Saturday 3 September 2011




မြန်မာနိုင်ငံ၏ နာမည်ကျော် တပ်မတော်အစိုးရ ပြောင်းလဲနေတာ ဟုတ်ရဲ့လား

Posted: 02 Sep 2011 06:03 PM PDT

(TIME မှ 31 August 2011 ရက်စွဲပါ "Is Burma's Notorious Military Junta Reforming?" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်နီးပါးမျှ "မကြုံဘူးလျှင် ယုံဖို့ပင်ခက်သည့်" ရက်စက်ကြမ်းကြုပ်မှုများဖြင့် တပ်မတော် ခေါင်းဆောင်များ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် အုပ်ချုပ်ခဲ့ကြသော်လည်း လတ်တလော ဖြစ်ရပ်များကမူ မြန်မာ့အရေး စောင့်ကြည့်သူများအား "အပြောင်းအလဲ ဖြစ်လာပြီ လား" ဟူသော အတွေးဖြင့် အံ့အားသင့်စေခဲ့သည်။

မနှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ အတွင်းက ရန်ကုန် အပြင်ဖက်သို့ ပထမဆုံးအကြိမ် စည်းရုံးရေးဆင်းရာတွင် ၂၀၀၃ ခုနှစ်က တပ်မတော်အစိုးရပိုင် လူမိုက်များ နှောက်ယှက်ခဲ့သည့် ဖြစ်ရပ်နှင့်မတူတော့ပဲ စိတ်ဓာတ် တက်ကြွနေသည့် လူအုပ်ကြီး၏ ကြိုဆိုထောပနာ ပြုခြင်းကိုခံခဲ့ရသလို ရန်ကုန်ကို နောက်တစ်ကြိမ်ခွာ၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက်တွင်လည်း သူမအနေဖြင့် ပျော်ရွှင်မှုနှင့် ကျေနပ်အားရမှု ရှိခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာ့ သက်ဆိုးအရှည်ဆုံး တပ်မတော်အာဏာရှင် အစိုးရများထဲမှ တစ်ခုသည် နောက်ဆုံးတွင် ပြုပြင် ပြောင်းလဲမှုကို ဦးတည်ကာ အခါလည်သား မတ်တပ်ရပ် လမ်းလျှောက်သလို တုံ့နှေးတုံ့နှေးဖြင့် စတင်နေသလား ဟူသော မေးခွန်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများအကြားမှာပင် အမြင်ကွဲလွဲမှု ရှိလာခဲ့သည်။ "စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားစေလိုတဲ့ စေတနာရှိတဲ့ အထောက်အထားမျိုး လုံးဝ မတွေ့ရသေးပါဘူး"ဟု ပြောကြားသူမှာ သြစတြေးလျ Griffith University မှ သုတေသန ပညာရှင် Andrew Selth ဖြစ်သည်။ "ဒါပေမယ့်လည်း လေ့လာ ဆန်းစစ်သူတွေ မျှော်လင့်မထားတဲ့ ပျော့ပြောင်းမှုဒီဂရီကို မြန်မာအစိုးရက ပြသခဲ့တယ်ဆိုတာကိုတော့ ဝန်ခံရမှာပါ" ဟု ယင်းက ဆက်လက် ပြောဆိုသည်။

အောက်တွင် မြန်မာအစိုးရ ပြုပြင် ပြောင်းလဲနေသည်ဟူသော လက္ခဏာငါးချက်နှင့် ယင်းတို့ ဟန်ဆောင်နေကြောင်း သတိထားရမည့် လက္ခဏာငါးချက်စီကို အသီးသီး ဖော်ပြထားသည်။

