Wednesday, 20 April 2011

အညတြ သူရဲကောင်းများ




 အညတရ သူရဲကောင်းများ
မောင်မောင်ဝမ်း
ဧပြီ ၂၀၊ ၂၀၁၁
            “မင်းတို့ရှိလို့ ဘာအကျိုးမြတ်မှ မဖြစ်ထွန်းဘူး၊ မင်းတို့ကိုရှင်းပစ်ဖို့လည်း ငါတို့မှာ ဘာတခုမှ ဆုံးရှုံးမသွားဘူး”
(ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ - ကမ္ဘောဒီးယားနိုင်ငံ)
ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့အကြောင်းကို ဖတ်ဖူးတယ် (ခိုးဖတ်ရတာပါ)၊ ပိုပေါ့ဆိုတာ တခါက ကမ္ဘောဒီးယားနိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ အကြီးအကဲ အာဏာရှင် တယောက်ပေါ့။ ပိုပေါ့ အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာ သေကျေပျက်စီးခဲ့ရတယ်။ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့ စကားပါ။ သူနဲ့ သူ့ပါတီ၊ သူ့အစိုးရကို ဆန့်ကျင်သူတွေ အပေါ်မှာထားခဲ့တဲ့ သဘောထားတခုလည်း ဖြစ်ပါတယ်။

 
ခမာနီတွေ အာဏာရစဉ်ကာလတလျှောက်လုံး လူပေါင်းများစွာကို နှိပ်စက်ခဲ့တယ်။ ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသတွေပို့ပြီး လယ်ယာမြေတွေ ထွန်ယက်စိုက်ပျိုးစေခဲ့တယ်။ အထူးသဖြင့် ပညာတတ်နဲ့ လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကမ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ် ဖြစ်စေခဲ့တယ်။ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ဟာ တောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မယ့်သူမရှိဘဲ သေဆုံးသွားခဲ့တာပါ။ နိဂုံးမလှစွာနဲ့ဘဲ အဆုံးသတ် သွားရတယ်ဆို မမှားပါဘူး။
တချိန်က လျှမ်းလျှမ်းတောက် အာဏာရှင်ကြီးဟာ ဘဝရဲ့နောက်ဆုံးစာမျက်နှာများမှာ အခြွေအရံ မရှိ၊ အာဏာ မရှိ၊ လေးစားမယ့်သူ မရှိနဲ့ … ဒါပေမယ့် ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရဘဲ သူ့ရောဂါနဲ့သူ သေသွားတာကတော့ ကံကောင်းတယ်လို့ပြောမယ်ဆိုရင် ပြောလို့ ရနိုင်ပါတယ်။ အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရဆဲ ဖြစ်ပါတယ်။ လူတယောက်ရဲ့ အသက်ရှင်သန်မှုကို တိရိစ္ဆာန်တကောင်လောက်တောင် တန်ဖိုးမထားဘဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ။
မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကမ္ဘောဒီးယားနိုင်ငံက ခမာနီများထက် မသာရင်တောင်မှ မလျှော့ပါဘူး။ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမှုတွေကို ခမာနီတွေလောက် သိသာအောင် မလုပ်တာကလွဲရင် ကျန်တာတွေ အတူတူပါပဲ။ မြန်မာပြည် အကျဉ်းထောင်တွေထဲမှာ၊ စစ်မြေပြင်မှာ၊ လမ်းမတွေပေါ်မှာ၊ စစ်ကြောရေးစခန်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့၊ ဆုံးရှုံးနစ်နာဆဲဖြစ်နေတဲ့ အညတြရ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကြီးမှူးပြီး ‘အညတရ သူရဲကောင်းများဆု’ ကို ဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာ ဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ပုဂ္ဂိုလ်များဟာ မြန်မာပြည် စစ်အာဏာရှင် တော်လှန်မှုသမိုင်းမှာ သိပ်မထင်ရှားဘဲ ပေးဆပ်နေရသူ စစ်စစ်တွေပါ။ သူတို့ကို ကမ္ဘာကလည်း မသိ၊ ပြည်သူအများစုကလည်း သိပ်မသိဘဲ သူတို့ရဲ့ဘဝတွေကို နှစ်ပေါင်းများစွာ အကျဉ်းစခန်းထဲမှာ ပေးဆပ်နေဆဲပါ။
အဲဒီထဲက နှစ်ယောက်ကို ကျနော် ကောင်းကောင်းသိပါတယ်။ သူတို့ကတော့ ဦးခင်ဝင်း    (ဘိုးတော်ခင်ဝင်း) နဲ့ ကိုသန်းနိုင် တို့ နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော့်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် (ကြိုးတိုက်)ကို ပို့ထားစဉ်ကာလကပါ။ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ်ဘဝမှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး။ နာမည်ကျော် စစ်ဝေကာရေးစခန်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး  (၇) ရဲ့ အထုအထောင်း နှိပ်စက်မှုများအပြီး ထောင်ထဲစရောက်ကစအချိန် နောက်တနေ့မှာ လူတယောက်က ကျနော့်အခန်းရှိရာကို အပြေးလာပြီး အထုတ်လေးတထုတ် လာပစ်ပေးရင်းနဲ့ …
“ကျနော် ခင်ဝင်း ပါ … ကိုမောင်မောင်ဝမ်း၊ ခင်ဗျားနဲ့ လူချင်းမဆုံဘူးပေမယ့် … နာမည် ကြားဖူးနေတာ ကြာပါပြီ … ဘာမှ စိတ်အားမငယ်နဲ့ … လိုတာရှိ လှမ်းပြောလိုက် ကျနော် တတ်နိုင်သလောက် ကူညီမယ် … အိုကေနော်” ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြီး ထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော် သူ့ကို မသိပါဘူး၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာ ကျနော့်စိတ်ထဲမှာ အမှတ်တရ ဖြစ်နေပါတယ် … နောက်မှ သူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကို သိရပါတယ်။
သူပေးခဲ့တဲ့အထုတ်လေးထဲမှာ ထန်းလျှက် ၄ လုံးလောက် ရှိမယ်ထင်တယ်။ နောက် … ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တန်ဖိုးမများဘူးထင်ရပေမယ့် အဖိုးဖြတ်လို့တော့ မရနိုင်ပါဘူး။ ကိုခင်ဝင်း ဒီလို လာပေးတာဟာ သိပ်ကို အန္တရာယ်တွေနဲ့ရင်းပြီး လာပေးရတာပါ။
ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ် ရှင်းလင်းခဲ့တဲ့ စာအုပ်နီလို့ လူသိများတဲ့ (ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ယူဂျီ) မှုနဲ့ အဖမ်းခံနေရစဉ်အချိန်ပါ။ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း၊ ဆက်ဆံခြင်းမပြုဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားတဲ့အချိန်၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာ နှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစား လာပေးတာပါ။ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလဲဆိုတဲ့ အချက်ကို ပြသလိုက်တာပါ။
အများစုက သူ့ကို “ဘိုးတော်” လို့ပဲ ခေါ်ကြပါတယ်။ ကျနော် သိသလောက်ဆိုရင် စစ်အာဏာရှင် အဆက်ဆက်မှာ ထောင်အကြိမ်ကြိမ်ကျ ပေးဆပ်နေရသူတဦးပါ။ သူ့ဘဝရဲ့ အချိန်တွေ တော်တော်များများဟာ အကျဉ်းထောင်အတွင်းမှာပဲ များပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲ ဆုံဖြစ်ခဲ့ကြပေမယ့် သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြု လေးစားနေဆဲပါ။

