Monday, 12 September 2011
အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း ခင်ဗျား
စတင်တာဝန်ထမ်းရွက်ခဲ့တယ်လို့ မှတ်သားထားမိပါတယ်။ အကယ်လို့များ ထိုဌာနတွင်
လူကြီးမင်း စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ခုနှစ်ကို အမှတ်မှားခဲ့ရင်လည်း
ခွင့်လွှတ်ပါခင်ဗျား။
   တာဝန်ထမ်းဆောင်ချိန် ၆နှစ်အကြာမှာ လူကြီးမင်းဟာ " မြန်မာနိုင်ငံမှာတော့
ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့
အတွေ့အကြုံရှိတဲ့လူ မရှိတော့ဘူး" ဟု ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်
ရှင်းလင်း ပြောဆိုခဲ့သည်ဟု Weekly Eleven ဂျာနယ်တွင် ဖတ်ရှု မှတ်သားရပါသဖြင့်
လူကြီးမင်း၏ အရည်အချင်းအား လေးစားမိပါသည်။
   လူကြီးမင်းတို့၏ ဌာနမှ ကျင်းပပေးသော အလုပ်ရုံဆွေးနွေးပွဲသို့ လူကိုယ်တိုင်
တက်ရောက်ရန် အခြေအနေ မပေးပါသောကြောင့် ယခုလို အင်တာနက် စာမျက်နှာပေါ်မှတဆင့်
အိပ်ဖွင့်ပေးစာဖြင့် မရှင်းလင်းသည်များကို ဆွေးနွေးဖြေကြားပေးပါရန်
ပန်ကြားရသည်ကိုလည်း နားလည်စွာဖြင့် ဖြေကြား ရှင်းလင်းပေးမည်ဟု ယုံကြည်ပါသည်။
   မြစ်ဆုံဆည် တည်ဆောက်ခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကို
လေ့လာရာမှာ ဆည်ရေလှောင် ဧရိယာအတွင်းမှာ မည်မျှ ပျက်စီးထိခိုက်နိုင်သလဲ ဆိုသည့်
အချက်ကိုသာ လေ့လာခဲ့ခြင်းဖြစ်တယ်လို့ အကြမ်းဖြင့် သိထားပါသည်။ မြစ်ဆုံဆည်၏
အကျိုးသက်ရောက်မှုဟာ ဧရာဝတီမြစ် တလျောက်လုံးမှာ ဖြစ်ပေါ်လာမှာ ဖြစ်တဲ့အတွက်
ဆိုးကျိုး ကောင်းကျိုးများကို မည်သည့် အဖွဲ့အစည်းမှ မည်မျှအချိန်ပေးပြီး
လေ့လာခဲ့ကြောင်း သိချင်ပါသည်။
   အနီးဆုံး ဥပမာတခုဖြင့် နှိုင်းယှဉ်ရမယ်ဆိုရင်ဖြင့် မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီခေတ်နှောင်းပိုင်းတွင် အာရှဖွံ့ဖြိုးမှုဘဏ်၏ ချေးငွေဖြင့်
တည်ဆောက်ရန် ဆည်တော်ကြီး စီမံကိန်းအား ၁၀ နှစ်ခန့် အချိန်ယူ လေ့လာပြီးမှ
ပုံစံထုတ်ကာ တည်ဆောက်ခဲ့ပါသည်။ ထိုစီမံကိန်း၏ အကျိုးကျေးဇူးကြောင့် မန္တလေး
မြို့ မြောက်ဖက်ရှိ မတ္တရာမြို့နယ်တခုလုံး နွေရာသီတွင် ဆည်ရေသောက်
စပါးစိုက်ခင်းများဖြင့် ယနေ့ထက်တိုင် ဖွံ့ဖြိုးစည်ပင်နေသည်ကို တွေ့နိုင်ပါသည်။
   မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို
အချိန်တိုလေ့လာမှုများဖြင့်သာ ဆုံးဖြတ် အကောင်အထည်ဖော်ခြင်းသည်
ဆန္ဒစောရာကျလွန်းသဖြင့် မခန့်မှန်းနိုင်သော ဆိုးကျိုးများကို မြစ်တကြောရှိ
ပြည်သူများ ခံစားရမည်ကို စိုးရိမ်မိပါသည်။
   မြစ်ဆုံဆည်မှ ဧရာဝတီမြစ်အပေါ် ပေးသော အဓိက အပြောင်းအလဲမှာ နှစ်ပတ်လည်
မြစ်ရေစီးပမာဏ ပုံစံ (Annual River Flow Patterns) ဖြစ်ပါတယ်။ ထိုပမာဏ
အပြောင်းအလဲကြောင့် မြစ်တခု၏ မူလ သဘောတရားဖြစ်သော တိုက်စားခြင်းနှင့်
ပို့ချခြင်း လုပ်ငန်းများကို တိုက်ရိုက် အကျိုးသက်ရောက်စေပါသည်။
   လူတို့၏ ပြုပြင်ပြောင်းလဲ ထိန်းချုပ်ထားမှုကို ခံရသည့် ဧရာဝတီသည် ဆောင်းနဲ့
နွေရာသီများတွင် ယခင်နှစ်များကဲ့သို့ မြစ်အတွင်း စီးဆင်းနေသည့် ရေပမာဏ
လျော့နည်းသွားမှာ မဟုတ်တော့ပါ။ ထိုသို့ ဆောင်းနဲ့နွေတွင် သဘာဝအတိုင်း
ရေလျော့နည်းစွာ စီးဆင်းမှုမျိုး မရှိတော့သည့်အတွက် မည်သည့် ဆိုးကျိုး
ကောင်းကျိုးများကို မြစ်ကြောတလျောက် ခံစားရမည်နည်းဆိုသည်ကို ပညာရှင်များ၏
ပြည့်စုံစွာသုံးသပ်မှုကို သိချင်ပါသည်။
   အကြမ်းဖျင်း ကောင်းကျိုးတခုအနေနှင့် မြစ်ဆုံဆည်ကြီး စတင်အသက်ဝင် လည်ပတ်သည့်
နွေရာသီမှ စတင်ကာ ဗန်းမော်မြို့သို့ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပါလိမ့်မည်။
ဆောင်းနှောင်းပိုင်းမှာ ဧရာဝတီမြစ်ရေ နည်းသွားသဖြင့် ရေစူးတိမ်ကာ
ရေကြောင်းကုန်စည်ပို့ဆောင်ရေး ခက်ခဲသွားခြင်းဆိုတဲ့ အကြပ်အတည်းကို မြစ်ဆုံဆည်မှ
လွှတ်ချပေးနေတဲ့ ရေပမာဏက ဖြေရှင်းပေးပါလိမ့်မည်။
   ဆိုးကျိုးတခုကတော့ ဧရာဝတီ မြစ်ရေကျချိန်မှာ ပေါ်လာနေကျ
သဲနှုန်းမြေနုကျွန်းတွေဟာ မြစ်ရေ မကျခြင်းကြောင့် ပေါ်မလာနိုင်တော့ပါဘူး။ ဒီလို
မြေနုကျွန်းတွေ မထွန်းကားတဲ့အခါ မြစ်ကြော တလျှောက်မှ ကိုင်းကျွန်းများကို
မှီခိုအသက်မွေးကြတဲ့ နိုင်ငံသားတွေ အခက်အခဲ တွေ့ကြပါလိမ့်မည်။
   မြစ်ဆုံ ရေအားလျှပ်စစ် စက်ရုံမှ တာဘိုင်များ ရပ်ဆိုင်းခြင်း၊
လည်ပတ်ခြင်းတို့ကြောင့် မြစ်ရေ အနိမ့်အမြင့် ရုပ်တရက် ပြောင်းလဲမှုများ
ဖြစ်ပေါ်လာသည့်အခါ ဆိုးကျိုးများကို ဧရာဝတီမြစ်တလျောက်က ပြည်သူတို့သာ
ခံစားရမှာဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်အတွင်းက မန္တလေး ဂေါဝိန်ဆိပ်၏ တာဘောင်အပေါ် ထိ
ရောက်လာအောင် တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေဟာ မြစ်ဆုံဆည်ကြီးက လွှတ်ချလိုက်တဲ့ ရေတွေ
ရောက်လာချိန်နဲ့သာ အနာဂါတ်မှာ တိုက်ဆိုင်ခဲ့ရင် ဧရာဝတီဟာ ဈေးချိုအထိ
ရောက်လာပါလိမ့်မည်။
   *၀န်ကြီးမင်းခင်ဗျား၊ မြစ်ဆုံစီမံကိန်းအတွက် တရုပ် ကုမ္ပဏီမှ
ပုံစံထုတ်ရေးဆွဲရာတွင် အဓိကကျသော မြစ်ရေစီးဆိုင်ရာ အချက်အလက် (Hydrology data)
များအား ကိန်းဂဏန်းများ ပိုမိုထည့်သွင်းကာ မှားယွင်းစွာ တွက်ချက်ခဲ့ကြောင်း
လူကြီးမင်းတို့၏ ရေအားလျှပ်စစ် Design ဌာနခွဲ၊ အငြိမ်းစား ဆည်မြောင်း
ဝန်ထမ်းများဖြင့် ဖွဲစည်းထားသော ပြည်တွင်း အကြံပေး ကုမ္ပဏီတခုနှင့်
လူကြီးမင်းတို့၏ နိုင်ငံခြား အတိုင်ပင်ခံ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Colenco
AG. အဖွဲ့တို့မှ တညီတညွတ်ထဲ ထောက်ပြထားခဲ့သော်လည်း တရုပ် ကုမ္ပဏီမှ
ပြင်ဆင်ပြောင်းလဲ တွက်ချက်မှု မရှိခဲ့ကြောင်း သိရပါသည်။ *
   ထိုသို့ မှားယွင်းစွာ အခြေခံထားသော အချက်များကို မူတည်ပြီး တပ်ဆင်သင့်သည့်
အရွယ်အစားထက် ပိုမိုကြီးမားသော ရေအားလျှပ်စစ် တာဘိုင်များကို သုံးစွဲ တပ်ဆင်ရန်
ကြံစည်ထားခြင်းမှာ စီမံကိန်း၏ ကုန်ကျစရိတ်ကို မြင့်တက်စေရုံသာမက ကျင့်ဝတ်အရပါ
ရိုးသားမှု မရှိဟု ယုံကြည်ပါသဖြင့် ထိုကိစ္စအား လူကြီးမင်းမှ မည်သို့ ကိုင်တွယ်
ဆုံးဖြတ်ထားကြောင်း သိလိုပါသည်။
   မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား အနှစ် ၆၀ တိတိ ထိန်းချုပ်
စီမံခန့်ခွဲခွင့်ကို တရုပ်နိုင်ငံပိုင် ကုမ္ပဏီသို့ အပ်နှင်းရန်
လူကြီးမင်းတို့မှ သဘောတူ စာချုပ်ချုပ်ထားသည်ဟု ရေအားလျှပ်စစ် ဌာနမှ
အရာရှိတချို့ထံမှ သိရှိရပါသည်။ မြစ်ဆုံစီမံကိန်းဟာ စတင်လည်ပတ်ပြီး နှစ်ပေါင်း
ဘယ်လောက် အကြာမှာ မြန်မာပြည်အစိုးရရဲ့ စီမံခန့်ခွဲမှုအတွင်း အပြည့်အဝ
ရောက်လာပါမလဲဆိုတာ သိချင်ပါသည်။
   *ဘရာဇီးနိုင်ငံမှ ထုတ်လုပ်သော အရည်အသွေးမြင့် Siemens တာဘိုင်များကို တရုပ်
ကုမ္ပဏီမှ စီမံခန့်ခွဲ တပ်ဆင်သွားသော ရဲရွာ ရေအားလျှပ်စစ် ဓါတ်အားပေး စက်ရုံသည်
ဆည်အတွင်းမှာ ရေအပြည့်ရှိနေသော်လည်း တပ်ဆင်မှု အရည်အသွေး နိမ့်ကျခြင်းကြောင့်
စက်စွမ်းအားပြည့် မလည်ပတ်နိုင်ဖြစ်ကာ ဆည်ရေကို အလဟသ ဖောက်ချထားနေရတာ
ဝန်ကြီးမင်း သိရှိပြီး ဖြစ်မယ်လို့ ယုံကြည်ပါသည်။ *
   ထိုသို့ နည်းပညာနှင့် ကျင့်ဝတ်အရ ယုံကြည်စိတ်ချရန် ခက်ခဲသော တရုပ်နိုင်ငံမှ
ကုမ္ပဏီအဖွဲ့အစည်းများထံမှ နှစ်ပေါင်း ၆၀ အကြာမှ ပြန်လည် လက်ခံရရှိမည့်
အစားထိုးမရနိုင်သော ပြည်ထောင်စု အရင်းအမြစ် တခုကို မည်သည့် အကြောင်းကြောင့်
နှစ်ဦးနှစ်ဖက် ညီမျှသော အကျိုးအမြတ်ဖြင့် ခွဲဝေရန်ပင် မဆုံးဖြတ်ပဲ ထွက်လာမည့်
လျှပ်စစ်၏ ၁၀ ရာခိုင်နှုန်း၊ အမြတ်၏ ၃၀ ရာခိုင်နှုန်းနှင့်
အခွန်အကောက်တို့ဖြင့်သာ ၀န်ကြီးမင်းမှ မြန်မာပြည်ကိုယ်စား ကျေနပ်ခဲ့ရပါသလဲ
သိချင်ပါသည်။
   မြန်မာပြည်၏ မြောက်ဖက်ဖျားမှနေကာ ဧရာဝတီမြစ် တကြောလုံးရှိ
မြန်မာပြည်သူပြည်သားတို့၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်ဖျက်စီးပစ်နိုင်သော
စီမံကိန်းကြီးတခုအား တိုင်းတပါးလက်သို့ နှစ်ပေါင်းများစွာ ပေးအပ်လိုက်သော
လူကြီးမင်းတို့၏ ဆုံးဖြတ်ချက်သည် လူကြီးမင်းတို့ ကြွေးကြော်ခဲ့သော စီးပွားရေး
ဦးတည်ချက်များမှ "နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှု
စွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး"
ဟူသော အချက်ကို မည်သို့ အထောက်အကူ ဖြစ်ပါသလဲဆိုတာကိုလည်း သိချင်ပါသည်။
သူတ၀က် ကိုယ်တ၀က် ခွဲဝေ ယူရမည်ဆိုလျှင်ပင် တရုပ်ပြည်သူ့သမ္မတနိုင်ငံမှ
ရင်းနှီးမှုဟာ ပမာဏ များပြားသော ငွေကြေးသာ ဖြစ်ပြီး ရရှိမယ့် အကျိုးအမြတ်ကတော့
ကြီးမားသော စီမံကိန်းကြီးအား တရုပ်နိုင်ငံသားတွေမှ အကောင်အထည်ဖော်ခွင့်၊
စီမံခန့်ခွဲမှုနဲ့ နည်းပညာ အတွေ့အကြုံများ အပါအ၀င် စီမံကိန်းပြီးစီးပါက
ရရှိလာမည့် လျှပ်စစ်ဓါတ်အားများ ဖြစ်ပါသည်။
   မြန်မာနိုင်ငံမှ ရင်းနှီးမြုတ်နှံမှုကတော့ ဧရာဝတီမြစ်တကြောလုံးမှာ
ပြောင်းလဲသွားမယ့် ခန့်မှန်းရန် ခက်ခဲသော အပြောင်းအလဲများ၏
ကောင်းခြင်းဆိုးခြင်း အကျိုးသက်ရောက်မှုအားလုံးကို နှစ်ပေါင်းများစွာ
ခါးစည်းခံရမှာ ဖြစ်ပါသည်။ ရရှိလာမည့် အကျိုးအမြတ်ကတော့ လျှပ်စစ်ဓါတ်အား
အနည်းငယ်နဲ့ (မြစ်ဆုံစီမံကိန်းမှ မြန်မာပြည်အတွက် ရလာမည့်
လျှပ်စစ်ဓါတ်အားခွဲတမ်းမှာ ရဲရွာ စီမံကိန်းမှ ထုတ်လုပ်ပေးနေသော ပမာဏခန့်
ဖြစ်သည်) ပြည်သူနှင့် ဧရာဝတီအတွက် ဘယ်နေရာမှာ ပြန်လည်သုံးစွဲပေးမည်ဟု
မသိနိုင်သော အစိုးရဘတ်ဂျက်ထဲကို ၀င်သွားမည့် နိုင်ငံခြားငွေသန်း
တချို့ဖြစ်ပါတယ်။
မြန်မာပြည်ဖက်မှ ပေးဆပ်ရသော အရာများနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ်တို့မှာ
မထိုက်တန်ပါဟု လေးနက်စွာ ယုံကြည်ပါသည်။
   မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် အကျိုးရှိပါသည်ဟု မယုံကြည်သော
နိုင်ငံသား တဦး
   ၁၂ စက်တင်ဘာလ ၂၀၁၁
*Black_Xenon [MMCP] ရဲ့ Post ကို ပြန်လည်ကူးယူတင်ပြထားတာဖြစ်ပါတယ်။*
No comments:
Post a Comment