Tuesday 27 September 2011




ဆူးလေဘုရားအနီးသို့ သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ နေ

Posted: 26 Sep 2011 12:16 AM PDT

ဒေါ်နော်အုံးလှတို့ ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။
မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝန၀ဒေး ရုပ်ရှင်ရုံရှေ့မအရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စ လို့ ယူဆနိုင်ပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။

အခုဖြစ်နေတဲ့ ပြည်တွင်းကလှုပ်ရှားမှုတွေ ဆူးလေမှာ လူ၄၀၀လောက်စုပြီး လှုပ်ရှားမှုတွေလုပ်နေတယ် ဆုတောင်းပွဲ ကို ရွှေဝါရောင်တူညီဝတ်စုံဝတ်ကြတယ်လို့ကြားတယ် .. မြောက်ဥက္ကလာမှ ဆန္ဒပြသူများချီတက် နောက် မိနစ် 30 တွင် ဆူးလေရောက်မည် ဆူးလေမှာရာနဲချီပြီး မြောက်ဥက္ကလာမှ ချီတက်လာသူတွေကိုကြိုအခု အခြေအတင်ဖြစ်နေတယ်.. ရဲက ပုဒ်မ ၄၄၆ တည်ဆဲဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်တဲ့ မရမ်းကုန်းမြို့အ၀င်လမ်းဝ န၀ဒေး ရုပ်ရှင်ရုံရှေ့မှာ ခြိမ်းခြောက်တာပါ ရမလားလို့ ဆန္ဒပြခွင့်ပေးထားတာပဲဆိုပြီး အယောက် ၃၀ ကဖေါက်ထွက်လာတယ် တချို့က မိုးလေ၀သေ၇ှ့အပိတ်ခံနေရတယ်
န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာ အပိတ်ခံနေတယ်လို့ သတင်းရရှိပါတယ် ။

မြို့ထဲကိုချီတက်တဲံ့သူတွေ မီဒီယာလွှတ်ပေးပြီး အမြန်ဆုံး သတင်းရယူပေးစေလိုပါတယ် ခင်ဗျာ ။

ရန်သူကအားသုံးပြီးနှိမ်နင်းမယ့်သဘောရှိတယ်။

ပြည်သူလူထု အားလုံး ပူးပေါင်းပေးကြပါ.....ခင်ဗျာ ။


မြန်သရန့်ပြည်အကြောင်း ရေးသူ- ဖိုးသူတော်

Posted: 25 Sep 2011 09:44 AM PDT


မြန်သရန့်ပြည်အကြောင်း

အပိုင်း ( ၁ )

အေဒီ ၂၀၆၀

' မာမား မာမား… သားသားလေ ဒီနေ့ သမိုင်းဆိုင်ရာ စာမေးပွဲမှာ ပထမရခဲ့တယ်'…
သားသား၏ အသံစာစာနှင့် ပြေးဝင်လာမှုကြောင့် ကျမ မီးဖိုချောင်မှာ ဟင်းချက်နေရင်း ဂတ်စ်အိုးကို အသာပိတ်ကာ အိမ်ရှေ့ခန်းသို့ ပြေးထွက်လာမိ၏။

'သားသား ဘာတွေဖြစ်လာတုန်း၊ မာမားကို ပြောပါဦး'
သားသားလေ ဒီနေ့ အတန်းထဲမှာ သမိုင်းမေးခွန်းဖြေဆိုမှုမှာ ပထမအဆင့်နဲ့ အောင်ခဲ့တယ် မာမားရဲ့'
'ဟုတ်လား သားသားတို့ သမိုင်းဆရာက ဘာတွေမေးတာတုန်း'

'ဆရာက ဟိုးတုန်းက မေးခွန်းတွေလည်းမေးတယ် ၊ ခုနောက်ပိုင်း သမိုင်းခေတ်သစ်မေးခွန်း တွေလည်း မေးတယ်'
'ဟုတ်လား သားသားရဲ့၊ မာမားကို ပြောပါဦး သားသားမေးခွန်းတွေကို'

'ဆရာက မေးတာက လွယ်ပါတယ်'

'သားသားတို့ ပြည်မကြီးမှာရှိတဲ့ မဟာတံတိုင်းကြီးကို ဘယ်သူဆောက်ခဲ့သလဲတဲ့'
'သားသားက ရှီဟွန်တီး လို့ဖြေခဲ့တယ်'