ကောင်းသတင်းများ


(၁) သမ္မတသစ်

ဦးသိန်းစိန်သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရွေးထုတ် ကောက်ယူခံရသူ ဖြစ်သော်လည်း သူ ကိုယ်တိုင်မှာမူ အာဏာရှင် မဟုတ်ပေ။ "သူတာဝန်ထမ်းဆောင်ခဲ့တာဟာ ကိုယ်ကျိုး စီးပွားအတွက် မဟုတ်ပါဘူး။ ဒါ့အပြင် သဘောကောင်းပြီး ဆက်ဆံလို့ ကောင်းတဲ့သူ တစ်ယောက် ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူအဖြစ် ယခင်လုပ်ကိုင်ခဲ့သော အကဲခတ် လေ့လာသူ Richard Horsey က ပြောကြားသည်။ "သူက အကြံကောင်း၊ ဥာဏ်ကောင်းတွေကို လိုလိုလားလား ကြိုဆိုတဲ့ သူဖြစ်သလို သူနဲ့ ဆွေးနွေး ရာမှာလည်း ထုံးတမ်းစဉ်လာ ဟန်ကြီးပန်ကြီး လုပ်မှုတွေမရှိဘူး ဆိုတာကို ပြသနေပါတယ်" ဟု Horsey က သုံးသပ်သည်။ ဦးသိန်းစိန်ကို တောင်အာဖရိက အသားရောင်ခွဲခြားမှု ခေတ်လွန်သမ္မတ FW de Klerk နှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နယ်လဆင်မင်ဒဲလားနှင့် လည်းကောင်း အသီးသီးနှိုင်းယှဉ်လျှင် အထူးပင် ဆီလျော်ပေလိမ့်မည်။

(၂) ဗိုလ်ချုပ်အောင်ဆန်း ပြန်လည်ပေါ်ထွက်လာမှု

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဖြစ်နေသောကြောင့် သူ၏ရုပ်ပုံကို ငွေစက္ကူများနှင့် အစိုးရရုံး နံရံများပေါ်မှ တပ်မတော် အစိုးရက ဖယ်ရှား ပစ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ကြိုဆို နှုတ်ဆက်သော အခန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူငယ်ဘဝပုံတူကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခြင်းမှာ သမ္မတကြီးသည် ဗိုလ်ချုပ်အောင်ဆန်းအား လေးစားသူဟူသော နောက်ထပ် လက္ခဏာတစ်ခု ဖြစ်ကြောင်း Horsey က ဆိုသည်။

(၃) အင်းစိန်ထောင် ခရီးစဉ်


ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Tomas Ojea Quintana သည် နိုင်ငံရေး အကျဉ်းသားများနှင့် စကားပြောဆိုနိုင်ရန် အတွက် ရန်ကုန်၏ နာမည်အပျက်ဆုံး အင်းစိန်ထောင်သို့ သွားရောက်ခွင့် ရခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သာမက အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့သည်။

(၄) ခပ်ပါးပါး လွတ်လပ်ခွင့် ရလာတဲ့ မီဒီယာ


အစိုးရဆင်ဆာက ခွင့်လွှတ်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေမယ့် True News ဂျာနယ်က လတ်တလော မျက်နှာဖုံးသတင်း တစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလို့ မှားယွင်းဖော်ပြခဲ့တာကို သတိပေးရုံသာ ပြုလုပ်ခဲ့သည်။ ဂျာနယ်စာစောင်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းစကားတွေကို ဖော်ပြလို့ မရနိုင်သေးပေမယ့် သူမရဲ့ ဓာတ်ပုံတွေကိုတော့ လွတ်လွတ်လပ်လပ် ဖော်ပြခွင့် ရနေကြသည်။

(၅) ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ အကြီးအကဲ ရွေးချယ်မှု

သမ္မတရဲ့ အကြံပေး အဖွဲ့ထဲက ပညာရှင်တွေ များစွာထဲမှာ ဦးမြင့် ကတော့ အများလေးစားကြတဲ့ စီးပွားရေး ပညာရှင် ဖြစ်သလို ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

မကောင်းသော သတင်းများ

(၁) သမ္မတသစ်

သမ္မတ ဦးသိန်းစိန်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ရုပ်သေးရုပ်သာဖြစ်၍ သူ၏ ရပ်တည် ရှင်သန်မှုကို ဆွဲဆန့်ရန်နှင့် တပ်မတော် အပေါ် ဖိအား လျော့စေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဟန်ဆောင် လိမ်ညာ ပူးပေါင်း ပြနေသည်ဟု အချို့သော ဝေဖန် ဆန်းစစ်သူများက ပြောကြားသည်။ "တောင် အာဖရိက ရဲ့ FW de Klerk နဲ့တူတဲ့ ခေါင်းဆောင်မျိုးကို မြန်မာ တပ်မတော် ခေါင်းဆောင်တွေထဲမှာ ရှာတဲ့ ကိစ္စဟာ လမိုက်ည သန်းခေါင်ယံမှာ ကောက်ရိုးပုံထဲ အပ်ရှာရ သလိုပါပဲ" ဟု London School of Economics and Political Science မှ သုတေသန လေ့လာသူ မောင်ဇာနည်က ဒီမိုကရက်တစ် မြန်မာ့အသံ DVB ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

(၂) အင်းစိန်ထောင်

အင်းစိန်ထောင်တွင်း အခြေအနေသည် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။ အမှု စစ်ကြောသူများက ထိန်းသိမ်းခံ အကျဉ်းသားများကို စားမရ၊ အိပ်မရအောင် ပြုလုပ်ခြင်း၊ ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် အစိတ်အပိုင်းများကို မီးဖြင့် တို့ခြင်း တို့ဖြင့် ဖြောင့်ချက်ရအောင် ပြုလုပ်လျက် ရှိသည်ဟု ကုလ ကိုယ်စားလှယ် Quintana က အစီရင်ခံထားသည်။ သံဃာတော် ၂၂၅ ပါး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို အစိုးရက ဖမ်းဆီး အကျဉ်းချထားကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ထုတ်ဖော် ပြောဆိုထားသည်။

(၃) NLD ပါတီကို ဆက်လက် နှိပ်ကွပ်

ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီဝင် တစ်ဦးဖြစ်သူ ဦးအောင်လှမြင့်သည် မြန်မာပြည် အလယ်ပိုင်း ယင်း နေထိုင်ရာ ဇာတိမြို့မှထွက်ခွာ၍ ခရီးသွားခြင်းကြောင့် လတ်တလော ထောင်ဒဏ် ၁၆ လ ချမှတ်ခြင်း ခံခဲ့ရသည်။

(၄) အရှိန်မြင့်လာသည့် ပြည်တွင်း စစ်ပွဲများ


မြန်မာ့ တပ်မတော်က ဆောင်ရွက်နေသော သောင်းကျန်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးများကြောင့် ယခုနှစ်အတွင်း ကရင်၊ ကချင်နှင့် ရှမ်းပြည်နယ် များမှ ဒေသခံ တောသူတောင်သား ၅၀၀၀ ခန့် အိုးပစ်၊ အိမ်ပစ်၊ အိမ်မဲ့၊ ယာမဲ့ ဒုက္ခသည်များ ဖြစ်နေသည်ဟု Human Right Watch က အထောက် အထား ခိုင်လုံစွာ စွပ်စွဲထားသည်။ တစ်ခါတစ်ရံ မိုင်းကွင်းကို အတင်းဖြတ်လျှောက် ခိုင်းခြင်း ခံရသော အကျဉ်းသား ပေါ်တာ များအပေါ် မြန်မာ့ တပ်မတော်၏ နှိပ်စက်မှုများသည် စစ်ရာဇဝတ်မှုနှင့် အကြုံးဝင်သည်ဟု နယူးရောက် အခြေစိုက် လူ့အခွင့်အရေး အုပ်စုက ယုံကြည်လျက် ရှိသည်။

(၅) ထိန်းမရ သိမ်းမရ ဖြစ်သွားတဲ့ ကျပ်ငွေ

အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးတက်သွားခြင်းကြောင့် ပို့ကုန်သမားများနှင့် တောင်သူ လယ်သမားများ အထိနာသွားကြသည်။ စီးပွားရေးအခြေအနေ ဆိုးဝါးကာ ဆင်းရဲတွင်းနက်မှုက ၁၉၈၈ နှင့် ၂၀၀၇ ခုနှစ်များတွင် ပြည်လုံးကျွတ် ဆန္ဒ ပြပွဲများ ဖြစ်ပေါ်စေခဲ့သလို ယခုလည်း နောက်ထပ် ဖြစ်ပွားလာမည့် အခြေအနေတစ်ခု ရှိနေသည်။ မြန်မာ ဗိုလ်ချုပ်ကြီးများကို အမှန်တကယ် မောင်းနှင် နေသော အချက်မှာ တော်လှန်အုံကြွမှုကို ကြောက်ရွံ့ခြင်းသာ ဖြစ်ပြီး ပြုပြင်ပြောင်းလဲလိုသော စိတ်ရင်းဆန္ဒမှန် မဟုတ်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုကြသည်။ အမှန်တကယ်တွင်လည်း မူဘာရတ်နှင့် ကဒါဖီတို့၏ လတ်တလော ဖြစ်ရပ်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား သန်းခေါင်ကျော် ထထိုင် ဇောချွေးပြန်စေလျက် ရှိသည်ဟု ယုံကြည်ရပေသည်။


ယန်စီမှ ဧရာဝတီ သို့ …(နေသွင်)

Posted: 02 Sep 2011 09:15 AM PDT

တရုတ်ပြည်က ရေကာတာတွေကို ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးလို့တင်စားကြပါတယ်။ လောလောဆယ် တရုတ်ပြည်က ရေကာတာပေါင်း ၄ သောင်းဟာ ကျိုးပေါက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်ပြည်က မြို့ကြီးတွေရဲ့ ၄ ပုံ ၁ ပုံဟာ အဲဒီ ရေကာတာတွေရဲ့ အောက်ပိုင်းမှာ ရှိနေကြပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေက စလို့တရုတ်ပြည်မှာ နှစ်စဉ်နှစ်တိုင်း ရေကာတာ ၆၅ ခုဟာ ပုံမှန်ကျိုးပေါက်နေပါတယ်။

ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ မြစ်ကျဉ်းသုံးသွယ် ရေကာတာ

၁၉၇၅ ခုနှစ်တုန်းက ဟီနန်းပြည်နယ်ထဲက ဇူမာဒီယံ ရေကာတာ ကျိုးပေါက်သွားတဲ့ အတွက် လူပေါင်း ၂ သိန်း ၆ သောင်း သေဆုံးခဲ့ရပါတယ်။ နောက်ထပ် လူပေါင်း ၁၄၅,၀၀၀ လည်း နောက်ဆက်တွဲ ကူးစက်ရောဂါတွေနဲ့အငတ်ဘေးကြောင့် သေဆုံးခဲ့ရဖူးပါတယ်။ တရုတ်ပြည်က ရေကာတာတွေကြောင့် လူပေါင်း ၂၃ သန်း နေရပ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။ လူပေါင်း ၈ သောင်း သေဆုံးခဲ့ရတဲ့ ၂၀၀၈ စီချွမ်း ငလျင်ဖြစ်ရတာ ဇီပင်ပူ ရေကာတာ (Zipingpu Dam) ကြောင့်လို့ ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အခု မြန်မာပြည်မှာ တည်ဆောက်မယ့် မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ငလျင်ကျောကို ဆွပေးသလို ဖြစ်မယ်လို့ ပညာရှင်တွေက ထောက်ပြ နေကြတာပါ။

ရေကာတာ တည်ဆောက်တဲ့ နည်းပညာအရာမှာ တရုတ်တွေ ဂုဏ်ယူလေ့ရှိတဲ့ ကမ္ဘာပေါ်က အကြီးဆုံးရေကာတာဟာ တရုတ်ပြည်မှာ တည်ရှိပါတယ်။ ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ (Three Gorges Dam) မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီးပါ။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်ပြီး ဧရာဝတီမြစ်ပေါ်မှာ တရုတ်ကုမ္ပဏီက တည်ဆောက်နေတဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနဲ့ နှိုင်းယှဉ်ရင် ၃ ဆပိုပါတယ်။ မြစ်ချင်းယှဉ်ရင်လည်း ယန်စီမြစ်ကတော့ အာရှက အရှည်ဆုံးမြစ်ဖြစ်ပြီး၊ မိုင်ပေါင်း ၃၉၀၀ ကျော် ရှည်လျားပါတယ်။ မြန်မာပြည်ရဲ့ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၀၀ ရှည်လျားတဲ့အတွက် ယန်စီမြစ်က၊ ဧရာဝတီထက် ၃ ဆပို ရှည်ပါတယ်။

ဒါကြောင့် ယန်စီမြစ်ပေါ်က မြစ်ကျဉ်းသုံးသွယ်ရေကာတာကြောင့် လောလောဆယ် ခံစားနေရတဲ့ ဆိုးကျိုးတွေဟာ ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံရေကာတာ တည်ဆောက်ပြီးရင် ကြုံရမယ့် ဆိုးကျိုးတွေပဲလို့ ယူဆလို့ရ နိုင်ပါတယ်။

ယန်စီ ရေကာတာဟာ တရုတ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး တနှစ်မှာ ကျောက်မီးသွေး တန်ချိန် သန်း ၃၀ ကို အစားထိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ ပထ၀ီဆိုင်ရာ၊ ဘဏ္ဍာရေး ကုန်ကျမှုတွေကျတော့ ယုံနိုင်စရာတောင် မရှိပါဘူး။ လောလောဆယ် ယန်စီမြစ်ပေါ်က မြစ်​ကျဉ်းသုံးသွယ်ရေကာတာကြောင့်

၁။ မြို့ကြီး ၁၃မြို့၊ မြို့ငယ် ၁၄၀၊ ရွာပေါင်း ၁၃၅၀ ရေနစ်မြုပ်ပြီး လူပေါင်း ၁ သန်း ၂ သိန်း နေရပ်စွန့်ခွာခဲ့ရပါတယ်။ အစိုးရက ကတိတွေ အထပ်ထပ်ပေးပေမယ့် ပြောင်းရွှေ့ရသူတွေဟာ နစ်နာကြေးတွေ အလိမ်ခံ၊ အလုပ်လက်မဲ့၊ မြေယာမဲ့ဘ၀ ရောက်ကြပါတယ်။ မြို့သစ်တွေ တည်ပေမယ့် တချို့ပဲ အခြေတကျ ပြန်ဖြစ်ပြီး အလုပ်လက်မဲ့ဘ၀၊ ဆင်းရဲမွဲတေတဲ့ အခြေအနေ ရောက်ရသူတွေလည်း မနည်းပါဘူး။

၂။ ရေကာတာကြောင့် အာရှရဲ့ အရှည်ဆုံးမြစ် ယန်စီရဲ့ ဂေဟစနစ် အကြီးအကျယ် ပျက်ယွင်းသွားခဲ့ပါတယ်။ အရင်တုန်းက အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ဖူးတဲ့ ယန်စီမြစ်ဟာ ရေသေမြစ် တစင်းလို ဖြစ်လာပြီး အမှိုက်တွေ၊ ဒိုက်တွေ၊ အဆိပ်ရေမှော်တွေ ပေါက်ရောက်ရာ မြစ်ကြီး ဖြစ်လာပါတယ်။ ငါးတွေ ကူးသန်းမှု မရှိတော့တာကြောင့် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေ ကျဆင်းသွားပါတယ်။ ယန်စီ လင်းပိုင် (လပိုင်) တွေ မျိုးတုံးပျောက်ကွယ်သွားသလို တခြား ရေသတ္တ၀ါ မျိုးစိတ်တွေလည်း မျိုးတုံးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

၃။ ရေကာတာက စီးကျတဲ့ ရေအရှိန်ကြောင့် ယန်စီ တောင်ကျော တလျှောက်မှာ ဆင်ခြေလျောတွေ ပြိုကျကုန်ပါတယ်။ မကြာခဏ မြေပြိုတာတွေ ဖြစ်ပါတယ်။ ရေကာတာ ရှိတဲ့ ဒေသရဲ့ တ၀က်လောက်မှာ မြေပြိုတာတွေ ဖြစ်နေပြီး နောက်ထပ် လူပေါင်း ၃ သိန်း ပြောင်းရွှေ့ရဖို့ရှိနေပါတယ်၊

၎။ ယန်စီမြစ်ဟာ နှစ်စဉ် နုန်းတန် သန်း ၅၀၀ မြစ်အောက်ပိုင်းကို ပို့ချပါတယ်။ အခုတော့ ရေစီးနှုန်းကျသွားပြီး နုန်းမြေတွေ ယန်စီ မြစ်ဝှမ်းဒေသကို မပို့ချတော့ပါဘူး။ အကျိုးဆက်အဖြစ် နှစ်စဉ် ကမ်းရိုးတန်းဒေသ ၄ စတုရန်း ကီလိုမီတာ ရေတိုက်စားခံနေရပါတယ်။ မြစ်ဝှမ်းဒေသ ကျွံသွားပြီး ပင်လယ်ရေ ၀င်ရောက်လာတာကြောင့် စိုက်ပျိုးရေးနှင့် သောက်သုံးရေကို ထိခိုက်နေပါတယ်။ မြစ်ထဲမှာ အာဟာရဓာတ်တွေ လျော့နည်းသွားတဲ့အတွက် ကမ်းခြေက ငါးတွေရဲ့ အသက်ရှင်မှုကိုလည်း ထိခိုက်စေပြန်ပါတယ်။

ဒါဟာ မြစ်​ကျဉ်းသုံးသွယ်ရေကာတာ စတင်လည်ပတ်တဲ့ ၂၀၀၈ ခုနှစ်က တွက်ရင် ၃ နှစ်ပဲ ရှိပါသေးတယ်။

ဒါက တပိုင်းဖြစ်ပါတယ်။ တဘက်က ကြည့်မယ်ဆိုရင်တော့ ၂၀၀၇ ခုနှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လွှင့်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ရာသီဥတုထိပ်သီးညီလာခံမှာ တရုတ်အစိုးရက ကာဗွန်သိပ်သည်းဆ (ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်တာ) ကို ၂၀၂၀ နှစ်ကျရင် ၄၀ ရာခိုင်နှုန်း လျှော့ချဖို့ ကြေညာခဲ့ပါတယ်။ အဲဒီကတိကို တည်ဖို့ တရုတ်အစိုးရအတွက် လာမယ့် ၅ နှစ်အတွင်းမှာ ၁၄၀ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် ရေအားလျှပ်စစ်စက်ရုံတွေ လိုအပ်လာပါတယ်။

တချိန်တည်းမှာ တရုတ်ဟာ ရေကာတာတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရန်ဖြစ်နေရပါတယ်။ မဲခေါင်မြစ် ကော်မရှင် အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့က မြစ်ထက်ပိုင်းက တရုတ်ရေကာတာ ၁၁ ခုမှာ ရေတွေ အဆမတန် ပိတ်လှောင်တာကြောင့် မြစ်အောက်ပိုင်းဒေသတွေမှာ ရေနည်းသွားတာကို မကျေမနပ် ကန့်ကွက်နေကြပါတယ်။ ဒီလိုအခြေအနေကြားကပဲ တရုတ်က သူ့ နိုင်ငံတောင်ပိုင်းက ယူနန်ပြည်နယ်ထဲမှာ ရေကာ ၈ ခုကို ဆက်ဆောက်နေပြီး ၄ ခုက ပြီးနေပြီလို့ သိရပါတယ်။ မဲခေါင်ဒေသ နိုင်ငံတွေကလည်း သူတို့ နယ်စပ်နားက အဲဒီရေကာတာတွေကို မဆောက်ဖို့ အပြတ်ဆန့်ကျင်နေကြပါတယ်။

ဒီအခြေအနေ နောက်ခံမှာ မြန်မာပြည်မှာ မြစ်ဆုံရေကာတာတည်ဆောက်ဖို့ ဖြစ်လာတာပါပဲ။ မြစ်ဆုံရေကာတာကြီး ပြီးသွားရင် ကမ္ဘာမှာ ဆဌမမြောက် အကြီးဆုံး ရေကာတာ ဖြစ်လာမှာပါ။ မြစ်ဆုံရေကာတာအရွယ် ရေကာတာတွေ ကမ္ဘာမှာ အမေရိကားနှင့် ရုရှမှာပဲ ရှိတာပါ။ ဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ အရာမှာ မြန်မာပြည်နဲ့ဆီနှင့် ရေလို ကွာဟာနေတဲ့ နိုင်ငံတွေပါ။ တရုတ်နိုင်ငံကတော့ သူ့အခြေအနေ၊ လူဦးရေသန်း ၁၃၀၀ ရဲ့ လိုအပ်ချက်၊ သူ့အကျိုးစီးပွားနှင့်သူမို့လို ဘာမှ ပြောစရာ မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မြန်မာပြည်က နိုင်ငံအကြီးအကဲ ဆိုသူတွေက မိမိနိုင်ငံ ပိုင်နက်ထဲက၊ နိုင်ငံရဲ့ အဓိက အသက်သွေးကျောလည်းဖြစ်၊ အစဉ်အလာကြီးလှတဲ့ ဧရာဝတီမြစ်ကိုမှာ တရုတ်လက်ထဲ ၀ကွက်အပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေကြားက ဆက်ဆံရေးဟာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ထက်တောင် ကျော်သွားပြီလားလို့တွေးစရာ ဖြစ်လာပါတယ်။

အဲဒီစီမံကိန်းကနေ ထွက်တဲ့ လျှပ်စစ်ဓာတ် အားလုံးနီးပါးကို တရုတ်ကို ရောင်းရင်၊ မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမယ့် အခုလည်း မြန်မာပြည်ကနေ သဘာဝဓာတ်ငွေ့လို သယံဇာတတွေ၊ ကျောက်မျက်ရတနာတွေ ထုတ်ရောင်းနေပေမယ့် လူထုဘ၀တွေ ဘာတခုမှ ထူးခြား ပြောင်းလဲသွားတာ မတွေ့ခဲ့ရပါဘူး။

တိုင်းသူပြည်သား အများစုကတော့ ဆင်းရဲတွင်းထဲက မတက်နိုင်သေးပါဘူး။ ဧရာဝတီမြစ်ကြီးကို ရောင်းစားလို့ရမယ့်ငွေကိုလည်း ပြည်သူလူထုက မျှော်လင့်နေတာ မဟုတ်ပါဘူး။ ဒီစီမံကိန်းကို စမယ်ဆိုတဲ့ အချိန်တုန်းကလည်း ပြည်သူလူထုကို အသိမပေးခဲ့ပါဘူး။ တဖက်မှာ တရုတ်ကုမ္ပဏီတွေရော၊ တရုတ်အစိုးရ ကိုယ်တိုင်ပါ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ်သက်လို့သူ့ပြည်တွင်းမှာရော၊ အာရှ၊ အာဖရိကမှာပါ နာမည်မကောင်းပါဘူး။

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဖျားမှာ တည်ဆောက်မယ့် မြစ်ဆုံရေကာတာ စီမံကိန်းက ဖြစ်လာမယ့် ဆိုးကျိုးတွေကို တရုတ်မြန်မာ ပညာရှင်တွေကလည်း ထောက်ပြထားပြီး ဆက်မလုပ်ဖို့ တောင်းဆို ထားကြပါပြီး၊ ရေတိုမှာရော၊ ရေရှည်မှာပါ ဘာမှ အကျိုးပြုစရာ မရှိဘူးဆိုတာ သက်သေတွေ နေရာတကာမှာ အများကြီး ရှိနေပါတယ်။

ဒီအခြေအနေ အရပ်ရပ်ကို မစူးစမ်းဘဲ အာဏာပိုင်တွေက ရေကာတာကို ဆောက်လုပ်ဖို့ သဘောတူခဲ့တာပါ။ အခုလည်း ကချင်ပြည်နယ်က တိုက်ပွဲတွေကြား၊ ကန့်ကွက်နေတဲ့ ကြားကပဲ မြစ်ဆုံစီမံကိန်းကို တရုတ်ကုမ္ပဏီက ဆက်ပြီး အကောင်အထည် ဖော်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာမှ အသုံးမကျတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရှေ့ဆက်တိုးလို့မရအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွန်းတွန်းတိုက်တိုက် တိုက်တွန်းဖို့၊ တိုက်တွန်းတဲ့နည်းနဲ့မရရင် ရတဲ့နည်းနဲ့ လုံးဝရပ်သွားအောင် ဖျက်ကြဖို့ဘဲ ပြည်သူတွေအတွက် ရွေးစရာ ကျန်ပါတော့တယ်။

ဒီတခါ လူထုက အလျှော့ပေးလိုက်ရင်တော့ ဧရာဝတီရဲ့ နောက်ဆုံးနေ့တွေကို ကျနော်တို့ သက်တမ်းမှာပဲ မြင်တွေ့ရဖွယ်ရှိတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

http://burmese.dvb.no/archives/15058မှကူးယူဖော်ပြပါသည်၊


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment