Monday, 18 April 2011

ဘယ်သူတွေက ဘယ်လိုပြတ်သားကြမှာလဲ

ပေးစာ



ဆရာဦးဝင်တင် နဲ့ ခေါင်းဆောင်တချို့အကြောင်း အပုတ်ချရေးထားတဲ့ ဒေါက်တာခင်ဇော်ဝင်းရဲ့ စာတစောင်ကို ဖတ်လိုက်ရတယ်။ အနောက်တိုင်းသံတမန်တွေဆီ ရေးပို့ခဲ့တာလို့ ဆိုကြတယ်။တကယ်တော့ ဒီစာဟာ ဒေါက်တာခင်ဇော်ဝင်းလက်မှတ်ထိုးမထားပေမယ့်- တတိယအုပ်စု လို့ ကိုယ့်ဘာသာအမည်ပေးထားသူတွေကြားမှာ တိုးတိုးတိတ်တိတ် ခိုးလုပ်နေကြတဲ့လုပ်ရပ်တွေမို့ ဖြစ်နိုင်ချေရှိတယ်လို့ ယူဆတယ်။

အရင်ကလည်း ကျော်ဝင်း ရဲ့ စာတချို့ကို ပြင်ပမှာရှိတဲ့ ဟားဗတ်ကျောင်းဆင်းတွေက ဘာသာပြန်ပေးခဲ့ပြီး EU နဲ့ အမေရိကန်နိုင်ငံတွေဆီ ကို ပို့ပေး၊ ရှင်းပြပေးခဲ့တာမို့လား။ ခရီးကလည်းတော်တော်ရောက်နေပြီ။ ဒါကြောင့် သမိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောသင့်တယ် ထင်တဲ့အကြောင်းတွေကို ဖွင့်ပြောပါမယ်။

လုပ်ကြံမှု (၁)

စာထဲမှာ ဆရာဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့် တို့ဟာ လေးဦးဂိုဏ်းတွေ ဖြစ်တယ် လို့ဆိုတယ်။ ဒီလို အင်္ဂလိပ်စာလုံးအသုံးအနှုန်းကိုရေးတာအကြောင်းရှိတယ်။ Gang Of Four ဆိုတာ တရုတ်ပြည်ရဲ့ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းလက်ထက်မှာ ယဉ်ကျေးမှုတော်လှန်ရေးလုပ်စဉ်တုန်းက ဝရုန်းသုန်းကားတွေကို ဦးဆောင်ခဲ့သူ မော် ရဲ့ မိန်းမအပါအဝင် လေးဦးဂိုဏ်း ကိုခေါ်တယ်။ တပ်နီလူငယ်တွေ ကို မြှောက်ပေးခဲ့တယ်။ ပြောချင်တာက ဦးဝင်းတင် တို့ဟာ အစွန်းရောက်ကွန်မြူနစ်တွေ ဖြစ်တယ်။ ဦးဝင်းတင်ဟာပြည်ပမှ ရတဲ့ ငွေအများအပြားကို ပါတီဆီ မအပ်ဘဲ အလွဲသုံးစားလုပ်ခဲ့တယ်။ “ဝင်းတင် နဲ့ အုပ်စုဟာ အန္တရာယ်အလွန်များတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့တယ်” တဲ့။

မူရင်း အင်္ဂလိပ်စာကို ဖတ်ကြည့်ပါ ။

The hardliners and their stand:
They are led by what has become known as the “Gang of Four” – Win Tin, Nyan Win, Ohn Kyaing and Hantha Myint. They appear to have gained the upper hand.Win Tin is proclaiming,
“Work with U Tin Oo and ASSK as the central core” and “groups in the provinces should be more active”. But he’s staying put himself. He’s receiving huge amounts of funds from abroad but he doesn’t turn it over to the party. This has been mentioned in one of the indictments of activists charged with funneling money.
WT and has group are about to take a very dangerous path.
စာအားလုံးကို လိုချင်ရင် ပို့ပေးပါမယ်။ ခင်ဇော်ဝင်း ဆိုတာ အဲ့သလို ကောင်ပါ။

ဒီလိုစာသားမျိုးတွေသုံးပြီး ဘာကြောင့် အနောက်တိုင်းသံတမန်တွေဆီကို ဖြန့်ခဲ့သလဲ။ ရှင်းပါတယ်။ “ အန်အယ်ဒီ ခေါင်းဆောင်တွေဟာ အစွန်းရောက် ကွန်မြူနစ်တွေဖြစ်တယ်။” ဆိုတဲ့အသံကိုလွှင့်လိုက်ပြီး အနောက်အုပ်စု နဲ့ အန်အယ်ဒီ ကို ရန်တိုက်ပေးလိုက်တယ်။ သံတမန်ရေးရာနယ်ပယ် ကို ခလောက်ဆန်ကြည့်လိုက်တာဖြစ်တယ်။

“ရွေးကောက်ပွဲမဝင်ဖြစ်အောင် ဦးဝင်းတင် ကို လွှတ်ပေးလိုက်တာ ဖြစ်တယ်”ဆိုတဲ့ သူတချို့ရဲ့ရည်ရွယ်ချက်ကလည်း ဒေါက်တာခင်ဇော်ဝင်း နဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူက ခင်ဇော်ဝင်းလောက်တောင် လူရိုသေမခံရ၊ နိုင်ရေးစင်မရှိရှာပေမဲ့ ထိုင်းနိုင်ငံမှာ သတင်းပေးလောက်နဲ့ပဲ ရပ်တည်ရတယ်။

လုပ်ကြံမှု (၂)

တကယ်တော့ ဒီလိုလုပ်ကြံမှုက အခုမှဖြစ်ခဲ့တာမဟုတ်ဘူး။ ဦးအောင်ကြီးလက်ထက်ကတည်းက စခဲ့တယ်။ ဦးအောင်ကြီးက အန်အယ်ဒီမှာ ကွန်မြူနစ်တွေ ဝိုင်းရံထားတယ် စွပ်စွဲပြီး မဲခွဲတဲ့အတွက်သူရှုံးခဲ့တယ်။ သို့သော် ဦးအောင်ကြီးဟာ တလျှောက်လုံး ကွန်မြူနစ်ဆန့်ကျင်ရေး ကို ပြင်းပြင်းထန်ထန် လုပ်ခဲ့သူဆိုတော့ အမေရိကန်ပြည်ထောင်စုနဲ့အနောက်အုပ်စုက သူ့ရဲ့အသံကိုတလေးတစားနားထောင်တယ်။ပြီးတော့ ၁၉၈၉-၉၀ ဆိုတာ စစ်အေးတိုက်ပွဲအရှိန် ရှိနေသေးတယ်မို့လား။ အန်အယ်ဒီမှာ လက်ဝဲအုပ်စုတွေအားသာနေရင် အနောက်အုပ်စုက မလိုချင်တာတော့ သေချာတယ်။ဒါကြောင့် ဦးအောင်ကြီးက သံတမန်နယ်ထဲမှာ သပ်တချောင်းထည့်သွားနိုင်ခဲ့တယ်။
အန်အယ်ဒီ ဒီကနေ့အထိ ခံနေရဆဲပဲ။ နိုင်ငံတကာခေါင်းဆောင်တွေက ဒေါ်စုကိုလေးစားမြတ်နိုးကြပေမဲ့ ဒီအချက်ကို တထင့်ထင့်ကြည့်နေကြတယ်။

လုပ်ကြံမှု (၃)

ဒီ လုပ်ကြံမှုရဲ့အကျိုးဆက်က မသေးပါဘူး။ ဂန္ဓီညီလာခံကျင်းပတော့မဲ့ အချိန်တဝိုက်မှာ ဦးခင်မောင်ဆွေ အပါအဝင် NLD CEC တချို့ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးကို သွားပြီး ဆွေးနွေးတယ်။ အစိုးရဖွဲ့ရင် ထောက်ခံမလားဆိုတော့ သံရုံးနှစ်ခုလုံးက “နိုး“ တဲ့။

သူတို့ကလည်း အန်အယ်ဒီ အစိုးရဖြစ်မှာ ကို မလိုလားဘူး။ ဘာလို့လဲ ဆိုတာ ရှင်းပါတယ်။

တရုပ်နဲ့ ရုရှားက ထောက်မခံတာတော့ သေချာတယ်။ သံတမန်ရေးရာမှာ ထင်သလောက်အောင်မြင်မှုမရခဲ့တဲ့ ဒါကြောင့် ညီလာခံဟာလည်း ပေါက်ကရ နဲ့ အဆုံးသတ်ခဲ့တယ်။ဒီ အကြောင်းကို မောင်စူးစမ်း၊ ကျော်ဝင်း အသိဆုံးပါ။ ဦးခင်မောင်ဆွေက သူတို့ကိုရင်ဖွင့်ခဲ့တယ် လို့ ဆိုတယ်။ သူတို့ပဲ ဒီအချက်ကို တိုးတိုးတိတ်တိတ်ခင်းပြတယ်။

သူတို့ရဲ့အယူအဆက နိုင်ငံတကာကထောက်ခံမှာ မဟုတ်တဲ့အတူတူ အညံ့ခံလိုက်တော့ ဆိုတဲ့အယူအဆ။
ဒါကြောင့်လည်း “ပြည်ပမှာ စစ်ပြိုင်အစိုးရဖွဲ့ရင်တောခိုရာ လိုက်မယ် လို့ သဘောတူခဲ့တဲ့ ဦးခင်မောင်ဆွေက တကယ်လက်တွေ့မှာ မလိုက်ဖြစ်ခဲ့ဘူး။ ဘာဖြစ်ခဲ့သလဲ။ ထောင်ကျခဲ့တာပဲမို့လား။

ဒီလိုအဖြစ်အပျက်မျိုးနောက်တပ်တကြိမ်ကြုံတွေ့ခဲ့၇တယ်။
မကြာသေးမီတုန်းက ဦးခင်မောင်စိုး (အာအက်ဖ်အေ) နဲ့ ဒေါက်တာသန်းငြိမ်း ဆွေးနွေးတဲ့အခါ၊ ဒေါက်တာသန်းငြိမ်းက အနောက်အုပ်စုရဲ့သံတမန်ကိုမေးတယ်။

“ တရားမဝင်အစိုးရကို အနောက်အုပ်စုအနေနဲ့ လက်မခံနိုင်ဘူး လို့ ငြင်းနေမဲ့ အချိန်ဘယ်လောက်လောက်ထိ တောင့်ခံထားနိုင်မလဲ လို့ မေးတော့ သံတမန်တွေက ဖြေတယ်။ အလွန်ဆုံး (၆) လပေါ့တဲ့။ ဒီအချက်ကို ကြည့်ပြီး ဒေါက်တာသန်းငြိမ်းရဲ့ NDF က ရွေးကောက်ပွဲကို မဖြစ်မနေဝင်တာဖြစ်တယ် လို့ ဆိုတယ်။ကျနော်က မကြိုက်ပါဘူး။

ဒီလို အညံ့ခံတဲ့စိတ်ဓါတ်တွေကြောင့်ပဲ အန်အယ်ဒီ ဟာ ပိုခံလာရတယ်လို့ထင်တယ်။ တကယ်တော့ သူတို့ က အန်အယ်ဒီ ကို ပြန်သတ်တဲ့ NDF တွေလေ။ ဘာကြောင့် အန်အယ်ဒီ ကို အားမရဖြစ်နေတာလဲ။

အန်ဒီအက် ကို တိုက်ကြလေ။

ဂန္ဓီညီလာခံ ကတည်းက အန်အယ်ဒီ ကို အားမရဘူးဆိုသော သူများ၊ အန်အယ်ဒီ ဟာ (၂၂) လုံးဘာမှမလုပ်ဘူးဆိုသော သူများ စဉ်းစားနိုင်အောင်အချက်အလက်မျှဝေကြည့်တာပါ။

သေချာတာက-
(က) အန်အယ်ဒီမှာ (၂၂) နှစ်လုံး ပြတ်ပြတ်သားသားမလုပ်ခဲ့သူများဟာ အခု NDF ကို ရောက်သွားပါပြီ။ ဒါကို ဘာလို့မမြင်ကြတာလဲ။ ဘာလို့ NDF ကို ပြတ်ပြတ်သားသား မတိုက်ကြတာလဲ။

(ခ) နိုင်ငံတကာ အခြေအနေက အန်အယ်ဒီ အစိုးရဖွဲ့ဖို့ ခွင့်မပြုပါ။ ဒီမိုကရေစီရေးကိုထောက်ခံပါသည် ဆိုသော အမေရိကန်၊ ဗြိတိန် တို့ ကလည်း အစိုးရဖွဲ့တာကို မလိုချင်ပါ။ ဒီအချက်တွေကို သိနေလို့ လူထုအင်အားအကြောင်းကိုပဲ ပြောနေရတာပါ။

မိမိကိုယ်မိမိ အားကိုးရေး နှင့် ဒီမိုကရေစီအင်အားစုများအခြေအနေ-

နိုင်ငံတကာနယ်ပယ်မှာ အခက်အခဲရှိနေတဲ့ ကျနော်တို့ လှုပ်ရှားမှုမှာ ကိုယ့်ပြည်သူကို အားကိုးလို့ရမဲ့အနေအထားကိုသာကြည့်ရပါတယ်။ ဒါဖြင့် ကျနော်တို့ အင်အားစုတွေကို ရှင်းရှင်းလင်းလင်း သုံးသပ်ကြရအောင်ပါ။

(၁) စစ်အုပ်စုက သူတို့လက်ထက်မှာ ငြိမ်းချမ်းရေးအဖွဲ့ (၁၇) နဲ့ အပစ်အခပ်ရပ်ဆဲနိုင်ခဲ့တယ်ပြောနေတာအကြောင်းမဲ့မဟုတ်ပါဘူး။

အမျိုးသားညီလာခံမှာ သပိတ်မှောက်ခဲ့တဲ့အဖွဲ့ ဘယ်နှစ်ဖွဲ့ရှိခဲ့ပါသလဲ။ ရွေးကောက်ပွဲကို ဝင်ခွင့်မရှိတာတောင် ဇွတ်အတင်းဝင်ချင်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေရှိနေတယ်။တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း မညီညွတ်ဘူး။

လွတ်မြောက်ဒေသမှာ အစည်းအဝေးကျင်းပတာတောင် ကချင်အုပ်စု လာမတက်ပါဘူး။ အရေးကြီးပြီဆိုရင် အုပ်စုနှစ်ခြမ်းကွဲ အစိုးရဆန္ဒအတိုင်းလက်လုပ်သူတွေက လုပ်။ ဒေါ်စု တို့က ဒါကိုရိပ်မိသလို၊ စစ်အုပ်စုကလည်း ဒီအားနည်းချက်ကို သိနေတယ်ဗျ။

အမျိုးသားညီလာခံသွားတက်သူကတက်၊ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်နေတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေက (၁၇) ဖွဲ့။

အန်အယ်ဒီ က အစိုးရဖွဲ့ရင် အဲ့ဒီအုပ်စုတွေ ထောက်ခံမယ် ထင်ပါသလား။

မထောက်ခံပါဘူး။ ၁၉၉၀ ကာလတလျောက်လုံး ဒီမိုကရေစီအင်အားစုတွေက ညှိနှိုင်းခဲ့ပါတယ်။ ဆွေးနွေးမှုကိုတောင် လက်မခံဘူး။ ဒီမိုကရေစီအင်အားစုတွေနဲ့ အနားမှာမနေရဲပါဘူး။စစ်အုပ်စု ညိုငြင်မှာ စိုးလို့တဲ့။ စီးပွားရေးလုပ်ပိုင်ခွင့်တွေကြားမှာ ငြိမ်နေခဲ့ကြတာပဲ။

သူတို့ဘက်က တွက်ကြည့်လိုက်ရင်လည်း ပြည်တွင်းမှာ အင်အားစုတွေချေမှုန်းခံနေရတဲ့အပြင်၊ နိုင်ငံတကာကလည်း တယောက်တပေါက်ဖြစ်နေတဲ့ အနေအထားမှာ ဝင်ပါဖို့ သိပ်ခက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း လက်နက်ကိုင်တပ်ရှိတဲ့ စစ်အုပ်စု ကို သာ အလေးထားခဲ့မှာအမှန်ပါ။

ခင်ဗျားသာ ဆို ကိုယ့်ကိုမထောက်ခံတဲ့ တိုင်းရင်းသားတွေကြားမှာ အစိုးရဖွဲ့ရဲလား။ စဉ်းစားပါ။ အခု ၂၀၁၀ ရွေးကောက်ပွဲမှာတောင်ဇွတ်အတင်းဝင်ချင်နေတဲ့အဖွဲ့တွေလည်း တွေ့နိုင်ပါတယ်။ ကျနော်တို့တိုင်းရင်းသားလွတ်မြောက်ဒေသအဖြစ်သတ်မှတ်ထားတဲ့နေရာတွေ ရော အခုဘာဖြစ်နေလဲ။ လက်တွေ့ကျကျစဉ်းစားပါ။

(၂) ပြည်ပမှာ ရောက်နေတဲ့ အင်အားစုတွေက NLD အနေနဲ့ စတိတ်မန့်ထုတ်မနေနဲ့ ပြတ်ပြတ်သားသားလုပ်ပါ လို့ ဆိုနေတဲ့သူတွေရှိပါတယ်။

ဒါပေမဲ့ အဲ့ဒီလူတွေကိုကြည့်လိုက်တော့လည်း မိသားစုကိစ္စတွေနဲ့လုံးချာလိုက်-- ပြည်ပမှာ ကိုယ့်ဘဝကိုယ်ရုန်းကန်မှုတွေထဲသာ နစ်မြှုပ်နေတာကိုတွေ့ရမယ်။

ဖက်ဒရယ်အစိုးရဖွဲ့မယ်ပြောပြီး လက်နက်ကိုင်တော်လှန်ရေးနယ်မြေကိုတောင် ပြန်မသွားတဲ့သူတွေ၊ ဖွဲ့လိုက်ကြတဲ့အဖွဲ့တွေ၊ လုပ်လိုက်ကြတဲ့ညီလာခံတွေ၊ ရန်သူနဲ့ထိပ်တိုက်မတိုးရတဲ့နေရာမှာ စကားလုံးကြီးတွေ နဲ့ ကိုယ့်ဘာသာ ရုန်းကန်နေရတယ်။ လူရိုက်တင်သူတွေ၊ အဇိုင်လန်လုပ်စားသူတွေ၊ ညီညွတ်ရေးတစစီပြိုကွဲနေတာတွေ၊ စိတ်ပျက်စရာပါ။

ပြည်တွင်းမှာ အန်အယ်ဒီ အစိုးရဖွဲ့ရင်၊ စစ်အစိုးရက ဖမ်းမယ်။ ထွက်ပြေးရမယ်။ လက်နက်ကိုင်နယ်မြေလိုပါတယ်။ ဒါကြောင့် အစိုးရဖွဲ့ပါ လို့ ပြောနေတဲ့သူတွေ ခင်ဗျားတို့ ဆန္ဒပြည့်ဝအောင် ပထမဆုံးအနေနဲ့ လက်နက်ကိုင်တပ်တွေကို ဖွဲ့ထားပေးပါ။ခင်ဗျားတို့လည်း စတိတ်မန့်ထုတ်နေတဲ့နိုင်ငံရေးကိုရပ်ပြီး လွတ်မြောက်ဒေသတွေ ခိုင်ခိုင်မာမာ လုပ်ထားစေချင်ပါတယ်။ လက်ရှိ ပြည်ပမှာ ကျွန်ဘဝကိုရောက်နေတဲ့အနေအထားကနေ ရုန်းထွက်လာနိုင်ရင် တခုခုတော့ဖြစ်လာမှာပါ။

ဒါကြောင့် အစိုးရဖွဲ့တာ ကို ကလေးကစားစရာလို တိမ်တိမ်လေး မစဉ်းစားစေချင်ပါ။

လက်နက်ကိုင်တော်လှန်ရေးတကယ်လုပ်နေတဲ့ လူတွေက ဒီအချက်ကိုလေးလေးနက်နက်တွေးခဲ့ပါတယ်။ ဒါကြောင့် တခြားသူကို စိတ်အနှောက်အရှက်ဖြစ်စေမဲ့စကားတွေကို သူတို့ဆီက မထွက်ပါဘူး။

ပြတ်ပြတ်သားသားလုပ်ပါ ...တဲ့။

ဆရာဦးဝင်းတင် ဆို စစ်ကြောရေးစခန်း ထဲမှာ သွားတွေပြုတ်ထွက်ပါတယ်။ ဒါပေမဲ့ ထောင်အကျီ င်္ ဝတ်ပြီး ရဲဘော်တွေအတွက် တိုက်ပွဲဝင်နေဆဲပါ။ ဗိုလ်ကြီး ဝင်းထိန်လွတ်လာတုန်းက နှစ်ပေါင်းများစွာကွဲကွာခဲ့သူတွေတယောက်နဲ့တယောက်ဖက်ကြည့်နေကြတဲ့ ဦးတင်ဦးရဲ့မျက်လုံးတွေကရော၊ ဖောက်ပြန်ခဲ့တယ်။ မပြတ်သားခဲ့ဘူးဆိုတဲ့ အရိပ်အယောင် ခင်ဗျားတို့တွေ့ခဲ့ပါရဲ့လား။

မန္တလေးကိုအလည်သွားတဲ့ ဦးခင်မောင်ဆွေက ဒေါက်တာဇော်မြင့်မောင်ကိုတွေ့ချင်ကြောင်းပြောတဲ့အခါ ဒေါက်တာဇော်မြင့်မောင် က ဆွေးနွေးစရာမရှိတော့ဘူး လို့ ငြင်းခဲ့တယ်။ အနားယူရမဲ့အရွယ်မှာ အဖိုးကြီးတွေ ခရီးတွေထွက်နေရတယ်။ လူထုကြားစည်းရုံးဆင်းရတယ်။ ထောင်ထဲမှာ နှစ်ရှည်ကျနေတဲ့ သူတွေကရော ပြတ်သားမှုမရှိဘူး လို့ ဆိုချင်လား။

ပြည်ပမှာ ရောက်တဲ့သူတွေကရော ပြတ်ပြတ်သားသား ညီညွတ်ရေးခေါ်ပြီးကြပြီလား။ ခင်ဗျားတို့ချင်းရော လေးစားမှု၇ှိကြရဲ့လား။

အစိုးရဖွဲ့မယ်ဆိုရင် လက်နက်ကိုင်နယ်မြေလိုပါတယ်။ တတိယနိုင်ငံတွေမှာ ကျွန်ခံနေရတဲ့ ဘဝတွေကရော လွတ်မြောက်ကြပြီလား။

ခင်ဗျားတို့ ပြတ်ပြတ်သားသားလုပ်လာတဲ့နေ့မှာခင်ဗျားတို့လိုချင်တဲ့ အရာရလာပါလိမ့်မယ်။ အစိုးရဖွဲ့တယ် ဆိုတာကို စတိတ်မန့်ထုတ်သလိုမျိုး အဆင့်လောက်နဲ့တော့ မလုပ်စေချင်ပါ။ အဖမ်းခံရမဲ့ အတူတူ အစိုးရဖွဲ့လိုက်ပေါ့ လို့ ပြောနေတဲ့သူတွေ ကိုယ့်စကားနဲ့ကိုယ်မိနေပါအုံးမယ်။

အစိုးရဖွဲ့တယ်ဆိုတာ စတိတ်မန့်ထုတ်တဲ့အဆင့်ဆိုရင် သမိုင်းက ရယ်ပါလိမ့်မယ်။ နိုင်ငံရေး ကို အိုးပုတ် ဂျိုးရုပ် ကစားသလို စဉ်းစားနေမယ် ဆိုရင်တော့ တတိယနိုင်ငံတွေမှာ ကျွန်ခံနေကြရမယ့် နှစ်တွေ ကြာနေအုံးမှာပါ။

လက်နက်ကိုင်တော်လှန်ရေးလုပ်နေသူအားလုံးကို လေးစားပါတယ်။ အစိုးရဖွဲ့ချင်တဲ့သူတွေလည်း လက်နက်ကိုင်တော်လှန်ရေးဆီ သွားကြပါ။ အမေရိကားမှာ မိတ်ကပ်လူးပြီး ဆူရှီးလိပ်မနေကြပါနဲ့။

(မုန်တိုင်း)

-----------------------------------------------
ပြောရအုံးမယ်။ ၁၉၉၅ ဂျူလိုင်မှာ ဒေါ်စုလွတ်လာတော့ ပထမဆုံးအစည်းအဝေး ကို ပြန်ကျင်းပတဲ့အခါ ဦးအောင်ရွှေကို ဒေါ်စုရှေ့မှာ လက်ညှိုးထိုးဆဲဆိုပြီး ဦးအောင်ရွှေကိုထုတ်ပစ်ဖို့ပြောခဲ့တဲ့ အန်အယ်ဒီ လူငယ်တွေရှိတယ်ဗျ။

ဒီကနေ့ ဘတ်ဖလိုးမြို့မှာ နေတဲ့အန်အယ်ဒီ ( အမေရိကန် ဋ္ဌာနခွဲ) ဥက္ကဋ္ဌ မျိုးသန့် ဆိုတာလည်း ဦးအောင်ရွှေ က ထုတ်ထားခဲ့တဲ့သူလေ။

သူ့ကိုမေးကြည့်ပါ။ ဦးအောင်ရွှေကို ဆဲရဲတဲ့သူရှိရင် ဦးထုပ်ချွတ်အလေးပြုချင်ပါတယ် ဆိုတဲ့သူတွေ၊သမိုင်းတွေကို တခြားသူတွေဆီက သင်ပါအုံးဗျာ။ အလေးပြုစရာမလိုပါဘူး။ သမိုင်းကိုနားလည်ရင်၊တခြားသူတွေကိုလေးလေးစားစားဆက်ဆံရင် ညီညွတ်ရေးရလာပါလိမ့်မယ်။

ခင်ဗျားဆီက အလေးပြုမှုထက် ရိုးသားမှု၊ တည်ငြိမ်မှု ကိုသာ မြင်ချင်ပါတယ်။ ဖြစ်ကတတ်ဆန်းပြောနေတာတွေ ဆင်ခြင်စေချင်ပါတယ်။

မုန်တိုင်းရဲ့နာမည်ရင်း က “ဟာရီကိန်း” ပါ။

ပြည်ပမှာ နိုင်ငံရေးအခြေအနေက ရာသီစာထထဆူတတ်တဲ့ အဆင့်လောက်မို့ မုန်တိုင်း လို့ နာမည်ပေးထားတာ။

Category (5) အဆင့်လောက်ရောက်ပြီ ဆိုရင် ဟာရီကိန်း ဆိုတဲ့ အမည်ရင်းကို မိတ်ဆက်မှာပါ။

ညီမလေးတယောက်ရှိတယ်။ ဆူနာမီ တဲ့။

နောက်ထပ်ညီလေးတယောက်နာမည်က ဗော်လ်ကားနိုး ( Valcano) လို့ခေါ်တယ်။

သူတို့ရဲ့စာတွေလည်း လာကြပါလိမ့်မယ်။ ။

---------------------------------------------------------

No comments:

Post a Comment