2011 at 4:46am
အကယ်၍ FIFA ၏ ထောက်ပံ့ငွေများသည် မက်စ်မြန်မာ ကုမ္ပဏီထံ စီးဝင်နေမှုများ တွေ့ရှိရပါက FIFAမှ တာဝန်ရှိသူများသည်ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ သိန်း ၇ သောင်း ဒဏ်တပ်ခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာကို ဆွစ်ဇာလန်အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားဖွယ် ရှိနေသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်က မန္တလေးမြို့တွင် တည်ဆောက်ထားသော ဘောလုံးအကယ်ဒမီ ကျောင်းဖွင့်ပွဲ၌ ဦးဇော်ဇော်နှင့် အတူတွေ့ရသည့် မစ္စတာ ဘလတ္တာ (ယာဘက် ပန်းကုံးစွပ်ထားသူ) (ဓာတ်ပုံ - Reuters)
မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်သည် ဆွစ်ဇာလန်အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူခံထားရ သူဖြစ်နေခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် ဆွစ်ဇာလန်အစိုးရက စဉ်းစားနေခြင်းဖြစ်ကြောင်း ဆွစ်ဇာလန် မဂ္ဂဇင်း Woz တွင် ရေးသားထားသည်။
ဦးဇော်ဇော်သည် ဘောလုံးကွင်းတည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် မက်စ်မြန်မာကုမ္ပဏီပိုင်ရှင်ဖြစ်နေရာ FIFA ၏မြန်မာဘောလုံးအဖွဲ့သို့ ထောက်ပံ့ငွေများသည် မက်စ်ကုမ္ပဏီထံသို့ တဘက်လှည့် စီးဝင်သွားမည့် အလားအလာလည်း ရှိနေ သဖြင့် ယင်းကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် ဆွစ်ဇာလန်အစိုးရက စိုင်းပြင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ဆွစ်ဇာလန်အစိုးရသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့အခြေစိုက် FIFA ၏ ရန်ပုံငွေသုံးစွဲမှုနှင့် စီးပွားရေးပိတ်ဆို့မှုများသည် ကမ္ဘာ့ဘော လုံးလောကသို့ပါ သက်ရောက်နိုင်ခြင်း ရှိမရှိ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ဆွစ်ဇာလန်အစိုးရ၏ ကနဦးထုတ်ပြန်ချက်တွင် ဖီဖာနှင့်တွေ့ဆုံကာ ယင်းကိစ္စရပ်များကို မေးမြန်းစုံစမ်းရန်လိုအပ်နေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
အကယ်၍ FIFA ၏ ထောက်ပံ့ငွေများသည် မက်စ်မြန်မာ ကုမ္ပဏီထံ စီးဝင်နေမှုများ တွေ့ရှိရပါက FIFAမှ တာဝန်ရှိသူများသည်ထောင်ဒဏ် ၁ နှစ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၅ သိန်း ၇ သောင်း ဒဏ်တပ်ခံရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဇာဏီအောင်က" FIFA ဥက္ကဌနဲ့ပတ်သက်တဲ့သတင်းတွေကို ကျနော်တို့ မဖတ်ရ သေးတော့ ၊ ဒါနဲ့ ပတ်သက်ပြီး တစုံတခု မပြောနိုင်သေးပါဘူး။ ဒီမှာကလည်း သတင်းဆိုက်တွေဖွင့်ဖို့ မလွယ်ပါဘူး။ FIFA ဥက္ကဌ လာစဉ်တုန်းက ကျနော်တို့ ဥက္ကဌ က နောက်ထပ် တောင်ကြီးမြို့မှာလည်း ဘောလုံးအကယ်ဒမီကျောင်း ထူထောင်ဖို့ FIFAက အကူအညီပေးပါလို့ တောင်းခံထားတယ်။ FIFAဥက္ကဌကလည်း သူရှိနေစဉ်မှာ အတတ်နိုင်ဆုံး အကူအညီပေးပါမယ်လို့ ပြောသွား ပါတယ်"ဟု ဧရာဝတီသို့ ပြောသည်။
မစ္စတာ ဆတ် ဘလတ္တာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ် မတ်လ ၁၅ ရက်နေ့က သွားရောက်ခဲ့ပြီး မန္တလေးမြို့၌ FIFA ၏ အကူအညီဖြင့် တည်ဆောက်ထားသည့် ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းဖွင့်လှစ် ပေးခဲ့သည်။
ထို့နောက် ဦးဇော်ဇော်၏ စီစဉ်ပေးမှုဖြင့် နေပြည်တော်သို့ သွားရောက်၍ အစိုးရသစ်တွင် သမ္မတ ဖြစ်လာမည့် လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန်ကိုလည်း တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံမှုသည် အရပ်သား အစိုးရသစ်ကို ပွဲထုတ်ရန် ကြိုးစားခြင်းဖြစ်သည်ဟု ရန်ကုန် သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေ ကြောင်း မတ်လ ၁၄ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားခဲ့သည်။
မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားပြီး အထူးသဖြင့် အသစ်ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့တွင် ဒု သမ္မတဖြစ်လာမည့် လက်ရှိအတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် အလွန်ရင်းနှီးသူစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သည်။
ထို့အပြင် ဦးဇော်ဇော်သည် လာမည့် ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် ပြုလုပ်မည်ဆိုသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)အတွက် ရည်ရွယ်ပြီး နေပြည်တော်၌ တည်ဆောက်နေသည့် ဘောလုံးကွင်း၂ ကွင်း နှင့် အားကစားရွာ တည်ဆောက်ခွင့် ကိုပါ ရထားသူဖြစ်ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး စီးပွားရေး ဇုန်ဖြစ်လာမည်ဟု ပြောဆိုနေသည့် ထားဝယ် ရေနက် ဆိပ် ကမ်း တည်ဆောက်ခွင့် အပါအ၀င် အစိုးရနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းတချို့ကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။
"FIFAဆီက ရထားတဲ့ငွေတွေနဲ့ ဘောလုံးကွင်းတည်ဆောက်ရေးတွေကိုတော့ မက်စ်မြန်မာကုမ္ပဏီကပဲ ရယူထားတာ အမှန်ပါပဲ။ ဆတ်ဘလတ္တာလည်း ဥက္ကဌသက်တမ်းကုန်ခါနီးပါပြီ။ FIFAဥက္ကဌ နေရာအတွက် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ကာတာနိုင်ငံသား မိုဟာမက်ဘင်ဟမ်မန်က ယှဉ်ပြိုင်ဖို့ရှိနေတယ်။ ဘင်ဟမ်မန်အတွက်ကတော့ ဒီပြဿနာဟာ လက်နက်ကောင်းတခု ဖြစ်သွားနိုင်ပါတယ်"ဟု အားကစား ဆောင်းပါးရှင်တဦးက သုံးသပ်ပြောဆိုသည်။
FIFAဥက္ကဌရာထူး ရွေးပွဲကို ယခုနှစ် ဇွန်လတွင် ကျင်းပသွားမည်ဖြစ်သည်။ မစ္စတာ ဘလတ္တာသည် ယခုအခါ အသက် ၇၅ နှစ် ရှိပြီး FIFAဥက္ကဌအဖြစ် ၁၉၉၈ ခုနှစ်ကတည်းက တာဝန်ယူခဲ့သူဖြစ်သည်။
FIFAဥက္ကဌ ရာထူးယှဉ်ပြိုင်မည့်သူ စာရင်းကို ဧပြီ ၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ရာ ယခုအချိန်ထိ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဌ မိုဟာမက် ဘင်ဟမ်မန် နှင့် လက်ရှိ ဥက္ကဌ မစ္စတာ ဆတ် ဘလတ္တာတို့ နှစ်ဦးသာ စာရင်း ပေးသွင်းထားသေး
ကြောင်း သိရသည်။
မင်းနိုင်သူ
ဧရာဝတီ
သီဟသူရတင်အောင်မြင့်ဦးနှင့် ဇော်ဇော်
လူရမ်းကား ဗိုလ်ချုပ်ကြီးကို လိမ္မာသွားအောင် အစစ အရာရာ သင်ကြားပေးနေသူကတော့ မက်စ်မြန်မာ ဇော်ဇော်ပါပဲ၊ သူတို့နှစ်ဦး ဆက်ဆံရေးကို လူတွေက သားအဖလို့တောင် ပြောကြတယ်။ Trade Council ဥက္ကဋ္ဌ ရာထူး ရခါစမှာ ကားသွင်းခွင့် ပါမစ်တွေကို စစ်တပ်ပိုင် ဦးပိုင်လီမိတက်ထက် မက်စ်မြန်မာ ဇော်ဇော်ကို အများဆုံးသွင်းခွင့်ပေးခဲ့လို့ လူကုံထံ ဇိမ်ခံကား ကနေ မီးသတ်ကား အထိ သုံးလိုတဲ့သူတိုင်း ဇော်ဇော် ဆီက ပြန်ဝယ်ရတယ်၊ အဲသည့်အတွက် ဇော်ဇော်က ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို အချိုးကျ အ
မြတ်ခွဲ ပေးရတယ်။
စီးပွားရေးသမားတွေကို လူမွေးတဲ့ နေရာမှာကတော့ ဗိုလ်ချုပ်မှူးကြီး က တေဇ၊ ဒု ဗိုလ်ချုပ်မှူး ကြီးမောင်အေးက အောင်ကိုဝင်း၊ ဦးရွှေမန်းက သူ့သားနှစ်ယောက်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က လားစိုးမြင့်ဆိုတဲ့ ရှမ်းတရုတ် ဆိုတော့ ဒု သမ္မတ ဖြစ်မယ့် လူရမ်းကား ဗိုလ်ချုပ်ကြီးနဲ့ ဇော်ဇော်တို့ ၂ ယောက် ပေါင်းသွားတာ သိပ်တော့လည်း မထူးဆန်းဘူး။
အတွင်းသိတွေ ပြောစကားကတော့ စစ်ထောက်ချုပ်ဘ၀ ကျောက်သူဌေး အိုက်လင်းနဲ့ ပေါင်းပြီး ကျောက်မျက်ပြပွဲက ပတ္တမြားနဲ့ ကျောက်စိမ်း ၈၀ ရာခိုင်နှုန်းကို တရုတ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ကျောက်ဈေးကွက်ကို မှောင်ခိုခိုးထုတ်ခဲ့တဲ့ ငွေမည်းတွေကို ခ၀ါချဖို့ နိုင်ငံတော်ရဲ့လိုအပ်ချက်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ထားတဲ့ ဇော်ဇော်ပိုင် ဧရာဝတီဘဏ်မှာ သူ့ရှယ်ယာတွေ ထည့်ထားတယ်၊ မြန်မာတပြည်လုံးမှာ ဖွင့်ထားတဲ့ မက်စ်မြန်မာ လောင်စာဆီ ဆိုင်တိုင်းမှာ သူ့ပိုက်ဆံပါတယ် လို့လည်း သိရတယ်။ တနိုင်ငံလုံးရှိတဲ့ ဘောလုံးကွင်း တည်ဆောက်ပြုပြင်ရေး၊ ရန်ကင်းက သတ္တုတွင်း ၀န်ကြီးဌာန ရုံးဟောင်းကို ကလေးဆေးရုံးဆောက်ခွင့်တို့ကို ဇော်ဇော်ကို ပေးထားသလို အထူးအခွင့်အရေး အနေနဲ့ ရုရှားသံရုံးကလုပ်တဲ့ အခမ်းအနား တိုင်းမှာ ဇော်ဇော်ကို တက်ခွင့်ပေးခဲ့ တယ်။
နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အစိုးရ စီမံကိန်းကြီးဖြစ်တဲ့ ထားဝယ်ရေနက် စီးပွားရေး အထူးဇုန် တည်ဆောက်ရေးကို လည်း ဇော်ဇော် တဦးတည်းကို ပေးခဲ့တယ်။ နီးစပ်သူတွေ အပြောကတော့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို အကျိုးအမြတ်ရဲ့ တ၀က်ခွဲပေးရတယ်လို့ သိရတယ်။
ဇော်ဇော် အလိုက်သိတတ်ပုံကလည်း မိန်းမလိုက်စားတတ်တဲ့ ဗိုလ်ချုပ်ကြီး အတွက် သူပိုင်တဲ့ မာရီနာ ဟိုတယ်မှာ အရက်ရော ကြက်ရော ရှာပေးတဲ့ အထိတဲ့။ ဒါ့အပြင် အင်းစိန် စက်မှုတက္ကသိုလ်အနီး အောင်သိဒ္ဓိလမ်းနဲ့ အေးရိပ်ငြိမ်လမ်းဆုံတဲ့ နေရာမှာ နန်းတော်ကြီးတမျှ တခမ်းတနား ဆောက်ထားတဲ့ ဗိုလ်ချုပ်ကြီး အိမ်အတွက် အီတလီနိုင်ငံလုပ် အတွင်းပရိဘောဂတွေကို ဇော်ဇော် က ၀ယ်ထည့် ပေးခဲ့တယ်။ ဖိနပ်စင် တခုတောင် သိန်းလေးရာလောက် တန်တယ်လို့ အတွင်းသိ တချို့ကဆိုတယ်။ ခြံထဲက လမ်း တွေကို အားလုံး ကွန်ကရစ်တွေ ခင်းထားပြီး လုံခြုံရေး ဂိတ်တောင် နှစ်ထပ်တိုက် ဆောက်ထားတယ်တဲ့။
သီဟသူရတင်အောင်မြင့်ဦး၏သရုပ်မှန်ကို ဆက်လက်ဖတ်ရှူလိုပါက >>> http://www.facebook.com/album.php?aid=27681&id=100001368265940&saved#!/note.php?note_id=206622636017240
တတိယ မျိုးဆက်သို့ အိပ်ဖွင့်ပေးစာ
- ကျွန်တော် ဒီနေ့တော့ တတိယ မျိုးဆက်လူငယ်တွေဆီ တိုက်ရိုက်လိပ်မူပြီးရေးချင်တယ်ဗျာ။ တတိယမျိုးဆက်လို့ အမည်တက်ရတာကတော့ (၁၉၈၈)ကနေ ယနေ့ တည်ရှိနေတဲ့ လူငယ်မျိုးဆက် အထိကို ရည်ရွယ်ချင်လို့ပါ။(၁၉၈၈)မှာ အသက်(၂၅)နှစ် ပတ်ဝန်းကျင် လူငယ်တွေကိုတော့ ပထမ မျိုးဆက်လို့ ကျွန်တော် ဆိုလိုချင်ပြီး (၁၉၈၈) မှာအသက်(၁၅)နှစ်ဝန်းကျင် လူငယ်တွေကိုတော့ ဒုတိယမျိုးဆက်လို့ ဆိုလိုချင်ပါတယ်။ ဒါကြောင့် (၁၉၈၈)ကာလအတွင်းနဲ့ (၁၉၈၈) ကာလအပြီးမှာ မွေးဖွားတဲ့ လူငယ်တွေကတော့ တတိယမျိုးဆက်ပေါ့။ ဒါကြောင့် ဒီမျိုးဆက်တွေအတွက် ရည်ရွယ်တာပါ။
- ဒီမျိုးဆက်(၃)ခုမှာ ပထမမျိုးဆက်တွေက အခုခေတ်နဲ့ ယှဉ်လိုက်ရင် အလွန်ကောင်းသော ခေတ်တခုကို မှီလိုက်တဲ့သူတွေလို့ ကျွန်တော်ပြောချင်ပါတယ်။ ဘာကြောင့် ကျွန်တော်ဒီလိုပြောရတာလဲဆိုရင် သူတို့ခေတ်မှာ ယ္ခုလက်ရှိကာလလို ခေတ်မှီဆက်သွယ်ရေး ကရီယာတွေ၊ ဖျော်ဖြေရေး တန်ဆာပလာတွေ မရှိသေးမေမယ့် သူတို့ခေတ်မှာ သူတို့ခေတ်အလျှောက် ပျော်ရွင်မှုတွေနဲ့ ဖျော်ဖြေမှုတွေရှိခဲ့တယ်။ ပထမမျိုးဆက်တွေဟာ အခုခေတ် တတိယမျိုးဆက်လူငယ်တွေ ဘယ်လိုမှ ခံစားလို့ မရနိုင်တဲ့ ပီတိ ခံစားချက်တွေကို ရရှိခံစားခဲကြရတယ်။ သူတို့ဟာ မိသားစု စုံစုံညီညီ သိုက်သိုက်ဝန်းဝန်းနဲ့ ထမင်းစားနိုင်သလို ဖခင်ရဲ့ လုပ်စာကို မိခင်အပါအဝင် မိသားစုတခုလုံး မျှော်လင့်တကြီး အားထားနိုင်တယ် ဖခင်တယောက်ရဲ့ လုပ်စာနဲ့ မိသားစုဘဝ နောင်ရေးတွေကို မျှော်လင့် နှိုင်ခဲ့ကြတယ်။ ဒီလိုဘဲ ပထမ မျိုးဆက်မှာ ကျောင်းသားဖြစ်ခဲကြတဲ့သူတွေဟာလည်း ကျောင်းသားတယောက်ရဲ့ အဆင့်အတန်း ဂုဏ်သိက္ခာနဲ့ နေထိုင်နိုင်ခဲ့တယ်။ ကျောင်းသားတယောက်ရဲ့ ဂုဏ်သိက္ခာ ဆိုတာကတော့ ဘယ်နေရာကို သွားသွား ကျွန်တော် ကျောင်းသားလို့ ပြောလိုက်တာနဲ့ အားလုံးက လေးလေးစားစား ဆက်ဆံကြတယ် စာကြိုးစားဖို့ တိုက်တွန်းကြတယ်။ တက္ကသိုလ်ကျောင်းသား ဆိုရင်တော့ ဆိုဖွယ်မရှိပေါ့ ရွေထွက်တဲ့ ကိုယ်လို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေပေါ့။ ပထမမျိုးဆက်မှာ ရှိတဲ့ တပ်မတော်သားတွေလည်း ဒီလိုပါဘဲ။ တပ်မတော်သားတယောက် အရပ်ထဲဝင်လာပြီဆို အရပ်ထဲမှာရှိတဲ့သူတွေက သိသိမသိသိ ဟေ့ ရဲဘော်လေး ဘယ်သူ့အိမ်ရှာနေတာလဲ လောက်တော့ မေးလိုက်ရမှ သူတို့အနေနဲ့ ကျေနပ်ကြတယ်။ အဲ့ဒီခေတ်က တပ်မတော်သားဆိုတာကလည်း ဒီခေတ်လို ခွေးပြစ်တဲ့ဒုတ်လောက် ကောင်းလေးတွေ မဟုတ်ကြဘူးလေ။ ထောင်ထောင်မောင်းမောင်းနဲ့ တကယ့် အားကိုးလောက်တဲ့ ပုံတွေ။ အရာရှိအဆင့် ဗိုလ်ကြီး ၊ ဗိုလ်မှူး ဆိုရင်တော့ ဆိုဖွယ်မရှိပေါ့။ဆရာဝန်ဆိုတာ ရပ်ကွက်တခုမှာ တယောက်မရှိပေမယ့် ဆေးခန်းပြရတဲ့လူနာဆိုတာလည်း သက်ကြီးရွယ်အိုကလွဲလို့ ရှိတာမဟုတ်ဘူး။ကျောင်းဆရာ/ဆရာမဆိုတာတော့ ဂုဏ်အရှိဆုံးအလုပ်တွေပေါ့။ပထမ မျိုးဆက်မှာ နိုင်ငံခြားအလုပ်သွားလုပ်တဲ့သူဆိုတာ အရပ်ထဲမှာ ခလေးတွေကတောင် စတာနောက်တာ ခံကြရပါတယ်။ လူကြီးတွေကတော့ လမ်းမှာတွေ့ရင် နူတ်ဆက်တဲ့သူတောင် အတော်ရှားပါတယ်။
- ဒီလိုပါဘဲ ပထမမျိုးဆက်မှာရှိခဲ့တဲ့ တောင်သူလယ်သမားတွေဆိုလည်း တနှစ်နေလို့ မြို့ပေါ်တခေါက်လာတာမဟုတ်ပါဘူး၊ သူတို့ လယ်ယာအလုပ်နဲ့သူတို့ ပျော်ပိုက်နေကြတာ အဲ့ဒီခေတ်က လယ်သမားငြီးတယ်ဆိုတာ မကြားဖူးပါဘူး။ တောသားတွေ မြို့ကိုလာလည်ကြပြီ ဆိုရင်လည်း အသယ်ကြီး အပိုးကြီးတွေနဲ့လာကြတာ ဆန်ဆိုရင် အိပ်လိုက်သယ်လာပြီး ဆီဆိုရင်လည်း ပဲဆီ၊နှမ်းဆီစစ်စစ်ကို လေးထောင့်သံပုံးနဲ့ အပြည့်သယ်လာကြတာ။ မြို့ပေါ်ရောက်လို့ နေပြန်ရင်လည်း တလ ကိုးသီတင်း အေးအေးဆေးဆေး နေပေမယ့် သက်ဆိုင်ရာ အိမ်ရှင်တွေက ပြန်မှာကြောက်လို့ မပြန်နဲ့အုံးနော် အေးအေးဆေးဆေးမှပြန်ပါလို့ ဆွဲထားကြရပါတယ်။ မြို့ပေါ်က အိမ်တိုင်းလိုလိုမှာလည်း ရှေ့မှီ နောက်မှီ အဖိုးအဖွားတွေရှိတတ်ကြပြီး အရပ်ထဲမှာရှိတဲ့ လူတိုင်းကလည်း သက်ကြီးရွယ်အိုဆိုပြီ လေးစားသမှုနဲ့ ရိုရိုသေသေ ဆက်ဆံကြပါတယ်။။ လူငယ်တိုင်းဟာလည်း သမီးရည်းစား အဖြစ်ချစ်ကြိုက်ကြပြီးရင် တအိုးတအိမ် ထူထောင်ဖို့ ရှည်ရှည်ဝေးဝေး စဉ်းစာမနေကြသလို့ နှစ်ဖက်မိဘတွေကလည်း သူတို့သားသမီးတွေအတွက် သင့်တော်တယ်ထင်ရင် ထိမ်းများပေးလိုက်ကြပါတယ်။ အိမ်ငှားနေတဲ့သူဆိုတာ ရှာမှရှားပါ။အလှူအတန်းဆိုလည်း စီစီကားကား သိုက်သိုက်ဝန်းဝန်းနဲ့ အင်မတန် ပျော်ရွင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ကြတာပေါ့။
- ဒါပေမယ့် အဲ့ဒီပျော်ရွင်ဖွယ် နေ့ရက်တွေဟာ နေဝင်း(မဆလ)အစိုးရလက်ထက်မှာ တစထက်တစ လုံးပါး ပါးလာခဲ့တာကြောင့်(၈၈)လူထု အုံကြွမှုကြီး နိုင်ငံနဲ့ အဝှမ်းမှာပေါ်ပေါက်ခဲ့ပြီး နေဝင်းအစိုးရကို ဖြုတ်ချပြစ်ခဲ့ကြတာပါ။ ပထမ မျိုးဆက်တွေ ယ္ခုလို ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ကြတာဟာ သူတို့ခေတ်မှာ ရှိနေတဲ့ သူတို့ရဲ့ အဖေအမေ အဖိုးအဖွားတွေရဲ့ တိုင်းပြည်အရေးဟာ ဒို့အရေးဘဲဖြစ်တယ် တိုင်ပြည်အနာဂတ်ဟာ ဒို့မိသားစုတွေရဲ့ အနာဂတ်ဖြစ်တယ်ဆိုတဲ့ အသိရှိခဲ့ကြလို့ ဖြစ်ပါတယ်။
- ဒုတိယ မျိုးဆက်တွေခေတ်မှာတော့ (မဆလ)ခေတ်မှာ လုံးပါးပါးခဲ့ရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ စိတ်ချမ်းမြေ့ ပျော်ရွင်မှုတွေဟာ လုံးလုံးပျောက်ခဲ့ရတယ်လို့ ပြောရမလားဘဲ။ မိသားစု စုံစုံညီညီ ထမင်းစားနိုင်ဖို့ဝေးစွ ထမင်းနပ်မှန်အောင် မနဲးရုံးကန်နေကြရတယ်။ ဖခင်လုပ်စာဆိုတာ ငါတို့အဖေမှာ အလုပ်ရှိပါလားဆိုတဲ့ အသိတခုကို ပေးရုံထက်မပိုတော့ဘူး။ မိသားစု နောင်ရေးဆိုတဲ့ ဝေါဟာရက အိမ်ထောင်ဦးစီး ဖခင်ကို ဖြစ်တဲ့နည်းနဲ့ ငွေများများရှာပါလို့ ပြောသလိုဖြစ်နေတယ်။ (၈၈)လူထုအုံကြွမှုကြီးကို ကျောင်းသားတွေကစတင်ခဲ့တာဆိုတဲ့ အဆွဲကြောင့် အစိုးရတွေဟာ ကျောင်းသားတွေကို တရာခံကြည့်နဲ့အမြဲတစေစောင့်ကြည့်နေတာကြောင့် ဒုတိယ မျိုးဆက်က ကျောင်းသားတွေဟာ ကျောင်းသားဂုဏ်သိက္ခာ ဆိုတာ ဘာမှန်းမသိကြရရှာဘူး။ ဒုတိယမျိုးဆက်မှာရှိတဲ့ တပ်မတော်သားတွေကတော့ အစိုးရတွေရဲ့ လက်ကိုင်ဒုတ်သဖွယ် ပြည်သူကို ဖိနိပ်ဖို့ ယန္တရား တခုလိုအသုံးချခံရတာကြောင့် ပြည်သူရဲ့ မလိုမုန်းထားမှု့တွေကို ခံခဲ့ကြရတယ်။ဆရာဝန်တွေ အထိုက်အလျှောက်ရှိလာသလို ဆေးခန်းပြတာကို ဂုဏ်တခုလို ကြွားဝါတဲ့အဆင့်တောင်ရောက်လာတယ်။ဂုဏ်ရှိချင်တဲ့သူတွေက ကျောင်းဆရာ/ဆရာမအလုပ်ကို ရွေးချယ်လာကြတယ်။ တောင်သူလယ်ကမားတွေကတော့ အစိုးရဆီက စိုက်ပျိုးစရိတ် ချေးငွေတွေကို လုံလောက်စွာမရရှိတာကြောင့် မိဘ လက်ငုတ်လက်ရင်း လယ်ယာအလုပ်တွေကို ပြစ်ပြီး ရှိစုမဲစုလေးနဲ့ တဝမ်းဝဖို့ ကုန်သည် ပွဲစား လက်သမား ၊ ပန်းရန် စသဖြင့် ကြုံရာအလုပ်တွေကို လုပ်ကိုင်စားသောက်နေကြရတယ်။ သက်ကြီးရွယ်အို အဖိုးအဖွားဆိုတာ အိမ်မှာ လူပိုတွေလို ဖြစ်လာတယ်။ လူငယ်တွေဆိုတာလည်း အိမ်ထောင်ပြုဖို့ဝေးစွ တဦးနဲ့တဦးချစ်တဲ့ကြိုက်တဲ့ အဆင့်ကို ရောက်ဖိုတောင် မလွယ်ကြတော့ဘူး။ အလှူဆိုတာ လူရွေးပြီး ဖိတ်ရတဲ့အဆင့် ရောက်လာလို့ စီကားတဲ့အလှူဆိုတာ မရှိသလောက်ရှားသွားတယ်။အိမ်ကို ညအိမ်ညနေ ဧည်သည်လာရင်လည်း သိပ်မကြိုက်ချင်ကြတော့ဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်တယ်ဆိုတာ ဂုဏ်တခုလို ဖြစ်လာတယ်။
- အခုခေတ် တတိယ မျိုးဆက်လူငယ်တွေကတော့ နည်းပညာတွေ ထွန်းကားတဲ့ခေတ်မှာ အရွယ်ရောက်တဲ့သူတွေဆိုတော့ ခေတ်ကောင်းမှီတယ်လို့ဆိုရပေမယ့် မိသားစုဘဝဆိုတာ ဗီဒီယိုထဲမှာလောက်သာ မြင်ဘူးကြတော့တယ်။ လမ်းဘေးထမင်းဆိုင်နဲ့ ညဖက်အရက်ဆိုင်တွေက လူငယ်အများစုရဲ့ ထမင်းစားခန်းနေရာကို ယူလာကြတယ်။ ဖခင်ရဲ့အလုပ်အကိုင်ကို တိတိကျကျပြောဆိုနိုင်တဲ့သူ မရှိသလောက်ဖြစ်လာတယ်။ အိမ်ရှိ လူကုန်အလုပ်လုပ်တယ်ဆိုတာ အလေ့အထတခုလိုဖြစ်လာနေတယ်။ ရရှိတဲ့ ဝင်ငွေကလည်း အသက်ရှင်ဖို့ ထမင်းစားနေရတာထက် မပိုတော့ဘူး။ ပညာရေးဆိုတာ ဘာလဲလို့ မေးနေတဲ့ လူငယ်တွေက ဒူးနဲ့ဒေး ဖြစ်လာတယ်။ကျမ်းမာရေးအဆင့် နိမ့်ကျချက်က ဆေးဝါးတွေကို လမ်းဘေး ကွမ်းယာဆိုင်တွေမှာ သကြားလုံးဝယ်သလို လူတိုင်း ဝယ်ယူသုံးစွဲနေကြရတယ်။ အသက်(၅၀) ဝန်းကျင်တွေက သက်ကြီးပူဇော်ပွဲတွေမှာ ရှေ့ဆုံးက နေရာယူလာကြတယ်။ တတိယမျိုးဆက်မှာ ရှိတဲ့လူငယ်တွေဟာ ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး နိုင်ငံမဲ့ဘဝတွေ ရောက်နေကြရသလို ဖြစ်ပြီး သူဌေးအိမ်သွားလည်တဲ့ ဆင်းရဲသားတွေလို ဖြစ်နေတယ်။ တိုင်းပြည်ကြီးက ဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုပေမယ့် ကိုယ်နဲ့ မဆိုင်သလို ဖြစ်နေတယ်။ ဒါကြောင့် ဒီနေ့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ တတိယမျိုးဆက် လူငယ်တွေကို ပျက်ရယ်ပြု စိန်ခေါ်နေသလိုဖြစ်နေတယ်။အစိုးရဆိုသူတွေရဲ့ လက်မှာ မိမိတို့ရဲ့ ဘဝတွေကို ဝကွပ် အပ်ထားကြရသလို ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် မှန်သမျှဟာ အစိုးရဆိုသူတွေနဲ့သာ ဆိုင်သလို ဖြစ်နေပြီး အစိုးရဆိုတာ မျိုးရိုး အမွေဆက်ခံတဲ့ အလုပ်တခုလို ဖြစ်နေတယ်။ မိမိ မိသားစုဘဝ ပျော်ရွင်ချမ်းမြေ့ဖို့ အစိုးရဆိုသူတွေနဲ့ ဖြစ်တဲ့နည်နဲ့ သင့်မြတ်အောင် ပေါင်းရမယ်ဆိုတဲ့ ဘဝပေးအသိကို ရိုက်ထည့်တာ ခံနေကြရတယ်။ တတိယ မျိုးဆက်လူငယ်တွေ နားလည်ထားရမှာက ဒိုဟာ နိုင်ငံတခုကို ပိုင်ဆိုင်ထားတဲ့ သူတွေဖြစ်တယ်။ ဒို့နိုင်ငံရဲ့ သယံဇာတတွေဟာ ဒို့တိုင်းသူပြည်သားတွေ အားလုံ အတွက်ဖြစ်တယ်။ ဒီကနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ဒုက္ခတွေဟာ လူတစုက ဖန်တီးထားတဲ့ ဒုက္ခတွေသာဖြစ်တယ် ဆိုတာကို နားလည်ထားဖို့ လိုတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ တတိယမျိုးဆက်တွေရဲ့ တိုင်းပြည်အပေါ် ဘယ်လောက် ပေးဆပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာတည်နေတယ်။ တိုင်းပြည်မှာ ယနေ့ဖြစ်ပျက်နေတာတွေကို တတိယမျိုးဆက်တွေက ငါတို့နဲ့ မဆိုင်ဘူး ဆိုပြီး လက်ပိုက်ကြည့်နေမယ်ဆိုရင် တနေ့မှာ အုပ်စိုးသူအာဏာရှင်ရဲ့ အိမ်တခါး လာခေါက်တာကို ခံရမှာဖြစ်တယ်။ အာဏာရှင်တိုင်းဟာ ငါဟာအာဏာရှင်ပါ ဆိုပြီး အာဏာယူလာကြတာ မဟုတ်ဘူဆိုတာကို တတိယမျိုးဆက်တွေ သဘောပေါက်ထားဖို့ လိုတယ်။ဒီလိုဘဲ အာဏာရှင်တွေဟာ တိုင်းပြည်ရဲ့ အာဏာကို စတင်ရယူချိန်မှာ ဘယ်တော့မှ မီးပြင်းတိုက်လေ့ မရှိဘူး သူတို့ဟာ စတင်အာဏာယူချိန်မှာ အလွန်အေးမြတဲ့ ရေရှိတဲ့ ခွက်ထဲက ဖါးသူငယ်တွေလို ပြည်သူကိုထားတယ် ဒါပေမယ့် အဲ့ဒီခွက်ကို အောက်ကနေ တဖြည်းဖြည်းခြင်း အပူပေးသလို တိုင်းပြည်ကို အုပ်ချုပ်လေ့ရှိတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်ဟာ မြန်မာပြည်မှာ လက်သစ် အာဏာရှင်တစုက တိုင်းပြည်ကို ချုပ်ကိုင်ဖို့ အားယူနေသလို ပထမမျိုးဆက်နဲ့ ဒုတိယမျိုးဆက် တွေကလည်း တိုင်းပြည်ရဲ့ လူထုခေါင်းဆောင်တွေနဲ့ လက်တွဲပြီး အာဏာရှင် မျိုးဆက် မြန်မာပြည်မှာ အမြစ်တွယ်ခြင်း မရှိအောင် တက်နိုင်တဲ့ဘက်က ဆောင်ရွက်နေကြတာတွေကို တတိယမျိုးဆက်တွေအနေနဲ့လည်း ဝိုင်းဝန်း ပူပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ အမိမြန်မာပြည်ကြီးဟာ ဒို့ပိုင်တဲ့ပြည် ဒို့ပိုင်တဲ့မြေ သေချာပေါက် ဖြစ်လာမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတကြီး ဂျော့ ဝါရှင်တန် ပြောဘူးတဲ့ စကားတခုရှိပါတယ်( ကျုပ်တို့ခေတ်မှာ စစ်ပညာကို စနစ်နကျ တတ်မြောက်ထားမှ ကျုပ်တို့ သားသမီးတွေခေတ်မှာ ရှုပဗေဒဘာသာရပ်နဲ့ သချာင်္ပညာတွေကို အေးအေးဆေးဆေး သင်ကြားနိုင်မှာ ဖြစ်တယ်)ဆိုတဲ့ စကားပါ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်မှာလည်း ကျွန်တော်တို့ခေတ်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားပြစ်နိုင်မှ ကျွန်တော်တို့ သား/သမီးတွေဟာ ကမ္ဘာအလည်မှာ သိက္ခာရှိရှိ အသက်ရှင်ရပ်တည် နိုင်ကြမှာ ဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။
- အတွေးအခေါ်မှား၊ စာလုံးပေါင်း သတ်ပုံမှားလျှင် ကျွန်တော်စာရေးသူရဲ့ တာဝန်သာဖြစ်ပါတယ်။ ကျွန်တော်ရေးတဲ့ စာကို ဖတ်လိုက်လို့ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အသိတရား တစုံတရာ ရရှိတယ်ဆိုရင် ကျွန်တော် ရေးရကြိုးနပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာ သစ်ဝါးခုတ်သူအရပ်သားတွေဆီက ငွေကောက်ပြီး (ကပစ) စက်ရုံမှူးကိုပေးနေရတဲ့ စစ်သားနှစ်ယောက်က အရပ်သားလူငယ်နှစ်ဦးဆီကငွေတောင်းတဲ့အပြင် နှိပ်စက်တဲ့အတွက် အဲဒီလူငယ်တွေက ရဲတင်းနဲ့ ခုတ်လို့ စစ်သားတွေသေဆုံးတဲ့ အမှုတခု၊ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့အခင်းဖြစ်ကြတဲ့ လူငယ်တွေနဲ့ နီးစပ်သူတဦးက RFA ကို အခုလိုပြောပါတယ်။
"၂၁ ရက်နေ့ ညက ဖြစ်တာက ဒုတပ်ကြပ် မြင့်ဇော်ရယ်၊ တယောက်က ကျောက်ပန်းတောင်းနယ်သား တပ်သားသစ်၊ သူတို့ နှစ်ယောက်က နေပြီး သစ်လှည်း၊ ဝါးလှည်းသမားတွေ ဆီကနေ တောင်းတယ်။ တောင်းတဲ့အခါကျတော့ သစ်လှည်းသမား ဖြစ်တဲ့ ဇော်လှိုင်ဝင်းနဲ့ လှခိုင်၊ သူတို့ နှစ်ယောက်ကနေပြီးတော့ ဒီ ခုနလိုမျိုး ရိုက်နှက်ပြီး တောင်းတာပေါ်မှာ မခံနိုင်လို့မို့ သစ်ခုတ်တဲ့ ရဲတင်းနဲ့ ပေါက်သတ်ပစ်တာမှ ပွဲချင်းပြီး သေတယ်။"
"တပ်သား မြင့်ဇော်ကတော့ ပြည်ဆေးရုံရောက်မှ အဆုတ် ပွင့်သွားတာမှာ သူက ၂ ရက် ၃ ရက်လောက် ရှိမှ သေသွားတယ်။ စစ်သားတွေ တောင်းတဲ့ ဂိတ်ပေါင်းများစွာကနေ ရလာတဲ့ ပိုက်ဆံကို ကပစ စက်ရုံမှူး ဗိုလ်မှူး မျိုးတင့် ဆိုတဲ့လူကို အပ်ရတယ်။ မျိုးတင့်ကမှ စစ်သားတွေကို ပြန်ခွဲပေးတယ်။ လက်အောက်ငယ်သားတွေ။ အခုလို ပြဿနာ ဖြစ်ပြီ ဆိုတဲ့အခါကျတော့ စက်ရုံမှူး ကိုယ်တိုင်က တာဝန်ရှောင်တဲ့ စကားမျိုး ပြောတယ်။ အဲဒီ သေတဲ့လူတွေက စစ်သား မဟုတ်ပါဘူး ဆိုပြီးတော့ သူနဲ့ ဘာမှ မဆိုင်ပါဘူး ဆိုတာမျိုး လုပ်တယ်။"
အဲဒီ တောင်တွင်းကြီးမြို့နယ်မှာ၊ အနီးတဝိုက် သစ်တောထဲက သစ်၊ ဝါးတွေကို ဒေသခံတွေက သွားခုတ်ပြီး အသုံးပြုတာ၊ ပြန်ရောင်းတာတွေ ရှိပြီး၊ အဲဒီလို သစ်၊ ဝါးသယ်တဲ့ လှည်းသွားရာ လမ်းတွေ အားလုံးမှာ စစ်သားတွေက တားပြီး ငွေတောင်းနေတာ ၄-၅ နှစ် ရှိနေပြီလို့ သိရပါတယ်။
အဲဒီလိုငွေတောင်းတဲ့အခါမှာ မကြာခဏ ဆိုသလို စစ်သားတွေက အရပ်သားတွေကို ဆဲဆို ကြိမ်းမောင်းတာ၊ ဖားခုန် ခုန်ခိုင်းတာ၊ ရိုက်နှက်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒေသခံတွေက အဲဒီလို တောင်းနေတဲ့ စစ်သားတွေကို ကြောက်ရွံ့နေရသလို၊ မကျေနပ်တာတွေလည်း များနေတယ်လို့ ဆိုပါတယ်။
အခုအမှုမှာလည်း စစ်သားတွေတောင်းတဲ့ ငွေအတွက် ပေးတဲ့အခါမှာ အနည်းငယ် လိုနေလို့ အခြားအဖော်တွေ ငွေသွားယူနေတုန်းမှာ လှည်းနဲ့အတူ နေခဲ့တဲ့ လူငယ်နှစ်ယောက်ကို နှိပ်စက်ရာကနေ မခံရပ်နိုင်လို့ ပြန်လည်ခုခံတဲ့အထိ ဖြစ်လာတာလို့ သိရပါတယ်။
စစ်သားတွေကို သတ်လိုက်တဲ့ ကိုဇော်လှိုင်ဝင်းနဲ့ ကိုလှခိုင်တို့ နှစ်ယောက်ဟာ အသက်နှစ်ဆယ်ကျော် သာမန်တောင်သူတွေ ဖြစ်ပြီး၊ တောင်တွင်းကြီးမြို့နယ်ထဲက ဂုန်ညင်းတန်းကျေးရွာ၊ ရွာလေးကုန်းရွာက ဖြစ်ပြီး သူတို့ကို အခုတောင်တွင်းကြီး ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Lin Htein
လူငယ်တို့ရဲ့မျှော်လင့်ချက်နဲ့ လက်ရှိတပ်မတော်...................
by San Maung on Tuesday, March 29, 2011 at 6:04am
လူငယ်တွေဘာကြောင့် စစ်တပ်ထဲဝင်တယ်ဆိုတာနဲ့ ပတ်သက် ပြီး နည်းနည်းလောက် ပြောပြချင်ပါတယ်။ ကျနော်တို့ အခြေခံ စစ်ပညာသင်တန်း ပြီးတဲ့အခါ ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာသည် အုပ်စု (အတိုကောက် "ပည" လို့ ခေါ်ပါတယ်) ဆိုင်ရာ အတန်း (၃) သင်တန်းမတက်ရခင် သက်ဆိုင်ရာတပ်တွေမှာ ခေတ္တတွဲ ဖက်နေရတယ်။ တနေ့မှာတော့ ကျနော်တို့အုပ်စုကို ဒုတပ်မှူး က ဟောခန်းတခုထဲမှာ ခေါ်ပြီးတွေ့တယ်။ အဲဒီ ဗိုလ်မှူးက ခပ် ပျော်ပျော်နေတတ်ပုံရတယ်။ ကျနော်တို့တတွေကို ညီအကိုလို ရင်းရင်းနှီးနှီးပဲ ခေါ်ပြောဆက်ဆံတယ်။
စစ်သည်တွေအားလုံး တစ်ယောက်စီထပြီး ကိုယ့်ကိုယ်ကိုမိတ် ဆက်ရတယ်။ ပြီးတော့ သူကတယောက်ချင်းကို ဘာအားက စားဝါသနာပါသလဲ။ ဘာဖြစ်လို့ စစ်တပ်ထဲ ၀င်တာလဲလို့မေး တယ်။
အားကစားကိစ္စမှာတော့ ကိုယ်သန်ရာသန်ရာ ဖြေကြပေမယ့် စစ်တပ်ထဲဝင်တဲ့ ရည်ရွယ်ချက်ကို ပြောတဲ့နေ ရာမှာတော့ အားလုံး တထေရာတည်းလိုပဲ "ကိုယ့်ဘ၀တိုးတက်မှုကိုဖြစ်စေ လိမ့်မယ်ထင်လို့ဝင်တာ" လို့ ဖြေကြတယ်။
……….
စစ်သည်အားလုံးလိုလိုက ကိုယ်ရေးကိုယ်တာကိစ္စကို ရှေ့တန်းတင်ပြောလိုက်တဲ့အခါ လူ့လောကအတွေ့အကြုံ နည်း နည်းရှိထားသူတွေက စိတ်ပူပန်ကြတယ်။ ကိုယ်ဖြစ်ချင်တာကို တည့်တိုးကြီး ပြောလိုက်တဲ့အခါကျတော့ ဟိုအရာရှိများ စိတ်ဆိုးသွားလေမလားပေါ့။ ၀န်ထမ်းလောက ဆိုတာ "ဂါရ၀" တရားနဲ့သတိထားပြီး ဆက်ဆံရတာမဟုတ်လား။
ဒါပေမယ့် ကျနော်တို့ထင်ထားသလို ဖြစ်မလာဘူး။ ဒုတပ်မှူးက စစ်သည်တွေပြောသမျှကို ပြုံးပြုံးကြီးနဲ့ နားထောင်နေ တယ်။ တခါတခါ ခေါင်းပါညိတ်လိုက်သေးတယ်။ အားလုံးပြောပြီးတော့မှ …
"ရဲဘော်တို့ ကိုယ့်ဘ၀တိုးတက်ဖို့ စိတ်ဝင်စားတာကောင်းပါတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဘွဲ့မရသေးသူက ဘွဲ့ရအောင်ကြိုးစား။ ဘွဲ့ရပြီးသူက သတ်မှတ်တဲ့အချိန်တစ်ခုစောင့်ပြီး ရင် ဗိုလ်သင်တန်းဖြေကြ။ စစ်တပ်ထဲမှာတော့ ဒီ နည်းကအကောင်းဆုံးပဲ။ ပုံမှန်တဆင့်ပြီးတဆင့်တက် နဲ့ အရာခံဗိုလ်စောစောစီးစီးဖြစ်မယ်ဆိုရင်တော့ အသက် ၆၀ ပြည့် အငြိမ်းစားယူတဲ့အခါ ကော်မရှင် ပြန်တမ်းဝင်ဗိုလ်ကြီးဘ၀နဲ့ ပင်စင်ရမယ်။ ဒီတော့ ကိုယ့်အခြေအနေနဲ့ကိုယ် ချင့်ချိန်ပြီး ကြိုးစားကြ။ လူငယ်ဘ၀မှာ မျှော်လင့်စရာတွေများတယ်။ အသက်ကြီးလာရင်တော့ ရွေးချယ်စရာတွေ နည်းသွားတတ် တယ်။ အဲဒါကိုလည်း ထည့်စဉ်းစားကြအုံး" လို့ အေးအေးဆေးဆေး ပြောပြတယ်။ အဲဒီလို အမြင်ကျယ်တဲ့လူက တပ်ထဲ မှာ ရှားတော့အရှားသား။
အပေါ်ယံကြည့်ရင်တော့ ဒီကောင်တွေကိုယ်ကျိုးကိုရှေ့တန်းတင်ပြီး တပ်ထဲကိုဝင်တာပဲ။ ဘာမျိုးချစ်စိတ်မှ မရှိဘူးလို့ ထင်ကြမယ်။ ကျနော်တို့ သင်တန်းဆင်းအုပ်စုမှာ လူတရာကျော်ရှိတယ်။ ပညာအရည်အချင်းက အားလုံးဆယ်တန်း အောင်ပြီးသားတွေ။ အသက်အရွယ်အားဖြင့်တော့ ၂၃ နှစ် ၂၄ နှစ် အရွယ်က ဆယ်ယောက်လောက်ရှိတယ်။ အဲဒီအထဲ မှာ ဘွဲ့ရပြီးသား သုံးဦးလောက်ပါတယ်။ အဝေးသင်တက္ကသိုလ်တက်နေဆဲ လူတွေပါတယ်။ အချို့ ၀န်ထမ်းဌာနတွေမှာ လုပ်ခဲ့ဖူးသူတွေလည်း ပါတယ်။ ကျန်တဲ့သူတရာလောက်က အသက် နှစ်ဆယ်အောက်တွေချည်းပဲ။ ဆယ်တန်းအောင် ပြီးခါစ အရွယ်တွေ။
လူငယ်တွေရဲ့အတွေးက ရိုးရှင်းပါတယ်။ ကိုယ့်ဘ၀တိုးတက်ကောင်းမွန်ဖို့အတွက် ဖြစ်နိုင်ခြေပေါ်မှာ စဉ်းစားဆုံးဖြတ်ကြ တာပါ။
တချို့တလေကျတော့ စိတ်ကြိုက်ရွေးချယ်မှု တွေရှိနိုင်ပါတယ်။ ကျနော်တို့အထဲမှာ အများစုက တက္ကသိုလ်ဆက် တက်ဖို့ အခြေအနေ မပြည့်စုံကြပါဘူး။ အဲဒီအချိန်က ပြင်ပအလုပ်ဆိုတာလည်း အတော်ရှားသေးတာ။ ပုဂ္ဂလိက ကုမ္ပဏီ တွေ ခေတ်မစားသေးဘူး။ ရေတပ်မှာစစ်မှုထမ်းရင်း ရလာနိုင်တဲ့ အခွင့်အလမ်းတွေအတွက် စိတ်ကူးယဉ်အိပ်မက်ကိုယ်စီ နဲ့ တပ်ထဲကိုဝင်လာကြတာ။ ရေတပ်ကထွက်ပြီး နိုင်ငံခြားသင်္ဘော တက်သွားကြတဲ့ နောင်တော်ကြီးတွေကို အားကျတာ လည်း ပါမှာပေါ့။
ဒါပေမယ့် ကျနော်တို့တတွေ ရည်မှန်းထားတဲ့အတိုင်း ပေါက်မြောက်ခဲ့သလားလို့ မေးရင် အများစုမအောင်မြင်ဘူးလို့ ဖြေ ရမှာပါ။
တပ်ထဲမှာက ကျနော်တို့ထင်ထားသလို ကိုယ်ရည်ကိုယ်သွေး ပြခွင့်မရှိဘူးလေ။ အရည်အချင်းအလိုက် မြှောက် စားတာမျိုး မဟုတ်ဘဲ လက်သင့်ရာစားတော်ခေါ်တဲ့ စနစ်ကြီးစိုးတယ်။ စီမံခန့်ခွဲမှု မညီမျှတာကြောင့် အခွင့်အရေးတွေ လည်း ကွာခြားလာတယ်။
ရုန်းထွက်ဖို့ခက်ခဲတဲ့ အဖြည့်ခံဘ၀မှာ အရက်သောက်ပြီး စိတ်ထွက်ပေါက်ရှာသူတွေ များလာ တယ်။ ဒါတောင် ကျနော်တို့က ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ လမ်းနော်။ ရွေးချယ်ခွင့်မရှိဘဲ ရောက်လာသူတွေ အဖို့ဆိုရင် ပို ပြီးဆိုးမှာသေချာတယ်။( တခုတော့ရှိတယ် ခုနောက်ပိုင်းတပ်ထဲရောက်လာတဲ့ လူငယ်တွေဟာ ကျနော်တို့တုန်းကထက် ပိုပြီး ပြောရဲဆိုရဲ ရှိလာတာတွေ့ရတယ်။)
ဘာဖြစ်လို့လဲဆိုတော့ တပ်ထဲမှာ ထက်မြက်မှု၊ကြိုးစားမှုနဲ့ ထိုက်တန်မှုကို တိုက်ရိုက်ညီမျှခြင်း ချလို့ မရဘူး။ ဒီအနေအ ထားက အခြေခံသင်တန်းမှာကတည်းက သိသာတယ်။ ကျနော်တို့ထဲက သင်တန်းသားတဦးဟာ စံပြကျောင်းသားဆုကို ဆွတ်ခူးချင်လို့ သင်တန်းကာလတလျှောက်လုံး ပြောစရာမရှိအောင် ကြိုးစားတယ်။ သင်တန်းသားတွေသာမက သင် တန်း ဆရာတချို့ကတောင် သူ့ကိုထင်ကြေးပေးထားကြတာ။ တကယ်ရွေးချယ်တော့ သူမဟုတ်ဘဲ အခြားမသိသာသူ တွေထဲက တယောက်ဖြစ်နေတယ်။
အဆင့်တိုးစာမေးပွဲဖြေဆိုမှုမှာလည်း ဒီအတိုင်းပါပဲ။ တပ်မှာလုပ်ငန်း ဘယ်လောက် ကျွမ်းကျင်ကျွမ်းကျင် သူတို့အဓိကထားမေးတဲ့ ပေါ်လစီဆောင်ပုဒ်တွေ ရွတ်မပြနိုင်ရင် မျှော်လင့်ချက်မရှိဘူး။ ကျနော့ သူငယ်ချင်းတယောက် ဗိုလ်သင်တန်းဖြေဖို့သွားခါနီးမှာ ဌာနချုပ် G1 သြ၀ါဒ ပေးလိုက်ပုံက မှတ်သားစရာ။
"မင်း ဟိုကို ရောက်ရင် သိပ်ပြီး smart ဖြစ်အောင်မနေနဲ့။ ငါတို့တုန်းကအရမ်း smart ဖြစ်သူတွေ ပြုတ်ကျန်ခဲ့တယ်"
တဲ့။ ဟုတ်တယ်..စစ်ခေါင်းဆောင်ကြီးတွေ လိုချင်တဲ့အရည်အချင်းက ထက်မြက်မှု မဟုတ်ဖူး၊ ခိုင်းသမျှအမိန့်နာခံရေးပဲ ဖြစ်ပါတယ်။
ခုဆိုရင် ကျနော်တို့အုပ်စုထဲမှာ ကြည်းတပ် အရာရှိဖြစ်သွားတာ (၅) ဦး၊ ရေတပ်အရာရှိဖြစ်သူက (၄) ဦး ရှိတယ်။ တပ် မှာ မနေနိုင်လို့ ထွက်ပြေးသွားသူတွေရှိတယ်။ ကျန်းမာရေးအကြောင်းပြချက်နဲ့ နှုတ်ထွက်သူတွရှိတယ်။ ဟိုမရောက် ဒီမ ရောက် စခန်းသွား နေသူတွေလည်းရှိတယ်။ ကိုယ့်ဖြစ်နိုင်ခြေနဲ့ကိုယ် လျှောက်လှမ်းနေကြတာဖြစ်သလို တစ်ဖက် က လည်း တူညီတဲ့အခွင့်အရေးကို ဖန်တီးပေးမထားပြန်ဘူး။ အမှန်ကတော့ တူညီတဲ့အခွင့်အရေး ရှိနေတာတောင်မှ အရည် အချင်း မတူညီမှုကြောင့် အားလုံးတပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒါပေမယ့် တန်းတူကြိုးစားခွင့်ရှိပြီး မအောင်မြင်တာဆိုရင် တော့ ကိုယ်ညံ့တာပဲလို့ ဖြေသာတာပေါ့။
ခုနောက်ပိုင်း အချိန်တွေမှာ အဲဒီဖြစ်စဉ်လေးကို ပြန်စဉ်းစားကြည့်တော့ လူငယ်တွေ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မကွယ်မ ၀ှက် ပွင့်ပွင့်လင်းလင်းပြောရဲတာ ကောင်းတယ်ဗျ။ အဲဒါကို လူကြီးတွေကလည်း နားလည်ပေးဖို့လိုတယ်။ လူတယောက် တိုးတက်အောင်မြင်တယ်ဆိုရာမှာ သူ့ဘ၀ရဲ့ အနာဂတ်မျှော်လင့်ချက်က မက်လုံးတခုအနေနဲ့ စေ့ဆော်အားပေးနေ တယ်။ သဘာဝလည်းကျတယ်။ ဒါကြောင့် တဦးချင်းဖွံ့ဖြိုးတိုးတက်မှုကို ကြိုဆိုရမယ်။ အားပေးအားမြှောက်ပြုရမယ်။ တဦးချင်းဖွံ့ဖြိုးမှုကို လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုနှင့် သဟာဇာတဖြစ်အောင်၊ ချိတ်ဆက်မိအောင် တည့်မတ်ပေးဖို့ပဲလိုတယ်။ အတ္တကြီးတယ် ကိုယ်ကျိုး ကြည့်တယ်လို့ မမြင်စေချင်ပါဘူး။
အဲလိုမဟုတ်ဘဲ လူငယ်တွေကလည်း လူကြီးတွေရှေ့မှာ အားနာသလိုလို ကြောက်ရွံ့သလိုလိုနဲ့ ကိုယ့်ရင်ထဲရှိရာကို အ မှန်မပြောရဲဘဲ ဖုံးကွယ်ထိန်ဝှက်ထား။ လူကြီးတွေကလည်း လူငယ်တွေပါးစပ်ဖျားက အတ္တထက် ပရကို ဦးစားပေး ပြော ဆိုတာတွေသာကြားချင် ဖြစ်နေတဲ့ လူ့အဖွဲ့အစည်းမျိုးမှာတော့ ရိုးသားမှုတွေ ကွယ်ပျောက်နေပြီး ကြာလာရင် လောက ကို မချင့်မရဲဖြစ်တဲ့ အငုံ့စိတ်တွေကြီးထွားလာတတ်တာ သဘာဝပဲ။ စိတ်မလွတ်လပ်သူတဦးဟာ လူ့အဖွဲ့အစည်းအပေါ် မှာ ဘယ်လိုများ အကောင်းမြင်သဘောနဲ့ ဆက်ဆံနိုင်ပါ့မလဲ။ တပ်မတော်ထဲမှာတော့ မချစ်သော်လည်း အောင့်ကာနမ်း နေရတဲ့ ယဉ်ကျေးမှုနဲ့ စခန်းသွားလို့ ကောင်းနေတုန်း။
ကျနော့သိမြင်မိသလောက် ပြောရရင်တော့ ဒီခေတ်မှာ မျိုးချစ်စိတ်ရှိရမယ်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးသယ်ပိုးရမယ် စသဖြင့် ယေဘူယျဆန်ဆန် လက်ဆုပ်လက်ကိုင်မရှိတဲ့ စကားလုံးတွေနဲ့ လူငယ်တွေရဲ့ စိတ်ကိုတင်းတင်းကျပ်ကျပ်ချည် နှောင် မထားသင့်တော့ဘူးလို့ ထင်မိတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီစကားတွေဟာ လူငယ်တွေအတွက် အားမ ဖြစ်ဘဲ ကိုယ့်ကိုယ်ကို အကာအကွယ်ယူတဲ့ ခြုံလွှာ တွေလိုဖြစ်နေတတ်တယ်။ လူငယ်တွေရဲ့ပင်ကိုယ်စရိုက်မှာကိုက ပရ စိတ်တွေ ကိန်းအောင်းနေပြီးသားပါ။ အရေးကြီးတာက အတွေးအခေါ်လွတ်လပ်မှုရှိဖို့ကိုပဲ လမ်းဖွင့်ပေးရမှာ။ တိုင်းပြည် မှာ အရေးကြုံတဲ့အခါ စိတ်လွတ်လပ်မှု ရှိသူတွေကသာ ပြဿနာကို ရင်ဆိုင် ဖြေရှင်းတတ်တာမဟုတ်လား။
လက်ရှိတပ်မတော်အတွင်း ကျင့်သုံးနေတဲ့ အမိန့်နာခံရေးဗဟိုပြု အုပ်ချုပ်ရေးစနစ်အောက်မှာ လူငယ်တွေရဲ့ လွတ်လပ်မှု နဲ့ ရွေးချယ်ခွင့်တွေ ပျောက်ဆုံးနေတယ်လို့ထင်မိတယ်။ သူ့စိတ်နဲ့ကိုယ့်ကိုယ် နေသားကျလာတဲ့ ခေါင်းဆောင်ဖြစ်သူ တွေဟာ လူ့အဖွဲ့အစည်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ချမှတ်ဆောင်ရွက်ပေးနိုင်ပါ့ မလား။
ကျနော့စေတနာက လူငယ်တွေကို လွတ်လွတ်လပ်လပ် တွေးတတ်မြင်တတ် ဖောက်ထွက် ဆွေးနွေး လုပ်ကိုင်တတ်သူ တွေ ဖြစ်လာစေချင်တာပါ။ စကားလုံးတွေနဲ့ ၀န်ပိမနေစေချင်ဘဲ လက်တွေ့ဖြစ်နိုင်ခြေမှာ ရှင်သန်နေစေချင်တာပါ။
လူငယ်တွေအားလုံး လွတ်လွတ်လပ်လပ်တွေးခေါ်ဆောင်ရွက်နိုင်ကြပါစေ။
နေမင်းသူ

အဂတိလိုက်စားမှုများကြားမှ ထင်ရှားလာတဲ့ ရုရှား ၀ဘ်ဆိုဒ် ..........
by San Maung on Tuesday, March 29, 2011 at 5:22am
မစ္စတာ နာဗဲလ်နီ ကတော့ သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို ပြုံးပြုံးကြီး ရှင်းပြသည်။ "ကျနော် ဘာကြောင့် ဒီလို ဖော်ထုတ်နေရသလဲဆိုတော့ ရုရှား ရဲ့ ရေနံတွေ သဘာဝ ဓာတ်ငွေ့တွေနဲ့ လုပ်စားနေတဲ့ သူတွေကို ကြည့်မရလို့ပဲ။ တိုင်းပြည်ရဲ့ ကြီးမားတဲ့ ရေနံ သဘာဝ အရင်းမြစ်တွေက လာတဲ့ ဓနက အောက်ခြေ လူထုတွေဆီ မရောက်ဘူး။ လူထုနဲ့ ဘာမှ မဆိုင်သလို ဖြစ်နေတယ်။ အဲဒီ အမြင်မတော်တာကို ဖွင့် ချရမယ်" ဟု ဆိုသည်။
င်တာနက် မပေါ်ထွန်းမီက ရုရှား အတိုက်အခံ နိုင်ငံရေးသမား တစ်ယောက်အဖို့ အစိုးရ မကြိုက်တဲ့ စာတွေကို လူထုကြားထဲ ပုန်းလျှိုးကွယ်လျှိုး လိုက်လံ ဖြန့်ဝေရသည်။ သို့သော် ယနေ့ ရုရှားမှာတော့ လူထုကိုစည်းရုံးဖို့ ၀ဘ်ဆိုဒ်တစ်ခု ဘလော့ဂ် တစ်ခုနဲ့ဆို လုံလောက်နေပြီ။
အသက် ၃၄ နှစ်ရှိ အလက်ခ်စီ နာဗဲလ်နီ ဆိုတဲ့ ရုရှား ရှေ့နေနဲ့ စီးပွားရေး လုပ်ငန်းရှင်ရဲ့ ၀ဘ်ဆိုဒ် navalny.ru ကို တစ်နေ့ ရုရှား တစ်သန်းကျော် ၀င်ကြည့်နေကြသည်။ အစိုးရပိုင် ရေနံနဲ့ စွမ်းအင် ကုမ္ပဏီတွေရဲ့ ခြစားမှု၊ အချင်းချင်း အဝေ မတည့်မှု၊ လာဘ်ပေး ကန်ထရိုက်လုမှုနဲ့ နိုင်ငံရေးသမားတွေနဲ့ ပွဲစားတွေရဲ့ ခြေရှုပ်မှုများကို သူ့ဝဘ်ဆိုဒ်ကနေ နေ့စဉ် ဖွင့်ချ တဲ့အတွက် ရုရှားမှာ အလွန်ပေါက် လူကြိုက်များတဲ့ ၀ဘ်ဆိုဒ်တစ်ခု ဖြစ်လာသည်။
ရုရှား ရေနံနဲ့ စွမ်းအင် စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ့် ပြည်တွင်း ပြည်ပက သူတွေအတွက်တော့ သူ့ ၀ဘ်ဆိုဒ်က အကျိုးများလှသည်။ ရုရှားကနေ တရုတ်ကို ရေနံရောင်းဖို့ ပိုက်လိုင်းသွယ်နေတဲ့ Transneft စီမံကိန်းမှာ ရှဲလ် ကုမ္ပဏီ ကန်ထရိုက်တွေရဲ့ ရိုက်စား ဇာတ်လမ်းများနဲ့ စားခွက်လုမှုအကြောင်းတွေကို ပရိတ်သတ် အတော် ပွဲကျသည်။
နောက်ဆုံး ၀ဘ်ဆိုဒ်ပေါ် တင်လိုက်တဲ့ ဇာတ်လမ်းတစ်ခုမှာ Transneft ပရော့ဂျက်ရဲ့ မသမာမှုက ဒေါ်လာ ၄ ဘီလီယံ အထိ ရှိသည်ဟု ဆိုသည်။ Transneft တာဝန်ရှိသူများနဲ့ ရုရှားအစိုးရက ပျာပျာသလဲ ငြင်းရသည်။ နောက် ၀န်ကြီးချုပ် ဗလာဒီမာ ပူတင် က ၀ဘ်ဆိုဒ်က ဖော်တဲ့ ဇာတ်လမ်းကို စစ်ဆေးဖို့ လုပ်နေရပြီး၊ ၀ဘ်ဆိုဒ်ကိုလည်း ယာယီ ရပ်ခိုင်း ထားသည်။
မစ္စတာ နာဗဲလ်နီ က ၀ဘ်ဆိုဒ်နဲ့ ကျော်ကြားလာတာနဲ့အမျှ နိုင်ငံရေး ရည်ရွယ်ချက်တွေလည်း ပါလာသည်။ သူ့ရဲ့ အဖွ အငေါ့ နေ့စဉ် မရိုးအီတဲ့ ဇာတ်လမ်းတွေက ရုရှား လူ့အဖွဲ့အစည်းရဲ့ အာရုံကြောထဲ သွားငြိနေသည်။ သူ့မှာ ပရိတ်သတ် ထုနဲထည်နဲ့ ရှိသလို သတ်ဖို့ ချောင်းနေသူတွေလည်း ရှိသည်။
မစ္စတာ နာဗဲလ်နီ ကတော့ သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို ပြုံးပြုံးကြီး ရှင်းပြသည်။ "ကျနော် ဘာကြောင့် ဒီလို ဖော်ထုတ်နေရသလဲဆိုတော့ ရုရှား ရဲ့ ရေနံတွေ သဘာဝ ဓာတ်ငွေ့တွေနဲ့ လုပ်စားနေတဲ့ သူတွေကို ကြည့်မရလို့ပဲ။ တိုင်းပြည်ရဲ့ ကြီးမားတဲ့ ရေနံ သဘာဝ အရင်းမြစ်တွေက လာတဲ့ ဓနက အောက်ခြေ လူထုတွေဆီ မရောက်ဘူး။ လူထုနဲ့ ဘာမှ မဆိုင်သလို ဖြစ်နေတယ်။ အဲဒီ အမြင်မတော်တာကို ဖွင့် ချရမယ်" ဟု ဆိုသည်။
သူ့ဝဘ်ဆိုဒ်မှာ ရုရှား ပင်စင်စားတွေ ကျောင်းဆရာတွေ ဒုက္ခရောက်နေပုံ၊ ဆရာဝန်တွေ ငွေကြေး အတောင်းကြမ်းပုံ၊ မင်းသားမင်းသမီး နဲ့ ခေတ်ပျက်သူဌေးတွေ ထူးထူးခြားခြား ဇိမ်ခံကြပုံတွေလည်း ဖော်ပြတတ်သည်။
ဝီကီလိခ်စ် ရဲ့ ဂျူလီယန် အာဆန်း လိုပဲ ရုရှားမှာတော့ နာဗဲလ်နီ က ကျော်ကြားနေသည်။ ရုရှားရဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ခြစားမှု အတင်းအဖျင်းပေါင်းစုံကို လိခ်စ် လုပ် ဖွပေးနေသည်။ နာဗဲလ်နီ က ၀ဘ်ဆိုဒ် နဲ့ ဘလော့ဂါ သမား သက်သက် မဟုတ်။ ရုရှားရဲ့ ပညာတတ် လူငယ် နိုင်ငံရေး သမားလည်း ဖြစ်သည်။ မျိုးဆက်သစ် နိုင်ငံရေးသမားတွေမှာ အဖွ အတတ်ပညာက ထူးခြားမှုတစ်ခုလို့ပင် ဆိုရမည်။
မောက္ခ နိုင်ငံတကာသတင်း Source: NYTimes
Fwd: ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းရှိ လေဖိအားနည်း ရပ်ဝန်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် တစ်ခု မကြာမီ ဖြစ်လာနိုင်။ (၂၉-၃-၂၀၁၁ နံနက် ၁၀း၀၀ နာရီ)
ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းရှိ လေဖိအားနည်း ရပ်ဝန်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် တစ်ခု မကြာမီ ဖြစ်လာနိုင်။ (၂၉-၃-၂၀၁၁ နံနက် ၁၀း၀၀ နာရီ)
တနင်္သာရီတိုင်းတောင်ပိုင်းအစွန်း ရေပြင်အနီးကို ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်လာရန်ရှိနေပါတယ်။ ဒီကနေ့မနက် တိုင်းတာချက်တွေအရ မုန်တိုင်းဖြစ်ဖို့ ပဏာမ လိုအပ်တဲ့ ခရုပတ်တိမ်စွယ်တန်းတွေ စဖြစ်လာတာကိုတွေ့ရပါတယ်။ နောက်(၁၂) နာရီအတွင်း မုန်တို်င်းငယ်တစ်ခုဖြစ်လာနိုင်ပါတယ်။ တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေ သတိထားဖို့လိုပါတယ်။ တနင်္သာရီကမ်းလွန်ပင်လယ်၊ ကိုကိုးကျွန်း၊ မွန်ကမ်းလွန်ပင်လယ်တွေလည်း သတိထားဖို့လိုပါတယ်။
MCCW အနေနဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်(Close Watch) အဆင့်မှ နှိုးဆော်အဆင့် (Alert) ကို မြှင့်တင်လိုက်ပြီဖြစ်ပါတယ်။
MCCW အနေနဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်(Close Watch) အဆင့်မှ နှိုးဆော်အဆင့် (Alert) ကို မြှင့်တင်လိုက်ပြီဖြစ်ပါတယ်။
MCCW
[Shared Post] တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြော တဲ့ တော်လှန်ရေးအကြောင်း
Burmabüro (burma.germany11@gmail.com) thinks you may be interested in the following post:
တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြော တဲ့ တော်လှန်ရေးအကြောင်း
http://www.naytthit.net/?p=11267
တော်လှန်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြော တဲ့ တော်လှန်ရေးအကြောင်း
http://www.naytthit.net/?p=11267
Monday, 28 March 2011
ငရဲခန်းသို့ သမင်လည်ပြန်
စစ်အာဏာရှင် လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက် နေသလိုပဲ ဆိုတာ ကြားဖူးမှာပါ။ စစ်အာဏာရှင် တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တနိုင်ငံလုံး ခံစားနေရတာကို ပုံဖော်ပြီး ပြောနေကြတာပါ။
ထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ငရဲခန်းတွေထဲက အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကား တွေက ဒါမှမဟုတ် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ရေးသားချက်တချို့ကနေ သိရှိနေကြပါပြီ။ ဒါပေမယ့် မလုံလောက်သေးပါ ဘူး။
ပြောစရာတွေက တယောက်နဲ့တယောက် မတူညီတဲ့ ခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။ အခု ဒီဆောင်းပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှကို မှတ်တမ်းပြုလိုက်တာပါ။
စစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာမှုတွေကို စုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေရဲ့ မှတ်တမ်းတင်မှုတွေက လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။
စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီငရဲခန်းထဲကို စတင်ရောက်တဲ့ မြင်ကွင်းလေးကို ပြန်စဉ်းစားမိပါတယ်။
၁၉၉၃ ခုနှစ် သြဂုတ်လ၊ အချိန်က ည ၁၂ နာရီလောက် ရှိနေပါပြီ။ ရန်ကုန်မြို့ ရွှေပြည်သာက ဦးပဉ္ဇင်းရဲ့ကျောင်းကို ဝင်ပြီးစစ်တပ်နဲ့ဝိုင်း၊ ကျောင်းကနေ ဦးပဉ္ဇင်းတို့ကို စတင်ခေါ်ဆောင်တော့“ကိစ္စရှိလို့ ခဏလိုက်ခဲ့ပါ” ။ ဒီစကားလေးပဲ ပြောတာပါ။ ဒါပေမယ့် ကားပေါ် စရောက်ရောက်ခြင်းပဲ ခေါင်းကို အဝတ်တခုနဲ့ စတင်အုပ်လိုက်ပါတော့တယ်။ ၀မ်းလျား မှောက်ဖြစ်သွားတော့ လူ ၅ ယောက်က လက်တဘက်ကို တယောက်စီ၊ ခြေတဘက်ကို တယောက်စီ၊ ခါးပေါ်ခွလျက် တယောက် က ချုပ်ထားလိုက်တော့တယ်။
ဘုန်းကြီးကျောင်းကနေ သူတို့ရဲ့ ထောက်လှမ်းရေးစခန်း ရေကြည်အိုင် အထိ ကားပေါ်မှာ အဲဒီပုံစံအတိုင်း လိုက်ပါခဲ့ရ တယ်။ ဘယ်နေရာ ဘယ်အရပ်လို့ မသိအောင် ခေါင်းကို အုပ်ထားတာပါ။ ဒါပေမယ့် ရွှေပြည်သာမှာ နေသူတယောက် အတွက် အခုရောက်နေတာ ဘယ်နားလောက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း လူ ၂ ယောက်က လက်တဘက်ဆီကို ဆုပ်ကိုင်ပြီး ဆွဲခေါ်သွားပါတယ်။ ရှေ့မှာ အတားအဆီးများ ရှိနေတဲ့ဟန်နဲ့ “ခြေထောက်မြှောက်၊ ကျော်...ကျော်” ဆိုပြီး ခိုင်းပါတယ်။ ၂ ခု၊ ၃ ခုကို ကျော်ခိုင်းပြီး “ခေါင်းငုံ့ ခေါင်းငုံ့” ဆိုပြီး တခါထပ်ခိုင်းပြန်တယ်။ ငုံ့ခိုင်း တာမှ သာမန်လောက် ငုံ့ရုံမဟုတ်ဘဲ ခါးကို တအားညွှတ်ပြီး ငုံ့ခိုင်းတာပါ။ အဲဒီကနေ အခန်းတံခါးကို ဖွင့်ပြီး အထဲကို ၀င် ခိုင်းလိုက်ပါတယ်။ အခန်းက ၄x၂ သစ်သားချောင်းတွေ ကာရံထားတဲ့ အခန်းကျဉ်းလေး ဖြစ်ပါတယ်။ ၀ါကျင့်ကျင့် မီးလုံး လေး တလုံး ထွန်းထားပါတယ်။ ဖျာအကြမ်းတချပ် ခင်းထားတာ တွေ့တယ်။
အကြောက်တရားက မဖိတ်ခေါ်ဘဲ ရောက်လာတယ်။ ဘေးနှစ်ခန်းကျော်လောက်က နာကျင်စွာ ညည်းညူသံက အကြောက် တရားကို ပိုပြီး အရှိန်မြင့်စေတယ်။ အမှောင်ထဲမှာ ညရဲ့အရိပ်ကိုခိုပြီး အသံမျိုးစုံကို ပေးနေတဲ့ သတ္တ၀ါတို့ရဲ့ အော်မြည်သံကလည်း အကြောက်တရားဆီ စိတ်ကို တွန်းပို့နေပြန်တယ်။ အပြင်လမ်းပေါ်မှာ အစောင့် ကင်းသမားရဲ့ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတဲ့ ခြေလှမ်းတွေ တခါတခါ ငယ်သံပါအောင် အော်လိုက်တဲ့ အဝေးဆီက နာကျင်သံတွေက ငါ့အလှည့်ကျရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ စိတ်က ဂနာမငြိမ် ဖြစ်နေတာအမှန်ပါ။ မကြာဘူး သော့ခလောက်သံက ငရဲခန်းရဲ့ တံခါးဝကို သွားရတော့မယ်လို့ လှမ်းပြောလိုက်သလိုပါပဲ။
“ထွက်မယ်” ဆိုတဲ့ အမိန့်ပေးသံ ကြားရပြီး တံခါးဝနားကို တိုးကပ်လိုက်တော့ တယောက်က ခေါင်းစွပ်တခုနဲ့ ခေါင်းကို စွပ်လိုက်တယ်။ တယောက်က လက်ကိုစွဲပြီး လက်ထိပ်ခတ်လိုက်တယ်။ နောက်“လိုက်ခဲ့”။ ဒီစကားတခွန်းပြောပြီး လူကို ဆွဲခေါ်သွားပါတယ်။ အခန်းတခန်းထဲ အရောက်မှာ ထိုင်ခုံတလုံးပေါ် ထိုင်ခိုင်းလိုက်တယ်။ နောက်မှီမပါ၊ ဘေးလက်တန်း မပါတဲ့ ထိုင်ခုံလေးပါ။ အဲဒီ ထိုင်ခုံပေါ်မှာ အချိန်တော်တော် ကြာတဲ့အထိ ထိုင်ခိုင်းထားတယ်။ ပတ်ဝန်းကျင် တခုလုံးမှာ လည်း တိတ်ဆိတ်မှုတွေ လွှမ်းမိုးနေတယ်။ တခါတခါ ဖြတ်လျှောက်သွားတဲ့ တဖျပ်ဖျပ် ခြေသံတချို့သာ ကြားနေရတယ်။
ဒီလိုနဲ့ ၂ နာရီလောက်အကြာမှာ လူ ၂ ယောက်လောက် လှမ်းလာတဲ့ ခြေသံတွေက အခန်းနားကို ပိုပြီးနီးလာတယ်။ အခန်းထဲ ၀င်လာကြတယ်။ သူစမေးတဲ့ မေးခွန်းက “ကဲ ခင်ဗျား ဒီနေရာကို ဘာကြောင့် ရောက်လာတယ် ထင်သလဲ”။ ဒါ ပထမဦးဆုံး ငရဲခန်းသခင်ရဲ့ ပဋိသန္ဓာရ စကားပါပဲ။
နောက်ဆက်တွဲ အတွေ့အကြုံတွေကတော့ ဘေးက လိုက်လာတဲ့ ပါးကွက်သားတို့ရဲ့ လက်သံပြောင်တဲ့ ညာဖြောင့် လက်သီးလား၊ ဘယ်ဖြောင့်လက်သီးလား မသိတဲ့ အရှိုက်ထဲ ပစ်သွင်းခံရတဲ့ လက်သီးချက်တွေပါပဲ။ ဒဏ်ရာဒဏ်ချက် တွေကို စာဖွဲ့မပြချင်တော့ပါဘူး။ လေယာဉ်ပျံ စီးရတာတွေ၊ ဆိုင်ကယ် စီးရတာတွေဟာ ငရဲခန်း ရောက်သူတိုင်းအတွက် ကျော်ဖြတ်ရမယ့် ခရီးကြမ်းတွေပါပဲ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို နင်းချေပစ်တဲ့ အပြုအမူတွေပါပဲ။
အကျင့်သီလနဲ့ ပြည့်စုံသူရော ပညာဉာဏ်မြင့်မားသူရော မည်သူမဆို ငရဲခန်းထဲရောက်ခဲ့ရင် အထိုးခံ၊ အကန်ခံ လူမဆန် စွာ ကြိုဆိုခြင်းကို ခံရမှာပါပဲ။ သံဃာတပါးအတွက် အထွဋ်အမြတ်ထား အဆက်အဆံ ခံခဲ့ရတာတွေဟာ ငရဲခန်းထဲရောက် ရင် မေ့ထားလိုက်ပါတော့လို့ ပြောနေသလိုပါပဲ။ ဘယ်လောက် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ဖြစ်ပါစေ၊ ဒီငရဲခန်း ကိုတော့ ဖြတ်သန်းခဲ့ကြရတာပါ။ ကာယကံအားဖြင့် လူမဆန်မှုကိုသာ ခံရတာမဟုတ်ပါဘူး။ ၀စီကံအားဖြင့်လည်း ရုန့် ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေက အခန်းထဲ ၀င်လာသူတိုင်းရဲ့ နှုတ်က ဖောဖောသီသီ ဒလဟော သွန်ချနေတာပါ။
ဦးပဉ္ဇင်း ကြုံခဲ့ရတာတွေက သူများထက်စာရင် သက်သာတယ် ဆိုရမှာပါ။ သက်သာတယ် ဆိုတာတောင် တသက်လုံး မမေ့နိုင်စရာပါ။ ကိုယ့်ထက် ဆိုးသူတွေကတော့ တစက်ချင်းချတဲ့ ရေစက်ရဲ့ ဒဏ်ကို ခံရတဲ့အကြောင်းတွေကို ကိုယ်တိုင် ကြုံသူတွေရဲ့ တကယ့်ဖြစ်ရပ်စကားတွေက ထောင်ထဲမှာ နားမဆံ့အောင် ကြားခဲ့ရတာပါ။
ကဗျာဆရာ ကိုကြည်တင်ဦးဆို ထောင်ထဲရောက်ပြီးမှ တဖန် ပြန်လည် စစ်ကြောခံရတာက မြင်ရသူပါ တောက်ခေါက်သံ မဆုံးအောင် ဖြစ်ရပါတယ်။ ကိုယ်တုံးလုံးချွတ်ပြီး ၀ါးခြမ်းပြားနဲ့ မွေးရာပါ ပစ္စည်းကို အရိုက်ခံရတာ၊ မီးနဲ့အတို့ခံရတာတွေဟာ ကြားရသူတွေ၊ မြင်ရသူတွေကိုပါ နာကျင်စေတုန်းပါပဲ။ လူကိုဇောက်ထိုးဆွဲပြီး အစစ်ခံရတာလည်း လူပြောများတဲ့ ငရဲခန်းထဲက လက်စွမ်းပြမှုပါပဲ။
ငရဲခန်းထဲက အကြောင်းတွေဟာ ပြန်မတွေးချင်ဆုံး အကြောင်းတွေ ဖြစ်သလို ဘယ်လိုဖျက်ဖျက် စိတ်မှတ်ဉာဏ်ထဲက ဆွဲထုတ်လို့မရတဲ့ အကြောင်းတွေပါပဲ။ မဟာမြတ်မုနိ ဘုရားတန်စောင်းထဲက ကြေးရုပ်ကြီးတွေဟာ ဗိုက်တွေ ရင်ဘတ် တွေမှာ အချိုင့်တွေ ဖြစ်နေတာ တွေ့ဖူးမှာပါ။ အင်မတန် မာကြောတဲ့ ကြေးရုပ်တုအပေါ် သာမန်လက်ကလေးနဲ့ ပွတ်တာ ကြိမ်ဖန်များစွာ ကြာလာတော့ ကြေးသားတွေ ချိုင့်သွားရတာကို အထူးအဆန်း ထင်ခဲ့မိပါသေးတယ်။ အခုမြင်ရတဲ့ လူ တယောက်ရဲ့ ဦးခေါင်းက ဒဏ်ရာတွေမြင်တော့ အဲဒီကြေးရုပ်တွေထက်နုတဲ့ လူသားရဲ့ အသားပေါ် ထမင်းစား တူ လောက်ရှိတဲ့ တုတ်ချောင်းလေးနဲ့ နေ့ရက်ဆက်တိုက်မပျက် အခေါက်ခံရတဲ့ ဦးခေါင်းခွံဟာ ကြေးမဟုတ်တော့ ရက်ပိုင်း လေးနဲ့တင် ဒဏ်ရာတွေက သေရွာပါခဲ့ရတယ်။
ဒါတွေက မသေဘဲ ပြန်လာခဲ့ကြသူတွေရဲ့ငရဲခန်းထဲက ဒဏ်ရာတွေကိုသာ ပြောနေတာပါ။ အသက်သေပြီး အစပျောက် သွားရသူတွေ၊ ဦးနှောက်ပျက် ရူးသွပ်သွားရသူတွေဟာ စစ်အာဏာရှင်တို့ရဲ့ငရဲခန်းထဲမှာ များစွာရှိနေပါသေးတယ်။ ဒါတွေဟာ အခု လူကိုယ်တိုင် ပြောပြနိုင်သူတွေရှိတုန်း မှတ်တမ်းတွေ ရယူထားသင့်ပါတယ်။
ဖက်ဆစ်တို့ရဲ့ ကိုယ့်လူမျိုးအပေါ် ကမ်းကုန်အောင် ရက်စက်မှုဟာ အာဏာငန်းဖမ်းမှု တခုတည်းကြောင့် ဖြစ်ရတာပါ။ သူတို့တွေဘယ်လိုပဲ အာဏာတွေပါဝါတွေနဲ့ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို ဖုံးကွယ်ထား ဖုံးကွယ်ထား အမှန်တရား ကို ဖော်ထုတ်နိုင်မယ့် တရားဥပဒေရှေ့မှောက် ရောက်တဲ့အခါ အာဏာရူးတို့ကို ချည်နှောင်တဲ့ ကြိုးတွေအဖြစ် ငရဲခန်းထဲ က အံကြိတ်သံတွေ၊ တောက်ခေါက်သံတွေက တာဝန်ယူပါလိမ့်မယ်။
စစ်ကြောရေးခန်းက လွတ်လာသူဟာ (ဘယ်သူမှ မရောက်ချင်တဲ့) ထောင်ကို ပို့တော့မယ်ဆိုရင် နေ့ညမပြတ် ခံစားနေရ တဲ့ ဒုက္ခက လွတ်ပြီလို့ ၀မ်းသာကြသူတွေချည်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ တရားရုံးရောက်တဲ့အခါ ထောင်ထဲနေတဲ့အခါတွေမှာ များစွာတွေ့ကြုံရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သီးသန့် စာတပုဒ် ရေးရ မှာပါ။
ငရဲခန်းအကြောင်းကိုသာ ခေါင်းစီးပို့ထားတာမို့ ထောင်ထဲက ရက်စက်မှုတွေကို အကြမ်းဖျင်း ပြောချင်ပါသေးတယ်။ ထောင်ထဲက ဥပဒေ (jail manual) အရ ပေးရမယ့် အခွင့်အရေးတွေ များစွာရှိပါတယ်။ သူသတ်မှတ်ထားတဲ့ ဥပဒေကို သူကိုယ်တိုင် မလိုက်နာဘဲ ထင်တိုင်းကြဲခဲ့တာတွေကိုတော့ လူ့အခွင့်အရေးအကြောင်းမှာ သီးသန့်ရေးပါမယ်။
ထောင်ထဲမှာ ကျောပေါ် တုတ်ချက်များစွာ ကျရောက်ခဲ့ရတဲ့ ဇာတ်လမ်းတွေဟာ ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ကြုံတွေ့သူတွေနဲ့ လက်ပွန်းတတီး နှစ်ရှည်လများ နေလာခဲ့ရတော့ ကိုယ်တိုင် ခံစားခဲ့ရသလိုပါပဲ။ အင်းစိန်ထောင်ထဲက “ယုဝတီတိုက်” ဆိုတာ နာမည်ကြီး ငရဲခန်းတခုပါပဲ။ ဒီငရဲခန်းကို ကိုယ်တိုင်ရောက်ခဲ့သူရဲ့ နာကြည်းသံ အံကြိတ်သံ တောက် ခေါက်သံတွေဟာ ထောင်ကလွတ်ပေမယ့် ကြားနေရတုန်းပါပဲ။ ယောက်ျားတယောက်ကို နာမည်ခေါ်တဲ့အခါ ယောက်ျားထူးသလို “ဗျာ” လို့ထူးရင် အရိုက်ခံရတယ်။ “ရှင်” လို့ ထူးရတယ်။ တယောက်ချင်းစီကိုလည်း နာမည်ကြီး အနုပညာသည်တွေရဲ့ နာမည်တွေကို တပ်ပြီးခေါ်တယ်။ ထက်ထက်မိုးဦး၊ ခင်သန်းနု၊ ခိုင်သင်းကြည်၊ နန္ဒာလှိုင် စတဲ့ နာမည် တွေဟာ ယောက်ျားဖြစ်တဲ့ ယုဝတီတိုက်ရောက် အကျဉ်းသားတွေ အခေါ်ခံရတဲ့ နာမည်တွေပါ။ ဦးပဉ္ဇင်းနဲ့ အင်မတန် ရင်းနှီးတဲ့ ဦးတင်ထွန်းဆို ပိန်ပိန်ပါးပါးနဲ့မို့ သူ့ကို ခေါ်တဲ့နာမည်က ဒေါ်မြလေးတဲ့။
နာမည်လှလှလေးတွေရဲ့နောက်က နာမည်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ရက်စက်မှုတွေက ကြားရသူတွေပါ နှိပ်စက်ခံရ သလို ဖြစ်စေခဲ့ပါတယ်။ ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့။ လူတယောက်စီကို ရုပ်ရှင်မင်းသမီးတွေရဲ့ နာမည် လှလှတွေ တပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ်။ နေ့စဉ် အချိန်မှန် အပြင်ထုတ် အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေ ဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက် အနေ အထားနဲ့ ဒူးနဲ့တံတောင် ထောက်ရမယ်။ ဒူးရော တံတောင်ရောမှာ သွေးချင်းချင်း နီနေတယ်။ ခံရတာ သွေးသံ တရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။ ယုဝတီတိုက်ထွက်တွေရဲ့ တကိုယ်လုံးမှာ ဒဏ်ရာတွေဟာ သေရာပါသွားမှာ သေချာတယ်။ အင်းစိန်ထောင်သမိုင်းမှာ ယုဝတီတိုက်ဆိုတာ လူမဆန်ဆုံးသော ငရဲခန်းပါပဲ။
၁၉၉၉ ခုနှစ် ဇူလိုင်လမှာ ဆေးကုသဖို့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြန်ရောက်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တခုက စိတ်ထဲမှာ အခုထိ ဒဏ်ရာပြင်းစွာ ရနေတဲ့အဖြစ်တခုပါပဲ။ ဘာသာရေးစကား၊ ဘာသာရေးတရား ပြောဆို နေကြတဲ့ နိုင်ငံရေးအကျဉ်းသား(အခု အမေရိကန်ရောက်နေတဲ့ ကိုစိုးသန်း) ကို အသံကျယ်လို့ လာရောက်ဆဲဆိုတဲ့ ၀န်ထမ်း အား ဘာသာရေးအရ ဦးပဉ္ဇင်းနဲ့ ကိုစိုးသန်းက ပြောပြတဲ့အခါ အဲဒီဝန်ထမ်း တော်တော် အရှက်ရသွားတယ်။ ဒီကိစ္စကို မကျေနပ်လို့ ဦးပဉ္ဇင်းတို့နှစ်ယောက်ကို ထောင်မှူးကြီး ရုံးခန်းခေါ်ပြီး ပညာပေးခံလိုက်ရတာ တော်တော် နာကြည်းစရာ ကောင်းတယ်။ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားပြောသူက အမှန်၊ ပီယ၀ါစာ ပြောသင့်တယ်လို့ တင်ပြသူက အမှားဖြစ်ပြီး ပြစ်ဒဏ်ကျခံရတယ်။ ယုဝတီတိုက် မရှိတော့တာ ဦးပဉ္ဇင်းတို့အတွက် ကံကောင်းတာပဲ။
၂ တိုက်မှာ နေစဉ်က ရှေ့တည့်တည့်မှာ အမြဲပိတ်ထားတဲ့ အခန်းတခန်းကို တွေ့ရတယ်။ ဘာကြောင့်ပိတ်ထားတာလဲလို့ ဘေးအခန်းမှာ ရှိတဲ့ လူတွေကို မေးကြည့်တော့ သူတို့ကပြောတယ်။ ဒါ ပြစ်ဒဏ်အခန်းတဲ့။ ပြစ်ဒဏ်ကျခံသူတွေကို မိကျောင်းတက် တက်ခိုင်းပြီး လူနှစ်ယောက်က(လူနှစ်ယောက်ဆိုတာ ၀န်ထမ်းဖြစ်ချင်လည်း ဖြစ်မယ်။ ၀န်ထမ်း မဟုတ် လည်း အာဏာပိုင် လက်ပါးစေအကျဉ်းသားလည်း ဖြစ်မယ်) အဆက်မပြတ် ရိုက်နှက် ခေါ်ဆောင်လာတဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားရဲ့ဒုက္ခကို မြင်ခဲ့သူတိုင်းက သနားမဆုံး ရှိကြတယ်။
အလုံပိတ်ထားတဲ့ အခန်းကျဉ်းထဲမှာ ရက်သတ္တနှစ်ပတ်လောက် ပိတ်ထားတယ်။ ပုံစံ ထမင်းဟင်းကို လာပေးချိန်သာ သူ့ခမျာ အလင်းရောင်မြင်ရတယ်။ သနားလို့ ငါးပိကြော်လေး မုန့်လေးသွားမပေးလိုက်နဲ့၊ ပေးတဲ့သူပါ ပြဿနာအရှာခံရ တယ်။ မသင်္ကာရင် ပြစ်ဒဏ်ကျ အခန်းထဲကို ၀င်ရှာတယ်။ မသင်္ကာစရာ ငါးပိကြော်၊ ဆေးလိပ်တို ဒါမှမဟုတ် စားစရာ တခုခုများ တွေ့လို့ကတော့ ပြစ်ဒဏ်ကျခံသူလည်း မသက်သာ၊ အနီးအနားက အခန်းတွေကိုလည်း ပြဿနာရှာတော့ တယ်။
အဲဒီ ငရဲခန်းကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC) ၀င်တော့မယ်ဆိုတဲ့ အသံကြားမှ ရပ်တန့်သွားတယ်။ ICRC ဟာ အကျဉ်းသားတွေ တကယ်အားကိုးရတဲ့ အဖွဲ့အစည်းပါပဲ။
၁၆ နှစ်တာကာလမှာ ကဗျာစာရွတ်မိလို့ တိုက်ပိတ်ခံရတာ၊ ဘာသာရေးစကားပြောလို့ တိုက်ပိတ်ခံရတာတွေဟာ ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ ဒဏ်ရာတွေလို့ပဲ ဆိုလိုက်ချင်ပါတယ်။ တချို့ကိစ္စတွေဟာ အကြောင်းတိုက်ဆိုင်မှ ပြန်လည်ပေါ် လာ တာမို့ တခုချင်းကို တပေါင်းတစည်းတည်းတော့ မတင်ပြနိုင်တော့ပါဘူး။ အကြောင်းသင့်လို့ ပေါ်လာရင် ပေါ်လာ သလို မှတ်တမ်းတွေရေးမှာပါ။ ကိုယ့်လူမျိုး အချင်းချင်း ဘာကြောင့် နှိပ်စက်တာလဲဆိုတဲ့ အဖြေကို စာဖတ်သူလည်း ထုတ် ကြည့်စေချင်ပါတယ်။

Subscribe to:
Posts (Atom)