Friday 1 April 2011

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ ဂျာမနီ ဝန်ကြီးချုပ် တောင်းဆို

မြန်မာအစိုးရသစ်ကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ်က မတ်လ ၃၁ ရက် ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

(Photo: AFP)
မြန်မာပြည်မှ နိုင်ငံရေးအကျဉ်းသားများ၏ ဓာတ်ပုံနှင့် မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ ရုံးတွင် ပြသထားပုံ ဖြစ်ပါသည်။ (Photo: AFP)
ဂျာမနီ ဝန်ကြီးချုပ်ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၃၀ ရက် ဗုဒ္ဒဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့ကြောင်း ဂျာမနီအစိုးရက သတင်း ထုတ်ပြန်ပါတယ်။
စစ်အစိုးရထံက ဗုဒ္ဓဟူးနေ့မှာ အာဏာ လွှဲပြောင်း ယူလိုက်တဲ့ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးပြီး တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ စတင် အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ NLD အပါအဝင် နိုင်ငံရေးပါတီတွေကို အပြည့်အဝ အသိအမှတ်ပြုဖို့ လိုအပ်ကြောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ ဂျာမန် ဝန်ကြီးချုပ် မာကယ်လ် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် ထောက်ခံ အားပေးကြောင်း ပြောကြားခဲ့တယ်လို့ ဂျာမန် ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

No comments:

Post a Comment