Wednesday, 7 September 2011



    Posted: 06 Sep 2011 05:44 AM PDT

    ယခုနှစ်များစွာ အတွင်းမှာအပန်းဖြေ နားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးကနဲဖျက်ကနဲ မှတ်တမ်းတင်ထားမိလိုက်တဲ့ အမှတ်ရစရာဓါတ်ပုံ တချို့လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင် ထင်ရှားနေတယ်၊ ဒါပေမယ့် အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။

    ဟိမ၀န္တာမှာ......

    ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့တောအုပ်ကြီးတွေကြား၊ တောင်တက်တောင်ဆင်းလမ်း တွေပေါ်က မျက်တောင်ရှည် မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ၊

    မြက်ခင်း ဆင်ခြေလျှောပေးမှာထိုင်ပြီး ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့နေ့လည်စာစားရင်း ရှုမြင်ရတဲ့မြူတွေဆိုင်းနေတဲ့ရိုးတိုးရိပ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ၊

    ခတ္တူမန္ဒူမြို့ကဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးအထိလှည့်ပတ် လွင့်မျောရင်းအမေရိကန်ကိတ်မုန့်ညို နာမည်ကြီးတဲ့ ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ၊

    မြန်မြန်ကြမ်းကြမ်းစီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊

    အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး ချဉ်ဖြုံးဖြုံးကို မြုံရင်းဆင်တကောင်ရဲ့ ကျောကုန်းပေါ်မှာ၊

    အိန္ဒိယ ရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့အသက်ရှုဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်တော်ကြီးတွေရဲ့ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော် ကကွက်၊


    ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာ ပြည့်စုံလှတဲ့ အစားအသောက်တွေကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီသီးယို ကိုစားနေခဲ့တာ၊


    အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြားတစ်လျှေက်က တူမြောင်းသွားသဘောင်္ တစ်စီးပေါ်မှာ၊ ကျွန်မက စီမ်းမြ ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာ ကြည့်မောလို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ၊

    တိုင်ရီကျွန်းပေါ်ကသဲသောင်ပြင် စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတချို့ ကစားမြူးထူးနေကြတာ။

    ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လိုက်အောင် အသက်ဝင်တောက်ပလှပေမယ့် တကယ် မဟုတ်သလို ခံစားရပါတယ်။

    အဲဒါကြောင့်ပဲ သားငယ် ထိန်လင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့ မွေးနေ့ကိုရောက်လာပြီး အပန်းဖြေခရီး တစ်နေရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက်တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။

    နောက်နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစာကြည့် ကြပြီးတဲ့ အခါမှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေ ခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ် ဆွဲကြည့် ခဲ့ကြပါတယ်။မုတ်သုံရာသီ ဖြစ်နေတာကြောင့်၊မြန်မာနိုင်ငံ အလယ်ပိုင်း တစ်နေရာကိုပဲ ရွေးဖို့ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ ကျတဲ့ ဆုံးဖြတ်ချက်တစ်ခုမှာပါ။ ၁၉ ရာစု နှောင်းပိုင်မှာ ဗြိတိသျှ စစ်တပ်ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှာခဲ့တဲ့ မန္တလေးမြို့ ရှိတယ်။ ဒါမှမဟုတ်ကာလ ကြာမြင့် စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခန်းနားခဲ့မှုကို သက်သေပြနေတဲ့ထောင်ပေါင်းများစွာသောဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေတည်ခဲ့ ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေးယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ်အဲဒီ သုံးခုစလုံး အချိုးအစား အမျိုးမျိုးနဲ့ ပါဝင် ပတ်သတ်နေမှုလား။

    ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ်ဆုံးဖြတ် ဖြစ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ပုထိုး စေတီ တွေနဲ့ မြို့ဟောင်းပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှု ရှိလှပါတယ်။ ဒါပေမယ့် သွားမယ့်အချိန်က ဧည့်သည်ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေး ချမ်းချမ်းအနားရလိမ့်မယ်ထင်ခဲ့ပါတယ်။ကျွန်မတို့ သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း မဟုတ်တာကြောင့်၊ ဘာသာရေး အဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပယ် ရှိတဲ့၊ ထူးခြားတဲ့နေရာ အနည်းငယ်မျှ ကိုသာ သွားကြမှာပါ။ အရေးအကြီးဆုံး တချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊ ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာမိသားစု အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာထားပစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူးမဟုတ်လား) ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တစ်ခုကို ရှာဖို့ပါပဲ၊ ဒါအတွက် အကောင်းဆုံးနေရာတခုကို ဦးခွန်သာမြင့်က ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့ တခြားအကြောင်းအရာတခုကို ပြောင်းပြီးပြောပြချင်ပါတယ်။


    ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အှုဆောင် တစ်ဦးဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင် မြို့နယ်က ရှစ်ဆယ် ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ရွေးချယ်ခံရတဲ့ ဦးဟံသာမြင့်ရဲ့ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ ဖခင်နဲ့ ကျွန်မရဲ့ ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ် ကျော်ငးသားသမဂ္ဂ ကို နိုင်ငံရေး လမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေသူငယ်ချင်းများ၊ လက်တွဲ ခဲ့ ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ဖေဖေဟာ နိုင်ငံရေးမှာ သဘောချင်းအမြဲ တူခဲ့ကြတာ မျိုးတော့မဟုတ်ပါဘူး။ အမျိုးသား လွတ်လပ်ရေး နောက်ဆုံး တိုက်ပွဲကာလ တွေမှာ မိတ်ဆွေသူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေးသဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင်ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့အမြင်တွေကို အပြန်အလှန်လေးစာမှု ရှိကြတာ၊ ဂုဏ်ဂဏနဲ့အာဃာတ တွေကင်းဝေး ကြတာ စတာတွေကို သူတို့ရဲ့ သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တတွေဟာ လုပ်ဖော်ကိုင်ဖတ်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်မတို့မှာရှိတဲ့ အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေး မဟုတ်ပါ ) တွေ က ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေး ပါတယ်။


    ၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန် ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မအိမ်ကိုပြန်လည် ပြုပြင် မွမ်းမံဖို့ ဗိသုကာတယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ် အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့ စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာ အနေနဲ့။ ပြီးတော့ မိတ်ဆွေရင်းတွေဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေ ကြီးကြပ်ပေးသူ ကိုနီတို့ နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ်ကို ပြန်လည် ပြင်ဆင်တဲ့ အလုပ်တွေကို နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော် ၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ ဖခင်များဟာလည်း ရန်ကုန် တက္ကသုလ်မှာ ကတည်းက သိကျွမ်း ရင်းနှီးခဲ့ ကြသူများဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေ တွေလည်းပါမှာပါ) တချိန်ချိန်မှာရေးရ ပါအုံးမယ်။ ဒီနေရာမှာတော့ စာတကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲ့ဒါက ခုလို မိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမ ထောက်ပံ့သူတွေ ၊လိုအပ်တာတွေကို ကူညီပေးသူတွေ၊ ခင်မင်ရတဲ့ မိတ်ဆွေတွေကို ဘ၀ရဲ့ လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။

    ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတဦးအဖြစ် စတင်ခဲ့ရကြ သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေများလာ ပါတယ်၊ ကျွန်မရဲ့ လုံခြုံရေး အရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွား ၀န်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီးစီမံ ပြင်ဆင်ပေးသူပေါ့။

    ကိုခွန်သာ ရွေးချယ်ပေးတဲ့ ပုဂံဟိုတယ် လောက် ကျွန်မတို့ အုပ်စု (အားလုံး ဆယ်ခြောက်ယောက် ) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာ နဲ့ ဘာသာရေးဆိုင်ရာ အထင်အရှားဆုံးသော ပုထိုးထူပါစေတီတွေ တော်တော်များများ ဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာ၇ှိတဲ့ သိပ်လှပတဲ့ နေရာပါ။ အရေးအကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်၊ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လိုခင်မင် သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ပြည်စုံကြပါတယ်။

    အောင်ဆန်းစုကြည်
    ၈ ဇူလိုင် ၂၀၁၁
    ko Lu Maw Facebookအားကျေးဇူးတင်ရှိပါသည်..

    (အနှစ် ၂၀ ကျော်အတွင်း ပြည်တွင်းမီဒီယာမှာ ပထမဆုံး ဖော်ပြခွင့်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ဖြစ်ပါတယ်။ The Messenger ဂျာနယ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာက ကူးယူပါတယ်။ အခုနောက်ဆုံး သိရတဲ့ သတင်းများအရ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးပါပြီးနောက် The Messenger News Journal ဂျာနယ်ကို စာပေစိစစ်က နောက်ဆက်တွဲ သတင်းရုံးတင်ခွင့်နဲ့ မျက်နှာဖုံးမှာ နောက်ဆုံးရ သတင်းဦးများ ဖော်ပြခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းဆိုးကို ကြားသိရပါကြောင်း ...)