'နောက်ပြီး သားသားတို့ တရုတ်ပြည်သစ်ကြီးကို ဘယ်သူ တည်ထောင်ခဲ့သလဲတဲ့'

'သားသားက မော်စီတုန်းလို့ ဖြေခဲ့တယ်'

'နောက် သားသားတို့ မဟာတရုတ်ပြည်ကြီး အာရှမှာ ကြီးထွားဖို့ ဘယ်သူလုပ်ခဲ့သလဲတဲ့'
'သားသားက ဟူကျင်းတောင်လို့ ဖြေခဲ့တယ် မားမားရဲ့'

'အို. သားသားက သိပ်တော်တာပဲ'
'ဒါပေမဲ့ မာမား ဆရာက အမှတ်စာရင်းတွေ ပြောပီးတော့ သားသားကို တခုမေးတယ် သိလား'
'ဘာတဲ့တုန်း သားသားရဲ့'

'လျောင်ချန်းယိ မင်း ဧရာဝတီဆိုတာ သိသလားတဲ့'
'သားသားက ဆရာဘာပြောတာလဲလို့ ထပ်မေးတော့ ဆရာက ဧရာဝတီဆိုတာ သိသလားလို့မေးတယ်'
သားသား မသိဘူး မာမား။ အဲ့ဒါ ဘာကို ပြောတာလဲဟင်။ မာမားကော သိလား။ ပြောပြပါလား မာမား သိရင်'

'ဩော် သားသားရယ်၊ မာမား အများကြီး ပြောပြချင်ပါတယ်။ ဒါပေမဲ့ မာမား ခုတော့ မပြောပါရစေနဲ့ဦး။ သားသားကို ပြောပြဖို့ မာမား ပြန်စဉ်းစားဦးမယ်နော်..။ ကဲ သားသားလဲ ရေသွားချိုးချေဦး'

သားသားသည် ငါတို့ တိုင်းပြည် တရုတ်ပြည်ကိုချစ်သည်၊ တို့ဘိုးဘွားအမွေ တို့ တရုတ်ပြည်ကို မြတ်နိုးသည်ဆိုသော ကျောင်းတွင် မူလတန်းမှ စ၍သင်ထားပေးသော သီးချင်းကို ဆိုငြီးကာ ရေသွားချိုးလေသည်။

အပိုင်း ( ၂ )

တကယ်တော့ သားသားသည် အသက် ၁၀ နှစ်သားခန့် အခြေခံပညာ အလယ်တန်း ၅တန်းကျောင်းသား ကြီး ဖြစ်နေပေပြီ။ ကျမတို့ အကြောင်းကို ပြောပြရရင် ကျမတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြန်သရန်ပြည်နယ်၊ ပြည်မြို့အနီးတွင် နေထိုင်နေပါသည်။ ကျမ၏ မိခင်သည် မြန်မာလူမျိုး မိဘနှစ်ပါးမှ ပေါက်ဖွားလာပြီး၊ ကျမ၏ ဖခင်သည် ပြည်ကြီးတရုတ်မှ လူမျိုးခြားတဦးဖြစ်လေသည်။ ကျမ မြန်မာတ၀က်၊ တရုတ်တ၀က်ကိုယ်တိုင် ကပြားသည်ပင် သားသားတို့ အဖေ လျောင်ချင်းချို နှင့် အိမ်ထောင်ကျပီး ယခုဆို သားသားတောင် မွေးဖွား၍ ၁၀ နှစ်သား ရောက်လို့ နေပေသည်။

ကျမသည် သားသား၏ သမိုင်းဆရာ နောက်ဆုံးမေးသော မေးခွန်းနှင့်ပတ်သက်၍ စိတ်ထဲတွင် အတွေးမျိုးစုံဖြစ်နေပါသည်။ 'သမိုင်းဆရာ၏ သားသားကို ဧရာဝတီကို မင်းသိသလား' ဟုသော မေးခွန်းသည် ကျမကိုယ်တိုင်ပင် ဧရာဝတီကို ငါကော သိသလားဟူသော ထပ်ဆင့်မေးခွန်းပေါ်တွင် မူတည်နေပါသည်။

