Thursday, 17 March 2011



ဦးသန့် သို့မဟုတ် ပညာခေတ်ရဲ့ရှေ့ပြေးအလင်းရောင်-မောင်သွေးချွန်

by NyeinChan Tha on Thursday, 17 February 2011 at 04:10
စာအုပ်               -    ဦးသန့်လက်ရွေးစင်စာများ
စီစဉ်သူ              -    ဦးသော်ကောင်းနှင့်မောင်ဇေယျာ
ထုတ်ဝေကာလ -    ၂၀၀၉ ဒီဇင်ဘာ
စာမူခွင့်ပြုချက်  -    ၄၀၀၁၈၀၁၀၀၉

ဦးသန့်သို့မဟုတ် ပညာခေတ်၏ရှေ့ပြေးအလင်းရောင်

ကမ္ဘာ့ကုလသမဂ်္ဂဆိုတာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း ကြီးဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာပြည်သားဦးသန့်က အထွေထွေအတွင်း ရေးချုပ်အဖြစ် နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တာကို မြန်မာပြည်သူပြည်သားတွေ ဂုဏ်ယူလို့မဆုံးကြပါဘူး။ ကမ္ဘာ့ရေးရာပြဿနာ ကြီးငယ်တွေကို ဦးဆောင်ဖြေရှင်းပေးရတဲ့  မြန်မာပြည်သားတစ်ယောက်ရဲ့ ဉာဏ်ပညာအဆင့်အတန်းဟာ အလွန်မြင့်မားကြောင်းဦးသန့် က သက်သေပြနေပါတယ်။ တကယ်တော့ ဦးသန့်ဟာ မြန် မာစာပေခေတ်စမ်းခေတ်ရဲ့ စာရေးဆရာတစ်ယောက်ပါ။ စာရေးရာမှာလည်း ၀တ္ထုဆောင်းပါး၊ ကဗျာ၊ ဘာသာပြန် စာ စုံအောင် ရေးနိုင်ခဲ့သူပါ။ ဦးသန့်ရဲ့ စာပေလက်ရာတွေကို သတိထားကြည့်မိတဲ့အခါ "ဝေဖန်ရေးအမြင်"ပါရှိနေတာတွေ့ ရပါတယ်။
ဦးသန့်ဟာ ပညာရေးသမား(ကျောင်းဆရာ)တစ်ဦး လည်းဖြစ်ခဲ့တာကြောင့် မြန်မာပြည်ရဲ့ အမျိုးသားပညာရေး ကို အထူးအာရုံစိုက်ခဲ့သူဖြစ်ပါတယ်။ ဦးသန့်လက်ရွေးစင်စာ များ အပိုင်း(၁)မှာ ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးစာတမ်း  တွေဟာလည်း အလေးဂရုပြုစရာဖြစ်ပါတယ်။
အမျိုးသားပညာရေး
ပြည်ရေးပြည်ရာသင်ကြားနည်း
စာသင်ကျောင်းနှင့်စာရိတ်္တမဏ္ဍိုင်
ခေတ်စမ်းကျောင်း
ဗမာသစ်နှင့် ပညာသစ် ..စတဲ့ ဆောင်းပါးတွေမှာ ဦးသန့်ရဲ့ အမြင်ကြီးမှုတွေကို လေးစားဖွယ် ဖတ်မှတ်ခဲ့ရပါ တယ်။
"ပြည်ရေးပြည်ရာသင်ကြားနည်း"မှာ သီးသန့်ရေးခဲ့တာ တွေက ဒီနေ့ပညာခေတ်ကြွေးကြော်သံထက် အများကြီးစော နေခဲ့ပါတယ်။
"ပြည်ရေးပြည်ရာဆိုသည်မှာ ပြည်သူပြည်သားတို့၏ အရေးအရာ ပြည်သူပြည်သားတို့ သိသင့်သိထိုက်သော ဆက်ဆံရေး၊ ပညာရေး၊ စီးပွားရေး ..နိုင်ငံရေးစသည့် အ ကြောင်းအရာများအပြင် ပြည်သူပြည်သားတို့၏ ပိုင်ခွင့်ပိုင် ရေးနှင့်တာဝန်ဝတ်္တရားများပါဝင်ပေသည်။
၎င်းပညာသည် အလွန်ကျယ်ဝန်း၍ ပြည်သူပြည်သားတို့၏ ပစ္စက္ခအရေးသာမဟုတ်၊ အတိတ်အရေး၊ အနာဂတ်အရေးတို့နှင့်လည်း သက်ဆိုင်ပေသည်။ မူလက ပြည်ရေးပြည်ရာဆိုသည်မှာ မိမိတို့၏ မြို့အရေးနယ်အရေးမျှသာ သက်ဆိုင်၍ ယခုမှာမူကား တိုင်းပြည်အရေး နိုင်ငံအရေး စသည်တို့ပါ သက်ဆိုင်လေသည်။ တိုင်းသူပြည်သားတို့၏ အသိဉဏ် ကျယ်ဝန်းလာလေလေ၊ ပြည်ရေးပြည်ရာ နယ်နိမိတ်သည် လည်း ကျယ်ဝန်းလာလေလေဖြစ်၏။ တဖြည်းဖြည်း ၄င်း ပညာသည် တိုင်းပြည်နိုင်ငံရေးသာမက ကမ္ဘာ့အရေးကြီးပင် အကျုံးဝင်စပြုပေပြီ။ ထို့ကြောင့် ပြည်ရေးပြည်ရာသည် ကမ်္ဘာ့ အရေးဟုလည်း မှတ်အပ်ပေသည်။"(ဦးသန့်လက်ရွေးစင်စာများ ၊ စာ ၂၂၃)
အဲဒါ ၁၉၂ က ဦးသန့်ပြောခဲ့တာဆိုတော့ နှစ်ပေါင်း (၇၀) နီးပါးရှိပါပြီ။ ဂလိုဘယ်ခေတ်နဲ့ ပညာခေတ်ကို ဦးသန့် က အစောကြီးကတည်းက၊ တိုင်းပြည်လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်မှာကတည်းက ကြိုပြောခဲ့တာပါ။ ဦးသန့်ရဲ့ ဉဏ်ပညာ ဗီဇဟာ အလွန်အံ့သြလေးစားဖို့ကောင်းလှပါ တယ်။
ဦးသန့်၏ စာနယ်ဇင်းအမြင်

ဦးသန့်ရဲ့လက်ရွေးစင်စာများကို အပိုင်းသုံးပိုင်းခွဲပြီး တင်ပြထားရာ အပိုင်း(၂)မှာ စာအုပ်စာပေ၊ စာနယ်ဇင်းတွေနဲ့ ပတ်သက်တဲ့ ဦးသန့်ရဲ့ ဝေဖန်သုံးသပ်ချက်တွေကို ဖတ်ရမှာ ဖြစ်ပါတယ်။ အပိုင်း(၃)ကတော့ လူမှုရေး၊ နိုင်ငံရေး၊ သမိုင်း နဲ့ ဦးသန့်ရဲ့ဝတ်္ထုတို့ပါဝင်ပါတယ်။ စီစဉ်သူများဖြစ်တဲ့ ဦးသော်ကောင်းနဲ့ မောင်ဇေယျာတို့ဟာ ဦးသန့်ရဲ့ဝတ္ထုတစ်ပုဒ်တည်း တွေ့သလားလို့ အားမလိုအားမရမေးခွန်းထုတ်ဖွယ်ဖြစ်လာ ပါတယ်။ စာကြည့်တိုက်ပညာရှင်မဟုတ်တဲ့ ကျွန်တော်တို့ လိုလမ်းပေါ်က လူပင်လျှင် ဦးသန့်ရဲ့ အခြားသော ၀တ္ထု တစ်ပုဒ်ကို လမ်းပေါ်မှာပဲ ခလုတ်တိုက်မိပြီး (လမ်းဘေးအ ဟောင်းဆိုင်ကရတဲ့ စာအုပ်ထဲမှာ တွေ့ခဲ့ပြီး) ကျွန်တော်တို့ ရဲ့ "နဘယံ"မဂ်္ဂဇင်းမှာ ပြန်လည်ဖော်ပြပေးခဲ့ပါတယ်။ အဲဒီ ၀တ္ထုအမည်က "ထူးဆန်းသော ကိုရွှေအုပ်၏ အတ္ထုပ္ပတ်္တိ" ဖြစ်ပြီး အစောဆုံးဂမ္ဘီရ၀တ္ထုတစ်ပုဒ်လည်းဖြစ်နိုင်ပါတယ်။ (၂၀၀၉ ၊ စက်တင်ဘာလထုတ် နဘယံမဂ်္ဂဇင်းအမှတ် (၂) မှာ ပြန်လည်ဖော်ပြထားပါတယ်။)
ဦးသန့်ရဲ့ စာနယ်ဇင်းသုံးသပ်ချက်များကလည်း မှတ် သားစရာကောင်းပါတယ်။ "သတင်းစာကောင်းတို့၏ ရည်ရွယ် ချက်သည် အများ၏အကြိုက်ကို လိုက်လျော၍ ရေးရန် မဟုတ်၊ သတင်းစာ၏အကြိုက်ကို အများကကြိုက်နိုင်ရန် ရည်ရွယ်ရမည်၊ သတင်းစာတို့သည် တိုင်းသူပြည်သားတို့၏ နည်းပေးလမ်းပြဆရာကောင်းများဖြစ်စေရမည်"(စာ-၇၉)
"အချို့သောမြန်မာသတင်းစာတို့တွင် အဇ္ဈာယ်သယ ၆ ပါးအကြောင်း၊ ငါးလအတွင်း သူဌေးဖြစ်နည်းနိဿရည်း-ရေးသူ ဦးပိုက်ဆံ၊ လျှောက်လွှာစာရေးကြီး မောင်ခက နာမည် ကျော်ဦးဝကို မည်ကဲ့သို့ထုလိုက်ကြောင်း စသည်တို့ကို တွေ့ရ ပေသည်။ မြန်မာသတင်းစာအချို့၌လည်း (၉နှစ် သမီးလေး၏ ဖြစ်ထွေ၊ သရက်ပင်၌ပျားစွဲခြင်း၊ မော်လမြိုင်က ရန်ကုန် ကို ရယ်တာပေါ့) စသော ဆောင်းပါးများကို အရေးတကြီး ထည့်ထားသော ဆောင်းပါးများကို တွေ့ရပေသည်။ ဤကား သတင်းစာ မဂ္ဂဇင်းတို့၏ အပြစ်လုံးလုံးမဟုတ်ပေ။ သတင်း စာဖတ်သူတို့၏ အဆင့်အတန်းကို လိုက်လျော၍ သတင်းစာ ဆရာတို့က ရေးရရှာပေသည်။ …ဤကား ဖတ်သူတို့၏ အကြိုက်ကို လိုက်၍ရေးနေရသဖြင့် သတင်းစာမဂ္ဂဇင်းတို့၏ အဆင့်အတန်းသည် တက်သင့်သလောက် မတတ်ရှိရလေ သည်။"(၄င်း စာ-၈၀)
ဦးသန့်၏ ဂျာနယ်အမြင်မှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်။
"မျိုးချစ်မြန်မာလူမျိုးတို့သည် အင်္ဂလိပ်သတင်းစာဂျာနယ် ထုတ်မည်ဟု စိတ်ကူးလျှင် သတင်းစာနှစ်မျိုးနှစ်စားရှိသည် ကို သတိပြုသင့်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ စာပေကိစ္စအရပ်ရပ်တို့ကို ခန့်ခန့်ထည်ထည်ရေးသားထားသော ဂျာနယ်က တစ်မျိုး၊ လူပြိန်းအကြိုက် အထူးအဆန်းများ၊ စိတ်ရွှင်မြူးစရာ အဖုံဖုံ၊ ရုပ်စုံအ၀၀ပါသော ဂျာနယ်ကတစ်မျိုး နှစ်မျိုးခွဲခြား ပေသည်။ ဤအရာ၌ ခုနှစ်ရက်တစ်ကြိမ်ထုတ် ဂျာနယ်များ ကိုသာဆိုပေသည်။ ပထမအမျိုး၌ အင်္ဂလန်နိုင်ငံထုတ် နာမည်ကျော် (Spectator, New Statemaen, Observer)စသောဂျာနယ်များ ပါဝင်ပေသည်။ ဒုတိယအမျိုး၌ (Tit Bits, Person's Weekly)စသော ဂျာနယ်များ ပါဝင်ပေ သည်။"
"မည်သည့်တိုင်းပြည်မဆို အထက်တန်းကျကျ စဉ်းစား ဆင်ခြင်နိုင်သော ပိုဂ္ဂိုလ်နည်း၏။ သာမန်ကာရှန်ကာ စဉ်းစားဆင်ခြင်နိုင်သော လူများသာများပေသည်။ (Tit Bit, Person) စသော ဂျာနယ်များမှာ လူကြိုက်အလွန်များပြား၍ အပြည်ပြည်အနယ်နယ်ပင် အနှံ့အပြားတွေ့နိုင်ပေသည်။ သို့ရာတွင် ထိုဂျာနယ်မျိုးသည် ဖတ်ရှုသူ၏ စိတ်ကိုရွှင်ပျစေသည်မှ တစ်ပါးအခြားအကျိုးထူးများစွာ မတွေ့ရချေ။" (စာ-၈၅)
အဲဒါ ၁၉၃၅ ခုနှစ်က ဦးသန့်ရဲ့ဝေဖန်ချက်ဖြစ်ပါတယ်။ ဒီလိုဝေဖန်ခဲ့တာ ၇၅ နှစ်ရှိပါပြီ။
ဦးသန့်၏ဝေဖန်ရေးအမြင်
ဦးသန့်ရဲ့ဝေဖန်ရေးအမြင်ပါတဲ့ စာတွေကိုလည်း စဉ် ဆက်မပြတ်တွေ့နိုင်ပါတယ်။
"မဂ္ဂဇင်းတွေ မည်မျှပင်တိုးတက်များပြားလာသော်လည်း အများအားဖြင့် ဆောင်းပါးတို့မှာ မြန်မာတွေ အိပ်မနေကြ ပါနှင့်၊ ကမ္ဘာကို မြန်မာက ဘာဖြုံမလဲ၊ ၁၀ ရက်အတွင်း သူဌေးဖြစ်နည်းနိဿရည်း စသည်တို့ပင်တည်း။ ရေးသူများ  ကိုလည်း ကြည့်ကြပါစို့။ နာမည်ကျော် ဆရာ့ဆရာကြီးများ ဖြစ်ကြသော ယုဇနသိန်း၊ ကြယ်တာရာ၊ ဦးပဲ၊ ရခိုင်ပြည်ဦး ဘစော၊ မဟာပါရဂူဘွဲ့ခံ ဦးဌေးဝင်း၊ တောင်ငူက မောင်ဖြူ စသည်တို့တည်း။ ထိုကဲ့သို့ နာမည်ကျော်စာရေးဆရာကြီးများ၏ ရဲရဲတောက် ဆောင်းပါးများကိုလည်း ဖတ်ကြည့်လျှင် မှတ်စရာဆို၍လည်း တယ်ပြီးမပါလှ၊ စိတ်ရွှင်စရာ ဆို၍လည်း မရှိ၊ အကျိုးများသော ဆောင်းပါးများသာဖြစ်ကြလေသည်။"
"ထိုသို့သော လူများက ဆောင်းပါးမရေးရဟု မဆိုလို။ ရေးရပါသည်။ သို့ရာတွင် ကိုယ်နိုင်ရာဇာတ်ကိုသာ ခင်းစေလိုပါသည်။ ရရစားစားနေသော ပုဂ္ဂိုလ်တစ်ဦးက ၁၀ ရက် အတွင်းသူဌေးဖြစ်နည်းနိဿရည်းကို မရေးစေလိုပါ။ ကျောင်း သားအရွယ် လူမယ်လေးက မြန်မာပြည်ပညာရေးကို မရေး စေလိုပါ။ ဘုန်းတော်ကြီးများကလည်း အချစ်ဆိုတာ ဘာလဲ အစရှိသော ဆောင်းပါးများကို ရေးရန်မသင့်ပါ"
"ဆောင်းပါးရေးသူတို့ ပထမစီစစ်ရမည်မှာ "ငါရေးသော ဆောင်းပါးကို ငါကောင်းကောင်းနားလည်ပါ၏လော"၊ ဒုတိယ စီစစ်ရမည်မှာ ငါ၏ဆောင်းပါးကို တိုင်းပြည်ကဖတ်ရန် သင့် ပါမည်လော" ဟူသော လောလောကို ထုတ်ကြပါကုန်။"
(စာ-၁၇၇)
"တိုင်းပြည်ဘာဖြစ်ဖြစ်၊ ငါဝလျှင်ပြီးရောဆိုသည့် ကိုယ် ကျိုးရှာသမားများ ယခုအခါကဲ့သို့ မည်သည့်အခါကမှ မများ ခဲ့ဖူးပါ။ ထိုသို့သော ခေတ်ညံ့ကြီးတွင် တိုင်းသူပြည်သားတို့အား အမှန်ကိုသိစေ၍ အမှားကိုပယ်ရှားနိုင်သော ဆောင်းပါး မျိုးသာလျှင် သတင်းစာဂျာနယ်မဂ္ဂဇင်တို့တွင် မြင်ရပါလို၏"
(စာ-၁၉၉)
ဦးသန့်ရဲ့စာပေဝေဖန်ရေးသဘောက ဘယ်လောက် လေးစားစရာကောင်းလိုက်ပါသလဲ။
ဦးသန့်ရဲ့စာကောင်းပေကောင်းမှတ်ကျောက်

""စာကောင်းပေကောင်းဟူသည်က အဘယ်နည်း။
ထိုပြဿနာနှင့်ပတ်သက်၍ ကမ်္ဘာပေါ်တွင် ရှေးနှစ် ပေါင်း(၂၅၀၀)ခန့် (ခေါမခေတ်)မှ ယခုထက်တိုင် ၀ိဝါဒ ကွဲပြားခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ခန့်ကစ၍ ထိုပြဿနာ၏ နယ်နိမိတ်သည် ကျဉ်း၍လာရာ ယခုခေတ်၌ ၀ိဝါဒ နှစ်မျိုးကို စစ်ထုတ်၍ရနိုင်ပေသည်။ အချို့သော စာပေ ပါရဂူကြီးတို့အလိုအားဖြင့် စာကောင်းပေကောင်းဆိုသည်မှာ သဘာဝကျ၍ အနုပညာနည်းဖြင့် စံချိန်ထိုး၍ရသော စာပေ ကို စာကောင်းပေကောင်းဟူ၍ အယူရှိ၏။ အချို့မူကား နိုင် ငံရေးအားဖြင့်သော်လည်းကောင်း၊ ပြုပြင်မည်ဟူသော အာ သီသဖြင့်ဆွယ်တရားပါသော စာပေကို စာကောင်းပေ ကောင်းဟူ၍ အယူရှိကြသည်" (စာ – ၁၀၉)
ဒီအယူနဲ့ပတ်သက်ပြီး ဦးသန့်နမူနာထုတ်ပြခဲ့သည်မှာ
ဝတ္ထုများ(မူရင်း)
ကိုသိန်းဖေ၏တက်ဘုန်းကြီး၊ သခင်နု၏ ရက်စက်ပါပေ့ကွယ်၊ ရွှေစကြာ၏နားခံတော်၊ မောင်ထင်၏ငဘ
ဝတ္ထုများ(ဘာသာပြန်)
ပီမိုးနင်း၏ ၀င်္ဂသာကံ၊ ရွှေဥဒေါင်း၏ရန်ကြီးအောင်၊ ချစ်ညို ၏ လွတ်လပ်ရေးခေါင်းလောင်း၊ မအမာ၏ သက်တံရောင်
မဟာဆွေ၏၀တ်္ထုများ အားလုံးလိုလိုပင် အနုပညာ ခေါင်းပါး၍ သင်ခန်းစာတစ်ခုခုအတွက် ရည်ရွယ်၍ ရေး သားသည်သာများလေသည်။ ဇော်ဂျီ၏၀တ်္ထုတိုလေးများ အားလုံး လိုလိုပင် သင်ခန်းစာချို့တဲ့၍ အနုပညာဖြင့် တန် ဆာဆင်ထားပေသည်။ ဇေယျ၏ အကောင်းဆုံးသော ၀တ်္ထု များတွင် အနုပညာနှင့် သင်ခန်းစာကို နှော၍ထားသည်ကို တွေ့ရပေသည်။" လို့ သုံးသပ်ထားပါတယ်။
(စာ-၁၁၁ ရှု)
ရသအနုပညာရှုထောင့်ကကြည့်ရင် …
"ကမ္ဘာ့စာပေတွင် အချစ်နှင့်ပတ်သက်၍ သီကုံးထား သော သီချင်းများအနက် မမြကလေး၏ "ချစ်သမျှ"ပတ်ပျိုး သည် ပထမတန်းရေချိန်မီသော ကဗျာကြီးတစ်ပုဒ်ပင်ဖြစ် ၏" လို့ အကဲဖြတ်ထားပါတယ်။ ရဲရင့်တဲ့အကဲဖြတ်ချက်လို့ ဆိုနိုင်ပါတယ်။
ဦးသန့်၏ ဘာသာပြန်မှတ်ကျောက်

"ဘာသာပြန်ကောင်းမကောင်း စမ်းသပ်နည်း တစ်ခုကို လည်း ပြောခဲ့ချင်ပါတယ်။ အင်္ဂလိပ်မြန်မာဘာသာပြန်ကို အင်္ဂလိပ်စာ လုံးလုံးမတတ်သော အရပ်သားတစ်ဦးအား ဖတ်ကြည့်ခိုင်းပါ။ ထိုသူ နားလည်သဘောပေါက်ပါက ထိုဘာသာ ပြန် အဆင့်တန်းမီသည်ဟု ယူဆဖွယ်ရှိပါသည်။ ထိုသူ သဘောမပေါက်ပါက ထိုဘာသာပြန်ကောင်းနိုင်တော့မည် မဟုတ်ပါ။ ဘာသာပြန်၏ မှတ်ကျောက်မှာ မျိုးခြားစာပေ မတတ်သော အရပ်သားဖြစ်ကြောင်း သတိပြုစေလိုပါသည်" (စာ-၁၂၁)
ဦးသန့်၏ အဓိက စံထားညွှန်းဆိုတဲ့ ဘာသာပြန်လက် ရာတစ်ခုကတော့ ဆရာကြီးသခင်ဘသောင်းရဲ့ ပန်းသာမစာအု"ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး။
"ကျွန်တော်သည် လွန်ခဲ့သော ၁၂ နှစ်ခန့်က Tess ကို ဖတ်ဖူးပါသည်။ ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် ကံဆိုးမ Tess ကို ဂရုဏာဒေါသောတွေဖြစ်ပြီး ကြီးစွာသော စိတ်၏ဆင်းရဲ ခြင်းကို ခံစားခဲ့ရပါသည်။ လွန်ခဲ့သော သုံးလလောက်က တစ် ဖန် သခင်ဘသောင်း၏ ဘာသာပြန်ကိုဖတ်ကြည့်ရာ ပထမ အကြိမ်ခံစားခဲ့ရသော ဂရုဏာစေတသိက်သည် တစ်ဖန်ပေါ် ပေါ်လာပြန်ပါသည်။ွှနျ ကို ထိုမျှလောက်နိုင်နင်းစွာ မြန် မာဘာသာပြန်၍ ရမည်ဟု ကျွန်တော်အစက နည်းနည်းမှ မထင်မိပါ။
သခင်ဘသောင်းသည် မြန်မာဂန်္ထ၀င်တွင် "ပန်သာမစာ အုတည်းဟူသော မယ်ကံဆိုးလေးတစ်ယောက်ကို ဖန်တီး လိုက်ပေပြီ" အုသည် သခင်ဘသောင်း၏ ကျေးဇူးကြောင့် ကျွန်တော်တို့၏ မနောအာရုံမှ မေ့ပျောက်ရန်ခဲယဉ်းလှဘိ၏"
(စာ-၁၃၂)
စသည်ဖြင့် အကျယ်တ၀င့်ချီးကျူးထားပြီး "ပန်းသာမစာ အုသည် ခေတ်မြန်မာဝတ်္ထုများအနက် ပြိုင်ဘက်ကင်းသော ၀တ်္ထုဖြစ်ပေသည်"လို့ ဆိုထားပါတယ်။ ဘာသာပြန်ကောင်း မွန်လွန်းတော့ မြန်မာဝတ်္ထုလို့ ဆိုနိုင်လောက်အောင် မှတ်တမ်း တင်ရတဲ့အထိပါပဲ။
ဦးသန့်ဟာ စာစုံဖတ်၊ စာစုံရေးခဲ့လေရာ ..သမိုင်းပညာ ရှင် မစ်္စတာဟားဗေး၏အမှားကိုလည်း ဒီလိုထောက်ပြပြုပြင် ပေးခဲ့ပါသေးတယ်။
"တစ်ခါသော် ..မစ်္စတာဟားဗေးရေးသော မြန်မာရာ ဇ၀င်(အကြီး)ကို ကျွန်တော်ဖတ်ရင်း အမှားတစ်ခုကို သွားတွေ့ ရ၏။ ထိုအမှားကား တပင်ရွှေထီးသည် မအူပင်ဒိစကြိတ် ပန်းတနော်မြို့အနီး၌ ကံကုန်တော်မူသည်ဟူသောအချက်ဖြစ် ၏။"
"မြန်မာရာဇ၀င်အစောင်စောင်၌ တပင်ရွှေထီးအ ကြောင်းကို စေ့စပ်သေချာစွာဖတ်ရှုစုံစမ်းရာ တပင်ရွှေထီးနှင့် ပန်းတနော် မည်ကဲ့သို့မျှ အဆက်အသွယ်မရှိ၊ တပင်ရွှေထီး သည်(ပန်းတရော)တပ်နှင့် ထွက်တော်မူကြောင်းသာရှိလေ သည်။"(စာ-၁၆၆)
ဦးသန့်ရဲ့နိုင်ငံရေးဆိုင်ရာ ဝေဖန်ချက်တွေလည်း တွေ့ရ ပါတယ်။ လက်ဝဲ၀ါဒအကြောင်း သောင်းသောင်းညံအောင် ပြောနေချိန်မှာ ဦးသန့်က လွတ်လပ်ရေးသာ ပထမ၊ အယူဝါ ဒက ဒုတိယဖြစ်ကြောင်း ရဲရဲတောက်ဝေဖန်ခဲ့ပါတယ်။ စစ် ဖြစ်ရခြင်းအကြောင်းအရင်း၊ မျိုးချစ်စိတ်၊ ကြီးပွားရေး၊ လူကြီး လူငယ်အကွာအဝေး စသည်အရေးအရာအတော်များများ ကိုလည်း ဦးသန့် ကလောင်ဖြန့်ကျက်ခဲ့တာ တွေ့ရပါတယ်။
ဆိုခဲ့တဲ့အတိုင်း ဦးသန့်ဟာ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ ကျော် ငြိမ်းချမ်းရေး ဗိသုကာကြီးဖြစ်ခဲ့ပါတယ်။ ကမ်္ဘာကုလ သမဂ္ဂအတွင်းရေးမှူးချုပ်တာဝန်မထမ်းဆောင်ခဲ့ရင်လည်း မြန်မာစာပေအတွက် အားကိုးရတဲ့ စာရေးဆရာပညာရှင်ကြီး အဖြစ်ဥဒါန်းတင်မှာ မလွဲပါပဲ။ ဒီ ဦးသန့်လက်ရွေးစင်စာများမှာ မြန်မာပြည်လွတ်လပ်ရေးမရမီက ရေးခဲ့တဲ့စာတွေကို ရှာဖွေ စုစည်းပေးလိုက်တာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ဖြစ်အောင် စီစဉ်ပေးတဲ့ ဆရာဦးသော်ကောင်းနဲ့ မောင်ဇေယျာတို့ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဦးသန့်ရဲ့ စာပေလက်ရာများ ကျန်ရှိနေနိုင်သေးတာမို့ ဆက်လက်ရှာဖွေ စုစည်းထုတ်ဝေ နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မောင်သွေးချွန်
http://www.facebook.com/notes/nyeinchan-tha/%E1%80%A5%E1%80%AE%E1%80%B8%E1%80%9E%E1%80%94%E1%80%B9%E1%82%94-%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9-%E1%80%95%E1%80%8A%E1%80%AC%E1%80%B1%E1%80%81%E1%80%90%E1%80%B9%E1%80%9B%E1%80%B2%E1%82%94/183684598333741

မြန်မာပြည်စာနယ်ဇင်း လောကနှင့်ပတ်သက်၍ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

ဧရာဝတီ Friday, 17 October 2008 07:00 အင်တာဗျူး
လက်ရှိ မြန်မာ ပြည် စာနယ် ဇင်း လောက ဖိနှိပ် ခံရမှုနှင့် ယခင် စာနယ်ဇင်း လောက အခြေ အနေ ကွာခြား ချက်များ၊ မီဒီယာ၏ အခန်းကဏ္ဍ အရေးပါပုံ တို့ကို ဧရာဝတီ မဂ္ဂဇင်းက သတင်းစာ ဆရာကြီး ဦးဝင်းတင်အား မေးမြန်း၍ ဖော်ပြလိုက်ပါသည်။


ဦးဝင်းတင် (ဓာတ်ပုံ - မြတ်မိုးမောင်)
မေး။ ။ အက်ရှင်တိုင်းမ်စ်ဆိုတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဆရာ့ အကြောင်း တပိုဒ်ပါလို့ အပိတ်ခံရတယ် ကြားတယ်။ အဲဒီပေါ်မှာ ဘာပြောချင် လဲဆရာ။

ဖြေ။ ။ သူတို့ (အာဏာပိုင်တွေ) က ရှင်းရှင်းပြောရရင်တော့ ကြံဖန်ပြီး ချုပ်ချယ်ဖို့ကို နည်းမျိုးစုံနဲ့။ တလ ပိတ်မယ်၊ ၂ လပိတ်မယ် ဆိုတာမျိုး၊ ဒီဟာ လုပ်ခြင်းအားဖြင့် တခြားလူတွေကိုပါချုပ်ချယ်ပြီးဖြစ်သွားတယ် ဆိုတာမျိုး လုပ်ကြတာပဲဗျ။ ဒါက စာစောင်တစောင်ချင်းစီကို ပိတ်တာ။ နောက်တခုကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တားမြစ်ထားတယ် ဆိုတာကို ပြတာ။ ဒီဟာနဲ့ ပတ်သက်တာကတော့ ကြုံနေရမှာပဲ။ ကြုံလည်းကြုံခဲ့ရတာပါပဲ။

မေး။ ။ မ ဆ လ ခေတ်မှာ ဆရာသတင်းစာ အယ်ဒီတာလုပ်တုန်းကနဲ့ ခုနဲ့ စိစစ်ရေး ကိစ္စတွေ၊ သတင်းစာ လောကတွေနဲ့ ဘယ်လိုကွာဟလဲ ပြောပါဦး။

ဖြေ။ ။ မကွာပါဘူး။ တူတူပါပဲ။ မထူးပါဘူး။ ဒီချိန်မှာစာစောင် ၂ စောင်ကို ပိတ်တယ်။ မဆလ ခေတ်တုန်းက စာစောင် တွေ အားလုံးပိတ်ပစ်ခဲ့တာပဲ။ နောက်တခါ စီးပွားရေးအရ ညစ်တာတို့ တခုချင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်တဲ့ နေရာမှာတော့ သီးခြား လုပ်ဆောင်မှုတွေ မတူပေမယ့် မျက်စိပိတ် နားပိတ်အောင် လုပ်ထားတာကတော့ ဦးတည်ချက်က ဘာမှ မကွာဘူး။ ကျနော်ပြောချင်တာကတော့ စာနယ်ဇင်းတွေအနေနဲ့ ရုန်းကန်ရမယ်။ အချင်းချင်း ညှိလုပ်တာပဲ ဖြစ်ဖြစ် တစောင်ချင်းစီပဲ ဖြစ်ဖြစ် ငုံ့ခံနေတာမျိုး မဟုတ်ဘဲနဲ့ တတ်နိုင်သလောက် အကြောင်းအရာ တခုချင်းစီပေါ်မှာ ရုန်းကန်မှု ရှိရမယ်။ အဲလိုပဲ ကျနော်က ယူဆတယ်။

ကျနော်ကတော့ သတင်းစာတွေ မလုပ်နိုင်တော့ဘူး။ သတင်းစာက များများလုပ်ရတယ်၊ မြန်မြန် လုပ်ရတယ်၊ ကျယ်ကျယ် လုပ်ရတယ်။ ကျုယ်ကျယ် လုပ်ရတယ် ဆိုတာက တောရော၊ မြို့ရော၊ ကမ္ဘာရော၊ မြန်မာရော။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှု ရေးတွေ လုပ်ရတယ်။ များများလုပ်ရမယ်ဆိုတာက အကြောင်းအရာ များနိုင်သမျှ များအောင် ထည့်ရတယ်၊ စုံနိုင်သလောက် စုံအောင် လူမှုဘဝကို လွှမ်းခြုံနိုင်အောင် အဲလိုပေါ့။ ပြီးတော့ မြန်မြန်လုပ်ရတယ်။ အရင်ခေတ်ကဆို တယ်လီဖုန်းလောက်ပဲ ရှိတဲ့ကြားက ဖြစ်အောင် လုပ်ရတယ်။ ဒီဟာတွေလောက်ကို ကျတော် မလုပ်နိုင်တော့ဘူး။ ခု ဂျာနယ်တွေ ကြိုးစားကြတယ် ကောင်းပါတယ်။ မှားကြတာတွေ ရှိမှာပဲ။ မှားပါစေ။ အရေးမကြီးပါဘူး။ မှားတယ် မှန်တယ်ဆိုတာ တခေတ်နဲ့ တခေတ် စံချင်းမှမတူတာ။ မှားတာကို ဂရုစိုက်စရာမလိုပါဘူး။

တခုပဲ ဝေဖန်ချင်တာက ခင်ဗျားတို့မှာ ရုန်းကန်တာနည်းနည်း နည်းတယ်ထင်တယ်ဗျ။ ကျနော်တို့ တုန်းကလည်း ဖိနှိပ်မှုက အတူတူပဲ။ မထူးဘူး။ ဒီခေတ်မှာ ဖိနှိပ်ခံရတာလည်း တူတူပဲ မထူးဘူးဗျ။ တချို့ကထင်ကြတယ် ဒီခေတ်မှာမှ ပိုဖိနှိပ်ခံရတယ် လို့ … ။ အဲဒါမဟုတ်ဘူး။ တူတူပါပဲ။ သူတို့မကြိုက်တာ တခုခု လုပ်မိရင်၊ ပါလာရင် ဘယ်ခေတ်ပဲဖြစ်ဖြစ် ပိတ်ပစ်တာပဲလေ။ ဖိနှိပ်ချုပ်ချယ်မှုက ဒီလိုပဲ ရှိနေမှာပဲ။ အဲဒီကြားကနေ ရုန်းကန်ကြရလိမ့်မယ်။

အဲဒီမှာ ကျနော်က ဘာဥပမာ ပြချင်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကာတွန်းဆရာတွေကို မိန့်ခွန်းတခုပြော ရတယ်။ အဲဒါလေး ပြောချင်တယ်။ အဲဒီတုန်းက သူတို့ကို ခင်ဗျားတို့ ကာတွန်းတွေ သိပ်ကောင်းတယ်ဗျာ။ ရေးတာတွေ လည်း ပြောင်မြောက်တယ် ဒါပေမယ့် ခင်ဗျားတို့မှာ ငုံ့ခံနေကြတာလေးတွေ ရှိတယ်။ ဒီလိုရေးလို့မရရင် ဟိုလိုလေးလှည့် ရေးရမယ်။ ဥပမာပြောရရင် အဲဒီတုန်းက တိရစ္ဆာန်ရုံမှာ ကလေးတယောက် ကျားကိုက်တယ်ဗျာ။ အဲဒီသတင်းကို ထည့်လို့ မရဘူး။ ဘယ်လိုမှကို ထည့်ခွင့် မပေးဘူး။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့ အနည်းဆုံးငုံ့မခံဘူးဆိုတာ ပြချင်တယ်။ ဖြစ်ချင် တော့ အဲဒီနေ့မှာ နိုင်ငံခြား သတင်းတပုဒ်က တိုက်တိုက်ဆိုင်ဝင်လာတယ်။ ခြင်္သေ့ကိုက်တဲ့သတင်းဗျ။ အဲဒါကို မျက်နှာဖုံးမှာ အကြီးကြီး ထည့်လိုက်တယ်။ ခြင်္သေ့နဲ့ ကျားနဲ့ကတော့ မတူဘူးပေါ့ဗျာ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ဟာ ဒီကောင် တွေ ရေးပြန်ပလား ဆိုတာမျိုးဖြစ်သွားတယ်။ ဒီခြင်္သေ့ကိုက်တာကို အကြောင်းပြုပြီး ကျားကိုက်တဲ့ သတင်းကလည်း လူတွေကြားထဲမှာ ပြန့်နေတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေက အဲဒီပုံစံနဲ့တော့ လှုပ်ရှား နိုင်တယ်။ ရုန်းကန်ပါ။ သူတို့က ဒီလိုမရေးရဘူးဆိုရင် ရနိုင်တဲ့နည်းနဲ့ ရေးပါ။ သူတို့ကဒီလိုလုပ်ပါဆိုရင် မလုပ်နိုင်ဘူး တနည်းနည်းနဲ့ လှည့်လုပ်ပါ။

ဟိုခေတ်နဲ့ ဒီခေတ် ဖိနှိပ်ပုံ ဖိနှိပ်နည်း မတူတာပဲရှိတယ် ဖိနှိပ်တာကတော့ ဖိနှိပ်တာပါပဲ။ ဂျာနယ် တစောင်ချင်းကို အရေးယူ ပုံချင်းတော့ တူချင်မှတူမယ်။ ဟိုတုန်းကတော့ သိမ်းကျုံးပြီး အရေးယူတယ်။ ဒါပဲကွာတယ်။ ခု ဂျာနယ် တွေ အများကြီး ရှိတယ်။ ဘာတွေ ရေးနိုင်လဲ။ ဘာမှ မရေးနိုင်ဘူး။ ကျနော်တို့နာမည်တွေကို လုံးဝဖျောက်ထား ရာကနေ အခုနာမည်လေး တွေ ပါလာတယ်။ များများ မသုံးနိုင်ဘူး။ တချို့ဂျာနယ်တွေဆို ကျနော့်ကို အင်တာဗျူး လုပ်တယ်။ အဲဒါတွေ ကျနော်ဖတ် ရတယ်။ စာပေစိစစ်ရေးကို တင်တဲ့ မူတွေပေါ့။ ဒါပဲဗျ။ ဘာမှမထူးဘူး။

ထူးတာက ရုန်းကန်မှု နည်းတယ်။ ကျနော်တို့ လုပ်ခဲ့တာပဲ။ ကျနော်ဟံသာဝတီ သတင်းစာ လုပ်ခဲ့တယ်။ ကျနော့်ကို ဖိနှိပ် တာက ဒီခေတ် ဂျာနယ်တွေကို ဖိနှိပ်တာထက် ပိုတယ်လည်း မပြောလိုဘူး လိုတယ်လည်း မပြောဘူး တူတူပါပဲ။ ကျနော့် အသက်အရွယ်နဲ့ ကျနော့်ရာထူးနဲ့ ပင်စင်နီးတာနဲ့ ဒါတွေငဲ့ပြီး ကျနော် အေးအေး နေရင် ရတာပဲ။ ဒါပေမယ့် ကျနော်မနေ နိုင်ဘူး တတ်နိုင်သလောက် ရုန်းတယ်။ အဲဒီမှာ သူတို့မကျေနပ်ဘူး ကျနော့်လည်း ဖြုတ်ပစ်၊ ကျနော့်သတင်းစာလည်း ပိတ်ပစ်တာပဲ။

နမူနာလေးတခု ပြောပြမယ်။ တခါက ဝန်ကြီးကနေပြီး အမိန့်နဲ့ လာတယ်။ ပေါ်လစီလားဘာလားတော့မသိဘူးဗျ သတင်း စာမှာ ဘုန်းကြီးတရားပွဲတွေထည့်ရမယ်တဲ့၊ ရန်ကုန်မှာလည်း ထည့်တယ်။ ကျနော်ကမထည့်ဘူးလို့ မန္တလေးက ဘုန်းကြီး မြို့၊ ဟိုဘုန်းကြီး တရားဟောတာထည့်ပေး၊ ဒီဘုန်းကြီးဟောတာ ထည့်ပေးတာနဲ့ ခင်ဗျားတို့သတင်းစာ ဘာမှပါရတော့မှာ မဟုတ်ဘူး ထည့်ရမှာလားလို့ပြောလိုက်တော့မှ နောက် ဝန်ကြီးကလည်း မထည့်ပါနဲ့တော့လို့ ပြောတယ်။ အဲလိုပေါ့ဗျာ။ အဲလိုလုပ်ရတာပဲ။

နောက် ဦးနေဝင်းက တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း သေတော့ သူ့မိန့်ခွန်းကို ခေါင်းကြီးနဲ့ မျက်နှာဖုံးမှာ ထည့်ရမယ်လို့ ပြောတယ်။ ကျနော်ထည့်မယ်ဆို မီတာပေါ့။ ကျနော်မထည့်ဘူး။ မန္တလေးနဲ့ ရန်ကုန် အပြန်ပြန် အလှန်လှန် ဖုန်းဆက်တယ်။ ထည့်ရမယ်ပေါ့။ ကျနော်ကလည်း မထည့်ဘူး တင်းခံနေတယ်။ အဲဒီမှာ ညနေ ၄ နာရီ ၅ နာရီဖြစ်လာတယ်။ ကျနော်က မျက်နှာဖုံးကို ပြန်ဖျက်ရတော့မှာ မလုပ်နိုင်ဘူး။ လုပ်ရင် ကုန်မယ့် စာစီခတွေ စာရွက်ဖိုးတွေ ဘယ်လိုလုပ်မလဲ ဆိုတော့ သူတို့က အကုန်ခံမယ် ထည့်တဲ့။ အဲဒါနဲ့ ကျနော်က ဒါဆို နက်ဖြန် သတင်းစာ မထုတ်နိုင်ဘူးပြောလိုက်တယ်။ အဲဒီတော့မှ ဒါဆိုလည်း မျက်နှာဖုံးမှာ မလုပ်ပါနဲ့တော့ အတွင်းက စာမျက်နှာ ၃ တို့ဘာတို့မှာပဲ ထည့်ပါတော့ ဖြစ်သွားတယ်။ ရုန်းကန်ရတာတော့ နည်းနည်း ရှိတာပေါ့ဗျာ။

မေး။ ။ ဖိနှိပ်ခံရတာ တူတူပဲဆိုရင် အရည်အသွေးနဲ့ပတ်သက်လို့ကော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အရင်ခေတ်နဲ့ အခုခေတ် ဘယ်လို ကွာခြားလဲ သိချင်ပါတယ်။ တိုးတက်လာတာရှိလားပေါ့။

ဖြေ။ ။ ဒါကလည်း တော်တော်ပြောရခက်တာပဲဗျ။ အရည်အသွေးဆိုတာက ဘယ်ပေါ်မှာတည်တာလဲ။ အကြောင်းအရာ ပေါ်မှာ မူတည်တာလား။ ခေတ်ကာလကိုလိုက်ပြီး ပြောင်းလဲနေတဲ့၊ ရေးဖို့ လိုအပ်တဲ့ အချိန်မှာ အသိဥာဏ်ရှိတဲ့၊ ရေးနိုင်တဲ့ သူတွေက ရေးတာဖြစ်တဲ့အတွက် သာတာတွေလည်း ရှိတာပဲဗျ။ ဒီခေတ်မှာလည်း တချို့လူတွေ တော်တော် လုပ်ကြတာ ရှိပါတယ်။ ဒီခေတ်မှာ ကျော်ဝင်းတို့ဘာတို့ တော်တော် လုပ်နိုင်တာပဲဗျ။ လျော့သွားတယ်၊ ပိုပြီး ကောင်းလာတယ် ဆိုတာ မျိုးတော့ မရှိသေးဘူးထင်တယ်ဗျ။ ဒါကတော့ ခုချက်ချင်းပြောလို့ ရတဲ့ အကြောင်းအရာလည်း မဟုတ်ဘူးဗျ။ ခေတ် တခေတ်ကျော်သွားတဲ့ အချိန်ကျမှ သမိုင်းဝင် စံတင်ပြီး ကျန်ခဲ့မှသာ ပြောလို့ရမယ်ထင်တယ်။

အဲဒါကိုပဲ ကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ကြမှာပဲ။ ကျနော်ကတော့ အဲဒါနဲ့ ပတ်သက်လို့ မပြောချင်ဘူးဗျ။ မလိုဘူးလေ။ သူတို့လုပ်နေတာ ကောင်းတာပဲ။ ဒါပေမယ့် ဘယ်လောက်ကောင်းတယ် ဘယ်ပြောလို့ရမလဲ။ ဒီနေ့ဆုံးဖြတ်တာလည်း မှန်ချင်မှ မှန်မယ်။ ဒီနေ့ ကောင်းနေပေမယ့်လည်း နောက်တနေ့ကျတော့ လူတွေက မေ့သွားရင် ဘာမှမထူးဘူးဗျ။ ဒါပေမယ့် တခုတော့ သေချာပြောလို့ရတယ်။ ဒါကတော့ ခေတ်အလိုက် ခေတ်အလိုက် လုပ်နေကြရမှာပဲ။ ဒီနေ့လုပ်နေတာတွေက သာမာန်စံအနေနဲ့ ပြောမယ်ဆိုရင် ခေတ်တခေတ်မှာ လုပ်နေတဲ့ စံအရ မညံ့ဘူးဗျ။ ဆောင်းပါးတွေ ကောင်းတယ်ဗျာ။ ဗွိုက်စ်တို့ဘာတို့မှာ ရေးနေတဲ့ ပုံစံတွေဆိုရင် ပညာတတ်လူတန်းစားရဲ့ အသံမျိုးနဲ့ အထက်စီးက ပြောတဲ့ လေသံမျိုး ပေါက်ချင် ပေါက်နေမယ်။

ဘယ်လောက်ပဲ ဘာတွေ ဖြစ်နေနေ လုပ်နေတာကတော့ ကောင်းနေတာပဲဗျ။ လူတွေကို အသိဥာဏ်ဖွင့်ပေးတဲ့ ပုံစံမျိုး တွေလည်း တွေ့နေရပါတယ်။ တခုပဲဗျ။ ပိတ်ခံရလိုက်၊ တော်ကြာကြောက်သွားလိုက် ဆိုတာမျိုးမဟုတ်ဘဲ အဲဒီထဲက ဖောက်ထွက်ပြီး ရေးနိုင်ဖို့တော့လိုမယ်။ ကွာလတီကိုလည်း အဲဒီပေါ်မှာ ဆုံးဖြတ်ရမယ်ထင်တယ်။

မေး။ ။ ပြည်ပက မြန်မာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုကော ဆရာ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော်သိပ်မသိဘူးဗျ။ ခင်ဗျားတို့ဧရာဝတီတောင် (ထောင်) ဆေးရုံမှာ တုန်းက တခါလား ဖတ်ဖူးတယ်။ ဝက်ဘ်ဆိုက်တို့ဘာတို့တွေ ကျနော်သိပ်နားမလည်တော့ သိပ်မပြောချင်ဘူး။ သို့သော် ဘာပဲ ပြောပြော ခင်ဗျားတို့နဲ့ အတွင်းနဲ့ ကွာတဲ့ အချက်က ထင်ရှားတဲ့ ထင်မြင်ချက် တွေကို ဖော်ထုတ် နိုင်တဲ့ အနေအထား ကတော့ ခင်ဗျားတို့နဲ့ သူတို့ကွာနေတယ်ဗျ။ ခင်ဗျားတို့ကလွတ်နေတဲ့ သူတွေ ဆိုတော့ အတွင်းကလူတွေလို ချက်ချင်း လာပိတ်လို့မရဘူး။ နောက်တခု အပြင်မှာ ရှိတဲ့သူတွေက ကမ္ဘာ့အမြင်ကျတော့ ဆို့စ်ရယူမှုကျတော့ ပြည်တွင်းထက် အများကြီးသာတယ်။ ဒီ ၂ ချက်သာနေတဲ့အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းတဲ့ နေရာမှာ အများကြီး အထောက်ကူပြု မယ်လို့ ယုံတယ်။ အထဲမှာက ရုန်းပါ ဆိုပေမယ့် ရုန်းကန်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်သေးတယ်။ ဒီတော့ ခင်ဗျားတို့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ကျနော်မြင်တယ်။

မေး။ ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာကော မီဒီယာရဲ့ အခန်းကဏ္ဍကို ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍကတော့ အရေးကြီးတာပေါ့ဗျာ။ ခုမှမဟုတ်ပါဘူး။ မီဒီယာဆိုတာ တိုင်းရေး ပြည်ရေးရာ ကိစ္စတွေမှာ အသံတဝက်ဝင်ပြောတာ၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ နေရာမှာ တဝက်ဝင်အုပ်ချုပ်တာ။ တိုင်းပြည်လုပ်ငန်းတွေကို ရှယ်ယာတဝက်ယူထားတဲ့ သဘောပဲဗျ။ မီဒီယာကို ဘယ်တော့မှ ငြင်းပယ်လို့၊ မျက်ကွယ်ပြုလို့ မရဘူး။ ဒါကိုတော့ ကြိုက် သော်ရှိ၊ မကြိုက်သော်ရှိ လက်ခံရမှာပဲဗျ။ သူတို့ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကတပိုင်းပဲ။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီအရေးကတော့ ပိုမြင့်မားတာပေါ့ဗျာ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတာ ပေါ့ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး ပိတ်ထားတဲ့ နိုင်ငံမျိုးမှာ ပိုပြီးအရေးကြီးတာပေါ့။ ခုအန်အယ်လ်ဒီ ရပ်တည်နေနိုင် တာ ပြည်ပမှာရှိတဲ့ မီဒီယာအား တွေကြောင့်ပေါ့ဗျာ။ ခု ကျနော့်ကိစ္စဆို အများကြီး အသံထွက်သွားတယ်ဗျာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကဆို ဘယ်လောက် ကြီးကျယ်တဲ့သူ ထွက်လာလာ များများစားစား မပါနိုင်ဘူးဗျ။ ခုကျတော့ အများကြီး ကျယ်ပြန့်သွား တယ်ဗျ။ ကျနော် ဘယ်လောက်ပင်ပန်းပင်ပန်း ပြောနိုင်သလောက်ပြောမယ် ရှင်းနိုင်သလောက် ရှင်းမယ်။ ဒါတွေ ပြောနိုင်ဖို့ ဖော်ပြဖို့က မီဒီယာက အဓိကကျတယ်ဗျ။

http://www.bur.irrawaddy.org/index.php/interview/4-interview/280-2008-10-21-08-46-24

မီဒီယာ နဲ့ တစ်စေ့တစောင်း

by Seinn Nu Nu on Thursday, 10 March 2011 at 20:20
မီဒီယာဆိုတာ ဘာလဲ? စာဖတ်ပရိသတ် အကြိုက်ရေးဖို့လား ? တိုက်ပိုင်တွေအကြိုက်ရေးဖို့လား? ဒါကိုနားလည်ဖို့ ဘယ်သူမှာ တာဝန်ရှိလဲ။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ စာပေစိစစ်ရေး က တစ်နေ့တစ်ခြား ဆိုးရွားလာသလို မီင်္ဒီယာ တွေတိုင်း ဟာ စီးပွားရေး ဆန်လာတယ်။ မီဒီယာတွေ စီးပွားရေး ဆန်လာရင် သတင်းထောက်တွေ ကို ဆူပြောတာ စာဖတ်ပရိသတ်ပါပဲ။ ဒါတွေကို ဘယ်သူက မှ သိမှာမဟုတ်ဘူး။ စာဖတ်ပရိသတ်က တော့ သတင်းထောက်တွေ ဘာလုပ်နေလဲ ဒါတောင်မသိဘူးလား ဘယ်စာစောင်မှ ၀ယ်ရကျိုး မနပ်လိုက်တာလို့ ပြောခံရတယ်ဗျာ။ ကိုယ်တိုင်ကလည်းအသုံးမကျတာလည်းပါမှာပေါ့။
        တကယ်တော့ ကျွန်တော်တို့ စာနယ်ဇင်းလောက ကိုပြန်ကြည့်ရင် ၁၉၆၀ခုနစ် လောက် က တော်တော်လေး ဖွံ့ ဖြိုး ကိုတွေ့ရတယ်။ စာနယ်ဇင်းလွတ်လပ်မှု တွေ  သတင်းထောက်ကြိုး စားမှုတွေ ဟာ အံ့မခန်းပါပဲ။ ဂျာနယ်တစ်စောင်ထုတ်ဖို့ ဆိုတာ ၀ါသနာ ပါရင် ထုတ်နိုင်သလို အခုခေတ်တော့ဝါသနာပါတိုင်း ဂျာနယ်ထုတ်လို့မရတော့ဘူး။ ကျွန်တော်ကြားဖူးသလောက် သတင်းထောက်တွေရဲ့ စွန့်စားခန်း သတင်းယူခန်း တွေ သတင်းဓါတ်ပုံရိုက်ခန်းတွေကို ပြန်လည် ဖတ်ရ ပြန်တဲ့ အခါမှာ ကိုယ်ကိုကိုယ် သတင်းထောက်လို့ မပြောချင်လောက်အောင်ပါပဲ။
         ငါဟာ ပြည်သူတွေအတွက် မလုပ်နိုင်သေးသလို ပြည်သူတွေအတွက် ဘာမှ မလုပ်ပေးသေးဘူး။ ကျွန်တော်ကို ကျွန်တော်ပြန်သုံးသပ်ကြည့်တဲ့ အခါမှ ငါဟာ တော်တော်အသုံးမကျတဲ့ သတင်းထောက် တစ်ယောက်ပါလား။ တကယ်လို့များ ယခင်ခေတ်က သတင်းထောက် ကဲ့သို့ သတင်းယူရရင် ငါလုပ်နိုင်ပါမလား ။ကိုယ်ကိုကိုယ် ပြန်သုံးသပ်ကြည့်တယ်။ ယခုခေတ် ကျွန်တော် အပါအ၀င် သတင်းထောက်အချို့ ဟာ အယ်ဒီတာ အကြိုက် တိုက်ပိုင်အကြိုက် ကိုယ်စာမူရဖို့ အတွက်ပဲ လုပ်နေကြတယ်။ စာမူမရရင်လည်းဘာနဲ့ ရပ်တည်ရမှာလဲ ဒါလည်းစဉ်းစားစရာပဲ။ အခုထိ ကျွန်တော်သတင်းထောက်တာလုပ်နေတာ အိမ်ကို လက်ဖြန့်မတောင်းရတဲ့ ဆိုတာ နှစ်လပဲ ရှိပါသေးတယ်။ ကိုယ်ကိုကိုယ်လည်း ကိုယ်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်သေးလို့ အလွန် ရှက်မိ နေပါပြီ။ ကျွန်တော်လည်း အိမ်က လူတွေကို မငဲ့တတ်တဲ့ အထဲ ပါတဲ့ လူတစ်ယောက်ပါ။
           သြော် ....ပြောရင်ဆိုရင်နဲ့ ဘယ်တွေတောင်ရောက်သွားပြီလေမသိတော့ပါဘူး။ သတင်းထောက်တစ်ယောက်ရဲ့ အနှစ်သာရကို ဘယ်တော့မှာ ခံစားရမှာလဲ ။ စာပေစိစစ်ရေးဘယ်တော့များလွတ်လပ်မှာလဲ ။ ဘယ်မှာလည်း ငါတို့ရဲ့ မီဒီယာ အနာဂတ် သတင်းထောက်တွေရဲ့ အနာဂတ် ဘယ်မှာလဲ။
http://www.facebook.com/#!/notes/seinn-nu-nu/%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC-%E1%80%94%E1%80%B2%E1%82%94-%E1%80%90%E1%80%85%E1%80%B9%E1%80%B1%E1%80%85%E1%80%B7%E1%80%90%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/10150155035322959
Saturday, 12 March 2011 03:00
''အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ'' အထက်ပါ စာသားလေးကို ရွတ်မိ ဖတ်မိရလေတိုင်း စိတ်ထဲ၌ ကြက်သီးထမျှ တက်ကြွမှုကို ပေးစွမ်းလေ့ရှိပေသည်။ ထိုစာသားသည်ကား တေးရေးဆရာဝိုင်အမ်ဘီဆရာတင်၏ 'တို့ဗမာ'သီချင်းမှစာသားပင်၊ တစ်နည်းအားဖြင့် သခင် ဘသောင်းတို့၏ ကြိုးပမ်းမှုမှထွက်ပေါ်လာသော ပြည်သူတို့၏ငုပ်လျှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ်ကို လှုပ်နှိုးစေခဲ့ သောစာသားပင်။ သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗဟိန်းအစရှိသော တက္ကသိုလ်ကျောင်းသားကြီးများလက်ထက် (၂ဝ)ရာစု ဆန်းတွင်မှ 'နယ်ချဲ့ကိုမဖြစ်မနေတော်လှန်ဆန့်ကျင်ရမည်'ဟူသော အသိစိတ်များနိုးကြားလာခဲ့ကြသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ အမျိုးသားရေးလှုပ်ရှားမှုကိုကြည့်လျှင် (၂ဝ)ရာစုဆန်း၊ ခေတ်ပညာတတ်များပေါ်ပေါက်လာချိန်မှ စတင်လာကြသည်ကိုတွေ့ရမည်။ ထိုအချိန်ထိုကာလတွင်မှ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတိုက်ဆိုင်စွာ ပေါ်ပေါက်လာရသည့်အကြောင်းရင်းကို အဖြေရှာကြည့်ပါ လျှင်ခေတ်ပညာတတ်များပေါ်ပေါက်လာသောကြောင့် ဖြစ်ကြောင်းတွေ့ရပေမည်။ အဘယ်ကြောင့် ခေတ်ပညာတတ်များက နယ်ချဲ့ဆန့်ကျင်ရေးကို ဦးဆောင်ရပါသနည်းဟုထပ်ဆင့်တွေးကြည့်သောအခါ ခေတ်ပညာတတ် များသည် အတွေးအခေါ် အသိပညာများတိုးပွားလာ၍ နားမျက်စေ့ပွင့်လာသောကြောင့်ဖြစ်ကြောင်း၊ အသိပညာတိုးပွား၍ နားမျက်စေ့ပွင့်လာကြသော အကြောင်းရင်းမှာကားထိုသခင် ကျောင်းသားများပညာ တတ်လာကြသောကြောင့် စာပေ ဖတ်ရှုလာကြသောကြောင့်ဟူသည့် ရှင်းလင်းသောအဖြေကိုထင်ရှားစွာသဘောပေါက်လာရပါသည်။ ''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတအကြားအမြင်များခြင်း၊ အတတ်ပညာတို့ရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ'မည်ကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သကဲ့သို့ပင် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးကျွန်ဘဝရောက် နေရာမှခေတ်နောက်ကျနေရာမှ သခင်မင်းသားစိတ်ကို သွတ်သွင်း၍အထက်တန်းကျသော ဘဝသို့အရောက်ပို့ပေးခြင်းမှာ ပညာ၊ ဗဟုသုတ၊ စာပေလေ့လာလိုက်စားခြင်းသည် အဓိကဟုကျွန်တော်ထင်မြင်ယူဆပါသည်။ ဗဟုသုတအကြားအမြင်ရှိသူတစ်ယောက်က ဘာမှမသိသော 'အန္ဓ' တစ်ယောက်ကို လှည့်စား၍ရပါသည်။ ပညာတတ်ခြင်း၊ဗဟုသုတအကြားအမြင်များခြင်းဖြင့် အခြားသူအပေါ် လွှမ်းမိုးလူလည်ကျရန်ဆိုလိုခြင်းမဟုတ်ပါ။ အခြားသူအခြားလူမျိုး၏ လှည့်စားလွှမ်းမိုးခြင်း မခံရရန် 'အန္ဓ' ဘဝမရောက်ရန်သာဆိုလိုပါသည်။ သည်တော့ လူငယ်တွေပညာရှာရပါမည်။ ဗဟုသုတအကြားအမြင် များရန်စာဖတ်ရပါမည်။ ကျွန်တော့်အတွေ့ အကြုံအရပြောရလျှင် ယနေ့လူငယ်တော်တော်များများစာဖတ်အင်မတန်နည်းပါးပါသည်။ ခြုံငုံပြောရလျှင် စာမဖတ်ကြ တော့ပါဟုပင်ပြောလိုက်ချင်ပါသည်။ စာပေကိုမလိုက်စားဘဲကျောင်းစာကို အဓိကထား၍ကြိုးပမ်းနေသည်ဟုဆိုလျှင် လည်းမထောင်းတာလှသေးပါ။ ကျောင်းစာထဲမှ အသိအမြင်Óဏ်ပညာများတိုးပွားလာနိုင်ပါသေးသည်။ကျောင်းစာအပြင် ပြင်ပ စာပေဖတ်ရှုလေ့လာ လိုက်စားသူများအဖို့မူ အလှတွင်အယဉ်ဆင့်၍တင့်ချင်တိုင်းတင့်နေပေတော့သည်။ ယခုကာလရုပ်ဝတ္ထုများကားတိုးပွားများပြားလှစွာ၏။ အတွေ့အကြုံနုနယ်သေးသော၊ အတွေးအခေါ်မရင့်ကျက်သေး သော လူငယ်လေးများအတွက် အန္တရာယ်ပေးနိုင်သည့်ပတ်ဝန်းကျင်ရုပ်ဝတ္ထု၊ အခြေအနေတွေကများလှသည်။ 'မိမိ ပညာ၊ သတိသာလျှင်မဟာသြသဓ၊ ဆေးမည်စွရှင့်' ဟူသကဲ့သို့ပင် မိမိ၏အသိပညာသာအားကိုးရာ ပဲ့ကိုင်ရာဖြစ်ပေ သည်။ ထိုအရေးကြီးလှစွာသော အသိပညာ၊ အတွေးအခေါ်တိုးပွားစေရန်မှာစာဖတ်မှသာရပေမည်။ ကျွန်တော်တို့ငယ်စဉ်ကဆိုလျှင် ဆရာကြီး ဦးတင်ဆောင်၊ ဆရာကြီး ဦးထွန်းမြင့်၊ ဆရာမကြီးဒေါ်မြင့်မူမူ စသော မြန်မာစာအသင်ကောင်း သည့်ကျေးဇူးရှင်ဆရာ ဆရာမကြီးများ၏ အားပေးမှု၊ လမ်းညွှန်မှုဖြင့် စာဖတ်ချင် စိတ်တွေတိုးပွားလာရသည်။ စာတွေဖတ်ရသည်။ ဖတ်ပြီးရင်း ဖတ်ချင်သိပြီးရင်းသိချင်လာကြသည်။ စာဆိုသည်မှာလည်း ဖတ်ပါများမှသာ စာပေ၏ကျေးဇူး၊ စာပေ၏ အရသာကိုသိပြီး မဖတ်ရမနေနိုင်ဖြစ်လာကာ စာပေသမားတစ်ယောက်၊ အသိပညာတိုးပွားသူတစ်ယောက်ဖြစ်လာပေမည်။ ယနေ့ကျောင်းသား ကျောင်းသူလူငယ် အတော်များများသည် မြန်မာစာကို ဝါသနာပါရန်ဝေးစွ၊ အထင်သေးကြသည်လျစ်လျူရှုကြသည်။ 'ဒီဘာသာလောက်တော့အောင်ပါတယ်' ဟူ၍ ခံယူထားကြသည်။ အောင်ရုံလောက်ကိုသာ အာရုံထားနေကြသည်။ ကိုယ့်လူမျိုး၏ဘာသာစကား၊ ကိုယ့်လူမျိုးစာပေ၏နက်ရှိုင်းမှု ကိုယ့်စာပေကပေးသော အသိပညာ၊ အတွေး အခေါ်တွေကို သူတို့မသိ၊ အလေးမထား၊ မခံစားတတ်၊ ဤသည်မှာလည်း ဆန်းတော့မဆန်းပါပေ။ တစ်ခါမျှမမြင်ဖူး၊ မစားဖူးသော မုန့်တစ်မျိုး၏ အကြောင်းကိုမည်သို့ပင်ပြောပြသော်လည်း နားထောင်နေသူကလေးအဖို့သွား ရည်ယိုမိမည် မဟုတ်သကဲ့ သို့ပင်။ မစားဖူး၍ထိုမုန့်၏ ထူးကဲသောအရသာကို မသိနိုင်သကဲ့သို့ စာမဖတ်ဖူးသောလူငယ်များအနေနှင့်လည်း စာပေ၏ကျေးဇူးတရား၊ စာပေ၏အနှစ်သာရကိုသိနိုင်မည်မဟုတ်ပါ။ မြတ်နိုးနှစ်သက်မည်မဟုတ်ပါ။ တစ်ခါက မှတ်သားခဲ့ဖူးသော ဆရာကြီးပီမိုးနင်း၏ အဆိုအမိန့်လေးတစ်ခုကိုသတိရမိသည်။ ဆရာကြီးက- '' လူကို 'စိတ်' အုပ်ချုပ်သည်၊ စိတ်ကို 'ပညာ' အုပ်ချုပ်သည်၊ ပညာကို 'ဗဟုသုတ' အုပ်ချုပ်သည်၊ သို့အတွက် 'ဗဟုသုတ' များအောင်၊ စာအုပ်မျိုးစုံကိုဖတ်ရှုကြကုန်လော့'' ဟူ၍ စာဖတ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ မြန်မာစာသင်ရင်းနှင့်ကြုံဆုံပတ်သက်လာသောအခါ မြန်မာစာပေကျေးဇူးရှင်ကြီးများဖြစ် ကြသောဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်စသည့် ပုဂ္ဂိုလ်ကြီးများအကြောင်းပြောပြသောအခါ ကျောင်းသား ကကျောင်း သူလူငယ်အတော်များများသည် ထိုပုဂ္ဂိုလ်ကြီးများအကြောင်းကို သူစိမ်းဆန်ဆန် နားထောင်နေကြလေသည်။ 'ဆရာသိပ္ပံမောင်ဝ'ဟုဆိုလိုက်သည်နှင့် ''မြန်မာပြည်ရဲ့ သိပ္ပံပညာ ရှင်ကြီးလား'' ဟုမေးသူကမရှား၊ 'လုဒ္ဒက ဆိုတာသောနုတ္တရမုဆိုးရဲ့ ငယ်နာမည်လားဆရာ''ဟုမေးသူလည်းရှိရဲ့ သည့်ထက်သည့်ထက်ဆိုးသည်က ''ဆရာသခင်မြ တို့က နယ်ချဲ့ကိုတော်လှန်ဖို့ မြေအောက်တော်လှန်ရေးလုပ်ရတယ်ဆိုတော့ တွင်းတွေလိုဏ်ခေါင်းတွေတူးရမှာ ပေါ့နော်''ဟု ဆိုလာသူတပည့်နှင့်တွေ့ရလေသောအခါ ကျွန်တော်ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိပါတော့သည်။ သည်တော့ ယနေ့ကျောင်းသားကျောင်းသူ လူငယ်များကိုမေးလိုက်ချင်ပါသည်။ ''ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးတိုးတက်ဖို့အတွက် တို့ခေတ်ရောက် မှညံ့ရတော့မှာလား'' ဟူ၍မညံ့စေလိုလျှင် ဘာလုပ်ရမည်နည်း။ ''ပညာကိုကြိုးစားပါ၊ အဓိက 'စာဖတ်ပါ၊ စာဖတ်ပါ စာကိုလေးလေး စားစားဖတ်ကြပါ'' ဟူ၍ ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ချင်ပါသည်။ မြင့်ငွေ(မော်ကျွန်း)

http://snapshot-news.com/index.php?option=com_content&view=article&id=7806%3A2011-03-12-15-01-12&catid=531%3Avol3-no27&Itemid=120

( hydegroup မှပို့ လာသောemailကိုထပ်ဆင့်မျှဝေဖေါ်ပြပါသည်။)





No comments:

Post a Comment