Tuesday 27 September 2011
အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး၊ HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်၊ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ ၊ သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ် ၊ မျက်နှာမှဒဏ်ရာများ အား မျှော့ များ အသုံး ပြုကုသ ၊
  1. အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး၊
  2.  HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်၊
  3.  သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ ၊
  4.  သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ် ၊
  5. မျက်နှာမှဒဏ်ရာများ​အား​ ​မျှော့​များ​အသုံး​ပြုကုသ ၊
  6. ဆယ်ကျော်သက်များ ဖက်ရှင် သဖွယ် ဆေးလိပ်သောက်မှု မြင့်တက်လာ ၊
  7. အသားအရေ လှပ စေမည့် အိပ်စက်မှု ပုံစံ ၊
  8. လျှပ်စစ်ဓာတ်အား တာဝါတိုင် နားနေတဲ့ ကိုယ်ဝန်ဆောင်တွေ သတိထားဖို့  ၊
  9.  ဇနီးသည် အိပ်မပျော်လျှင် ပေါင်းသင်း ဆက်ဆံရေး ထိခိုက်နိုင် ၊
  10.  ကျင်းထုံနှင့် Baby Care ခြင်ဆေးခွေများကိုပိတ်သိမ်း နှင့် ကိုယ်ဝန်ပျက်စေတဲ့ အကြောင်း ၊
  11.  လေချဉ်တက်ခြင်း ကင်းဝေးစေရန် ၊
အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂)မျိုး
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှု တွေ လုပ်ပါတော့တယ်။သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးနဲ့ မသေဆုံးခင်ကခံစားခဲ့ ရတဲ့ ရောဂါလက္ခဏာတွေကို မြင်မြင်တွေ့ ခဲ့ သူတွေကို သေချာမေးမြန်းခဲ့ ပါတယ်။ပြီးနောက်မှာတော့ ဒီ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ " သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ မတော်တဆ အစာထဲကအာဆင်းနစ်စိန်ဖြူအဆိပ်သင်
့ခဲ့ ရတာပါ၊ " လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။လူတွေက နားမလည်နိုင်ဘဲ အစာထဲမှာ အာဆင်းနစ်က ဘယ်ကဘယ်လို ပါလာသလဲ ဆိုပြီး ပဟေဠိဖြစ်နေကြပါတယ်။
"Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲမှာ အစာတွေခြေဖျက်ရာကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီ (vitamin C)ကို နေ့တိုင်း မှီဝဲခဲ့တယ်လို့ သိရပါတယ်ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ" လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ သတ္တ၀ါတွေရဲ့ အခွံမှာ သိပ်သည်းဆမြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာကတည်းက လေ့လာ တွေ့ ရှိခဲ့ ကြပါတယ်။ ဒီအစားအသောက်တွေဟာ ဒီအတိုင်း သူ့ ချည်းပဲတော့ အဆိပ်အာနိသင်မဖြစ်စေပါဘူး။အာဆင်းနစ်ဟာ ပြဒါး၊ခဲစတဲ့  သိပ်သည်းသောသတ္တုများ(heavy metals)လို့ ခေါ်တဲ့  လူ့ ခန္ခာကိုယ်ထဲမှာ များများမရှိသင့်တဲ့ အဆိပ်သင့်သတ္တုတွေထဲမှာပါပါတယ်။သူဟာ ဗီတာမင်စီနဲ့  ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ အာဆင်းနစ်အောက်ဆိုဒ်(arsenic oxide, As2O5)ကနေ အဆိပ်ပြင်းလှတဲ့  အာဆင်းနစ်ထရိုင်အောက်ဆိုဒ်( arsenic trioxide, As2O3)အဖြစ်ပြောင်းလဲသွားပါတယ်။ဒါက အားလုံးသိကြတဲ့ ပရဆေးဆိုင်တွေမှာရောင်းတတ်ကြတဲ့ စိန်ဖြူပဲဖြစ်ပါတယ်။ကျွန်တော်တို့  ခဏခဏကြားနေကြရတဲ့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်ရင်သံ
ပုရာရည်နဲ့ သောက်တဲ့ စိန် ဖြစ်ပါတယ်။ သံပုရာရည်ထဲက ဗိုက်တာမင်စီနဲ့  အာဆင်းနစ်နဲ့ ပေါင်းသွားပြီး အဆိပ်ဖြစ်သွားတယ်ဆိုပါတော့။
အာဆင်းနစ်အဆိပ်ရဲ့ အာနိသင်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ့  အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးထွက်တဲ့ လက္ခဏာတွေဖြစ်လာပါတယ်။ဒီအပြင် အသက်ရှူရာကနေ စွမ်းအင်ထုတ်တဲ့ လမ်းကြောင်းကိုလဲ ပိတ်လိုက်တဲ့ အတွက် စွမ်းအင်မရတော့ဘဲ သတိလစ်မေ့မျောခြင်းတွေဖြစ်လာနို
င်ပါတယ်။
ဒါကြောင့် ပုဇွန် ၊ အခွံပါတဲ့ ရေသတ္တ၀ါတွေကို ဗီတာမင်စီ ပါတဲ့ အစားအစာများ(ဥပမာလိမ္မော်သီး၊သံပုရာသီး၊ဇီးဖြူသီးစသည်)၊ဗီတာမင်စီဆေးပြားများ(ဥပမာ စီဗစ်)တို့ နဲ့ ပူးတွဲ မစားကြ ဖို့ သတိပေးထားပါတယ်။ဒီအစားအစာတွေကို မကြိုက်လို့ မစားပေမယ့် အခုအချိန်မှာ တုပ်ကွေးအအေးမိတာကို ကာကွယ်တဲ့ အနေနဲ့  စီဗစ်သောက်နေကျလူများလဲ အထူးသတိထားကြရန်လိုပါတယ်။ နီးစပ်ရာလူတွေကို လက်ဆင့်ကမ်းပြောပေးကြပါဦး။
HIV-ပိုးကို ကုသရန်အတွက်ဆေးသစ်များထွက်ပေါ်
    (အက်ဖ်-ဒီ-အေ) အမေရိကန် အစားအသောက်နှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ (အိတ်ခ်ျ-အိုင်-ဗွီ) ပိုးကို ကုသရန်အတွက် ဆေးသစ် ဖြစ်သော Edurant (ဒူးရင့်) ဆေးကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ယင်းဆေးသည် (နူကလီယိုဆိုက်) မဟုတ်သော (အာရ်-အင်န်-အေ) ကို တည်မီသည့် (ဒီ-အင်န်-အေ) (ပေါ်လီမာရေ့စ်) ဖြစ်သည်။
    အဆိုပါဆေးကို (ဂျွန်ဆင်-အင်န်-ဂျွန်ဆင်) ၏ လက်အောက်ခံ (တိုင်ဘိုတက်ခ်-သာရာပြူးတစ်) မှ ဈေးကွက်တွင် ရောင်းချမည် ဖြစ်သည်။ ၄င်းကုမ္ပဏီမှ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးများ ဖြစ်သော Intelence (Etravirine) နှင့် Prezista (Darunavir) တို့ကိုလည်း ရောင်းချနေပေသည်။
    "လူနာတွေဟာ (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးတွေကို တုံ့ပြန်ပုံရော၊ ဘေးထွက်-ဆိုးကျိုးတွေ ရတာမှာပါ မတူကြဘူး။ (အက်ဖ်-ဒီ-အေ) ကနေ အခုလို ဆေးသစ်ကို အသိအမှတ် ပြုလိုက်တယ်ဆိုတော့ ဆေးကုနေရတဲ့ လူနာတွေအတွက် ရွေးချယ်စရာ လမ်း ပိုရလာတာပေါ့" ဟု (အင်တီ-မိုက်ခရိုဘီရယ်) ထုတ်ကုန်များဆိုင်ရာ (အက်ဖ်-ဒီ-အေ) ရုံး ဒါရိုက်တာ ဒေါက်တာ (အက်ဒွပ်-ကောက်စ်) ကပြောသည်ဟု (အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
    အသိအမှတ်ပြုချက် အသစ်ကြောင့် (အိတ်ခ်ျ-အိုင်-ဗွီ) ဆေးစာရင်းထဲတွင် (အင်န်-အင်န်-အာရ်-တီ-အိုင်) အမျိုးအစားသစ် တခု တိုးလာပေသည်။ အလားတူ (ဒူးရင့်) နှင့် (ထရူဗါဒါ) ပေါင်းစပ်ထားသော ဆေးကိုလည်း (အက်ဖ်-ဒီ-အေ) မှ အသိအမှတ် ပြုရန် အလားအလာ တိုးလာသည်။
    (အထရီပါ) ဆေးအစား သုံးနိုင်ရန် တွဲဆေးလုံးကို (ဂီးလ်လိဒ်-ဆိုင်းယင့်စ်) မှ ထုတ်လုပ်ရန် ရှိသေးသည်။ ယင်းအတွက် (ဂီးလ်လိဒ်) မှ ၂ဝ၁ဝ နိုင်ဝင်္ဘာကတည်းက အသိအမှတ်ပြုမှုကို လျှောက်ထားခဲ့ရာ သြဂုတ်လတွင် အဆုံးအဖြတ်ရမည်ဟု ခန့်မှန်းထားသည်။
    (ဒူးရင့်) ဆေးကို အသိအမှတ်ပြုခဲ့ခြင်းမှာ ဆေးသစ်ကို သတိမမူသည့် (အိတ်ခ်ျ-အိုင်-ဗွီ) လူနာများအား စမ်းသပ်သည့်အခါ (ဆပ်စ်တီဗာ) ဆေးကဲ့သို့ပင် ထိရောက်ကြောင်း တွေ့ရှိရ၍ ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးသည် အမေရိကားတွင် အများဆုံး သုံးနေသော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးမျိုး ဖြစ်သည်။ ထို့ပြင် လောလောဆယ် ကုထုံး လမ်းညွှန်များ အရ ယခင်က (အိတ်ခ်ျ-အိုင်-ဗွီ) ကို မကုသဘူးသေးသူများအတွက် ရွေးချယ်သင့်သော (အင်န်-အင်န်-အာရ်-တီ-အိုင်) ဆေးလည်း ဖြစ်သည်။ (ဆပ်စ်တီဗာ) သည် အသုံးများသော (အင်တီ-ရီထရို-ဗိုင်းရယ်) ကုထုံးဖြစ်သည့် (အထွီပလာ) ၏ အစိတ်အပိုင်း တခုလည်း ဖြစ်သည်။
    ၄၈ ပါတ် ကုသပြီးနောက် (ဒူးရင့်) ဆေး သုတေသနပြုချက်တွင် ပါဝင်သည့်လူနာ ၈၃% သည် (ဗိုင်းရပ်စ်) ဖိနှိမ်မှု တနည်းအားဖြင့် သွေးထဲတွင် (အိတ်ခ်ျ-အိုင်-ဗွီ) ပိုး ရှာမတွေ့လောက်အောင် နည်းစေမှုကို ရလာစေသည်။ (ဆပ်စ်တီဗာ) ဆေးပေးသူများတွင် ၈ဝ% ထိုသို့ ရစေသည်။
    (ဒူးရင့်) ဆေး ၂၅ မီလီဂရမ်ကို တနေ့ ၁ ကြိမ် အစာနှင့်တွဲ သောက်ရသည်။ (အက်ဖ်-ဒီ-အေ) မှ အသိအမှတ်ပြုသည်မှာ ယင်းဆေးအား အခြား (အင်တီ-ရီထရို-ဗိုင်းရယ်) ဆေးများနှင့် တွဲဖက်သုံးရန် ဖြစ်သည်။
    (အက်ဖ်-ဒီ-အေ) သတင်းထုတ်ပြန်ချက်ထဲတွင် (ဒူးရင့်) သည် (ဆပ်စ်တီဗာ) ကဲ့သို့သော အားနည်းချက်များ မရှိကြောင်း၊ ဆေးသုတေသန လုပ်စဉ်က (ဒူးရင့်) ဆေးသောက်ရန် ပျက်ကွက်ခဲ့သူများတွင် (ဆပ်စ်တီဗာ) ဆေးမသောက်သူများထက် ဆေးယဉ်ခြင်း အဖြစ်မြန်သည်ကို တွေ့ရှိခဲ့ရသည်။
    ထို့ပြင် ဆေးသုတေသန လုပ်စဉ်က (ဗိုင်ရယ်လ်-လုတ်) များသော တနည်းအားဖြင့် သွေးထဲတွင် ဗိုင်းရပ်စ်အရေအတွက် ၁ မီလီလီတာတွင် ကောင်ရေ ၁ သိန်းထက် များသော သူများ၌ (ဗိုင်ရယ်လ်-လုတ်) နည်းသူများလောက် (ဗိုင်းရပ်စ်) ဖိနှိမ်မှု မရသည်ကို တွေ့ရှိရသည်။ (ဗိုင်ရော်လောဂျစ်-ဖေလူယာ) ခေါ် ဗိုင်းရပ်စ်ဆေး ကုမရခြင်းကို ၁၃% တွင် တွေ့ရသည်။ (ဆပ်စ်တီဗာ) ဆေးနည်းက ထိုးသို့ ဖြစ်နိုင်ချေ ၉% ရှိသည်။
    (ဒူးရင့်) ဆေး၏ ဘေးထွက်-ဆိုးကျိုးများမှာ (ဆပ်စ်တီဗာ) နှင့် သဘောသဘာဝရော ဖြစ်နိုင်ချေပါ တူညီသည်။ အမျိုးဆုံး ဖြစ်နိုင်သည်မှာ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အနီပြင်ထွက်ခြင်းတို့ဖြစ်သည်။ ဘေးထွက်-ဆိုးကျိုးကြောင့် (ဒူးရင့်) ဆေးသုံးသူ ၂% နှင့် (ဆပ်စ်တီဗာ) ဆေးသုံးသူ ၇% တို့က ဆေးရပ်ပြစ်ကြသည်။
    (ဒူးရင့်) ဆေးကို ဇွန် ပဌမလဝက်အတွင်း ဆေးဆိုင်များသို့ပို့ရန် မျှော်လင့်ကြောင်း (တီဗိုတက်ခ်) ကိုယ်စားလှယ်တဦးမှ ပြောကြားလိုက်သည်။ ဆေးတန်ဘိုးမှာ ဆေး ၁ လုံးလျင် ၂၁ ဒေါ်လာ၊ တနှစ်စာ ၇၇ဝဝ ဒေါ်လာ ကုန်ကျမည် ဖြစ်သည်။ (ဆပ်စ်တီဗာ) ဆေးတန်ဘိုးမှာ တနှစ်စာ ဒေါ်လာ ၇၂ဝဝ ရှိသည်။ အဆိုပါတန်ဘိုးများသည် ပုံမှန် လူကြီးတဦးလျင် တနေ့ ၆ဝဝ မီလီဂရမ်ဖြင့် တွက်ထားခြင်းဖြစ်သည်။
    (တီဗိုတက်ခ်) မှ ၄င်း၏ ဝင်ငွေနည်းပါးသူများအား အခမဲ့ဆေးထောက်ပံ့ရေးအစီအစဉ်နှင့် အခြား လူနာအကူအညီ (ပရိုဂရမ်) များသို့ပါ (ဒူးရင့်) ဆေးကို ထည့်သွင်းမည်ဖြစ်သည်။
    ကဲသူငယ်ချင်းတို့ရေ မြန်မာပြည်ကို  ဒီဆေး ရောက်ဖို့ကတော့မလွယ်သေးပါဖူး..ဒေါ်လာနဲ့ဆိုတော့ တွက်ကြည့်ကြပေတော့ဗျာ.။
    ၎င်းရောဂါဆိုးကြီးကနေ လူတိုင်းလွတ်မြောက်နိုင်ကြပါစေ..။
                                                                                                 အားလုံးလေးစားစွာဖြင့်  အောင်နိုင်သူ
    သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နည်းလမ်းများ
    လေကိုစုပ်ယူတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ
    သွေးတိုးရောဂါမဖြစ်အောင် အလွယ်ကူဆုံး ကာကွယ်နည်းဟာ နှာခေါင်းမှတစ်ဆင့် အသက်ရှူသွင်းတဲ့ လေ့ကျင့်ခန်းပါပဲ။ အောက်ပါ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။
    ၁။ အဆုတ်အောက်ပိုင်းအတွင်းသို့ လေဝင်ပြီး ယင်းမှတစ်ဆင့် အဆုတ်တစ်ခုလုံးလေတွေ ပြည့်သွားတဲ့အထိ နှာခေါင်းမှတစ်ဆင့် ဖြည်းဖြည်းနဲ့ နက်နက်အသက်ရှူသွင်းပါ။
    ၂။ ၁၀ စက္ကန့်ခန့်အချိန်ယူပြီး ဖြည်းဖြည်းလေး ပါးစပ်မှတစ်ဆင့် အသက်ရှူထုတ်ပါ။ အသံတိတ် ဒါမှမဟုတ် အာလို့အသံမြည်ကာ အဆုတ်တွင်းမှ လေတွေကုန်သွားအောင် အသက်ရှူထုတ်ပါ။
    ၃။ အသက်ရှူသွင်း၊ ရှူထုတ်လေ့ကျင့်ခန်းကို တစ်နေ့လေးကြိမ်မှ ငါးကြိမ်ပြုလုပ်ပေးပါ။ သင့်မှာ အချိန် အနည်းငယ် ရတိုင်းလုပ်ပါ။ (ဥပမာ - မီးပွိုင့်မီးနီနေတုန်းအချိန်တွေ)
    ဒီအသက်ရှူလေ့ကျင့်ခန်းဟာ သွေးဖိအားကို လျော့ကျစေရုံမက စိတ်ဖြေလျော့မှု ပိုမို ရရှိစေပြီး ခုခံအားစနစ်လည်း မြင့်တက်လာနိုင်ပါတယ်။
    Ref : Good Health
    သေခြင်းတရားကို လှည့်စား နိုင်မည့် နည်းလမ်း ငါးသွယ်
    သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။
    ၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
    ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
    ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
    ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
    လုပ်သင့်တာက
    လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁ဝဝဝ အိုင်ယူ ရရှိသင့် ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါး တို့ကို စားပေးသင့် ပါတယ်။ ဒါ့အပြင် နံနက် ၁ဝနာရီ မတိုင်ခင် နဲ့ ညနေ သုံးနာရီ ကျော်ချိန် တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။
    ၂) ပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ
    ဘရိုင်ဟမ် လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ် အရ ခိုင်မာတဲ့ ပေါင်းသင်း ဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရ စေတယ် လို့ သိရပါတယ်။
    ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
    ပေါင်းသင်း ဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအား စနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပိုကောင်း စေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင် သူငယ်ချင်းကောင်းတွေကို ရွေးချယ် ပေါင်းသင့် ပါတယ်။
    လုပ်သင့်တာက
    သင်ရဲ့ ပေါင်းသင်း ဆက်ဆံရေး စက်ဝန်းကို ချဲ့ထွင်ပါ။ သူငယ်ချင်းတွေကို ဖုန်းခေါ်တာ၊ အီးမေး ပို့တာတွေ လုပ်ပါ။
    ၃) သွားပုံမှန် တိုက်ပါ
    တစ်နေ့မှာ နှစ်ကြိမ်ထက် နည်းပြီး သွားတိုက်တဲ့ သူတွေက တစ်နေ့မှာ သုံးကြိမ် သွားတိုက်သူတွေ ထက် နှလုံးရောဂါနဲ့ ဆေးရုံ တက်ရနိုင်ခြေ ဒါမှမဟုတ် သေဆုံးနိုင်ခြေ ၇ဝ ရာခိုင်နှုန်း ပိုများတယ်လို့ လန်ဒန် ကောလိပ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
    ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
    ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေက သွေးကြောထဲကို ဝင်သွားနိုင်ပြီး သွေးကြောတွေ ထဲမှာ သွေးခဲ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။
    လုပ်သင့်တာက
    ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေ ကင်းစေဖို့ သွားကို နံနက်စာ စားပြီး တစ်ကြိမ်နဲ့ ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ် မှန်မှန် တိုက်ပေးပါ။ သွားကြား ပွတ်ကြိုး ထိုးပေးပါ။
    ၄) သန့်ရှင်း လတ်ဆတ်သော လေကို ရှူသွင်းပါ
    လေကောင်းလေသန့် ရတဲ့ နေရာတွေမှာ နေတဲ့ သူတွေက တခြားသူတွေထက် အသက် တစ်နှစ် ပိုရှည်ရှည် နေရလေ့ ရှိတယ်လို့ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။
    ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
    ညစ်ပတ်တဲ့ လေတွေက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဖုန်မှုန့်မွှား သေးသေးလေးတွေကို သယ်ဆောင် လာပါတယ်။ ဒါကြောင့် ညစ်ပတ်တဲ့ လေကို ရှူရှိုက်ရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်ရတာပါ။
    လုပ်သင့်တာက
    ယာဉ်ကြော ပိတ်ဆို့တဲ့ နေရာမှာ မနေပါနဲ့။ လေ့ကျင့်ခန်း လုပ်တဲ့ အခါ လေထု ညစ်ညမ်းမှု များတဲ့ နေရာတွေမှာ မလုပ်သင့်ပါ။ လေကောင်း လေသန့် ရတဲ့ နေရာတွေမှာ အသက်ပြင်းပြင်း ရှူတာက အဆုတ် ကျန်းမာရေး ကောင်းစေ ပါတယ်။
    ၅) သင့် အသက်ကို လက်ခံပါ
    ကိုယ်ရဲ့ လက်ရှိ အသက်ကို လက်ခံပြီး ဆင်ခြင် နေထိုင်တဲ့ သူတွေက လက်ရှိ အသက်ကို လက်မခံသူတွေထက် ပျမ်းမျှအားဖြင့် အသက် နှစ်နှစ် ပိုရှည်ကြောင်း ဘာလင်စိတ် ပညာရှင်တွေရဲ့ လေ့လာမှု အရ သိရပါတယ်။
    ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
    ကိုယ့် အသက်အရွယ်ကို လက်ခံတဲ့ သူတွေက ကိုယ့် အသက်အရွယ်နဲ့ သင့်တော်တဲ့ အနေအထိုင်၊ အပြုအမူနဲ့ အစားအသောက်တွေကို လိုက်နာ နေထိုင် ကြတာကြောင့် ကျန်းမာရေး ကောင်းကြတာ ဖြစ်တယ်လို့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။
    လုပ်သင့်တာက
    အသက်ကြီးလာတဲ့ အခါ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေနဲ့ နှိုင်းယှဉ် မနေပါနဲ့။ ပိုပြီး စိတ်ဓာတ် ကျရ ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ငယ်တယ်လို့ အတင်း သတ်မှတ်ပြီး ငယ်တဲ့ အရွယ်တွေ လုပ်တဲ့ အလုပ်တွေကို လိုက်လုပ်ဖို့ မသင့်ပါဘူး။
    မျက်နှာမှဒဏ်ရာများ​အား​ ​မျှော့​များ​အသုံး​ပြုကုသ
    alt
    အသည်းယားဖွယ်ရာ မျှော့များဖြင့် ကုသနေပုံ © dailymail
    ဆွီဒင်နိုင်ငံမှ သိပ္ပံပညာရှင်များ​သည် အမျိုး​သမီး​ တစ်ဦး​၏ မျက်နှာတွင် ရရှိထား​သော ဒဏ်ရာဒဏ်ချက်များ​ကို ပြန်လည် တွယ်ဆက်ရန်အတွက် ​မျှော့​များ​ကို အသုံး​ပြုခဲ့​ကြောင်း​ သိရသည်။
    သူမသည် ​ခွေး​တစ်​ကောင်၏ ​ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအတွင်း​ မျက်နှာတွင် ပြင်း​ပြင်း​ထန်ထန် ဒဏ်ရာရခဲ့​သည်။ သူမကိုယ်တိုင် ​မွေး​ထား​သော ​ခွေး​က မျက်နှာကို ကိုက်ခဲ့​ပြီး​နောက် အသား​ အ​တော်များ​များ​ ပဲ့​ထွက်သွား​ခဲ့​သည်။ သူမ၏ မျက်နှာတစ်ခြမ်း​သည် အထက်နှုတ်ခမ်း​မှ မျက်လုံး​အောက်ထိ ဒဏ်ရာရ​နေခဲ့​သည်။
    နိုင်ငံ​တောင်ပိုင်း​ မယ်မိုရှိ စကိန်း​ ​ဆေး​ရုံမှ ဆရာဝန်များ​သည် ​ဆေး​ရုံသို့​ အ​ရေး​ပေါ် ​ရောက်လာသည့်​ လူနာ၏ မျက်နှာအသား​စများ​ကို ပြန်လည် တွဲကပ်နိုင်ရန် ​မျှော့​အရှင် ၃၅၈ ​ကောင်ကို အသုံး​ပြုခဲ့​ရသည်။ ခွဲစိတ်ဆရာဝန် စတိုင်း​နာ ကလက်ဆန်က "အ​ရေး​ကြီး​တဲ့​ ကိစ္စက စုတ်ပြဲ​နေတဲ့​ မျက်နှာက ​သွေး​တွေကို စုပ်ထုတ်ဖို့​ပါ။ ဒါကို ခွဲစိတ်မှု မစခင် တစ်နာရီအတွင်း​ လုပ်နိုင်ဖို့​ လိုပါတယ်"ဟု ​ပြောကြား​ခဲ့​သည်။ ၎င်းတို့​သည် ​မျှော့​များ​ကို ပျက်စီး​နေသည့်​ အ​ရေပြား​အား​ ဖြတ်သန်း​စေရန် အသုံး​ပြုခဲ့​သည်။ "​ဆေး​ရုံမှာ ထား​ထား​တဲ့​ ​မျှော့​တွေ ကုန်သွား​တယ်။ အဲဒီ​တော့​ ဗြိတိန်က​နေ ​လေယာဉ်နဲ့​ အ​ရေး​ပေါ် သွား​သယ်ရတယ်"ဟု ကလက်ဆန်က ရှင်း​ပြခဲ့​သည်။
    ခက်ခဲရှုပ်​ထွေး​သော ခွဲစိတ်မှုသည် ၁၅ နာရီ ကြာခဲ့​ပြီး​နောက် ဆရာဝန်များ​က အမျိုး​သမီး​၏ နှုတ်ခမ်း​၊​ နှာ​ခေါင်း​နှင့်​ ပါး​ပြင် အစိတ်အပိုင်း​များ​ကို ပြန်လည် ပြင်ဆင်​ပေး​နိုင်ခဲ့​သည်။ ခွဲစိတ်မှု ​အောင်မြင်​ကြောင်း​ ဆရာဝန်များ​က အတည်ပြုခဲ့​သော်လည်း​ အမည်မ​ဖော်ပြ​သော ဆွီဒင် အမျိုး​သမီး​သည် ​နောက်ထပ် ဆင့်​ပွား​ ခွဲစိတ်မှုများ​ ခံယူရန် လိုအပ်​နေဆဲဟုလည်း​ ​ပြောကြား​ခဲ့​သည်။ "ရလဒ်က ​ကောင်း​ပါတယ်။ သူ အသက်ရှင်နိုင်ခဲ့​တယ်။ ခုဆိုရင် လူနာက ​ကောင်း​ကောင်း​ အသက်ရှူနိုင်​နေသလို စား​တာ၊​ ​သောက်တာ​တွေလည်း​ လုပ်နိုင်ပါတယ်"ဟု ​ပြောဆိုသွား​သည်။
    ဆယ်ကျော်သက်များ ဖက်ရှင် သဖွယ် ဆေးလိပ်သောက်မှု မြင့်တက်လာ
    ဆယ်ကျော်သက်များ ဖက်ရှင် သဖွယ် ဆေးလိပ်သောက်မှု မြင့်တက်လာ
    အမေရိကန် ပြည်ထောင်စုရော ဂါထိန်း ချုပ်ရေးနဲ့ ကူးစက်မှုကာ ကွယ်ရေး ဌာနကထုတ်ပြန်တဲ့ကြေ ညာချက် အရ ဆယ်ကျော်သက် တွေ ရဲ့ကြားမှာ အထူးသဖြင့်အထက်တန်း ကျောင်းသား တွေကြားမှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိလေ့ လာမှုအရ ဆေးလိပ်အလွန် အကျွံ သောက်သုံးမှုက ကျဆင်းသွားပေ မယ့် အပျော်သဘော ဖက်ရှင်သ ဘော သောက်သုံးမှုက ၁၂ ရာခိုင် နှုန်းအထိ တက်လာတယ်လို့ သိရ ပါတယ်။
    ရောဂါထိန်းချုပ်ရေးနဲ့ ကူးစက် မှုကာကွယ်ရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်အရ ဌာနမှာရှိတဲ့ ဆေး လိပ်နှင့် ကျန်းမာရေးဌာနခွဲရဲ့ တွဲဖက် ဒါရိုက်တာ ဒေါက်တာ တယ်ရီပက် ချက်က "တစ်နိုင်ငံလုံး ဘယ်လိုဖြစ် နေတာလဲ ဆိုတာ စောင့်ကြည့်နေပါ တယ်။ ဆေးလိပ် ကင်းစင်တဲ့ပတ်ဝန်း ကျင်နဲ့ ဆေးလိပ် ကို ဆန့်ကျင် ကန့် ကွက်တဲ့ အသိုင်းအ၀ိုင်းလူနေမှုစရိုက်  တွေဖြစ်လာဖို့ လုပ်ပေးဖို့လည်းလို ပါတယ်" လို့ ပြောပါတယ်။
    သုတေသန စစ်တမ်းအရ အ ထက်တန်းကျောင်းသား ၁၁,၀၀၀ ကျော်က ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု၊ လိင်ကိစ္စ လက်တည့် စမ်းမှု နဲ့ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက် မှုပုံစံတွေ လုပ်နေကြတယ်လို့ သိရ ပါတယ်။
    ဆေးလိပ်နည်းနည်း သောက် တယ်ဆိုတာ တစ်နေ့ကို ဆေးလိပ် တစ်လိပ်ကနေ ငါးလိပ် သောက်တာ ကိုခေါ် တာပါ။ သုတေသန ပညာရှင် တွေကတော့ တစ်နေ့ကို ၁၁ လိပ်အ ထက် သောက်တာကို ဆေးလိပ်အလွန် အကျွံသောက်တယ်လို့ သတ်မှတ်ပြီး အဲဒီလိုဆေးလိပ် အလွန်အကျွံသောက် တာမျိုး ၁၉၉၁ ခုနှစ် မှာ ၁၈ ရာခိုင် နှုန်းလောက်ရှိရာ ကနေ ၂၀၀၉ ခုနှစ် မှာတော့ ၇ ဒသမ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိတော့ တယ်လို့ သုတေ သနပညာရှင်တွေက ဆိုပါတယ်။ အပျော် သဘောလောက် သောက် တာမျိုး ကတော့ ၆၇ ဒသမ ၂ ရာခိုင် နှုန်းကနေ ၇၉ ဒသမ ၄ ရာခိုင်နှုန်း အထိ တက်လာ တာတွေ့ရတယ်လို့ ဆိုပါတယ်။
    အပျော်သဘောနဲ့ သောက်ပေ မယ့်လည်း အန္တရာယ်ရှိတာ ကရှိတာ ပါပဲလို့ ဒေါက်တာကယ်ရီပက်ချက် က ဆိုပါတယ်။
    နည်းနည်း သောက်လည်း ရော ဂါရတာပဲ သေနိုင်တာပဲ။ နှလုံးရော ဂါဖြစ်နိုင်တယ်။ နှလုံးက ကျန်တဲ့ ခန္ဓာ ကိုယ်အစိတ် အပိုင်းတွေဆီကိုရောက် အောင် သွေးကို မပို့ ပေးနိုင်တော့ ဘူး။ အဲဒီလို ရောဂါဖြစ်နိုင်ခြေက လူကောင်း ထက် ဆေးလိပ်နည်းနည်း သောက်တဲ့သူက သုံးဆပိုများပါ တယ်။
    ဆေးလိပ် တစ်ရက်ကို တစ်လိပ် ကနေ လေးလိပ်သောက်ရင် ဟာ့တ် အတက်ရဖို့ နှစ်ဆ များရတယ်။ အ မျိုးသမီးမှာ ဆိုရင် လုံးဝဆေးလိပ်မ သောက်သူထက် တစ်ရက်ကို လေး လိပ်အထိသောက်တဲ့သူက ကင်ဆာ ဖြစ်နိုင်ခြေ လေးဆ ပိုများပြီး အမျိုး သားဆို သုံးဆပိုများပါတယ်။
    စစ်ငြိမ်းအေး
    Ref; Reuters       မြန်မာပို့စ် သတင်းဂျာနယ် မှ ပြန်လည်မျှဝေလိုကပါသည်။ BADBOY
    အသားအရေ လှပ စေမည့် အိပ်စက်မှု ပုံစံ
    ညဘက်မှာ အိပ်ရေးဝဝ အိပ်တာက အသားအရေရဲ့ ကျန်းမာ လှပရေးကို အထောက်အကူ ပြုကြောင်း သိပြီး ဖြစ်မှာပါ။ အိပ်စက်တဲ့ အခါမှာ ဘယ်လို ပုံစံမျိုးနဲ့ အိပ်စက်ရင် အသားအရေကို ပို အကျိုးပြုတယ် ဆိုတာကို သိစေဖို့ လိုက်နာသင့်တဲ့ အချက်တွေကို ရေးသား လိုက်ရ ပါတယ်။
    ၁) ပိုးသားဖြင့် လုပ်ထားသော ခေါင်းအုံးစွပ်ကို သုံးပါ
    ပိုးသားနဲ့ လုပ်ထားတဲ့ ခေါင်းအုံးစွပ်က မျက်နှာ အရေပြားကို ချောမွေ့စေပြီး မျက်နှာမှာ အရေးကြောင်း ထင်တာနဲ့ တွန့်ရာ ထင်တာတွေကို သက်သာစေ ပါတယ်။
    ၂) ခြေအိတ်၊ လက်အိတ် စွပ်ပြီး အိပ်ရာဝင်ပါ
    အမျိုးသမီး အများစုက အိပ်ရာ မဝင်ခင်မှာ သူတို့ရဲ့ လက်တွေနဲ့ ခြေထောက်တွေကို အစိုဓာတ် ထိန်းလေ့ ရှိကြ ပါတယ်။ ဒါပေမဲ့ အိပ်တဲ့အခါ စောင်ခြုံ လိုက်တာထက် ပါးလျတဲ့ ချည်သား ခြေအိတ်၊ လက်အိတ်တွေကို စွပ်ပြီး အိပ်စက် အနားယူတာက အစိုဓာတ်ကို ပိုထိန်းထား နိုင်တယ် ဆိုတာကို မေ့လျော့ နေတတ် ကြပါတယ်။
    ၃) မှောက် မအိပ်ပါနှင့်
    မှောက်အိပ်တာက အရေပြား အတွက် မသင့်တော်ပါဘူး။ ဒူးအောက်မှာ ခေါင်းအုံး တစ်လုံး ထားပြီး ပက်လက် လှန်အိပ်တာက ပိုပြီး သက်သောင့် သက်သာ ဖြစ်စေပါတယ်။
    ၄) အိပ်ရာ ခေါင်းရင်းကို မြှင့်ထားပါ
    ခုတင် ခေါင်းရင်းအောက်မှာ အုတ်ခဲတွေကို ထားတာက သွေးစုတာကို လျော့ကျ စေပြီး မျက်လုံးအောက်မှာ ဖောင်းအစ်တာကို လျော့ကျစေ ပါတယ်။ ဒါ့အပြင် သင့်ခင်ပွန်းရဲ့ အသက်ရှူ လမ်းကြောင်းကို ပွင့်စေတာကြောင့် ခင်ပွန်း ဟောက်တာကို သက်သာစေ ပါတယ်။
    လျှပ်စစ်ဓာတ်အား တာဝါတိုင် နားနေတဲ့ ကိုယ်ဝန်ဆောင်တွေ သတိထားဖို့
    လျှပ်စစ် ဓာတ်အား လိုင်း တာဝါ တိုင်တွေ အနီး အနား မှာ  နေတဲ့ ကိုယ် ဝန်ဆောင် အမျိုး သမီး  တွေ၊ ဆံပင်       အခြောက်ခံစက်၊ ဖုန်စုပ်စက်နဲ့ မိုက်ခရိုဝေ့(ဖ်)မီးဖို အသုံးပြုသော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့       မွေးလာမယ့် ကလေးငယ်တွေကို       ပန်းနာ ရင်ကျပ်ရောဂါဖြစ်ပွားအောင်   ပြုလုပ်နေသကဲ့သို့ ဖြစ်နေတယ်လို့       သိပ္ပံပညာရှင် တွေက အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ပညာရှင်တွေက       မမွေးသေးတဲ့ ကလေးတွေကို အိမ်သုံး  ပစ္စည်းတွေက လာတဲ့၊ အ္တရာယ်ဖြစ်  စေတဲ့ သံလိုက်စွမ်းအင်တွေ၊ လျှပ်စစ်လှိုင်းတွေနဲ့ ထိတွေ့ခြင်းဟာ ရောဂါ       ပိုမိုဖြစ်စေနိုင်တဲ့ အခြေအနေတွေ ပဲလို့       သတိပေးလိုက်ပါတယ်။
    ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း       ကလေးငယ်တွေရဲ့ ပန်းနာ ရင်ကျပ်ဖြစ်ပွားမှုနှုန်း ဟာ သိသိသာသာ တိုးတက် လာတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ကြပါတယ်။ သိပ္ပံပညာရှင်တွေက လျှပ်စစ် သံလိုက်စက်ကွင်း တွေရှိတဲ့ နေရာတွေ မှာနေတဲ့ မိခင်လောင်း ၈၀ဝ ခန့်ကို လေ့လာခဲ့ကြပြီး သူတို့မွေးလာတဲ့ ကလေးငယ်တွေ    နောက် ၁၃ နှစ်အတွင်း ပန်းနာ       ရင်ကျပ်ရောဂါဖြစ်ပွားသူဘယ်လောက်
           တိုးလာသလဲလို့ ရှာဖွေခဲ့ပါတယ်။ ဒီ ရှာဖွေချက်အရ မိခင်လောင်းတွေက       လျှပ်စစ်သံလိုက် ထိတွေ့မှု့  များတဲ့       နေရာမှာ နေထိုင်ခဲ့တယ်ဆိုလျှင် မွေးလာတဲ့ သားသမီးတွေဟာ ပန်းနာရင်ကျပ်  ရောဂါဖြစ်ပွားနိုင်ခြေ သုံးဆများတယ်လို့ ကလေးငယ်နှင့် ဆယ်ကျော်သက် ဆိုင်ရာ ဆေးပညာဂျာနယ်မှာ       ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
    ဒီဖော်ပြချက်က သိပ္ပံပညာရှင် တွေရဲ့ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနှုန်းနဲ့ လျှပ်စစ် သံလိုက်လှိုင်းပါတဲ့       ပစ္စည်းတွေ သုံးခြင်း၊ လျှပ်စစ် ဓာတ်အားတာဝါတိုင်တွေရဲ့ အနီးအနားမှာ နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ  ရဲ့ ဆက်သွယ်ချက်ကို ပထမဆုံး  အကြိမ် ဖော်ပြခြင်းပဲဖြစ်ပါတယ်။
    သုတေသနပြုသူတွေက သံလိုက်စွမ်းအင်ဟာ သားပျက်သားလျှောဖြစ်  စေခြင်းနဲ့ တချို့ကင်ဆာရောဂါများ       ဖြစ်ပွားနိုင်ခြင်း  အန္တရာယ် အခွင့်အလမ်းကို တိုးစေတယ်လို့ ဖော်ပြထားပါ       တယ်။
    တချို့ ကျွမ်းကျင်သူတွေက ဒီ  အသစ်တွေ့ရှိချက်ကို ဖယ်ထားပြီး       ပန်းနာ ရင်ကျပ်ဖြစ်စေတဲ့ အခြား  အကြောင်းအရာ တွေကိုပဲ ထောက်ပြ နေကြပါတယ်။ သို့သော်လည်း သုတေသနပညာရှင်တွေ ကတော့ ဒီလိုဖြစ်ပွားနိုင်တဲ့ အခြေအနေ အခွင့်အလမ်းကို       လျစ်လျူရှုမထားဖို့ အပြင်းအထန်       တောင်းဆိုကြပါတယ်။ သူတို့က       ကိုယ်ဝန်ဆောင်တွေကို ဆံပင်အခြောက် ခံစက်၊ ဖုန်စုပ်စက်၊ ပန်ကာနဲ့ ကော်ဖီ  ဖျော်စက်တွေ အသုံးပြုမှု လျှော့ချကြဖို့  လည်း တိုက်တွန်းထားပါတယ်။
    HPPO
    ဇနီးသည် အိပ်မပျော်လျှင် ပေါင်းသင်း ဆက်ဆံရေး ထိခိုက်နိုင်
    ဇနီးသည်တွေ ကောင်းကောင်း အိပ်မပျော်ရင် နောက်တစ်နေ့ အိမ်ထောင်ရေးမှာ ဖိအား သက်ရောက်မှု ဖြစ်စေနိုင်တယ် လို့ လေ့လာမှု အသစ် တစ်ရပ်က ဆိုပါတယ်။ ငယ်ရွယ် ကျန်းမာတဲ့ စုံတွဲ ၃၅ ဦးရဲ့ အိပ်စက်မှု ပုံစံကို ၁ဝ ညတာ လေ့လာမှု အရ ဇနီးသည်တွေ အိပ်မပျော်တာက နောက်တစ်နေ့မှာ စုံတွဲတွေရဲ့ ဆက်ဆံရေး ဆိုင်ရာ အခက်အခဲ သိသိသာသာ ရှိတာ တွေ့ရကြောင်း သိရပါတယ်။
    အိပ်မပျော်တဲ့ ဇနီးသည်တွေ ရှိရင် အိမ်ထောင်ဖက် နှစ်ဦး စလုံး အတွက် အကောင်းထက် အဆိုးကို ပိုမို ဖြစ်စေနိုင်တယ် လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ ခင်ပွန်းသည်တွေ အိပ်ရေး မဝတာကြောင့် စုံတွဲတွေရဲ့ ဆက်ဆံရေး အပေါ်မှာ သက်ရောက်မှုက နည်းပါးကြောင်း သိရပါတယ်။
    လေထုထဲမှာ ဖုန်မှုန့်တွေ ပျံ့လွင့်ပေါများနေတဲ့ နွေရာသီမှာ သန့်စင်အောင် ဆေးမထားတဲ့ လက်တွေနဲ့ ဖန်တီးထားတဲ့ အစားအသောက်တွေ ကနေ တစ်ဆင့် ကြောက်စရာ ကူးစက်ပျံ့ပွားတတ်တဲ့ ၀မ်းရောဂါဟာ အိပ်မက်ဆိုး တစ်ခုပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်စီအတွင်း ၀မ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၃ သန်းကနေ ၅ သန်းလောက်အထိကို ရှိနေကြပြီး အဲဒီအထဲကမှ လူ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းလောက် ၀မ်းရောဂါနဲ့ သေဆုံးကုန်ကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ဆိုပါတယ်။
        ပုံမှန် ၀မ်းလျှော ၀မ်းပျက်ခြင်းကို WHO ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ လူတစ်ဦးတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း  သုံးကြိမ်နဲ့ အထက် သွားခြင်းကို ၀မ်းလျောဝမ်းပျက်ခြင်းလို့ သတ်မှတ်ပါတယ်။ တစ်ချိန်က ကပ်ရောဂါ အသွင် ဆောင်ခဲ့လို့ ကာလ၀မ်းရောဂါ လို့ ခေါ်ခဲ့ဖူးကြတဲ့ ၀မ်းရောဂါကျတော့ ၀မ်းသွားရင်း သွားရင်းနဲ့ လုံးဝ အရည်တွေပဲ သွားတော့ပြီး လူက သိသိသာသာ အားကုန် ပျော့ခွေသွားခြင်းဟာ တခြား ၀မ်းပျက်ရောဂါတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ အချက် ဖြစ်ပါတယ်။
        ၁၉ ရာစုတုန်းက အိန္ဒိယနိုင်ငံ Ganges မြစ်ဝကျွန်းပေါ် ဒေသကနေ စတင်ကာ ကမ္ဘာနဲ့ချီပြီး ကပ်ရောဂါအသွင် ဆောင်တဲ့ ၀မ်းရောဂါ ကူးစက်ပျံ့နှံ့ခဲ့ဖူးပါတယ်။ ကမ္ဘာ့ တိုက်ကြီးများ အားလုံးမှာ တပြိုင်နက်နီးပါး ၀မ်းရောဂါကပ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ကြတဲ့ သမိုင်းမှတ်တမ်းတွေ ရှိပါတယ်။
        ခုနစ်ကြိမ်မြောက် ၀မ်းရောဂါကပ်ဟာ ၁၉၆၁ ခုနှစ်က အာရှတိုက်တောင်ပိုင်းမှာ စတင် ဖြစ်ပွား ခဲ့ပြီး တစစနဲ့ အကင်းမသေဘဲ ကြီးထွားပျံ့ပွားလာကာ ၁၉၇၁ ခုနှစ်မှာ အာဖရိကတိုက်၊ ၁၉၉၁ ခုနှစ်မှာ အမေရိကတိုက်များ သို့ပါ ရောက်ရှိကူးစက်သွားခဲ့ဖူးလို့ အထူးသတိထားစရာ ရောဂါဆိုးတစ်မျိုးပါပဲ။ ယနေ့ကမ္ဘာပေါ်မှာ ၀မ်းရောဂါဖြစ်ပွားနှုန်း လျော့နည်းသွားပြီလို့ အကြမ်းဖျဉ်း ဆိုနိုင်ပေမယ့် လူနေမှုစနစ် နိမ့်ကျတဲ့ နေရာဒေသများမှာ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အနေအထား ရှိနေဆဲပါပဲ။
    ဘာကြောင့် ၀မ်းရောဂါ ဖြစ်ရတာလဲ
    ဒါပေမဲ့ အများသုံး ရေထွက်ပင်ရင်းထဲ မစင်စွန့်တဲ့ အလေ့အထ ရှိတဲ့(ဥပမာ မြစ်ချောင်းအင်းအိုင် များထဲ အိမ်သာလှည့်ဆောက်ထားတဲ့) အရပ်ဒေသများမှာ ကျတော့ ဒီအချက်ကြောင့် လူပေါင်းများစွာ ပိုမိုလျင်မြန်စွာ ကူးစက်ခံရတတ်တာ တွေ့ရပါတယ်။   
    ရောဂါလက္ခဏာတွေက ဘာတွေလဲ
        အပေါ်မှာပြောခဲ့သလို လူတစ်ဦးတစ်ယောက်ဟာ တစ်နေ့တည်းမှာ ၀မ်းပျော့ပျော့ (သို့) အရည်ဝမ်း  သုံးကြိမ်နဲ့ အထက် သွားမယ်၊ အရည်ဝမ်း သွားတဲ့ အကြိမ်အရေအတွက် အရမ်းစိပ်လာမယ်ဆိုရင် ၀မ်းရောဂါ ဖြစ်နေပြီလို့ သေချာပေါက် ပြောနိုင်ပါပြီ။ ၀မ်းသွားတော့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အတွက် ကြွက်သားတွေ အားနည်းခြင်း (အထူးသဖြင့် လမ်းလျှောက်ရာတွင် နုံးခွေသွားခြင်းက သိသာသည်)၊ မျက်လုံးအမြင် အာရုံများေ၀၀ါးခြင်း၊ ခေါင်းမူးခြင်း၊ ရံဖန်ရံခါ အော့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။
    အရည်တွေ အများကြီး အချိန်တိုအတွင်းမှာ ဆုံးရှုံးသွားတဲ့ အတွက် သွေးပေါင် အရမ်းကျသွားပြီး ခေါင်းမူးတာ၊ အမြင်တွေ ၀ါးကုန်တာ၊ အရမ်းဆိုးရင် မူးလဲ သတိလစ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေမှာ အရည်ဓာတ် ဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေ ပိုမို မြန်ဆန်ပြင်းထန်တာ တွေ့ရပါတယ်။  အရည်နဲ့ ဓာတ်ဆားတွေ ဆုံးရှုံးသွားတဲ့ အနေအထားဟာ သတိလစ် မေ့မျောခြင်း၊ တက်ခြင်း၊ တစ်ခဏချင်း သိသိသာသာ ပိန်ကျသွားခြင်း၊ မျက်တွင်းကျခြင်း၊ ငယ်ထိပ် မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ် ချိုင့်ကျသွားခြင်း၊ မှိန်းသွားခြင်း၊ ဗိုက်ကြွက်သားကို လက်ညှိုးလက်မနှင့် ညှပ်၍ ဒေါင်လိုက်ဆွဲကြည့်ပါက တင်းတင်းရင်းရင်း မရှိတော့ဘဲ ပါးရေတွန့်သကဲ့သို့ ရှုံ့တွဲနေခြင်း စတာတွေနဲ့ တွဲဖက် ဖြစ်ပေါ်လာရင် လူနာဟာ ပြင်းထန်လွန်းသော ကိုယ်တွင်း အရည်ဓာတ် ဆုံးရှုံးမှု (Severe Dehydration) သို့ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ အထူးစိုးရိမ်ရတဲ့ အနေအထားမှာ ရှိလို့ နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး မဖြစ်မနေ သွားရောက်သင့်ပါပြီ။
    အိမ်မှာ နေတဲ့ အချိန်နဲ့ သွားမယ့် လမ်းမှာ လူနာကို ဓာတ်ဆားရည် ၀င်သမျှ တိုက်ကျွေးပေးဖို့ လုံးဝမမေ့ပါနဲ့။  ၀မ်းရောဂါ ဖြစ်ပွားသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သေချာပေါက် Severe Dehydration ကြုံရတတ်လေ့ရှိပြီး အာဟာရ ချို့တဲ့သူ၊ အခြား ကိုယ်ခံအားကျစေသော ရောဂါကြီး တစ်ခုခု (ဥပမာ HIV, TB စသဖြင့်) ရှိသူတွေနဲ့ အသက် ကြီးလွန်း ငယ်လွန်းသူတွေဟာ ဖြစ်ဖို့ ပိုနီးစပ်တာ တွေ့ရှိရပါတယ်။
    ဘယ်လို ကုသမလဲ  
        အဲဒီ နေရာတွေနဲ့ အရမ်းဝေးတယ် ဆိုရင်လည်း နေအိမ်မှာ၊ သွားနေတုန်း လမ်းမှာ မဖြစ်မနေ အရည်များများ တစ်ချိန်လုံး တိုက်သွားဖို့ လိုအပ်ပါတယ်။ ကဖိန်းဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ ဂက်စ်ပါဝင်တဲ့ အအေးတွေကလွဲလို့ အာဟာရ ပြည့်ဝစေတဲ့ အရည်ဆိုရင် ဘာအရည်မဆို သင့်တော်ပါတယ်။  ဆေးရုံနဲ့ ဒေသန္တရ ကျန်းမာရေး ဌာနတွေမှာ UNICEF နဲ့ အခြား အဖွဲ့အစည်းတွေက ဖြန့်ဝေထားတဲ့ ဓာတ်ဆားထုပ်တွေ ရရှိနိုင်ပြီး လိုအပ်တဲ့ ကုသလမ်းညွှန်မှုကိုပါ ရရှိနိုင်မှာပါ။
    ပြင်ပဆေးခန်းတစ်ခုခုမှာ လူတွေ အစုလိုက်အပြုံလိုက် ၀မ်းရောဂါနဲ့ လာပြကြတယ် ဆိုရင်လည်း ဆေးခန်းရဲ့ ဆရာဝန်က အကြောင်းကြားဖို့ တာဝန်ရှိပါတယ်။  ပြည်သူတွေ အားလုံးကို သိစေချင်တာက ၀မ်းရောဂါဟာ ကိုယ့်ဟာကိုယ် အိမ်ထဲမှာ ကြိတ်ကုလို့ မလွယ်တဲ့ ရောဂါမျိုးပါ။ ဒါ့အပြင် မိမိတစ်အိမ်တည်း မဟုတ်ဘဲ ပတ်ဝန်းကျင် အိမ်တချို့မှာပါ ဖြစ်လာပြီဆိုရင် တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ သက်ဆိုင်ရာ မြို့နယ်/ကျေးရွာ ကျန်းမာရေးဌာနကို မဖြစ်မနေ အသိပေး အကြောင်းကြား ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်မီ စနစ်တကျ မတားဆီးရင် ၀မ်းရောဂါဟာ အချိန်တိုအတွင်း ကပ်ရောဂါ အသွင် ဆောင်သွားနိုင်တဲ့၊ အစိုးရရဲ့ ကျန်းမာရေးဌာန အဆင့်ဆင့်ကနေ လိုအပ်ရင် နိုင်ငံအချင်းချင်းပါ အကြောင်းကြားသင့်ရင် ကြားရမယ့် ရောဂါများထဲက တစ်ခု (One of The Notifiable Diseases) ဖြစ်နေလို့ပါပဲ။  
    တကယ် ဖြစ်လာတဲ့ အချိန်မှာ ရောဂါ ဖြစ်နေတဲ့ သူတွေကို အချိန်မီ ကုသအသက်ကယ်တဲ့ အလုပ်နဲ့ ရောဂါမပြန့်ရေး အတွက် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်းများနဲ့ အကူအညီ ပေးဖို့ ရောက်လာတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများက လုပ်ကြပါလိမ့်မယ်။ ဒီနေရာမှာ လိုအပ်တာ တစ်ခုက လူတွေအားလုံး သောက်သုံးနေတဲ့ ရေထွက်ပင်ရင်းမှာ ၀မ်းရောဂါပိုး ရှိမရှိ စစ်ဆေးပြီး ရှိနေရင် ပိုးသန့်စင်ဖို့၊ ရေသန့်တွေ လုံလောက်စွာ ဖြန့်ဝေဖို့၊ ရောဂါဆက်မပျံ့ဖို့ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပညာရေး လုပ်ငန်းများကို မြန်ဆန်ထိရောက်စွာ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။  
        လူတွေ အစုလိုက်အပြုံလိုက် ဖြစ်တဲ့ ၀မ်းရောဂါဟာ မြို့ပြဒေသရဲ့ ကျူးကျော်ရပ်ကွက်များ၊ ဆင်ခြေဖုံးလူနေမှုနိမ့်ရာ အပိုင်းများမှာ အများဆုံး ဖြစ်လေ့ရှိပြီး မသန့်ရှင်းတဲ့ နေရာတွေမှာ နေတဲ့ လူဦးရေ မြင့်တက်လာတဲ့ နှုန်းအတိုင်း နှစ်စဉ်ဝမ်းရောဂါ ဖြစ်နှုန်းတွေပါ အပြိုင် မြင့်တက်လာတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စာရင်းဇယားဂရပ်ဖ်တွေ အရ သိရပါတယ်။  
    ယနေ့ကမ္ဘာကြီးမှာ နည်းပညာကြောင့် လူနေမှုစနစ်တွေ၊ စီးပွားရေးတွေ မြင့်တက်လာတယ် ဆိုပေမယ့် နိမ့်ကျတဲ့ လူနေမှုအနေအထားမှာ အဓိက ဖြစ်တတ်တဲ့ ၀မ်းရောဂါ ဖြစ်ပွားမှုတွေကတော့ လျော့ကျမသွားဘဲ ကမ္ဘာ့လူဦးရေနဲ့ အပြိုင် တိုးတက်လာလျက် ရှိနေတယ်လို့ WHO က ထုတ်ဖော်ပြောဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ အတွင်း ကထက်စာရင် ၀မ်းရောဂါ ဖြစ်ပွားမှုဟာ ၂၀၀၄-၂၀၀၈ ကာလအတွင်းမှာ ၂၄% တောင် တိုးတက်လာပါသတဲ့။ ၂၀၀၈ ခုနှစ် တစ်နှစ်တည်းမှာကိုပဲ ၅၆ နိုင်ငံမှာ ၀မ်းရောဂါပျံ့နှံ့ဖြစ်ပွားခဲ့ကြပြီး စာရင်းရှိတင်ပဲ လူပေါင်း ၅၁၄၃ သေဆုံးစေခဲ့ပါတယ်။
    ဒါဟာ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခြင်း (Sanctions) ခံရသောနိုင်ငံများ၊ စာရင်းကောက်ယူရန် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေသော ဒေသများက စာရင်းတွေ မပါသေးပါဘူး။ တကယ်တမ်းကျတော့ ကမ္ဘာကြီးပေါ်မှာ တစ်နှစ်ကို ၀မ်းရောဂါကြောင့် သေဆုံးသူဦးရေ နှစ်စဉ် ပျမ်းမျှ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်း ရှိပါတယ်လို့ WHO ရဲ့ စာရင်းဇယားများ အရ သိရပါတယ်။ ဒါကြောင့် ဒီလိုနေရာဒေသတွေရဲ့ သန့်ရှင်းတဲ့ ရေရရှိမှု၊ လူနေမှု အဆင့်အတန်းနဲ့ ကျန်းမာရေး အသိ မြင့်တက်လာဖို့ မဖြစ်မနေ လိုအပ်လျက်ရှိပါတယ်။ ဒါ့အပြင် မုန်တိုင်း၊ငလျင် စတဲ့ သဘာဝဘေးအန္တရာယ် တွေရဲ့ နောက်ကနေ အဖော်အပေါင်းအဖြစ် ပါလာတတ်လို့ ဒီအချိန်မျိုး တွေမှာလည်း အထူးသတိထား ကာကွယ် ဆောင်ရွက်ပေးရပါမယ်။
    ဘယ်လို ကာကွယ်ရမလဲ
    လူတစ်ဦးတစ်ယောက်ချင်းစီ အတွက်ကနေ ပတ်ဝန်းကျင် တစ်ခုလုံးစာအတွက် ကာကွယ်နည်းတွေ သန့်ရှင်းတဲ့ သောက်သုံးရေကို ပုံမှန်ရရှိနိုင်အောင် ဆောင်ရွက်ရပါမယ်။ လိုအပ်ရင် ရေကို ကျိုချက် အအေးခံပြီး သောက်ရပါမယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးသဖြင့် အစားအသောက်တွေ ပြင်ဆင်ချိန် စားသောက်ချိန်မှာ လက်သန့်ရှင်းရေး အထူး အလေးထားရပါမယ်။ ယင်နားစာနဲ့ ဖုန်မှုန့်တွေ ၀င်နိုင်တဲ့ အစာတွေ မစားပါနဲ့။ အိမ်ထဲက အစားအစာတွေကိုလည်း ယင်မနားအောင် ကာကွယ်နိုင်ရပါမယ်။ ယင်လုံအိမ်သာ သုံးပါ။
    အိမ်သာတက်ပြီးတိုင်း၊ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ ဆေးတဲ့ အကျင့်ကို မွေးမြူပါ။ အစစအရာရာ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ဒီလိုလုပ်လို့ ငွေဘယ်လောက်မှ ပိုကုန်တာလဲ မဟုတ်၊ အလုပ်ပိုရှုပ်တာလဲ မဟုတ်ပါဘူး။ မိသားစုကျန်းမာရေးအတွက် လူကြီးမိဘများက စလို့ ကလေးတွေကို အခြေခံ ကျန်းမာရေး အသိတွေ သင်ကြားပေးပါ။ ကိုယ်တိုင် လိုက်နာပြပါ။ ရပ်ရွာအလိုက် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြပါ။
    လူနေမှု စနစ်နဲ့ ကျန်းမာရေး အသိနိမ့်လို့ ရောဂါတွေ ဖြစ်လာနိုင်သလို ဒီလို ရောဂါတွေ ဖြစ်လာလို့ တိုင်းပြည်ထူထောင်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်တွေ လျော့ကျသလို ရေရှည်မှာ တိုင်းပြည်ဘဏ္ဍာ ပိုမို ထိခိုက်ကုန်လို့ တစ်ဖန် ပြန်ပြီး တိုင်းပြည်နိမ့်ကျ ထိခိုက်မှု သံသရာလည်နေတာကို ရောဂါများကြောင့် နှစ်ဆတိုးစေသော ၀န်ထုပ်ဝန်ပိုး (Double Burden of Diseases) လို့ခေါ်ပါတယ်။ ယနေ့ခေတ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်ကို ကူးပြောင်းနေကြပြီ ဖြစ်တဲ့ နိုင်ငံများဟာ အမျိုးသား ကျန်းမာရေး ပညာရေး၊ စီးပွားရေးနဲ့ တန်းတူ အထူးအလေးထား မြှင့်တင်ကာ ၀န်ထုပ်ဝန်ပိုးနှစ်ဆ မဖြစ်အောင် ပါးနပ်စွာ ရှောင်ရှားသွားနိုင်တာ အတုယူစရာပါပဲ။  
    ရှိပါတယ်။ တကယ်ဝမ်းရောဂါ အသည်းအသန် ဖြစ်နေတဲ့ ဒေသတွေမှာ ကပ်ရောဂါအဖြစ် ပျံ့ပွားမသွားရေး တားဆီးရန် WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး နှစ်မျိုးကို တိုက်ကျွေးနိုင်ပေမယ့် ပုံမှန်မှာ လူတိုင်းစေ့ တိုက်ကျွေးနိုင်ဖို့ မလွယ်ပါဘူး။ Dukoral နဲ့ Shanchol ဆိုတဲ့ ကာကွယ်ဆေးနှစ်မျိုးဟာ နှစ်ကြိမ် တိုက်ကျွေးလိုက်ရင် ၀မ်းရောဂါကနေ ၈၅-၉၀% လောက် အကာအကွယ် ပေးနိုင်ပေမယ့် ဒီကာကွယ် ဆေးတွေကို ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆိုတဲ့ လူနေမှု စနစ် မြှင့်တင်ရေးတွေလောက် မထိရောက်၊ စိတ်မချရတာ တွေ့ရပါတယ်။ ဒါကြောင့် mmDailyNews ပရိသတ်များနဲ့ မြန်မာပြည်သူများ အနေဖြင့် အစာ၊ရေ၊ ပတ်ဝန်းကျင်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးများဖြင့် နွေရာသီဝမ်းရောဂါ ဖြစ်ပွားတတ်မှုကို ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
    ကျင်းထုံနှင့် Baby Care ခြင်ဆေးခွေများကိုပိတ်သိမ်း
      http://i.walmartimages.com/i/p/00/07/65/01/90/0007650190531_150X150.jpg
      ထွန်းညှိထားလျှင် ခြင်များ ပြုတ်ကျသေဆုံးသည်ကို တွေ့ရသဖြင့် ဈေးကွက်အတွင်း လူကြိုက်များနေသော တရုတ်နိုင်ငံလုပ် ကျင်းထုံခြင်ဆေးခွေနှင့် Baby Care ခြင်ဆေးခွေများတွင် အဆိပ်အာနိသင်ရှိသော ဓာတုပစ္စည်းများ ခွင့်ပြုထားသည်ထက် ပိုမိုပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တားမြစ် ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
      အဆိပ်ဓာတ် ပါဝင်မှု များသောကြောင့် ခြင်များကို ကျသေစေပြီး လူကြိုက်များနေသောကြောင့် ဈေးကွက်မှ လိုက်လံသိမ်းဆည်းနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါခြင်ဆေးခွေသည် အခြားခြင်ဆေးခွေများထက် ပန်းနာရင်ကြပ်နှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများအပေါ် ပိုဆိုးစေသော သက်ရောက်မှု ရှိစေနိုင်ပြီး ကလေးသူငယ်များအနီး ထွန်းရန် လုံးဝမသင့်တော်ကြောင်း ၄င်းက ဆက်လက် ပြောကြားသွားသည်။
      *******************************************
      လေချဉ်တက်ခြင်း ကင်းဝေးစေရန်
      တချို့လူတွေဟာ လူကြားထဲမှာ "အေ့…အေ့"ဆိုပြီး လေချဉ်တက်လေ့ရှိပါတယ်။ လေချဉ်တက်လိုက်မှ လေပွလေထခြင်းနဲ့ ဗိုက်အောင့်ခြင်း သက်သာသွား တတ်တာကြောင့် နေသာထိုင်သာ ရှိအောင် ပြုလုပ်ကြတာပါ။
      လေချဉ်တက်ရတာဟာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် သူတို့ဟာ သူများထက် လေအများကြီးရှိတယ်လို့ တချို့က ယုံကြည်နေကြပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ လေတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ လေပွခြင်းနဲ့ ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။
      ဒါဟာ နေ့စဉ်စားသောက်နေထိုင်တဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ဆက်စပ်နေတဲ့အတွက် လေချဉ်တက်ခြင်း ကင်းဝေးစေဖို့ သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက် ပါတယ်။
      ၁။ လေထစေသော အစားအသောက်ကို လျှော့စားပါ
      လေထစေတဲ့အစားအသောက်တွေက ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ရေကညွတ်တို့လို ဟင်းသီးဟင်းရွက်တွေ၊ သစ်တော်သီး၊ ပန်းသီးတို့လို အသီးအနှံတွေ၊ ဖွဲနုနဲ့ ဂျုံတို့လို ကောက်နှံတွေ၊ အချိုရည်တွေ၊ ဒိန်ချဉ်နဲ့ ရေခဲမုန့်တို့လို နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပေါင်မုန့်၊ ကွေကာစတဲ့ လက်တို့စ်သကြားပါတဲ့ အဆင်သင့်မုန့်တွေနဲ့ သကြားမပါတဲ့ ချိုချဉ်တွေပဲ ဖြစ်ပါတယ်။
      ဒီအစားအသောက်အများစုမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်နေတဲ့အတွက် "တန်ဆေး၊လွန်ဘေး" ဆိုသလို အသင့်အတင့်သာ စားဖို့ အကြံပြုချင်ပါတယ်။
      ၂။ ရိုးရိုးရေ၊ စွပ်ပြုတ်နှင့် အမြှုပ်မထသော အရည်သာသောက်ပါ
      ဆော်ဒါ၊ ဘီယာတို့လို လေထစေတဲ့ အရည်တွေကို တတ်နိုင်သမျှ ရှောင်ပါ။
      ၃။ မျိုချသော လေပမာဏကို လျှော့ချပါ
      ကျွန်မတို့ဟာ နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို မသိမသာမျိုချမိနေတတ်ကြပါတယ်။ လေမျိုချနိုင်မှုကနေ ကာကွယ်နိုင်အောင် -
      အစာကို ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပါ။ ဒါဟာ အစာစားရင်း လေမျိုချနိုင်တဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။
      မာတဲ့သကြားလုံးတွေကိုမစားပါနဲ့။ ဆေးလိပ်မသောက်သင့်ပါ။
      သင်ဟာ သွားတုတပ်ထားရင် သွားတုတွေမြဲနေအောင် သွားဆရာဝန်နဲ့ တွေ့ဆုံပါ။
      ၄။ အစားအသောက် ဒိုင်ယာရီထားရှိပါ
      သင်နေ့စဉ်စားတဲ့ အစားအသောက်ကို ရေးမှတ်ထားရင် သင့်ကို အများဆုံးလေထစေတဲ့ အစားအသောက်ကို သိလာရမှာပါ။ အဲဒီအစားအသောက်ကို ရှောင်ကြဉ်လိုက်တာနဲ့ လူကြားထဲမှာ လေချဉ်တက်ရတဲ့ အန္တရာယ် ကင်းဝေးသွားပါလိမ့်မယ်။
      အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပြီးတာတောင် လေထပြီး လေချဉ်တက်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ခံစားနေရတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
      Tip!
      လူတိုင်းရဲ့ အစာခြေစနစ်မှာ လေ (Gas) ရှိပါတယ်။
      နေ့စဉ်နေထိုင်စားသောက်မှုကနေ လေကို အမှတ်မဲ့ မျိုချမိနေနိုင်သလို လေကို မသိမသာ ထုတ်ပစ်တတ်တာမျိုးလည်း ရှိပါတယ်။
      လေပမာဏ လျော့ကျအောင် လေထစေတဲ့ အစားအသောက်ရှောင်ခြင်းနဲ့ လေကို မျိုချတဲ့ ပမာဏ လျှော့ချခြင်းဆိုတဲ့ အချက်နှစ်ချက်ကို လိုက်နာသင့်ပါတယ်။
      Ref : Good Health
      No comments:
      Post a Comment