နောက်တဦးကတော့ လက်ရှိ မအူပင်ထောင်မှာ အကျဉ်းကျခံနေရဆဲ တချိန်က မြေလတ် ကျောင်းသား ခေါင်းဆောင်ဟောင်းတဦးဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ ကျနော်နဲ့က ၈၈ အရေးတော်ပုံ အပြီးမှာ မြေလတ်ကျောင်းသားလူငယ်များ ညီညွတ်ရေးတပ်ပေါင်းစု (မကညတ)ကို ကိုယ်စားပြုပြီး နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ဖူးပါတယ်။
အထက်ဗမာပြည် ကျောင်းသားညီလာခံ၊ မြေလတ် ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာ နိုင်ငံရေးလှုပ်ရှားမှုများကို ဆိုးတူကောင်းဘက် အငတ်ခံ လှုပ်ရှားခဲ့ဖူးပါတယ်။ သူက တောင်တွင်းကြီးသားပါ။ မကွေးကောလိပ်မှာ ကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာ အတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေ ရှိခဲ့ဖူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက်ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။
အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါအဝင် ၆ ယောက် ၇ ယောက်လောက် ရှိမယ်ထင်တယ်။ သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထည့်လိုက်ပါတယ်။ သူတို့ရောက်မလာခင် တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကို တိုက်ရဲ့အဝင်ပေါက်ကို ကျောပေးပြီး ထိုင်ခိုင်းတယ်။ အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး။ ဒါပေမယ့် အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ်။
နောက် အားလုံးကို ပုံစံတွေပေးသံ၊ ဆဲဆိုသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေ ထွက်လာပါတော့တယ် …။ အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ်။ အော်ဟစ်သံ၊ ငြီးတွားသံ၊ ပြန်လည်ပြောဆိုသံ ဝန်ထမ်းတွေရဲ့ဆဲဆိုသံ ဆောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့ စကားလုံးမပါဘဲ နာကျဉ်းဟစ်အော်လိုက်တဲ့ “ဟား …” ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ထောင်ကို ဖောက်ခွဲထွက်သွားတယ် … ဝန်ထမ်းတွေက သူ့ပါးစပ်ကို ပိတ်လိုက်ပုံရတယ် … နောက်တော့ ဝူးဝါး ဝူးဝါး ဆို ပါးစပ်ကိုပိတ်သံ၊ ရုန်းနေသံတွေ … အားလုံးဟာ … ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။
ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေ ခြေထောက်မှာခတ်ပါတယ်။ တခါ ဒေါက်လို့ခေါ်တဲ့ တတောင်သာသာလောက်ရှိမယ့် သံချောင်းနဲ့ ကန့်လန့်တတ်ထားတယ်။ တော်တော် နေရထိုင်ရခက်တဲ့ အနေအထားပါ။ အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထည့်ထားလိုက်တယ်။ မိလ္လာချခွင့်၊ ရေချိုးခွင့်မပေးဘူး။
တပါတ်ကျော်ကျော်လောက် ကြာမယ်ထင်တယ်။ အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့်၊ ရေချိုးခွင့်တွေ ပေးပါတယ်၊ ဒါပေမယ့်လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ။
ဒီလိုနဲ့ ထောင်ထဲမှာအတူနေကြရင်း လွတ်မြောက်သွားပြီး ကွဲသွားလိုက်တာ … ကျနော် နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှ ပြန်ဆုံဖြစ်တော့တယ် …။ သူ ကျနော့်ဇာတိမြို့ကို ရောက်လာတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကို မပြတ်တမ်းလုပ်နေဆဲပဲ။ စိတ်ဓာတ်ကတော့ မာကျောလျှက်ပဲ။ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေ ဖြူကုန်ပြီ၊ စီးပွားရေး အဆင်မပြေတဲ့ အိမ်ထောင်ကို ဦးစီးနေရတယ်။
ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာ လွတ်လာတာ သိပ်တော့ ကျောမလုံလှဘူး။ သူ့ကိုလည်း သတိပေးတယ်။ ကျနော်ကတော့ ဆုံးဖြတ်ပြီးပြီ။ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး။ လစ်မယ်။ ဒါကို အတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက် ထွက်မလာခင်မှာ သူက မဖြူဖြူသင်းတို့နဲ့ ပေါင်းပြီး အေအိုင်ဒီအက်စ်ကိစ္စတွေ အစွမ်းကုန် လိုက်ဆောင်ရွက်နေတာကို သိရတယ်။ နောက်တော့ ကိုမင်းကိုနိုင်တို့ လှုပ်ရှားမှုဓာတ်ပုံတွေထဲမှာ သူ့ကို မကြာမကြာ တွေ့နေရတယ်။ ရွှေဝါရောင်လှုပ်ရှားမှု အလွန်မှာတော့ သူ နောက်ထပ် ထောင်ကျသွားတယ် ဆိုတာကို ကြားလိုက်ရတယ်။
၈၈ အရေးတော်ပုံကစလို့ သူ့ဘဝတခုလုံးဟာ နိုင်ငံရေးထဲမှာပဲရှိတယ်။ အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ၊ စစ်ကြောရေးစခန်းတွေထဲမှာ ပြင်းထန်တဲ့နှိပ်စက်မှုဒဏ်တွေကို အခုထိ ခံနေရဆဲပါပဲ။
သူတို့တတွေကို ပေးအပ်ခဲ့တဲ့ ‘အညတရ သူရဲကောင်းဆု’ ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ဝမ်းမြောက်တယ်၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ။ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော်၊ သာယာဝတီ သုံးဆယ်က သပိတ်ခေါင်းဆောင် ကိုဂျော်လီထွန်း ဆိုလည်း ပေးဆပ်နေရတဲ့ အချိန်ကာလတွေဟာ ကြောက်စရာ ကောင်းလောက်အောင် လွန်နေပါပြီ၊ ထောင်ထဲမှာ တရက် တရက် ဖြတ်ဖို့တောင် မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေနေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှ ပါတယ်။
သူတို့တတွေဟာ လူသိနည်းတဲ့ အညတရ သူရဲကောင်းစစ်စစ်တွေပါ။ သူတို့ဘဝတွေ သူတို့ယုံကြည်ချက်တွေကို လူထုလွတ်မြောက်ရေးအတွက် အစတေးခံနေသူတွေပါ။ မြန်မာနှစ်ကူး အချိန်အခါသမယမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။
အဲသလိုမဟုတ်ဘဲ …“ မင်းတို့ရှိလို့ ဘာအကျိုးအမြတ်မှ မဖြစ်ထွန်းဘူး ... မင်းတို့ကို ရှင်းပစ်ဖို့လည်း ငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူး” ဆိုတဲ့ ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့ လမ်းစဉ်ကို ဆက်လက် ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘဝနိဂုံး ဇာတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း … … …။





အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း
 

No comments:

Post a Comment