Saturday 22 October 2011

Fwd: ဒီမိုဝေယံ



---------- Forwarded message ----------
From: ဒီမိုဝေယံ <demowaiyen@gmail.com>
Date: 2011/10/22
Subject: ဒီမိုဝေယံ
To: burma.germany11@gmail.com


ဒီမိုဝေယံ


ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းပေးမယ်ဆိုရင် ကြမ်းကျွံတာနှုတ်လို့ရသလို စကားကျွံတာလည်း နှုတ်လို့ရပါတယ်.... သမ္မတကြီးခင်ဗျား...

Posted: 21 Oct 2011 01:49 PM PDT

၂၀၁၁ခုနှစ် ဇန္နဝါရီလ ၂၂ရက်နေ့က ရွေးကောက်ပွဲအပြီး ၂လကျော်အကြာ မြစ်ဆုံဆည် စီမံကိန်းသို့ ရောက်ရှိလာသည့် ဝန်ကြီးချုပ်ဦးသိန်းစိန်..

မြန်မာစကားပုံ ရှိပါသည် ကြမ်းကျွံသော် နှုတ်လို့ရသည် စကားကျွံသော် နှုတ်မရတဲ့...။ မြစ်ဆုံစီမံကိန်းကို ကတိအတိုင်း အကောင်အထည်ဖော်ဖို့ တရုတ်ဝန်ကြီးချုပ် ပြောတယ်ဆိုလို့..ပြီးခဲ့တဲ့လက ပြည်တွင်းပြည်ပ နာမည်ကြီးတဲ့ ဆရာတော်တပါးကို သွားရောက်ဖူးမျှော်ရင်းက ဆရာတော်နဲ့ စကားစပ်မိရင်းက မြစ်ဆုံဆည် အကြောင်းရောက် သွားပါတယ်...။ ဆရာတော်ဟာ လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်ကတည်းက မြစ်ဆုံဆည် စီမံကိန်းကို သွားရောက်လေ့လာခဲ့ပြီး.. လိုင်ဇာနဲ့ မချမ်းဘောအထိ ခက်ခက်ခဲခဲ သွားရောက်လေ့လာ ခဲ့တယ်လို့ ဆိုပါတယ်..။ ၁၀မိနစ်လောက်သာ စကားပြောခွင့်ရမယ်လို့ ဆိုထားပေမယ့် ပြောရင်းပြောရင်း ၁နာရီခွဲမက ကြာသွားပြီး နောက်နေ့ လေဆိပ်လိုက်ပို့တဲ့ အထိ ဆက်ဆွေးနွေးဖြစ်ခဲ့ပါတယ်..။

ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော် သူမြစ်ဆုံဆည်ကို ရောက်ရှိ လေ့လာခဲ့ချိန်မှာ တွေ့ရှိခဲ့တဲ့ အကြောင်းတွေကို ပြောဆိုတာကတော့.... မင်းတို့က အခုမှ မြစ်ဆုံကိစ္စကို ထအော်နေတာ ဘုန်းကြီးက လွန်ခဲ့တဲ့ ၁နှစ်ခွဲကတည်းက ရောက်ပြီးသိတာတွေကို တရားပွဲတွေမှာ ခဏခဏဟောပြောဖြစ်တယ်တဲ့..။ ဆရာတော် လွန်ခဲ့တဲ့ ၁နှစ်ခွဲ ရောက်ရှိစဉ်ကတည်းက ညညဆိုရင် ထရပ်ကားစီးရေ ၂၀၀ကျော်လောက် အစစ်အဆေးမရှိပဲ တရုတ်ပြည်ကို သယ်ပို့နေတာပါတဲ့...။ သူတို့လမ်းဖောက် ပေးတယ်ဆိုတာ... အရှေ့က လမ်းဖောက်တဲ့ ယန္တယားတွေက ဖောက်သွားပြီး အနောက်က သစ်လုံးတွေကို သယ်တဲ့ကားက တခါတည်း သစ်တွေတင်သွားတာ...။ နောက်တချို့ လမ်းဘေးက သူတို့မှာမရှိတဲ့ သစ်ပင်၊ သစ်ကြီးတွေဆိုရင်... အပင်လိုက် အမြစ်ကတူး နှုတ်ယူသွားပြီး ယူနန်မှာ ပြန်စိုက်တာ တောအုပ်တောင် ဖြစ်နေပြီလို့ ဆိုပါတယ်...။ 
မြစ်ဆုံဆည် စီမံကိန်း  အင်ဂျင်နီယာ ရုံးခန်းအတွင်း ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ တွေ့ရတဲ့ မြစ်ဆုံဆည် စီမံကိန်း မြင်ကွင်းနဲ့ မြစ်ဆုံ ကျောက်များ...
ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော်ဟာ မြစ်ဆုံကကျောက်တွေကို ကိုင်ကြည့်တာနဲ့ မည်သို့သော ကျောက်ဖြစ်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ဆိပါတယ်...။ ယခုမြစ်ဆုံ စီမံကိန်းမှာ ရှိသမျှ သက်နု၊ သက်ရင့်ကျောက်အားလုံး စမ်းသပ်ဖို့ဆိုပြီး ထိုစဉ်ကတည်းက တောက်လျှောက် သယ်ထုတ်နေတာပါတဲ့...။ အဓိက တရုတ်တွေ မျက်စိကျနေတာကတော့ မေခနဲ့ မလိခမြစ်ဆုံရာ အလယ်တည့်တည့်မှာ ဝဲတခုရှိတယ်လို့ဆိုပါတယ်..။ အဆိုပါဝဲနေရာဟာ ဇကာနဲ့စစ်တောင် ရွှေရတဲ့ နေရာဖြစ်လို့ဆိုပါတယ်..။ ရွှေရဲ့သဘော သိပ်သည်းဆများပြီး လေးတဲ့အတွက် အဆိုပါ.. မြစ်ဆုံဝဲရဲ့ အောက်ပိုင်းကို တရုတ်က အင်မတန်မှ လေ့လာစူးစမ်းဖို့အတွက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်...။  သဘောင်္တွေနဲ့ အဆိုပါဝဲအောက်ပိုင်းကို လေ့လာဆန်းစစ်မှု ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်..။ ဟိုတလောက ဘီဘီစီ သတင်းမှာ လွှင့်ထုတ်သွားတဲ့ တရုတ်မြေသယ်ကားတွေကို KIOမှ  စစ်ဆေးရာမှာ ကား(၃)စီးမှာ ရွှေတွေ သိမ်းဆည်းမိတဲ့ အကြောင်းကို အမှတ်တမဲ့ ကြားလိုက်မိပါတယ်..။ မြစ်ဆုံရေကာတာ မတည်ဆောက်ခင်မှာပဲ တရုတ်ဟာ ကချင်ပြည်နယ်မှ မြန်မာပြည်ရဲ့ အဖိုးတန်သစ်၊ ကျောက်၊ ရှားပါးပစ္စည်းတွေကို ညစဉ်ညစဉ် အစစ်အဆေးမရှိ သယ်ထုတ်ခွင့် ရနေတာနဲ့တင် အရင်းကြေနေပြီ ဖြစ်တဲ့အတွက် တို့တိုင်းပြည် မိအေးနှစ်ခါ နာနေရပြီလို့ ဆရာတော်မှ မချိတင်ကဲ ပြောဆိုသွားပါတယ်...။

ကျွန်တော်တို့ လက်ရှိမြစ်ဆုံဆည် စီမံကိန်းကို အမြဲမပြတ် စောင့်ကြည့်လေ့လာဖို့ လိုပါမယ်..။ ယခုတလော တရုတ်ရဲ့ မဆင်မခြင် မြန်မာအပေါ် အထက်စည်းက ပြောဆိုနေမှုဟာလည်း... သူခိုးကို သားမက်ထင်၊ သားမက်ကို သူခိုးထင်တဲ့ အာဏာရှင် ဗိုလ်သန်းရွှေရဲ့ ပြည်သူကို သူခိုးထင်၊ ရသမျှ အချောင်နှိုက်ယူမယ့် တရုတ်ကို သားမက်ထင်တဲ့ လုပ်ရပ်တွေကြောင့်ပါပဲ...။ ရိုင်းရိုင်းပြောရရင် အိမ်ခွေးမကောင်းလို့ ဧည့်ခွေး  နောက်ဖေးပေါက်က အိမ်ပေါ်တက်ပြီး ၂၃နှစ်လုံး စော်ကားခဲ့တာကို ဒီအတိုင်းကြည့်နေခဲ့ရတာ အဖြစ် အပျက်လိုပါပဲ..။ အောက်က ပုံတွေကို ကြည့်မယ်ဆိုရင် သမ္မတကြီးအနေနဲ့ မပြေးသော်လည်း ကန်ရာ၊ ကျွံရာရှိခဲ့ပါတယ်...။

မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းရဲ့ စီမံကိန်း ဧည့်ခန်းဆောင်ပါမချန်.. ဘယ်သူကို ဦးထိပ်ထားပြီး လုပ်ဆောင်နေတယ်ဆိုတာ ပုံပါအတိုင်း တွေ့မြင်ရမှာပါ..။ မြစ်ဆုံဆည် အဓိကတရားခံဟာ ဘယ်သူပါလဲ...။
ယခုတရုတ်ကုမ္ပဏီတွေနဲ့ တရုတ်အစိုးရက ထောက်ပြနေခဲ့တာလည်း ယခုသမ္မတကြီး ဦးသိန်းစိန် ယခုနှစ်(၁)လပိုင်းက မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ်မှာ ပြောကြားလမ်းညွှန်ခဲ့တဲ့  စီမံကိန်း သတ်မှတ်အချိန်ထက် စောပြီးအောင် အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ နှုတ်ကျွံ၊ လက်ကျွံခဲ့တာတွေကို တရုတ်ဖက်က ပြန်ထောက်နေတာလည်း တခုအပါအဝင်ပါပဲ..။
ပြီးနောက် မြစ်ဆုံဆည် စီမံကိန်း လုပ်ငန်းခွင်အား ဤသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ပါတယ်...
ယခင်နဝတ၊ နအဖလက်ထက် စီမံကိန်း လုပ်ငန်းခွင်တွေ သွားရောက်စစ်ဆေးစဉ်မှာ လုပ်ရိုးလုပ်စဉ်အတိုင်း၊ ပြောဆိုနေကြဖြစ်သည့် စီမံကိန်းကို သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးရန်၊ နိုင်ငံတော်၏ စေတနာကို နားလည်ပါ၊ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူအောင် တိုးတက်ဖွံ့ဖြိုးနေပါပြီ၊ လုပ်ငန်းခွင်ကို အရှိန်အဟုန်မြှင့် လုပ်ကိုင်ဆောင်ရွက်ကြပါ စတဲ့(၂၃)နှစ်လုံးလုံး ခေါက်ရိုးကျိုးနေတဲ့ ကြက်တူရွှေး နှုတ်တိုက် လမ်းညွှန်ချက်တွေနဲ့ အသားကျခဲ့တဲ့ အတွက် ကျွံခဲ့တဲ့စကားတွေကို နှုတ်မရဖြစ်နေပါပြီ။ ကိုယ့်လူမျိုးကို နှိမ်လိုက်၊ လိမ်လိုက်၊ နှပ်လိုက် လုပ်နိုင်ပေမယ့် အံ့တိုနေတဲ့ ကြောင်ခံတွင်းပျက် တိုင်းတပါးသား တရုတ်ကိုပေးခဲ့ ကတိစကားနဲ့ အရှိန်အဟုန်မပြတ် အားသွန်ခွန်ဆိုက် လုပ်ဆောင်ဖို့ ပြောခဲ့တဲ့ စကားတွေဟာ တရုတ်အတွက် ထောက်ပြစရာ အချက်တွေ ဖြစ်နေပါပြီ...။
စံပြကျေးရွာသို့ ရောက်ရှိစဉ်...
 ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတကြီးရဲ့ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ဖို့ အမိန့်ပေးခဲ့တာဟာ ပြည်သူတွေမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာပါ...။ မည်သို့ပင် တရုတ်အား နှုတ်ကတိ၊ လက်ကတိ တွေပေးခဲ့စေကာမူ သမ္မတကြီးအနေနဲ့  ပြည်သူ့တွေရဲ့ လိုလားတောင့်တ ချက်တွေကို အကောင်အထည် ပေးမယ်ဆိုရင်.. ပြည်သူတွေက သမ္မတကြီးကို အကာအကွယ် ပေးဖို့ဝန်မလေးပါပဲ..။

ယခု မြစ်ဆုံဆည်မံကိန်းကြောင့် ၅၀ရာခိုင်နှုန်းခန့် ရရှိနေပြီဖြစ်တဲ့ သမ္မတကြီးအနေနဲ့ လူထုထောက်ခံမှုကို ဒီထက်ပိုရဖို့၊ လက်ရှိ တရုတ်နဲ့ လက်နဲ့ရေးခဲ့တာကို သမ္မတကြီးအနေနဲ့ ခြေနဲ့ဖျက်ချင်ရင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးပြန်လွှတ်ပေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းကို ရဲရဲဝံ့ဝံ့လှမ်းခဲ့မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ သမ္မတကြီးဘက်က အပြည့်အဝ ထောက်ခံ ရပ်တည်ကာကွယ်ပေးဖို့ ဝန်မလေးပါဘူး..။ ထို့အတွက်ကြောင့် မြစ်ဆုံစီမံကိန်းမှာ နှုတ်ကျွံ၊ လက်ကျွံခဲ့တဲ့ သမ္မတကြီးအနေနဲ့ ပြည်သူ့ဆန္ဒကို ဖြည့်စွမ်းပေးမယ်ဆိုရင် တရုတ်မကလို့ တရုတ်အဖေနဲ့ ပြောခဲ့တဲ့ ကတိကဝက်ပဲဖြစ်ဖြစ် ကြမ်းကျွံတာနှုတ်လို့ရသလို စကားကျွံခဲ့တာကိုလည်း ကျွန်တော်တို့ ပြည်သူတွေ အင်အားနဲ့ နှုတ်ပေးဖို့၊ သမ္မတကြီးဘက်က ကာကွယ်ပေးဖို့ ဝန်မလေးပါဘူး.... သမ္မတကြီးခင်ဗျား...။

ဒီမိုဝေယံ...
You are subscribed to email updates from ဒီမိုဝေယံ
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment