ဒေါင်းမာန်ဟုန် |
Posted: 12 Apr 2011 04:15 PM PDT ဂျပန်အစိုးရက ဖူကူရှီးမားညူကလီယားအကျပ်အတည်းကို နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ အဆင့် ၇ သို့ တိုးမြှင့်လိုက်တယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကြားထဲမှာ စိုးရိမ်ရေမှတ်တက်လာခဲ့ပါတယ်။ "အဆင့် ၇ ဆိုတော့ ကျနော်တို့ဘာလုပ်ရမှာလဲ" ။ "အဆင့် ၇ ဆိုတာဘာလဲ" ဆိုတဲ့မေးခွန်းတွေဟာ စိုးရိမ်မှုတွေ၊ ဝေခွဲမရမှုတွေနဲ့အတူ ရောပြွမ်းထွက်ပေါ်လာခဲ့ပါ တယ်။ ဒီတော့ ဂျပန်အစိုးရက ပြောတဲ့ အဆင့် ၇ ဟာ ဘာလဲဆိုတာ သိထားဖို့တော့လိုအပ်လာပါပြီ။ အဲဒီအဆင့် ၇ ဆိုတာက International Nuclear Event Scale လို့ခေါ်တဲ့ နိုင်ငံတကာညူကလီယားဖြစ်ရပ်များကို တိုင်းတာသောစကေး အဆင့် ၇ ဆင့်ရှိတဲ့အထဲမှာ အမြင့်ဆုံးနဲ့ အစိုးရိမ်ရဆုံးအဆင့်ဖြစ်ပါတယ်။ အဆင့် သုံည ကနေ ၇ အထိရှိပါတယ်။ အောက်မှာ အရောင်ကွဲတွေနဲ့ဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။ 7 – Major accident အဓိကကျသောမတော်တဆမှု 6 – Serious accident စိုးရိမ်ဖွယ်ရာမတော်တဆမှု 5 – Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု 4 – Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှု 3 – Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ် 2 – Incident ဖြစ်ရပ် 1 – Anomaly ပုံမှန်မဟုတ်မှု 0 – Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု အဲဒီအဆင့် ၇ ဆင့်ကို ဘယ်သူက တိုင်းတာသတ်မှတ်ထားတာလဲလို့ နောက်ထပ်မေးခွန်းထုတ်စရာရှိလာ ပါတယ်။ ညူကလီယားမတော်တဆဖြစ်ပွားလာတဲ့အခြေအနေမျိုးမှာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး သွက်လက် ထိရောက်စွာဆက်သွယ်လုပ်ကိုင်နိုင်ဖို့ဆိုပြီး နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ဟာ ၁၉၉၀ ခုနှစ်မှာ International Nuclear and Radiological Event Scale (INES) ကို သတ်မှတ်လုပ်ဆောင်ခဲ့ပါတယ်။ ဘယ်လိုနည်းတွေနဲ့ သတ်မှတ်တာလဲဆိုတဲ့မေးခွန်းကတော့ ပညာရပ်ဆိုင်ရာမေးခွန်းဖြစ်တဲ့အတွက် ရှင်းရှင်းပြောရလို့ရှိရင် ငလျင်တိုင်းတာတဲ့ပုံစံလိုမျိုး လော့ဂရစ်သမ်တွက်ချက်မှုပုံစံတွေနဲ့ နှိုင်းယှဉ်တွက် ထားတဲ့ဖော်ပြချက်ဖြစ်ပါတယ်။ အဆင့် ၀ ကနေ အဆင့် ၇ အထိ တခုနဲ့တခုကြားကွာခြားချက်ပမာဏ ဟာ ဆယ်ဆကွာပါတယ်။ ဆိုလိုတဲ့သဘောက အဆင့် ၀ ထက် အဆင့် ၁ က ဆယ်ဆပိုပြင်းတယ်၊ ပိုအန္တရာယ် ကြီးတယ်ဆိုတဲ့သဘောပါ။ အဆင့် ၀ က လူကို ဘေးဥပါဒ်သိသိသာသာမဖြစ်စေဘူးလို့ဆိုတဲ့အတွက် အဆင့် ၇ ဆိုလို့ရှိရင် အဲဒါထက် အဆ ၇၀ ပိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီတော့ အဆင့် တဆင့်စီဟာ ဘယ်လိုလဲဆိုတာကို သိနားလည်ထားသင့်ပါတယ်။ အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၇ Major accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အမြောက်အမြားထွက်ရှိနေပြီး လူ့ ကျန်းမာရေးကိုရော သဘာဝပတ်ဝန်းကျင်ကိုပါ ကျယ်ကျယ်ပြန့်ပြန့်ထိရောက်စေတဲ့အတွက် တန်ပြန်အရေး ယူဆောင်ရွက်တာတွေကို သေသေချာချာအစီအစဉ်ချပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကမ္ဘာမှာ အဆင့် ၇ ရောက်တယ်လို့သတ်မှတ်ခံရတဲ့ ညူကလီယားမတော်မဆမှုဟာ ၁၉၈၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ (ယခင်ဆိုဗီယက်ယူနီယံ) အခုအခါ ယူကရိန်းနိုင်ငံ ချာနိုဘိုင်းလ် ညူကလီယား ဘေးသင့်မှုဖြစ်ပါတယ်။ စမ်းသပ်မှုလုပ်ရင်းနဲ့ အားကြီးမားလှတဲ့ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ကာ ညူကလီယားလောင်စာတွေကနေ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ ပတ်ဝန်းကျင်လေထုထဲကို အကြီး အကျယ်ရောက်ခဲ့ပါတယ်။ လူ ၅၆ ဦးသေဆုံးပြီး လူ ၄၀၀၀ လောက်ဟာ ကင်ဆာရောဂါမျိုးစုံခံစားခဲ့ရပါတယ်။ ချာနိုဘိုင်းလ်မြို့ကိုလည်း လုံးဝစွန့်ခွာခဲ့ရပြီး လူမနေတော့တဲ့ အရပ်ဒေသဖြစ်သွားခဲ့ပါတယ်။ ၃၀ ကီလိုမီတာ အထူးကန့်သတ်ဇုံဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။ နောက်တခုကတော့ အခုလောလောဆယ် ဂျပန်မှာဖြစ် ပွားနေတဲ့ ဖူကူရှီးမား ညူကလီယားအကျပ်အတည်းပဲဖြစ်ပါတယ်။ အဆင့် ၆ Serious accident ဆိုတာဟာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ သိသိသာသာချည်းထွက်ရှိနေ ပြီးအဲဒါကို သေသေချချာအစီအစဉ်ရေးဆွဲသတ်မှတ်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က ဆိုဗီယက်ယူနီယံ Mayak မြို့မှာရှိတဲ့ Kyshtym disaster အဖြစ်အပျက်ပါပဲ။ စွန့်ပစ်ညူကလီယားဒြပ်တွေကို ပြန်လည်အသုံးချဖို့လုပ်တဲ့လုပ်ငန်းစဉ်မှာ အအေးပေးတဲ့စနစ်ချွတ်ယွင်းပြီး ရေနွေးငွေ့ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ် တန်ချိန် ၇၀ ကနေ ၈၀ အထိ လေထုထဲပျံ့လွင့်ခဲ့တယ်လို့ သိရပါတယ်။ ဒေသတွင်းပြည်သူတွေအပေါ် ဘယ်လောက်အတိုင်း အတာအထိ အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုတာကို မသိခဲ့ရပါဘူး။ အဆင့် ၅ Accident with wider consequences ပိုမိုကျယ်ပြန့်သောအကျိုးသက်ရောက်မှု ဆိုတာ ကတော့ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေဟာ အတိုင်းအတာတခုအထိ ပျံ့နှံ့ထွက်တာကိုခေါ်တာပါ။ ဒီလိုဖြစ်လာခဲ့ရင် စနစ်တကျနဲ့စီစဉ်သတ်မှတ်ပြီး တန်ပြန်အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ သေဆုံးမှု တွေဖြစ်ခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုတွေ ထိခိုက်ပျက်စီး ညူကလီယားလောင်စာတောင့်တွေတစိတ်တပိုင်း အရည်ပျော်တာတွေဖြစ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ် ဗြိတိန်နိုင်ငံ Windscale fire ။ ၁၉၇၉ ခုနှစ် အမေရိကန်ပြည်ထောင်စု Three Mile Island accident ။ ၁၉၅၂ ခုနှစ် ကနေဒါနိုင်ငံ First Chalk River accident ။ ၁၉၆၉ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ Lucens partial core meltdown ။ ၁၉၈၇ ခုနှစ် ဘရာဇီးနိုင်ငံ Goiânia accident စတဲ့နေရာတွေမှာ ဖြစ်ခဲ့ပါတယ်။ အဆင့် ၄ Accident with local consequences ဒေသတွင်းအကျိုးသက်ရောက်မှုဆိုတာကတော့ ရေဒီယို ဓာတ်သတ္တိကြွတဲ့ဒြပ်တွေ အနည်းအကျဉ်းစိမ့်ထွက်ပျံ့နှံ့ခဲ့တာကို ခေါ်တာပါ။ ဒေသတွင်းမှာ စားသောက် စရာတွေနဲ့ပတ်သက်ပြီး ကန့်သတ်ထိန်းချုပ်တားမြစ်တာတွေလုပ်ပြီး အရေးယူဆောင်ရွက်ရတဲ့အဆင့်ပါ။ လူထုကြားမှာ ဓာတ်ရောင်ခြည်သင့်ခံရနိုင်တဲ့အဆင့်ဖြစ်ပါတယ်။ အဲဒီအဆင့်သတ်မှတ်ခံခဲ့ရတဲ့ ကမ္ဘာပေါ် က ညူကလီယားမတော်တဆမှုတွေထဲမှာ တဦးသေဆုံးခဲ့ပါတယ်။ ဓာတ်ပေါင်းဖိုထိခိုက်မှုဖြစ်နိုင်တဲ့အဆင့် ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ ချက်ကိုစလိုဗားကီးယား၊ ဂျပန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။ အဆင့် ၃ Serious incident စိုးရိမ်ဖွယ်ဖြစ်ရပ်ဆိုတာကတော့ ညူကလီယားစက်ရုံတွေ ၊ ဓာတ်ပေါင်း ဖိုတွေမှာ အလုပ်လုပ်တဲ့အလုပ်သမားတွေ တနှစ်ကို ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက် ၁၀ မြင့်မား တဲ့အဆင့်ကိုခေါ်တာပါ။ သေလောက်တဲ့အထိမဖြစ်ပါဘူး။ အရေပြားတွေလောင်သွားလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗြိတိန်၊ ဟန်ဂေရီ၊ စပိန်နိုင်ငံတွေမှာ ဖြစ်ခဲ့ဘူးပါတယ်။ အဆင့် ၂ Incident ဖြစ်ရပ် ဆိုတာကတော့ လူတွေဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏဟာ ၁၀ မီလီ ဆီးလ်ဗာ့တ်ပဲရှိပါတယ်။ အလုပ်သမားတွေ ဓာတ်ရောင်ခြည်သင့်ခံရတဲ့ပမာဏထက်ပိုမိုတဲ့ ရောင်ခြည်သင့် ခံရမှုအဆင့်ဖြစ်ပါတယ်။ စပိန်၊ ဆွီဒင်၊ ပြင်သစ်နိုင်ငံတွေမှာဖြစ်ခဲ့ပါတယ် ။ အဆင့် ၁ Anomaly ပုံမှန်မဟုတ်မှု ဆိုတာကတော့ ပြည်သူတွေအနေနဲ့ တနှစ်ရောင်ခြည်သင့်ခံရရင် အန္တရာယ်မဖြစ်စေတဲ့ ပမာဏကို ကျော်လွန်တဲ့အဆင့်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဖြစ်ခဲ့ဘူးပါတယ်။ အဆင့် ၀ ကတော့ Deviation (no safety significance) သိသာသောဥပါဒ်မဖြစ်မှု ဆိုတာကတော့ ဘေးဥပါဒ်သင့်တဲ့အဆင့်မဟုတ်ပါဘူး။ စလိုဗေးနီးယား၊ အာဂျင်တီးနား၊ ဂျပန်နိုင်ငံတို့မှာဖြစ်ခဲ့ပါတယ်။ ဂျပန်အစိုးရကသတ်မှတ်ခဲ့တဲ့ အဆင့် ၇ ဆိုတာက ဘယ်နေရာကိုသတ်မှတ်ထားသလဲဆိုတာက သာမန်ပြည်သူတွေအနေနဲ့ မသိမဖြစ်သိဖို့လိုအပ်တဲ့အချက်ပါ။ အဲဒီလိုမဟုတ်ရင် ကြောက်ရွံ့စိုးရိမ်မှုတွေ ဖြစ်နိုင်လို့ပါပဲ။ ဖူကူရှီးမား ဒိုင်းအိချိ အမှတ်တစ်ဓာတ်အားပေးစက်ရုံနေရာမှာဖြစ်ပါတယ်။ ဂျပန်အစိုးရက အဲဒီလိုမကြေညာခင်မှာ IAEA ကို ကြိုတင်အသိပေးပြီး ယာယီသတ်မှတ်ထားတယ်ဆိုတဲ့လျှောက်လွှာကို တင်ထားခဲ့တယ်လို့ IAEA ကဆိုပါတယ်။ ကျော်ကျော်စိုး ၃း၅၁ နာရီ ဧပြီလ ၁၃ ရက် ၂၀၁၁ ခုနှစ် |
Posted: 12 Apr 2011 04:06 PM PDT ရှန်တိနေကေတန် (၉၀) မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားပြီးလူအများ၏ ချစ်ခင်လေးစားခြင်းခံရသောစာပေပညာရှင် စာရေးဆရာကြီးပါရဂူ (ခ) ဦးလှကြိုင် အသက် (၉၀) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီတွင် အာရှတော်ဝန်ဆေးခန်း၌ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ် ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။ ဆရာပါသည် အမျိုးသားစာပေတစ်သက်တာစာပေဆုရှင်၊ ပါရဂူ ရှန်တိနိကေတန် စာကြည့် တိုက် တည်ထောင်ခဲ့သူ၊ မြန်မာစာပေသာမက (ဟင်ဒီ၊ ပါဋ္ဌိ၊ သက္ကတ၊ အင်္ဂလိပ်စာပေများကိုလည်း ကျွမ်းကျင်တတ်မြောက်သူဖြစ်ပြီးယင်းစာပေများမှ မြန်မာစာဖတ်သူ ပြည်သူ/သားများအတွက် အတွေး အခေါ် စာကောင်းပေမွန်များစွာကိုလည်း ပြန်ဆိုရေးသားပေးခဲ့သူ၊ အိန္ဒိယ - မြန်မာချစ်ကြည်ရေးကို စာပေဖြင့် ပေါင်းကူးပေးခဲ့သူ … စသည့်စသည့် ဂုဏ်ပုဒ်တွေ အများကြီးထဲမှ ထိပ်ဆုံးက ရှိနေသင့်တာကတော့ "ပရဟိတစာရေးဆရာကြီး"ဟူ၍ ဖြစ်ပါသည်။ စာရေးဆရာဘ၀ဖြင့် နှစ်ပေါင်း (၆၀) ကျော် ကျင်လည်ခဲ့စဉ် တစ်သက်တာလုံး ဆရာပါရဂူ ရေးသားဟောပြောခဲ့သမျှမှာ အများအကျိုးဆောင်ခြင်းရဲ့ မြင့်မြတ်မှုကို အမြဲတစေ အမွှန်းတင်ခဲ့ပါသည်။ လူငယ်များကို အတ္တလျှော့ပြီး ပရကဲကြဖို့ အခွင့်ကြုံတိုင်း နှိုးဆော်ပါသည်။ ပရဟိတ လုပ်ဆောင်သူများကိုလည်း ဆရာပါရဂူက လေးလေးစားစား တန်ဖိုးထားခဲ့ပါသည်။ "မသေခင်တွေ့ရမည့် နတ်ချမ်းသာ" ကောင်းမှုပြုလုပ်သူအတွက် ဆုပေးရန်နတ်ပြည်ကို၎င်း၊ မကောင်းမှုပြုသူအတွက် ဒဏ်ပေးရန် ငရဲပြည် ကို၎င်း မည်သည့်နေရာ၌မဆိုဖန်တီးဖို့ မခဲယဉ်းပေ။ ကောင်းမှုနှင့် မကောင်းမှုအတွက် ဤကမ္ဘာ လောက၌ပင် တုံ့ပြန်မှုဖြစ်ပေါ်မလာဘဲမနေပေ။ ဒိဗ္ဗသုခ နတ်ချမ်းသာ ဖန်တီးဖို့အတွက် တစ်ခု တည်းသော နည်းလမ်းမှာ သက်ရှိသတ္တ၀ါအားလုံးအပေါ်၌ ဂရုဏာထားခြင်းဖြစ်သည်။ တခြားလူများ၏ တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှုအတွက် အစွမ်းရှိသမျှ ကြိုးစားအားထုတ်ခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သည်ပိုးဆောင်ရွက်ရာလည်း ရောက်သည်။ တခြား သူများကို အကူအညီပေးခြင်းအားဖြင့် မိမိကိုယ်ကိုလည်း ကူညီရာရောက်သည်။ မိမိကိုယ်ကို အကူအညီပေးခြင်းအားဖြင့် တခြားသူများကို ကူညီရာလည်းရောက်သည်။ (ပါရဂူ) ဆရာပါ၏ ဈာပနအခမ်းအနားတွင် စာပေ၊ ကာတွန်း၊ ပန်းချီ စသည့် နယ်ပယ်အသီးသီးမှ အနုပညာသမားများနှင့် ဆရာပါရဂူ၏ စာပေအနုပညာကို လေးစားချစ်မြတ်နိုးကြသော ပြည်သူလူထု အပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။ |
No comments:
Post a Comment