Thursday, 9 June 2011

Fwd: ဒီမိုဝေယံ


အချိန်ရှိသေးတယ် နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဉ်းစားပါဦး.....

Posted: 04 Jun 2011 11:14 AM PDT

၁၉၇၄ခုနှစ်က မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းရုပ်သံဖိုင်ပါ..။
ပြည်တွင်းမှ စာဖတ်ပရိသတ် မိတ်ဆွေများ ၁၉၇၄ခုနှစ်က မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းရုပ်သံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?re1i10kcqerp6f9
သမိုင်းတရားခံ ဦးနေဝင်း အာဏာသိမ်းပြီး ၁၂နှစ်အကြာ မဟာရန်ကုန်မြို့ရဲ့ မြင်ကွင်းတွေပါ...။ ရန်ကုန်မြို့လယ်ကောင် မြင်ကွင်းတွေထဲမှာ လူမရှိတဲ့ သံတမာန်ကုန်တိုက်နဲ့ သိမ်ကြီးဈေးဝန်းကျင် .. ထိုစဉ်က ဆူးလေဘုရားလမ်းပေါ်မှာ ယခုလို သံဇကာတွေ ကာရံထားခြင်း မရှိပါဘူး။ ကန်တော်ကြီး ဝန်းကျင် မြင်ကွင်းများနဲ့ ထိုစဉ်က ဆောက်လက်စ ကရဝိတ်ဟိုတယ်ကို မြင်တွေ့နိုင်ပါတယ်...။

ပါလီမာန် ခေတ်ရဲ့ အကြွှင်းအကျန်တွေ ကုန်ဆုံးပြီး တစစ အာဏာရှင်ခေတ် ရုပ်လုံးတွေ ပီပြင်လာနေပြီလို့ ဆိုနိုင်တဲ့ အခြေအနေတွေပါပဲ..။ မြန်မာ့ သမိုင်းရဲ့ အရေးပါတဲ့ နှစ်ဖြစ်တဲ့ ၁၉၇၄ခုနှစ် မဆလရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတဲ့ နှစ်ဖြစ်သလို နိုင်ငံဂုဏ်ဆောင် ဦးသန့်ရဲ့ရုပ်ကလပ်အား နိုင်ငံတော် ဈာပနအဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချင်တဲ့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေ သွေးမြေကျခဲ့ရတဲ့ ဦးသန့်အရေးအခင်း ဖြစ်ပွားခဲ့ရတဲ့ ခုနှစ်လည်း ဖြစ်ပါတယ်..။ တစ်ချို့သော ပုဂ္ဂိုလ်တွေက ကွန်မာန့်တွေမှာ ရေးလာကြပါတယ်..။ အဟောင်းတွေကို ပြန်မဖေါ်ဖို့တို့ ပြီးခဲ့တာတွေ ပြီးပြီလို့ ဆိုတဲ့သူတွေ ရှိသလို ဒီထက်ဆိုးတာကတော့ ယခင်နဝတ၊ နအဖလုပ်ဆောင်ခဲ့တာတွေဟာ ယခုသိန်းစိန် အစိုးရနဲ့ မဆိုင်ဆိုပြီး မလိမ့်တပတ် သမိုင်းကို လိမ်ဖို့ ဖျောက်ဖျက်ဖို့ ကြံနေတာကိုလည်း မြင်တွေ့လာရပါတယ်...။

သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရသလို လုပ်ကြံဖန်တီးလို့လည်း မရပါဘူး...။ ဆရာကြီး ဒေါက်တာသန်းထွန်း ပြောသလို ကျွန်တော်တို့ မအအောင် လေ့လာသင်ယူရပါမယ်...။ ကျွန်တော်တို့ ငယ်စဉ် မဆလခေတ် သမိုင်းသင်ရိုး ညွှန်းတန်းတွေထဲမှာ အိမ်စောင့်အစိုးရ၊ တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ လူနဲ့လူ့ပတ်ဝန်းကျင် အညမည ဆိုတာတွေနဲ့ ကျင်လည်ခဲ့ရတာပါ....။ သမိုင်းစာအုပ် အမှန်တွေထက် ဆိုရှယ်လစ်အာဘော်တွေသာ ဖတ်ခဲ့ရတာပါ...။ နိုင်ငံတကာရေးရာဆိုတဲ့ မဆလထုတ် စာစောင်လောက်သာ ဖတ်ခဲ့ရပြီး ထိုစဉ်က စစ်အေးတိုက်ပွဲတွေကို အကြောင်းပြပြီး အမေရိကန်နဲ့ ဆိုဗီယက် စစ်အင်အား သတင်းတွေကြားထဲမှာ သူငယ်ချင်း မိတ်ဆွေ အချင်းချင်းတွေ သူဆိုဗီယက် ကိုယ်အမေရိကန်ဆိုပြီး လဖက်ရည်ဆိုင်တွေ ဆံပင်ညှပ်ဆိုင်တွေမှာ အရေမရအဖတ်မရ နိုင်ငံရေးအတွေးအခေါ်တွေ ကင်းမဲ့အောင် ရန်တိုက်ပေးထားတာ ခံခဲ့ရတဲ့ မဆလခေတ် အခြေအနေတွေပါပဲ...။

နဝတ၊ နအဖခေတ် ရောက်တဲ့အချိန်မှာလည်း အာဏာရှင်လက်အောက် သမိုင်းအမှန် ပြုစုရေးအဖွဲ့ကို ဖွဲ့ပြီး သေနတ်အောက်က သမိုင်းမှန်ဆိုပြီး အတင်းအကြပ် ပြုစေခဲ့တာပါပဲ...။ ဆိုလိုချင်တာကတော့ အာဏာရှင်ကြီး ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဟာ သမိုင်းမှန်တွေကို ဖျောက်ဖျက်ဖို့ ကြိုးစားလာတာပါပဲ...။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တစတစ နောက်မျိုးဆက်တွေ မသိအောင် ပညာသားပါပါ လုပ်ဆောင်လာနေတာပါပဲ..။ အတိုချုပ်ပြောရရင်တော့ သမိုင်းတစ်ကွေ့ ဖြတ်ကျော်လာချိန်မှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှု ဆိုတာတွေကို သမိုင်းကမှတ်တမ်း တင်နေမှာပါပဲ...။ မြန်မာပြည်ရဲ့ ခေါင်းဆောင်တွေဟာ အကျယ်ချုပ်၊ လုပ်ကြံခံရမှုစတာတွေနဲ့ ဇာတ်သိမ်းကြရပါတယ်..။ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ကြံခံခဲ့ရပေမယ့် သမိုင်းကောင်းခဲ့တဲ့ အတွက် နောင်နှစ်ပေါင်းများစွာလည်း အဓွန့်ရှည်တည်တံ့ သမိုင်းလှနေဦးမှာပါ...။ သီပေါဘုရင်၊ ဦးနေဝင်း တို့ကတော့ နောက်ဆုံးအချိန်မှာ အကျယ်ချုပ်နဲ့ နေခဲ့ရပြီး ဘဝဇာတ်သိမ်းခဲ့ရပါတယ်..။ ဦးနေဝင်း သမိုင်းမလှခဲ့တဲ့ အတွက် နောက်ဆုံးအချိန် နေအိမ်အကျယ်ချုပ်နဲ့ ဇာတ်သိမ်းရတဲ့ အချိန်မှာတော့ မြန်မာပြည်သူတွေ ဝမ်းနည်းပူဆွေးခြင်း မရှိခဲ့တာ မဆန်းလှပါဘူး။ ထို့အတူ သွားလေသူ ဇာတ်သိမ်းမကောင်းခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်တွေအတွက် မည်သူမှ တမ်းတမ်းတတ ဝမ်းနည်းပူဆွေခြင်း မရှိသလို ဗိုလ်ချုပ်ခင်ညွန့် နေအိမ်အကျယ်ချုပ်နဲ့ နေနေရတဲ့အချိန်မှာတော့ မည်သူတစ်ဦးတစ်ယောက်မှ ဗိုလ်ချုပ်ခင်ညွှန့် လွှတ်ပေးရေးဆိုပြီး တောင်းဆိုတာ မရှိကြပါဘူး...။

နအဖရဲ့ ခေါင်းဆောင်ကြီး အာဏာရှင်ဦးသန်းရွှေဟာလည်း မလှမပခဲ့တဲ့ သမိုင်းရဲ့ ဒဏ်ခတ်မှုတွေကို မလွဲမသွေ ခံစားနေရမှာပါ...။ မိမိကွယ်လွန်ခဲ့သည် ရှိသော် ကျန်ရစ်ခဲ့မယ့် မိသားစု အရေးအတွက် စိုးရိမ်ပူပန်နေမှာတော့ အမှန်ပါပဲ...။ လောလောဆယ် မိမိသြဇာညောင်းသူတွေကို ရာထူးနေရာပေးပြီး အကာအကွယ် ယူထားပေမယ့် သမိုင်းရဲ့ ဒဏ်ခတ်မှုကို မလွဲမသွေ ရင်ဆိုင်ရမှာပါ..။ မလှမပခဲ့တဲ့ သမိုင်းကို မိမိလက်အောက်ငယ်သားတွေရဲ့ အကာအကွယ်နဲ့ အနာဂတ်ကို ရင်ဆိုင်ဖို့ ဆိုတာ တခဏပါပဲ...။ မမြဲတဲ့ သဘောတရားတွေပါပဲ..။ လက်ရှိအခြေအနေမှာ အချိန်ရှိပါသေးတယ်။ မလှမပခဲ့တဲ့ သမိုင်းနဲ့ နောင်လာမယ့် သားစဉ်မြေးဆက် လူတောသူတော တိုးနိုင်အောင် နောက်ဆုံးအချိန်မှာ သမိုင်းကောင်းအောင် လုပ်ဆောင်နိုင်ပါသေးတယ်..။ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးပြီး လွှတ်တော်နဲ့ သမ္မတသစ်တွေ ပေါ်လာလို့ ကျွန်တော်တို့ မြန်မာပြည်သူတွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတယ်လို့ မကြားမိပါဘူး။ ကျွန်တော်တို့ မြန်မာပြည်သူတွေ အမျှော်လင့်ကြီး မျှော်လင့်နေတာကတော့ တီဗီဖန်သားပြင်နဲ့ သတင်းဂျာနယ်တွေထဲမှာ အတိုက်အခံခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အာဏာပိုင် အစိုးရလူကြီးတွေ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနဲ့ တဦးကို တဦးအာဃာသတွေ ကင်းစင်ပြီး တိုင်းပြည်အကျိုးအတွက် အကြိတ်အနယ် ဆွေးနွေးအဖြေရှာနေတဲ့ မြင်ကွင်းတွေပါပဲ...။ ထို့အတူ အမျိုးသားရင်ကြားစေ့ရေးနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာမယ့် မြင်ကွင်းတွေပါပဲ...။ ဒီလိုပြည်သူ့အပြုံး ပြည်သူ့ဆန္ဒကို လုပ်ဆောင် အကောင်အထည်ဖော်နိုင်တာ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးတွေပါပဲ...။ ဘဝရဲ့နောက်ဆုံးအချိန်မှာ သမိုင်းလှအောင် လုပ်ဖို့ အချိန်ရှိပါသေးတယ်...။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ကြေလွယ် အေးလွယ် စိတ်သဘောထား ပြည့်ဝတဲ့လူမျိုးတွေပါပဲ..။

သာဓကအနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မိမိတို့အပေါ်နှိပ်စက် ညှင်းပန်းခဲတဲ့ ဖက်ဆစ်ဂျပန်ကိုတွေ စစ်ရှုံးလို့ ထွက်ပြေးလာချိန်မှာ အသက်အန္တရာယ် လုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးခဲ့ကြသလို စစ်ကြီးပြီးလို့ စစ်ပြေငြိမ်းရေး စာချုပ်တွေကို ချုပ်ဆိုခဲ့ကြရမှာလည်း တခြားသော တရုတ်၊ ကိုရီးယား ဂျပန်လက်အောက်ကို ကျရောက်ခဲ့တဲ့ နိုင်ငံများထက် အရင်ဦးဆုံး စာချုပ်ချုပ်ဆိုခဲ့ပြီး အာဃာသတွေ ချေဖျောက်ခဲ့တဲ့နိုင်ငံပါ...။ နောက်ဆုံးပြောလိုတာကတော့ တပ်ချုပ်ကြီးဟောင်း ဦးသန်းရွှေအနေနဲ့ ဘဝရဲ့နောက်ဆုံးအချိန်မှာ သမိုင်းလှအောင် လုပ်ဆောင်ဖို့ အချိန်ရှိပါသေးတယ်။ ကုန်လွန်ခဲ့တဲ့ အစွန်းအထင်းတွေနဲ့ သမိုင်းအပြင် မိမိမိသားစု စိတ်အေးချမ်းသာစွာ လူတောတိုး နေနိုင်သွားနိုင် လာနိုင်အောင် မိမိသြဇာညောင်းသူတွေရဲ့ တဒင်္ဂ မတည်မြဲတဲ့ အကာအကွယ်ထက် ရေရှည်တည်တံ့ သမိုင်းလှပမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစီးလုပ်ဆောင်ပေးဖို့ အချိန်ရှိသေးကြောင်းနဲ့ နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဉ်းစားပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်...။

ဒီမိုဝေယံ

ရခိုင်မြောက်ဦးမြို့မှ ရှေးဟောင်း ဆင်းတုတော်များ ဒေသခံများ၏ ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် နေပြည်တော်သို့ ပို့ဆောင်မှုအား ခေတ္တရပ်ဆိုင်း.. (အသံဖိုင်)

Posted: 04 Jun 2011 05:13 AM PDT

အသံဖိုင် နားဆင်ရန်.
ဝေသာလီ၊ လေးမြို့၊ မြောက်ဦး ခေတ်မှ ရှေးဟောင်း စေတီပုထိုးများ ဖြစ်ကြောင်းသိရှိရပါတယ်... ရတနာ မာန်အောင်ဘုန်းကြီးကျောင်းတိုက်ရဲ့ ရွှေမဉ္ဖူတောင်ပေါ်မှ ဘုရားပျက်များအား ပြင်ဆင်ရာမှ ရွှေဆင်းတုတော်နဲ့ ရှေးဟောင်းပစ္စည်း ဆင်းတုတော်အပါအဝင် ၃၆မျိုးခန့်တွေ့ရှိရတယ်လို့ ဆိုပါတယ်..။ ဒေသခံတဦးရဲ့ ပြောပြချက်... အသံဖိုင်ပါ..။

အသံဖိုင်ဒေါင်းလုပ်.. http://www.mediafire.com/?duibzmnnx6gxdpr

ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၃နာရီခန့်က မြောက်ဦးမြို့ နန်းတော်ရာကုန်းမှ ဆန္ဒပြမှု သတင်း.. (Breaking News)

Posted: 04 Jun 2011 02:10 AM PDT

မြောက်ဦးမြို့မှ ရရှိသော ၄ ပိသာ ၆၄ ကျပ်သားရှိ ဘုရားဆင်းတုတော် အပါအ၀င် အခြား ရှေးဟောင်း ဆင်းတုတော်၂၇ ဆူကို နေပြည်တော်သို့ ယူဆောင်ရန် ညွှန်ကြားလိုက်ပြီ ဖြစ်သည်။ ယနေ့ (သို့မဟုတ်) နက်ဖြန်ခါ ယူဆောင်တော့မည် ဖြစ်သည်။ မြောက်ဦးတွင် မြို့သူ မြို့သားများမှ နန်းရာကုန်းတွင် စုရုံးပြီး ဘုရားကို မယူဆောင်ရန် မေတ္တာရပ်ခံ ပန်ကြားနေကြသည်။ တချို့က အထူး မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။ ရုန်းရင်း ဆန်ခတ် ဖြစ်မည့် အနေအထားသို့ ရောက်ရှိနေသည်ဟု သိရသည်။ အမြန်ဆုံး တတ်နိုင်သလို လုပ်ကြပါ။ 

 ဆက်သွယ် မေးမြန်းရန် 
ဦးအောင်သန်းတင်- ၀၉ ၄၉၆၄၁၇၅၉ ရခိုင်ယဉ်ကျေးမှုဝန်ကြီး
ဒေသခံတစ်ဦး ဦးရွှေတင်- ၀၉ ၄၉၆၆၈၈၈၇
ယခုလူစုနေကြပြီ ဖြစ်ကြောင်းသိရှိရပြီး နောက်ဆုံးအခြေအနေအရ လူတော်တော်များလာပြီ ဖြစ်ကြောင်း နန်းတော်ရာကုန်းကို ၀ိုင်းလိုက်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်...။ မတရားမှုကို ငုံခံမနေကြပါနဲ့ အားလုံး ပူပေါင်း ဆော်သြကြပါ...။

နှလုံးသားတွင် ဘုရားတည်...

Posted: 04 Jun 2011 12:51 AM PDT

နှလုံးသားတွင် ဘုရားတည်

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ကျွန်တော် မဖူးမြှော်ရသည်မှာ လေးနှစ်တာ ကာလအတွင်းသို့ ရောက်ခဲ့ပြီဖြစ်သည်။

ကုန်လွန်ခဲ့ပြီးသောကာလ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမတိုင်မီ အချိန်များတွင် ကျွန်တော် သည် တစ်ပါတ်လျှင် တစ်ကြိမ်အနည်းဆုံး ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက် ဖူးမြှော်ခဲ့ဖူးပါသည်။ ထို့အပြင် တက်ရောက်ကြည်ညို ဖူးမြှော်ခွင့်ရခဲလှသော ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အထွဋ်အထိပ်တွင် တည်ရှိနေသော စိန်ဖူးတော်ကြီးအားလည်း ကျွန်တော်နှင့် ကျွန်တော်၏သား ပြည်သိမ်းကျော်တို့ တက်ရောက် ဖူးမြှော်ခဲ့ဘူးပါသည်။

ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြန်မာပြည်သူလူထုတင်မက ကမ္ဘာ့နိုင်ငံအသီးသီးမှ ဘာသာခြားများနှင့်ပါ မစိမ်းပါ။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လွတ်လပ်စွာတက်ရောက် ဖူးမြှော် ခွင့်ရရှိသည့် တန်ခိုးကြီးမားလှသည့် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာတည်း ဟူသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်များကိန်းဝပ်ရာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၂၀၀၇ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေး၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား (အခမဲ့) ဖေးမကူညီပေးနေသော ကျွန်တော်တက်ရောက် ဖူးမြှော်ရာတွင် လွတ်လပ်မှုများ ဆုံးရှုံးခဲ့တော့သည်။

ကျွန်တော်သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တက်ရောက် ဖူးမြှော်မည်ဆိုပါက အာဇာနည်ကုန်း မြောက်ဘက်မုဒ်မှ ဓါတ်လှေခါးနှင့်တက်ကာ ရင်ပြင်ပေါ်ရောက်သည်နှင့် မေတ္တာပို့သမှုကို မြောက်ဘက်မုဒ်တွင်ရှိသော ၀ိဇ္ဖာတန်ဆောင်းရောက်သည်အထိ ပို့သကာ ၀ိဇ္ဇာတန်ဆောင်းတွင် သမထ္ထ၊ ၀ိပဿနာကျင့်စဉ်တို့ကို ကျင့်ကြံအားထုတ်ပြီး တနင်္လာဒေါင့်တွင် စေတီတော်မြတ်ကြီးအား မြတ်ဗုဒ္ဓ၏ ဆံတော်များကို မျှော်မှန်းကြည်ညိုသဒ္ဓါပွားကာ ဦးချပြီးနောက် စေတီတော်မြတ်အား လင်္ကျာရစ်တစ်ပါတ် ပါတ်ကာ အောင်မြေတွင်ဦးချ၍ မြောက်ဘက်မုဒ်မှ ပြန်လည်၍ ဆင်းလေ့ရှိသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလကုန်မှစ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြှော်၍ အဓိဋ္ဌာန်ကျင့်စဉ်များ၊ မေတ္တာပွားများမှုများကို သွားရောက်ကျင့်ကြံအားထုတ်ရာတွင် . . . ကျွန်တော်၏ နောက်မှ မယောင်မလည်နှင့် ပါလာသော လူတစ်ချို့၊ ၀ိဇ္ဇာတန်ဆောင်းထဲသို့ဝင်ရောက်ရာ၌ မြတ်စွာဘုရားရှင်အား တစ်စုံတစ်ဦးမှ ဆက်ကပ်ထားသော စားဖွယ်သောက်ဖွယ် သစ်သီးဝလံများအား လျင်မြန်စွာ သိမ်းကြုံး၍ ယူငင်သွားခြင်း၊ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံရာ၌ ပွားများသော မြတ်စွာဘုရား၏ ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ရာ၌ မည်သည့်ဆုများ တောင်းနေသနည်း။ မည်သည့်ဂုဏ်တော်များ အား ရွတ်ဖတ်နေသနည်း ဟူ၍ ကျွန်တော်၏အနားတွင် ကပ်၍နားထောင်နေသော သူတစ်ချို့၊ အဓိဋ္ဌာန်စ၍ (၁၀) မိနစ် (၁၅) မိနစ်ခန့်တွင် "ဆရာကြီး ဆရာကြီး နေရာကဖယ်ပေးပါတော့။ (အဘ) ဧည့်သည်တော်လာနေပြီ" ဟူ၍ တစ်မျိုး၊ ကျွန်တော့်အား ဓါတ်ပုံခိုးရိုက်ကြသော လုံခြုံရေးများက တစ်ဖန်၊ အချို့သော ဘုရားဖူးများက ကျွန်တော်၏ အဓိဋ္ဌာန်ပြီးစီး၍ မြတ်စွာဘုရားရှင်အား ရှစ်ခိုးကန်တော့အပြီးတွင် ကျွန်တော်၏ ဘေးမှ၎င်း၊ ရှေ့မှ၎င်း လာရောက်၍ ကျွန်တော့်အား လက်အုပ်ချီမိုးနေကြခြင်း စသည်စသည်တို့ကြောင့် ကျွန်တော်သည် ယနေ့တိုင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဝေးကွာခဲ့ရပါတော့သည်။ ကုသိုလ်ယူ မေတ္တာပွားလို၍ သွားကာမှ အကုသိုလ်တွေသာ ရခြင်းသည် မဖြစ်သင့်တော့ချေ။ ထို့ကြောင့် ကျွန်တော်သည် ရန်ကုန်မြို့ မြို့လည်ခေါင်သို့ သွားရောက်သည့် အချိန်ကာလများတွင်သာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား အဝေးမှ ဖူးမြှော်ကန် တော်ခွင့်ရခဲ့တော့သည်။

လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော ကျွန်တော်တို့၏ မြတ်ဗုဒ္ဓရွှေတိဂုံစေတီတော်မြတ်အား မလွတ်လပ်စွာဖြင့် မဖူးမြှော်လိုတော့ပါ။ ထို့ကြောင့် ကျွန်တော်၏နေအိမ်ရှိ ဘုရားခန်းထဲမှ မြတ်ဗုဒ္ဓ ဆင်းတုတော်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းတွင်းမှ ဗုဒ္ဓဆင်းတုတော်များ ရှေ့မှောက်တွင်သာ မိမိမေတ္တာပွားများမှုနှင့် သမထ္တ ၀ိပဿနာကျင့်စဉ်များကို ကျင့်ကြံအားထုတ်ခဲ့ ရပါတော့သည်။

၂.၆.၂၀၁၁ ခုနှစ် ကြာသပတေးနေ့သည် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်တော့သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်သို့ နံနက် (၁၁း၀၀) နာရီ အချိန်တွင် အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့်အဖွဲ့ လာရောက်တွေ့ဆုံ လေ့လာ စကားပြောမည့် နေ့ဖြစ်သည်။ ထို့ကြောင့် နံနက် မိုးလင်းလင်းခြင်း နာရေးကူညီမှုအသင်း သန့်ရှင်းမှု၊ လုံခြုံမှု စသည့်ကိစ္စရပ်များအား ညွန်ကြားနေစဉ် Townace Pick-up ကားအဖြူတစ်စီး ၀င်လာသည်။ လူ (၅) ယောက်ခန့်ပါလာသည်။ သစ်သားဘောင် ၅ ပေ x ၄ ပေအရွယ်ကြီးတစ်ခုပါ ကားပေါ်မှ ချကာ လူတစ်ဦးက ကျွန်တော့်အား ၀မ်းသာဖက်လှဲနှင့် "ဦးကျော်သူရေ … အခုမှပဲ ကျွန်တော်ရဲ့ဆန္ဒ ပြီးမြောက်တော့တယ်" ဟု ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ထိုသူ၏ အမည်ကား "ဦးဝင်းတင်"။ ပန်းချီဆရာကြီး "ကျိုက်လတ်ဝင်းမောင်" ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်ဖွဲ့စည်းကတည်းက ကျွန်တော့်အား ဂုဏ်ပြုလိုသည်မှာ ယခုမှ နာရေးကူညီမှုအသင်း(ရန်ကန်)မှ အသင်းသားတစ်ဦးဖြစ်သူ ပန်းချီဆရာ ဦးတင်ဦး အဆက်အသွယ် နှင့်ပြီးမြောက်သွားခြင်း ဖြစ်သည်ဟု ပြောကြားကာ ပန်းချီဆရာကြီး ကျိုက်လတ်ဝင်းမောင်မှ သူရေးဆွဲ ထားသော ဆီဆေးပန်းချီကားကြီးအား ကျွန်တော့်အား ဂုဏ်ပြုလက်ဆောင်အဖြစ် ချီးမြှင့်သွား တော့သည်။ ထိုအချိန်ကာလ အပိုင်းအခြားအထိ ကျွန်တော်သည် အသင်းတွင် အလုပ်အလွန်များ နေ၍၄င်း၊ ဧည့်သည်တော် ဂျွန်မက်ကိန်းနှင့် တွေ့ဆုံနေမှုကြောင့်၎င်း၊ လက်ဆောင်ပေးအပ်ခဲ့သော ပန်းချီကားကြီးအား သေချာတိကျစွာ မလေ့လာ၊ မခံစားဖြစ်ခဲ့ပေ။ ဂျွန်မက်ကိန်း ပြန်သွားပြီး သည့်နောက် ပင်ပန်းမှုများအား အနားပေး၍ စိတ်ကိုလျော့ချလိုက်ကာ ကျွန်တော်၏ အခန်းတွင်းရှိ ကျွန်တော်၏ အလုပ်စားပွဲနံရံပေါ်တွင် ချိတ်ဆွဲထားသော ပန်းချီကားကြီးအား အသေးစိတ် ကြည့်ရှုနစ် မျှောသွားစဉ် ကျွန်တော်တို့၏ အသင်းသားတစ်ဦးဖြစ်သူ ကိုဝံသ (ပန်းချီဆရာကြီး ဦးသန်းအောင်၏ သား) ဖြစ်သူ၏ စကားသံကို ကြားလိုက်မိသည်။ "ပန်းချီလောကမှာ ပန်းချီကျိုက်လတ်ဝင်းမောင်ကို ရွှေတိဂုံဝင်းမောင်လို့ ခေါ်ကြတယ်။ ဒီဆရာက မျက်စိမှိတ်ပြီး ရွှေတိဂုံစေတီတော်ကို မကြည့်ဘဲ အလွတ် ရေးဆွဲနိုင်လောက်အောင်ကို တော်တယ်ဗျ" တဲ့။ ဟုတ်ပါသည်။ ဆရာကြီး ရွှေတိဂုံဝင်းမောင် (ခ) ပန်းချီကျိုက်လတ်ဝင်းမောင်၏ ဆီဆေးလက်ရာ ပန်းချီကားမှာ အသက်ဝင်လှသည်။ ကျွန်တော်၏ အလုပ်ခန်း ကြမ်းပြင်ပေါ်တွင် ခင်းထားသောကြွေပြားအခင်းပေါ်တွင်ထိုင်၍ ဖူးမြှော်ကြည်ညိုမိပါက တကယ့်ကို ရွှေတိဂုံ စေတီတော်မြတ် ရင်ပြင်တော်ပေါ်မှ ဖူးမြှော်ရသလို ခံစားရပါတော့သည်။

ကိုဝံသပြောသွားသောစကားအရ "ဒီဆရာက ရွှေတိဂုံစေတီတော်မြတ်ကို မကြည့်ပဲ အလွတ် ဆွဲနိုင်တယ်" ဟူသော စကားရပ်မှာ ကျွန်တော့်အတွက်များစွာတာသွားတော့သည်။ ဆရာတော် ဘုရားကြီးများ၏ ဆုံးမသြ၀ါဒများတွင်ပါရှိသော "နှလုံးသားမှာ ဘုရားတည်ဖို့ အရေးကြီးတယ်" ဟု ပဲ့တင်သံများထပ်သွားပါတော့သည်။ ဟုတ်ပါသည်။ ဆရာကြီးကျိုက်လတ်ဝင်းမောင်မှာ နှလုံးသားတွင် ဘုရားတည်၍ ရေးဆွဲထားခြင်းဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်မည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်အား ဂုဏ်ပြုချီးမြှင့်လက်ဆောင်ပေးခဲ့သော ရွှေတိဂုံစေတီတော်မြတ် ဆီဆေးပန်းချီကား၏ မြင်ကွင်းသည်ကား ကျွန်တော်ရွှေတိဂုံစေတီတော်မြတ်ပေါ်သို့ စတင်တက်ရောက်ရာလမ်း၊ ရွှေတိဂုံ စေတီတော်မြတ်မှ ရောင်ခြည်တော်များ ကွန့်မြူးခြင်းကို ကျွန်တော်ဖူးတွေ့မိသည့် ကျွန်တော်၏ အောင်မြေနေရာ၊ ကျွန်တော်အဓိဋ္ဌာန်ဝင်သည့် ၀ိဇ္ဇာတန်ဆောင်း စသည့် (၃) ဋ္ဌာနဆုံဆည်းရာ အောင်မြေများပါရှိရာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်သော ပန်းချီကားချပ်ကြီးပင်ဖြစ်တော့သည်။
လူသားအားလုံး နှလုံးသားတွင် ဘုရားတည်နိုင်ကြပါစေသတည်း။
ကျော်သူ

ဂျွန်မက်ကိန်း နေပြည်တော်သွားတာ ဘာထူးလဲ...???

Posted: 03 Jun 2011 09:02 PM PDT

ဂျွန်မက်ကိန်း နေပြည်တော်သွားတာ ဘာထူးလဲ...???
(ဆောင်းပါးရှင် သီတလ)
(၃၊၆၊၂၀၁၁) ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဂျွန်မက်ကိန်း နေပြည်တော်သွားပြီး ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နဲ့ တွေ့တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီအထဲက လိုရင်းအချက် နှစ်ချက်ပဲ တွေ့ရပါတယ်။

ပထမအချက်အနေနဲ့ ဂျွန်မက်ကိန်းက "မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင် ရှိတယ် လို့ ကြားသိရတဲ့အတွက် ICRC ကို လာရောက် လေ့လာခွင့် ပြုစေလိုပါတယ်"တဲ့။ ဒါကို ဒုသမ္မတ က တုံ့ပြန်တဲ့နေရာမှာ- နိုင်ငံရေး အကျဉ်းသားများနဲ့ ပတ်သက်ပြီး ယခင်ပြောနေကြ စကားဖြစ်တဲ့ "မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများ မရှိပါကြောင်း" ဆိုတဲ့ စကားတစ်လုံးတည်းနဲ့ပဲ ပယ်ချပစ် လိုက်ပါတယ်။ ICRCကိစ္စကို တုံ့ပြန်တဲ့နေရာမှာတော့ "ကြက်ခြေနီအဖွဲ့အစည်းများကို ယခင်က လက်ခံ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သော်လည်း ၄င်းတို့အနေဖြင့် လုပ်ပိုင်ခွင့်အတိုင်း အတာထက် ကျော်လွန်ဆောင်ရွက်ခဲ့သည်များ ရှိခဲ့သည့်အတွက် ထပ်မံခွင့်မပြုတော့ ခြင်းဖြစ်ကြောင်း၊ သို့သော် အဆွေတော်အနေဖြင့် အလေးအနက်ထား၍ ဆွေးနွေးခဲ့ခြင်း ဖြစ်သည့်အတွက် မိမိတို့ဘက်မှလည်း အဆင်ပြေသည့်အချိန်တွင် စဉ်းစားဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း" ဆိုပြီးတော့ တုံ့ပြန်သွားတာ တွေ့ရပါတယ်။ 

ဒီအချက်ကို သုံးသပ်ကြည့်ရင် နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့ အသိအမှတ်မပြုခဲ့တာဟာ အရင်ကလဲ ဒီလို အခုလဲ ဒီလိုဘဲ ဖြစ်နေတဲ့ အတွက် သူတို့တွေ ပြန်လည်လွတ်မြောက်လာဖို့ လက်ရှိအစိုးရဆီက ဘာမှမျှော်လင့် လို့ မရဘူး ဆိုတာရယ်၊ နောက်ပြီး ICRC လာပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဖို့ ဆိုတာကလဲ ကျားသနားမှ နွားချမ်းသာရမယ့် ကိန်းမျိုးဆိုက်နေတာရယ်၊ ဒါဘဲ တွေ့ရပါ တယ်။

နောက် ဒုတိယအချက် ဂျွန်မက်ကိန်းပြောတာက-"ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအတွင်း ရန်ကုန်နယ်နိမိတ် ပြင်ပဒေသများသို့ ခရီးသွားရောက်မည် ဟုသိရှိရလို့ သွားရောက်ခွင့် ပြုမည်ဟု ယူဆပါကြောင်း" ဆိုပြီး ပြောပါတယ်။ ဒါကို ဒုသမ္မတက "ဒေါ်အောင်ဆန်းစုကြည်နှင့်စပ်လျဉ်း၍ ၄င်းအား သာမန် အရပ်သားတစ်ဦးအဖြစ် သဘောထားပါကြောင်း၊ သာမန်အရပ်သားတစ်ဦးအနေဖြင့် ဥပဒေနှင့်အညီ သွားလာ လှုပ်ရှားဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုမူ အလေးထားစောင့်ထိန်းရန် လိုအပ်ပါကြောင်း" ဆိုပြီးတော့ တုံ့ပြန်သွားပါတယ်။ ဒီအချက်ကလဲ ရှင်းပါတယ်။ သွားချင်သွား၊ ဒီပဲယင်းလို ၀ိုင်းရိုက်တာမျိုး လုပ်ချင်လဲ လုပ်မယ်၊ ဖမ်းချင်လဲ ဖမ်းမယ်လို့ ပြောလိုက်တာပါဘဲ။ ဒီတော့ ဂျွန်မက်ကိန်း နေပြည်တော်သွားတဲ့အတွက် ဘာထူးသလဲ မေးရင် ပြည်သူတွေအတွက် ဘာမှ မထူးပါဘူး လို့ဘဲ ဖြေရမှာပါ။

ထူးတာကတော့ လက်ရှိအစိုးရအတွက် အတော့်ကို ထူးသွားပါတယ်။ ဒါကတော့ "မြန်မာနိုင်ငံသည် မှန်ကန်သော လမ်းကြောင်းအပေါ်တွင် ရောက်ရှိနေပြီ ဖြစ်သည်ဟု မိမိယုံကြည်လက်ခံပါကြောင်း၊ အမေရိကန်သို့ ပြန်ရောက်သည့်အခါ အမေရိကန် အစိုးရနှင့် လုပ်ဖော်ကိုင်ဖက်များအား မြန်မာနိုင်ငံနှင့် စတင်ဆွေးနွေးရန် လိုအပ်နေ ပြီဖြစ်သည်ကို အသိပေးပြောကြားသွားမည်ဖြစ်ပါကြောင်း" ဆိုတဲ့ ဂျွန်မက်ကိန်းရဲ့ စကားပါဘဲ။ ဒါဟာ လက်ရှိအစိုးရအတွက် သည်းခြေကြိုက်စကား ဖြစ်လို့ သတင်းစာမှာ စာလုံးမည်းကြီးနဲ့တောင် မျက်နှာဖုံးမှာ တင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာ ပြည်သူ ပြည်သားတွေ အတွက်ကတော့ ဒီစကားဟာ တကယ့်ကို မင်္ဂလာ မရှိတဲ့စကား အကာလ ညအခါမှာ ကြားရတဲ့ ငှက်ဆိုးထိုးသံကြီးသာ ဖြစ်ကြောင်းပါခင်ဗျား။

သီတလ
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment