Friday, 22 April 2011




ဒေါင်းမာန်ဟုန်


Posted: 18 Apr 2011 08:46 AM PDT
အဖွဲ့ချုပ်အဖွဲ့ဝင် ကိုမင်းအောင်အား သင့်တော်သည့် ဆေးကုသခွင့်ပေးရန် အေအေပီပီမှ တောင်းဆို
သတင်းထုတ်ပြန်ချက်

၂၀၁၁ ခုနှစ် ဧပရယ်လ ၁၈ ရက်

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံရေး အကျဉ်းသား တစ်ဦးဖြစ်သော ရခိုင်ပြည်နယ် တောင်ကုပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘဏ္ဍာရေးမှူးဖြစ်သူ ကိုမင်းအောင် နှလုံးသွေးကြောကျဉ်းရောဂါကို ခံစားနေရသည့်အတွက် ဆေးကုသခွင့်ပေးရန် ထောင်အာဏာပိုင်များအား တင်ပြခဲ့သော်လည်း ၁၁ လကျော် ကြာမြင့်သည့်တိုင် ဆေးဝါးကုသခွင့်ကို မရရှိကြောင်း သိရသည့်အတွက် ဆေးကုသပေးရန် တောင်းဆိုလိုက်ပါသည်။

အသက် ၃၇ နှစ် အရွယ်ရှိ ကိုမင်းအောင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သည့်အတွက် ထောင်ဒဏ် ၁၇ နှစ် နှင့် ၁၄ ၇က် ချမှတ်ခံခဲ့ရပြီး စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရပါသည်။ ကိုမင်းအောင်သည် ဖမ်းဆီးခံခဲ့ရသည့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတဝှမ်းရှိ အကျဉ်းထောင် လေးခုသို့ ပြောင်းရွှေ့ခြင်းကို ခံခဲ့ရပါသည်။

"မိသားစုနဲ့နီးတဲ့ အကျဉ်းထောင်တွေ ရှိပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီလို အလွန်ဝေးကွာတဲ့ ထောင်တွေကို ထောင်ပြောင်းတာက စစ်အစိုးရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်နေပါပြီ။ အဲဒီလို ထောင်ပြောင်းတာက နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက အကျဉ်းကျနေတဲ့ မိသားစုဝင် တွေကို ထောင်ဝင်စာတွေ့ဖို့နဲ့ အစာအစားနဲ့ ဆေးဝါးထောက်ပံ့ဖို့ကို ဖြတ်တောက် ပိတ်ပင်ဖို့ ကြိုးပမ်းတဲ့၊ နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်တဲ့ နည်းဗျူဟာတစ်ခုပါ။ အခု ကိုမင်းအောင်ဆိုရင် ထောင်ခနခန အပြောင်းခံနေရတာကြောင့် ကျန်းမာရေးကို ထိခိုက်လာတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်သွားစေတာပါ" ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ တွဲဘက်အတွင်းရေးမှူး ဖြစ်သူကိုဘိုကြည်မှ ပြောဆိုပါသည်။

နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ အကျဉ်းသားများအပါအဝင် လူသားအားလုံးသည် သင့်တော်မှန်ကန်သော ကျန်းမာရေး ကုသစောင့်ရှောက်မှုကို ရရှိခံစားရမည်ဖြစ်သည်။ အကျဉ်းထောင် အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ ကျန်းမာရေးကို စောင့်ရှောက် ကာကွယ် တာဝန်ယူရမည်ဖြစ်ပါသည်။

"မြန်မာနိုင်ငံမှာ ဆိုးရွားတဲ့ အကျဉ်းထောင်အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲ ဆေးဝါးကုသမပေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိသားစုတွေရဲ့ ထောက်ပံ့ပေးမှုဟာ နိုင်ငံရေးအကျဉ်းသားတွေ အသက်ဆက်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ထောင်ပြောင်း လိုက်တဲ့အတွက် အဲဒီလို အရေးကြီးတဲ့ မိသားစုအထောက်အပံ့ကို ဖြတ်တောက်လိုက်တာပါပဲ။ အခုကိုမင်းအောင်လိုကိစ္စမျိုးမှာ အကျဉ်းထောင်ထဲက အကျဉ်းသားတစ်ယောက်ကို သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာဟာ နှိပ်စက်တဲ့သဘော၊ လူမဆန်တဲ့သဘော၊ လူ့ဂုဏ်သိက္ခာကို ချိုးနှိမ်ရာရောက်ပါတယ်" ဟု ကိုဘိုကြည်မှ ဆိုပါသည်။

အကျဉ်းထောင်ဆရာဝန်နှင့် သင့်တော်သော ဆေးဝါးကုသမှုမရှိသော နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခြင်း၊ လွန်စွာကြမ်းတမ်းသော အကျဉ်းထောင် အခြေအနေများ နှင့် အကျဉ်းထောင်အတွင်း နှိပ်စက်ကလူ ပြုမှုများကြောင့် မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးအတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅၀ ကျော်သည် လက်ရှိတွင် ကျန်းမာရေး အခြေအနေ ဆိုးရွားပါသည်။ ၎င်းနိုင်ငံရေးအကျဉ်းသား ၁၅၀ ကျော်အတွင်းမှ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပက်သက်၍ မှားယွင်းစွပ်စွဲ၍ အတင်းအကျပ်ဝန်ခံခိုင်းကာ မတရားထောင်ဒဏ် ချမှတ်ခံခဲ့ရသဖြင့် ထောင်တွင်းတွင် နှစ် ၂၀ ကျော် ချုပ်နှောင်ခံနေရသူ ကိုညီညီဦး နှင့် ကိုသန့်ဇော် တို့နှစ်ဦးသည်လည်း အပါအဝင်ဖြစ်ပါသည်။ ကိုညီညီဦးသည် ၂၀၀၇ ခုနှစ်တွင် လေဖြတ်ကာ သွေးတိုးရောဂါခံစားနေခဲ့ရပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ ကျခံနေရသည့် ကိုမင်းကိုနိုင်သည် ကျန်းမာရေးအခြေအနေ ချို့ယွင်းကာ အရေးပေါ်ဆေးကုသမှု လိုအပ်နေပါသည်။ သူသည် အရိုးကျီးပေါင်းရောဂါနှင့် အဆစ်အမြစ်ရောင် ရောဂါကို ကြာရှည်စွာ ဆက်တိုက်ခံစားနေခဲ့ရပြီး ယခုလက်ရှိ အခြေအနေတွင် ထိုရောဂါနှစ်ခုအပြင် မကြာခဏ ခေါင်းမူးခြင်းနှင့် နှလုံးအားနည်းခြင်း ဝေဒနာကိုပါခံစားနေရပါသည်။ သူသည် အချိန်ကာလ ကြာမြင့်စွာ တစ်ဦးတည်းတိုက်ပိတ်ထိန်းသိမ်းခံထားရပါသည်။

"ကိုမင်းအောင်နဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားထောင်တွေထဲမှာ ရောဂါဝေဒနာ ခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လူအခွင့်အရေးအတွက် ဦးဆောင်ဦးရွက်ပြောဆို လုပ်ကိုင်မှုတွေကြောင့် ထောင်သွင်းအကျဉ်းချခံနေကြရပါတယ်။ တကယ်တော့ သူတို့တွေဟာ အစကတည်းက ထောင်ကျရမယ့်သူတွေမဟုတ်ပါဘူး။ သူတို့သာ အရေးပေါ် ဆေးဝါးကုသမှုတွေ မရဘူးဆိုရင် ဒီလိုနဲ့ပဲ ထောင်ထဲမှာ အသက်ဆုံးရပါလိမ့်မယ်" ဟု ကိုဘိုကြည်မှ ပြောကြားပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

Posted: 18 Apr 2011 08:42 AM PDT


ကက်ကင်းကုသိုလ်
      နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သင်္ကြန်အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ စသည့် သင်္ကြန်တွင်းကာလတွင် နာရေးကူညီမှုပေါင်း (၁၇၅) ဦးတို့အား အခမဲ့ ကူညီဖေးမ သင်္ဂြိုလ်ပေးခဲ့ သည်။ သင်္ကြန်အတက်နေ့ည (၁၂း၀၀) နာရီအချိန်ထိ ကူညီမှုများကို ပြုလုပ်ပေးခဲ့သည်။ သင်္ကြန်တွင်း ကာလတွင် နာရေးကူညီမှုများ ထမ်းဆောင်ပေးဆပ်ရာ၌ နာရေးလမ်းကြောင်း ကားလမ်းမပေါ်တွင် သင်္ကြန်ရေကစားမဏ္ဍပ်များ ဆောက်လုပ်ထားမှုကြောင့် နိဗ္ဗာန်ယာဉ် ၀င်/ထွက် သွားလာရာ၌ အခက် အခဲရှိခြင်း၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်စေသောကြောင့် ကူညီ မှုအချိန် နှောင့်နှေးကြန့်ကြာခြင်းများ ရှိခဲ့သည်။ သို့သော် မြန်မာပြည်သူလူထုတို့၏  လူသားချင်းစာနာ စိတ်ဓါတ်ကြောင့် ၀ိုင်းဝန်းကူညီကာ လမ်းရှင်းပေးခြင်း၊ ပိတ်ဆို့မှုများအား ဖယ်ရှားပေးခြင်းတို့ကြောင့် အခက်အခဲများ ချောမွေ့စေခဲ့သည်။
      သင်္ကြန်တွင်းကာလအတွင်း အများပြည်သူတို့ ပျော်ပါး၊ ရေကစား၊ ကခုန်နေချိန်၌ နာရေးကူညီ မှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် အများပြည်သူအတွက် မိမိတို့၏ ပျော်ရွှင်မှုများကို စွန့်လွှတ်ကာ အများအကျိုးအတွက် ထမ်းဆောင်ပေးဆပ်လျှက် ရှိကြသည်။ သင်္ကြန်ရက်အတွင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား/သူ တစ်ဦးချင်း (သို့) အဖွဲ့ လိုက် စုပေါင်း၍ စတုဒီသာ အကျွေးအမွေးအဖြစ် နံနက်စာ၊ နေ့လည်စာ၊ အချိုပွဲ၊ ညနေစာ စသည်တို့ ကို ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ အလှူရှင်များအား ကုသိုလ်ဖြစ် ကျွေးမွေးဒါနပြုခဲ့ကြသည်။
      နှစ်ဆန်းတစ်ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ မိသားစုလိုက်၊ တစ်ဦးချင်း၊ မိတ်ဆွေသူငယ်ချင်းများအဖွဲ့လိုက် လာရောက်၍ အလှူငွေလှူဒါန်းခြင်းများ မထင်မှတ်လောက် အောင်များပြားလှသည်။ ထိုနေ့ ည (၇း၀၀) နာရီအချိန်တွင် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး ဦးဆောင်၍ သံဃာတော် (၅) ပါးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာသို့ ပင့်ဆောင်ကာ ဆရာတော်ကြီးမှ ပရိတ်တရားတော်ချီးမြှင့်ပြီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ထမ်းဆောင်ပေးဆပ်ခဲ့သော ကုသိုလ်ကောင်းမှုများအား အမိအဖ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမ စသဖြင့် (၃၁) ဘုံကျင်လည်ကြကုန်သော မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းတို့အား အမျှပေးဝေငှခဲ့သည်။
      သင်္ကြန်အကြိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ် အဆောက်အဦးအသစ်ရှိ ဥက္ကဋ္ဌ ဦးကျော်သူ၏ အခန်းရှေ့သို့ ပျံသန်းနေသော ငှက်တစ်ကောင် ပြုတ်ကျလာခဲ့သည်။ ယင်းငှက်ငယ် အား နွေးထွေးစွာ ယူငင်ကြည့်သောအခါ သိမ်းငှက်ပေါက်တစ်ကောင်ဖြစ်နေကြောင်း သိခဲ့ရသည်။ ၄င်း သိမ်းငှက်ငယ်လေးအား ကျွေးမွေးပြုစုခဲ့ပြီးနောက် နှစ်ဆန်းတစ်ရက်နေ့တွင် ဘေးလွတ်ရာသို့ အချုပ် အနှောင်လွတ်ငြိမ်းရာသို့ ပြန်လည်၍ လွတ်ပေးခဲ့သည်။
      ဘဘ ဦးသုခ ပြောကြားခဲ့သောစကားအား ပြန်လည်အမှတ်ရစေခဲ့တော့သည်။ "မောင်ကျော် သူ မင်းနဲ့ ဘဘက ကက်ကင်း" တဲ့။
      ဟုတ်ပါသည်။ ကျော်သူ - သုခ၊ ကျော်သူ - သင်္ချိုင်း၊ ကျော်သူ - သင်္ကြန်၊ ကျော်သူ - သိမ်းငှက် အားလုံးတို့သည် ကက်ကင်းများဖြစ်ကြသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်း လုပ်ဆောင် ပေးခဲ့သော ကုသိုလ်ကောင်းမှုများအား ကက်ကင်းကုသိုလ်ကောင်းမှုဟု ဆိုလိုက်ပါတော့သည်။

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...

Posted: 18 Apr 2011 08:31 AM PDT
" မင်းတို့ရှိလို့ဘာအကျိုးမြတ်မှမဖြစ်ထွန်းဘူး

မင်းတို့ကိုရှင်းပစ်ဘို့လည်း ငါတို့မှာဘာတခုမှဆုံးရှုံးမသွားဘူး "

( ပိုပေါ့ - ခမာနီအစိုးရ အကြီးအကဲ- ကဗ္ဘောဒီးယားနိုင်ငံ)

ကျနော် အကျဉ်းထောင်အတွင်းမှာရှိနေစဉ် ပိုပေါ့ အကြောင်းကိုဖတ်ဘူးတယ် ( ခိုးဖတ်ရတာပါ )၊ ပိုပေါ့ဆိုတာ တခါက ကဗ္ဘောဒီးယား နိုင်ငံမှာ အာဏာရခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့အကြီးအကဲ အာဏာရှင်တစ်ယောက်ပေါ့ ၊ ပိုပေါ့
အာဏာရစဉ်ကာလအတွင်း လူသန်းပေါင်းများစွာသေကျေပျက်စီးခဲ့ရတယ် ၊ အထက်ဖော်ပြပါ စကားကတော့ သူပြောခဲ့တဲ့စကားပါသူနဲ့သူ့ပါတီ၊သူ့အစိုးရကိုဆန့်ကျင်သူတွေအပေါ်မှာထားခဲ့တဲ့သဘောထားတခုလည်းဖြစ်ပါ တယ်။ခမာနီတွေအာဏာရစဉ်ကာလတလျှောက်လုံးလူပေါင်းများစွာကိုနှိပ်စက်ခဲ့တယ်၊ဝေလံခေါင်ဖျားတဲ့အရပ်ဒေသတွေပို့ပြီးလယ်ယာမြေတွေထွန်ယက်စိုက်ပျိုးစေခဲ့တယ်၊အထူးသဖြင့်ပညာတတ်နဲ့လူလတ်တန်းစားများအတွက် အဲဒီအချိန်ကာလ ကဗ္ဘောဒီးယားနိုင်ငံကြီးဟာ ငရဲပြည်ကြီးသဖွယ်ဖြစ်စေခဲ့တယ်၊ နောက်ဆုံး အဆုံးသတ်မတော့ ပိုပေါ့ ဟာတောတွင်းတနေရာရဲ့ တဲငယ်လေးတခုပေါ်မှာ ဂရုစိုက်မဲ့သူမရှိပဲ သေဆုံးသွားခဲ့တာပါ၊ နိဂုံးမလှစွာနဲ့ပဲ အဆုံးသတ်သွားရတယ်ဆိုမမှားပါဘူး၊တချိန်ကလျှမ်းလျှမ်းတောက်အာဏာရှင်ကြီးဟာဘ၀ရဲ့နောက်ဆုံးစာမျက် နှာများမှာ အခြွေအရံမရှိ ၊ အာဏာမရှိ ၊လေးစားမဲ့သူမရှိနဲ့ ---ဒါပေမဲ့ ကံကောင်းသွားတဲ့တချက်ကတော့ ပြစ်ဒဏ်စီရင်မခံရပဲသူ့ရောဂါနဲ့သူသေသွားတာကတော့ကံကောင်းတယ်လို့ပြောမယ်ဆိုရင်ပြောလို့ရနိုင်ပါတယ်။အဲဒီအချိန်ကာလတွေက တာဝန်ရှိသူ သက်ရှိထင်ရှား ခမာနီ ခေါင်းဆောင်များကတော့ အခုထိတိုင် အရေးယူခံနေရစဲဖြစ်ပါတယ်။လူတယောက်ရဲ့အသက်ရှင်သန်မူ့ကိုတိရိစ္ဆာန်တကောင်လောက်တောင်တန်ဘိုးမထားပဲ ရက်စက်ခဲ့တဲ့ အာဏာရှင်တွေပါ၊

မြန်မာပြည်သမိုင်းစဉ်တလျှောက် စစ်အာဏာရှင်များဟာလည်း တချိန်က ကဗ္ဘောဒီးရားနိုင်ငံက ခမာနီများထက်မသာရင်တောင်မှ မလျှော့ပါဘူး ၊ မြင်သာတဲ့ သုတ်သင်ရှင်းလင်းမူ့တွေကို ခမာနီတွေလောက် သိသာအောင်မလုပ်တာကလွဲရင် ကျန်တာတွေအတူတူပါပဲ၊ မြန်မာပြည်အကျဉ်းထောင်တွေထဲမှာ၊စစ်မြေပြင်မှာ ၊ လမ်းမတွေပေါ်မှာ ၊ စစ်ကြောရေးစခမ်းများစွာထဲမှာ လူသိတာရော မသိတာရော ဆုံးရှုံးနစ်နာခဲ့ရတဲ့ ၊ ဆုံးရှုံးနစ်နာစဲဖြစ်နေတဲ့ အညတြ မထင်မရှား သူရဲကောင်းတွေဆိုတာ နည်းလားဗျာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေကြီးမူးပြီး " အညတြသူရဲကောင်းများဆု " ကိုဂုဏ်ပြုချီးမြှင့်တော့ ကျနော် အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ ပုဂ္ဂိုများဟာ မြန်မာပြည် စစ်အာဏာရှင်တော်လှန်မူ့သမိုင်းမှာ သိပ်မထင်ရှားပဲပေးဆပ်နေရသူစစ်စစ်တွေပါ ၊ သူတို့ကို ကမ္ဘာကလည်းမသိ၊ ပြည်သူအများစုကလည်းသိပ်မသိပဲ သူတို့ရဲ့ဘ၀တွေကို နှစ်ပေါင်းများစွာ အကျဉ်းစခမ်းထဲမှာပေးဆပ်နေဆဲပါ ၊

အဲဒီထဲက နှစ်ယောက်ကို ကျနော်ကောင်းကောင်းသိပါတယ် ၊ သူတို့ကတော့ ဦးခင်ဝင်း (ဘိုးတော်ခင်ဝင်းနဲ့ ) ၊ ကိုသန်းနိုင်တို့နှစ်ဦးပါ။ ၁၉၈၉ ခုနှစ်လောက်က ကျနော်ကိုဖမ်းပြီး အင်းစိန်ထောင် ၂ တိုက် ( ကြိုးတိုက်)ကိုပို့ထားစဉ်ကာလကပါ ပြောမယ်ဆို ကျနော့်အသက် ၂၀ ကျော်အရွယ် ဘ၀မှာတခါမှ အကျဉ်းထောင်ဆိုတာ မရောက်ဘူး ၊ နံမည်ကျော် စစ်ကြောရေးစခမ်းတွေထဲက တခုဖြစ်တဲ့ ထောက်လှမ်းရေး (၇ ) ရဲ့အထုအထောင်းနှိပ်စက်မူ့များအပြီး ထောင်ထဲစရောက်ကစ အချိန် နောက်တနေ့မှာ လူတယောက်က ကျနော့် အခန်းရှိရာကိုအပြေးလာပြီး အထုတ်လေးတထုတ်လာပစ်ပေးရင်းနဲ့…..

"ကျနော်ခင်ဝင်း..ပါ…ကိုမောင်မောင်ဝမ်း…ခင်ဗျားနဲ့လူချင်းမဆုံဘူးပေမဲ့..နံမည်ကြားဘူးနေတာကြာပါပြီ…ဘာမှ စိတ်အားမငယ်နဲ့…လိုတာရှိလှမ်းပြောလိုက် ကျနော်တတ်နိုင်သလောက်ကူညီမယ်…အိုကေနော် "ဆိုပြီး စကားကို ကတိုက်ကရိုက်ပြောပြေးထွက်သွားပါတယ်။ အမှန်ပြောရရင် ကျနော်သူ့ကိုမသိပါဘူး ၊ အဲဒီကစပြီး ကိုခင်ဝင်းဆိုတာကျနော်စိတ်ထဲမှာအမှတ်တရဖြစ်နေပါတယ်….နောက်မှသူ့အကြောင်းကို ကျနော်မေးကြည့်တော့ အကြောင်းစုံကိုသိရပါတယ်။ သူပေးခဲ့တဲ့ အထုတ်လေးထဲမှာ ထန်းလျှက် ၄လုံးလောက်ရှိမယ်ထင်တယ် နောက်..ငပိထောင်းလေးနည်းနည်းရယ် ဆေးလိပ် ၁၀ လိပ်လောက်ရယ်ပါ ပါတယ်။ အဲဒီ ပစ္စည်းတွေဟာ တန်ဘိုးမများဘူးထင်ရပေမဲ့ အဖိုးဖြတ်လို့တော့မရနိုင်ပါဘူး ၊ ကိုခင်ဝင်း ဒီလိုလာပေးတာဟာ သိပ်ကို အန္တယာယ်တွေနဲ့ရင်းပြီးလာပေးရတာပါ၊ ကိုခင်ဝင်းက တချိန်က ဗိုလ်ချုပ်ခင်ညွန့် သတင်းစာရှင်းလင်းပွဲမှာ အကြီးအကျယ်ရှင်းလင်းခဲ့တဲ့စာအုပ်နီလိုလူသိများတဲ့(ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီ)မူ့နဲ့အဖမ်းခံနေရစဉ်အချိန်ပါ၊ တယောက်နဲ့ တယောက်စကားပြောဆိုခြင်း ၊ ဆက်ဆံခြင်းမပြုဘို့ ပြင်းပြင်းထံထံ တားမြစ်ထားတဲ့အချိန် ၊ နှိပ်ကွပ်စရာရှိရင် လူမဆန်စွာနှိပ်ကွပ်ခံနေရတဲ့အချိန်တွေမှာ ကျနော့်အခန်းနဲ့ အလှမ်းကွာတဲ့နေရာမှာရှိနေတဲ့ သူ့အခန်းကနေ စွန့်စွန့်စားစားလာပေးတာပါ ၊ ဒါဟာ ရဲဘော်ရဲဘက် ဘယ်လောက်ဆန်သလည်းဆိုတဲ့ အချက်ကိုပြသလိုက်တာပါ ။ အများစုက သူ့ကို ဘိုးတော်လို့ပဲခေါ်ကြပါတယ်၊ ကျနော်သိသလောက်ဆိုရင် စစ်အာဏာရှင်အဆက်ဆက်မှာထောင်အကြိမ်ကြိမ်ကျပေးဆပ်နေရသူတဦးပါ၊သူ့ဘ၀ရဲ့အချိန်တွေတော်တော် များများဟာ အကျဉ်းထောင်အတွင်းမှာပဲများပါတယ်။ ကျနော်နဲ့သူ စက္ကန့်ပိုင်းလေးလောက်ပဲဆုံဖြစ်ခဲ့ကြပေမဲ့ သူ့နှလုံးသား သူ့ယုံကြည်ချက်တွေကိုတော့ ယနေ့ထက်တိုင် အသိမှတ်ပြုလေးစားနေဆဲပါ။



နောက်တစ်ဦးကတော့လက်ရှိမအူပင်ထောင်မှာအကျဉ်းကျခံနေရဆဲတချိန်ကမြေလတ်ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ ကိုသန်းနိုင်ပါ။ သူနဲ့ကျနော်နဲ့က ၈၈ အရေးတော်ပုံအပြီးမှာ မြေလတ်ကျောင်းသားလူငယ်များညီညွတ်ရေးတပ်ပေါင်းစု(မကညတ)ကိုကိုယ်စားပြုပြီးနိုင်ငံရေးလှုတ်ရှားမူ့များကိုဆောင်ရွက်ခဲ့ဘူးပါတယ်။ အထက်ဗမာပြည်ကျောင်းသားညီလာခံ ၊ မြေလတ်ကျောင်းသားညီလာခံတို့ကစလို့ ရန်ကုန်မှာနိုင်ငံရေးလှုတ်ရှားမူ့များကို ဆိုးတူကောင်းဘက် အငတ်ခံ လှုတ်ရှားခဲ့ဘူးပါတယ်။ သူက တောင်တွင်းကြီးသားပါ ၊ မကွေးကောလိပ်မှာကျောင်းတက်ခဲ့ပါတယ်။ တခါ ထောင်ထဲမှာရောက်တော့လည်း သရက်ထောင်မှာအတူပြန်ဆုံရပြန်ပါတယ်။ သူနဲ့ပတ်သက်လို့မမေ့နိုင်တဲ့ အနိဌာရုံတွေရှိခဲ့ဘူးပါတယ်။ တနေ့ မနက်စောစော ကျနော်က သရက်ထောင် နှစ်တိုက် ထဲမှာ ရှိနေစဉ်ကာလ သူက ဆေးရုံဆောင်လို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ အဲဒီနေ့က ဆေးရုံဆောင်မှာ နိုင်ငံရေးအခမ်းနားကျင်းပလို့ဆိုပြီး ထောင်အာဏာပိုင်များက ကိုသန်းနိုင် အပါဝင် ၆ ယောက် ၇ ယောက်လောက်ရှိမယ်ထင်တယ် သူတို့ကို ကျနော်တို့ နှစ်တိုက်ထဲ ထဲ့လိုက်ပါတယ်၊သူတို့ရောက်မလာခင်တိုက်ထဲမှာရှိတဲ့သူတွေအားလုံးကိုတိုက်ရဲ့အ၀င်ပေါက်ကိုကျောပေးပြီးထိုင်ခိုင်းတယ် အဲဒီအချိန်ထိ ကျနော်တို့လည်း ဘာမှန်းမသိသေးဘူး ဒါပေမဲ့ အားလုံးရဲ့စိတ်ထဲကတော့ ပြစ်ဒဏ်တိုက်သွင်းတော့မယ်ဆိုတာ သိနေကြတယ် ၊ နောက် အားလုံးကို ပုံစံတွေပေးသံ ၊ ဆဲဆိုးသံတွေ အဆုံးမတော့ နံပါတ်တုတ်တွေနဲ့ တအုံးအုံးရိုက်သံတွေထွက်လာပါတော့တယ်…အဲဒီမှာ ကျနော်တို့က အသံတွေကို ကျက်မိတယ် ၊ အော်ဟစ်သံ ၊ ငြီးတွားသံ ၊ ပြန်လည်ပြောဆိုသံ ၀န်ထမ်းတွေရဲ့ဆဲဆိုသံ စောင့်ကန်သံတွေကြားမှာ ကိုသန်းနိုင်ရဲ့စကားလုံးမပါပဲနာကျဉ်းဟစ်အော်လိုက်တဲ့ " ဟား…."ဆိုတဲ့ ရင်ခေါင်းအသံကြီးဟာ ငြိမ်သက်နေတဲ့ ထောင်ကို ဖောက်ခွဲထွက်သွားတယ်….၀န်ထမ်းတွေက သူ့ပါးစပ်ကိုပိတ်လိုက်ပုံရတယ်…နောက်တော့ ၀ူးဝါး ၀ူးဝါး ဆိုပါးစပ်ကို ရုန်းနေသံတွေ…အားလုံးဟာ ….ဘယ်လိုမှ မခံစားနိုင်တဲ့ အနိဌာရုံတွေပါ။ ရိုက်ပြီးတာနဲ့ သူတို့ကို သံခြေကျင်းတွေခြေထောက်မှာခပ်ပါတယ် တခါ ဒေါက်လို့ခေါ်တဲ့တတောင်သာသာလောက်ရှိမဲ့သံချောင်းနဲ့ကန့်လန့်တတ်ထားတယ်။တော်တော်နေရထိုင်ရခက်တဲ့အနေထားပါ။အဆုံးမတော့ တိုက်ခန်းထဲကို နှစ်ယောက်တတွဲ ထဲ့ထားလိုက်တယ်။ မိလ္လာချခွင့်၊ရေချိုးခွင့်မပေးဘူး

တပါတ်ကျော်ကျော်လောက်ကြာမယ်ထင်တယ် အဲဒီအခါကြမှ သူတို့ကို အညစ်အကြေးချခွင့် ရေချိုးခွင့်တွေပေးပါတယ် ၊ ဒါပေမဲ့လည်း ခြေထောက်မှာ သံခြေကျင်းနဲ့အတူ ကန့်လန့်တတ်ထားတဲ့ ဒေါက်က ရှိနေသေးတော့ လမ်းလျှောက်ရတာမှာ တော်တော်ခက်ခက်ခဲခဲ လျှောက်ရတာပါ၊

ဒီလိုနဲ့ထောင်ထဲမှာအတူနေကြရင်းလွတ်မြောက်သွားပြီးကွဲသွားလိုက်တာ..ကျနော်နောက်ဆုံးအကြိမ် ထောင်ထဲကလွတ်လာမှပြန်ဆုံဖြစ်တော့တယ်…၊သူကျနော့်ဇာတိမြို့ကိုရောက်လာတယ်နိုင်ငံရေးလှုတ်ရှားမူ့တွေကို မပြတ်တမ်းလုပ်နေဆဲပဲ စိတ်ဓါတ်ကတော့ မာကျောလျှက်ပဲ ထူးခြားသွားတာက တခေါင်းလုံးနီးပါး ဆံပင်တွေဖြူကုန်ပြီ ၊ စီးပွားရေးအဆင်မပြေတဲ့ အိမ်ထောင်ကိုဦးစီးနေရတယ်။ ကျနော်လည်း အဲဒီအချိန်က ထောင်ထဲကသာလွတ်လာတာသိပ်တော့ကျောမလုံလှဘူးသူ့ကိုလည်းသတိပေးတယ်။ကျနော်ကတော့ဆုံးဖြတ် ပြီးပြီ နောက်တခါဆိုရင်တော့ အဖမ်းမခံနိုင်တော့ဘူး လစ်မယ် ဒါကိုအတိအလင်းပြောထားလိုက်တယ်။ ကျနော် ထိုင်းနိုင်ငံဘက်ထွက်မလာခင်မှာသူကမဖြူဖြူသင်းတို့နဲ့ပေါင်းပြီးအေအိုင်ဒီအက်စ်ကိစ္စတွေအစွမ်းကုန်လိုက် ဆောင်ရွက်နေတာကိုသိရတယ်နောက်တော့ကိုမင်းကိုနိုင်တို့လှုတ်ရှားမူ့ဓါတ်ပုံတွေထဲမှာသူ့ကိုမကြာမကြာတွေ့ နေရတယ်။ရွှေဝါရောင်လှုတ်ရှားမူ့အလွန်မှာတော့သူနောက်ထပ်ထောင်ကျသွားတယ်ဆိုတာကိုကြားလိုက်ရတယ်

၈၈ အရေးတော်ပုံကစလို့သူ့ဘ၀တခုလုံးဟာနိုင်ငံရေးထဲမှာပဲရှိတယ်အကျဉ်းထောင်ထဲမှာနှစ်ရှည်လများ ၊ စစ်ကြောရေးစခမ်းတွေထဲမှာ ပြင်းထံတဲ့နှိပ်စက်မူ့ဒဏ်တွေကို အခုထိခံနေရဆဲပါပဲ။

သူတို့တတွေကိုပေးအပ်ခဲ့တဲ့ " အညတြ သူရဲကောင်းဆု" ဟာ သိပ်ကိုထိုက်တန်ပါတယ်။ ကျနော် သူတို့အတွက် ၀မ်းမြောက်တယ် ၊ သူတို့လိုပဲ ထောင်ထဲမှာ ၈၈ အရေးတော်ပုံကြီးကနေ ယနေ့အထိ နှစ်ပေါင်း ၂၃ နှစ်တောင်ရှိပြီ အသက်ရှင်နေသေးတဲ့ သံလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုသန်းဇော် ၊ သာယာဝတီ သုံးဆယ်ကသပိတ်ခေါင်းဆောင်ကိုဂျော်လီထွန်းဆိုလည်းပေးဆပ်နေရတဲ့အချိန်ကာလတွေဟာကြောက်စရာ ကောင်းလောက်အောင်လွန်နေပါပြီ ၊ ထောင်ထဲမှာ တရက် တရက်ဖြတ်ဘို့တောင်မလွယ်လှတဲ့ ကာလများမှာ နှစ်ပေါင်း ၂၃ နှစ်နေ နေရတယ်ဆိုတာ သိပ်ရက်စက်လွန်းလှပါတယ်။

သူတို့တတွေဟာလူသိနည်းတဲ့အညတြသူရဲကောင်းစစ်စစ်တွေပါ၊သူတို့ဘ၀တွေသူတို့ယုံကြည်ချက်တွေကိုလူထုလွတ်မြောက်ရေးအတွက်အစတေးခံနေသူတွေပါ၊မြန်မာနှစ်ကူးအချိန်အခါသမယမှာနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်လာမယ်ဆိုရင် မင်္ဂလာအပေါင်းနဲ့ စတင်ပြည့်စုံစေပါလိမ့်မယ်။ အဲသလိုမဟုတ်ပဲ…." မင်းတို့ရှိလို့ဘာအကျိုးအမြတ်မှမဖြစ်ထွန်းဘူး..မင်းတို့ကိုရှင်းပစ်ဘို့လည်းငါတို့မှာ ဘာမှဆုံးရှုံးမသွားဘူးဆိုတဲ့ " ခမာနီခေါင်းဆောင်ဟောင်း ပိုပေါ့ ရဲ့လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ပိုပေါ့လိုပဲ ဘ၀နိဂုံး ဇတ်သိမ်းမလှနဲ့ သွားရနိုင်တယ်ဆိုတာကို ပြောကြားရင်း………၊



အားလုံးကိုလေးစားစွာဖြင့်

( မောင်မောင်ဝမ်း )


No comments:

Post a Comment