သားသားရေချိုးပီးလျှင် သားသားကို ဖြေရမည့် အဖြေသည် ကျမအတွက် ရင်လေးနေပါသည်။ အကယ်၍ သည်နေရာတွင် သားသားဖခင် ကျမခင်ပွန်း လျောင်ချင်းချိုရှိပါက သူကိုယ်တိုင်ဖြေမည်ဖြစ်သော်လဲ ခင်ပွန်းသည် သည်ယခုအခါ နေပြည်တော် ဘေဂျင်းရှိ နိုင်ငံများနယ်မချဲ့ရေး အစည်းအဝေးသို့ သွားရောက်တက်ရောက်နေပေသည်။ ယခု အခါ ကမ္ဘာပေါ်တွင် တပြည်ထောင်နှင့်တပြည်ထောင် နယ်မချဲ့ရေး၊ တန်းတူညီမျှ ဆက်ဆံရေး၊ နှင့် တိုင်းပြည်အချင်းချင်းတို့ ဖေးမကူညီပေးရေးတို့ ခေတ်စားနေရာ နိုင်ငံခြားရေးဌာန မြန်သရန့်ပြည်နယ်တွင် အလုပ်လုပ်နေသော ကျမခင်ပွန်း သည်အစည်းဝေးသို့ သွားသည်မှာ မဆန်းလှပေ။

ကျမ ဇာတ်ကြောင်း ကျမ ပြန်ပြောပြရသော်၊ ကျမ၏ နာမည်အရင်းမှာ ဆွေသက်ထားအောင် ဖြစ်ပါသည်။ တရုတ်အမည်ကတော့ လျန်ကျဲမူ ဖြစ်ပါသည်။ ဆိုခဲ့သည့်အတိုင်း ကျမ အဖေသည်ပြည်ကြီးတရုတ် လျန်ဟောင်ဟီး ဖြစ်၍ ကျမအမေသည် မြန်မာလူမျိုး လှလှစိန် ဖြစ်ပါသည်။ ထိုထက်ပို၍ ဆိုရသော် ကျမ အဖိုးနှင့်အဖွားဖြစ်ပါသည်။ ကျမ အမေ၏ အဖေနှင့်အမေလည်းဖြစ်ပါသည်။ အဖိုး၏ နာမည်သည် ဦးသူတော်ဟု ခေါ်ဆို၍ အမေ၏ နာမည်သည် ဒေါ်သက်နှင်းဟူ၍ ဖြစ်ပါသည်။ အဖိုးတို့ အဖွားတို့ လူရွယ်ခေတ်က ကျမကြားဖူးသည်မှာ ယခု ကျမတို့ မြန်သရန့်ပြည်နယ်သည် မြန်မာပြည်ထောင်စု နိုင်ငံဟုခေါ်တွင်သည်ဟု အမေပြောဆိုချက်များကို ကြားဖူးပါသည်။

ကျမသည် အဖိုးအဖွားတို့အားကောင်းကောင်း မမှီလိုက်သော်လည်း အမေနှင့်အထိအတွေ့များ၍ အမေ့ထံမှ မြန်သရန့်ခေါ် မြန်မာပြည်အကြောင်းကို အများကြီး ကြားခွင့်ရခဲ့သည်။ အမေ လှလှစိန်၏ အဖေ အဖိုး သူတော်သည် သူ့ခေတ်သူ့အခါ ကျမစိတ်ထင် ( အေဒီ ၂၀၁၇ ) သာသာလောက်တွင် မြန်သရန့်ပြည်တွင်း ထင်ရှားသော အဖွဲ့အစည်းတခုမှ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပေမည်။ အဖိုးတို့သည် မြန့်သရန့်ပြည်ကြီးကို ချစ်ခင်မြတ်နိုးပေလိမ့်မည်။

ဒီနေရာတွင် စောန သားသားတို့ သမိုင်းဆရာ စကားဆက်၍ ပြောချင်သည်မှာ ဧရာဝတီကိစ္စဖြစ်သည်။ အဖိုးတို့ခေတ်က ဧရာဝတီဆိုသည့် မြစ်ကြီးဧရာမှာ မြန့်သရန့်ပြည်ကြီး မြောက်ပိုင်းအစမှ တောင်ပိုင်းအဆုံးထိ ပြည်ကြီးအစအဆုံးမိုင်ပေါင်း ၁၃၀၀ ကျော် အလွန်ရှည်လျားသော မြစ်ကြီးတစင်းဖြစ်ပေမည်။ ကျမကိုယ်တိုင်က သက္ကရာစ် ၂၀၃၁ ခုနှစ်တွင် ဖွားမြင်ခဲ့လေတော့ အဖိုးတို့ခေတ် မြန်မာပြည်နှင့် အဖိုးတို့ ဧရာဝတီကို ကောင်းကောင်းမှီသူမဟုတ်ပေ။ ကျမအမေ ဒေါ်လှလှစိန် ကိုယ်တိုင်ပင် ၂၀၁၂ မှာမွေးဖွားလေတော့ ဧရာဝတီကို သူမှီပင် မှီလိုက်သော်လည်း အမေ အရွယ်ရောက်သော အချိန်မှာ မြန်သရန့်ပြည်ကြီးတွင် ဧရာဝတီဆိုတာ မရှိတော့ပေ။ ရှေးလူကြီးများ အိပ်ရာဝင် ပုံပြင်များအဖြစ်သာ ကြာရပေတော့သည်။

ကျမ၏ အမေ ငယ်ငယ်က သူ့အဖေ ကျမအဖိုးပြောပြောပြသော ဧရာဝတီပုံပြင်များကို အမြဲကြားခဲ့ရသည်။ အဖိုးတို့ခေတ်က ဧရာဝတီသည် မြန်သရန့်ပြည်ကြီး၏ အဓိက အရေးပါသော မြစ်ကြီးအဖြစ် စီးဆင်းခဲ့ကြောင်း၊ အဖိုးတို့ အမျိုးသားအားလုံးအတွက် သမိုင်းစဉ်တလျှောက် တန်ဖိုးကြီးပစ္စည်းအဖြစ်ရှိသော မြစ်ကြီးအဖြစ် လည်းကောင်းကြားသိခဲ့ရသည်။ အဖိုးတို့ လူရွယ်အရွယ်တွင် ၎င်းမြစ်ကြီးသည် ခုကျမတို့ ပြည်မကြီးမှ လျှပ်စစ်ဓါတ်အားထုတ်ရန်ဆိုသော အပြောဖြင့်ဆည်ဆောက်သိမ်းပိုက်လိုက်သောကြောင့် ယခုအခါတွင် ထိုမြစ်ကြီးသည် လျှပ်စစ်ဓါတ်အား ဘာမှ မထုတ်နိုင်ပဲ တိမ်ကောသွားရလေသည်။

ကျမယောက်ျား လျောင်ချင်းချိုပြောဖူးသည့် သူတို့ သမိုင်းမှာ၊ သူတို့ ပြည်ကြီးသားများသည် မြန်သရန့်မြစ်ကြီးကို လျှပ်စစ်ထုတ်လွှတ်ဖို့ ဆည်ဆောက်သည်ဟူသော အကြောင်းပြချက်သေးသေးလေး ပြသော်လည်း နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်များရှိကြောင်း၊ ထိုရည်ရွယ်ချက်များကို သူ တက္ကသိုလ် တက်ရောက်သောအခါ ဂုဏ်ထူးတန်းတွင် အထူးပြုဘာသာရပ်အနေဖြင့် သင်ကြားခဲ့ရကြောင်း ပြောကြားပါသည်။

ထို ရည်ရွယ်ချက်မှာ လျှပ်စစ်ဟူသည် သူတို့ ပြည်မကြီးဘိုးဘေးအစဉ်က တရုတ်ပြည်မကြီးကို တည်ထောင် ခဲ့ သော မော်စီတုန်းအဖိုးကြီး၏ ဆရာများဖြစ်သော လီနင်ဆိုသည် သူတို့ ပြည်မကြီးနှင်း ကပ်လျက်တိုင်းပြည်က နှာဖူးပြောင်း ထိပ်ကြဲအဖိုးကြီးက သူတို့ ရုရှ ဆိုသည်ပြည်ကြီး တည်ထောင်စဉ် ကတည်းက 'လျှပ်စစ်နှင့်ရုရှပြည်ကြီးတည်ဆောက်အံ့' ဟု ကျမအဖိုး၏ အဖေ မမွေးခင်ခေတ်ကတည်းက ကြွေးကြော်သောကြောင့် ဒီကိစ္စသည် မထူးဆန်းကြောင်း။ လျှပ်စစ်ကို ထုတ်လွှတ်လိုလျှင် သည်လောက် ပထ၀ီနိုင်ငံရေးအတွက် အရေးပါသော အဖိုးတန်မြစ်ကြီးများကို ရင်းစရာမလိုပဲ တခြားသော နည်းများဖြင့် ထုတ်လွှတ်နိုင်ကြောင်း ကျမ ယောက်ျားမကြာခဏ ပြောဖူးပါသည်။ မင်းတို့ အဖိုးတွေခေတ်က မင်းတို့ အဖိုးတွေပြည်ကြီးက ပညာမတတ်လို့ လူညာခံထိသည်ဟု မကြာခဏ စနောက်ပြောရာ ကျမသည် ယောက်ျားကပြောသော်လည်း အမျိုးကိုထိ၍ မချိအောင် နာမိပါသည်။ ကျမကိုယ်ထဲတွင် မြန်သရန့်ပြည်ကြီး ၏ သွေးတွေ အများကြီး ရှိသည်မဟုတ်ပါလော။

ကျမလည်း ခေတ်ပညာကို အထိုက်အလျောက်သင်ကြားတက်မြောက်ခဲ့ပြီး မြန်သရန့်ပြည်ကြီးကစက်မှုလက်မှု တက္ကသိုလ်ကြီးမှ ဘွဲ့ရခဲ့သော အင်ဂျင်နီယာ တဦးဖြစ်ပါသည်။ ယခုကျမတို့ခေတ်တွင် ရေအား၊လေအားတို့မှ လျှပ်စစ်ထုတ်ယူသည်ဆိုသည်မှာ သားသားတို့ ကျောင်းတွင် ကလေးချင်း အပျင်းပြေဆော့ကစားရာ တခုလို ဖြစ်နေပါသည်။ ကျမ စဉ်းစားမိသည်။ ကျမတို့ အဖိုးသူတော်တို့ လူတွေသည် အသိဥာဏ်နုံနဲလို့သာ ကျမ ယောက်ျားတို့ ပြည်မကြီး၏ အလိမ်အညာတွင် ခံရ၍ သူတို့ သမိုင်းဝင်အဖိုးတန်မြစ်ကြီးကို ထိုးပေးလိုက်ရ သည် ဟု ထင်ပါသည်။ ကျမတို့ ခေတ်တွင် မြစ်၊ချောင်းများ မပြောနှင့်၊ အိမ်နားကပ်စီးနေသော မြောင်းများ ကို ပင် တယုတယနှင့် ထိန်းသိမ်းပေးနေသေးသည်။ လျှပ်စစ်ဓါတ်အားဆိုသည်မှာ မရချင်အဆုံး နျူကလီးယားဆိုသည့် ဟိုက်ဒရိုဂျင်ဆင့်ကွဲပေါက်ဖွားမှု ဖြစ်စဉ်မှ ထုတ်ယူနေရာ များလွန်း၍ မနည်းပင် အတောသတ်ထားရသေးသည်။

အဖိုးတို့ လျှပ်စစ်လေးနှင့် မြစ်ကြီးကို ထိုးကျွေးလိုက်တာ မတန်လိုက်လေးချင်းဟု ကျမထင်မိပါသည်။ ကျမ တို့ အဖိုးပြည်သည် ယခင်က မြန်မာနိုင်ငံဟု၍လည်းကောင်း ဧရာဝတီ မြစ်ကြီးပိုင်ရှင်ဟု၍လည်းကောင်း ရှိသည်ဟု သိရပါသည်။ ဒါကလဲ ကျမအမေ၏ ပြောပြချက်အရသိပါသည်။ ကျမတို့ ခေတ်တွင် သမိုင်းကို ပြည်ကြီးသမိုင်းဟုသာ သင်ရပါသည်။ ဆွန်ယက်ဆင် ၊ မော်စီတုန်း၊ လူချောက်ချီ၊ ကျူအင်လိုင်း၊ ၀မ်ကျားပေါင်နှင့် ဟူကျင်တောင်းတို့မှာ ကျမတို့ မဟာတရုတ်ပြည်ကြီး၏ သမိုင်းဝင်ခေါင်းဆောင်များ ဖြစ်ပါသည်။ တကယ်တော့ လျှပ်စစ်လေးအတွက် ဒီတပြည်လုံးကြီးနောက်ဆုံး ထိုးကျွေးသလို ဖြစ်သွားမယ် ဆိုတာ ကျမတို့ အဖိုးတို့ခေတ်က သမိုင်းဝင်ခေါင်းဆောင်များ မစဉ်းစားကြဘူးလားလို့ ကျမတွေးမိပါသည်။ ကျမတို့ အဖိုးသူတော်တို့သည် အသုံးမကျသော အသိဥာဏ်နုံနဲသော သူများသာ ဖြစ်ပေမည်ဟု ကျမစဉ်းစားမိပါသည်။ ဤအတွက် ကျမ အရှက်ရမိပါသည်။ ကျမ၏ တဦးတည်းသော သားသားကို သည်ကိစ္စ ဖွင့်ပြောမည် မဟုတ်ပါ။

အပိုင်း ( ၃ )

သားသားသည် ရေမိုးချိုး ထမင်းစားပီး၍ ညအိမ်စာလုပ်ပီးသော အခါတွင် ကျမအား ကျောင်းက ပြန်လာစဉ် အခါက မေးခွန်းကို မေးပါသည်။

'မာမား ၊ ဧရာဝတီဆိုတာ ဘာလဲဟင်၊ မာမားသိရင် ပြောပြပါလား'

'အို၊ သားရယ်… မာမားလည်း ကြားဖူးတယ်ကွ၊ ဧရာဝတီဆိုတာ မာမား အဖိုးတို့ ခေတ်တုန်းက ရှိတဲ့ မြစ်ကြီး တစင်းကွ'

'ဟုတ်လား မာမား ၊ မာမား အဖိုးက ဘယ်သူတုန်းဟင်'

'မာမား ၊ မပြောပါရစေနဲ့ကွာ၊ သားသားက လိမ်မာပါတယ်'

'ဟင့်အင်၊ မရဘူး၊ မာမားရယ် ပြောပါ ၊ မာမားအဖိုးက ဘယ်သူတုန်း'

'အင်း…………..။ သားသား အတင်းမေးတော့လဲ မာမားပြောပြရမှာပေါ့'
'မားမားတို့ အဖိုး သားသား အဘေးကြီး ဟာ ဖိုးသူတော်ပဲ သားသားရဲ့'

'ဖိုးသူတော် ဟုတ်လား မာမား'
အေး ဟုတ်တယ် သားသားရဲ့'

'အဖိုးတို့ ခေတ်တုန်းက မားမားတို့ ခုနေတဲ့ မြန်သရန့်ပြည်ကြီးမှာ ဧရာဝတီဆိုတဲ့ မြစ်ကြီး တစင်းရှိတယ်ပြောတယ်။ မာမားတော့ မကြုံဘူးပါဘူးကွယ်'

အဲ့. မြစ်ကြီးက ဘယ်ရောက်သွားသလဲ မာမား'

'အင်း မာမား အမေ မင်းဖွားဖွား ပြောတာတော့ အဲ့မြစ်ကြီးကို မာမား အဖိုးတွေက ခု ပါပါးတို့ ပြည်ကို ရောင်းစားလိုက်တယ်တဲ့'

'ဟင်… ပါပါးတို့ ကို ရောင်းတယ်ဆိုတော့ မာမား ဖိုးဖိုးတွေက ဆင်းရဲလို့ပေါ့နော်'

'အင်းပေါ့ မာမားလဲ သေချာမသိပေမဲ့ မရှိလို့ ရောင်းလိုက်ရတယ်လို့ ထင်မိတာပဲလေ'
'ဟင်.. အဲ့ဒါနဲ့ ဘယ်လိုဖြစ်သွားလဲ။ အဲ့ မြစ်ကြီးကို သားသား သွားလည်ချင်တယ်'

'အို.. သားသားရယ် ဖိုးဖိုးတို့က အဲ့မြစ်ကြီး ရောင်းပီး သိပ်မကြာဘူး၊ မြစ်ကြီးလဲ ကောသွားတယ်လို့ မာမား အမေက ပြောတယ်'

'ဟင်. ဒါဆို မြစ်ကြီးမရှိတော့ဘူးပေါ့ နော် မာမား'

'ဟုတ်တယ် သားသား။ မာမားတို့ အဖိုးတွေဟာ ဒီမြစ်ကြီးကို မရောင်းအောင် အသက်နဲ့ ရင်းပီး ကာကွယ်စောင့်ရှောက်ပေမဲ့ အဖိုးတို့ ခေတ်က အာဏာပိုင်ရှင်တွေက အတင်းရောင်းလို့ မြစ်ကြီးက အရောင်းခံရတယ်တဲ့'

'သားသား ပါပါးကိုတော့ သွားမပြောနဲ့ဦးနော်၊ သူတို့တွေက မြစ်ကြီးကိုလိုချင်တာ မဟုတ်ဘူး။ လျှပ်စစ်ဓါတ်အားကို လိုချင်တာ မဟုတ်ဘူး။ မာမားတို့ ခုနေနေတဲ့ မြန်သရန့်ပြည်ကြီးကိုလို ချင်နေတာ။ အဲ့ဒါကြောင့် အဲ့လို တဖက်လည့်လုပ်လိုက်တာ'

'ဟင် . မာမားကလည်း အဲ့လို တဖက်လည့်လုပ်ရအောင်၊ မာမားတို့ အဖိုးတွေက ငတုံးငအတွေလား။'
'ဖိုးဖိုးတို့ကတော့ မတုံးလောက်ပါဘူး။ ဒါပေမဲ့ သူတို့ အာဏာပိုင်တွေက တုံးလို့ နေမှာပေါ့'

မာမားကလဲ ဒါလေးကို လူထုနည်းနဲ့ ဆန္ဒပြရင် ဘယ်သူက လုပ်ရဲမှာမို့လို့လဲ။ သာသားတို့ဆို ကျောင်းမှာ အိမ်စာ နှစ်ပုဒ်ပေးလို့ မလုပ်ချင်ရင် တပုဒ်လုပ်ပီး တယောက်ထဲ ထ ဆန္ဒပြတောင် ဆရာမတွေက ခွင့်ပြုသေးတာပဲ'

'အေးကွယ် . မာမားတို့ အဖိုးခေတ်က ခွင့်မပြုလို့နေမှာပေါ့။ မာမားလဲ ဒီအကြောင်းတွေ ပြောသာ ပြောနေရတာ သေချာမသိပါဘူးကွယ်။ မာမား အမေ သားသားအဖွား မသေခင်ပြောသွားတာတုန်းက ခုမာမားတို့ နေနေတဲ့ ကွန်ဒိုမီနီယံအောက်ကဟာ အရင်က ပြည်ရွှေစံတော်နားမှာ ရစ်ခွေသွားတဲ့ ဧရာဝတီလို့ခေါ်တဲ့ မြစ်ကြီးနေရာပဲတဲ့'

'ဟင်.. ဟုတ်လာ'..

'ဟုတ်တယ် သားသား ဖွားဖွားကြီးက ပြောခဲ့တာ။ ဟိုဘက်ကမ်းကို ကြည့်ပါလား၊ ဘုရားကြီး အကြီးကြီးကို မြင်ရလိမ့်မယ်။ အဲ့ဒါ မာမားအမေက သူ့အဖေ ငယ်ငယ်တုန်းက ဓါတ်ပုံတခုမှာ မြင်ဖူးတယ်လို့ ပြောတယ်။ သူလဲ နောက်တော့ သေချာမသိတော့ပါဘူး'

'ကဲ သားသား အိပ်တော့လေ။ မနက်ဖန် ပါပါး ပြန်လာမှာ။ စောစော ထပီး လေယာဉ်ကွင်းသွားကြိုရဦးမယ်။'

'လူဝင်မှု အရာရှိတွေနဲ့တွေ့ရင် သားသားက ကောင်းကောင်းမပြောရင် သူတို့က သားသားကို ဖမ်းထားဦးမယ်'

'ဟုတ်ကဲ့ပါ မာမား။ သားသားတို့ ပါပါး နိုင်ငံသားကဒ်ကြောင့်နေနေရတာ သိပါတယ်။. သားသားအိပ်တော့မယ်'

'ဂွဒ်နိုက်ခ်'S


အပိုင်း ( ၄ )

ကျမလဲ သားသား အိပ်သွားတော့ ကျမတို့ အဖိုးခေတ်အကြောင်းကို တွေးမိနေလေသည်။ ဒီနေရာဟာ ကျမ အဖွားပြောရသလိုဆို ကျမတို့ မြန်မာတွေနေရာပါပဲ။ ခုတော့ ကျမတို့ ကပြားတွေက သားသားအဖေ ကျမယောက်ျား လျောင်ချင်းချို နိုင်ငံသားကဒ်ကြောင့်နေနေရသော နေရာဖြစ်နေပါတယ်။ ကျမတို့ ခိုင်းစေတဲ့ အခိုင်းအစေလေးတွေကတော့ တကယ့်ကို ဖိုးဖိုးတို့ မြန်မာလူမျိုးတွေ ဖြစ်မယ်ထင်ပါတယ်။ အသားက ညိုညို ၊လေးတိလေးကန် ၊ အသိဥာဏ်ထိုင်းထိုင်းနဲ့ လူတွေပါ။

အို ကျမလဲ ဒါတွေ မတွေးချင်တော့ပါဘူး. မနက်ဖန် ယောက်ျား လျောင်ချင်းချို ပြန်လာမှာပဲ စိတ်က တွေးပီး အိပ်ယာဝင်လိုက်ပါတော့တယ်.။

ပြီးပါပြီ။

တကယ်တော့ ဒီဝတ္ထုကို ရေးဖို့ အာရုံရသည်က ညနေက ရုံးအပြန် ၁၅ မိနစ်လောက် လမ်းလျှောက်ရသည့် လမ်းမှာ အာရုံရချင်းဖြစ်ပါသည်။ ဒါပေမဲ့ လမ်းတ၀က်လောက်ရောက်နေတော့ ငါ ပြန်ရေးရင် ကောင်းမလားဟု စိတ်က တထင့်ထင့်ဖြစ်နေပါသည်။ ထမင်းစားပီးလို့ အချိန် ရနေတုန်း ရေးချင်စိတ်ကလဲ အရမ်းဖြစ်လာလို့ သည်တွေးမိတဲ့ ဇာတ်ကွက်လေးကို ဇာတ်လမ်းလေးအသွင် ဖန်တီး ရေးသားလိုက်ပါတယ်။

ဖတ်တဲ့ သူများလဲ ကျနော့် ၀တ္ထုဆိုလိုရင်းကို သဘောပေါက်မိမယ်လို့ ထင်ပါတယ်။ သည်ဝတ္ထုက ဂျော့ခ်ျအော်ဝဲလ်၏ 1984 ၊အက်လဒပ်စ် ဟပ်ကစလေ ၏ Brave New World တို့ နှင့် တူညီခြင်းမရှိနိုင်ပါ။ ကျနော့်၏ ကိုယ်ပိုင် အတွေးအမြင် အရသာ ပေါက်ဖွားမွေးဖွားပေးသော ၀တ္ထုလေးတပုဒ်ဖြစ်ပါသည်။ မိတ်ဆွေများအားလုံး တွေးဆကြပါ။ သမိုင်း၏ လူဆိုး၊ မိမိတို့ မျိုးဆက်များစွာရဲ့ အရေးမပါ အသိဥာဏ်တုံးသော လူများ မဖြစ်ကြပါစေနှင့်။

ဖိုးသူတော် Facebookမှ


မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်- ရေးသူ-လူထုစိန်ဝင်း

Posted: 25 Sep 2011 09:09 AM PDT

ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။

မန္တလေး နန်းမြို့နှင့် ရေကျူံး
သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင် လောက် အောင် ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင် မေးကြည့်တော့မှ ဟုတ်တယ...်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။

သဘင့်တက္ကသိုလ်ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။

အနုပညာမြို့တော်ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှ မရှိဘူး။ မန္တလေးက မျက်ပါးရပ်တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။

အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူးမင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျ သွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ် ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

အမြင်ကျဉ်းတာမဟုတ်ဘူးအမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို ချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။

ဆွေလိုမျိုးလိုနေကြမန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်း အစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာ ဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။

ဗမာတွေဖြစ်ကုန်ကြအိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။

သူတို့လူများစုဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက် တိုင်း မှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။

ဗမာစာပါ ပျောက်မှာစိုးယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။

လူထုစိန်ဝင်း


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment