Wednesday 12 October 2011








ရှေ့နေ ကြားရပ်

» Posted on Jan 16, 2011 in ကိုယ်တွေ့ဖြစ်ရပ် | 529 views
မိမိ နိုင်ငံခြား တိုင်းပြည်များသို့ ရောက်ဖူးပြီးသည့် အခါတွင် မည်သည့် နိုင်ငံတွင်မဆို ရှေ့နေကြီးများသည် ရုံးခန်း သားသားနားနား နှင့် ခန့်ခန့် ငြားငြား ရှိကြသည်ကို သတိပြုမိသည်။ သူတို့သည် အတော်လည်း ဝင်ငွေ ကောင်းကြပုံပေါ်သည်။ အမှုသည် တစ်ဦးနှင့် စတင်စကား ပြောဆိုပြီ ဆိုလျှင်ပင် နာရီ အလိုက် ငွေယူကြသည်။ မိမိသည်လည်း ရန်ကုန် တက္ကသိုလ်တွင် ဥပဒေ အထူးပြု နောက်ဆုံးနှစ် အထိ စာမေးပွဲ ဖြေဆိုခဲ့ဖူးသဖြင့်၊ ထိုစဉ်က ရှေ့နေပညာရပ်၏ လက်တွေ့အသုံးချပုံကို စိတ်ဝင်စားခဲ့သည်။

ကောသလမင်းကြီး၏ အိပ်မက်ကို သရုပ်ဖော်ထားပုံ
၁၉၈၈ နောက်ပိုင်း၊ မိမိ မြန်မာပြည်သို့ တစ်ခေါက် ပြန်ရောက်ခဲ့ပြီး တစ်ရက်တွင် မိမိ၏ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးက ရှေ့နေဖြစ်သွားပြီး သူနှင့် အမှတ်မထင် လမ်းတွင် တွေ့ဆုံရာမှ သူသွားရန်ရှိသည့် တရားခွင်ကို လိုက်ပါသွားခဲ့ဖူးသည်။ ထိုစဉ်က ကမ်းနားလမ်းရှိ ရုံးကြီးတစ်ခု၏ အပေါ်ထပ်တွင် အမှုတစ်ခု စစ်ဆေးကြားနာသည်ကို ကိုယ်တွေ့မြင်တွေ့ ခဲ့ရသည်။ တရားခွင်တွင် တရားသူကြီးကလည်း အဓိပ္ပါယ်မရှိသည့် အကြောင်းများကို မေးသည်၊ ရှေ့နေများကလည်း ပေါက်တတ်ကရ ပြောကြသည်။ တရားခွင် အပြီးတွင် သူငယ်ချင်းအား "မင်းတို့ဟာကလည်း ဘာတွေမှန်းလဲ မသိဖူး၊ လူပျက်တွေလိုလို၊ ပေါတောတော တစ်ခန်းရပ် ပြဇာတ်လိုလို၊ မင်းလည်း အဲသည်လောက် အသုံးမကျတာ ငါခုမှ သိတော့တယ်ကွာ" ဆိုပြီး သူ့ကို နှိပ်ကွပ် လှောင်ပြောင်တော့သည်။ အဲဒီမှာ သူက "ငါ့သူငယ်ချင်း မင်းက ခုမှ မြန်မာပြည် တစ်ခေါက်ပြန်ရောက်တာ သိပ်မကြာသေးလို့ မသိတာ၊ အဲဒီမတိုင်ခင်ထဲက ဘာတွေလုပ်ကြမယ် ဆိုတာ တရားသူကြီးနဲ့ ရှေ့နေနဲ့ အမှုသည်နဲ့ ဇာတ်တိုက်ပြီး လိုအပ်တဲ့ အပေးအယူတွေ လုပ်ပြီးကြပြီ၊ ဒါက ရုံးသဘောအရ ပြောချင်တာပြော၊ ဆိုချင်တာ ဆိုတဲ့ ကဏ္ဍပါကွာ၊ လာပါ မင်းမသိပါဖူး" ပါဆိုပြီး ခေတ္တ စကားဖြတ်ကာ သူတို့ရုံးအောက်က အစားအသောက် ဆိုင်တန်းကြီးမှာ နေ့လည်စာ စားခဲ့ကြတော့သည်။
ပြန်လည် စကားဆက်သည့်အခါမှာ – မြန်မာပြည်မှာ တရားမမှု ဖြစ်စေ၊ အချို့သော ပြစ်မှုများဖြစ်စေ၊ တရားလိုနဲ့ တရားခံ နှစ်ဦး ဖြစ်ကြသည့် အခါ၊ အမှုကို ကိုယ်တွယ်သည့် တရားရုံးနယ်မြေမှာ တရားသူကြီးတွေနဲ့ အဆက်အသွယ်ရှိသည့် ရှေ့နေကို ဌားရမ်းရသည် ဟုဆိုသည်။ ထိုအခါ ရှေ့နေက မိမိ အမှုသည်နှင့် တရားသူကြီးအကြား ပွဲစားသဘောမျိုး ငွေညှိပေးရသည်။ ထိုသို့ ဆောင်ရွက်ခအတွက် ရှေ့နေသည် ရှေ့နေခ ရသည်ဆိုသည်။ အချို့ရှေ့နေများကလည်း ရှေ့နေခလည်းယူ တရားသူကြီးကို ပေးသည့် ငွေမှလည်း ကော်မရှင် ထပ်ယူကြသေးဟု ဆိုသည်။ "မျက်ဖြူစိုက်လေ သမားကြိုက်လေ" ဆိုသလို အမှုသည်ကများ ထိတ်လန့်တကြား ဖြစ်နေချိန် ဆိုပါက၊ ရှေ့နေနှင့် တရားခွင် ဝန်ထမ်းများ အတွက် "ခွင်" ဖြစ်ပြီလို့ သူက ဆိုသေးသည်။

ကောသလမင်းကြီး၏ အိပ်မက်ကို အဓိပ္ပါယ်ဖွင့်ဆိုထားပုံ
တစ်ခါကလည်း အဖြစ်အပျက် တစ်ခုကို ကြားသိရ သေးသည်။ ရန်ကုန်မြို့ ကမာရွတ် မြို့နယ်တွင် မိခင်၏ သူငယ်ချင်း အသက် ၇၀ ခန့်ရှိ မိန်းမကြီး တစ်ဦး နေထိုင်သည်။ တနေ့တွင် သူ့၏ အိမ်ဘေး ကပ်လျှက်ရှိ တိုက်ခန်းကို ရှမ်းပြည်မှ လာသော ရှမ်းမလေး ၂ ယောက်ကို ဌားရမ်း ထားသည်။ ထိုရှမ်းမလေး များသည် ရုပ်ရည် ချောမော လှပ ကြသော်လည်း အကျင့် စာရိတ္တ မကောင်းကြ ဟု ဆိုသည်။ ညရေး ညတာ အထိ ယောက်င်္ကျားလေးများ နှင့် တရုံးရုံး အဝင်အထွက် ရှုတ်နေသည်ကို ထိုအိမ်ရှင် မိန်းမကြီးသည် သူ့ထံတွင်လည်း အပျိုအရွယ် သမီးငယ်များ ရှိသည့် အတွက် အိမ်ခန်းကို ဆက်မဌားလိုတော့ကြောင်း သိရသည်။ ထို့ကြောင့် ထိုရှမ်းမလေး ၂ ဦးအား အိမ်ဌား စာချုပ်ပြည့်သော် နောက်ထပ် မဌားတော့ဘဲ အိမ်မှ ဆင်းခိုင်းခဲ့သည်။ သို့သော် ရှမ်းမလေးများသည် အိမ်မှ မဆင်းဘဲ နေကြသည်။ ထိုအခါ အိမ်ရှင်မိန်းမကြီးက တရားစွဲတော့သည်။ အမှုဖြစ်သည့် အတွေ့အကြုံကို အိမ်ရှင်မိန်းမကြီးက မိမိအား အောက်ပါအတိုင်း ပြန်ပြောပြခဲ့သည်။
"အောင်အောင်ရယ်၊ အမှုဖြစ်ပြီဆိုတော့ အန်တီရဲ့ ရှေ့နေကလည်း ငွေတောင်းတယ်လေ၊ တရားသူကြီးကို ညှိဖို့ပေါ့။ ဒါနဲ့ အန်တီလဲ ဒီဟာမလေးတွေ ဆင်းရင်ပြီးရော ဘယ်လောက်တောင်းတောင်း ပေးတယ်။ သို့သော် အမှုက မပြီးနိုင်ဖူးဟေ့။ အကြောင်းစုံစမ်းတော့ သူတို့ဖက်ကလည်း ကိုယ့်လိုပေးတယ်တဲ့။ ဒါနဲ့ ရှေ့နေကို ကဲဒါဆိုရင် ငါက ပိုပေးရမယ်ဆိုရင်လဲ ပိုပေးမယ် မတတ်နိုင်တော့ဖူး၊ အိမ်ဌားခရ တာတွေ ကုန်တဲ့ အပြင် အိတ်စိုက်လည်း စိုက်ရပစေ၊ သူတို့ ဆင်းရင်ပြီးရောလို့ဆိုပြီး ငွေထပ်ပေးတယ်။ အဲဒီတော့ တရားရုံးက သူတို့ကို အခြားတစ်နေရာမှာ အိမ်ဌားပေးရင် အမှုက အစဉ်ပြေမယ်ပြောတယ်။ ဒါနဲ့ အန်တီလဲ ကဲ ဌားပေးမယ်ရှင် ဆိုပြီး သူတို့ ဌားနေတဲ့ အန်တီ့အခန်းနဲ့ မတိမ်းမယိမ်း အဆင့်ရှိတဲ့ တိုက်ခန်း တစ်ခုကို ဌားပေးတယ်။ ဒါပေမဲ့သူတို့က အဲဒီနေရာမကြိုက်ဖူး ဘယ်လိုနေရာမျိုး၊ ဘာမျိုးဖြစ်ပြန်ရော။ ဒါနဲ့ အန်တီလဲ ဒါတော့ မတတ်နိုင်ဖူးဆိုတော့ တစ်ခါ အမှုက ဆက်ရှည်ပြန်ရော။ ဒါနဲ့ ရှေ့နေကို ကဲ ရှင် အပြတ် မလုပ်ပေးနိုင်ဖူးလား၊ မလုပ်ပေးနိုင်လဲ ကျမ နောက်ရှေ့နေ တစ်ယောက်နဲ့ လုပ်ရတော့မယ် ပြောတော့၊ ရှေ့နေက အန်တီကိုပြောတယ်။ အန်တီရေ အန်တီက ငွေဘဲ ပေးနိုင်တာ၊ တစ်ဖက် ရှေ့နေက သူတို့ကို ငွေရော လူပါ စပ်ပေးလိုက်တာဗျ၊ အဲဒါကြောင့် အန်တီ မနိုင်နိုင်တော့ဖူး လို့ပြောရော၊ ဒါနဲ့ ငါလည်း စိတ်ပေါက်ပေါက်နဲ့ ကဲကောင်းပြီ ဒါဆို ငါလဲ လူ ပေးမယ်ဟေ့ လို့ဆိုတော့၊ ရှေ့နေက အန်တီ့ကိုတော့ ဘယ်ဖြစ်မတုန်းဗျ၊ သူတို့က အပျိုလေးတွေ ချောချောလှလှ လေးတွေ၊ အန်တီ့ပုံကြီးနဲ့တော့ ရှုံးမှာပါဘဲတဲ့"
အဖြစ်အပျက်ကတော့ အပျက်တွေချဉ်း ဖြစ်နေတော့တာပါ။ ရှေ့နေဆိုတာကလည်း မြန်မာပြည်မှာ တရားခွင်မှာ ဥပဒေနဲ့ အညီ လျှောက်လဲချက် ပေးတာကျွမ်းကျင်ဖို့ထက်၊ ဆိုင်ရာပိုင်ရာနဲ့ ပွဲစားလုပ်တာ ကျွမ်းကျင်ဖို့ အဓိကလိုအပ် နေကြပါသည်။ ထို့ကြောင့် "ရှေ့နေရှေ့ရပ်" ဆိုသည့် မြန်မာ စကားသည် ယနေ့အခါများတွင် "ရှေ့နေကြားရပ်" ဆိုလျှင် ပိုပြီးမှန်လိမ့်မည် ထင်ပါတော့သည်။

No comments:

Post a Comment