Wednesday 12 October 2011






အာဏာရှင်လူမိုက်များ ကြီးစိုးရာ စင်င်္ကာပူ

» Posted on Jan 15, 2011 in ကိုယ်တွေ့ဖြစ်ရပ်, အတွေးအမြင် | 4,095 views
ပညာရှိတို့ ဆိုဆုံးမသော စကား တစ်ခွန်းတွင် လူတို့မှာ အရူးအမူး မမက်မောအပ်သည့် အရာ ၂ ခုရှိသည် ဟူ၏။ ထိုအရာ များမှာ ငွေ နှင့် အာဏာ တို့ဖြစ်ကြသည်။ ငွေကို မက်၍လည်း ငွေ၏ ကျေးကျွန် မဖြစ်ရာ၏။ အာဏာကို မက်၍လည်း အာဏာ၏ ကျေးကျွန် မဖြစ်ရာ၏ ဟုဆိုသည်။ ငွေကြောင့်လည်း မောက်မာ ရိုင်းပြခြင်း မရှိစေရ၊ အာဏာကြောင့်လည်း မောက်မာ ရိုင်းပြခြင်း မရှိစေရ။ ထိုအရာ ၂ မျိုးကို ရူးမူး မက်မောတတ် သူတို့သည်ကား ပညာမဲ့တို့သာ ဖြစ်ကြကုန်သည်ဟု ဆိုသည်။
ထိုစကားကို ပညာရှိသူများအားလုံးက လက်ခံပြောဆိုကြခြင်း ဖြစ်သည်။ ငွေကို အာသာငမ်းငမ်း အရှက်မရှိ သိက္ခာမရှိ မက်မောတတ်ကြသည့် စင်င်္ကာပူလူမျိုးများကို တွေ့ဖူးသဖြင့် မကြာမှီကပင် ငွေကျွန်လူသားများနှင့် ဝေးကွာခဲ့ခြင်း နှင့် ငွေကျွန်လူသား စင်င်္ကာပူရီယံများ ဆိုပြီး ပို့(စ်)များရေးခဲ့ပါသည်။ ယခုတစ်ခေါက် အာဏာကို မက်မောတတ်သည့် ပညာမဲ့ လူမိုက်တွေအကြောင်း ပြောရမည်ဆိုလျှင်လည်း Educated Society လို့ ကိုယ့်ဂုဏ်ကိုယ်ဖော် ချီးမွန်းနေသည့် စင်င်္ကာပူနိုင်ငံသား အရာရှိကြီးငယ်များ အကြောင်းကို ထည့်ပြောရပါဦးမည်။
ပညာရှိတို့ အနေဖြင့် အခွင့်အာဏာဆိုတာဟာ အများအကျိုးသယ်ပိုးဖို့ အတွက်ဟူ၍ နားလည်ကြပါသည်။ ပညာမဲ့ လူတန်းစားများသည်သာလျှင် အခွင့်အာဏာကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်တတ်ကြသည်။ ထိုသူများသည် အာဏာမက်သူ၊ အာဏာရူးသူများ ဖြစ်ကြသည်။ ထိုသူတို့ အတွက် အာဏာသည် လူတို့အား ဝန်ဆောင်မှုပေးရန်၊ ကူညီစောင့်ရှောက်ရန် မဟုတ်တော့ဘဲ အာဏာကို ပြ၍ ခြိမ်းခြောက်ခြင်း၊ ငွေရှာခြင်း၊ မောက်မာခြင်း၊ စသည့် ကိုယ်ပိုင်အခွင့်အာဏာအဖြစ် အသုံးပြုကြသည်။
နိုင်ငံတစ်နိုင်ငံကို သွားရောက်သည့်အခါ ပညာရှိတို့ နေထိုင်ရာ အရပ်၊ သို့မဟုတ် ပညာမဲ့တို့ နေထိုင်ရာ အရပ်ဆိုသည်ကို ထိုနိုင်ငံသို့ အဝင်မှာပင် တိုင်းတာကြည့်နိုင်သည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတစ်နိုင်ငံကို ဝင်တော့မည်ဆိုလျှင် ဦးစွာ ပထမ လူဝင်မှုကြီးကြပ်ရေး အရာရှိဆိုသူ အခွင့်အာဏာရှင် တစ်ဦးနှင့် မလွဲမသွေတွေ့ရတော့မည် ဖြစ်သောကြောင့်ပင် ဖြစ်တော့သည်။
မိမိသည် သြစတေးလျနှင့် အရှေ့အာရှ နိုင်ငံအတော်များများသာ ရောက်ဖူးသော်လည်း အနောက်ဥရောပနှင့် အမေရိကနိုင်ငံများသို့ မရောက်ဖူးသေးပါ။ မိမိကိုယ်တွေ့မှာမူ သြစတေးလျသို့ ဝင်ရောက်သည့်အခါ အစဉ်ပြေဆုံး အချောမွေ့ဆုံးဖြစ်ပါသည်။ မိမိမှာ သြစတေးလျနိုင်ငံကို ဝင်ချဉ်၊ ထွက်ချဉ် အကြိမ်ကြိမ်လုပ်ဖူးပါသည်။ ဝင်တိုင်း ထွက်တိုင်းတွင်လည်း မိမိကိုယ်တိုင် တွေ့ကြုံရသည့် အဖြစ်အပျက်များ နှင့်အတူ အခြား မိမိကဲ့သို့ ဝင်ထွက်သွားလာကြသည့် နိုင်ငံခြားသားများ ၏ တွေ့ကြုံကြရသည့် အဖြစ်အပျက်များကိုလည်း မြင်တွေ့ဖူးပါသည်။
သြစတေးလျသို့ လာရောက်သူတိုင်းအား ပြည်တွင်း မဝင်မှီတွင် လိုက်နာရန်လိုအပ်သည့် စည်းကမ်းချက်များကို လေယာဉ်ပေါ်တွင် သိရှိ နားလည်ကြောင်း လက်မှတ်ထိုးရသည့် စာရွက်များဝေပါသည်။ ထိုစာရွက်ပေါ်တွင် ရေးထားသည်များကို ကောင်းစွာ ဖတ်ရှုပြီး လက်မှတ်ရေးထိုးကာ လေဆိပ်တွင် ကြီးကြပ်ရေး အရာရှိများထံသို့ ပေးအပ်ရပါသည်။ အကယ်၍ မိမိက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသောကြောင့် နားမလည်ပါလျှင် မိမိ၏ မိခင်ဘာသာ စကားဖြင့် ဘာသာပြန် ရေးသားထားသည့် စာရွက်ကို တောင်းနိုင်ပါသည်။ ထိုစည်းကမ်းချက်များနှင့် ကိုက်ညီပါက ဘာမှ ပြဿနာမရှိပါ။
သြစတေးလျမှ ကြီးကြပ်ရေးအရာရှိများသည် သြစတေးလျနိုင်ငံသားများ ထုံးစံအတိုင်း အသားလွတ် ပြုံးရွှင်ပြီး မနေတတ်ကြသော်လည်း ခက်ထန်သောမျက်နှာထားမျိုးလည်း မရှိကြပါ။ သူတို့သည် ခပ်တည်တည် တန့်တန့်သာ နေတတ်ကြသလို နေကြသည်။ သို့သော် ရောက်လာသူတိုင်းကို သူတို့အနေဖြင့် "ဘယ်လိုလဲ" ၊ "နေကောင်းလား" ၊ "အစဉ်ပြေလား" စသည်ဖြင့် မေးမြန်းနှုတ်ဆက်လေ့ ရှိသည်။ အင်္ဂလိပ်လို သွက်သွက်လက် ပြန်ပြောနိုင်သူဆိုလျှင် သူတို့က ပါ့(စ်)ပို့ကို စစ်ဆေးနေချိန်မှာ အလာဘ၊ သလာဘ စကားများ ပြောတတ်ကြသည်။ (သြစတေးလျ နိုင်ငံသား အများစုသည် စကားတော့ အန်မတန်များကြသည်။) ထိုသို့ ပါ့(စ်)ပို့ကို စစ်ဆေးပြီးလျှင် မိမိယူဆောင်လာသည့် ပစ္စည်းများကို စစ်ဆေးခြင်း လုပ်သည်။
တရက်တွင် ကြီးကြပ်ရေးအဝင်ဝမှာ မိမိ၏ရှေ့ တန်းစီနေသော ကုလားလူမျိုးတစ်ဦးအား သူ့၏ပစ္စည်းများကို စစ်ဆေးစဉ် ကုလားပဲထုတ်များ ထွက်လာသဖြင့် ကြီးကြပ်ရေး အရာရှိများက သူ့အား အရေးယူရန် ဆောင်ရွက်ခဲ့သည်။ သြစတေးလျနိုင်ငံသို့ မည်သည့်အစားအသောက်ကိုမှ လေယာဉ်ဖြင့် သယ်ဆောင်လာခြင်း မပြုရပါ။ မသိ၍ သယ်ဆောင်လာခဲ့လျှင်လည်း ကြီးကြပ်ရေး ဂိတ်မတိုင်မှီမှာ ပစ်ခဲ့ရန် ညွန်ကြားထားသည်။ လေယာဉ်ပေါ်တွင် ပေးသည့် လက်မှတ်ထိုးရသည့် စည်းကမ်းချက်တွင်လည်း ရေးထားသည်။ ကုလားမှာ သူတို့ ထုံးစံအတိုင်း ဆင်ခြေဆက်လက်များဖြင့် ကြီးကြပ်ရေး အရာရှိကို ခေါင်းတစ်လှုပ်လှုပ်ပြကာ ငြင်းခုန်နေတော့သည်။ ကြီးကြပ်ရေး အရာရှိသည် ဥပဒေကို အေးအေးဆေးဆေး ကောင်းကောင်းမွန်မွန် ရှင်းပြသည်။ သို့သော် ထိုကုလားမှာ မရ။ အမျိုးမျိုးငြင်းခုံ နေတော့သည်။ ကြီးကြပ်ရေး အရာရှိမှာ သူ့ကို ကောင်းမွန်စွာ ဆက်ဆံနေသည်သိသော် ကုလားသည် အသံကျယ်လာတော့သည်။ ကြီးကြပ်ရေး အရာရှိကိုပင် သူက ဟိန်းလားဟောက်လား ပြန်လုပ်နေတော့သည်။ သြစတေးလျ ကြီးကြပ်ရေးအရာရှိက ကုလားကို အာဏာပြခြင်း၊ ခြိမ်းခြောက်ခြင်း မရှိသည့်အပြင် ကုလားအား သူ့အနေဖြင့် ကြီးကြပ်ရေးအရာရှိက ဆုံးဖြတ်ချက်ကို မကျေနပ်ပါက တရားရုံးသို့ တိုင်ကြားနိုင်ကြောင်း ကုလား၏ ရနိုင်သည့် အခွင့်အရေးများကိုရှင်းလင်း အသိပေးသည့် အပြင် ကုလားမှာ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်နေသဖြင့် မောပန်းနေပါသလား ဘာသောက်ချင်ပါလဲဟုပင် ပျူပျူဌာဌာပြန်လည်ဆက်ဆံပြီး သောက်ရေပင် သွားခတ်ပေးလိုက်သေးသည်။ ထိုအဖြစ်အပျက်ကို မြင်တွေ့ရသည့် မိမိမှာ အခွင့်အာဏာရှိသူများ အနေဖြင့် အခွင့်အာဏာအရ ဝတ္တရားနှောက်ယှက်မှုဖြင့် ခါးတွင်ချိတ်ထားသည့် လက်ထိပ်ဖြင့် တန်းလက်ထိပ်ခတ် အရေးယူ၍ ရနိုင်သည့်တိုင် တတ်အားသ၍ ကူညီရိုင်းပင်းရင်း တစ်ဖက်မှ ဥပဒေကို စောင့်ရှောက်တတ်သည့် သြစတေးလျမှ အာဏာပိုင်များကို လေးစားမိတော့သည်။
တစ်ရက်တွင်လည်း မိမိကိုယ်တိုင် သြစတေးလျတွင်ပင် လေဆိပ်လုံခြုံရေးက မသင်္ကာသဖြင့် စစ်ဆေးခံရဖူးသည်။ အဖြစ်မှာ မိမိသည် ဆံပင်ရှည်ရှည် မုတ်ဆိတ်မွေး ဘလဗြစ်နှင့် ရုပ်ရှင်မင်းသား ကျော်သူစတိုင် ဖမ်းကာ ခရီးသွားစဉ် မိမိအား အကြမ်းဖက်ပုံစံများ ပေါက်နေ၍လားမသိ ခေါ်စစ်ခံထိသည်။ ခေါ်စစ်ဆေးသည့် အခါ မိမိအား ယဉ်ကျေးသိမ်မွေ့စွာပင် သူတို့၏ စစ်ဆေးရေး အခန်းထဲသို့ ဖိတ်ခေါ်ပြီး၊ မိမိအား စစ်ဆေးလိုသည့် အကြောင်း ဦးစွာ သူတို့ကပင် ခွင့်တောင်းသေးသည်။ မိမိက အစစ်ဆေး မခံလိုပါကလည်း မည်သို့ မည်ပုံ မိမိမှာ အခွင့်အရေးရှိကြောင်း ရှင်းပြသေးသည်။ မိမိက "ရပါတယ်၊ စစ်ဆေးပါ" ဟု အစစ်ခံသည်။ ထိုအခါ သူတို့က မိမိလက်ဝါးကို ဖြန့်ခိုင်းပြီး သူတို့၏ စက်ကိရိယာ တစ်ခုဖြင့် တိုင်းတာခြင်း၊ မျက်လုံးကို မှန်ဘီလူးနှင့် ကြည့်ခြင်း စသည်များ ပြုလုပ်သည်။ တစ်ခုခြင်း စစ်ဆေးမည့် အခါတိုင်းလည်း ဘယ်လိုစစ်ဆေးမည်၊ ဘာအတွက်ဖြစ်သည်၊ စက်ကရိယာ သုံးလျှင်လည်း စက်ကိရိယာ၏ အလုပ်လုပ်ပုံ စစ်ဆေးချက် ထွက်ရှိသည့်ပုံများကို ရှင်းပြပြီး မိမိ၏ သဘောတူညီချက်ရမှသာ တစ်ခုခြင်း စစ်ဆေးခြင်း ဖြစ်သည်။ (တိုက်တိုက်ဆိုင်ဆိုင် ထိုစစ်ဆေးသူသည် နောက်ဆုံး အကုန်စစ်ဆေးပြီး မိမိအား သွားနိုင်ပါပြီလို့ ပြောပြီးနောက်၊ နောက်ဆုံးမှ "ကျေးဇူးတင်ပါတယ်" ဟု မြန်မာလေသံနှင့် ပီပီသသ ပြောလိုက်ရာတွင် ထိုလုံခြုံရေး အရာရှိဖြစ်သူသည် သြစတေးလျတွင် မြန်မာမိဘများမှ မွေးဖွားကြီးပြင်းလာသူ ဖြစ်ကြောင်း သိလိုက်ရသည်။)
ဤသို့ဖြင့် သြစတေးလျတွင် အာဏာကို အသုံးပြုသည့် အရာရှိကြီးငယ် မှန်သမျှတို့သည် ပြည်သူလူထုအား ကူညီစောင့်ရှောက်ရန် ဟူသည့် အသိဖြင့် ဥပဒေနှင့် ကိုက်ညီအောင် တည့်မတ် ဝန်ဆောင်ပေးနေသည်ဟု ခံယူကြပြီး လူထုအား စောင့်ရှောက်မှုပေးနေကြသည်ဖြစ်ပြီး၊ မိမိ သြစတေးလျမှာ နေထိုင်လျှက်ရှိသမျှ ကာလတစ်လျှောက်လုံးတွင် တစ်ခါဖူးမှ အာဏာပြခြင်း၊ ခြိမ်းခြောက်ခြင်းပြုလုပ်ကြသည့် အာဏာပိုင် တစ်ဦးတစ်လေကိုပင် မတွေ့ဖူးသေးပါ။
တစ်ချိန်က မိမိစင်င်္ကာပူနိုင်ငံတွင် နေထိုင်စဉ်ကဖြစ်သည်။ မိမိ၏ မိခင်နှင့် ညီမငယ်ကို စင်င်္ကာပူသို့ အလည်လာရန် ဖိတ်ခေါ်ပြီး၊ သူတို့ရောက်ရှိစဉ် မိမိ၏ကားဖြင့် ကိုယ်တိုင်မောင်းပြီး သူတို့အား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တစ်ညအိပ် ခရီးလိုက်ပို့သည်။ သူတို့သည် မိမိက ဖိတ်ကြားချက်အရ လာရောက်ကြသဖြင့် စင်င်္ကာပူနိုင်ငံသို့ အဝင်အထွက် တစ်လအတွင်း လုပ်နိုင်သည့် ဗီဇာ မြန်မာနိုင်ငံမှ ရခဲ့ကြသည်။ သူတို့ ရောက်ရောက်ချင်းမှာလည်း စင်င်္ကာပူတွင် ရက်ပေါင်း ၃၀ နေထိုင်ခွင့် ဗီဇာကို လေဆိပ်မှ ပေးလိုက်သည်။ သူတို့ရောက်ပြီး တစ်ပတ်အတွင်းမှာပင် မိမိက မလေးရှားသို့ လိုက်ပို့ခြင်းဖြစ်သည်။ မလေးရှားမှ အပြန် စင်င်္ကာပူသို့ ပြန်အဝင်တွင် ကားပေါ်အတူပါသည့် မိမိ၏ မိခင်နှင့် ညီမအား ဗီဇာ မပေးနိုင်ဖူးဟူ၍ စင်င်္ကာပူ လူဝင်မှုကြီးကြပ်ရေးမှ ပြောတော့သည်။ မိမိက အဘယ်ကြောင့် မပေးနိုင်သလဲ၊ သူတို့မှာ ပြည်ဝင်ခွင့် ဗီဇာ အဝင်အထွက် တစ်လရှိနေသေးကြောင်း၊ မနေ့ကပင် စင်င်္ကာပူမှ ထွက်ပြီး မလေးရှားသို့ သွားလည်ပြီး ယနေ့ပြန်လာသည့်အကြောင်း ပြောရာတွင်၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိက သူ့အနေဖြင့် ဗီဇာကို မပေးလိုက မပေးနိုင်သည့် အခွင့်အာဏာရှိကြောင်း စတင် အာဏာပြလေတော့သည်။ ထို့အပြင် သူက မိမိ၏ မိခင်နှင့် ညီမသည် ခရီးသွားဧည့်သည်များ အဖြစ်သူမယုံကြည်ကြောင်း စင်င်္ကာပူတွင် ဗီဇာအဝင်အထွက်လုပ် သက်တမ်းတိုးနေရန် ရည်ရွယ်ချက်ဖြင့် မလေးရှားသို့သွားသည် ဖြစ်ကြောင်း စွပ်စွဲလေတော့သည်။ ထိုစဉ်က မိမိမှာ စင်င်္ကာပူနိုင်ငံတွင် ကိုယ်ပိုင် ကုမ္မဏီလုပ်ငန်းတည်ထောင် ရင်းနှီးမြှပ်နှံ လုပ်ကိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ၏ မိခင်နှင့် ညီမသည်လည်း သူတို့ စင်င်္ကာပူမှာ တစ်လထက်ပို ကြာရှည်နေလိုပါလျှင် မိမိအနေဖြင့် သူတို့အား ဗီဇာလျှောက်ပေးနိုင်သည်။ ထို့အပြင်မှ သူတို့အတွက် ဗီဇာတိုးဖို့ လိုသည်ဖြစ်စေမည် ဆိုပါလျှင်လည်း သူတို့ဗီဇာ သက်တမ်းကုန်ခါနီးမှသာ မလေးရှားသို့ထွက်ပြီး ပြန်ဝင်သက်တမ်းတိုးခြင်းသည်သာ ယုတ္တိတန်ဦးမည်။ ယခုမှာမူ အသားလွှတ်အာဏာပြပြီး ဟိန်းဟောက်နေသဖြင့် သူ့အထက်အရာရှိနှင့် စကားပြောရန် မိမိက ပြောတော့သည်။ တစ်ခါ သူ့အထက်အရာရှိကလည်း စတွေ့တွေ့ခြင်းပင် သူ့အား ရှိန်အောင်ပုံစံမျိုး စတင် ဟိန်းဟောက်ပြီး မိမိ၏ မိခင်နှင့် ညီမအား လေယာဉ်ကွင်းသို့ပို့၍ ချက်ခြင်း ပြန်ပို့ခွင့်ရှိသည်ဟု အာဏာပြ ခြိမ်းခြောက်ပြန်သည်။ ထိုအခါမှာ မိမိသည် အတန်ဒေါသထွက်သွားသည်။ အဲဒီအချိန်မှာ စင်င်္ကာပူ၏ ဥပဒေများအရ နှင့် သူတို့၏လုပ်နည်းလုပ်ဟန် မှားယွင်းနေသည်များကို တစ်ခုခြင်း ထောက်ပြပြီး မိမိအနေဖြင့် ချက်ခြင်း တရားစွဲ အရေးယူပေးရန် မိမိရှေ့နေထံသို့ ယခုပင် ဖုန်းဆက်မည်ဟု မိမိ၏ လက်ကိုင်ဖုန်းကို ထုတ်လိုက်သည့်အခါမှ မလျှော့သေးသော နောက်ဆုံးလေသံဖြင့် ဤနေရာလက်ကိုင်ဖုန်း အသုံးပြုခွင့်မရှိဟု ဆိုပြီး မိမိ၏မိခင်နှင့် ညီမအား သူတို့ စင်င်္ကာပူသို့ ဦးစွာ ဝင်ရောက်ခဲ့စဉ်က လေဆိပ်မှ ပေးလိုက်သည့် နေ့စွဲအတိုင်း ဗီဇာထုတ်ပေးလိုက်တော့သည်။
ဤသို့ဖြင့် စင်င်္ကာပူ အာဏာပိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ဖြစ်ပျက်ခဲ့သည်ကို အထက်ဖော်ပြခဲ့သည့် သြစတေးလျ လူဝင်မှုကြီးကြပ်ရေး (သြစလေးလျှအဝင်တွင် ပါ့(စ်)ပို့နှင့် ဗီဇာစစ်ဆေးသူများသည် လူဝင်မှုကြီးကြပ်ရေးမှ မဟုတ်ကြဘဲ နယ်ခြားကြီးကြပ်ရေး "Customs" များဖြစ်ကြသည်) နှင့် နှိုင်းယှဉ်ကြည့်လျှင် အာဏာပိုင်တို့၏ အာဏာကို သုံးစွဲပုံ ကွာခြားချက်ကို တွေ့မြင်နိုင်ပေသည်။
အထက်ပါ အကြောင်းများသည်ကား မိမိ၏ ကိုယ်တွေ့အဖြစ်အပျက်ကို သက်သေပြ တင်ပြခြင်း ဖြစ်သည်။ အမှန်တကယ် အခြား အကြောင်းအချင်းအရာများကို လေ့လာပါကလည်း စင်င်္ကာပူနိုင်ငံသည် အာဏာကို မက်မောသည့် အာဏာရှင်များ ဟုတ်မဟုတ်ကို သူတို့၏ နိုင်ငံရေးကို အတွင်းနက်နက် လေ့လာကြည့်လျှင် သိနိုင်ပါသေးသည်။ စင်င်္ကာပူနိုင်ငံတွင် ၁၉၅၉ခုနှစ် အထွေထွေရွေးကောက်ပွဲမှ ယနေ့တိုင် လီကွန်ယု နှင့် သူ၏ သားစဉ်မြေးဆက် အုပ်ချုပ်လာခဲ့သည့် အာဏာရ အစိုးရသည် မကြာမှီက ၂၀၀၆ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲ စီစဉ်မှု အကြောင်းရှာပြီး အတိုက်အခံများအား စိတ်ပျက်အောင် ပြုလုပ်ကာ အတိုက်အခံများအား လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်တားမြစ်ပြီး၊ အသားရေပျက်အောင် ပြုမူပြောဆိုပါက အရေးယူမည်ဟု ခြိမ်းခြောက်သည့် ဖြစ်စဉ်များကို ကြည့်လျှင်လည်း ဒီမိုကရေစီ အမည်ခံ၊ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံ စင်င်္ကာပူသည် အာဏာရှင် စံနစ်ကို ခိုးကြောင်ခိုးဝှက် ကျင့်သုံးနေသည်မှာ မြင်တွေ့နိုင်သည်။ ထို့အပြင်လည်း နိုင်ငံရေးနှင့် ပတ်သက်ပြီး စင်င်္ကာပူနိုင်ငံသည် သြစတေးလျနှင့် နှိုင်းယှဉ်လျှင် သြစတေးလျတွင် အတိုက်အခံခေါင်းဆောင်နှင့် အာဏာရ ခေါင်းဆောင်တို့ လွတ်လပ်စွာ စကား စစ်ထိုးကြသည်များ၊ ပါလီမာန်တွင် အခြေအတင်ငြင်းခုံ ပြောဆိုကြသည်များ၊ နှင့် မည်မျှကွာခြားသည်ကို စာရေးရလျှင် စာတစ်အုပ် ဖြစ်သွားနိုင်သည်။
မည်သို့ဖြစ်စေ၊ ဤခေါင်းစဉ်ပါ အကြောင်းအရာကို ပြန်လည် ဆွဲယူအနှစ်ချုပ်ရလျှင် အာဏာကို မက်မောခင်တွယ်ပြီး ကိုယ်ကျိုးစီးပွား အလို့ဌာ အနည်းသော်လည်းကောင်း၊ အများသော်လည်းကောင်း အလွဲသုံးသူများသည်ကား အကယ်စင်စစ် ပညာမဲ့ လူမိုက်များဟု ဆိုသကဲ့သို့ စင်င်္ကာပူနိုင်ငံသည်လည်း အထင်ကြီးစရာမရှိသည့် အာဏာမက်သူ အာဏာရှင် လူမိုက်များအုပ်ချုပ်ရာ အရပ်ဒေသပင် ဖြစ်သည်ကို ဤအကြောင်းအရာများက သက်သေပြနေပါတော့သည်။

No comments:

Post a Comment