    Posted: 06 Sep 2011 04:25 AM PDT

    (Thiha Nwe)
    ဒေါ်အောင်ဆန်းစုကြည်နှင့် The Messenger ဂျာနယ်တို့ တွေ့ဆုံမေးမြန်းခွင့်ရခိုက် သူမဖြေကြားခဲ့သည်များအနက်မှ လူငယ်များနှင့် ပတ်သက်သည့် သဘောထားအမြင်တချို့ကို စာဖတ်သူများသိရှိစေရန် ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

    M- လူငယ်တွေနဲ့ပတ်သက်ရင် တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့မျှော်လင့်ချက်ဖြစ်တဲ့အကြောင်း အရင်ကပြောခဲ့ဖူးတယ်။ အခုနေအိမ်အ ကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာရော၊ လူငယ်တွေအပေါ်ဘယ်လိုမြင်ပါသလဲ။

    DS- အခုခေတ်လူငယ်တွေကတော့ လွန်ခဲ့တဲ့ ခုနစ် နှစ်ကထက်စာရင် တိုးတက်လာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ 1988 ခုနှစ်လောက်တုန်းက လူငယ်တွေ အခုခေတ်ကလူငယ်တွေလောက် အခွင့်အရေးမရခဲ့ကြဘူး။ အဓိက က IT ပေါ့။ အခုခေတ်လူငယ်တွေ ကမ္ဘာနဲ့ဆက်သွယ်ဖို့ အခွင့်အရေး အရမ်းများသွားပြီ၊ ဒါက ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရတဲ့တိုးတက်မှုပဲ၊

    M- မိသားစု စားဝတ်နေရေး၊ မိသားစုနောက်ခံအရေးတွေကြောင့် ဘ၀အတွက်လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာတွေရှာဖွေဖို့၊ အခက်အခဲ ရှိနေတဲ့လူငယ်တွေအတွက်ရော ဘယ်လိုအကြံပြုချင်ပါသလဲ။

    DS- ဒါတွေက လူငယ်တွေရဲ့ အားနည်းချက်ချည်းသက်သက်လို့ ပြောလို့မရဘူး။ ကျွန်မတို့လူမှုအဖွဲ့အစည်းရဲ့ အားနည်းချက်လို့ပြောရမယ်။ စားဝတ်နေရေး၊ မိသားစုအရေးတွေထက် ရုန်းကန်နေရတယ်ဆိုတာကိုက စီးပွားရေးအခြေအနေအရ ရုန်းကန်ရမယ့်အခြေအနေရောက်နေ လို့ပါ။ အမှန်အတိုင်းပြောရရင် ကိုယ့်ဝီရိယစိုက်နိုင်သလောက်၊ ကိုယ်အပင်ပန်းခံနိုင်သလောက်ပဲ တိုးတက်မှာပဲ၊ ကံ ကံ၏အကျိုးဆိုတာ ဒါပဲ။ ကိုယ်လုပ်သလောက်ပဲ ဖြစ်မှာပဲ၊ အဲဒီတော့ မိသားစုရဲ့စီးပွားရေးအခြေအနေကြောင့် ဘ၀ကိုရုန်းကန်နေရတဲ့ ကြားကပဲ တိုးတက်မှုကို ရအောင်ရှာတဲ့လူငယ်တွေလည်းအများကြီးရှိတယ်။ ခပ်တိုတိုပြောရရင်အိပ် ချိန်လျော့ပေါ့။ အလုပ်ပြီးလို့ရှိရင် ထပ်ပြီးစာကျက်ကြပေါ့။ တိုးတက်ဖို့လုပ်ကြပေါ့။ ဒါရိုးရိုးလေးပြောတာပါ။ တစ်ဖက်ကတော့ အနစ်နာ ခံ၊ အပင်ပန်းခံရမှာပေါ့။

    M- နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှု အခြေအနေက လူငယ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်လို့ထင်ပါသလဲ။DS- အခုခေတ် လူငယ်တွေပိုပြီး အမြင်ကျယ်လာတယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အခုဆက်သွယ်ရေးလမ်းကြောင်း က ကောင်းလာတယ်။ နောက်တစ်ခုက လွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကထက်စာရင် ဂျာနယ်၊ မဂ္ဂဇင်းတွေ အရမ်းများလာတယ်။ အရင်ကဆို ရင်အများစုက အလှအပအကြောင်း၊ ရုပ်ရှင်အကြောင်း၊ မော်ဒယ်လ်တွေအကြောင်း အဲဒီဟာတွေပဲ ပိုများတယ်။ အခုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေနဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကို ပိုဇောင်းပေးတဲ့ ဂျာနယ်၊ မဂ္ဂဇင်းအတော်များလာတယ်။ အဲဒါတွေက ကိုယ့်မြန်မာ နိုင်ငံအကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံက အကြောင်းတွေမပါဘဲ တခြားနိုင်ငံတွေအကြောင်းပါတယ်ဆိုရင်တောင် မှ မျက်စိဖွင့်၊ နားဖွင့်ပေးတယ်။ ဒါကြောင့် ပိုတိုးတက်ဖို့ပဲရှိတယ်လို့ပဲ မြင်တယ်။ ဟန်းဖုန်းကိုင်တယ်ဆိုရင်တောင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်။

    M- တချို့ လူငယ်တွေက လက်ရှိကိုယ့်ဘ၀ကို အားမရကြပါဘူး။စကားပြောတဲ့အခါမှာလည်း မျှော်လင့်ချက်မဲ့တဲ့စကားတွေ ပြောတတ် ကြတယ်။ အဲဒီလိုလူမျိုးတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။

    DS- တစ်ခုပြောချင်တာက ကိုယ့်ကိုယ်ကိုယ်ပိုပြီးတော့ တန်ဖိုးထားပြဖို့၊ ကိုယ့်ကိုယ်ကိုယ်အဲဒီလောက် လျှော့မတွက်ပါနဲ့၊ ညံ့တယ်လို့မ ထင်ပါနဲ့။ ငါဘာလုပ်နိုင်တယ်ဆိုတာကို သိဖို့ဆန္ဒရှိရာကနေ လမ်းစရသလိုမျိုးပေါ့။ တကယ်ပဲလုပ်ချင်တဲ့ ဆန္ဒရှိရင် လုပ်ချင်တဲ့လမ်း က ပေါ်လာမှာပဲ။ အရေးကြီးတာက လူငယ်တွေ စာဖတ်ဖို့လိုတယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထဲမှာ ဆောင်းပါးတွေပါတယ်မဟုတ်လား။ ဘယ်သူကတော့ဖြင့် ဘာမှမရှိဘဲ ဘယ်လိုလုပ်ုသွားတာ၊ သူ့ချွေးနဲစာနဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကြီး ထူထောင်သွားတာ၊ ဘယ်လိုဇွဲနဲ့ သူ့ကိုယ်သူ ဘယ်လိုအနုပညာရှင်ကြီးဖြစ်အောင်လုပ်သွားတာ။ အဲဒါတွေဖတ်ရင် စိတ်ဓာတ်ခွန်အားလည်းရတယ်။ နည်းလမ်းလည်းရ တယ်။ တွေးခေါ်စရာတွေလည်း အများကြီးဖြစ်တယ်။ အဲဒီတော့ စာဖတ်ဖို့လိုတယ်လို့ထင်တယ်။ လူတိုင်းအင်တာနက်မသုံးနိုင်ရင်တောင် မှ အင်တာနက်မှာပါတဲ့အကြောင်းအရာတွေ တော်တော်များများဂျာနယ်တွေထဲမှာ ပါပါတယ်။ အဲဒီတော့ စာကောင်း၊ ပေကောင်းဖတ်နိုင် လို့ရှိရင် အခွင့်အရေးတွေအများကြီးရလာမှာပါ။ အဲဒီအခွင့်အရေးတွေကို အသုံးချပေါ့။ လူဆိုတာ ကိုယ်ရတဲ့အခွင့်အရေးကို ကောင်းတဲ့ ဘက်ကိုရောက်အောင်အသုံးချရမှာပေါ့။ တရားစကားနဲ့ပြောရင် ဆန္ဒပေါ့။ အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့စတယ်။ ဆန္ဒပြီးရင် ၀ီရိယပါလာတယ်။ ဆန္ဒရှိပြီးတော့ ၀ီရိယမထုတ်လို့မရပါဘူး။ နောက်ပြီး စိတ်ဓာတ်ကလည်းရှိရမယ်။ ပညာကလည်းရှိရမယ်။ ဒါက အခုမှ ပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ရှေးကတည်းက တရားတော်တွေထဲမှာ ပါတဲ့အောင်မြင်ခြင်းတရားတွေပဲ။ အဲဒီဟာတွေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာကိုရောက်ရမှာပေါ့။ အားလျှော့တာ၊ ဘ၀ကိုလက်မြှောက်တယ်ဆိုတာ၊ လူငယ်တွေမလုပ် သင့်ပါဘူး။ လူငယ်တွေမှာ အချိန်တွေအများကြီးရှိတယ်။

    M- အခုခေတ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တစ်ဖက်ကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပိုများလာတယ်လို့လဲ တချို့ကသုံးသပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထားတဲ့ မေတ္တာတရားတွေအားနည်းလာတယ်လို့လဲ ပြောကြတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပြော ပြပေးပါဦး။

    DS- အခုခေတ်က လိုချင်စရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ သိပ်များတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက သူဌေးဆိုရင် တိုက်နဲ့ကားပဲရှိတယ်။ အခုကဒီလောက်နဲ့မရဘူး။ ကျွန်မတို့ငယ်ငယ်က မိဘတွေချမ်းသာလို့ ကိုယ်ပိုင်ကားစီးတဲ့လူမရှိခဲ့ဘူး။ မိဘမှာပဲရှိတာ၊ အဲဒီတော့ တင်း တိမ်ရောင့်ရဲနိုင်တယ်။ လိုချင်စရာနည်းတာကိုး၊ အခုကသိပ်များတယ်။ လူငယ်တွေလိုချင်တာကိုလည်း သိပ်တော့အပြစ်မဆိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာဆိုတာလိုချင်တဲ့စိတ်ကိုဆွပေးတာပဲ၊ ဒါမှစီးပွားဖြစ်မှာ၊ အဲဒီတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တစ်ခါတည်း မြှင့်တင်သွားရမယ်။ ရုပ်ပိုင်းဆိုင်ရာသိပ်တိုးတက်ပြီး၊ စိတ်ဓာတ်ပိုင်းမတက်ရင် အဲဒီလိုပဲဖြစ်မှာပဲ၊ နိုက်ကလက်သွားတယ်ဆို တာလည်း လူငယ်သဘာဝပျော်ရွှင်ချင်လို့ သွားတာ အပြစ်မမြင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိုက်အ၀န်းကို မြင်ဖို့လိုတယ်။ တတ်နိုင်တဲ့သူ တတ်နိုင်သလိုလုပ်တာကို အပြစ်မပြောချင်ပါဘူး။ ဒါပေမဲ့ လူမှုရေးနဲ့ပတ်သက်လို့ လိပ်ပြာသန့်ခြင်း၊ မသန့်ခြင်းကို လူတိုင်းကိုယ်စီနည်း နည်းတော့ဆင်ခြင်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာပေါ့ အဲဒါ ငယ်ငယ်ကတည်းက မိဘတွေရဲ့သွန်သင်ဆုံးမမှုနဲ့လည်း အများကြီးဆိုင်တယ်။ ငယ်ငယ်ကတည်းက ကျောင်းမှာ ပြည်သူ့နီတိတို့ ဘာတို့သင်တာမျိုးပေါ့။ အဲဒီလိုအချက်တွေ ပညာရေးပိုင်းမှာမပါ ဘူးဆိုရင်စာပေလောက၊ သတင်းမဂ္ဂဇင်းလောက ကလူတွေမှာ ပိုပြီးတာဝန်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် မီဒီယာသမားတွေလုပ်ကြ လို့ ပြောရမယ်။ ကျွန်မတို့လည်း ကိုယ်ပြောနိုင်သလောက်ပြောမယ်။ မီဒီယာသမားတွေဘက်ကလည်း လုပ်နိုင်သမျှလုပ်ရ မယ်။ ဆောင်းပါးတွေ၊ ဥပမာတွေနဲ့ပေါ့။ တန်ဖိုးရှိတဲ့လူသားဆိုတာ ဘာလဲဆိုတာမျိုးပေါ့။ အခုခေတ် လူတော်တော်များများက လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ သူ့လက်ထဲမှာရှိတဲ့ ပိုက်ဆံနဲ့ သူ့ရဲ့ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေလို့ ထင်ကြတယ်။ ရေရှည်မှာ မဟုတ်ဘူးဆိုတာ ပြောရမယ်။ တန်ဖိုးရှိရုံတင်မကဘူး၊ ကျေနပ်လောက်တဲ့ဘ၀ရှိရမယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်မှုရှိရမယ်။ တချို့လူငယ်တွေထဲမှာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေပြည့်စုံပေမယ့် စိတ်မချမ်းသာတဲ့လူငယ်တွေ အများကြီးရှိတယ်။ စိတ်ရောဂါရတဲ့ လူငယ်တွေရှိတယ်ဆိုတာ အားလုံးအသိပဲ။ အဲဒီတော့ ဒီဟာတွေကို မီးမောင်းထိုးပေးဖို့လိုတယ်။ စာနယ်ဇင်းလောက က တတ်နိုင်သမျှ လုပ်ရမယ်။

    M- လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်တယ်ဆိုတာကို စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ လမ်းညွှန်ပေးပါဦး။

    DS- စာဖတ်တဲ့ကိစ္စကိုတော့ ဒီလိုဖတ်ရမယ်။ ဟိုလိုဖတ်ရမယ်လို့ မပြောချင်ဘူး။ ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေဖတ်လာတာ၊ အခုအသက်ကြီးလာတော့ အတ္ထုပတ္တိစာအုပ်မျိုးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ပတ်သက်တာမျိုးကို ပြောတာမဟုတ်ပါဘူး။ အပြင်စာပေတွေကို ပြောတာ၊ နောက်ပိုင်းရင့်ကျက်လာပြီး တစ်ခြားလူတွေ၊ ဘ၀တွေအကြောင်း ပိုသိချင်လာတာလည်းပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်။ ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီး အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။ ကဗျာဆိုရင် တစ်ကြောင်းတည်းမှာကို အတွေးအခေါ်တွေအများကြီးပါတယ်။ စာအုပ်တစ်အုပ်လုံးထက်တောင် ပါချင်ပါမယ်။ အဲဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။ နောက်ပြီး ကိုယ့်ရဲ့အသိဥာဏ်၊ ဦးနှောက်ကိုစိန်ခေါ်တဲ့ စာမျိုးကိုဖတ်ရမယ်။ အလွယ်အပေါ့တွေ မဖတ်နဲ့ပေါ့။ တစ်ခါတလေ အပျော်သဘောနဲ့ စိတ်ပြေလက်ပျောက်ဖတ် တာမပြောလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့အသိဥာဏ်ကို စိန်ခေါ်တဲ့စာမျိုး၊ ကိုယ့်ရဲ့ အတွေးအခေါ်ကို ဦးနှောက်ကို စိန်ခေါ်တဲ့စာမျိုးကိုယ် လည်း ရွေးဖတ်ရမယ်။ ဦးနှောက်ကိုအလုပ်ပေးတဲ့စာမျိုးကို အတိုင်းအတာတစ်ခုအထိဖတ်ရမယ်။

    M- မြန်မာလူငယ်တွေ အများဆုံးအသုံးပြုနေတဲ့ Social Website တွေထဲက Facebook မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နာမည်နဲ့ Account တွေအများကြီးပဲရှိနေတာ တွေ့ရတယ်။ ကိုယ်တိုင် Account တစ်ခုဖွင့်ထားတာရှိပါသလား။

    DS- အဲဒါတွေက ကျွန်မဖွင့်ထားတာ မဟုတ်ပါဘူး။ တခြားသူတွေဖွင့်ထားကြတာပါ။

    ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။



    Posted: 06 Sep 2011 02:16 AM PDT


    ဟောပြောမည့် စာရေးဆရာများ
    ကိုတာ ၊ မြင့်ဇော် ၊ မောင်စိန်ဝင်း (ပုတီးကုန်း) ၊
    ဒေါက်တာ ထွန်းလွင် (MCCW)

    နေ့ ရက် - ၁၀.၉.၂၀၁၁ (စနေနေ့ )
    အချိန် - ညနေ (၃း၀၀) နာရီမှ (၈း၀၀) အထိ
    နေရာ - မဟာဂန္ဓာရုံ ကျောင်းတိုက် ၊ မင်္ဂလာဒုံ ဥယျာဉ်မြို့ တော် ၊ အောင်မင်္ဂလာ အဝေးပြေးဂိတ်အနီး

    Posted: 06 Sep 2011 01:44 AM PDT
    "အင်တာနေရှင်နယ်ဒေး အော့ ဒီမိုကရေစီ" ကို နေပြည်တော်မှာ ကျင်းပမယ်လို့  အမျိုးသားလွှတ်တော်ဥက္ကဌက အိုဟေးကင်တားနားကို သတင်းပါးလိုက်ပြီးတဲ့နောက်မှာ ကြံ့ဖွံ့ အစိုးရရဲ့  "ဒီမိုကရေစီနေ့ "ဆိုတာ ဘယ်လိုဟာမျိုးပါလိမ့်လို့  တွေးနေမိပါရဲ့ ။
    ကျွန်တော်တို့ ဆီမှာ ကမ္ဘာကျော် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပွားခဲ့တဲ့ ၂၀၀၇ ခုနှစ် မှာဘဲ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ကြီးက သူ့ အဖွဲ့ ဝင်နိုင်ငံများမှာ ဒီမိုကရေစီစနစ်ထွန်းကားလာရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆိုတာကို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။ ၁၅ ရက်၊ စက်တင်ဘာလဟာ သံဃာတော်တွေဦးဆောင်မှု နဲ့ လူထုတစ်ရပ်လုံးပါဝင်ခဲ့တဲ့ ရွှေဝါရောင်လှုပ်ရှားမှုကြီး လှိုင်းတံပိုးပြင်းထန်ခဲ့တဲ့ ရက်တွေမို့  တိုက်ဆိုင်လွန်း လှ ပါတယ်။
    နေပြည်တော် ပြည်ထောင်စုလွှတ်တော်က ကြီးမှူးကျင်းပမယ့် ဒီမိုကရေစီနေ့ အတွက် အမတ်မင်းတွေ၊ ၂၀၁၀ရွေးကောက်ပွဲဝင်ပါတီတွေ၊ ပြည်တွင်းမီဒီယာတွေနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေအပြင် ထင်ရှားတဲမြန်မာ့နိုင်ငံရေးသမားများကိုလည်း ဖိတ်ကြားထားတယ်လို့  သိရပါတယ်။ နိုင်ငံရေးပါတီတွေဘက်က အဲဒီအခမ်းအနားထံ ဒီမိုကရေစီသ၀ဏ်လွှာများကို ပေးပို့ ဖတ်ကြားဖို့  ဟန်ရေးတပြင်ပြင် ဖြစ်နေပါတယ်။
    အာဏာရှင်ဦးနေ၀င်းရဲ့  တစ်ပါတီစနစ်အောက်မှာ "ဒီမိုကရေစီရရှိရေး ဒို့ အရေး" ၊ "တစ်ပါတီစနစ်ဖြုတ်ချရေးဒို့ အရေး"၊ "အရေးတော်ပုံ အောင်ရမည်" ဆိုပြီး ချွေးသံတရွှဲရွှဲ သွေးသံတရဲရဲနဲ့  အကြောက်တရား မဲ့ စွန့် စားခြင်းကြီးမားစွာ အာခံပုန်ကန်ခဲ့တဲ့ တကယ့်ဒီမိုကရေစီသမားတွေ ပါဝင်ပက်သက် နိုင်ခြင်း မရှိတဲ့ နေပြည်တော်ကဒီမိုကရေစီနေ့ ကို ကျွန်တော်တို့ တတွေ ဘယ်လိုလုပ်ပြီး ခံစားပေးရမှာလဲ။
    မြန်မာနိုင်ငံအနှံ့ အပြားက အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံထားရတဲ့ ဒီမိုကရေစီယုံကြည်သူများကို ဆေးဖော်ကြောဖက် မလုပ်နိုင်တဲ့၊ ဥပေက္ခာပြု ကျောခိုင်းထားပြီး နိုင်ငံရေးသမားအမတ်မင်းများ စုံစုံညီညီကျင်းပကြလေသော ဘယ်လို ဒီမိုကရေစီနေ့ မျိုးကိုမဆို ကျွန်တော် စိတ်မ၀င်စားပါ။
    ထောင်ထဲကသူတွေ မပါတဲ့ ဒီမိုကရေစီနေ့ ဆိုတာ ဆားမပါတဲ့ဟင်းလိုပါဘဲ။
    အောင်မျိုးထွန်း
    ၆- ၉- ၂၀၁၁



    You are subscribed to email updates from dawnmanhon
    To stop receiving these emails, you may unsubscribe now.
    Email delivery powered by Google
    Google Inc., 20 West Kinzie, Chicago IL USA 60610

    No comments:

    Post a Comment