- ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ဗိုလ်သန်းရွှေ၏ သားမက် ကောင်စစ်ဝန် ဇော်ဖြိုးဝင်းရဲ့ သံရုံးဧည့်ခန်းဆောင်မှာ တွေ့ရတဲ့ အာဏာရှင်ကြီး ဓာတ်ပုံ..
- ရေကာတာ၏ ဆိုးကျိုးခံနေရသော ပြည်သူများအတွက် လက်စွဲစာအုပ်...
- ပါးစပ်တွေနဲ့ နားတွေနဲ့ ထောင်ထဲကလူတွေ.... ဆောင်းပါးရှင်(အောင်မျိုးထွန်း)
- မိုးကြိုးပစ်ခံရသူသွားရာ .... ရဲလိုက်လို့လာ.. (တိုင်ကြားစာ)
- "အိမ်စုတ်ကြီး" ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်), "သူလားငါလားရွှေဒင်္ဂါး" ကဗျာရှင် နေစကြာနိုင်
Posted: 27 Aug 2011 02:03 AM PDT ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ရက်နေ့ နေ့လည်ပိုင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ယူနန်ပြည်နယ် တက္ကသိုလ်မှ ဒုကျောင်းအုပ်နဲ့ အဖွဲ့မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန် ဗိုလ်သန်းရွှေသားမက် ခင်သန္တာရွှေရဲ့ခင်ပွန်း ဦးဇော်ဖြိုးဝင်းအား လာရောက် တွေ့ဆုံခဲ့ပါတယ်...။ ကဲဆက်ကြည့်ရအောင်.. ဆွေးနွေးတာတွေကတော့ ယူနန်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ လာရောက်ပညာသင်ယူဖို့ကိစ္စနဲ့ အပြန်အလှန် တက္ကသိုလ်ပညာရေးစံနစ်တွေ လေ့လာဘို့ဆွေးနွေးခဲ့ကြပါတယ်..။ ကောင်စစ်ဝန်မှလည်း မြန်မာကျောင်းသားတွေ တက်ရောက် ပညာသင်ကြားဖို့ စိတ်ဝင်စားကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်..။ ဒါကတပိုင်းပေါ့..။ မြန်မာနိုင်ငံ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲတွေ အပြီးမှာတော့ အရပ်သားအစိုးရ ဖြစ်နေပါပြီလို့ ကမ္ဘာကို ကြေငြာခဲ့ပါတယ်..။ ကြေငြာတာလား ကြေညာတာလားဆိုတာ စဉ်းစားကြည့်ရအောင်..။ ခုတရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ နိုင်ငံတကာ ဧည့်ခန်းမဆောင်မှာ ယခုထိ ချိတ်ဆွဲထားတဲ့ ပြီးခဲ့တဲ့လ ၂၅ရက်နေ့က ပူပူနွေးနွေး ဓာတ်ပုံလေး ကြည့်ကြရအောင်..။ ယခင်အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံကို ယခုထက်ထိ ချိတ်ဆွဲထားတာကို မြင်တွေ့ရမှာပါ..။ အရပ်သားအစိုးရ ဆြိုပီး ပြောင်းတာ (၅)လပြည့်ပါတော့မယ်..။ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင်ဟာ သမ္မတဖြစ်တယ်လို့ ဆိုပါတယ်...။ ကဲဟုတ်ပြီ ဒါဆို သံရုံးဆိုတာ နိုင်ငံတကာရဲ့ ပြယုဂ်လို့ မြင်ပါတယ်...။ ဒီတော့ ဧည့်ခန်းဆောင်မှာ သမ္မတကြီးဦးသိန်းစိန်ပုံ မဖြစ်သင့်ဘူးလား...။ မေးခွန်းထုတ်ရပါတော့မယ်...။ လက်ရှိမြန်မာနိုင်ငံရဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဘယ်သူပါလဲ..။ ယခင်တပ်ချုပ်ကြီးသန်းရွှေလား၊ သမ္မတကြီးဦးသိန်းစိန်လား...။ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဟာ သမ္မတကြီးဦးသိန်းစိန်ဆိုရင် သမ္မတကြီးပုံထားပေါ့ ခုတော့ မြင်ရတဲ့အတိုင်း.. ဘာသဘောလဲဗျာ...။ ဒါဆိုရင် လွှတ်တော်ထဲက နိုင်ငံရေးပါတီတွေက အမတ်မင်းတွေလည်း နေ့စဉ်နေ့တိုင်း အဏာရှင်ကြီးဦးသန်းရွှေကို ဦးထိပ်ထားနေရသလို ဖြစ်မနေဘူးလားဗျာ....။ တရုတ်သံရုံးဆိုတာ မြန်မာပြည်ရဲ့ အင်မတန် အရေးကြီးတဲ့ မဟာဗျူဟာကျတဲ့ နေရာပါ...။ သမ္မတကြီးဦးသိန်းစိန် အနေနဲ့လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က ရုံးခန်းမှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို အပြေးအလွှား အချိန်နီးမှ ကပ်ပြပြီး အော်ချက် လုပ်မနေပါနဲ့ဗျာ...။ ဗိုလ်သန်းရွှေပုံပဲ ကပ်ထားလိုက်ပေါ့...။ အတုအယောင် ရွေးကောက်ပွဲဝင် လွှတ်တော်အမတ်တွေ အနေနဲ့လည်း မိမိတို့ ဘယ်သူအကျိုးကို ထမ်းရွက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ် ကြည့်ကြပါဦး။ စိတ်တော့မဆိုးပါနဲ့ ရိုင်းတယ်ဆို ခွင့်လွှတ်ပါ.. ဂျိုစောင်းလေးတော့ နည်းနည်းလေး ပွတ်ကြည့်လိုက်ကြပါဦး။ ကဲယခုလက်ရှိတိုင်းပြည်မှာ ဘယ်သူအာဏာအရှိဆုံး ဆိုတာ သဘောပေါက်လောက်ပါပြီ။ တိုင်းပြည်မှာ ယနေ့လက်ရှိ အရေးကြီးနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဧရာဝတီမြစ်ဆုံဆည်အရေး စတဲ့ပြဿနာပေါင်းစုံဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိလည်း စဉ်းစားတွေးခေါ်ကြည့်ကြပါ..။ ဒီဓာတ်ပုံတွေကို ဘာညာဆိုပြီး ငိုကျော်ဆန်းတို့ မုန်လာဥတော့ လာမလုပ်ပါနဲ့ဗျာ...။ အထောက်အထား အခိုင်အလုံရှိပါတယ်..။ ကဲကျွန်တော်တို့ အားလုံးလည်း မျက်စိလေးတွေ များများဖွင့်၊ နားလေးတွေ နည်းနည်းဆိုက်ပြီး ပြည်တွင်းက အခြေအနေတွေ မျက်လုံးလေးဖွင့် နားလေးစွင့်ပြီး ဆက်လက် နားထောင် ကြည့်ကြတာပေါ.။ လောလောဆယ်တော့ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပါပဲ။ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးအား အာဏာပိုင်များမှ ရိုးသားစွာပဲ အဖြေထုတ်စေချင်ကြောင်း၊ ရိုးသားမှုကိုပဲ အခြေခံသင့်ပါကြောင်း၊ တာဝန်သိ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ရိုးသားစွာ တောင်းဆိုအပ်ပါတယ်...။ |
ရေကာတာ၏ ဆိုးကျိုးခံနေရသော ပြည်သူများအတွက် လက်စွဲစာအုပ်... Posted: 26 Aug 2011 02:14 PM PDT ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ပြုလုပ်တဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းစတင်ခြင်း အခမ်းအနားတဲ့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က တရုတ်ဒုသမ္မတ ရှိကျင်ပင်း ကြပ်ပြေး နေပြည်တော်သို့ ရောက်ရှိလာစဉ်က နအဖဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ စာချုပ်ချုပ်တယ်.. နောက်တရက် ဒီမှာ အခမ်းအနားလုပ်တယ်..။ တရုတ် CPI (China Power Investment Corporation)၊ အမှတ်(၁)လျှပ်စစ်ဝန်ကြီးဋ္ဌာနနဲ့ အေရှဝေါလ် ကုမ္ပဏီတို့ကလုပ်ကိုင် ဆောင်ရွက်မယ့် ကီလိုဝပ် ၇သန်းထုတ်လုပ်မယ့် အဆိုပါ စီမံကိန်းမှ ၂၀၁၇ခုနှစ်မှာ ပထမဦးဆုံး ယူနစ်ကို စတင်လည်ပတ်နိုင်မယ်လို့ ဆိုတယ်...။ ပုံမှာကြည့်ပါ ဘယ်သူတွေပါနေလဲ... ပျော်တပြုံးပြုံးနဲ့ ဘယ်သူတေတေ ငတေမှာပြီးရော အတ္တဝါဒီတွေက အမိဧရာဝတီကို ရောင်းစားနေတာလေ။ ပြန်ကြားရေးဝန်ကြီး ငိုကျော်ဆန်း ချုံးပွဲချငိုတာ ဘာကြောင့်လဲ။ မဖျက်ကြပါနဲ့ ကျွန်တော်တို့ လက်လွန်၊ ခြေလွန်နေပြီလို့ ဆိုလိုတာလား၊ မြိုးမြိုးမြက်မြက် ရသင့်တဲ့ပွဲမှာ သူမပါလိုက်ရလို့ ငိုတာလား..။ သေချာတာကတော့ အခြေအနေတွေက ကျွန်တော်တို့ ထင်တာထက် ခရီးတော်တော် ရောက်နေပါပြီ။ ကဲကျွန်တော်တို့ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ကြရအောင်...။ အများသိအောင် မျှဝေပေးကြပါ...။ အမိဧရာဝတီကို ချစ်တဲ့၊ ထာဝရရှင်သန်လိုတဲ့ မြန်မာပြည်သူ၊ ပြည်သားအားလုံး လက်မှတ်ထိုး ကမ်ပိန်းတွေမှာလည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြပါ...။ ရေကာတာ လက်စွဲစာအုပ်ဖိုင်အတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်... KIA ထိန်းချုပ်ရာ နယ်မြေပြမြေပုံပါ... ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ပုံတူကားချပ်.. မြစ်ဆုံဆည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများ ပြန်ကြည့်လိုလျှင် Label မှ မြစ်ဆုံဆည်သတင်းများအား နှိပ်၍ပြန်လည် ကြည့်ရှုနိုင်ပါသည်..။ |
ပါးစပ်တွေနဲ့ နားတွေနဲ့ ထောင်ထဲကလူတွေ.... ဆောင်းပါးရှင်(အောင်မျိုးထွန်း) Posted: 26 Aug 2011 01:18 PM PDT ဆောင်းပါးရှင်(အောင်မျိုးထွန်း) မနေ့က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီပါတီအချို့နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် အိုဟေးကင်တားနားတို့ တွေ့ဆုံပွဲမှာ "လက်ရှိအစိုးရအနေနဲ့ ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ်အေးချမ်းမှုတွေပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျားတို့က အဲဒါကို အာမခံ ပေးလိုက်ပေါ့" လို့သူ့ကို ပြောပြတယ်လို့ ဦးသုဝေနဲ့ ရေဒီယိုမီဒီယာတစ်ခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။ ဒီ "ပွိုင့်" ကို ကင်တားနားနဲ့ NLD အပါအ၀င် ပါတီတွေ စကား မပြောကြခင်ကတည်းက ကျွန်တော် ကြားဖူးပြီး သားဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးသိန်းစိန်တို့ နှစ်ယောက်တည်း စကားပြောကြတဲ့အခါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ၊ ပါမပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့်ဒေါ်စုဘက်က ဒီကိစ္စကို ပြောပြလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆို လာခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့လွတ်မြောက်ရေး အတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့်မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။ နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ်လို့ ပြန်များပြောခဲ့ရင် ဆိုတဲ့ အတွေးတစ်ခုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့လည်း ဒီအပေါ်မှာ ဦးနှောက်မုန်တိုင်းဆင် ကြည့်ကြဖို့ ကောင်းပါတယ်။ ထောင်ထဲကသူတွေ အပြင်အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံအတွက်ရော အစိုးရအတွက်ရော ကာယကံရှင်တွေအတွက်ရော အခုအချိန်မှာ ရှုထောင့်တစ်မျိုးစီက အရေးတကြီး ကိစ္စဖြစ်သလို ကျွန်တော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးအတွက်ပါ သေရေးရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတစ်ခုပါ။ ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ အမြန်ဆုံးလွတ်မြောက်နိုင်မလဲ ဆိုတာ ခေါင်းမီးတောက်အောင် ကျွန်တော်တို့ စဉ်းစား ရှာဖွေနေရပါမယ်။ ကျွန်တော်တို့အတွက် တစ်နေကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝအလုပ်တွေကိုလုပ်ပြီး ညအိပ်ရာဝင်၊ မနက်ပြန်ထနဲ့ ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှ ပြန်လွတ်လာရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် အလိုလိုနေရင်း ပြစ်မှုတစ်ခုကို နေ့စဉ်နေ့တိုင်း ကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးနီးသွေးရင်း တစ်ယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့ ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ်ထောင်းထောင်းကြေနေတဲ့ သူတွေချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်၊ နွံနစ်စေမယ့်သူ တစ်ကောင်တစ်မြှီးမှ မပါပါဘူး။ ထောင်ထဲမှာ တစ်ရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက်နစ်နာလေပါဘဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေလည်အေးချမ်းဖို့ အတွက် ကိုယ်စွမ်းရှိသရွေ့  ကူညီဆောင်ရွက် ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားများ အရေးကို ဒေါ်စုဘက်က ဆောင်ရွက်ပေးဖို့ ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက် နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေ အပေါ်မှာတောင် စိတ်ရှည်ရှည် ထားပေးနိုင်တယ်ဆိုရင်၊ တရားဝင်ပါတီ မဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့အစည်း တချို့အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ် ဆိုရင် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ထောင်ထဲက အကျဉ်းသားတွေအရေးကို သဘောထား သိမ်မွေ့စွာ ထားနိုင်ဖို့သင့်ပါတယ်။ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ "နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးကို မည်သည့် အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ပါကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက် မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန် ရှိနိုင်ကြောင်း"ဆိုပြီး အမျိုးသားလွှတ်တော် ဥက္ကဌဦးခင်အောင်မြင့်က အိုဟေးကင်တားနားကို ရှင်းလင်း ဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့အတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ "မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော် သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာရှိပါကြောင်း" လို့ ထည့်သွင်း ပြောကြားသွားတာ တွေ့ ရပါတယ်။ "တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်" ဆိုတာကို ကျွန်တော်တို့ သိပ်စိတ်ဝင်စားပါတယ်။ အစိုးရအဖွဲ့ဘက်က ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အဲဒီအချိန်ကာလဟာ အခု မဟုတ်သေးဘူးလား။ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံတို့ရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ အပေါ် နိုင်ငံရေးသဘောထား ဒိုင်မေးရှင်း ပြောင်းလဲလာတာတွေ၊ ပူးပေါင်း လုပ်ဆောင်လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေးချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းစီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့ သေချာသည့်အချိန် ဆိုတာ ထိုင်စောင့်နေလို့ မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ် ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်း သွားနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ နောက်ဆုံးနေခဲ့ရတဲ့ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ ကိုယ်စားလှယ်တချို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေလုပ်ပြီး လျှို့ဝှက်စွာ တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တစ်ပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် အခုလို ဆက်ဆံရေး ပုံစံတိုးတက်မှုများ ဖြစ်လာရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် မှတ်ချက်ပြုသွားတာ ကြားရပါတယ်။ ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန် ငြိမ်းငြိမ်းချမ်းချမ်း စကားပြောကြတာ တွေ့မြင်ရတဲ့အခါ ပြည်သူတွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ်ကြတယ်၊ ဘာဘဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေးကြတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လိပ်ခဲတည်းလည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေးကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုဘဲ ရရရှာတယ်။ အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ဆိုရင် "သေချာသည့်အချိန်" ဆိုတာကို လည်ပင်းရှည်အောင် မစောင့်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့လည်း ရနိုင်ပါတယ်။ မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင်များနဲ့ တွေ့ဆုံ စကားပြော ရပါလိမ့်မယ်။ ဒီမိုကရေစီရေး ရဲဘော်ရဲဘက်တွေကို အပြင်လောကက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်းဂဃနဏ ခရေစေ့တွင်းကျ သိရှိနားလည်အောင် ပြောပြရပါမယ်။ သူတို့မှာလည်း ထောင်ဝင်စာလာတွေ့တဲ့အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုးရသတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စုကိုယ်တိုင် သူတို့ကို သွားရောက် တွေ့ဆုံခွင့်ရရင်၊ ရှင်းလင်း ပြောကြားခွင့်ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို ရွေ့လာနိုင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေ အနေနဲ့လည်း သူတို့နဲ့  တွေ့ဆုံ စကားပြောသင့်ပါတယ်။ ဆူဆူပူပူ အမြဲလုပ်သူတွေလို့ မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေဘဲလို့ ခံယူပြီး တွေ့ဆုံရေးလမ်းစတစ်ခုကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာဘဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။ ပုထုစဉ်လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်။ ပစ်ပယ်ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင် ဖြစ်ရတာတွေနဲ့ တိုင်းပြည်တစ်ပြည်ကို တိုးတက် အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံကို ဆန့်ကျင် ပုန်ကန်နေသူတချို့နဲ့ သွားရောက်တွေ့ဆုံ စကားပြောကြ နိုင်သေးတာဘဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့ ရင်းနှီးမှုတွေ ရယူထားနိုင် ကြသေးတာဘဲ။ အခုဟာက ရေခြားမြေခြား တိုင်းတစ်ပါးကို ခရီးရှည်ကြီး ဆန့်စရာ မလိုပါဘူး။ နီးနီးလေးနဲ့ ဝေးနေကြတာပါ။ အောင်မျိုးထွန်း ၂၆- ၈- ၂၀၁၁ |
မိုးကြိုးပစ်ခံရသူသွားရာ .... ရဲလိုက်လို့လာ.. (တိုင်ကြားစာ) Posted: 26 Aug 2011 11:13 AM PDT ဒီတခေါက် ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ထူးခြားတဲ့ တိုင်ကြားစာ တစ်စောင်ကို ဖော်ပြလိုက်ပါတယ်...။ မြန်မာစကားပုံထဲမှာ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုတာပဲ ကြားဘူးပါတယ်...။ ယခု အဖြစ်အပျက်ကတော့ မိုကြိုးပစ်ခံရသူသွားရာ .... ရဲလိုက်လို့လာ.. ဆိုတာခုမှ ကြားဘူးပါတော့တယ်..။ သိကြားမင်းဆီက မိုကြိုးအဆစ် မတောင်းပဲ သေဆုံးသူထံက ငွေတောင်းတဲ့ဗျာ...။ တိုင်ကြားစာကတော့..... ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ ရဲစခန်းမှ နယ်ထိန်း ဆန်းဝင်းဆိုသူ အကြောင်းပါ။ သက်ဆိုင်ရာက သိအောင်လဲ တင်ပြပေးစေချင်ပါတယ်ဗျာ။ ဘုရားပျိုရဲစခန်း အပိုင်အိုးဝ ကျေးရွာ၌ ကိုရွှေ(ခေါ်) ဘဇင်း ဆိုသူမှာ 25.8.2011 (ကြာသပတေးနေ့)က လယ်ကွင်းထဲတွင် မြက်ရိတ်ရင်း မိုးကြိုး အပစ်ခံရပြီး သေဆုံးခဲ့ပါသည်။ ထိုနေ့ ညတွင် ရဲနယ်ထိန်း ဆန်းဝင်း ရောက်လာပြီး မိုးကြိုးပစ်လို့ သေလျှင် အထက်သို့ တင်ပြရကြောင်း ထိုသို့ မတင်ပြစေချင်လျှင် ငွေ (၂သောင်း၅ထောင်) နှစ်သောင်းခွဲ ပေးရမည်ဖြစ်ကြောင်း သေသူ၏ ဇနီးသည်ထံတွင် လာရောက် တောင်းပါသည်။ သေသူမှာ မရှိဆင်းရဲသူ ဖြစ်သောကြောင့် သူတစ်ပါးအိမ်တွင် သူရင်းငှား လုပ်စားနေသူ ဖြစ်ပါသည်။ သို့သော် တောသူတောင်သား မရှိဆင်းရဲသားများ အပေါ် မစာမနာ အာဏာဗန်းပြပြီး တောင်းရမ်းမှုကြောင့် မကျေမနပ် ဖြစ်ကြသော်လည်း မည်သို့မျှ မတတ်နိုင်ပဲ အရပ်မှ ဝိုင်းဝန်း ထောက်ပံ့ငွေလေးဖြင့် ဆန်းဝင်းဆိုသူ နယ်ထိန်းအား ပေးလိုက်ရပါသည်ခင်ဗျာ..။ Good government .Clean Government ဟုကြွေးကြော်နေသော သမ္မတကြီး အနေဖြင့် အောက်ခြေမှ အထက်ဖား အောက်ဖိ အကျင့်ပျက်ဝန်ထမ်းများ၏ ပြည်သူများအပေါ် နိုင့်ထက်စီးနင်း ပြုမူနေပုံများအား သိစေရန် တင်ပြရခြင်း ဖြစ်ပါသည်ခင်ဗျာ....။ |
"အိမ်စုတ်ကြီး" ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်), "သူလားငါလားရွှေဒင်္ဂါး" ကဗျာရှင် နေစကြာနိုင် Posted: 26 Aug 2011 10:56 AM PDT အိမ်စုတ်ကြီး ကဗျာရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ဆောက်တာကတော့ တိုက်အိမ် ဖြစ်လာတာက ဝါးအိမ် အခြေကမခိုင်ယိုင်နွဲ့နွဲ့ပေါ့ အမိုးအကာက ဓနိ ကြာလာတော့ ဆွေးမြည့် မဆွေးမြည့်တာက အတ္တမာမာန သူပိုင်ငါပိုင်လုကြ အချင်းချင်းချကြတော့ ဘေးအိမ်တွေက လက်ခုပ်တီးကြ အားလုံးကြွကြတော့ ဒို့အမွေတွေသူတို့ရ သူတို့တွေ စံမြန်းကြပေါ့… မင်းသုည(ဗုဒ္ဓတက္ကသိုလ်) "သူလားငါလားရွှေဒင်္ဂါး" ကဗျာရှင် နေစကြာနိုင် သူတို့သူတို့ ငါတို့ဆိုရင် ဒီမြေမှာနေ ဒီရေသောက်ပြီး စိတ်ဝယ်ကွဲပြား သွေးပါခြားလို့ ကျောချင်းကပ်ကာ ဝေးသွားကြပြီ။ သူတို့ငါတို့ စိတ်မချို့ပဲ သူကိုငါပြောင်း စိတ်ပေါင်းကြလို့ ငါတို့ ညီညွတ်ကြပါစို့။ အပ္ပမာဒေါ အမတံ ပဒံ နေစကြာနိုင် ၂၆.၈.၁၁၊(နေ့လယ် ၁:၃၈) |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment