Posted: 14 Aug 2011 05:33 AM PDT မှတ်ချက်။ ။ အရူးငရွှေ ဘယ်သူလဲဆိုတာသိချင်ရင် မီးမလာတဲ့မှောင်နေတဲ့အပေါ်ကပုံကို ကွန်ပြူတာရဲ့ မောက်စ်(mouse)ကလေးတင်ကြည့်ပါ။ တခါတုန်းက အရူးငရွှေဟာ ဈေးတန်းလျှောက်ရင်း သူ့ရှေ့က ကာဆီးကာဆီး လျှောက်သွားတဲ့ တင်ပဆုံ ကြီးကြီးနဲ့ မိန်းမကြီးကိုလည်း မြင်ရော နံဘေးဆိုင်က စစ်စီးပုံ (သစ်စေးပုံး) ထဲလက်နှိုက်ထဲ့လိုက်ပြီးမှ အဒေါ်ကြီး တင်ပါးကို ဖြန်းကနဲ ရိုက်ထည့်လိုက်ပြီး ပြောလိုက်တာက " ဒီတစ်ပါတ်တော့ ငါစစ်စီး သုတ်ပေး လိုက်ပြီး။ နောက်ဈေးနေ့ကျမှ နင်ဘာနင် ရွှေချချေတော့" တဲ့။ ကျွန်တောတို့ တိုင်းပြည် မှာလည်း အရူးငရွှေ စစ်စီးသုတ်ပေးလိုက်သလို ကိုယ်ဘာသာ ရွှေချယူရတဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကြီး တွေကို အံ့မခန်းမြင်လာရတာကြောင့် ထုံးစံအတိုင်း အမုန်းခံလို့ ၀ုန်းသံပေးလိုက်ရပါတယ်။ ငြင်းလို့မရအောင် ကိန်းဂဏန်းအချက်အလက်နဲ့ အသေအချာ မှတ်တမ်းပြုစုထားသလို့ဆို ရွှေပြည်ကြီးမှာ တက္ကသိုလ်ကောလိပ်ပေါင်း ဘယ်နှစ်ခု၊ ဆေးရုံ၊ ဆေးပေးခန်း ဘယ်၍ဘယ်မျှ၊ ရေအား လျှပ်စစ်စီမံကိန်းကြီးတွေဆို သတင်းစာကိုင်လိုက်ရင် ဓာတ်လိုက်ယူရတော့မလောက် တည်ဆောက်ပြီးစီး ခဲ့ပါပြီ။ ကျွန်တော်ကိုယ်တိုင်တောင် အဲသလို အသစ်တိုးချဲ့ တည်ဆောက်ပြီးစ အဆင့်မြင့်ဆေးရုံသစ်ကြီး တွေမှာ တာဝန်ထမ်းဆောင်လာခဲ့တာ နှစ်ခုရှိပါပေါ့။ ဘုန်းကံက အဲသလို။ အသစ်နဲ့ကို အကျိုးပေးတာ။ ဘူတန်ရောက်တာတောင် ဆေးရုံက အသစ်၊ ကိုယ်က ပထမဦးဆုံးရောက်တဲ့ ဆာဂျင်။ ဒီအခါ ဆိုင်ကယ် အသစ်၊ ကားအသစ်ဝယ်စီးသလို ပစ္စည်းတွေလိုက်စစ်၊ ဖြုတ်တပ်စမ်းမောင်း၊ လိုတာတောင်း လုပ်ရတာပေါ့။ အရူးငရွှေရဲ့ စစ်စီးရာကြီးတွေက ရွှေချလိုရတဲ့ နေရာရှိသလို တချို့ နေရာတွေကျတော့ လည်း ဘယ်လိုမှ ရွှေချလိုမရ၊ မသင့်တော့တာတွေလည်း တွေ့လာရပြန်ပါတယ်။ အဓိကကတော့ ဟိုးအရင်တခါပြောဖူးသလို တီဗွီရိုက်လို့ သတင်းထဲပါရုံကလေး လုပ်လုပ်ထားခဲ့တာတွေကို တကယ်လက်တွေ့အသုံးကျအောင်လုပ်ရတာပါ။ "ဘာလိုချင်တယ်၊ ဘာမရှိဘူး" ဆိုတဲ့ စကား လုံးဝ မပြောပါနဲ့လို ကြိုကြိုတင်တင် အတန်တန်ပိတ်ပင်ထားတဲ့အခါမှာ "အေလေ၊ နောက်ဈေးနေ့ကျမှပဲ ရွှေချ ကြတာပေါ့" လို တေးတေးထားရပါတော့တယ်။ ခွဲစိတ်ခန်းအသစ်ကြီးမှ ဟီးလို့ အဲကွန်းတွေချည်းပဲ တခန်း နှစ်လုံးတပ်ထားတာ အအေးမိမှာတောင်စိုးရတယ်။ တကယ့်တကယ်ကျမှ မီးက တနေ့လုံးကို သုံးနာရီပြည့်အောင်မလာတာအပြင်၊ မီးလာချိန်မှာလည်း အားမပြည့်တာကြောင့် အဲကွန်းဖိုးတွေ နှမျော တာထက် အလုံပိတ်အခန်းထဲမှာ အားလုံးအသက်ရှူကျပ်ပြီး အိုက်ဖြုတ်ကြီးဖြစ်နေရော။ ရန်ကုန်က လာခဲ့တဲ့ ဧည့်သည်အဖွဲ့တွေက အလုံပိတ်မှန်ချပ်တွေ ဖြုတ်ပစ်မှပဲ နေသာတော့တာ။ တို့ကိုက ဟောင်းလောင်းနဲ့ပဲ တန်ပါသလေ။ အခန်းသုံးခန်းမှာ တစ်ခန်းပဲလင်းတဲ့ မီးမောင်းကြီးကလည်း မှုန်မှုန်ရီဝေပေမယ့် မီးချောင်းတောင်မလင်းတဲ့ မွေးခန်းထက်စာရင် အများကြီးတော်သေးတာလေ။ အရည်အသွေးတွေတော့ တက်လာတာပေါ့။ မနက်အာရုံမတက်ခင် ကိုးပေါင်ခွဲကလေး ညှပ်ဆွဲမွေးရင်း ဟက်တက်ပြဲသွားတဲ့ အတွင်းဒဏ်ရာတွေကို ဓာတ်မီးလေးထိုးပြီး ချုပ်တတ်သွားလို့ အင်္ဂလန်က ဆရာဝန် တွေကိုတောင် စိန်ခေါ်ချင်စိတ်ပေါက်လာတယ်။ အရင်ဆေးရုံတုန်းကလည်း နိုင်ငံခြားက လှူထားတဲ့ အသစ်စက်စက် ဓါတ်မှန် စက်ကြီးဟာ ကိုယ် သာပြောင်းလာခဲ့ရတယ်။ တစ်ချပ်မှ ရိုက်လိုမရခဲ့ဘူး။ ဆေးရုံကို လာတဲ့ မီးအားနဲ့ အလုပ်မလုပ်ပါဘူးတဲ့။ သူ့အတွက် ထရန်စဖော်မာတစ်လုံး ထိုင်ရပါမယ်တဲ့။ ကုမ္ပဏီကို ပြန်တင်ပြပြီး ကြိုးစားဖြေရှင်းကြည့်ပါတယ်။ အလှူရှင်တွေကလည်း သဒ္ဒါတရားမကုန်ခမ်းသေးပါဘူး။ မီးစက်ကြီး အကြီးကြီးတစ်လုံး ထပ်လှူ ပေးပါတယ်။ ဒါပေမယ့် အဲဒီ မီးစက်ကြီးလည်ဖို့ ဓါတ်ဆီ နှမြောတာနဲ့ မရိုက်ဖြစ်ပြန်ဘူး။ ပေးကားပေး၏ မရ ဆိုတာ အဲဒါပေါ့။ ရခိုင်ပြည်နယ်ကြီး တစ်ခုလုံးမှာ ရှိတဲ့ ဆရာမကလေးတွေဟာလည်း အားလုံး ဖလော့ရင့် နိုက်တင်ဂေးလေးတွေချည်းပဲ။ မီးအိမ်ရှင်လေးတွေပေါ့။ စစ်တွေမှာကော် တစ်ညလေးနာရီပဲ မီးရတာကိုး။ တိုင်းပြည်ဆင်းရဲလိုတော့ မဟုတ်ရပေါင်ဗျာ။ ကျုပ်တို့ ကြီးကြီးမားမား အိမ်ဆောင်နေမယ် ဆိုရင်တောင် အိမ်ကြီးရခိုင်လိုပဲပြောကြတာ။ ဆွေကြီးမျိုးကြီး စိန်တွေရွှေတွေ ကျိကျိတက် ချမ်းသာတဲ့ ရခိုင်တွေပုံလို့။ သူလို့ကိုယ်နိုက်က ဆီမီးဝါ၀ါညီညီစည်ကားပါနဲ့ပဲ နေချင်ပုံရှိတယ် ပိုက်ဆံရှိရင် ကိုယ်မီးစက် နဲ့ကိုယ် ထိန်ထိန်ညီးနေလို့ ရသားပဲ။ ရေအားလျှပ်စစ်စီမံကိန်းတစ်လုပ်ရင် မီးလင်းဖို့ ဘယ်လောက် ကြာမယ် မသိဘူး။ (ခုထိတော့ တစ်ခုမှ မလင်းသေး) အရင်ဆုံး ကိုယ်ပိုင်တဲ့ လယ်ထွက်တွေ၊ စိုက်ခင်းတွေ၊ ဥယျဉ်တွေ အသိမ်းခံချင်ခံရမယ်။ ရွာလိုက်ရွေ့ရတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်အခြေအနေပျက်ရမှာက အခု။ ပြီးကျ သူတို့ စီမံကိန်းကြီးက ဘတ်ဂျက် ဆက်မကျတော့တာတို့ လူကြီးပြောင်းသွားလို့ နောက်ကျတာ လှည့်မကြည့်တော့်တာတို့နဲ့ တန်းလန်းကြီး ဂွမ်းသွားရင် စီမံကိန်းက နေ့စား ၀န်းထမ်းလေးတွေတောင် ထမင်းတလုတ်အတွက် ထင်းခုတ်၊ ကျောက်စုပ်၊ ဒုက္ခတွေ ရောက်ကုန် ကြာရော။ မင်းကွန်းက ပုထိုးတော်ကြီးကို ဘယ်ဘုရင်ဆက်တည်တယ်လိုကြားဖူးသတုန်း။ ရခိုင်က စောဖေတို့က နောကျေလို့ မှောင်မှောင်ပဲ စံနေကြတာလေ။ သင်ခန်းစာယူရမှာက ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်ရင် ရေရှည်တည်တံ့မည့် ဘ၀ရှင်မင်းတရားကြီးကို အရင် မေတ္တာပိုကြဗျာ။ ကျန်းမာပါစေ၊ အသက်ရှည်ပါစေ။ အာဏာစက်ကြီးလည်း ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ပါစေလို့။ ဘာလေးဖြစ်လိုက်ဖြစ်လိုက် အလကားနေ အစိုးရပဲ ခလုတ်တိုက်နေသလိုတော့ ဖြစ်နေပါပြီ။ ဒါလည်း မဟုတ်သေးပြန်ဘူးဗျ။ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုမှာ အစိုးရအပြင် ၀န်ထမ်းတွေရဲ့ စာရိတ္တနဲ့ စိတ်ဓာတ်ကလည်း အများကြီး အရေးပါသေးတာ။ အဲဒါကို မပြင်ပဲနဲ့ ဘယ်လိုမှ မတိုးတက်နိုင် တာရှင်းပြချင်ပါသေးတယ်။ (ဒီထက်လူမုန်းများမယ့် စာတွေရေးတတ်တဲ့သူမှ ရှိသေးပါစနော်) ဘူတန်ကို ရောက်ကာစက သူကိုဆေးရုံမှာ အနာဆေးထည့်တဲ့အခါ အရက်ပျံတွေ ဘီတာဒင်းတွေ ဝေါကနဲ ဝေါကနဲ သွန်ချ၊ မကုန်လို့ ကျန်ရင် သွန်ပစ်နဲ့ လုပ်နေကြတော့ ကိုယ်ကမနေနိုင် မထိုင်နိုင် လိုက် လိုက်သိမ်းမိပါတယ်။ ချုပ်ကြိုးတွေတ၀က်လောက်ကျန်နေရင်လည်း "လွှင့်မပစ်နဲ့ နောက်တခါသုံးဖို့ သိမ်းထား"ဆိုတော့ သူတို့က ရယ်ကြတယ်။ ဘီရိုကြီးဖွင့်ပြပြီး " ဒီချုပ်ကြိုးတွေ အားလုံး နောက် နှစ်နှစ် လောက်မှ ကုန်အောင် မသုံးရင် ဒိတ်လွန်လို့ အကုန်လွှင့်ပစ်ရမှာမို့ မကုန်ကုန်အောင် များများ သုံးပေးစမ်း ပါ" တဲ့။ တကယ်လည်း အဟုတ်ဗျ။ မေ့ဆေးပေးတဲ့ ဟေလိုသိမ်းတွေ ရက်လွန်ကုန်တော့ "မသုံးပါနဲ့" ဆိုပြီး အသစ်မှာပေးတယ်။ ကိုယ်ဆီမှာဖြင့် အဲဒါတွေပဲ သုံးနေရတာလေ။ သူတို့နိုင်ငံက လူဦးရေ နည်းနည်းလေးဆိုတော့ အစိုးရက အပြည့်အ၀ ထောက်ပံ့ပေးနိုင်တာပေါ့လေလို အစကထင်ပါတယ်။ အကယ်တမ်းတွေးကြည့်တော့ ကိုယ့်အစိုးရကလည်း အဲသလောက်တော့ ထောက်ပံပေးနေတယ် ထင်တာပဲ။ အလှူရှင်တွေကနေတဆင့် ဖြစ်ဖြစ်ပေါ့။ ကွာသွားတာကတော့ သူတို့ဆီက ၀န်ထမ်းတွေက အပြင်ကို ပြန်ပြီး ရောင်းမစားကြတာပါ။ ဒေးဗစ်ကော်ပါဖီး လေယဉ်ပျံကြီးဖျောက်ပြတာလောက်တော့ မြန်မာပြည်က လူတွေ ရယ်တောင်ရယ်ချင်သေး။ ဂိုဒေါင်ကြီးတစ်လုံးလုံး၊ စတိုခန်းကြီး တစ်ခန်းလုံး ကွန်တိန်နာကြီး တစ်ခုလုံးတောင် အသာလေး အစဖျောက်ပစ်နိုင်ကြတာ မယုံမရှိပါနဲ့။ ကိုယ်တွေ့တွေ ရေးရေးပြလိုက်ရရင် သက်သေလိုက်နေရမှာစိုးလို့ မပြောတော့ဘူးနော်။ စာရင်းစစ်အဖွဲ့ကြီးတွေလာတယ် ဆိုတာ နဂိုလုပ်ထားတဲ့ စာရင်းတွေကို လာစစ်တာ မဟုတ်ဘူး။ ဘာမှ လုပ်မထားတဲ့ တစ်နှစ်စာ စာရင်း တွေကို ပုတ်ပြတ်နဲ့ လာလုပ်ပေးသွားတာ။ လူတိုင်းမဟုတ်ပါဘူး။ ကိုယ်တွေ့ဖူးသမျှကို ပြောတာပါ။ သူများကို ဆော်ချင်နှက်ချင်တာ မဟုတ်ဘူးနော်။ ဒီအကျင့်ကြီးတွေနဲ့ ဘယ်ဘုရားရှင်လက်ထက်မှ တိုးတတ်စရာ မမြင်ဘူးလေ။ ခေါင်ကပဲ ယိုယို၊ တံစက်မြိတ်ကပဲ ယိုယို မိုးယိုတာကို မပြင်ပဲနဲ့ ရေခွက်နဲ့ လိုက်ခံနေသလိုဖြစ်နေတာကို အားလုံးခြုံပြီးတော့ မြင်စေချင်ပါတယ်။ သူများထိခိုက်သွားရင် ရှစ်ကြီးခိုးပါ ရဲ့ (ရှစ်ဝယ်မယ့်သူ ရှိရင် ပြောဦးဗျို့) ခုလောလောဆယ်တော့ ကိုယ့်လက်ထဲမိနေတဲ့ စစ်စေးရာကြီးတွေ ရွှေလိုက်ချချင်လို့ မျက်ပါးရပ်က သက်ထားမြတ်တို့ဆီကို အလှူခံ အသံပေးလိုက်ပါတယ်ဗျာ။ ခွဲခန်းထဲ၊ မွေးခန်းထဲသုံးဖို့ ထွန်းလို့ရတဲ့ မက်တတ် မီးမောင်းကလေး နှစ်ခုလောက်၊ လက်နဲ့ ညှစ်ညှစ်နေရရှာတဲ့ မေ့ဆေး ဆရာဝန်ကြီးက သနားစရာ အလွန်ကောင်းတာမို့ သူ့အတွက် အလိုအလျှောက် အသက်ရှူစက်ကလေးနဲ့ မော်နီတာလေး တစ်လုံးလောက် သွေးတိတ်အောင် မီးနဲ့ ရှို့တဲ့ စက်တစ်လုံး၊ ချွဲစုပ်စက်တစ်လုံး၊ အောက်စီဂျင်ပေးတဲ့ စက်တစ်လုံး နဲ့ ဓါတ်မှန်ဖလင်ပြားများ၊ သွေးခံအိတ် လှူဒါန်းချင်တဲ့ စေတနာ သဒ္ဒါ တရားများဖြစ်ပေါ်လာမယ်ဆိုရင် ဆက်သွယ်လိုက်ပါနော်။ စားရိတ်လည်းစိုက်၊ လူလည်းစိုက်ပါ့မယ်။ ဓာတ်ပုံတွေ ဗီဒီယိုတွေတော့ လက်ခံပြီးပြန်မပိုတော့ဘူး စိတ်နာလွန်းလို့။ လူနာတွေအတွက်သုံးနေတရွေ့ အလှူရှင်ကြီးရဲ့ ကုသိုလ်မီတာတွေ တရိပ်ရိပ်တက်နေမှာမို့ အဲဒီမှာပဲ ဖတ်ယူလိုက်တော့ နော်။ အားလုံးအတွက် (အထူးအားဖြင့် ကိုယ်အတွက်) ဆုမွန်ကောင်းတောင်းပေး လိုက်ပါမယ်။ "ရောက်တဲ့အရပ်မှာ ရေမီးလာ၊ အင်တာနက်လည်း ကောင်းပါစေ"လို့။ ko soe min Facebookမှ |
Posted: 14 Aug 2011 04:38 AM PDT မကြာသေးခင်ကမှကွယ်လွန်သွားခဲ့တဲ့ တေးရေးဆရာမောင်သစ်မင်း၊ တေးရေးဆရာမြင့်မိုးအောင်.၊ ဂီတအနုပညာရှင်ကိုကျင့်ခမ်းဖုန်း ၊တေးရေး ညီညီသွင်တို့နဲ့အတူမြ၀တီရုပ်သံမှာ လွှင့်သွားတဲ့ Living Songs ထူးအိမ်သင် ၅နှစ်ပြည့် အထူး အစီအစဉ်ကနေ တချို့သော အမှတ်တရလေးတွေနဲ့ သီချင်းတချို့ ကို ဒီနှစ်ထူးအိမ်သင် ကွယ်လွန်ခြင်း(၇)နှစ်ပြည့် မှာ အလွမ်းပြေ ပြန်တူးဖော်ပေးလိုက်ပါတယ်.. ငှက်ကြီးရေ ... ဒီနေ့ သြဂုတ်လ ၁၄ ရက်နေ့။ မင်း ငါတို့အားလုံးနဲ့ ခွဲခွာသွားခဲ့တာ ၇ နှစ် ရှိခဲ့ပေမယ့် ရင်ထဲမှာ သတိတရရှိနေဆဲပါ။ မင်းနဲ့ ငါ စတွေ့တာ ၁၉၈၁ ခုနှစ် မြင့်မိုးအောင်ရဲ့ ခပေါင်းဆောင်က အခန်းမှာ၊ အဲဒီတုန်းက မင်းယူလာတဲ့ ထန်းရည် နှစ်ပုံးကိုလည်း ပြန်သတိရတယ်။ အဲဒီကတည်းက မင်းနဲ့မြင့်မိုးအောင် သီချင်းသွင်းဖို့ တိုင်ပင်နေကြပေမယ့် ငါ့စိတ်ထဲ မင်း အောင်မြင်မှာ မဟုတ်ပါဘူးကွာ လို့ ပြောခဲ့မိတာ တောင်းပန်ပါတယ်။ ငါကမှ သိပ်စိတ်မဝင်စားတာကိုး။ အဲဒီအချိန်တုန်းက ငါက ကျောင်းနေဖက် သူငယ်ချင်း ဂစ်တာတီးတဲ့ မိုးကျော် (The Aces)၊ ကိုရဲလွင်၊ ကိုတိုး (ကိုခင်မောင်တိုး)၊ ကိုမောင်မောင်၊ ကိုနေဝင်းတို့နဲ့ တွဲနေတဲ့အချိန်ဆိုတော့ ကိုတိုး ကြိုးစားနေတဲ့ 'အဉ္စလီအတွက် ဂီတဉ္စလီ' ခွေထဲက သီချင်းတွေဘက်ကိုပဲ စိတ်ကရောက်နေတာ ဝန်ခံပါတယ် သူငယ်ချင်း။ ဒါပေမယ့် မင်း အောင်မြင်ခဲ့ပါတယ်။ သူများအဆိုတော်တွေ အောင်မြင်တယ်ဆိုတာက နိုင်ငံတကာမှာပေါက်ထားတဲ့ သီချင်းတွေနဲ့မို့ ဒို့ဆီမှာလည်း အောင်မြင်တာပါ။ မင်းက သူတို့လိုမဟုတ်ဘဲ ကိုယ်ပိုင်သံစဉ်နဲ့ အမှတ်တရ ရင်ထဲမှာ ကျန်ရစ်စေတဲ့ အောင်မြင်မှုကို ရခဲ့တာပါ။ သမိုင်းကျန်ရစ်တဲ့ အောင်မြင်မှုပေါ့။ အဲဒီအတွက် လေးစားဂုဏ်ယူပါတယ် သူငယ်ချင်း။ နောက်မင်းနဲ့ ပြန်ဆုံတာ ၈၈၈၈ အပြီး စစ်တပ်က အာဏာသိမ်းတော့ ဒို့ လွတ်မြောက်နယ်မြေကို အသွား ငှက်ဖျားကြမ်းတဲ့ ဒေါနတောင်တန်းပေါ်မှာ။ တောထဲတောင်ထဲ ခရီးကြမ်းနှင်ရင်း ဆေးလိပ်သောက်စရာမရှိတော့တဲ့ ငါ့ကို မိုးရွာလို့ရေစိုနေတဲ့ ဆေးပေါ့လိပ်တွေ တဝက်ခွဲပေးခဲ့တာလည်း သတိရသေးတယ် သူငယ်ချင်း။ အဲဒီ ရေစိုနေတဲ့ဆေးပေါ့လိပ်တွေကို ထမင်းအိုးအဖုံးပေါ်တင် အခြောက်ခံပြီး သောက်ခဲ့ရတာ မင်းကိုကျေးဇူးပါ သူငယ်ချင်း။ နောက် ဘုရားသုံးဆူ စမ်ခဘူရီမြို့မှာ ငါက အဆက်အသွယ်ကိစ္စအတွက် ဘန်ကောက်တက်ဖို့ ထိုင်းကုန်သည်တယောက်နဲ့ စားသောက်ဆိုင်အပြင်က ကျောက်စားပွဲဝိုင်းလေးမှာ သူတိုက်တဲ့ ထိုင်းအရက် (မဲခေါင်) သောက်ရင်း စကားပြောနေတုန်း သူငယ်ချင်း မွန်းအောင်(အဆိုတော်) ရောက်လာပြီး "ဟေ့ကောင် … ငါ ထိုင်းအရက် မသောက်ဖူးသေးဘူး" လို့ပြောတာနဲ့ "လာ .. ထိုင်ကွာ ဒီ ထိုင်းကုန်သည်က သဘောကောင်းပါတယ်" ဆိုပြီး ဝင်အထိုင်၊ ထိုင်းကုန်သည်ကလည်း အလိုက်တသိပါပဲ၊ ငါတို့ကို လွတ်လွတ်လပ်လပ် နေစေချင်တဲ့သဘောနဲ့ နောက်နေ့မှတွေ့မယ်ဆိုပြီး နှုတ်ဆက်ပြန်သွားတယ်။ မကြာခင်ပဲ ငှက်ကြီး … မင်းယောင်လည်လည်နဲ့ လမ်းလျှောက်လာရင်း ငါနဲ့ မွန်းအောင်ကိုတွေ့တော့ "ဟာ … မင်းတို့ တယ်နိပ်နေပါလား ... ငါ အရက်တော့မသောက်ချင်ဘူး … မင်းတို့မှာပိုက်ဆံပါရင် ယိုးဒယား ခေါက်ဆွဲပြုတ် စားချင်တယ်ကွာ" ဆိုလို့ မင်း ခေါက်ဆွဲကိုမြိန်ရည်ရှက်ရည်စားနေပုံ ပြန်မြင်ယောင်မိတယ် သူငယ်ချင်း။ ပြီးတော့ မင်းပြောခဲ့တဲ့စကား ငါ အခုထိကြားယောင်နေသေးတယ်။ "ကောင်းလိုက်တာကွာ ... ကြားပဲကြားဖူးတာ ... အခုမှ စားဖူးတာ .. ကျေးဇူးပဲ" တဲ့။ အဲဒီနေ့က မင်းနဲ့ နောက်ဆုံးဆုံခြင်းပဲဆိုတာ ငါ မထင်ခဲ့မိဘူး။ နောက်ပိုင်း မွန်းအောင်ပြောပြလို့ မင်း သူနဲ့အတူ Camp ထဲမှာနေသွားတဲ့အကြောင်း၊ "အရေးကြီးပြီ" သီချင်းရေးပေးခဲ့တဲ့အကြောင်းတွေ သိရတယ်။ နောက် ၁၉၉၉ မှာ မွန်းအောင်နဲ့ ငါ ဘုရားသုံးဆူ စမ်ခဘူရီမြို့ကို တခေါက်ပြန်ရောက်ဖြစ်တယ်။ ကိုအောင်သူငြိမ်းရဲ့ မင်္ဂလာဆောင်ပေါ့။ အဲဒီမှာ မွန်းအောင်နဲ့ ငါနဲ့ ဒို့သုံးယောက်ထိုင်ခဲ့ဖူးတဲ့ စားသောက်ဆိုင်ရှေ့က ကျောက်စားပွဲဝိုင်းလေးကို သတိတရသွားကြည့်ပေမယ့် နေရာတွေအားလုံးဟာ ပြောင်းလဲကုန်ပြီ သူငယ်ချင်း ... အဲဒီလိုပဲ မင်းချစ်တဲ့ ဒို့ဧရာဝတီကြီးဟာလည်း ဘယ်တော့ပြောင်းလဲသွားမလဲဆိုတာ ... ပူပင်နေရပြီ သူငယ်ချင်း ... ရာဇဝင်များရဲ့သတို့သမီး ဧရာဝတီကို မပျောက်ပျက်ဖို့ ငါတို့ ဝိုင်းကြိုးစားနေပါတယ် သူငယ်ချင်း ... သတိရ .. အမှတ်ရစွာ ... မင်းကျော်ခိုင် |
Posted: 14 Aug 2011 03:26 AM PDT ဓာတ်ပုံ။ ။ အရှည်ကြီး(မဲဆောက်) ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ကရင်ရိုးရာလက်ချီပွဲကျင်းပရခြင်းအကြောင်းကို ဗဟုသုတရစေရန်အဖြစ် http://www.skykaren.com/မှ ကူးယူဖော်ပြလိုက်ပါတယ်. ကမ္ဘာပေါ်ရှိလူမျိုးတိုင်းဝယ် ထင်ရှားသောဝိသေသအမှတ်အသား၊ သမိုင်းနှင့် ဓလေ့ထုံးတမ်းအစဉ် အလာများရှိကြလေရာ ကရင်လူမျိုးများတွင် ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) လက်ချည်ပွဲသည် ထင်ရှားသော၊ အရေးကြီးသောရိုးရာဓလေ့တစ်ခု ဖြစ်ပေသည်။ လက်ချည်ခြင်းတွင် ကျယ်ပြန့်သောအနက်အဓိပ္ပါယ်များ ပါရှိရည်သန်သည့်အပြင် အမျိုးအစားအားဖြင့် လည်း သုံးမျိုးသုံးစား ခွဲခြားထားရှိပါသည်။ ၄င်းတို့မှာ - (၁) မကျန်းမမာဖြစ်နေသူများအတွက် လိပ်ပြာခေါ်ဆုတောင်းလက်ချည်ခြင်း၊ (၂) ထိမ်းမြားမင်္ဂလာလက်ချည်ခြင်း၊ (၃) ဝါခေါင်လလက်ချည်ခြင်း တို့ဖြစ်ကြသည်။ ဤဆောင်းပါးတွင်မူ ဝါခေါင်လလက်ချည်ခြင်း (ခြည်ဖြူဖွဲ့ပွဲ) ကိုသာအဓိကထား၍ လက်လှမ်းမှီသမျှ တင်ပြသွားပါမည်။ နိဒါန်း ဝါခေါင်လခြည်ဖြူဖွဲ့ပွဲကို ကရင်လူမျိုးတို့သည် အစဉ်အဆက် နှစ်စဉ်ဝါခေါင်လဆန်း (၁) ရက်နေ့မှစ၍ လပြည့်နေ့အထိ (ကရင်လ "လာခေါင်" နှင့် ရောမလ "သြဂုတ်လ") ရက်များအတွင်းကျင်းပပြုလုပ်ကြရာမိသားစုအလိုက်၊ ရွာအလိုက်၊ နယ်အလိုက်ကျင်းပခဲ့ကြပြီး၊ ယခုအခါတွင် ကမ္ဘာ့နေရာဒေသအနှံ့ရောက်ရှိနေ ကြသည့် ကရင်လူမျိုးများအကြား အမျိုးသားရေးအသွင်ဆောင်သော ဓလေ့တစ်ရပ်အဖြစ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ကရင်လူမျိုးများသည် တရုတ်ပြည်တောင်ပိုင်းမှနေ၍ သံလွင်၊ မဲခေါင်နှင့် ယန်စီမြစ်များအတိုင်း စုန်ဆင်း ခဲ့ကြပြီး ရေကြည်ရာမြက်နုရာ အရှေ့တောင်အာရှနိုင်ငံများတွင် ပျံ့နှံ့နေထိုင်လာခဲ့ကြရာ အများစုကြုံတွေ့ ကြရသော မုတ်သုံမိုးရာသီအတွင်းကျသည့် ဝါခေါင်လတွင် ခြည်ဖြူဖွဲ့ပွဲကိုကျင်းပကြပါသည်။ ဤကာလ သည် အစဉ်အဆက်လယ်ယာလုပ်ငန်းကို အများစုလုပ်ကိုင်ခဲ့ကြသော ကရင်လူမျိုးများ၏ ခေတ္တအားလပ် ချိန်ဖြစ်လေရာ ရှေးဘိုးဘွားများက သူတို့၏သားမြေးများအတွက်အသင့်တော်ဆုံးအချိန်ကာလကို တမင် ရွေးချယ်ပေးထားခဲ့သည်ဟု ယူဆစရာရှိပေသည်။ ရည်ရွယ်ချက်နှင့် သမိုင်း ကရင့် ဝါခေါင်လခြည်ဖြူဖွဲ့ပွဲသည် ရည်ရွယ်ချက်အနေဖြင့် ကျယ်ပြန့်သည်သာမက ကရင်လူမျိုးတို့၏ သမိုင်းနှင့်လည်း သက်ဆိုင်မှုများရှိနေပေသည်။ နှစ်စဉ် ဝါခေါင်လ (လါခေါင်) ရောက်တိုင်း မိသားစုများ၊ တစ်နယ်တစ်ကျေးထဲသားများပြန်လည်စုစည်း ကာ စိတ်ဝမ်းမကွဲပဲ အချင်းချင်းချစ်ကြည်ရင်နှီး သွေးစည်းခိုင်မြဲစွာဖြင့် ကိုယ့်လူမျိုးကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ရန်၊ စိတ်ဓါတ်ဖြူစင်စွာထားရှိကာ ကောင်းမြတ်သောကိုယ်ကျင့်တရားများကိုကျင့်ကြံ၍ မိမိတို့ ၏အမျိုးသားယဉ်ကျေးမှု၊ ဓလေ့အမွေအနှစ်များကို ထိန်းသိမ်းပြန့်ပွားစေရန် လူကြီးသူမများမှနေ၍ လူငယ် လူရွယ်သားသမီးမြေးမြစ်များအား တစ်စုတစ်စည်းတည်းလမ်းညွှန်ဆုံးမသြဝါဒပေးကာ မေတ္တာပို့သဆု တောင်းပတ္ထနာပြုပေးနိုင်ကြစေရန်များအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပေသည်။ ၄င်းပြင် ဝါခေါင်လသည် သဘာဝအားဖြင့်မိုးသည်းထန်ပြီး အစာရေစာလည်းနည်းပါးသည့်ကာလဖြစ် သည့်အပြင် အလွန်လည်းအေးချမ်းလှသဖြင့် လူအများစားသောက်၍ အလွန်ကောင်းကြသည်။ သို့ရာတွင် စားသုံးသလောက် (အထူးသဖြင့်ငယ်ရွယ်သူများတွင်) အဆီအသားဖြစ်ကာ ဝဖြိုးလာကြသည်ဟူ၍မရှိသ လောက်ဖြစ်ကာ မကောင်းဆိုးဝါးများဝင်ရောက်ပူးကပ်နေသကဲ့သို့ပင် ထင်မြင်ရလေရာ ဝါခေါင်လ (လါ ခေါင်) ကို ရှေးလူကြီးတို့က မကောင်းဆိုးဝါးများကျက်စားရာလ (လါဖူ့ လာနား) ဟုသတ်မှတ်ပြီး သားသမီး မြေးမြစ်၊ လူငယ်လူရွယ်များအား မကောင်းသောဝိဥာဉ်လိပ်ပြာများမှကွယ်ကာ၍ ထိုကာလ၌ပေါများသော ရောဂါအနာများမှလည်းကင်းဝေးစေဖို့ရန် တစ်စုတစ်စည်တည်းစုရုံး၍ ဆုတောင်းမေတ္တာပို့သ ကောင်းချီး ပေးကြခြင်းဟုလည်း ရှေးစာပေများတွင်ပါရှိလေသည်။ အဆိုတစ်ခုတွင် ကရင်လူမျိုးများ တရုတ်ပြည်တောင်ပိုင်းမှ အစုလိုက်အသုတ်လိုက် မြစ်ကြောင်းများအ တိုင်း စုန်ဆင်းရွှေ့ပြောင်းကြရာဝယ် ခေါင်းဆောင်များမှတိုင်ပင်ကာ နောင်သားစဉ်မြေးဆက်ရောက်လေရာ ရာ၌ ပြန်လည်ဆုံတွေ့ကြလျှင် အမျိုးအဆွေအချင်းချင်း မှတ်မိသိရှိနိုင်ကြစေဖို့ရာ အမှတ်အသားဖြစ်ရလေ အောင် ဓလေ့ထုံးတမ်းအဖြစ် ထားရှိခဲ့ကြသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ ခြည်ဖြူဖွဲ့ပွဲကိုစတင်ခဲ့သော နှစ် အပိုင်းအခြားကို အတိအကျမသိရသော်ငြားလည်း ကရင့်ပြက္ခဒိန်အရ နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီဟု မှတ် ယူနိုင်ပေသည်။ နောက်အဆိုတစ်ခုတွင်လည်း ကရင်လူမျိုးများသည် ရှေးအခါကရေကြည်ရာမြက်နုရာ၊ အေးချမ်းရာဒေ သများသို့ စုပေါင်းပြောင်းရွှေ့ခဲ့ကြရာတွင် တရုတ်ပြည်တောင်ပိုင်းသို့မရောက်မီ ဂိုဘီသဲကန္တာရ (Gobi/ Kobi - အဆုံးမမြင်ရသော၊ ကျယ်ပြန့်သောတော) ကိုဖြတ်ကျော်ခဲ့ကြရာဝယ် များစွာသောအစုတို့သည် မကောင်းသော ဝိဥာဉ်လိပ်ပြာ သဲကန္တာရဘီလူးတို့၏ (တံလျှပ်ကိုရေထင်စေခြင်းများအပါအဝင်) လှည့်ဖျားမှု များကြောင့် ဒုက္ခရောက်ခဲ့ကြသည်များ၊ သေဆုံးခဲ့ကြရသည်များရှိခဲ့ရာ၌ ခရီးလမ်းကို အောင်မြင်စွာကျော် လွှားနိုင်ခဲ့ကြသည့်လူကြီးသူမများမှ နောက်နောင်တွင်မကောင်းသော ပယောဂ၊ ဝိဥာဉ်လိပ်ပြာများနှင့် ဒုက္ခ ဘေးဘယာများ၏ရန်မှ ကွယ်ကာသောဓလေ့ထုံးတမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်ဟုလည်း အဆိုရှိပါသည်။ ဤအဆိုကိုထောက်လျှင် ခြည်ဖြူဖွဲ့ခြင်းအလေ့သက်တမ်းသည် နှစ်ပေါင်းသုံးထောင်ကျော်ခဲ့ပြီဟု ဆိုနိုင်ပေ သည်။ ကရင့်ဆိုစကားများအရ ကရင်တို့အားဦးဆောင်လမ်းပြခဲ့သော မုဆိုးကြီးဖူ့ထော်မဲပါသည် လမ်းတွင်ခရု ဖင်ချွန် (ခြည်ဖြုဖွဲ့ပွဲတွင် သရုပ်တူကောက်ညှင်းထုပ်ဖင်ချွန်ကလေးများ ပါရှိသည်) များကိုတွေ့ရာတွင် ခရုကလေးများတစ်စုတစ်စည်းတည်းနေသောအခါ ပတ်ပတ်လည်အချွန်အတက်များဖြစ်နေပြီး ရန်သူများ လွယ်လင့်တကူအန္တရာယ်မပြုနိုင်သည်ကို ဆင်ခြင်မိသည့်အပြင် နောင်တစ်ချိန်၌ ကရင်လူမျိုးတို့ တကွဲ တပြားဖြစ်လာကြမည့်အရေးကိုမျှော်မြင်မိကာ မှန်မှန်ပြန်လည်တွေ့ဆုံရင်းနှီး သွေးစည်းညီညွတ်စေမည့် ခြည်ဖြူဖွဲ့ပွဲဓလေ့ကို စတင်စေခဲ့သည်ဟုဆိုပါသည်။ မည်သို့ပင်ဆိုစေ ခြည်ဖြူဖွဲ့ပွဲဓလေ့၏သက်တမ်းသည် နှစ်နှစ်ထောင်အောက်မလျော့သည်ကိုတွေ့ရှိရပြီး ကောင်းမြတ်သောရည်ရွယ်ချက်များဖြင့် ပြည့်စုံသော၊ ထိန်းသိမ်းသင့်သော ရိုးရာဓလေ့တစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။ ခြည်ဖြူဖွဲ့ပွဲ ကျင်းပခြင်း ခြည်ဖြူဖွဲ့မင်္ဂလာ (သို့) ဝါခေါင်ခြည်ဖြူဖွဲ့ပွဲ (သို့) လက်ချည်ပွဲကျင်းပရာတွင် လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများရှိလေရာ ဦးဆောင်သူ၊ ပါဝင်သူနှင့် ပါဝင်ရမည့်ဝတ္ထုပစ္စည်းအမယ်များအပေါ် သတ်မှတ်ထား သည်များ အသီးသီးရှိကြပါသည်။ အခြေခံအားဖြင့် ပွဲတော်ကိုပါဝင်ဆင်နွဲမည့်သူအားလုံးသည် ရိုးရာဝတ်စုံကိုအပြည့်အစုံ ဆင်ယင်ကြရပါ သည်။ မင်္ဂလာပွဲဖြစ်သောကြောင့်လည်း မင်္ဂလာရှိသူ (ပြည့်စုံသူ) များကဦးဆောင်ကြရရာ၌ ဦးဆောင်သူ ဘိုးဘွား သို့မဟုတ် လူကြီးသူမစုံတွဲများသည် ပထမအိမ်ထောင်ဖြစ်ရပြီး ကြင်ယာစုံ (လင်စုံ မယားစုံ) ဖြစ် ရပါသည်။ ပွဲတော်အခမ်းအနားကျင်းပရတွင် အသုံးပြုရသော ဒေါင်းလန်း(လင်ပန်း သို့မဟုတ် ကြာကလာပ် သကဲသို့ပြုလုပ်ထားသော သစ်သားဘန်း) ကိုလည်း မိစုံဖစုံကာလသားသမီးများမှ ကျားမစုံတွဲ၍ကိုင်တွယ်ချီ မကြရပါသည်။ အခမ်းအနားတွင်အသုံးပြုမည့် ဒေါင်းလန်းထဲတွင်လည်း အဓိပ္ပါယ်ကိုယ်စီဆောင်သော ဝတ္ထုပစ္စည်းခုနှစ် မျိုးကို မပါမဖြစ်ပြင်ဆင်ထည့်သွင်းကြရပါသည်။ ၄င်းတို့မှာ - (၁) ခြည်ဖြူသုံးခင်စု ၇ ချောင်း (ခုနှစ်ပိုင်း) (၂) ထမင်းဆုပ် ၇ ဆုပ် (၃) ကောက်ညှင်းဖင်ချွန် ၇ ထုပ် (၄) ဌက်ပျောသီးပြုတ် ၇ လုံး (၅) ပန်း (ဖဝ့်ဝီ.) ၇ ခက် (၆) ကြံ ၇ ပိုင်း (၇) ရေကြည်အေး ၁ ခွက် တို့ဖြစ်ကြပါသည်။ ခြည်ဖြူဖွဲ့ပွဲကျင်းပတော့မည်ဆိုလျှင် ပွဲတော်ကျင်းပမည့်ရက်မတိုင်မီတစ်ရက် (ဝါခေါင်လဆန်း ၁ ရက် မှ ၁၄ ရက်နေ့အတွင်း) အလိုတွင် ခြည်ဖြူဖွဲ့ပွဲကိုဦးဆောင်ဦးရွက်ပြုသော ကြင်ယာစုံတွဲအဖိုးအဖွားတို့က သတ်မှတ်ထားသောအိမ်လှေခါးမကြီးအား ယောက်မဖြင့်ညင်သာစွာရိုက်ခတ်ပြီး သားသမီးမြေးမြစ်များ၏ ဝိဥာဉ်လိပ်ပြာကိုခေါ်ယူသော ရွတ်ဆိုခြင်းကိုပြုလုပ်ရပါသည်။ အဓိပ္ပါယ်အကျဉ်းမှာ - "သားသမီးမြေးမြစ်ဆွေမျိုးသားချင်းအားလုံး၏ ဝိဥာဉ်လိပ်ပြာများ မကောင်းသောမနေအပ်သောနေရာများ တွင်မနေပဲ မိဘဘိုးဘွားဆွေမျိုးမောင်နှမများနှင့်အတူ ဤအိမ်မှာပြန်လာနေထိုင်စောင်ရှောက်၍ ကြီးသော ခွန်အား၊ ကျန်းမာချမ်းသာခြင်းတို့ဖြင့်ပြည့်စုံကာ ဤလှေကားမကြီးကဲ့သို့ ဖြောင့်မတ်ကြပါ" ဟူ၍ဖြစ်သည်။ ခြည်ဖြူဖွဲ့ပွဲပြုလုပ်မည့်နံနက်တွင် မင်္ဂလာမောင်နှံအဘိုးအဘွားတို့မှဦးဆောင်၍ ကျင်းပမည့်နေရာသို့ဦး ဆောင်လာကြရပါသည်။ မင်္ဂလာမောင်မယ်များက အသုံးပြုမည့်အဆောင်အယောင်ဝတ္ထုပစ္စည်းများထည့် ထားသော ဒေါင်းလန်းများကိုကိုင်ဆောင်စီတန်းလိုက်ပါလာကြပြီး ခြည်ဖြူဖွဲ့မည့်နေရာတွင် ခင်းကျင်းနေရာ ယူကြရပါသည်။ ထို့နောက် မင်္ဂလာအဘိုးအဘွားများမှနေ၍ယောက်မဖြင့်ဒေါင်းလန်းနံဘေးကို အသာအ ယာရိုက်ခတ်ရင်း ယမန်နေ့ကရွတ်ဆိုသကဲသို့ရွတ်ဆိုကာ ပြီးဆုံးပါက မင်္ဂလာမောင်မယ်များအား"ဝိဥာဉ် လိပ်ပြာအားလုံး စုံစုံညီညီပြန်ရောက်လာကြပြီလား" ဟုမေး၍ "ရောက်ကြပါပြီ" ဟုပြန်ဖြေကြရပါသည်။ ဤသို့ မေးခွန်းကိုသုံးကြိမ်မေး၍ သုံးကြိမ်ဖြေဆိုပြီးကြသောအခါ အဘိုးအဘွားများက မောင်မယ်များအား ခြည်ဖြူဖွဲ့ပေးခြင်းကို စတင်ကြပါသည်။ ခြည်ဖြူဖွဲ့ရာတွင် ရှေးဦးစွာအဖွဲ့ခံမည့်သူမှ လက်ဝါးများဖြန့်ထားရပြီး ဘိုးဘွားများကဒေါင်းလန်းအတွင်း မှ ပစ္စည်းတစ်ခုစီကို လက်ဖဝါးပေါ်တွင်အထင်အရှားမြင်စေရန် တင်ရပါသည်။ ပြီးနောက် အဘိုးအဘွားတို့ က ခြည်ဖြူကိုအလယ်တွင်ရေဆွတ်ကာ အဖွဲ့ခံမည့်သူ၏လက်ကောက်ဝတ်အထက်မှအောက်သို့ ခုနှစ်ကြိမ် သပ်ချပြီး အောက်မှအထက်ဘက်သို့ခြည်ဖြင့်သပ်တင်ရင်း ဝိဥာဉ်လိပ်ပြာကိုယ်တွင် ပြန်လာနေထိုင်ကျန်းမာ စေဖို့ရာ ရွတ်ဆိုမှုပြုရပါသည်။ ဆက်လက်၍ လက်ကောက်ဝတ်တွင်ခြည်ကိုသုံးပတ်ပတ်ပြီး အဆုံးတွင်သုံးခါ ချည်ခြင်းဖြင့်ခြည်ဖြူကြိုးသုံးထုံးဖြစ်စေကာ ပိုနေသောခြည်စကို ရေတွင်နှစ်၍လက်ဖြင့်ဆိပ်ကာဖြတ်ပါသည်။ ထို့နောက် ပိုနေသောခြည်စနှင့်အတူ လက်ဖဝါးပေါ်တွင်တင်ထားသောပစ္စည်းများမှ တစ်မျိုးလျှင်အ နည်းငယ်စီဖဲ့ယူကာ ခြည်ဖြူဖွဲ့ခံသူ၏ ဦးထိပ်သို့တင်ပေးပြီး ဝိဥာဉ်လိပ်ပြာကိုယ်နှင့်မြဲမြံကျန်းမာချမ်းသာခွန် အားကြီး၍ ဤခြည်ဖြူသကဲ့သို့ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်အနာမဲ့ပါစေဟု အဘိုးအဘွားများမှ ဆုတောင်းပေးကြရာ ခြည်ဖြူဖွဲ့ခံသူက ဦးထိပ်ပန်ဆင်သည်အနေဖြင့် ခေတ္တနေပြီးမှ ဦးခေါင်းထက်မှပစ္စည်း များကိုလက်ဖြင့်ခံယူကာ ဒေါင်းလန်းအတွင်းသို့ ပြန်ချရပါသည်။ ဤသို့ဖြင့် မင်္ဂလာမောင်မယ်များအားခြည်ဖြူဖွဲ့ပေးပြီးသည်နောက် မင်္ဂလာဒေါင်းလန်းအတွင်းမှ ထမင်း ဆုပ်၊ ကောက်ညှင်းထုပ် အစရှိသောစားသောက်စရာများကို အတူတကွပျော်ရွှင်စွာစားသုံးကြပြီး ခြည်ဖြူဖွဲ့ ပွဲ (လက်ချည်ပွဲ) အထမြောက်ရပါသည်။ ဆက်လက်ပြီး ဘိုးဘွားများကကျန်ရှိနေသေးသောသူများ(ပရိ သတ်များ) အားလုံးကုန်သည်အထိ ခြည်ဖြူဖွဲ့ပေးကာ ပွဲပြီးမြောက်ပါသည်။ အထက်ကဖေါ်ပြခဲ့သည့် ခြည်ဖြူဖွဲ့ပွဲအစီအစဉ်သည် စံနမူနာပုံစံဖြစ်၍ နေရာဒေသကိုလိုက်ကာ ကွဲပြား ခြားနားမှုများ အနည်းအကျဉ်းရှိတတ်ပါသည်။ ယခင်က ကျေးရွာများတွင် ခြည်ဖြူဖွဲ့ဖို့ရန် အိမ်တိုင်းလိုလို ဒေါင်းလန်း (စကော၊ လင်ပန်း) များရှိကြပြီး ဝိဥာဉ်လိပ်ပြာခေါ်ရန်အတွက်လည်း အဆစ် ၇ ဆစ်ပါသောဝါး သို့မဟုတ် တစ်ရပ်ခန့်ရှည်၍ အဖျားတွင် ၇ ခြမ်းခွဲပြီးချွန်ထားသောဝါးများကို ထည့်သွင်းအသုံးပြုကြသည် များလည်း ရှိပါသည်။ ၄င်းပြင် လိပ်ပြာခေါ်ရွတ်ဆိုခြင်းနှင့် ဆုမွန်ကောင်းတောင်းပေးကြရာတွင်လည်း ဆု တောင်းပေးသူဘိုးဘွားတို့က တတ်ကျွမ်းလျင်တတ်ကျွမ်းသလို အသံနေအသံထားဖြင့်လည်းကောင်း၊ သာ မန်ထက်ချဲ့ထွင်၍ ရှည်လျားစွာသော်လည်းကောင်း ရွတ်ဆိုခြင်းများပြုတတ်ကြပါသည်။ ခြည်ဖြူဖွဲ့ခြင်းများပြီးမြောက်ပါက စားသောက်ဖွယ်ရာများတည်ခင်းဧည့်ခံခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် ပြိုင်ပွဲ အမျိုးမျိုးတို့ကိုကျင်းပခြင်းဖြင့်လည်း ခြည်ဖြူဖွဲ့ပွဲနေ့များတွင် စည်ကားသိုက်မြိုက်ကြလေ့ရှိပါသည်။ ဆုတောင်းရွတ်ဆိုခြင်းနှင့် အနက်အဓိပ္ပါယ်များ ကရင့်ခြည်ဖြူဖွဲ့ပွဲတွင်ရွတ်ဆိုကြသော ဝိဥာဉ်လိပ်ပြာခေါ်ရွတ်ဆိုချက်များနှင့် ဆုတောင်းချက်များတွင် ရှေးလူကြီးများတွေ့ကြုံလိုအပ်ခဲ့သည်များနှင့်အညီ သင့်တင့်လျောက်ပတ်သောအဓိပ္ပါယ်များရှိကြပါသည်။ ဝိဥာဉ်လိပ်ပြာဟူသောစကားလုံးကိုခေါ်ဆိုရာတွင် ကရင်စကားဖြင့် - အသိတရားနှင့်ဆိုင်သည့်ဝိဥာဉ် "ဝီး" နှင့် အရိပ်ဟုအဓိပ္ပါယ်ရှိသော "လာ" တို့ကိုပေါင်းစပ်ကာ "ဝီးလာ" ဟူ၍သုံးစွဲလေသည်။ ၄င်းအပြင် ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ မသင်္ဂဟများနှင့် ခြည်ဖြူဖွဲ့ပွဲသို့တက်ရောက်လာသည့်သူများ အားလုံးအတွက်ရည်ညွှန်း၍ ဝိဥာဉ်လိပ်ပြာ ၇ ယောက်ပြန်လာပါဟု ရွတ်ဆိုသုံးစွဲပြန်ပါသည်။ ဆုတောင်းပေးခြင်းနှင့် လိပ်ပြာခေါ်ရွတ်ဆိုချက်များသည် ရှေ့မှဆိုခဲ့သလို ကွဲပြားမှုများရှိနိုင်သော် လည်း အခြေခံပါဝင်မှုများမှာမူ အတူတူပင်ဟုဆိုနိုင်ပြီး အနီးစပ်ဆုံးအနေဖြင့် အောက်ဖေါ်ပြပါရှိသကဲ့သို့ ဘာသာပြန်ကောက်ယူနိုင်ပေသည်။ ◊ (ပလူး) လိပ်ပြာဝိဥာဉ် ၇ ယောက်တို့ ဤအိမ်မှာမိဘဘိုးဘွား၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်ဆွေများ နှင့်အတူ ကိုယ်နှင့်မကွာပြန်လာနေကြပါ၊ ◊ (ပလူး) ရွှေငွေရတနာ ကျောက်သံပတ္တမြားတို့ကိုယူဆောင်ပြန်လာ၍ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စပါးကျီများ ပြည့်စုံဖို့ ပြုစုပျိုးထောင်ပါ၊ ◊ (ပလူး) မကောင်းဆိုးဝါး နတ်ဘီလူးတို့၏ လိမ်လည်လှည့်စားမှုများကိုမယုံကြည်ပဲ၊ မနေအပ်သော သင်္ချိုင်း၊ အရိုးတောင်တို့မှာလည်းမနေပဲ မြို့ရွာသို့ပြန်လာနေပါ၊ ◊ (ပလူး) ကျန်မာစွာပြန်လာ၍ သံ၊ ကျောက်သားများကို ကိုက်ဖြတ်နိုင်သောခွန်အားဖြင့်ပြည့်ပါစေ၊ လေလို ပြင်း၍ မြားလိုလျင်မြန်ခြင်းဖြင့်ပြည့်စုံကာ အသက်ရာကျော်ရှည်ပါစေ၊ ◊ (ပလူး) ကိုယ်စိတ်နှလုံးအသက်ကိုပြန်လာစောင့်ရှောက်၍ ရောဂါဘယများနှင့်ကင်ဝေးကာ ဆံဖြူသွား ကျိုးသည်အထိ ပြန်လာနေထိုင်ပါလေ။ အထက်ပါအဓိပ္ပါယ်များပါရှိသည့်ရွတ်ဆိုမှုနှင့် ဆုတောင်းချက်များတွင် အကြိမ်တိုင်း၌ "ပလူး" ဟူသော ဝိဥာဉ်လိပ်ပြာကိုခေါ်ရာတွင်အသုံးပြုသည့် စကားလုံးဖြင့်စတင်ရပါသည်။ ခြည်ဖြူဖွဲ့ပွဲတွင်ပါဝင်သော ပစ္စည်း ၇ မျိုးနှင့် အနက်အဓိပ္ပါယ်များ ခြည်ဖြူဖွဲ့ပွဲတွင်ပါဝင်အသုံးပြုသော ဝတ္ထုပစ္စည်းများအနက် ဒေါင်းလန်းထဲတွင်ထည့်ရသော အမယ် ၇ မျိုးတွင် ကိုယ်စီအဓိပ္ပါယ်များဆောင်ကြလေရာ တစ်ခုစီမှာ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပေသည်။ (၁) ခြည်ဖြူ စင်ကြယ်သန့်ရှင်းသောသဘောကိုဆောင်၍ မကောင်းဆိုးဝါးများနှင့်မလိုလားအပ်သောပယောဂ၊ ကံ ကြမ္မာများထံမှလည်း ကာကွယ်ပြေပျောက်စေရန် ရည်ရွယ်ပါသည်။ မင်္ဂလာအဘိုးအဘွားတို့မှ ခြည်ဖြူ အဖွဲ့ခံသူကိုဆုတောင်းပေးရာ၌ ဤခြည်ဖြူသကဲသို့ဆံဖြူသွားကျိုးသည်အထိ အသက်ရှည်အနာမဲ့ပါစေ ဟု ပုံဆောင်ဆုတောင်းကြလေသည်။ (၂) ထမင်းဆုပ် ကရင်လူမျိုးတို့၏ အဓိကအစားအစာဖြစ်သောထမင်းသည် နကိုရှိရင်းထက်ကျစ်လျစ်စွာဆုပ်ထားခြင်း ဖြင့် အလွယ်တကူပုပ်သိုးပျက်စီးခြင်းမရှိသလို ကရင်သွေးချင်းများသည်လည်း ကျစ်လျစ်စုစည်းညီညွတ် စေလိုသော ရည်ရွယ်ရင်းဖြစ်ပါသည်။ (၃) ကောက်ညှင်းထုပ်ဖင်ချွန် ကောက်ညှင်းသည်စေးကပ်၍ ပုပ်သိုးပျက်စီးရန်မလွယ်ကူလေရာ ကောက်ညှင်းဖင်ချွန်အဖြစ် ကျစ်လျစ် စွာပြုလုပ်ထည့်သွင်းထားရာ၌ ဤကောက်ညှင်းထုပ်သကဲ့သို့ အရှည်သဖြင့်ကျစ်လျစ်သိပ်သည်း ထူးချွန် ထက်မျက်သူများဖြစ်အောင် ကျင့်ကြံအားထုတ်ကြစေဖို့ရာ သတိပေးလိုရင်းဖြစ်သည်။ (အခြားတစ်ဖက်တွင် လည်း ဖူ့ထော်မဲပါ၏ ဘေးရန်များမှ ကွယ်ကာနိုင်သောအစွမ်းသတ္တိများ ရှိကြစေဖို့ရာ အထိမ်းအမှတ်အဖြစ် ပါဝင်ခြင်းဟုလည်း ယူဆနိုင်ပါသည်။) (၄) ဌက်ပျောသီး ဌက်ပျောသီးများသည် ပင်စည်တစ်ခုတွင်တစ်ကြိမ်သာသီး၍ အခိုင်ပေါ်တွင်လည်း အဖီးလိုက်အစီအရီ စည်းကမ်းစနစ်တကျသီးကြသည့်အပြင် အပင်ကိုအရင်းအထိခုတ်ပိုင်းဖျက်ဆီးသော်လည်း ပြန်လည်ထိုး ထွက်ပေါက်လာပြန်တတ်သော သတ္တိရှိပေသည်။ ဤထူးခြားသောဂုဏ်ပုဒ်ကိုအတုယူကာ စုစည်းညီညာ စည်းကမ်းသေဝပ်၍ စရဏခိုင်မြဲသော၊ အခက်အခဲမည်မျှပင်ရှိသော်လည်း အားယူရုန်းထနိုင်ကြသော သားသမီးမြေးမြစ်များဖြစ်စေဖို့ရာ ရည်ရွယ်ပါသည်။ ဌက်ပျောသီးကိုထည့်သွင်းအသုံးပြုရာတွင် ဌက်ပျောသီးမှည့် (သာကွီသားမိန့်) ကိုအဓိကထားသုံးပြီး အမှည့်မရပါက ပြုတ်၍အသုံးပြုကြပါသည်။ ပိုးကရင်စကားတွင် "မိန့်" ဟူသောအသံထွက်သည် "ကျက်၊ မှည့်သည်" ဟုအဓိပ္ပါယ်ရပါသည်။ "သာမိန့်" မှာမူ "စိတ်ချမ်းသာ၊ ကျေနပ်သည်" ဟုအဓိပ္ပါယ်ရလေရာ ချည်ဖြူဖွဲ့ပွဲတွင်ပါဝင်ဆင်နွဲကြသူများ စိတ်ချမ်းသာကိုယ်ချမ်းသာစေဖို့ရာ ရည်ရွယ်ထည့်သွင်းသည်က တစ်ကြောင်းအပါအဝင်ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ (၅) ပန်း (ဖဝ့်ဝီ. - အချို့က ကဠုန်လက်သည်းပင်ဟုဆိုသည်) ဤပန်းပင်မျိုးသည် သာမန်အပင်မျိုးများလိုမဟုတ်ပဲ ပင်စည်ကျရောက်ရာတွင် အမြစ်တွယ်တတ်သော အစွမ်းရှိကာ အတောမသတ်ရုံဖွဲ့ပြီး မျိုးဆက်ပြန်ပွားတတ်သည့်အပြင်ဆေးဖက်ပါဝင်သဖြင့် ရှေးလူကြီးသူမ များမှ အတုယူနိုင်စရာအဖြစ် သတိပေးခြင်းအပြင် အရေးပေါ်ဆေးမြီးတိုအတွက်ပါ စိုက်ပျိုးအသုံးပြုကာ ထည့်သွင်းထားခြင်းဖြစ်လေသည်။ (၆) ကြံ ကြံပင်၏ထူးခြားချက်မှာ ပင်စည်အဆစ်တိုင်းမှ အမြစ်တွယ်ပေါက်ရောက်ပွားများတတ်ပြီး အရင်းမှခုတ် ဖြတ်သော်လည်းမသေဆုံးပဲ အပင်ငုတ်မှအပင်သစ်ပေါက်ပွားနိုင်ခြင်း၊ ပင်စည်ကိုအပိုင်းပိုင်းဖြတ်သော် လည်း မသေပဲစိုက်ပျိုး၍ရခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ပြီး ပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်ကို ထာဝစဉ်ပေးနိုင်ခြင်းတို့ဖြစ်ပြီး ကရင်အမျိုးသားတို့သိမှတ်ကျင့်ကြံနိုင်ကြစေဖို့ ပါဝင်အသုံးပြုစေခြင်းဖြစ် လေသည်။ (၇) ရေကြည်အေး သန့်ရှင်းစင်ကြယ်၍ မကောင်းမှုနှင့် အညစ်အကြေးအပေါင်းအား ဆေးကြောသန့်ရှင်းပေးနိုင်သော၊ သက်ကြီးရွယ်အိုများမှ လူငယ်များအပေါ်ထားရှိသည့် စေတနာမေတ္တာတို့၏ သဘောသဘာဝကို ပုံပမာ ပြုသော၊ လူသားတို့ဘဝတွင် အသက်ရှင်နေထိုင်ကျန်းမာဖို့ရာမရှိမဖြစ်သော အေးမြသည့်ရေကြည်အေးကို ဝင်ရောက်ဆင်နွဲကြသူတစ်ဦးစီအတွက် မင်္ဂလာမေတ္တာရေစင်အဖြစ် ထည့်သွင်းအသုံးပြုခြင်းဖြစ်ပေသည်။ ဖေါ်ပြခဲ့ပြီးသော အနက်အဓိပ္ပါယ်၊ ရည်ရွယ်ချက်များကိုထောက်ရှုခြင်းအားဖြင့် ရှေးကရင်လူကြီးသူမများ မှ မိမိတို့၏မျိုးဆက်များ (အထူးသဖြင့် လူငယ်မောင်မယ်များ) မိမိတို့မျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက် စေရန်၊ ကိုယ့်ကျင့်တရားစင်ကြယ်ကောင်းမွန်၍ စည်းလုံးညီညာစေရန်၊ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံး တမ်းများကိုစောင့်ထိန်း၍ အမျိုးသားထုကြီးတည်တံခိုင်မြဲ တိုးတက်ကြီးထွားလာစေရန်များကို သရုပ်သကန် များဆောင်၍ သြဝါဒများပေးမှာကြားကြသော အလေ့ပွဲတော်တစ်ရပ်ဖြစ်သည်ကို တွေ့မြင်နိုင်ပေသည်။ နိဂုံး ဤဆောင်းပါးတွင် ရေးသားဖေါ်ပြခဲ့ခြင်းများတို့သည် ကရင်လူမျိုးများ၏ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့ပွဲ (ခြည်ဖြူဖွဲ့မင်္ဂလာ သို့မဟုတ် လက်ချည်ပွဲ) ၏အနက်အဓိပ္ပါယ်၊ ကျင်းပပုံနှင့် ရည်ရွယ်ချက်အနှစ်သာရများ ကို အတိုင်းအတာတစ်ရပ်အထိ အထောက်အကူပြု ရှင်းလင်းတင်ပြလက်ဆင့်ကမ်းနိုင်လိမ့်မည်ဟု ယုံကြည် ပါသည်။ သို့ရာတွင် တင်ပြမှုများသည် သုတေသနစာတမ်းမျိုးမဟုတ်ပဲ ရှိနှင့်ပြီးသောလူကြီးသူမများ၏ နှုတ်အားဖြင့်လက်ဆင့်ကမ်းခဲ့သည်များ၊ ကျောင်းသုံးစာအုပ်အပါအဝင် ပညာရှင်အချို့တို့၏ရေးသားချက် များကို စုစည်းထားချက်တစ်ခုသာဖြစ်ပါသည်။ မဝေးလှသောအနာဂါတ်တွင်မူ ပိုမိုပြည့်စုံကောင်းမွန်သော မှတ်တမ်းတင်မှုတစ်ခုအဖြစ် ဖြစ်လာလေအောင် ဆက်လက်လေ့လာစုစည်းမွမ်းမံသွားပါမည်။ အချုပ်အားဖြင့်ဆိုရလျှင် ဝါခေါင်လခြည်ဖြူဖွဲ့ပွဲ (ခြည်ဖြူဖွဲ့မင်္ဂလာ သို့မဟုတ် လက်ချည်ပွဲ) သည် ကရင်လူ မျိုးတို့အစဉ်အဆက်ထိန်းသိမ်းခဲ့သော မိရိုးဖလာရိုးရာဓလေ့တစ်ခုဖြစ်ပြီး ကောင်းမြတ်သောရည်ရွယ်ချက် များဖြင့်ပြည့်စုံသော ပွဲတော်တစ်ရပ်လည်းဖြစ်ပါသည်။ သို့သော် ယနေ့ခေတ်အခါ၌ အချို့သောဘာသာရေး အယူအဆများအရလည်းကောင်း၊ မြန်မာပြည်တွင်းရှိအာဏာပိုင်များမှ အမြင်ကျဉ်းမြောင်းစွာဖြင့် ပိတ်ပင်မှု များကြောင့်သော်လည်းကောင်း ပွဲတော်ဖြစ်မြောက်ရေးကို ခြိမ်းခြောက်ဟန့်တားသည့်သဘောသက်ရောက် ကာ မျိုးဆက်သစ်လူငယ်များမှ သိရှိနိုင်ခွင့်များဆုံးရှူံးနေကြရပါသည်။ မည်သို့ပင်ဆိုစေကာမူ ကရင်အမျိုးသားများအနေဖြင့် ဘိုးဘွားတို့၏အမျှော်အမြင်ကြီးစွာဖြင့် ထားရစ်ခဲ့ လေသော ဤရိုးရာဓလေ့ကို အစဉ်မပြတ်ဆက်လက်ထိန်းသိမ်းသွားကြရမည်သာ ဖြစ်ပေသည်။ မန်းကိုကို ၀၂၊ ၀၉၊ ၂၀၁၀ မှီးငြမ်း - မန်းသင့်နောင်(ကော့ကရိတ်) – (စာအုပ်အမည်နှင့် ထုတ်ဝေသောခုနှစ်အတိအကျကို နောင်မှသာထည့် သွင်းသွားနိုင်ပါမည်။ ယေဘုယျ ၁၉၈၀ ဝန်းကျင်တွင်ထုတ်ဝေသည်။) - ပိုးကရင် ၄ တန်းဖတ်စာ (ထုတ်ဝေသောခုနှစ် - ၁၉၆၀ ဝန်းကျင်) - ဘားအံ၊ လှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ပိုးကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံမေးမြန်းချက်များ၊ - D.K.B.A ထုတ်အပါအဝင် နှစ်ပတ်လည်အထိမ်းအမှတ် မဂ္ဂဇင်းနှင့်စာစောင်များကိုအခြေခံ၍ (synthesize လုပ်၍) ရေးသားပါသည်။ မှတ်တမ်းတင်ခြင်း ။ ။ ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် မဲလခိုလှုံရာစခန်းရှိ ကရင့်စာပေနှင့်ယဉ် ကျေးမှုအဖွဲ့မှ မန်းမြင့်ထွန်း၊ စောဝှိုက်နှင့် အခြားနာမည်ဖေါ်ပြဖို့ရာ မှတ်တမ်းမှတ်ရာ မရှိ သော်လည်း သက်ဆိုင်ရာကျေးရွာဓလေ့များကို ပြောပြခဲ့သူတို့၏အကူအညီဖြင့် ၂၀၀၈ ခုနှစ် (ကရင်သက္ကရာဇ် ၂၇၄၇ ခုနှစ်) ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အတွက် ရေးသားခဲ့သည်ကို ပြန်လည်မွမ်းမံရေးသားထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးရေးသားရာမှာ ကရင်ပြည်နယ်တွင်းမှ ပိုးကရင်တို့ကျင့်သုံးသော ဓလေ့များကို မူတည် ရေးသား ထားခြင်းဖြစ်ပြီး စကောကရင်၊ ဂေဘား၊ ဂေခို၊ ရင်းတလဲ၊ ဘွဲ စသော မျိုးနွယ်စုများအတွက်မူ နောင်တွင်ထပ်မံဖြည့်ဆည်းနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။ အချို့ကရင်မျိုးနွယ်စုများတွင် အစုအဝေးဖြင့် စုစည်းနေထိုင်မှုမှကြာမြင့်စွာခွဲခွာနေခဲ့ကြသောကြောင့် အဆင်ပြေအောင်ပြုပြင်ကျင်းပမှုများနှင့် ကွယ်ပျောက်လုနီးပါးဖြစ်နေသည်များလည်းရှိသည်ကို သတိချပ်စေလိုပါသည်။ |
Posted: 14 Aug 2011 02:00 AM PDT နိုင်ငံတော်ကာကွယ်ရန် တပ်မတော်ထဲဝင်၍ အမှုထမ်းမှ နိုင်ငံကိုချစ်သူမဟုတ်၊ မြန်မာလူမျိုးကြီးကြီးငယ်ငယ် နိုင်ငံကိုချစ်သူများသာဖြစ်ပါသည်။ နိုင်ငံတစ်ခုဆိုသည်မှာ အစိုးရသည်လည်း ပြည်သူအတွက် ပြည်သူ့အကျိုးကို ကြည့်၍ တာဝန်ထမ်းသလို နိုင်ငံဝန်ထမ်းသည်လည်း နိုင်ငံအတွက် တာဝန်ထမ်းသည်။ နိုင်ငံခြားတွင် အလုပ်လုပ်နေသူလည်း သူတတ်နိုင်သလောက် နိုင်ငံတာဝန်ထမ်းရွက်နေသူများသာ ဖြစ်ပါသည်။ တပ်မတော်လည်း တပ်မတော်အလျောက် ပညာရှင်လည်း ပညာရှင်အလျောက် အနုပညာရှင် လည်း အနုပညာရှင်အလျောက် နိုင်ငံတာဝန်ထမ်းသူများသာ ဖြစ်ပါသည်။ ထိုကြောင့် နိုင်ငံတွင်း၌ နေထိုင်သူအားလုံး မည်သူမျှ ပို၍ နိုင်ငံကိုပိုချစ်သည် မရှိ နိုင်ငံသားအားလုံး နိုင်ငံကိုချစ်မြတ်နိုးကြသည်ဟု ပထမဦးစွာ ပြောဆိုလိုပါသည်။ မြန်မာလူမျိုးများ မြန်မာနိုင်ငံတွင် ပညာသင်ကြားပြီး အရွယ်ရောက်လာသောအခါ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်။ ထိုမှတဆင့် သက်ဆိုင်ရာ နိုင်ငံသားအဖြစ်သို့ ကူးပြောင်းသွားကြသည်။ ထိုသို့ကူးပြောင်းကြသည်မှာ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွတ်ခါ တခြားနိုင်ငံသားအဖြစ်သို့ကူးပြောင်းသွားကြသော်လည်း မြန်မာလူမျိုး(Arm ရခိုင် ရှမ်း ကချင် ကရင် ချင်း စသည့် တိုင်းရင်းသားအားလုံး ) သည် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတွယ်တာနေသော စိတ်မှာ မြန်မာနိုင်ငံတွင် နေထိုင်နေသောသူများကဲ့သို့ မလျော့သောစိတ် အပြည့်ရှိနေသည်မှာ မေးခွန်းထုတ်စရာပင် မလိုအပ်ပါ။ သို့ပါသော်လည်း မြန်မာနိုင်ငံအတွင်း၌ရှိသော မြန်မာအစိုးရလူကြီးများ ထိုအစိုးရအဖွဲ့ဝင်များကို အခွင့်အရေးရရှိရန် ဖားနေသူများ၊ မြန်မာအလင်းသတင်းစာတွင် မိမိအခွင့်အရေးရရန် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွတ်သွားသူများကို လိုက်လံအပြစ်ဖို့ပြောဆိုနေသည်များကို တွေ့ရှိရ၍ အလွန်အင်မတန် စိတ်မကောင်းဖြစ်မိပါသည်။ ထိုသို့မြန်မာနိုင်ငံသားစွန့်လွတ်သွားသူများကို လိုက်လံ အပြစ်ပြောနေမည့်အစား ဘာကြောင့် နိုင်ငံသားအဖြစ်သို့စွန့်လွတ်သွားကြတာလဲဆိုတဲ့ အရင်းအမြစ်ကို ရှာဖွေကာ နောက်ထပ် မြန်မာနိုင်ငံသားအဖြစ် တည်ရှိနေသေးသော မြန်မာနိုင်ငံသားများကို မစွန့်လွတ်ရန် ဘယ်လိုကာကွယ်ကြမလဲဆိုသည် အချက်အလက်ကို မစဉ်းစားကြသည့်အတွက်လည်း Why People Left Their Home Country |
Posted: 14 Aug 2011 01:06 AM PDT သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၄၉ မိနစ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ အနောက်ရွှေနံ့သာကျောင်းတိုက်ရှိ ရေဘေးဒုက္ခသည်များကို ဒေသစံတော်ချိန်၂ နာရီခွဲ အချိန်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောနေသည်။ "အခုဒီမှာ ရေဘေးဒုက္ခသည်တွေ ရှိနေတဲ့ ရွှေနံ့သာကျောင်းတိုက်ကို ရောက်နေတယ်။ အဲဒီမှာ ဒုက္ခသည်တွေကို အားပေးမယ်။ ဆန်၊ ခေါက်ဆွဲခြောက်တွေ လှူဖို့ ရှိပါတယ်" ဟု ဦးအုန်းကြိုင်က ပြောသည်။ ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည် စခန်းပေါင်း ၇ ခုတွင် ဒုက္ခသည်ပေါင်း ၃ ထောင်ကျော်ရှိပြီး ထိုစခန်း ၇ ခုထဲမှ ရွှေနံ့သာ ကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၁,၉၅၆ ဦး ရှိသည်ဟုသိရသည်။ ယင်းဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် ခေါက်ဆွဲထုပ်များကို ပေးလှူခြင်း ဖြစ်သည်။ (Mizzima) Photo/ AP။ Getty images |
Posted: 13 Aug 2011 05:36 PM PDT ဖခင် ဦးထွန်းမြင့်နှင့် မိခင် ဒေါ်မြရင်တို့မှ ဇူလိုင်လ ၁ ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ မွေးချင်း ၆ ယောက်အနက် သားအကြီးဆုံး ဖြစ်သည်။ ငယ်နာမည် သန်းထွန်းစိုးမှ ပြောင်းလဲခဲ့သော အမည်ရင်းမှာ ကျော်မြင့်လွင် ဖြစ်ပြီး၊ ကိုငွေသီးဟု အဓိပ္ပာယ်ရသော 'ပေါ်စွမ်း' ဟူသည့် မွန်ဘာသာဖြင့် ငယ်နာမည်လည်း ရှိခဲ့သည်။ သျှပ်၊ ဘဲဥ၊ ငှက်ကြီးဟုလည်း ချစ်စနိုး ခေါ်ကြသည်။ မူလတန်း ပညာကို အမှတ် (၂ဝ) အ-မ-က တွင် ပညာ သင်ကြားခဲ့ပြီး၊ ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉ - ၈ဝ တွင် ဧရာဝတီတိုင်းရှိ ပုသိမ် ဒေသ ကောလိပ်သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် မိသားစုနှင့်အတူ မော်လမြိုင်သို့ ပြောင်းရွှေ့ ခဲ့ပြီးနောက် မော်လမြိုင် တက္ကသိုလ်မှ ရုက္ခဗေဒ အထူးပြုဖြင့် သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ဂီတနှင့် ပတ်သက်သော ငယ်ဆရာများမှာ ဦးကျောက်စိမ်းနှင့် ဦးစန်းတင့် (လမ်းစဉ်လူငယ် ဘင်ခရာတပ်ဖွဲ့၊ ပုသိမ်မြို့) ဖြစ်ပြီး၊ မော်လမြိုင်တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။ ၁၉၈၁ ဒေသ ကောလိပ် ကျောင်းသားဘဝတွင် 'မြ' အမည်ရှိ ကျောင်းတွင်း ကဗျာစာအုပ်ထဲ၌ ကလောင်အမည် သျှပ်မှူးကျော် ဖြင့် ကဗျာများ ရေးသားခဲ့သည်။ ထိုစာအုပ်တွင် ပါဝင်ခဲ့သော ကဗျာဖြစ်သည့် 'အမေ … အမေ ဝမ်းရည်စပ်တယ် ဆိုရင် ခွင့်လွှတ်ပါ။ သားရင်ထဲမှာ ကဗျာ' ဟူသော ကဗျာမှာ သူ့အား ကဗျာဆရာ အဖြစ် ထင်ရှား အမှတ်ရစေခဲ့သည်။ ထို့နောက် ၁၉၈၂ တွင် ကလောင်အမည် လင်းထက်ဖြင့် 'မြတ်နိုးခြင်းအားဖြင့် ကြင်နာသည်ဖြစ်၍' ဝတ္ထုတိုကို ရှုမဝ မဂ္ဂဇင်းတွင် စတင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ လင်းထက် နာမည်ဖြင့်ပင် ကဗျာများလည်း ရေးခဲ့သည်။ သူ၏ အခြား ကလောင်အမည် တခုမှာ ရဲသင်ရန် ဖြစ်သည်။ ထူးအိမ်သင် အမည်ဖြင့် ရေးသားခဲ့ပြီး ပုံနှိပ် ဖော်ပြခဲ့သည့် တပုဒ်တည်းသော ကဗျာမှာ 'သက်တန့်မြစ်' ဖြစ်ပြီး သရဖူ မဂ္ဂဇင်း (ဟောင်း) နှစ်ပတ်လည် အထူးထုတ်တွင် ပါဝင်ခဲ့သည် ။ ၁၉၈၆ ခုနှစ်တွင် 'နာရီပေါ်မှ မျက်ရည်စက်များ' တေးစီးရီးဖြင့် ဂီတလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ် သီချင်း အများစုကို ရေးသား သီကုံးခဲ့ပြီး ဂီတ ပညာရှင်တဦး ဖြစ်ရန် ကြိုးပမ်း အားထုတ်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး 'နာရီပေါ်မှ မျက်ရည်စက်များ' စတင် သွင်းယူခဲ့ပြီးနောက် မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တနေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့်တို့ တေးစီးရီးများ သွင်းပြီ ထုတ်ဝေ ဖြန်ချိခဲ့သည်။ ၁၉၈၈ ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စစ်တပ်က သွေးထွက် သံယိုနှိမ်နင်းပြီး နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းယူပြီးနောက် ဒီမိုကရေစီ လိုလားသူ အများအပြား နယ်စပ်ဒေသ အသီးသီးကို ထွက်ပြေးပြီး စစ်အာဏာရှင်တွေကို လက်နက် တော်လှန်ဖို့ ကြိုးပမ်းရာမှာ ထူးအိမ်သင်လည်း ပါဝင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)၊ ကျောင်းသား တပ်မတော်တို့ ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး၊ ကျောင်းသား တပ်မတော်၏ စစ်တေးသီချင်း တပုဒ် ဖြစ်တဲ့ "အရေးကြီးပြီ" သီချင်း ရေးဖွဲ့ပေးသည်။ နောက်ပိုင်းမှာ မိခင်ကို ချစ်မြတ်နိုး လွမ်းဆွတ်လှသဖြင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။ ထူးအိမ်သင် သီဆို ထုတ်ဝေခဲ့သော တေးသီချင်းခွေများ စဉ် သီချင်းခွေ အမည် ထုတ်ဝေသည့် ခုနှစ် အသံဖမ်း တေးဂီတ ထုတ်လုပ်ရေး ၁ နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇ Oasis The Aces ဂန္ဓမာ တေးသံသွင်း ၂ မှော်ဆရာအိပ်မက် ၁၉၈၈ (ဖေဖော်ဝါရီ) Oasis The Aces ပန်းနုလဝန်း တေးသံသွင်း ၃ သက်ငြိမ် ၁၉၈၉ (အောက်တိုဘာ) Oasis The Aces Country Boy Recording ၄ အတ္တပုံဆောင်ခဲများ ၁၉၉၁ (ဇန်နဝါရီ) Oasis Emperor စံပယ်ဦး တေးသံသွင်း ၅ အကြင်နာအိပ်မက် ၁၉၉၁ (ဇွန်) Oasis, May T Four, Emperor, Success ယင်းမာ တေးသံသွင်း ၆ အရင်အတိုင်း ၁၉၉၁ (ဒီဇင်ဘာ) Oasis Emperor ဂျူပီတာ တေးသံသွင်း, Ko Ye Music Production ၇ စကားလုံးမရှိတဲ့ ကောင်းကင် ၁၉၉၅ (ဖေဖော်ဝါရီ) Oasis Emperor နှင်းဆီလှိုင်း တေးထုတ်လုပ်ရေး ၈ ထူးအိမ်သင် (Unplugged Live) (23-2-1995 One man show at Aung San Stadium) ၁၉၉၆ (ဒီဇင်ဘာ) Oasis Iron Cross Sein Min Music Production ၉ မြို့ပြလရောင်တမ်းချင်း ၁၉၉၆ (အောက်တိုဘာ) May Session Players Mercury Recording ၁ဝ ဝင်ရိုးစွန်းမီး ၁၉၉၇ (ဖေဖော်ဝါရီ) LYNN Session Players NASA Recording ၁၁ အမေ (သို့) အွ့ကင်းမဲ့ မေတ္တာတော် သီချင်း ၁၉၉၇ (မေ) LYNN Iron Cross IC Music Production ၁၂ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉၉၉ (ဇွန်) Oasis Emperor Emperor Heart Music Production ၁၃ အစိမ်းရောင် ရက်စွဲများ ၂ဝဝ၁ (နိုဝင်ဘာ) Oasis Iron Cross စံပယ်ဦး တေးသံသွင်း ၁၄ တနေ့စာအလွဲများ ၂ဝဝ၃ (အောက်တိုဘာ) Oasis Emperor မန်းသီရိ တေးသံသွင်း ၁၅ ချစ်ခြင်းအားဖြင့် ၂ဝဝ၅ (သြဂုတ်) Oasis, PTL, Nawarat Iron Cross, The Trees, Session Players CMP Music Production ၁၆ သီချင်းခွေကြမ်း - - - - မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့။ နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်။ စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်။ photos။ ။ htooeainthin fan club |
You are subscribed to email updates from dawnmanhon To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment