Saturday, 16 April 2011

-

ဒေါင်းမာန်ဟုန်


Posted: 12 Apr 2011 02:04 AM PDT
ဧပြီလ ၁၂ ရက်မနက် ၇း၂၃ နာရီတွင် အင်အား မဂ္ဂနီကျုဒ် ၅.၅ ရှိသော ငလျင် နာဂါနိုခရိုင်တွင်းဗဟိုပြု လှုပ်ခဲ့သလို။ ၈း၀၈ မိနစ်တွင် ချီးဘားခရိုင်ပင်လယ်ပြင်တွင်ဗဟိုပြုလှုပ်ခဲ့သောငလျင်ဟာ မဂ္ဂနီကျုဒ် ၆.၃ ရှိ ခဲ့ပါတယ်။ အဲဒီလိုပဲ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းကလည်း အင်အားအတော်အသင့်ပြင်းတဲ့ငလျင်လှုပ်ခဲ့ ပါသေးတယ်။ မတ်လ ၁၁ ရက်နေ့ကနေ ဧပြီလ ၁၁ ရက်နေ့အထိ ပြင်းအား မဂ္ဂနီကျုဒ် ၅ အထက်မှာရှိတဲ့ ငလျင် အကြိမ်ပေါင်း ၄၀၀ ကျော်လှုပ်ခဲ့ပါတယ်။

အဲဒီလိုအကြိမ်ပေါင်းများစွာလှုပ်ခဲ့တဲ့အတွက် စိုးရိမ်စိတ်နဲ့ စိတ်ပျက်အားငယ်မှုတွေ တချို့ဂျပန်တွေမှာ လည်း စတင်ပေါ်ပေါက်လာနေပါတယ်။

ဧပြီ ၁၁ ရက်နေ့မှာ ဂျပန်အစိုးရက ဖူကူရှီးမား ဒိုင်းအိချိ အမှတ်တစ် ဓာတ်အားပေးစက်ရုံကနေ အချင်းဝက် ကီလိုမီတာ ၂၀ ကနေ ၃၀ ကြားမှာရှိတဲ့ အရပ်မှာနေထိုင်တဲ့သူတွေ နေအိမ်တွင်းမှာနေကြဖို့ ညွှန်ကြားချက်ထုတ်ထားခဲ့တာကို ထပ်မံတိုးချဲ့မှုပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ကီလိုမီတာ ၃၀ အတွင်းမှာမရှိပေမဲ့လည်း တချို့ဒေသတွေကို ပြောင်းရွှေ့ထွက်ခွာရန်လိုအပ်တဲ့အရပ်ဒေသတွေဖြစ်တယ် လို့ ကြေညာခဲ့ပါတယ်။ အကြောင်းပြတာကတော့ အဲဒီအရပ်ဒေသတွေမှာ ကြာရှည်နေလို့ရှိရင် ရေဒီယို ဓာတ်ရောင်ခြည်သင့်မှုတွေ တဖြည်းဖြည်းချင်းနဲ့ခံရမှုများလာတဲ့အခါ လူ့ကျန်းမာရေးကို ထိခိုက်လာနိုင်တဲ့ အတွက်လို့ ဆိုပါတယ်။ ဖူကူရှီးမားခရိုင်တွင်းမှာရှိတဲ့ ခတ်ဆုရာအို့။ နာမိအဲ့။ အီးအိတာတဲ့။ ခါဝါ့မာ့တာ့။ မီနာမီဆိုးမာ့ ဆိုတဲ့ မြို့တွေ ရွာတွေဟာ ကီလိုမီတာ ၃၀ ပြင်ပမှာရှိပေမဲ့လည်း အစိုးရက ထုတ်ပြန်တဲ့ ပြောင်းရွှေ့ဖို့လိုတဲ့အရပ်ဒေသတွေစာရင်းထဲမှာပါဝင်ပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူ ယုကိအို အဲဒါ့နို က အခြေအနေတွေဟာ တည်ငြိမ်မှုမရှိသေးဘူးဆိုတာကို အတည်ပြုပြောဆိုလိုက်ပြီး ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အပေါ် အကျိုး သက်ရောက်မှုရှိစေနိုင်တဲ့အတွက် အဲဒီအရပ်ဒေသတွေကို ၀င်ရောက်တာမျိုးမလုပ်ဖို့ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီဟာ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ ကနေ ရေဒီယိုဓာတ်သတ္တိကြွမှုဒြပ်တွေပျံ့နှံ့မှုပမာဏများပြားနေတယ်လို့ဆိုပါတယ်။  ဒီအခြေအနေက ဂျပန်အစိုးရကို ဘေးကင်းလုံခြုံရေးအဆင့်ကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်အရ အဆင့် ၅ ကနေ အဆင့် ၇ အထိ တိုးမြှင့်သတ်မှတ်ဖို့ကိုစဉ်းစားရမယ့်အခြေအနေကိုရောက်စေပါတယ်။ ညူလီယားဆိုင်ရာ အဲဒီအေဂျင်စီက ဒီထုတ်ပြန်ချက်ဟာ ကနဦးလေ့လာတွေ့ရှိချက်တွေအပေါ် အခြေခံထားတာလို့ ဆိုပါ တယ်။

၁၉၇၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာရှိတဲ့Three Miles ညူကလီဓာတ်ပေါင်းဖို မတော်တဆမှုမှာ ဘေးကင်းလုံခြုံရေးအဆင့်ကို ၅ သတ်မှတ်ခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ(အခုယူကရိန်းနိုင်ငံ) ချာနိုဘိုင်းလ် ညူကလီယားဓာတ်ပေါင်းဖိုပေါက်ကွဲခဲ့တဲ့တုန်းက အဆင့် ၇ သတ်မှတ်ခဲ့ပါတယ်။

ဖူကူရှီးမားညူကလီယားအကျပ်အတည်းဟာ ပိုမိုမြင့်မားလာနေတယ်လို့ဆိုလို့ရပါတယ်။ အကြောင်း ကတော့ ဂျပန်အစိုးရက ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ယိုစိမ့်ပျံ့နှံ့မှုဟာ ၁၉၈၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်းလ် ညူကလီယားဓာတ်ပေါင်းဖိုပေါက်ကွဲမှုကနေ ယိုစိမ့်ထွက်ခဲ့တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုနဲ့ ပမာဏနဲ့ တူညီတဲ့အတွက်လို့ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်အစိုးရက ဖူကူရှီးမားစက်ရုံတ၀ိုက်ဒေသမှာ ညူကလီယားဓာတ်ရောင်ခြည်သင့်မှုဟာ ဆိုးရွားလှတဲ့အဆင့်ကိုရောက်နေတဲ့အတွက် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက် အဆင့် ၇ အထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ ဒီအတွက် ဂျပန်အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နိုက အဆင့် ၇ ကို တိုးမြှုင့်လိုက်တာနဲ့ပတ်သက်ပြီး ဖူကူရှီးမား ဓာတ်အားပေးစက်ရုံ အနီး ဒေသမှာနေထိုင်ကြတဲ့သူတွေကို တောင်းပန်လိုက်ပါတယ်။

အခုလို စံနှုန်း(စိုးရိမ်အဆင့်)ကို မြှင့်တင်လိုက်တာဟာ ချာနိုဘိုင်းလ် ညူကလီယားဘေးသင့်ခဲ့သလိုမျိုး မဟုတ်ဘူးလို့ဆိုပါတယ်။

ဒီကြားထဲ တိုကျိုမြို့ရဲ့ ရှင်းဘားရှိ ဘူတာနားမှာ ဖူကူရှီးမားခရိုင် အီဝါးကိ မြို့ပတ်ဝန်းကျင်က ထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရောင်းချတဲ့ပွဲကို ယုကိအိုအဲဒါ့နိုသွားရောက်ပြီး စတော်ဘယ်ရီသီးတွေစားပြ ဟင်းရွက်တွေဝယ်ပြတာတွေလုပ်ခဲ့ပါသေးတယ်။

ဒီလိုအခြေအနေကိုကြည့်လို့ရှိရင် ဂျပန်အစိုးရဟာ ညူကလီယားအန္တရာယ်နဲ့ပတ်သက်ပြီး ပြည်သူလူထု အကြားမှာ ထိတ်လန့်တုန်လှုပ်ချောက်ခြားမှုတွေမဖြစ်အောင် တဖြည်းဖြည်းချင်းနဲ့ လုပ်ဆောင်နေတဲ့ သဘောသက်ရောက်နေပါတယ်။

ကျိုတိုတက္ကသိုလ် ညူကလီယားဓာတ်ပေါင်းဖိုဌာနက ညူကလီယားရူပဗေဒပညာရှင် ပါမောက္ခ ဟီရိုနိုဘူ အူနဲဆာကိ က အစိုးရက ဒီလိုမျိုးဘေးအန္တရာယ်အဆင့်ကို တိုးမြှင့်လိုက်ပေမဲ့ စိုးရိမ်စရာမလိုပါဘူးလို့ ပြော ပါတယ်။ ဘာကြောင့် သူဒီလိုပြောရသလဲဆိုတာကို "ယိုစိမ့်ပျံ့နှံ့ခဲ့တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုတွေဟာ အကျပ်အတည်းစဖြစ်စ ကာလဖြစ်တယ်ဆိုတာနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့အနေအထားမရှိဘူး" ဆိုပြီး ထောက်ပြခဲ့ပါတယ်။ သူက တိုင်းထွာရရှိတဲ့အချက်အလက် တွေအားလုံးကို သုံးသပ်ပြီး ဓာတ်ပေါင်းဖိုကို ကောင်းကောင်းထိန်းသိမ်းကွပ်ကဲနိုင်ပြီလို့ပြောလို့ရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပြောတဲ့အတွက် ယိုစိမ့်တဲ့ပမာဏ သိသိသာသာများပြားတာမျိုးမရှိဘူးဆိုတဲ့အဓိပ္ပာယ်  မဟုတ်ဘူးလို့ဆိုပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ်နဲ့ ပါမောက္ခတို့ရဲ့ပြောဆိုချက်တွေက ဂျပန်နိုင်ငံတွင်းပြည်သူတွေ အထူးသဖြင့် ဖူကူရှီးမားဓာတ်အားပေးစက်ရုံဒေသတ၀ိုက်က လူတွေရဲ့စိုးရိမ်စိတ်တွေကို လျော့ကျစေဖို့ဆိုတဲ့သဘော သက်ရောက်နေတဲ့အပြင် ရှင်းလင်းပြတ်သားစွာပြောဆိုတာမျိုးမလုပ်တဲ့အတွက် သံသယမျက်စိနဲ့ ကြည့်လိုသူတွေအတွက် မယုံကြည်နိုင်တဲ့အနေအထားကို ရောက်စေပါတယ်။

TEPCO အရာရှိတဦးက ရေဒီယိုဓာတ်သတ္တိယိုစိမ့်ပျံ့နှံ့မှုတွေဟာ လုံးဝမရပ်သေးတဲ့အတွက် အဲဒီလို ယိုစိမ့်ပျံ့နှံ့တဲ့ပမာဏဟာ ချာနိုဘိုင်းလ်အဆင့်ကိုရောက်လာမလား ဒါမှမဟုတ် ကျော်လွန်သွားမလား ဆိုတာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီရဲ့ ပြောဆိုချက်ကတော့ ယိုစိမ့်ပျံ့နှံ့တဲ့ပမာဏဟာ ချာနိုဘိုင်းလ်ရဲ့ ၁၀% ပဲရှိပါတယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ Surrey တက္ကသိုလ်မှ ရူပဗေဒပါမောက္ခ ပက်ဒီရေဂင် က ဂျပန်အစိုးရရဲ့ အဆင့် ၇ စံနှုန်းကို မြှင့်လိုက်တယ်ဆိုတာက သဘာဝပတ်ဝန်းကျင်ထဲကို ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အတော်ကို ပျံ့နှံ့ နေတယ်ဆိုတဲ့သဘောလို့ ပြောပါတယ်။ ချာနိုဘိုင်းလ်လို အဆင့်တူပေမဲ့ တကယ်တမ်းတော့ မတူပါဘူး လို့ဆိုပါတယ်။ ပျံ့နှံ့တဲ့ပမာဏနည်းတာရယ်။ ပျံ့နှံ့တဲ့နည်းလမ်းမတူညီတာရယ်ကြောင့်လို့ ပြောပါတယ်။

သြစတြေးလျားနိုင်ငံမှ ညူကလီယားဘေးကင်းရေးဆိုင်ရာကျွမ်းကျင်ပညာရှင် ဒွန်ဟစ်ဂ်ဆဲန် က "ကျနော့် အတွက်ကတော့ ဖူကူရှီးမားကို ချာနိုဘိုင်းလ်နဲ့တတန်းတည်းသတ်မှတ်တယ်ဆိုတာဟာ ဘာမှအဓိပ္ပာယ် မရှိဘူး" လို့ ပြောဆိုပါတယ်။

ကျော်ကျော်စိုး

၂၁း၁၂ နာရီ

ဧပြီ ၁၂ ရက်၊ ၂၀၁၁ ခုနှစ်

Posted: 11 Apr 2011 08:11 AM PDT

အတော်ငယ်ရွယ်ပြီး အသစ် တည်ဆောက်ထားသော ကျောင်းတွင် အလုပ်လုပ်နေသည့် ကျွန်တော် ကိုယ့်ကိုယ်ကို မကြာခဏ မေးမြန်းလေ့ ရှိသည်မှာ "ကျောင်းဆိုတာ ဘာကို တကယ်ခေါ်တာလဲ" ဟူ၍ဖြစ်ပါသည်။

ကျောင်းဆိုသည်မှာမိဘများမှာ ကျယ်ဝန်းကြီးမားပြီး သေချာစွာ တည်ဆောက်ထားသည့် ကျောင်းကြီးများကို ရွေးချယ်လေ့ရှိသည်။ သူတို့ ယုံကြည်သည့်အတွက်ဖြစ်၏။ ဤသို့ ယုံကြည် ကိုးစားသည်မှာလည်း အစဉ်အလာအရ လက်ခံထားရှိသည့် (ကျောင်း ကျယ်ဝန်း ကြီးမားခြင်း၊ ကျောင်း အဆောက်အအုံနှင့် ပစ္စည်းများ ပြည့်စုံကုံလုံခြင်း၊ သင်ယူခြင်း-သင်ကြားခြင်းနည်းလမ်းများ၊ ကျောင်းသားများအပေါ် အမြင်သဘောထားများ၊ သင်ယူပုံများ၊ စာမေးပွဲအောင်ချက် စသည်ဖြင့်..) အချက်များအရ ကျောင်းကြီးများမှာ အမြဲတမ်းလိုလို ပြည့်စုံနေလေသည် ဟူ၍ဖြစ်သည်။ ကံမကောင်း အကြောင်းမလှသည်မှာ ကျောင်းသားများ၏ အမြင့်မားဆုံးနှင့် အဓိပ္ပါယ်ပြည့်ဝသော သင်ယူခြင်းအတွက် အစဉ်သဖြင့် မမှန်ကန်နိုင်ခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်း ၃၀ ကျော် ကာလများအတွင်း ပြုလုပ်ခဲ့သည့် သင်ယူ လေ့လာခြင်းနှင့် သိမှုနယ်ပယ်ဆိုင်ရာ သိပံ္ပတွေ့ရှိချက်များအရ အစဉ်အလာအရ တည်ရှိနေသည့် ကျောင်းဖွဲ့စည်းပုံ၊ တည်ဆောက်ပုံတို့မှာ သင်ယူလေ့လာခြင်း အတွက် အဆင်ပြေမှု အနည်းဆုံး ဖြစ်နေတော့သည်။ ဤတွင်မေးခွန်းထုတ်စရာ ရှိလာပါသည်။ "ကျောင်းဆိုသည်မှာ အဘယ်နည်း"။

စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားရှိပြီး "ပညာတတ်- လူတတ် ဂျီးနီးယပ်စ်" အနည်းစုက အကြံပြုထားချက်များအရ အုပ်ချုပ်သည့် အယူအဆ တစ်ခုတော့လည်း မဟုတ်နိုင်ပါ။ အမြဲ ထာဝစဉ်ပြောင်းလဲနေသည့် ကမ္ဘာကြီး အတွင်းက အခြားအရာများနည်းတူ "ကျောင်း" ဆိုသော အယူအဆမှာလည်း အကြီးအကျယ် ပြောင်းလဲခဲ့ပြီးဖြစ်ပါ၏။ ရုပ်ပိုင်းဆိုင်ရာ ကျောင်းဖွဲ့စည်းမှု အကန့်အသတ်တို့ကို ကျော်လွန်ခဲ့ပြီး ဖြစ်သည်သာမက လူသား၏ စိတ်နှလုံးတွင် လုပ်ကိုင်လိုသည့် ဆန္ဒအားလုံးကိုလည်း လက်လှမ်းမီနိုင်ပြီ ဖြစ်လေသည်။ တနည်းဆိုရသော် "ကျောင်းနေခြင်း" မှာ ရှင်သန်ခြင်း၊ ဘ၀နှင့်ပင် ထပ်တူကျနေတော့သည်။ စဉ်ဆက်မပြတ် ပညာရေး၊ ဘ၀တစ်တသက်တာ ပညာရေး၊ ပညာခေတ်၏ ပုံရိပ်များ၊ အသိပညာကို ကိုယ်တိုင် တည်ဆောက်ခြင်း အယူအဆတို့နှင့် စာသင်ကျောင်းတို့ကိုလည်း ဆက်စပ်ရပါတော့မည်။ ကျွန်တော်၏ အမြင်အရဆိုရသော် ဤပြောင်းလဲနေသော ကာလများတွင် ကျောင်းကို "ကျောင်း" ဟူ၍ ခေါ်ဆိုနိုင်စေသည်မှာ အောက်ပါ အချက်များပင်ဖြစ်သည်ဟု ထင်မြင်မိလေသည်။

၁။ ပြောင်းလဲတိုးတက်နေခြင်း - အစဉ်အမြဲ ပြောင်းလဲ ဖြစ်ပေါ်တိုးတက်နိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်ချက်များကို ဆန်းသစ်တီထွင်လုပ်ဆောင်နိုင်ခြင်း၊ ပညာသင်ယူခြင်းအပေါ် အမြင်သဘောထားများကို ဆန်းသစ်နိုင်ခြင်း။

၂။ အချက်အလက်များအပေါ် မူတည်ပြီး လက်တွေ့ လုပ်ဆောင်ခြင်း - "ထိုသို့ပြောကြခြင်း၊ ဤသို့ ခံစားရခြင်း စသည်တို့ကြောင့် ကျွန်တော်တို့ ဒီလို လုပ်ကြပါတယ်" ဟူ၍ လုပ်ဆောင်ခြင်းများထက် သက်သေ အထောက်အထားများ၊ တိကျသော အချက်အလက်များ ခိုင်မာမှုအရ ဆုံးဖြတ်ချက်တို့ကို ချမှတ်ခြင်း။

၃။ ဆရာဆရာမများ၊ ကျောင်းသားများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ရပ်ရွာလူ့အဖွဲ့အစည်းများ၊ စီးပွားလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ စသည်တို့ အကြားတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း - ဤလူများအားလုံးမှ ကျောင်းဟူသည် သီးသန့် တည်ရှိနေပြီး ကလေးများ၊ ဆရာဆရာမများနှင့်သာ သက်ဆိုင်သည်ဟု အမြင် မရှိသင့်ပါ။ ဖွင့်လှစ်ထားရှိသည်ဟု ကျောင်းကို မမြင်ကြရန်၊ "ကျောင်း" ဆိုသည်မှာ ရှင်သန်နေသောဘ၀နှင့် ဆက်စပ်နေသည်ဟူ၍ နားလည်ထားကြရန်၊ ဘ၀ရှင်သန်ခြင်းမှာ ရပ်ရွာ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အားလုံးနှင့် ယှက်နွယ်ဆက်စပ်၍ နေထိုင်ကြရခြင်း။

၎။ ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် အားလုံးပါဝင်ခြင်း - ကျောင်းကြီးများမှာ သီးသန့် ရှိနေတတ်ခြင်းတွင် နာမည်ကြီးတတ်သည်။ ဆုံးဖြတ်ချက်များကို ခေါင်းဆောင်ပိုင်း အာဏာပိုင်များမှ ချမှတ်ထားရှိပြီး အခြားသူများအနေဖြင့် ဤဆုံးဖြတ်ချက်များ၏ သင့်တင့် လျောက်ပတ်မှုနှင့် ထိရောက်မှုတို့ကို မေးခွန်း မထုတ်ဘဲ လိုက်နာရန်သာ မျှော်လင့်ထားရှိသည်။ ကျောင်းပညာရေးနှင့် ဆက်နွယ်နေသော အထောင်အသောင်း အစိတ်အပိုင်း အသီးသီးအကြား ပုံမှန် ဆက်သွယ်မှု ပြုနိုင်ခြင်းမှာ ပြောင်းလဲတိုးတက်လိုသည့် ပညာရေးဌာနများ၊ ကျောင်းများ၊ တက္ကသိုလ်များ၏ အောင်မြင်ရခြင်းတွင် အဓိကကျပါသည်။

၅။ လားရာအမြင်ထားရှိ လုပ်ဆောင်ခြင်း (မြင်ကွင်းကျယ်ကို ရှုမြင်ခြင်း) - ကျောင်းကြီးများသည် သူတို့ ရရှိထားသည် အဆင့်အတိုင်း အပြောင်းအလဲမရှိထားလိုကြသည်။ "အကယ်၍ တစ်ခုခုဟာ ကောင်းနေတယ်၊ အလုပ်ဖြစ်နေတယ်ဆိုယင် ကျွန်တော်တို့ အဲဒါကို သိမ်းဆည်းထားတယ်" - ဤသည်မှာ အခြေခိုင်ပြီးဖြစ်သည့် ကျောင်းကြီးများ၏ ဆောင်ပုဒ်လို ဖြစ်နေလေသည်။ အကယ်၍သာ ကျောင်း၏ လားရာအနာဂတ်ကို မေးမြန်းကြည့်ခဲ့ပါမူ ၀န်ထမ်း အများစုနှင့် ဌာနဆိုင်ရာများမှ ဖြေဆိုနိုင်ခြင်း မရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် "ဤနေရာ၊ ဤအချိန်" တွင်သာ ရှင်သန် နေလေခြင်းကြောင့်ဖြစ်ပါ၏။ "အနာဂတ်" သည် ပစ္စုပ္ပန်ကို ရှေ့ဆောင်ခြင်းမရှိပါလေ။ အတိတ်ကသာ ရှေ့ဆောင်နေလေသည်။ အတိတ်နှင့် မျက်မှောက်ပစ္စုပ္ပန်တို့ အရေးကြီးသော်ငြားလည်း တိုးတက် ပြောင်းလဲလိုသည့် ကျောင်းများမှာမူ "အနာဂတ်လားရာ" နှင့် မြင်ကွင်းကျယ် ရှုမြင်မှုကို အာရုံစိုက်ပါသည်။ ကလေးများ၏ အနာဂတ်ဘ၀များ ရှင်သန်နိုင်မှုအတွက် ပြင်ဆင်ပေးရမည် မဟုတ်ပါလော။ ဤသည်မှာ ဒီမိုကရေစီ စာသင်ကျောင်းများ ပေါ်ထွန်းရေးနှင့် ကျောင်းသားများအတွက် အဓိပ္ပါယ် ပြည့်ဝသော သင်ယူမှု အတွေ့အကြုံများကို ဖြည့်ဆည်း ပေးနိုင်ရန်ဖြစ်ပါကြောင်း။

သိန်းနိုင်(မောက္ခပညာရေးမဂ္ဂဇင်း)





No comments:

Post a Comment