Wednesday 12 October 2011





မျောက်မကြီးနဲ့ တူတဲ့ စင်င်္ကာပူ

» Posted on Jan 26, 2011 in ကိုယ်တွေ့ဖြစ်ရပ်, အတွေးအမြင် | 3,575 views
စင်င်္ကာပူ အကြောင်းနဲ့ ပတ်သက်လို့ မိမိ၏ အမြင်၊ အတွေ့ အကြုံများကို ဤဆိုဒ်ပေါ်မှာ အတော်များများ ရေးပြီးပါပြီ။ စာဖတ်သူ များရဲ့ ဝေဖန် တုံ့ပြန်ချက် အမျိုးမျိုးကိုလည်း ဖတ်ရပါတယ်။ အများစုက မိမိဟာ စင်င်္ကာပူကို မုန်းတီးသူ၊ စင်င်္ကာပူနဲ့ အစဉ်မပြေသူ ဖြစ်သည့် အတွက် စင်င်္ကာပူရဲ့ မကောင်းကြောင်းများ ဖော်ထုတ် ရေးသားသည်ဟု ယူဆကြတာ တွေ့ရပါတယ်။ ဒီပို့(စ်)မှာ မိမိ ဘာကြောင့် စင်င်္ကာပူ အကြောင်း မကောင်းတာတွေကို ဒီနေရာကနေ ထုတ်ဖော်နေသလဲ ဆိုတဲ့ အများရဲ့ သံသယကို ပြည့်ပြည့်စုံစုံ ရှင်းပြချင်ပါတယ်။
မိမိဟာ ၁၉၈၅ ခုနှစ်မှာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကျောင်းတက်ဖို့ ထွက်ခွာလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘန်ကောက်ဟာ မြန်မာပြည်နဲ့ အတော်ကွာပါတယ်။ အိမ်သာထဲမှာ အလိုအလျှောက် လက် အခြောက်ခံတဲ့ စက်ကို မိမိ အနေနဲ့ ဘန်ကောက် လေယာဉ်ကွင်းက အိမ်သာထဲမှာ အရင်ဆုံး စတွေ့ဖူးတာပါ။ မြန်မာပြည်မှာ မတွေ့ဖူးသေးပါဖူး။ မိမိမှာ မသုံးတတ်လို့ အရှက် ကွဲရ ပါသေးတယ်။ မြန်မာပြည်မှာ စက်လှေကား တစ်ခါမှ မမြင်ဖူးသေးပါဖူး။ ဘန်ကောက် လေယာဉ်ကွင်းမှာ စက်လှေကားကို အရင် စပြီး စီးဖူးတာပါ။ အဲဒီလို ကိုယ့်နိုင်ငံနဲ့ အရမ်းကွာတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ခဲ့တယ် ဆိုရင်ဘဲ၊ သူတို့ကို အလွန် အထင်ကြီးပြီး၊ သဘောကျခဲ့ပါတယ်။ ထိုင်းမှာ မိမိဟာ ၁၉၈၈ ခုနှစ် အထိနေခဲ့ပြီး မြန်မာပြည် ပြန်လာတော့ မနေတတ်သလို ဖြစ်ခဲ့ရပါတယ်။ အဆင်လည်း မပြေခဲ့ပါဖူး။ ဒါနဲ့ဘဲ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး နေတော့မယ် ဆုံးဖြတ်ပြီး ၁၉၉၀ မှာ စင်င်္ကာပူကို ပထမဦးဆုံး ရောက်ခဲ့ဖူးပါတယ်။ စင်င်္ကာပူ ရောက်တဲ့အခါမှာ ဘန်ကောက်နဲ့ အတော်ကွာ ခြားသွားတာ တစ်ခါ ထပ်တွေ့ရပါတယ်။ ရန်ကုန်မြို့ နဲ့ ဘန်ကောက် ကွာသလောက် နီးပါးကို၊ ဘန်ကောက်နဲ့ စင်င်္ကာပူက ကွာသွားပါတယ်။ စင်င်္ကာပူမှာ အလုပ်လုပ်ရတာလည်း ဘန်ကောက်ထက် အများကြီး အစဉ်ပြေခဲ့ပါတယ်။ နောက် တစ်ခြားနိုင်ငံတွေ ဖြစ်တဲ့ ဟောင်ကောင်၊ မကာအို တို့ကို ဆက်သွားဖြစ်ခဲ့ သော်လည်း စင်င်္ကာပူလောက် မနှစ်သက်ခဲ့ပါဖူး။ စင်င်္ကာပူဟာ သန့်ရှင်းတယ်၊ လူတိုင်းကို အင်္ဂလိပ်လို ပြောလို့ရတယ်၊ တရားဥပဒေ စိုးမိုးမှု ရှိတယ် စသည်ဖြင့် စင်င်္ကာပူကို နှစ်သက်ခဲ့ရတာပါ။ အဲဒီတုန်းကဆို ထိုင်း ဆိုတာ မြန်မာပြည်နဲ့ သိပ်မကွာတော့သလို ခံစားရလိုက်ပါတယ်။ မိမိ မြန်မာပြည် ပြန်စီးပွားရေး လုပ်တဲ့ အခါလည်း စင်င်္ကာပူနဲ့ဘဲ အဆက်အသွယ်ယူ ပြီး အများဆုံး လုပ်ဖြစ်ပါတယ်။ နောက်ဆုံး မိမိ သြစတေးလျမှာ လုပ်ငန်း တိုးချဲ့ဖို့ စစ်ဒနီမြို့ကို ရက်ပေါင်း ၂၀ လောက် ပထမ လာရောက် လေ့လာတဲ့ အခါမှာ စင်င်္ကာပူနဲ့ တင်မကဖူး မိမိရောက်ဖူးခဲ့ သမျှ အာရှနိုင်ငံတွေနဲ့ အရာရာဟာ အတော်ခြားနားတာကို တွေ့ရပါတယ်။ နောက်ပိုင်း ဆစ်ဒနီ မှာ တစ်နှစ်လောက် အခြေပြု နေလိုက်တဲ့ အခါမှာတော့ တကယ့် လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ ဆိုတဲ့ အရသာကို ကောင်းကောင်းကြီး ခံစား သိလိုက်ရပါတယ်။ ဒီနိုင်ငံမျိုးကိုမှ လူတွေ နေတဲ့နိုင်ငံလို့ ဆိုသင့်ပါလား ဆိုတဲ့ အမြင်လည်း ခေါင်းထဲ ဝင်လာပါတယ်။ ဒါကို မိမိအနေနဲ့ စင်င်္ကာပူမှာ ရောက်နေကြတဲ့ မြန်မာတွေရော၊ စင်င်္ကာပူနဲ့ အကြောင်းတစ်မျိုးမျိုး ဆက်သွယ်နေ၊ ဆက်သွယ်ဖို့ ရှိနေကြသူတွေကို ရောပါ သိစေ၊ မြင်စေချင်တဲ့ ဆန္ဒနဲ့ စင်င်္ကာပူ အကြောင်းတွေကို သြစတေးလျနဲ့ နှိုင်းယှဉ်ပြပြီး မိမိထုတ်ဖော် ရေးသားတာ ဖြစ်ပါတယ်။ သို့သော် စင်င်္ကာပူ ကို မကောင်း အမြင်နဲ့ ရေးတဲ့လို့ ထင်ကြသူများ အတွက်တော့ မိမိ ဇာတ်လမ်းလေး တစ်ပုဒ် ပြောပြချင်ပါတယ်။
ဗုဒ္ဓရှိစဉ် အခါက ဗုဒ္ဓဟာ သူရဲ့ ညီတော် နန္ဒကို ရဟန်းပြုပြီး ဝိပဿနာကို အားထုတ် စေချင် ခဲ့ပါတယ်။ သို့သော် ညီတော် နန္ဒက သူ့ရဲ့ ဇနီးကို အလွန် ချစ်မြတ်နိုး လှတာကြောင့် မခွဲနိုင် မခွာရက်လို့ ရဟန်း မဝတ်ပါဖူး။ သူ့ဇနီး ကလည်း အတော်ချော အတော်လှ ဆိုတာကိုး။ ဒါနဲ့ ဗုဒ္ဓက သူ့ညီတော်ကို တောထဲ ခေါ်သွားပြီး မျောက်မကြီး တစ်ကောင်ကို ပြပါတယ်။ ပြီးတော့ ဗုဒ္ဓက သူ့ညီတော်ကို "ညီတော်ရဲ့ ဇနီးမယားက အလွန် ချောလှပြီး ချစ်မြတ်နိုးစရာ ကောင်းတယ် လို့သာ ညီတော်က ဆိုတာ၊ ငါကတော့ အဲဒီ မျောက်မကြီး နဲ့ အတူတူလို့ဘဲ လို့ မြင်ပါတယ်" လို့ပြောလိုက်တော့ ညီတော် နန္ဒက ဒီလောက် ချောလှပြီး၊ မြင်သူတိုင်း ငေးကြည့်ရ လောက်တဲ့ ငါ့ရဲ့ ဇနီးမယားကို ဗုဒ္ဓက တောထဲက မျောက်မကြီးနဲ့များ နှိုင်းရမလား ဆိုပြီး ဗုဒ္ဓကို အရမ်း စိတ်ဆိုးသွားတယ်။ ဒါကို သိလိုက်တဲ့ ဗုဒ္ဓဟာ တစ်ရက်မှာ ညီတော် နန္ဒကို သူ နတ်ပြည်သွားပြီး တရားဟောဖို့ ရှိတယ်၊ အဲဒါ လိုက်ခဲ့ပါလား ညီတော်လို့ ခေါ်တယ်။ ညီတော် နန္ဒလည်း နတ်ပြည်ကို ရောက်ဖူးချင် တာကြောင့် ဗုဒ္ဓကို မှီပြီး လိုက်ပါသွားခဲ့တယ်။ နတ်ပြည်ရောက်တော့ နတ်သမီးလေးတွေ ချောတာ လှတာကို မြင်ရပြီး ညီတော် နန္ဒက အရမ်း သဘောကျ သွားတယ်။ ဒါနဲ့ သူ့တိုင်းပြည် ပြန်ရောက်တဲ့ အခါလည်းကျရော သူ့ ဇနီးကို တွေ့လိုက်ရတဲ့ အခါ နတ်သမီးတွေနဲ့ အလွန်တမင်း ကွာခြား တာကြောင့် သူ့အမြင်မှာ ဗုဒ္ဓပြခဲ့တဲ့ တောထဲက မျောက်မကြီးလိုကို အကျဉ်းတန်လှ ပါလားလို့ မြင်သွားတော့ တာပါဘဲ။ ဒါနဲ့ဘဲ သူ့ရဲ့ ဇနီးအပေါ် စွဲလမ်းမှု ကုန်ခမ်းပြီး ရဟန်းဝတ် လိုက်ပါတော့တယ်။
ဒီလိုပါဘဲ မိမိအနေနဲ့က၊ တကယ့် စစ်မှန်တဲ့ လူအခွင့်အရေးနဲ့ ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုမှာ အခြေချ နေထိုင်လာရတဲ့ အရသာကို သိရှိခံစားရတဲ့ အခါ၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်က လူတွေလည်း မိမိလို ခံစား ဖူးအောင်၊ စင်င်္ကာပူ လောက်မှာတင် သံယောဇဉ် မတွယ်နေဘဲ ထပ်ပြီး ကြိုးစားပြီး တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ အခြေချဖို့ စဉ်းစားဖြစ်အောင်၊ စင်င်္ကာပူကို မကောင်း အမြင်နဲ့ ရေးတာ မဟုတ်ဘဲ မိမိရဲ့ ရိုးရိုးအမြင်နဲ့ အထက်က ဇာတ်လမ်းလေး အတိုင်း မျောက်မကြီးနဲ့ တူပါတယ် ဆိုခဲ့ သလိုမျိုး ဖော်ထုတ် ရေးသားခဲ့ရတာပါ။ ဘာဘဲ ဖြစ်ဖြစ် မိမိ အမြင်ကို လက်ခံရန် တိုက်တွန်းခြင်း အလျဉ်းမရှိဘဲ၊ ရှုထောင့်တစ်ခုက မြင်တဲ့ အမြင်ကို လေ့လာ နိုင်ရန် တင်ပြရင်းနဲ့ ဒီပို့(စ်)ကို မျောက်မကြီးနဲ့ တူတဲ့ စင်င်္ကာပူလို့ တင်စား အမည်တပ် လိုက်ပါရစေ။
(ပြင်ဆင်ချက်။ ဗုဒ္ဓ၏ ပုံပြင်ဇာတ်တော်မှာ ပါသည့် ညီတော် နန္ဒကို အရင်က အာနန္ဒာလို့ မှားဖော်ပြခဲ့ပါတယ်။ စာဖတ်သူများက အောက်မှာ ထောက်ပြကြလို့ ပြင်ဆင်လိုက်ပါတယ်။ ထောက်ပြ ပေးကြတဲ့ စာဖတ်သူများကို အထူး ကျေးဇူးတင်ရှိပါသည်။)


No comments:

Post a Comment