Saturday, 27 August 2011



ပါးစပ်တွေနဲ့  နားတွေနဲ့  ထောင်ထဲကလူတွေ

Posted: 25 Aug 2011 11:56 PM PDT


ဒီကနေ့မြန်မာ့အလင်းသတင်းစာမှာပါရေးသားဖော်ပြချက်

မနေ့ က ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီပါတီအချို့ နဲ့  လူ့ အခွင့်အရေးကိုယ်စားလှယ် အိုဟေးကင်တားနားတို့ 
တွေ့ ဆုံပွဲမှာ " လက်ရှိအစိုးရအနေနဲ့  ထောင်ထဲကလူတွေ ပြန်ထွက်လာရင် ရရှိနေတဲ့ တည်ငြိမ်အေးချမ်းမှုတွေ
ပျက်ပြားသွားမှာ စိုးရိမ်စိတ် အမှန်ဘဲ ရှိနေပုံရတယ်။ ခင်ဗျားတို့ က အဲဒါကို အာမခံ ပေးလိုက်ပေါ့" လို့  သူ့ ကို
ပြောပြ တယ်လို့  ဦးသုဝေနဲ့  ရေဒီယိုမီဒီယာတစ်ခု အင်တာဗျူးမှာ ကြားလိုက်ရပါတယ်။

ဒီ "ပွိုင့်" ကို ကင်တားနားနဲ့  NLD အပါအ၀င် ပါတီတွေ စကား မပြောကြခင်ကတည်းက ကျွန်တော် ကြားဖူးပြီးသားဖြစ်ပါတယ်။ သိပ်တော့ မကြာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့  သမ္မတဦးသိန်းစိန်တို့  နှစ်ယောက်တည်းစကားပြောကြတဲ့အခါ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ ပါ မပါ ရှင်းရှင်းပြတ်ပြတ် မသိရပေမယ့်ဒေါ်စုဘက်က ဒီကိစ္စကို ပြောပြလိမ့်မယ်လို့  ကျွန်တော် ယူဆပါတယ်။ ဒေါ်စု လွတ်မြောက်ရေးကို အခု ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းမခံရခင်တုန်းက တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  သူတို့ လွတ်မြောက်ရေးအတွက် သေချာပေါက် ထည့်ပြောခဲ့လိမ့်မယ်လို့ ပြောနိုင်တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုတဲ့ မြန်မာစကားရှိပါတယ်။

နိုင်ငံတော်သမ္မတက ဒေါ်အောင်ဆန်းစုကြည် အာမခံရင် ပြန်လွှတ်ပေးမယ် လို့  ပြန်များပြောခဲ့ရင် ဆိုတဲ့
အတွေးတစ်ခုလည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့ လည်း ဒီအပေါ်မှာ ဦးနှောက်မုန်တိုင်းဆင်ကြည့်ကြဖို့ 
ကောင်းပါတယ်။ ထောင်ထဲကသူတွေ အပြင်အမြန်ပြန်ရောက်ရေးဟာ အတိုက်အခံအတွက်ရော အစိုးရအတွက်
ရော ကာယကံရှင်တွေအတွက်ရော အခုအချိန်မှာ ရှုထောင့်တစ်မျိုးစီက အရေးတကြီးကိစ္စဖြစ်သလို ကျွန်တော်တို့ မြန်မာပြည်ကြီး ပြုပြင်ပြောင်းလဲရေးအတွက်ပါ သေရေးရှင်ရေးတမျှ အပူတပြင်း အရေးတော်ကြီးတစ်ခုပါ။

ဘယ်လိုတွေလုပ်ရင်၊ ဘာတွေလုပ်ရင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ထောင်ထဲက ရဲဘော်များ
အမြန်ဆုံး လွတ်မြောင်နိုင်မလဲ ဆိုတာ ခေါင်းမီးတောက်အောင် ကျွန်တော်တို့  စဉ်းစားရှာဖွေနေရပါမယ်။ ကျွန်တော်တို့ အတွက် တစ်နေကုန် လုပ်ချင်တဲ့ စီးပွားရေး၊ မိသားစုအရေး၊ ပါတီရေး၊ လူမှုရေး စတဲ့ နိစ္စဓူဝ အလုပ်တွေကိုလုပ်ပြီး ည အိပ်ရာဝင်၊ မနက်ပြန် ထ နဲ့  ပုံမှန်လှုပ်ရှားနေကြချိန်မှာ ထောင်ထဲကသူများ ပြစ်ဒဏ်တွေ နှစ်စေ့မှပြန်လွတ်လာရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင် အလိုလိုနေရင်း ပြစ်မှုတစ်ခုကို နေ့ စဉ်နေ့ တိုင်းကျူးလွန်နေသလို ဖြစ်နေပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် နှစ်စေ့မှ၊ သူတို့ အခေါ် ပြစ်ဒဏ် တိတိကျကျ ကျခံပြီးမှ နေအိမ်
အကျယ်ချုပ်က ပြန်လွှတ်ပေးလိုက်တာပါ။ အခု ထောင်ထဲကသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေးနီး
သွေးရင်း တစ်ယောက်မှ မပါပေမယ့် ဗိုလ်ချုပ်စိတ်၊ ဗိုလ်ချုပ်သတ္တိမျိုးနဲ့  ဗိုလ်ချုပ်လို တိုင်းချစ်ပြည်ချစ်စိတ်
ထောင်းထောင်းကြေနေတဲ့ သူတွေချည်းပါ။ တိုင်းပြည်ကို ချောက်ထဲ တွန်းချမယ့်သူ၊ လူထုကို ကျွန်ဖြစ်နွံနစ်
စေမယ့်သူ တစ်ကောင်တစ်မြှီးမှ မပါပါဘူး။ ထောင်ထဲမှာ တစ်ရက်ပိုနေရလေ အားလုံးအတွက် ဆယ်ရက်နစ်နာ
လေပါဘဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့  ပြေလည်အေးချမ်းဖို့ အတွက် ကိုယ်စွမ်းရှိသရွေ့  ကူညီဆောင်ရွက်
ပေးလိုပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်မျိုး၊ အလားတူပုံသဏ္ဍာန်မျိုး၊ ထိုကဲ့သို့ စေတနာ
မျိုးနဲ့  နိုင်ငံရေးအကျဉ်းသားများအရေးကို ဒေါ်စုဘက်က ဆောင်ရွက်ပေးဖို့  ဖြစ်နိုင်စရာတွေ ရှိပါတယ်။ ထောင်ထဲက အကျဉ်းသားတွေဟာ လက်နက်ကိုင်၊ ကျည်ဆံဖောက်နေတဲ့သူတွေ လုံးဝမဟုတ်ပါဘူး။ လက်နက်စွဲကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအုပ်စုတွေအပေါ်မှာတောင် စိတ်ရှည်ရှည်ထားပေးနိုင် တယ်ဆိုရင်၊တရားဝင်ပါတီမဟုတ်တော့တဲ့ နိုင်ငံရေးအဖွဲ့ အစည်းတချို့ အပေါ်မှာတောင် နားလည်မှုပေးပြီး ဖျောင်းဖျနားချမှုတွေ လုပ်နိုင်တယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေအနေနဲ့  ထောင်ထဲက အကျဉ်းသားတွေ အရေးကို သဘောထားသိမ်မွေ့ စွာ ထားနိုင်ဖို့ သင့်ပါတယ်။

ဒီနေ့ ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ "နိုင်ငံတော်၏ လုပ်အားစုများကို အဆုံးရှုံးခံပြီး အကျဉ်းထောင်ထဲ
ထည့်ထားခြင်းမျိုးကို မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည်မဟုတ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို
အနှောင့်အယှက် မပြုကြောင်း သေချာသည့်အချိန်တွင် အကျဉ်းသားများအား ပြန်လွှတ်ပေးရန်ရှိနိုင်ကြောင်း" ဆိုပြီးအမျိုးသားလွှတ်တော်ဥက္ကဌဦးခင်အောင်မြင့်က အိုဟေးကင်တားနားကို ရှင်းလင်းဆွေးနွေးသွားခဲ့တာကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ထို့ အတူဘဲ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကလူ့ အခွင့်အရေးကိုယ်စားလှယ် ကင်တားနားကို ဖြေကြားရာမှာ "မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့ သစ် ပေါ်ပေါက်လာပြီးနောက် နိုင်ငံတော်သမ္မတအနေဖြင့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း အခါအားလျော်စွာ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသွားရန် အလားအလာရှိ ပါကြောင်း" လို့  ထည့်သွင်းပြောကြားသွားတာ တွေ့ ရပါတယ်။

"တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပြုကြောင်း သေချာသည့်အချိန်" ဆိုတာကို ကျွန်တော်တို့  သိပ်
စိတ်ဝင်စားပါတယ်။ အစိုးရအဖွဲ့ ဘက်က ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အဲဒီအချိန်ကာလဟာ အခုမဟုတ် သေးဘူးလား။ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံတို့ ရဲ့ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အစိုးရအဖွဲ့ အပေါ် နိုင်ငံရေးသဘောထား ဒိုင်မေးရှင်းပြောင်းလဲလာတာတွေ၊ ပူးပေါင်းလုပ်ဆောင် လိုစိတ် ပြင်းပြလာတာတွေက တည်ငြိမ်အေးချမ်းမှု ကြီးစိုးလွှမ်းမိုးခြင်းဆီ မျက်နှာပြုနေတာ မဟုတ်ဘူးလား။ အစိုးရပြောတဲ့သေချာသည့်အချိန် ဆိုတာ ထိုင်စောင့်နေလို့  မရပါဘူး။ စောင့်ကြည့်နေ၊ မျှော်လင့်နေ၊ လွတ်လာပါလိမ့်မယ်ဆိုပြီး လတွေ နှစ်တွေ ချီပြီး ကြာညောင်းသွားနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့  နောက်ဆုံးနေခဲ့ရတဲ့ကာလတွေမှာ အရင် နအဖ အစိုးရရဲ့ 
ကိုယ်စားလှယ်တချို့  တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုခြံထဲ အ၀င်အထွက်တွေလုပ်ပြီး လှို့ ဝှက်စွာ တွေ့ ဆုံမှု
ပြုလုပ်ခဲ့ပါတယ်။ အောင်မြင်တာ၊ မအောင်မြင်တာ တစ်ပိုင်းပေါ့။ အဲဒီရဲ့ အကျိုးဆက်တွေကြောင့် အခုလို
ဆက်ဆံရေးပုံစံတိုးတက်မှုများ ဖြစ်လာရတယ်လို့  ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် မှတ်ချက်ပြုသွားတာ
ကြားရပါတယ်။ ဒေါ်စုနဲ့  သမ္မတဦးသိန်းစိန် ငြိမ်းငြိမ်းချမ်းချမ်းစကားပြောကြတာ တွေ့ မြင်ရတဲ့အခါ ပြည်သူ
တွေ စိတ်ချမ်းသာရတယ်၊ ပျော်ကြတယ်၊ သာဓုခေါ်ကြတယ်၊ ဘာဘဲဖြစ်ဖြစ် စစ်အရေခြုံအစိုးရကို အမှတ်ပေး
ကြတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လိပ်ခဲတည်းလည်း အစိုင်အခဲကြောင့် အမှတ်ရှည်ရှည် မပေး
ကြဘဲ တိုတိတိုနန့် အမှန်ခြစ်ကိုဘဲ ရရရှာတယ်။

အမှန်ခြစ် အမှတ်ရှည် ထင်ထင်ရှားရှားကြီး ရဖို့ ဆိုရင် "သေချာသည့်အချိန်" ဆိုတာကို လည်ပင်းရှည်အောင်
မစောင့်ကြဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ နှစ်ဦးနှစ်ဘက် လုပ်ကြရပါလိမ့်မယ်။ လုပ်လို့ လည်း ရနိုင်ပါ
တယ်။ မြန်မာနိုင်ငံအနှံ့  အကျဉ်းထောင်တွေထဲက နိုင်ငံရေးသမား ခေါင်းဆောင်များနဲ့  တွေ့ ဆုံစကားပြော
ရပါလိမ့်မယ်။ ဒီမိုကရေစီရေးရဲဘော်ရဲဘက်တွေကို အပြင်လောကကနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း
ဂဃနဏ ခရေစေ့တွင်းကျ သိရှိနားလည်အောင် ပြောပြရပါမယ်။ သူတို့ မှာလည်း ထောင်ဝင်စာလာတွေ့ တဲ့
အချိန်လေးသာ နားထောင်ကြရတာပါ၊ အစိုးရသတင်းစာထဲ ပါသလောက်ကိုသာ သိခွင့်ရတာပါ။ ဒေါ်စုကိုယ်တိုင်
သူတို့ ကို သွားရောက်တွေ့ ဆုံခွင့်ရရင်၊ ရှင်းလင်းပြောကြားခွင့်ရရင် အခြေအနေတွေ ကောင်းတဲ့ဘက်ကို
ရွေ့ လာနိုင်ပါတယ်။ အစိုးရဘက်က တာဝန်ရှိသူတွေအနေနဲ့ လည်း သူတို့ နဲ့  တွေ့ ဆုံစကားပြောသင့်ပါတယ်။

ဆူဆူပူပူ အမြဲလုပ်သူတွေလို့ မမြင်ဘဲ တိုင်းကျိုးပြည်ပြု ငါ့နိုင်ငံသားတွေဘဲလို့  ခံယူပြီး တွေ့ ဆုံရေးလမ်းစတစ်ခု
ကို စတင် ပျိုးယူထားသင့်ပါပြီ။ ဘာဘဲဖြစ်ဖြစ် မည်သည့်ဘက်ကမှ အရင်းမရှုံးနိုင်ပါဘူး။

ပုထုစဉ်လူသားတွေရဲ့ သဘာဝအတိုင်း ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ပါတယ်။
ပစ်ပယ်ထားတာတွေ၊ ၀ိုင်းကျဉ်ထားတာတွေ၊ မခေါ်မပြောနိုင်ဖြစ်ရတာတွေနဲ့  တိုင်းပြည်တစ်ပြည်ကို တိုးတက်
အောင်မြင်အောင် တည်ဆောက်လို့ မရပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်တွင်းက ပုဂ္ဂိုလ်တချို့ 
နိုင်ငံခြားထွက်ပြီး မြန်မာနိုင်ငံကို ဆန့် ကျင်ပုန်ကန်နေသူတချို့ နဲ့  သွားရောက်တွေ့ ဆုံစကားပြောကြနိုင်သေး
တာဘဲ။ နှစ်ဘက်စကား နှစ်ဘက်နားတွေနဲ့  ရင်းနှီးမှုတွေ ရယူထားနိုင်ကြသေးတာဘဲ။ အခုဟာက ရေခြား
မြေခြား တိုင်းတစ်ပါးကို ခရီးရှည်ကြီး ဆန့် စရာ မလိုပါဘူး။ နီးနီးလေးနဲ့  ဝေ့ နေကြတာပါ။


အောင်မျိုးထွန်း

၂၆- ၈- ၂၀၁၁



မြန်မာပြည်တွင် အင်တာနက် ပိတ်ပင်မှု စတင် လျော့ချလာ

Posted: 25 Aug 2011 04:35 PM PDT


မြန်မာနိုင်ငံတွင် ယခင်က ပိတ်ပင်ထားသော အင်တာနက် စာမျက်နှာတချို့ ကို သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှ အစပြု ၍ တိုက်ရိုက် ကြည့်ရှုခွင့် ရရှိနေကြောင်း အင်တာနက် အသုံးပြုသူများက ပြောသည်။ အများစုမှာ မြန်မာ့ဆက်သွယ်ရေးမှ ရယူထားသော MPT လိုင်းများတွင် ကြည့်ရှုခွင့် ရနေခြင်း ဖြစ်ကြောင်း သိရသည်။

"ပိတ်ထားတဲ့ ၀ဘ်ဆိုတ်တွေကို မနေ့ ညကတည်းက ကြည့်လို့ ရတယ်။ ဒီနေ့ မနက်တော့ ယူကျု့ ဘ် ၀ဘ်ဆိုက်ကို ဖွင့်လို့ ရနေပြီ။ တခြားဆိုဒ်တွေ တော်တော်များများလည်းကြည့်လို့ ရတယ်။" ဟု ရန်ကုန်မြို့ မှ အင်တာနက် အသုံးပြုနေသူ ဘာသာပြန် အယ်ဒီတာ တစ်ဦးက ပြောသည်။

ဘီဘီစီ၊ ဗွီအိုအေ စသည့် နိုင်ငံတကာ အသံလွှင့်ဌာနများ၏ အင်တာနက် စာမျက်နှာများနှင့် အခြား ဘလော့များကိုပါ အလွယ်တကူ ဖွင့်ကြည့်၍ ရကြောင်း၊ သို့သော် ပြည်ပအခြေစိုက် သတင်းဝက်ဆိုဒ် အချို့ကိုမူ ဖွင့်၍မရသေးကြောင်း သိရသည်။

ရန်ကုန်မြို့ အပြင် ပြင်ဦးလွင်နှင့် မန္တလေးမြို့ များတွင်လည်း Fiber to the home ( FTTH ) လိုင်းများတွင် ပိတ်ပင်ထားသည့် အင်တာနက် စာမျက်နှာများအား အလွယ်တကူ ကြည့်ရှုနိုင်ပြီဖြစ်ကာ အေဒီအက်စ်အယ်လ် နှင့် ၀ိုင်မက်စ်လိုင်းအချို့ တွင်လည်း ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ခုနှစ် အင်တာနက်ကိုစတင်သုံးစွဲခဲ့သည့်အချိန်မှ စ၍ နိုင်ငံရေးအင်တာနက် စာမျက်နှာများနှင့် သတင်းစာမျက်နှာများ ကြည့်ရှုခြင်းကို တင်းကြပ်စွာ တားမြစ်ပိတ်ပင်ထားသည်။ ထို့ပြင် အများပြည်သူသုံး အင်တာနက် ဆိုင်များတွင် နိုင်ငံရေးနှင့် ပတ်သက်သော ၀ဘ်ဆိုဒ်များ မကြည့်ရ ဟူသည့် စာတမ်းများကပ်ပြီး အတိအလင်း တားမြစ်ထားခဲ့သည်။

ယခုကဲ့သို့ တားမြစ်ထားသည့် အင်တာနက်ဝဘ်ဆိုက်များကို ကြည့်ရှုခွင့် ပေးလာခြင်းသည် အစိုးရသစ်နှင့် ပြည်သူအကြား ပွင့်လင်းမြင်သာမှု ရှိသည်ဟူသော အမြင်မျိုး ရလို၍ ဖွင့်ပေးခြင်းဖြစ်နိုင်ကြောင်း လူငယ်အိုင်တီပညာရှင် တစ်ဦးက သုံးသပ်သည်။

၎င်းက "အမျိုးသားသင့်မြတ်ရေး လုပ်မယ်ဆို အတိုက်အခံတွေကိုပါ ပေးပြောရတော့မယ်။ အဲဒီအတွက် ပြည်သူနဲ့ အစိုးရကြား ပွင့်လင်းမြင်သာမှု ရှိမှဖြစ်မယ်။ သတင်း စီးဆင်းမှု ကလည်း မြန်လာတဲ့အတွက် ထိန်းထားလို့ လည်း မလွယ်တော့ဘူး" ဟုပြောသည်။

မြန်မာနိုင်ငံ၌ အများပြည်သူများ သုံးစွဲနိုင်မည့် Internet Bandwidth (အင်တာနက် လမ်းအကျယ်) ကို မြန်မာ့ဆက်သွယ်ရေးက ထိန်းချုပ်ထားပြီး မြန်နှုန်း နှေးကွေးကြောင်း ပြည်တွင်း အင်တာနက်သုံးစွဲသူများကပြောသည်။

ပြည်တွင်းတွင် အေဒီအက်စ်အယ်လ်၊ Dial-up၊ Satellite terminal၊ ၀ိုင်မက်စ်နှင့် Fibre to the home အင်တာနက်ဆက်သွယ်ရေး လမ်းကြောင်းများကို အသုံးပြုနေရာတွင် Fibre to the home မှာ မန္တလေးနှင့် ပြင်ဦးလွင်မြို့ တွင် သာ အသုံးပြုနိုင်ပြီး ရန်ကုန်မြို့ တွင် အသုံးပြုနိုင်ရန် စီစဉ်နေဆဲဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကောက်ယူထားသော စာရင်းများအရ အင်တာနက် အသုံးပြုသူမှာ လေးသိန်းကျော် ရှိကြောင်း သိရသည်။ ထိုအရေအတွက်သည် နိုင်ငံလူဦးရေ၏ သုညဒသမ ရှစ်ရာခိုင်နှုန်းခန့် သာရှိ၍ အများစုမှာ ရန်ကုန်နှင့် မန္တလေးမြို့ များမှ အသုံးပြုခြင်းဖြစ်ကြောင်းသိရသည်။

Yangon Press International


စကားလုံးပြောင်းပြီး နိုင်ငံရေး အကျဉ်းသားအရေး လွှတ်တော်တင်

Posted: 25 Aug 2011 09:56 AM PDT


ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသားမရှိဟု မြန်မာအစိုးရမှ ငြင်းဆိုနေခြင်းကြောင့် "နိုင်ငံရေး အကျဉ်းသား" ဟူသည့် အသုံးအနှုန်းကို ရှောင်ကာ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ" စကားရပ်ဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်မြောက်ရေး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အဆိုကို ကြာသပတေးနေ့ လွှတ်တော်တွင်
ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က တင်သွင်းလိုက်သည်ဟု ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

"အစိုးရဘက်က နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ ပြောထားတဲ့အတွက် ကျနော်တို့က အစိုးရရဲ့ လုပ်ဆောင်မှုတွေပြောဆိုမှုတွေ ကြားထဲမှာ ကျနော်တို့က လိုက်ပြီးလုပ်နေရတဲ့သူတွေအဖို့ ကိုယ်ပြောတဲ့စကားက ဘောင်မဝင်မှာစိုးလို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ ဆိုပြီးတော့ သုံးလိုက်တဲ့ အသုံးအနှုန်းကို သုံးလိုက်တာဖြစ်တယ်" ဟု ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည် က ဆိုသည်။

သင်္ကန်းကျွန်း လွှတ်တော် အမတ် ဦးသိန်းညွန့်သည် မတ်လအတွင်းပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင်နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေးအဆိုကို တင်သွင်းခဲ့သေးသော်လည်း လွှတ်တော်တွင်း မဆွေးနွေးမီ မီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့်ဟုဆိုကာလွှတ်တော်တွင်း ဆွေးနွေးခွင့် ပိတ်ပင်ခံခဲ့ရသည်။

"နိုင်ငံရေအကျဉ်းသားမရှိဘူးဆိုတဲ့အပေါ်မှာ နိုင်ငံရေးရာကို ပြောင်းအောင်လုပ်တာ နိုင်ငံရဲ့ ရေးရာကိုလုပ်တာနိုင်ငံရေး အကျဉ်းသားသမားချည်းပဲ။ အဲဒီအပြင် မတရားအသင်း ဥပဒေ၊ နိုင်ငံတော်ကို ပုန်ကန်မှု၊ အစိုးရကိုအသရေ ပျက်အောင်လုပ်မှုတို့၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား ဖျက်ဆီးလိုသူများ ဥပဒေ၊ အဲဒါတွေ အားလုံးကနိုင်ငံရေးပြစ်မှုလို့ သတ်မှတ်ထားတယ်။ မြန်မာပြည်မှာက နိုင်ငံတော်လုံခြုံရေးအရ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူအားလုံးက ကျနော်ကတော့ နိုင်ငံရေးအကျဉ်းသားလို့ပဲ မြင်တယ်" ဟု ဦးသိန်းညွန့်ကမဇ္ဈိမကို
ပြောသည်။

ယခုနှစ် မေလ အတွင်းက သမ္မတ ဦးသိန်းစိန်မှ ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ် လျော့ပေါ့မှုအမိန့်သည် လုံလောက်မှု မရှိသေးကြောင်းလည်း ဦးသိန်းညွန့်၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဆိုတွင် ထောက်ပြတင်သွင်းသွားသည်။

ကြာသပတေးနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းညွန့်ကပင် ၂၁ ရာစုနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာကို အာမခံသော အကျဉ်းထောင်အက်ဥပဒေ မူကြမ်းရေးဆွဲပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြဆွေးနွေးရန် အဆိုကို တင်သွင်းခဲ့ပြီး သောကြာနေ့တွင် ဆက်လက် ဆွေးနွေးရန် သင့်မသင့် ဆုံးဖြတ်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့် ဦးသိန်းညွန့်၏ တရားရုံးများကို မထေမဲ့မြင်ပြုသည့် ဥပဒေကို ဖျက်သိမ်းရန်
အဆိုသည် လွှတ်တော်အမတ်များ၏ ကန့်ကွက်ဆွေးနွေးမှုကြောင့် လွှတ်တော်က ဆက်လက် ဆွေးနွေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်အမတ်များမှ မေးခွန်း ၈ ခုကိုလည်း မေးမြန်းခဲ့သေးသည်။

လွှတ်တော် အမတ်ဦးသိန်းညွန့်၏ အာဇာနည်နေ့ ဥသြဆွဲသံ မြန်မာ့အသံမှ ပြန်လည် ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိကိုပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ယခုခေတ် သမယတွင် မော်တော်ယာဉ်စီးရေမှာ အလွန်များပြားလာသဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေအောင်ဟု မလုပ်ဆောင်နိုင်ကြောင်း ပြန်လည် ဖြေကြားသွားသည်။
မြန်မာနိုင်ငံတဝှမ်းတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စီးရေ နှစ်သန်းကျော် ရှိသည်။

အင်းစိန် မဲဆန္ဒနယ်မှ ဦးအေးမြင့်၏ အမျိုးသား စာပေဆု ချီးမြှင့်ငွေ တိုးမြှင့်ပေးရန်ရှိ မရှိ မေးခွန်းကို မေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းက ကျပ်ငွေ ၆ သိန်းမှ ၈ သိန်းအထိ တိုးမြှင့်ပြီးဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ထားရှိမှုအခြေအနေကို မေးမြန်းရာ ဝန်ကြီးဦးကျော်ဆန်းမှ ငြိမ်းချမ်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖြေကြားသည်။

ယင်းအပြင် ဒဂုံမြို့သစ်မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်၏ ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်သူများ အရေး
ဆောင်ရွက်မှု အခြေအနေ၊ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးစိုးဝင်း၏ ပြည့်တန်ဆာခန်းများ အရေးယူပေးရေး
မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးကိုကိုမှ ပြည့်တန်ဆာနှင့် ပတ်သက်သည့် အမှု ၂,၉၅၂ မှုနှင့် စည်းကမ်းချက်နှင့် မညီသည့် ကာရာအိုကေဆိုင်များမှ အမျိုးသမီး ၁,၅၉၁ ယောက်တို့ကို အရေးယူပြီးဖြစ်ကြောင်း ဖြေကြားသည်။

ကြာသပတေးနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာမြဦးမှ ဗုဒ္ဓဟူးနေ့တွင် တင်သွင်းခဲ့သည့်
ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးအဆိုကို လွှတ်တော်မှ သဘောတူပြီး လာမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

အမျိုးသား လွှတ်တော်အမတ် စောထွန်းမြင့်အောင်၏ ဖာဖွန် လေယာဉ်ကွင် ပြန်ဖွင့်ပေးရန် ရှိမရှိမေးခွန်းကို
ဆောက်လုပ်ရေး ဝန်ကြီး ဦးခင်မောင်မြင့်မှ လုံခြုံရေး အခြေအနေအရ လေယာဉ် ပျံသန်းခွင့် မပြုခြင်းဖြစ်ကြောင်းဖြေကြားသည်။

ကြာသပတေးနေ့ လွှတ်တော် အစည်းအဝေးများကို နံနက် ၁ဝ နာရီတွင်ကျင်းပကာ၊ ပြည်သူ့လွှတ်တော်သည်
နေ့လည် ၂ နာရီတွင် ပြီးဆုံးပြီး၊ အမျိုးသားလွှတ်တော်သည် ညနေ ၄ နာရီတွင် ပြီးဆုံးသည်။


ဖေ့စ်ဘွခ်ရဲ့ Privacy Options ပြောင်းပြီ

Posted: 25 Aug 2011 09:44 AM PDT

ဖေ့စ်ဘွခ် အသုံးပြုသူတို့ရဲ့ ကိုယ်ပိုင်ဒေတာတွေကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး စိစစ်သုံးသပ်ရင်း ပိုမိုတိုးတက် ကောင်းမွန်အောင် အဓိကပြောင်းလဲမှုတွေကို လုပ်ဆောင်တော့မယ်လို့ ဖေ့စ်ဘွခ်က ကြေညာလိုက်ပါတယ်။

ဒီပြောင်းလဲမှုတွေထဲမှာ ဖေ့ဘုတ်ပေါ်တင်လိုက်သော အချက်အလက်တစ်ခုချင်းစီကို ဘယ်သူတွေကို တွေ့ခွင့်ပေးမလဲ ဆိုတဲ့ ကိုယ်ပိုင် အချက်အလက်ဝေမျှတဲ့ ဆက်တင်ပုံစံတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

ဖေ့စ်ဘွခ် အသုံးပြုသူတွေက သူတို့ရဲ့ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ ဒီဇိုင်းရေးဆွဲ တည်ဆောက်ပေးခြင်းဖြစ်တဲ့ ဒီကြိုးပမ်းမှုအတွက် ဖေ့စ်ဘွခ်က အချိန်အတော်ကြာ ယူခဲ့ရပါတယ်။ ဒီလူမှုရေးကွန်ယက်ဟာ သတင်းအချက်ထိန်းချုပ်ရာမှာ အားနည်းချက်တွေရှိလို့ ဝေဖန်ခံနေရပါတယ်။

အခုဆိုရင်တော့ အသုံးပြုသူတွေက ဓာတ်ပုံဖြစ်ဖြစ်၊ ဗီဒီယိုဖြစ်ဖြစ် တင်ထားတဲ့ အချက်အလက်တွေမှာ အမည်မှတ်ခြင်း (tag) ခံရတဲ့ သူဟာ ဒီဓာတ်ပုံ ဗီဒီယိုတွေ သူ့ရဲ့ကိုယ်ပိုင် စာမျက်နှာထဲမှာ ချက်ချင်းပေါ်တော့မှာ မဟုတ်ပါဘူး။ ဒါတွေကို ကိုယ့်စာမျက်နှာပေါ်မှာ ပေါ်မလာမီ တင်ခွင့်ပေးမှာလား မပေးဘူးလားစတာတွေကို ပြုလုပ်ရွေးချယ်နိုင်မယ့် အခွင့်အရေးကို အမည်တပ်ခြင်းခံရသူက ရရှိတော့မှာ ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှ လူဆိုးတွေဟာ ဒီအမည်မှတ်ခြင်းပြုလုပ်ပြီး မကောင်းတဲ့ဓာတ်ပုံတွေကို အခြားသူတွေရဲ့ အမည်တပ်လေ့ရှိတာက ပြသနာတစ်ခုပါ။ ဒီလိုကာကွယ်ပေးမှုဟာ အမည်သညာ မှတ်ခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ဒီလိုပြသနာတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

အခြားပြောင်းလဲမှုတွေကတော့ သုံးစွဲသူရဲ့ ကိုယ်ပိုင်စာမျက်နှာပေါ်မှာ အချက်အလက် အကြောင်းအရာ တစ်ခုချင်းစီအတွက် ကိုယ်ပိုင်ဒေတာတွေကို လူတိုင်းကို ပေးကြည့်မလား၊ သူငယ်ချင်းတွေကိုပဲလား၊ ဒါမှမဟုတ် ကိုယ်ကြည့်စေချင်သူကိုပဲ ကြည့်ခွင့်ပေးမလားစသည်ဖြင့် ထိန်းချုပ်တဲ့ ပုံစံလေးထည့်ပေးလာတာပါပဲ။

နောက်တစ်ခုကတော့ အမည်မှတ်ခြင်းကို ကိုယ်တိုင်ဖယ်ရှားနိုင်သလို ကိုယ့်ကို အမည်မှတ်တဲ့သူကို ဒီလို လုပ်ခြင်းမှ ရုတ်သိမ်းပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါမှမဟုတ် ဒီလို အမည်မှတ်သူကို ပိတ်ဆို့ထားလိုက်လို့လည်း ရပါတယ်။

အသုံးပြုသူတွေဟာ အမည်မှတ်ခြင်းကို ကိုယ်တိုင်ဖယ်ရှားနိုင်သလို အမည်မှတ်သူဆီကို ဒီလိုပြုလုပ်ခြင်းမှ ရပ်တန့်ဖို့၊ အမည်မှတ်ထားတာကို ဖယ်ရှားပစ်ဖို့ တောင်းဆိုနိုင်တော့မှာပါ။

နောက်ပုံစံတစ်ခုက အခြားလူတွေက ကိုယ့်ရဲ့ စာမျက်နှာကိုဘယ်လိုမြင်ရမလဲဆိုတာကို ကြည့်နိုင်မယ့် ပုံစံတစ်ခုကို (news feed) ရဲ့ အပေါ်မှာ ပေါ်လာတော့မှာပါပဲ။

ဖေ့စ်ဘွခ် ရဲ့ ဒုဥက္ကဌဖြစ်သူ ခရစ်စ်ကော့ခ်ဆ်ကတော့ ဒီလို ကိုယ်ပိုင်ဒေတာတွေကို ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး ပုံစံအသစ်ပြုလုပ်ရခြင်းဟာ ပုံစံအဟောင်းက မကောင်းလို့ ရှုပ်ထွေးလို့ မဟုတ်ပါဘူးလို့ ပြောပါတယ်။

"ပုံစံအဟောင်းရဲ့ထိန်းချုပ်ပုံဟာ မကောင်းလို့မဆိုပါဘူး ။ ဒါပေမဲ့ ပုံစံအသစ်က ပိုမိုကောင်းမွန်ပါတယ်" လို့ သူက ဘီဘီစီကို ပြောဆိုပါတယ်။ " ဒီလိုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ပိုင်စာမျက်နှာထဲမှာ ဆက်တင်ပုံစံတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ ပိုမိုမြန်ဆန်လာစေဖို့ ဖြစ်ပါတယ်"

မစ္စတာ ကော့ခ်ဆ်က ဆက်လက်ပြီး ဖေ့စ်ဘွခ်ကို အသက် ၁၃ နှစ်အောက် ကလေးများ သုံးစွဲလို့ ရနိုင်အောင် တိုးချဲ့ခြင်းတွေကို ပြုလုပ်ကောင်း ပြုလုပ်မှာပါလို့ ပြောဆိုသွားပါတယ်။

"အခု ဒီပြောင်းလဲမှုဟာ ယနေ့ ဖေ့စ်ဘွခ်ကို သုံးစွဲနေသူတွေအတွက် ဖြစ်သလို ဒီနေ့မှ ဖေ့စ်ဘွခ်ကို စသုံးသူတွေ အတွက်ကတော့ ဒါတွေကြောင့် အရင်ကထက် ပိုမိုလွယ်ကူလာမှာပါ" လို့ ဆိုပါတယ်။

အခုဒီပြောင်းလဲမှု ဖြစ်စဉ်အတွင်းမှာ ဖေ့စ်ဘွခ်သုံးစွဲနေသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်တွေကို ထိန်းချုပ်တဲ့ ပုံစံကို ထိခိုက်မှု မရှိစေပါဘူးလို့လည်း ကတိပြု ပြောကြားခဲ့ပါတယ်။ ဒါတွေဟာ အခုအသုံးပြုနေသူတွေရဲ့ ထိန်းချုပ်မှုပုံစံကို အရင်အတိုင်း ရှိနေစေမယ်လို့ သူကဆိုပါတယ်။

ဖေ့စ်ဘွခ်ကို ပထမဆုံးအသုံးပြုတဲ့အခါ သတင်းအချက်အလက်တွေကို ဝေမျှတဲ့ပုံစံမှာ ဖေ့စ်ဘွခ်က အကြံပေးတာကတော့ အရင်က everyone ဖြစ်ပြီး အခုတော့ public လို့ပြောင်းသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ အသုံးပြုသူက အခြားပုံစံတွေကို ရွေးချယ်ခဲ့ရင်လည်း ရွေးချယ်ထားတဲ့အတိုင်းပဲ ရှိနေမှာပါ။

ဒီ ကိုယ်ပိုင်သတင်းအချက်အလက်တွေကို ဝေမျှတဲ့ ပုံစံအသစ်ကို သြဂုတ်လ ၂၅ ရက်နေ့မှာ စတင် စမ်းသပ် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။

သုခသခင်(www.maukkha.org/)

Ref : http://www.bbc.co.uk/news/technology-14633427


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment