ထောင်သွင်းအကျဉ်းချခံရသောသံဃာတော်များ
ထောင်ထဲမှာ စိတ်ထိခိုက်စရာအကောင်းဆုံးတစ်ခုက ရဟန်းသံဃာတော်တွေကို ထောင်ဝတ်စုံအဖြူနဲ့ တွေ့ရတာပါ။ ပိုပြီး စိတ်ထိခိုက်စရာကောင်းတာက အဲဒီလို ထောင်ဝတ်စုံအဖြူနဲ့ တွေ့ရတဲ့ သံဃာတော်တွေထဲမှာ ငယ်ရွယ်တဲ့ ရဟန်းပျိုတွေအပြင်တိုက်အုပ်စာချ နာယက ဆရာတေ...ာ်ကြီးတွေ၊ ပိဋိကတ်တစ်ပုံအောင်၊ နှစ်ပုံအောင် ဆရာတော်ကြီးတွေပါ ပါဝင်တာပါ။
မေဒိနီဆရာတော်၊ မဟာဗောဓိဆရာတော်၊ သာကေတဆရာတော် ဦးအင်္ဂဿ၊ ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဦးတိလောကဘိဝံသ အစရှိတဲ့ ဆရာတော်ကြီးတွေပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှားရှားပါးပါးပိဋကတ်သုံးပုံအောင်ဆရာတော်ကြီးတစ် ပါးဖြစ်သူကမ္ဘာအေးမဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော်ဦးသုမင်္ဂလကိုလည်းအပေါ်အောက်အဖြူ ထောင်ဝတ်စုံနဲ့ ထောင်ထဲမှာတွေ့ခဲ့ရပါတယ်။
SAIN ခေါ် အရှေ့တောင်အာရှ သတင်းဖြန့်ချိရေးဌာနက န၀တလက်ချက်နဲ့ ပျံလွန်တော်မူသွားတဲ့ ရဟန်းသံဃာတော်တွေကို စာရင်းပြုစုထားတာရှိပါတယ်။ အဲဒီစာရင်းထဲမှာ မန္တလေးသံဃာ့သမဂ္ဂီ-ဒုဥက္ကဌ ဦးဥတ္တမ၊ အတွင်းရေးမှူး ဦးစန္ဒာဝရနဲ့မန္တလေးမြောက်ပိုင်း မစိုးရိမ်ကျောင်းတိုက်က ဦးဝိမလတို့ဟာ စွမ်ပရာဘွမ်အလုပ်ကြမ်းစခန်းမှာ ပျံလွန်တော်မူသွားကြ တယ်လို့ ဖော်ပြထားပါတယ်။ မန္တလေးဘုရားကြီးကျောင်းတိုက်က နာမည်ကြီးဆရာတော် ဦးကာဝိယနဲ့ ဦးကလျာဏတို့ကိုတော့ လက်ရှိနအဖကသေဒဏ်ပေးလိုက်ပါတယ်။
အဲဒီအကြောင်းတွေကြောင့်ပဲ ““ပြည်သူတွေနဲ့ သံဃာတော်တွေကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်တဲ့ အစိုးရဆိုးနဲ့ အဆက်အဆံမလုပ်ဘူး။ မပတ်သတ်ဘူး။ သူတို့ဖိတ်လည်း မကြွဘူး”” ဆိုပြီး ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေက ကံဆောင်သပိတ်(ပတ္တနိက္ကုဇနကမ္မ) ဆောင်ပါတယ်။ ရည်ရွယ်ချက်က မကောင်းမှု အကုသိုလ်ကျူးလွန်သူများ အမြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဖြစ်ပါတယ်။ အဲဒီလိုကံဆောင်တာဟာ ဗုဒ္ဓဘာသာသမိုင်းမှာ ဘုရားရှင် လက်ထက်တော်ကတည်းကအစဉ်အလာ ရှိခဲ့တာပါ။
အနီးစပ်ဆုံး ဥပမာ တခု ပြောရရင် အင်္ဂလိပ် ကိုလိုနီလက်အောက်၊ ကျွန်ဘ၀၊ ၁၉၂၁ ခုနှစ်တုန်းကလည်းသံဃာတော်တွေ သပိတ်မှောက်ခဲ့ဖူးပါတယ်။ ဆရာတော် ဦးဥတ္တမကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးထောင်ချလိုက်တော့ ““အင်္ဂလိပ် အစိုးရဘက်ကလိုက်လံဆောင်ရွက်သူတွေ မှန်သမျှနဲ့ မပတ်သက်ဘူး”” ဆိုပြီးသံဃာတော်တွေ သပိတ်မှောက်ကြတာပါ။ ဒါကြောင့် ဦးဥတ္တမကို ထောင်ဒဏ် အမိန့်ချလိုက်တဲ့ရာဇ၀တ်တရားသူကြီးရဲ့ ညီမ ကွယ်လွန်တော့ ဘယ် ဘုန်းကြီးမှ ပင့်မရ ဖြစ်သွားလို့နောက်ဆုံးမှာသံဃာတော်တွေကို ၀န်ချ တောင်းပန်ခဲ့ရပါတယ်။
မကောင်းမှု အကုသိုလ် ကျူးလွန်သူများ အမြင်မှန်ရပြီး မကောင်းမှု အကုသိုလ်တွေကို ရှောင်ကြဉ်အောင် ဆိုတဲ့မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲပ ၁၉၉၀ ခုနှစ်မှာ သံဃာတော်တွေ (ပတ္တနိက္ကုဇနကမ္မ) ကံဆောင်သပိတ်ဖော်ဆောင်ကြတော့ ရဟန်းသံဃာတော်တွေရဲ့ရည်ရွယ်ချက်အတိုင်း န၀တအစိုးရဟာ မကောင်းမှုအကုသိုလ်ကို ရှောင်ကြဉ်တာမျိုး လုပ်မလာပါဘူး။ ဘုန်းကြီးကျောင်း သုံးရာ့ငါးဆယ်ကို စစ်တပ်နဲ့ ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေကို အဓမ္မဖမ်းဆီးပါတော့တယ်။ သံဃာတော်တွေကို န၀တက အဓမ္မ ဖမ်းဆီး၊အဓမ္မလူဝတ်လဲ၊ အဓမ္မ ထောင်ချခဲ့တာ စုစုပေါင်း အပါးသုံးထောင် ကျော်တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ် ကျွန်ခေတ်လူမျိုးခြား၊ ဘာသာခြားတွေ အုပ်ချုပ်တုန်းက သံဃာတော်တွေ ကံဆောင်သပိတ်လုပ်ခဲ့တာ အဖမ်းလည်း မခံခဲ့ရ၊ထောင်လည်း အချ မခံခဲ့ရပါဘူး။
အဲဒီလို သံဃာတော်တွေကို အစိုးရက ညှင်းပန်း နှိပ်စက်နေတာကို ပိဋကတ် သုံးပုံအောင် ကမ္ဘာအေးမဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီး ဦးသုမင်္ဂလ အပါအ၀င် သြ၀ါဒစရိယနဲ့ နာယကဆရာတော်ကြီးကိုးပါးက စိတ်မချမ်းမြေ့တော်မူကြတာနဲ့““သံဃာတော်တွေရဲ့ လုပ်ရပ် (ပတ္တနိက္ကုဇနကမ္မ)ကံဆောင်သပိတ် မှန်ကန်တယ်”” လို့ ထောက်ခံကြောင်း စာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့်ဆရာတော်ကြီး ကိုးပါးလုံးကို န၀တ အစိုးရက ဖမ်းဆီးပြီး ထောင်(၈)နှစ်စီ ချလိုက်လို့ ဆရာတော်ကြီးတွေကို အခုလိုထောင်ထဲမှာ ထောင်ဝတ်စုံ အဖြူနဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရတာပါ။
ထောင်ကျလာတဲ့ သံဃာတော်တွေ၊ ဆရာတော်ကြီးတွေက ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် တောင်းပေမယ့်အစိုးရက ခွင့်မပြုပါဘူး။ ဇွတ်အတင်း သဃင်္န်းချွတ်ပစ်ပြီး ထောင်ဝတ်စုံ အပေါ်အောက် ဆင်သူသာ ၀တ်ရမယ်လို့တချက်လွှတ် အမိန့်ထုတ်ပါတယ်။
တချို့ ဆရာတော်ကြီးတွေဆိုရင် သင်္ဃန်း အဓမ္မဆွဲချွတ်ခံရချိန်မှာစိတ်ထိခိုက်လွန်းလို့ မျက်ရည်ကျကြပါတယ်။ ဒါပေမယ့် ဆရာတော်ကြီးတွေက သည်းခံတော်မူပြီးထောင်အာဏာပိုင်တွေ အမိန့်အတိုင်း ထောင်ဝတ်စုံ အဖြူကိုသာ ၀တ်ဆင်တော်မူခဲ့ကြပါတယ်။
ထောင်ထဲမှာ နေနေရပေမယ့်လည်း ဆရာတော်ကြီးတွေဟာ ရဟန်းကျင့်ဝတ်၊ ၀ိနည်း သိက္ခာပုဒ်တွေကိုအကျိုးအပေါက်မခံဘဲ ထိန်းသိမ်း ကျင့်ကြံကြပါတယ်။ မနက် ဘုရားဝတ်တက်၊ တရားထိုင် မပျက်ကြပါဘူး။ထောင်ထဲမှာ ဆရာတော်ကြီးတွေ အိပ်ရတာလဲတသီးတသန့် မရှိပါဘူး။ ရိုးရိုး အကျဉ်းသားတွေ၊ ရာဇ၀တ်သားတွေနဲ့ ကြမ်းတပြေးတည်း တန်းတိုးပြီး ရောနှော တိုးဝှေ့ အိပ်ကြရတာပါ။ ဆရာတော်ကြီးတွေကို ရာဇ၀တ်သားတွေကြားထဲ ထောင်ဝတ်စုံဝတ်ပြီး အဲဒီလို ရောနှောအိပ်နေတာကို ဘယ်သူမှစိတ်ကောင်းနိုင်ကြမယ် မထင်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာတော်ကြီးတွေက အိပ်ရဆင်းရဲ၊ နေရ ဆင်းရဲတာကိုမညည်းမညူ ကြိတ်မှိတ် သည်းခံတော်မူကြပါတယ်။
ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကို ရဟန်းသံဃာတော်တွေအဖြစ် သဘောမထားဘဲ ခိုးဆိုးလုယက် ရာဇ၀တ်သားတွေ အဖြစ်သာ သဘောထားတာပါ။ ဒါကြောင့် ထောင်ထဲမှာ ဆရာတော်ကြီးများရဲ့ဘွဲ့တော်အမည်ကို မခေါ်ဘဲ လူနာမည်ကိုသာခေါ်ပါတယ်။ ဥပမာ အသက်ခုနှစ်ဆယ်ကျော် မဂ္ဂင်ဆရာတော်ကြီးကို ဆရာတော်ရဲ့ လူနာမည်ဖြစ်တဲ့ `ဦးရွှေသာအေး´ လို့သာခေါ်ပါတယ်။ ခေါ်ရာမှာတောင်`ဦး´ ထည့်မခေါ်ဘဲ `ဟေ့ ရွှေသာအေး´ လို့ အသက်လေးဆယ်သာသာ စစ်ဗိုလ်ထောင်ပိုင်ကမာရေကျောရေနဲ့ခေါ်တာပါ။
ထောင်ထဲမှာ ဆရာတော်ကြီးတွေအတွက် စိတ်မကောင်းဖြစ်ပြီး ဆရာတော်ကြီးတွေကို လိုလေသေး မရှိအောင်ခြေဆုပ်လက်နယ်ပြု၊ အောက်ခြေသိမ်း ဂရုစိုက်သူတွေကတော့ တခြားသူတွေ မဟုတ်ကြပါဘူး။ နိုင်ငံရေးမှုနဲ့ထောင်ကျလာသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဆရာတော်ကြီးတွေက ““မင်းတို့ကောလိပ်ကျောင်းသားတွေလည်း ဘုန်းကြီးကျောင်းသားတွေ ဖြစ်ကုန်ပြီ”” လို့ ကျောင်းသားတွေကို ချစ်စနိုးနဲ့ရယ်သွမ်းသွေး မိန့်ကြားတတ်ပါတယ်။
၁၉၉၁ ခုနှစ်တုန်းက အင်းစိန်ထောင်၊ အဆောင် တဆောင် တဆောင်မှာ သံဃာအပါး ငါးဆယ်လောက်စီရှိတတ်လို့ ပေါင်းလိုက်ရင် သံဃာ အပါး နှစ်ရာလောက် အင်းစိန်ထောင်မှာ ရှိပါတယ်။ ထောင်ထဲမှာဆရာတော်ကြီးတွေ အတွက် အခက်အခဲရှိတာကအရုဏ်ဆွမ်း ကိစ္စပါပဲ။ ဆရာတော်ကြီးတွေက ညစာမစားကြပါဘူး။ အရုဏ်ဆွမ်း စားဖို့ကျတော့ မနက် (၆)နာရီ၊ (၇)နာရီလောက်မှ ထောင်က ဖွင့်တာဆိုတော့ထောင်ဖွင့်ချိန်မတိုင်ခင် ဘယ်သူမှ အိပ်ယာကနေ ထထိုင်ခွင့်၊ လမ်းလျှောက်ခွင့် မရှိတဲ့အတွက် အရုဏ်ဆွမ်းကိုမနက်စောစောမှာ မကပ်နိုင်ပါဘူး။
အရုဏ်ဆွမ်းကိစ္စ စီစဉ်ပုံကတော့ ဆရာတော်ကြီးတွေအတွက် ရတဲ့ ညစာခွဲတမ်းကို ကျောင်းသားတွေကညဖက်မှာ သိမ်းထား၊ ချန်ထားတတ်ပါတယ်။ မနက် ထောင်ဖွင့်တော့မှ ဆရာတော်ကြီးတွေဆီ ကမန်းကတန်းပြေးပြီး အရုဏ်ဆွမ်း ကပ်ကြရပါတော့တယ်။
ထောင်ထမင်းက ကောင်းတာမဟုတ်တော့ အရုဏ်ဆွမ်းကပ်ချိန်မှာညဖက် သိမ်းထားတဲ့ ထမင်းက သိုးချင်သိုးနေတတ်တာပါ။ အဲဒီလို ဆရာတော်ကြီးတွေ ရရမယ့် ညစာခွဲတမ်းကို ဆရာတော်ကြီးတွေရဲ့ မနက် အရုဏ်ဆွမ်းအတွက် ဆိုပြီးဘေးဖယ် သိမ်းထားတာကိုပဲတခါတခါ ထောင်အာဏာပိုင်တွေက မရှုစိမ့် ဖြစ်တတ်ပါတယ်။ ““ညဘက် ထမင်းမသိမ်းရ၊ ပြင်းထန်စွာ အရေးယူမည်”” လို့တောင် တခါတခါ အမိန့် ထုတ်တတ်ပါသေးတယ်။ အဲဒီအခါမျိုးတွေမှာဆရာတော်ကြီးတွေ အရုဏ်ဆွမ်း မစားရတော့လို့ ကျောင်းသားတွေကရသလောက် မုန့်တွေ ဘာတွေ ရှာဖွေစုဆောင်းပြီး အရုဏ်ဆွမ်းအဖြစ် ကပ်ကြရပါတယ်။
တကယ်တော့ ဆရာတော်ကြီးတွေကို ထောင်ထဲမှာ လက်အုပ်ချီ ရှိခိုးကြတာကိုတောင် ဗုဒ္ဓဘာသာတွေပဲဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက ကြိုက်ကြတာ မဟုတ်ပါဘူး။ `ဘုန်းကြီးတွေ ကတုံးမတုံးရ´ လို့တောင်ထောင်ထဲမှာ အမိန့် ထုတ်သေးတာပါ။
အဲဒီလို န၀တနဲ့ ထောင်အာဏာပိုင်တွေက ဆရာတော်ကြီးတွေကိုရဟန်းအဖြစ် အသိအမှတ် မပြုကြဘဲ ခိုးဆိုးလုယက် ရာဇ၀တ်သားတွေလို ဆက်ဆံတာကို ထောင်သားတွေကမခံချင်ကြပါဘူး။ ဒါကြောင့် ထောင်အာဏာပိုင်တွေ အရေးယူရင်လည်းယူ၊ဆရာတော်ကြီးတွေကို ထောင်ထဲမှာတွေ့ရင် တွေ့လိုက်တာနဲ့ တပြိုင်နက် တွေ့တဲ့နေရာမှာ ကျောင်းသားတွေက ရိုရိုသေသေ ထိုင်ပြီးရှိခိုးကန်တော့ကြပါတယ်။
ဒါ့အပြင် ဆရာတော်ကြီးတွေဆီက တရားနာခွင့်၊ ဥပုသ်သီလ ဆောက်တည်ခွင့်တွေ ရအောင်၊ဆရာတော်ကြီးတွေကို ခမ်းခမ်းနားနား ကန်တော့ခွင့် ရအောင် ကျောင်းသားတွေ ကြံဖန် စီစဉ်ကြပါတယ်။ ဥပမာထောင်နံရံမှာ ဘုရားပုံ ရေးဆွဲပြီး ဘုရားအနေကဇာ တင်ပွဲ လုပ်တာမျိုး၊ ၀ါဆို လပြည့်နေ့တို့၊ ကထိန်ပွဲတို့လုပ်တာမျိုးတွေပါ။ အဲဒီနေ့တွေဆိုရင်အခန်းတခန်းရဲ့ ခေါင်းရင်းခန်းမှာ ကော်ဇောတွေ၊ စောင်အကောင်းစားတွေခင်း၊ ရဟန်းပျိုတွေ၊ဆရာတော်ကြီးတွေကို ပင့်ဖိတ်၊ ဆွမ်းကပ်၊ တရားနာ၊ ရှိခိုး၊ ရေစက်ချ၊ အမျှအတမ်း ပေးဝေကြပါတယ်။ ဆရာတော်ကြီးတွေလည်း ရွှင်လန်းဝမ်းမြောက်တော်မူကြပြီး တရားဒေသနာ ဟောကြားတော်မူကြတာမို့ထောင်ငရဲခန်းမှာ တရားနတ်စည် ရွှမ်းနေတာ ကြည်နူးစရာ၊ မျက်ရည်လည်စရာကြီးပါ။
အဲဒီလို ထောင်ထဲမှာ သံဃာတော်တွေကို ပူဇော်တဲ့ပွဲ၊ တရားသံတွေနဲ့ ရှားရှားပါးပါး ကြည်နူးစရာ ဖြစ်နေတဲ့ဘာသာရေးပွဲကို ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ကြတဲ့ ထောင်အာဏာပိုင်တွေက မနာလို မရှုစိမ့် ဖြစ်ကြတာ အံ့အားသင့်စရာပါပဲ။ တခါတုန်းကဆရာတော်ကြီးတွေကို ခေါင်းရင်းခန်းတင်ပြီး ရှိခိုးကြမယ်၊ တရားနာကြမယ်ဆိုတော့ မိန်းမမှု၊ဘိန်းမှု၊ လိမ်လည်မှု၊ စသဖြင့် ရာဇ၀တ်မှုတခုခု ကျူးလွန်ပြီး ထောင်ကျလာတဲ့၊ ၀ိနည်းသိက္ခာ ကျိုးပေါက်လို့ရဟန်း မဟုတ်တော့တဲ့ ရဟန်းမဟုတ်တော့တဲ့ ဘုန်းကြီးတွေကိုပါဆရာတော်ကြီးတွေနဲ့ အတူခေါင်းရင်းခန်းတင်ပြီး တရားဟောခိုင်းရမယ်လို့ ထောင်အာဏာပိုင်တွေက တမင် အကျပ်ကိုင်လာပါတယ်။ကျောင်းသားတွေကလည်း အဲဒီလို ၀ိနည်း ချိုးဖောက်ပြီး ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ ဘုန်းကြီးတွေကိုဆရာတော်ကြီးတွေနဲ့ဖျာတချပ်ထဲ ယှဉ်တွဲ ထိုင်တာမျိုး မကြည့်ရက်နိုင် ဘူးပေါ့။ ထောင်အာဏာပိုင်တွေကလည်းသူတို့ ပြောတဲ့အတိုင်း လက်မခံရင် အခမ်းအနား လုပ်ခွင့်မပေးဘူးလို့ ပြောတယ်။
အဲဒီလို နှစ်ဖက်တင်းမာနေချိန်မှာ ဆရာတော်ကြီးတွေက ကျောင်းသားတွေကို ဆုံးမရှာပါတယ်။ ““ထိုင်ခွင့်ပေးလိုက်ပါ ငါ့သားတို့။ သူတို့ ယှဉ်ပြီး ထိုင်ဝံ့ရင် ထိုင်ပါစေ”” တဲ့။ ရာဇ၀တ်မှုနဲ့ ထောင်ကျလာတဲ့ အဲဒီ ဘုန်ကြီးတွေကလည်း ကြောက်ကြပါတယ်။
ထောင်အာဏာပိုင်နဲ့ အာဏာပိုင်လူဆိုးတွေ မသိအောင် ဆရာတော်ကြီးတွေဆီ တိတ်တဆိတ်လာပြီး ဆရာတော်ကြီးတွေနဲ့ ကြမ်းတပြေးတည်းယှဉ်ပြီး သူတို့ မထိုင်ဝံ့တဲ့အကြောင်း၊ ဒါပေမယ့် ထောင်အာဏာပိုင်တွေက အတင်းထိုင်ခိုင်းနေတာမို့ကြောက်တဲ့အတွက်ထိုင်ရမှာမို့ ခွင့်လွှတ်ပါမယ့်အကြောင်း လျှောက်တင်ကြပါတယ်။ သဘောထားကြီးတော်မူကြတဲ့ ဆရာတော်ကြီးတွေက ခွင့်လွှတ်ပါတယ်။ အဲဒီလိုနဲ့ အခမ်းအနားလုပ်ချိန်လည်းကျရော အဲဒီဘုန်းကြီးတွေလည်း ကြောက်ကြောက်နဲ့ ဇောချွေးတွေပြန်၊ဆရာတော်ကြီးတွေကိုရိုရိုသေသေကန်တော့ပြီး တုန်တုန်ယင်ယင်နဲ့ ၀င်ထိုင်ကြပါတယ်။ ထောင်အာဏာပိုင်တွေကို ကြောက်ကြတာကိုး။
ဆရာတော်ကြီးတွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောစရာတခု ရှိပါသေးတယ်။ န၀တ စစ်အစိုးရကဆရာတော်တွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး ထောင်ထဲမှာ သင်္ဃန်းဝတ်ခွင့် မပြုတာရယ်၊ ရာဇ၀တ်သားတွေလိုဆက်ဆံတာရယ်ကို တပည့် ဒါယကာတွေကမခံမရပ်နိုင် ဖြစ်ကြပြီး ဆရာတော်ကြီးတွေထောင်ကလွတ်လာတော့ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း သိက္ခာပြန်ထပ်ပေးကြပါတယ်။ အဲဒီလို သိက္ခာထပ်ပေးတာတကြိမ်လည်း မဟုတ်၊ နှစ်ကြိမ်လည်း မဟုတ်၊ တပတ်တကြိမ်အပတ်တိုင်း ဒါယကာ တယောက်ပြီးတယောက်သိက္ခာထပ်ပေးကြတာပါ။
အဲဒီလိုအပတ်တိုင်း သိက္ခာထပ်ပေးတာ ကျနော်တို့ သိရသလောက် သာကေတ ဆရာတော်ဆိုရင်တနှစ်ကျော်တဲ့အထိ သိက္ခာထပ်ပေးတဲ့ ဒါယကာတွေ မကုန်သေးပါဘူး။ ဆရာတော်ကြီးတွေက `ဒကာတွေပင်ပန်းတယ်´ ဆိုပြီး တားမြစ်တော်မူပေမယ့်လည်းမရပါဘူး။ ဒါယကာတွေက ““ဆရာတော်တွေကို န၀တကထောင်ထဲထည့်ပြီး တကြိမ်ပဲ သိက္ခာချတာ။ တို့က ဆရာတော်တွေကို အကြိမ်ကြိမ် သိက္ခာပြန်ထပ်ပေးနိုင်တယ်”” လို့ ပြောကြပါတယ်။
ထောင်ကလွတ်ပြီး နောက်ပိုင်း တချိန်မှာ မဟာဗောဓိ ဆရာတော်ဆီ ကျနော် သွားရောက် ဖူးတွေ့ပါတယ်။ ဆရာတော်ကို ထောင်ဝတ်စုံ အပေါ်အောက် အဖြူနဲ့ တွေ့နေကျ ဆိုတော့ အခုလို သင်္ဃန်းနဲ့ တွေ့ရတော့ကျနော့်မှာ အမြင်ဆန်းနေသလိုတမျိုးကြီးဖြစ်နေပါတယ်။ ဆရာတော်ကြီးကလည်း ကျနော့်ခံစားချက်ကိုရိပ်မိတယ် ထင်ပါရဲ့။ ရယ်နေတယ်။ ဆရာတော်ကြီးက သူ ထောင်ကထွက်ပြီးနောက်ပိုင်း ရေးနေတဲ့ကျမ်းတကျမ်းရဲ့ စာမူကို ကျနော့်ကို ပြတယ်။ ဆရာတော်ကြီးဟာ စာပေပရိယတ္တိ ပြန့်ပွားရေးကိုအင်မတန်အားထုတ်တော်မူတာကလား။ ဆရာတော်ကြီး ပြုစုရေးသားစီရင်ခဲ့တဲ့ကျမ်းတွေ မနည်းပါဘူး။ ကျနော် ပြန်ခါနီး ဦးချ နှုတ်ဆက်တော့ ဆရာတော်ကြီးက““ထောင်ထဲက ကျောင်းသားတွေ ဘယ်လိုအခြေအနေရှိသလဲ၊ လွတ်လာသူတွေ နေထိုင်ကောင်းရောရှိကြရဲ့လား၊ နေရ ထိုင်ရ အဆင်ပြေကြရဲ့လား”” စသဖြင့် ပူပူပင်ပင် မေးတော်မူရှာပါတယ်။ ထောင်ထဲမှာဂရုစိုက်ခဲ့တဲ့အတွက် ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။
ထောင်အကြောင်းပြန် စဉ်းစားမိလို့ ထင်ပါရဲ့။ ဆရာတော်ကြီးရဲ့ မျက်နှာဟာညှိုးနေပါတယ်။
တစ်ရက်၊ အမှတ်(၃)ဆောင်မှာ ထောင်အာဏာပိုင်တွေ အမိန့်နဲ့ ထောင်လူဆိုးက သံဃာတော်တွေကို ခေါ်ယူပြီးမြေကြီးပေါ်မှာ တန်းစီ ဆောင့်ကြောင့် ထိုင်ခိုင်းထားပါတယ်။ အဲဒီနောက် လူဆိုးက ဆရာတော်ကြီးတွေရှေ့၊လက်သီးဆုပ်၊မျက်နှာကြောတင်းတင်းနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း““ဘုန်းကြီးတွေ ဘာတွေ ငါကဂရုစိုက်တာ မဟုတ်ဘူး။ ငါက လူသတ်မှုနဲ့ ထောင်ကျလာတာ။ ထောင်ထဲမှာ ထောင်အ၀တ်အစားနဲ့ နေရရင်ဘုန်းကြီး မဟုတ်တော့ဘူး။ လူပဲ။ လူဆိုရင် အလုပ်လုပ်ရမယ်””
လို့ စော်ကားမော်ကား ပြောပါတော့တယ်။ ဆရာတော်ကြီးတွေကို ပေါက်တူးပေါက်၊ မြေဆွ၊ ရေထမ်း စတဲ့ တောင်ယာ အလုပ်ကြမ်းတွေ လုပ်ခိုင်းနေတာပါ။
အဲဒီအချိန်မှာ သာကေတ ဆရာတော်က ခံလည်းခံပြင်း၊ စိတ်လည်း ထိခိုက်သွားလို့ ထင်ပါရဲ့၊ အသားတဆတ်ဆတ်တုန်ရင်း မျက်ရည်ဝဲ၀ဲနဲ့ ““အေး၊ မင်းတို့က ငါတို့ကို လူလို့ သတ်မှတ်ပြီး အဲဒီလိုစကားပြောရင် ငါတို့ကလည်း ဘုန်းကြီးစကား မပြောဘူး။
လူစကားပြောမယ်။ မင်းတို့ကောင်တွေကိုကြောက်မယ် မထင်နဲ့။ မင်း လူသတ်သမား ဖြစ်သလို ငါတို့ကလည်း အဲဒါမျိုးဖြစ်ဖို့ ၀န်မလေးဘူးကွ”” လို့ ထပြောပါတော့တယ်။ အဲဒီတော့မှ ထောင်အာဏာပိုင်တပည့် လူသတ်သမား လူဆိုး ပါးစပ်ပိတ်သွားပါတော့တယ်။
ထောင်ထဲမှာ ငယ်ရွယ်တဲ့ စာသင်သား ရဟန်းပျိုတွေက ဆရာတော်ကြီးတွေကို ၀တ်ကြီး ၀တ်ငယ်ခြေဆုပ်လက်နယ် ပြုကြပါတယ်။ ဆရာတော်ကြီးတွေကလည်း ရဟန်းပျိုတွေကို ဆုံးမ သြ၀ါဒပေးပြီး စာပေပိဋကတ် သင်ပေးကြပါတယ်။
အဲဒီလို နေရင်းက တခါမှာတော့ ရဟန်းပျိုတွေထဲက ရွာမဆရာတော် ဦးတိလောကရဲ့ တပည့်လည်းဖြစ်၊ စာလည်းအင်မတန်တော်တဲ့ ရဟန်းပျိုတပါးဟာ ထောင်ထဲက ဆိုးဆိုးဝါးဝါး ကြမ်းကြမ်းတမ်းတမ်း အဖြစ်အပျက်တွေကိုနေ့စဉ်လိုလို မြင်နေရတော့စိတ်ကစဥ့်ကလျားဖြစ် စိတ်ဖောက်စ ပြုလာပါတယ်။ ကြာလာရင် အခြေအနေပိုဆိုးပြီး ရူးသွပ်သွားမှာ စိုးရိမ်လို့ အဲဒီ ရဟန်းပျိုကို ပြင်ပဆေးရုံမှာ ဆေးကုသပေးဖို့ ဆရာတော်တွေကထောင်အာဏာပိုင်တွေကို မေတ္တာ ရပ်ခံပါတယ်။ ထောင်အာဏာပိုင်တွေကဆရာတော်တွေရဲ့မေတ္တာရပ်ခံချက်ကို ဂရုမစိုက်ဘဲ အဲဒီ ရဟန်းပျိုလေးကို အဆောင်ကနေ ခေါ်ထုတ်သွားပြီးထောင်ဆေးရုံဝင်းထဲမှာ ရှိတဲ့ `အရူးတိုက်´ မှာ လက်လွတ်စပယ် သွားထည့်ထားလိုက်ပါတော့တယ်။ စိတ်နောက်ရုံသာ နောက်စပြုသေးတဲ့ အဲဒီရဟန်းပျိုလေးဟာ အရူးတိုက်က အရူးရင့်မတွေနဲ့ နေလည်းနေလိုက်ရရော မကြာပါဘူး။ သွက်သွက်လည်အောင် လုံးဝ ရူးသွပ်သွားပါတော့တယ်။ ဆရာတော်ကြီးတွေလည်းရဟန်းပျိုလေးကို နှမျောရုံ၊ သူ့အတွက် ယူကြုံးမရ ဖြစ်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။
သာကေတ ဆရာတော်ကြီး ထောင်က လွတ်လာတော့ တပည့် ဒကာ၊ ဒကာမတွေကို ထောင်နဲ့ပတ်သက်လို့ကြေကြေကွဲကွဲ ပြန်ပြောတဲ့ စကားတခွန်း ရှိပါတယ်။ အဲဒီစကားကတော့ `ငရဲတောင် ဒီလောက် ဆိုးမယ်မထင်ပါဘူးကွာ´ တဲ့။ တပည့်
ဒကာဒကာမတွေ မျက်ရည် ၀ဲကြရပါတယ်။
ထောင်ထဲမှာ ထင်ရှားတဲ့ နောက် ဆရာတော်ကြီး တပါးကတော့ မဂ္ဂင်ဆရာတော် ဖြစ်ပါတယ်။ သက်တော်(၇၀)ကျော်၊ ထောင်ရှစ်နှစ် အကျခံနေရသူပါ။ ဆရာတော်ဟာ နိုင်ငံအတော်များများ ရောက်ဖူးပြီး ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းတော်မူပါတယ်။
အိန္ဒိယနိုင်ငံမှာ ဘီအေဘွဲ့ ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကျောင်းတက်တုန်း ကျနော်တို့ မြန်မာစာဖတ်ပရိသတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘာကျော် အိန္ဒိယစာရေးဆရာကြီး ရာဟုလာသိကိစ္စည်းနဲ့ခင်မင်ရင်းနှီးသူ ဖြစ်ပါတယ်။ ရာဟုလာ သိကိစ္စည်းအကြောင်းတွေ ပြန်ပြောပြတာကျောင်းသားတွေစိတ်ဝင်စားစရာကြီးပါ။ ဆရာတော်ဟာ အိန္ဒိယနိုင်ငံကနေ တိဘက်ကို ကုန်းကြောင်းလျှောက်ပြီးတိဘက်ဗုဒ္ဓဘာသာကို နှစ်အတော်ကြာ လေ့လာခဲ့ပါသေးတယ်။
ထောင်ထဲ ရောက်နေချိန်မှာ ကျောင်းသားတွေ ချဉ်ခြင်းအတက်ဆုံးက စာသင်ချင်ကြတာပါ။ ဒါပေမယ့်ထောင်က စာဖတ်ခွင့် မပေးတော့ သမိုင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ အင်္ဂလိပ်စာ စတဲ့ အကြောင်းအရာတွေကိုတတ်သိနှံ့စပ်သူတွေကို ချဉ်းကပ်ပြီး မေးစမ်း၊မှတ်သား သင်ကြားရပါတယ်။ ထောင်က အဲဒါမျိုးကိုတောင်လက်မခံဘဲ `စာမသင်ရ´ ဆိုပြီး အမိန့် ထုတ်ပါတယ်။ ဒါပေမယ့် ပညာငတ်မွတ်တဲ့ ကျောင်းသားတွေက`ဗြောင်´ မသင်ရရင် `ခိုး´ သင်ပါတယ်။ မဂ္ဂင်ဆရာတော်က အင်္ဂလိပ်စာ အင်မတန် ကောင်းတာဆိုတော့ကျောင်းသားတွေက စာသင်ပေးဖို့ ၀ိုင်းလျှောက်ထားကြပါတယ်။ ဆရာတော်ကြီးကလည်း ကျောင်းသားတွေကို ကရုဏာသက်တော်မူတာနဲ့ `ပညာအမွေပေးတာ မြတ်တယ်´ ဆိုပြီး အင်္ဂလိပ်စာ သင်ပေးပါတယ်။ အဲဒီကိစ္စကို ထောင်အာဏာပိုင်တွေ မကျေမနပ်ဖြစ်ပြီး `နိုင်ငံရေး သမားတွေ လူစုတယ်´ ဆိုတဲ့ မခိုင်မလုံ အကြောင်းပြချက်နဲ့ တားမြစ်ပါတယ်။ ထောင်ထဲမှာလူဆိုးတွေ လက်ဝှေ့ ချိန်းထိုးကြတာတို့၊ လောင်းကစားကြတာတို့ ကျတော့ `လူစုတယ်´ ဆိုပြီး မတားမြစ်ပါဘူး။
ဒါပေမယ့် ဆရာတော်က စာဆက်သင်ပေးတာပါပဲ။ `အင်္ဂလိပ်စာလည်း နားလည်၊ တပြိုင်တည်းမှာဘာသာရေးကိုလည်း ပိုသိ´ ဆိုပြီး သင်ပေးတာမျိုးပါ။ ဆရာတော် သင်ပေးလိုက်လို့ ပရိတ်ကြီး (၁၁) သုတ်နဲ့ဓမ္မစကြာ တရားတော်ကို အင်္ဂလိပ်၊ မြန်မာ၊ ပါဠိသုံးဘာသာနဲ့ တတ်သွားတဲ့ ကျောင်းသားတွေ ထောင်ထဲမှာအများကြီးပါ။ အဲဒီလို ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ပေးရကောင်းလားဆိုပြီး ထောင်ထဲမှာ မဂ္ဂင်ဆရာတော် ခဏခဏတိုက်ပိတ်ခံရပါတယ်။ တိုက်ပိတ် ပြစ်ဒဏ်က ပြန်လွတ်လာရင် ဆရာတော်က စာဆက်သင်တာပါပဲ။ ဆရာတော်ပြောတဲ့ ရဲဝံ့ပြတ်သားတဲ့ စကားတခွန်း ရှိပါတယ်။ ““ငါ့ကို ကျောင်းသားတွေ စာသင်ပေးလို့တိုက်ပိတ်ရင်၊ တိုက်ထဲမှာ စာဆက်သင်မယ်”” ဆိုတဲ့ စကားပါ။ ထောင်ထဲမှာ ပြဿနာ ရှာလွန်းလို့ ဆိုပြီးအင်းစိန်ထောင်ကနေ သရက်ထောင်ကိုကျနော်တို့ နိုင်ငံရေး အကျဉ်းသားတစ်ရာ၊ အပြောင်းခံရတော့ထောင်အာဏာပိုင်တွေက ဆရာတော်ကိုလည်း `ချန်´ မထားပါဘူး။ ကျနော်တို့နဲ့အတူ ထောင်ပြောင်းလိုက်ပါတယ်။
မဂ္ဂင်ဆရာတော်နဲ့ ပတ်သက်လို့ အဖြစ်အပျက်တခု မှတ်မိပါသေးတယ်။ သရက်ထောင် ရောက်ရောက်ချင်း ကျနော်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားရှစ်ဦးကို အကြောင်းပြချက် မရှိဘဲ၊ထောင်အာဏာပိုင် ဆန့်ကျင်ရေး လုပ်တယ်လို့ စွဲချက်တင်ပြီးဒေါက်ခြေကျင်းခတ်၊ တိုက်ပိတ် ပြစ်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သရက်ထောင်၊ အမှတ်(၃)တိုက်မှာ ကျနော်တို့ တိုက်ပိတ်ခံနေရပါတယ်။ သိပ် မကြာပါဘူး။ ကျနော်တို့ တိုက်ကို တိုက်ပိတ်ပြစ်ဒဏ်နဲ့ နောက်ထပ် အကျဉ်းသားတစ်ဦး ရောက်လာပါတယ်။
တခြားသူ မဟုတ်ပါဘူး။ မဂ္ဂင်ဆရာတော်ကြီးပါ။ ထုံးစံအတိုင်း `ကျောင်းသားတွေကို စာသင်ပေးမှု´ နဲ့ဆရာတော်ကို တိုက်ပိတ် ပြစ်ဒဏ် ပေးလိုက်တာပါ။ အဲဒီလိုနဲ့ အမှတ်(၃)တိုက်မှာ တိုက်ပိတ်ပြစ်ဒဏ် ခံနေရတုန်းတနေ့မှာ ထောင်အာဏာပိုင်တွေက ကျနော်တို့ကိုအပြစ်မရှိ အပြစ်ရှာပြီး ပက်ပက်စက်စက် ထုတ် ရိုက်ပါတယ်။ အဓိက အကြောင်းရင်းကတော့ `နိုင်ငံရေးသမား ကျောင်းသားကောင်တွေ မာနကြီးတယ်´ ဆိုတဲ့မလိုမုန်းထားမှုနဲ့ပါ။ ရိုက်တာကလည်း ထောင်ဝါဒါတွေ အုပ်စုလိုက် လက်လွတ်စပယ် ၀ိုင်းရိုက်တာပါ။ တချို့ဆိုနောက်ပိုင်းမှာ ဆေး အတော်ကုယူရပါတယ်။ (ဒီအကြောင်း နောက်ပိုင်းမှာ ဖော်ပြပါမယ်)။
အဲဒီအချိန် အသက်(၇၀)ကျော် ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးကိုပါ ချန်မထားဘဲ ဘာမဆိုင် ညာမဆိုင် ရိုက်ပါတယ်။ ကျောင်းသားတွေက ကိုယ်တိုင် အရိုက်ခံနေရတဲ့ ကြားထဲက မခံမရပ်နိုင် ဖြစ်ပြီး ““ခင်ဗျားတို့မိုက်ရိုင်းလှချည်လား၊ ဗုဒ္ဓဘာသာတွေမဟုတ်ကြဘူးလား၊ အဲဒါ ဆရာတော်ကြီးကွ”” လို့ ၀ိုင်းအော်ကြပါတယ်။ ဆရာတော်ကတော့ အဲဒီလို အော်လို့ ကျောင်းသားတွေ ပို အရိုက်ခံရမှာကို စိုးရိမ်ပြီး `ငါ့သားတို့၊ မပြောကြနဲ့၊သူတို့ ရိုက်ချင်ရင် ရိုက်ပါစေ´ လို့ ကျောင်းသားတွေကို တားတော်မူပါတယ်။ အဲဒီနောက်ရိုက်တာနှက်တာကို မညည်းမညူ သည်းခံတော်မူရှာပါတယ်။
ကျနော် မှတ်မိသလောက် ၁၉၉၀ခုနှစ်၊ စက်တင်ဘာလက အင်းစိန်ထောင်မှာ တိုက်ဆန္ဒပြပွဲ ဖြစ်တုန်းကလည်း အမှတ်(၄)တိုက်က သံဃာတော်နှစ်ပါး (အဲဒီတုန်းက သင်္ဃန်းဝတ်လျက်နဲ့ကြီးပါ) ကို သတိလစ်အောင်ထောင်အာဏာပိုင်တွေက ထုတ် ရိုက်ပါသေးတယ်။ ပိဋကတ်သုံးပုံ အာဂုံဆောင် ဆရာတော်ကြီး ဦးသုမင်္ဂလကိုတောင် န၀တ စစ်အစိုးရက မိုက်မိုက်ရိုင်းရိုင်းအလုပ်ကြမ်း ရဲဘက်စခန်း ပို့ခဲ့သေးတာပါ။ မပို့ခင် မိမိသဘောနဲ့ မိမိ ရဟန်းဘ၀ကို စွန့်ပြီး လူထွက်ကြောင်းစာတစောင်ကို ထောင်အာဏာပိုင်တွေက ရေးလာပြီး ဆရာတော်ကြီးကို အတင်း လက်မှတ်ထိုးခိုင်းပါတယ်။ ဆရာတော်ကြီးက ““အသက်သာ အသေခံမယ်။ ရဟန်းဘ၀တော့ ငါ မစွန့်ဘူး”” ဆိုပြီး လက်မှတ်မထိုးဘဲ တင်းခံတော်မူမှ န၀တ ထောက်လှမ်းရေးနဲ့ ထောင်
အာဏာပိုင်တွေ လက်လျှော့သွားခဲ့ပါတယ်။
ဝင်းနိုင်ဦး
မှတ်ချက်။ ။ ဒီစာဟာ နိုင်ငံရေးသမား ကျောင်းသားတစ်ဦးဖြစ်သူ ၀င်းနိုင်ဦး ရေးသားတဲ့ ““လူငယ်တစ်ဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း”” ဆိုတဲ့ စာအုပ်ထဲမှာပါဝင်တာ ဖြစ်ပါတယ်။ ထောင်သွင်းအကျဉ်းချခံထားရတဲ့ သံဃာတော်များဆိုပြီး စာရေးသူဝင်းနိုင်ဦးက
သူ့ရဲ့ ဖြစ်ရပ်မှန်မှတ်တမ်း စာအုပ်ထဲမှာ သူထောင်တွင်းရောက်နေစဉ် ကြုံတွေ့ခဲ့ရတဲ့ ဆရာတော်ကြီးတွေအကြောင်းကို အခန်းသုံးခန်းခွဲရေးသားထားတာပါ။ အဲဒီအခန်းသုံးခန်းကို ပေါင်းစပ်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဝင်းနိုင်ဦးဟာ ABSDF ကျောင်းသားအဖွဲ့အစည်းနဲ့ဆက်သွယ်မှု၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့ကို နောက်ကွယ်ကနေကြိုးကိုင်မှု ၊ ၁၉၉၀ ရွေးကောက်ပွဲကို ဖျက်ဆီးရန်ရည်ရွယ်ချက်ဖြင့် အဖျက်လုပ်ငန်းတွေလုပ်ကိုင်ရန် ပြည်တွင်းသို့ဝင်ရောက်လာမှုတို့နဲ့ ၁၉၉၀ မေလမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်ထောက်လှမ်းရေးလက်ထဲမှာ ၁၀ ရက်ကျော် ပြင်းထန်စွာ အနှိပ်စက်ခံခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲဖြစ်တဲ့ မေလ ၂၇ ရက်နေ့မတိုင်မီ ၂၅ ရက်နေ့မှာ ၀င်းနိုင်ဦးနဲ့အတူ အောင်သူ၊ ဝေလင်းတို့ကို စစ်ခုံရုံးတင်ပြီး ချက်ချင်းပဲ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ပါတယ်။ ထောင်ထဲမှာ ကြုံတွေ့ခဲ့ရတဲ့ နှိပ်စက်ညှည်းပန်းမှုတွေ၊ အကျဉ်းသားဘ၀ဆိုး တွေ၊ စစ်ထောက်လှမ်းရေးရဲ့ ရက်စက်မှုတွေကို လူငယ်တစ်ဦးရဲ့ မှတ်တမ်းမဲ့မှတ်တမ်းမှာ ၀င်းနိုင်ဦးက စုံစေ့စွာ ရေးသားတင်ပြခဲ့ပါတယ်။

[By အဘ ဥက္ကာကိုကို]
No comments:
Post a Comment