- ဒဂုံတောင်ကျီစု ကျေးရွာမှ လူမဆန်သောလုပ်ရပ်...
- ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် စော်ကားပြောဆို ဝေဖန်မှုအပေါ် သတင်းသမားများ ကန့်ကွက် လက်မှတ်ရေးထိုး
- အကြီးအကဲ၏ ယတြာနှင့်အာဏာ (နေရဲနီ)
- ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်းစားနေကြသူများ... (တိုင်ကြားစာ)
ဒဂုံတောင်ကျီစု ကျေးရွာမှ လူမဆန်သောလုပ်ရပ်... Posted: 22 Nov 2011 11:09 PM PST ဒဂုံတောင်ကျီစုကျေးရွာမှ လူမဆန်သောလုပ်ရပ် (တိုင်ကြားစာ) ကျွန်တော်တို့ (NLD ပါတီဝင်) အများစုဖြင့် စုစည်းထားသည့် Health Care for Helpless Patients (ဆင်းရဲချို့တဲ့အကူအညီမဲ့ နာမကျန်းသူများအား ကူညီ စောင့်ရှောက်သူများ)မှ အမေ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုကို ခံယူလျက် ဆင်းရဲနွမ်းပါးသူများ အများစုနေထိုင်ရာ နေရာများတွင် အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းများ ဖွင့်ပေးရန် ရည်ရွယ်ချက်ထား လုပ်ဆောင်ခဲ့ပြီး ကျီစုကျေးရွာအုပ်စုတွင် 21-11-2011 ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကျီစု အနောက်ကျေးရွာအုပ်စု သဇ္ဇနာရာမ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးဝီရာနန္ဒ၏ သြ၀ါဒကိုခံယူလျက် ဆရာတော်၏ ဆွမ်းစားရုံတွင် ယာယီဆေးခန်းကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနေ့တွင်ပင် နာမကျန်းဖြစ်နေသော လူမမာ104 ဦးခန့် ကုသပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့ပါတီသည် 18-11-2011 ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ရန် ဆုံးဖြတ်ချက် ချထားပြီးလည်းဖြစ်ပါသည်။ သို့ပါသော်လည်း ဆေးကုသသည့် နေ့ရက်မှာပင် SB(အထူးရဲတပ်ဖွဲ့)မှ ကိုကျော်သူရနှင့် ကိုမြင့်ဆွေ၊ (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ဦးသန်းစိုးတို့ လာရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပါသည်။ ကြံခိုင်ရေးမှ ဒုစည်းရုံးရေးမှူး တုတ်ကြီး(ခ)မြင့်စိုးနှင့် ရဲကင်းမှူးထွန်းလင်းကျော်တို့သည် ဘုန်းကြီးကျောင်း အနီးမုဆိုးမ တစ်ယောက်၏အိမ်သို့ ၀င်ရောက်ကျူးကျော်ကာ ခိုးကြောင်ခိုးဝှက်ဖြင့် ဓါတ်ပုံများရိုက်ယူ ပါသည်။ ကျွန်တော်တို့ဆေးကုသမှုများပြီး၍ ပြန်လည်ထွက်ခွာပြီးနောက် ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ဦးသောင်းတင်နှင့် (ဒု)စည်းရုံးရေးမှူးတို့သည် ရွာထဲသို့ဝင်ကာ ဆေးကုသခဲ့သော ရွာသားများကို ထိတ်လန့်အောင် စုံစမ်းမေးမြန်း ခြိမ်ခြောက်မှုများကို ပြုလုပ်ပါသည်။ ည(၇း၀၀)အချိန်တွင် ဆေးကုသခဲ့ရာတွင် ၀ိုင်းဝန်းကူညီ ခဲ့သော ရွာသားကိုရွှေသန်းအား အုပ်ချုပ်ရေးမှူး ကိုသန်းစိုးမှ စာဖြင့် ဆင့်ခေါ်ခဲ့ပါသည်။ ကိုရွှေသန်းမှ ရုံးသို့ သွားရောက်သောအချိန်တွင် ကြံခိုင်ရေး စည်းမှူး ဦးသောင်းတင်မှ ထပ်မံခြိမ်းခြောက် သတိပေးမှုများ ပြုလုပ် ခဲ့ပါသည်။ ထို့နောက် NLD ပါတီဝင်တစ်ဦးဖြစ်သော ကျွန်တော်တို့ H.C.H.P မှ ရွာခံ ကိုမောင်မောင်အားလည်း အုပ်ချုပ်ရေးမှူး ကိုသန်းစိုးမှ လူနာစာရင်းမှတ်တမ်း စာအုပ်အတိအကျကို သူ့အားပြရန် ပြောဆိုခြိမ်းခြောက် ပါသည်။ ရွာထဲတွင်လည်း ဆေးခန်းအားဖွင့်လို့ မရအောင် လုပ်ဆောင်မည်ဟု ကြံခိုင်ရေးမှ လိုက်လံဝါဒဖြန့် ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိပါသည်။ အထက်ပါ အချက်အလက်များကြောင့် အများအကျိုး၊ ပြည်သူ့အကျိုး၊ ဖော်ဆောင်ရေး လုပ်ငန်းများတွင် စိတ်အနှောက်အယှက်၊ အတားအဆီးများ၊ ပိတ်ပင်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အောက်ခြေတွင် ပြည့်နှက် နေဆဲဖြစ်ပါသည်။ ဆင်းရဲနွမ်းပါး၍ အသိပညာ နည်းပါးသော နေရာများတွင် အဆိုပါကိစ္စများကြောင့် ရွာသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးနေရခြင်းလည်း ဖြစ်ပါသည်။ အများပြည်သူနှင့်တကွ သမ္မတကြီး ဦးသိန်းစိန်၊ တာဝန်ရှိသူများ၊ သိသာစေရန် တင်ပြအပ်ပါသည်။ Health Care for Helpless Patients |
Posted: 22 Nov 2011 12:10 PM PST ASEAN-Japan ဆွေးနွေးပွဲ (ဓာတ်ပုံ Reuters) အကြောင်းအရာ... မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဌဦးခင်ရွှေမှ ပြည်တွင်းမီဒီယာများအား ပြင်းထန်စွာ ထိုးနှက် ရန်ကုန်၊နိုဝင်ဘာ ၁၅ အစိုးရသစ်လက်ထက်တွင် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့၏ ဥက္ကဌအဖြစ် ခန့်ထားခံရသည့်အပြင် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ၄င်းစီစဉ်ကျင်းပသော Asean - Japan Business Meetingသတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်းသင့်သည့်ဟူသော သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာများတွင် ဖော်ပြချက်များ ကို ပြင်းထန်စွာ ထိုးနှက်ပြောကြားလိုက်သည်။ ရန်ကုန်မြို့တော် ရှိ ယုဇနဂါဒင်းဟိုတယ်တွင် ( ၂၀၁၁ )ခုနှစ် နိုဝင်ဘာ ခရီးသွားလုပ်ငန်း အစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများ ပုဂံတွင် ကျင်းပမည့် အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းက အထက်ပါအတိုင်း ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဦးခင်ရွှေ၏ လွှတ်တော် အမတ်ဆိုသည့် ဂုဏ်နှင့်ပင် မထိုက်တန်သည့် လူကြီးလူကောင်းမဆန် ငွေရှင်ကြေးရှင် ဆန်ဆန် စာနယ်ဇင်းသမားများအား စော်ကားချက်... " ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းမွန်မွန်ကျွေး။ ဆီဒိုးနားမှာခေါ်တယ်။ကျွေးတယ်။ စာအုပ်တွေပေးတယ်။ နေလည့်စာတွေကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာမမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို တစ်ဘက်သတ်မကောင်း အသိအမှတ်မပြုသလို ဖြစ်နေတယ်" ဟုလည်း ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။ " မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်။ ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ်သူ့လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေမှားနေပြီ။ လွဲနေပြီ"ဟု ၎င်းက ဆိုသည်။ ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက "ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်းရေးမှာပဲ။ ပြောရင် ပြောတဲ့အတိုင်းရေးမှာပဲ။ စားဖို့သောက်ဖို့အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲလာတယ်။ သတင်းသမားကတော့မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီမှတ်ပုံတင်ဖို့ကို မမေးပါနဲ့ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည်ပေးရမှာပေါ့" ဟု ယင်းအခမ်းနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။ ပြည်ပမီဒီယာကြီးများသည် ပြောဆိုသည့်အတိုင်း ရေးသားကြသော်လည်း ပြည်တွင်းမီဒီယာများသည် အတွေ့ကြုံ နုသေးသည့်အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့ကြောင်း ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဒေါက်တာခင်ရွှေက ပြန်လည်ပြောဆိုသည်။ နိုင်ငံတော် သမ္မတကြီးသည် မီဒီယာအပေါ် အလေးအနက်ထား လျက်ရှိပြီး ပခုက္ကူရေဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အလုပ်ကိစ္စများဖြတ်ကာ မီဒီယာများနှင့် အချိန်မှီ တွေ့ဆုံရန် ညွန်ကြားခဲ့ကြောင်း နေပြည်တော် အမှတ် (၂) စက်မှုဝန်ကြီးဌာနတွင် အောက်တိုဘာ (၂၆)ရက်နေ့က ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားထားသည်။ ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် ပြောဆိုဝေဖန်မှုအပေါ် သတင်းသမားအားလုံး ကန့်ကွက် လက်မှတ်ရေးထိုး ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် ပြောဆိုဝေဖန်မှုအပေါ် ကန့်ကွက်ခြင်း လက်မှတ် ရေးထိုးခြင်းကို နိုဝင်ဘာ၂၂ရက်နေ့က သတင်းမီဒီယာ ပေါင်းစုံမှ သတင်းသမားများပါဝင် လက်မှတ် ရေးထိုး ခဲ့ကြပါသည်။ ယင်းသို့လက်မှတ်ရေးထိုးခြင်းကို ရာဗိုလ် လက်ဖက်ရည်ဆိုင်မှာ ဘားလမ်း အလယ်ဘလောက်၊ မြို့တော် ခန်းမနှင့် စီးတီးစတားဟိုတယ်အနီး၊ ရွှေအမြုတေမဂ္ဂဇင်းတိုက်အောက်၊ တွင်တည်ရှိသည် ဖုန်းနံပတ်မှာ- 384216။ အောင် လက်ဖက် ရည်ဆိုင်မှာ 38 လမ်းအထက်ဘလောက်နှင့် အနော်ရထာလမ်းထိပ်အနီး၊ ခရစ်ယာန်ကျောင်းကို မျက်နှာမူသည်ုဖုန်းနံပါတ် 374739။ ယင်းနှစ် နေရာများတွင်ပြုလုပ်ခဲ့သည်။ ယနေ့နောက်ဆုံး စာရင်းများအရ လက်မှတ် ရေးထိုးခဲ့သော သတင်းသမား (၁၆၃) ဦး ဖြစ်ပါသည်။ ဂျာနယ်တိုက်များသို့ လက်မှတ်ရေးထိုးရန် ပေးပို့ထားသော စာရွက်များ ပြန်လည် မရရှိသေးပါသဖြင့် နက်ဖြန်တွင် စာရင်း ထပ်ပေါင်းကာ ထပ်မံထုတ်ပြန် ပေးသွားပြီး မရောက်ရှိလာသေးသည့် စာရင်း များနှင့် ပေါင်းပါက သတင်းသမား (၂၀၀) ခန့် လက်မှတ် ရေးထိုးလိမ့်မည်ဟု ခန့်မှန်းရကြောင်း သတင်းသမားကွန်ရက်က သတင်းထုတ်ပြန်သည်။ မနက်ဖြန် နေ့လည်တွင် အရေးပေါ် ကွန်ရက်တွေ့ဆုံပွဲ ပြုလုပ်ပါမည်ဖြစ်ပြီး တွေ့ဆုံပွဲတွင် အများ သဘော တူ ဆုံးဖြတ်ချက်အပေါ် မူတည်၍ တိုင်ကြားရန်နှင့် ကြေငြာချက် ထုတ်ပြန်ရန် ကိစ္စများကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့၏ ဥက္ကဌ အဖြစ် ခန့်ထားခံရသည့်ဇေကမ္တာဦးခင်ရွှေသည် ၎င်းစီစဉ် ကျင်းပသောAsean - Japan Business Meeting သတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်း သင့်သည့်ဟူသော သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြချက်များ ကို ပြင်းထန်စွာထိုးနှက်ပြောကြားပြီးနောက် သတင်းသမားများက ကန့်ကွက်ရှုတ်ချရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် ရှိ ယုဇနဂါဒင်းဟိုတယ်တွင် ( ၂၀၁၁ )ခုနှစ် နိုဝင်ဘာလ ( ၁၅ ) ရက်နေ့က ကျင်းပ ခဲ့သော၂၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအစည်းအဝေး၊ ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများပုဂံတွင် ကျင်းပမည့် အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းကအထက်ပါ အတိုင်း ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ "ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းမွန်မွန်ကျွေး။ ဆီဒိုးနားမှာ ခေါ်တယ်။ ကျွေး တယ်။ စာအုပ်တွေပေးတယ်။ နေလည့်စာတွေကျွေးတယ်။ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံ တစ်ရာကျော်လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေရေးတယ် ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျစရာကောင်းပါတယ်။ ကောင်းတာမမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို တဘက်သတ် မကောင်းတာအသိ အမှတ်မပြုသလို ဖြစ်နေတယ်" ဟုလည်း ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။ "မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်။ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ်သူ့လုပ်တာ။ ပြည်တွင်းမီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေမှားနေပြီ။ လွဲနေပြီ"ဟု ၄င်းက ဆိုသည်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။ ညီငယ် ဇော်တူးမှ ရေးသားပေးပို့ပါသည်..။ ယခုကဲ့သို့ ဇေကမ္ဘာဦးခင်ရွှေ၏ တရားလက်လွတ် ပြောဆိုမှုများဟာ ပြီးခဲ့တဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းအား အများပြည်သူမှ ကန့်ကွက်ခဲ့စဉ်က အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ မဆင်မခြင်၊ တရားလက်လွတ် စော်ကားပြောဆိုမှု ပုံသဏ္ဍာန်နှင့် အလားတူ နေပါတယ်..။ (မှတ်ချက်...) ၈၈အရေးအခင်း ကာလအတွင်း ထိုစဉ်က မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ယခုကြံ့ဖွတ်လွှတ်တော် အမတ် ဇေကမ္ဘာဦးခင်ရွှေဟာ ဆန္ဒပြပွဲ ကာလအတွင်း မြင်းစီးအဖွဲ့ချုပ်အနေဖြင့် ဆန္ဒပြပွဲများအား ရန်ကုန်မြို့တွင်း၌ မြင်းစီး၍လှည့်လည်ကာ ဆန္ဒပြမည်ဟု ထူးခြားဆန်းကျယ်သော အကြံဥာဏ်ပေးခဲ့မှုကြောင့် အများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရဘူးပါသည်..။ |
အကြီးအကဲ၏ ယတြာနှင့်အာဏာ (နေရဲနီ) Posted: 22 Nov 2011 11:15 AM PST ကဗျာရှင် (နေရဲနီ) ထကြွနိုးကြား သနားသည်းခံ ဝေဖန်ထောက်ရှု ဤခြောက်ခု ကြီးသူ ကျင့်ဝတ်သာ။ ဟု ငယ်စဉ်က သင်္ဂဇာဆရာတော်၏ လူ့ကျင့်ဝတ် ဆုံးမစာကို ဖတ်ခဲ့ဘူးသည်။ မင်းကျင့်တရား ၁၀ပါး ကို သီတဂူ ဆရာတော်ဟော၍ ရာဇောဝါဒသုတ္တန်မှာ ကြားနာခဲ့ဘူးသည်။ ကျွန်တော်တို့သည် န ၀ တ အဖွဲ့ဖြစ်သောကြောင့် မင်းကျင့်တရား ၁၀ပါးနှင့် အကျုံးမ၀င်ဟု ဥက္ကဋ္ဌလုပ်သူမှ ဆင်ဝှေ့ရန်ရှောင် ပြောသံကို ကြားဘူးသည်။ သရဲနှင့်တစ္ဆေသည် တဘုံတည်းဖြစ်၍ ဘီလူးနှင့် သဘက်သည်လည်း ခွဲခြား၍မရပေ။ ထို့အတူဘီယာသည် အရက်မဟုတ်ပါဟု ဆိုလာသောအခါ န၀တသည်လည်း နအဖဟူ၍ ဖြစ်လာတော့သည်။ ထိုအခါမှစ၍ ဥက္ကဋ္ဌ ဟူ၍လည်းကောင်း အကြီးအကဲ ဟူ၍လည်းကောင်း အမျိုးမျိုးပြောင်း၍ ခေါ်ဝေါ်လာကြရာ လက်အောက်ငယ်သားတို့က အဘ ဟူ၍ ကွယ်ရာတွင် အမိပေး၍ ခေါ်ကြသည်။ သောကြာနှင့်ဗုဒ္ဓဟူးနံ ပေါင်းစပ်ထားသော အတိတ်က သာလွန်မင်းနှင့် ဓာတ်တူနံတူ ကျသောကြောင့် ငါသည်ကား သာလွန်မင်း ၀င်စားသည်ဟု မသူတော်တို့က မြှောက်ပင့် ပြောဆိုလာသောအခါ မီးလောင်ရာ လေပင့်သကဲ့သို့ ဘ၀င်ငယ်ထိပ် တက်ဆောင့်ကာ အောက်ခြေလွတ်၍ ဘုရင်ရူးရူးတော့သည်။ ဘုရင်ရူးရူးသော်လည်း မင်းကျင့်တရားဆိုသည်ကိုကား နားမှလေသံမျှပင် မကြားချင်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး တိုင်းပြည်ကို အာဏာနှင့် အုပ်ချုပ်၍ ယတြာနှင့် နပမ်းလုံး လေသောအခါ ပြည်သူတို့မှာ ဆင်းရဲတွင်း နက်သထက် နက်လာကာ တိုင်းပြည်သည်လည်း ဖွတ်ဖွတ်ညက်ညက် ကြေလေတော့သည်။ သာယာဝတီမင်း ရန်ကုန်သို့ စုန်သည့်ပုံစံအတိုင်း လှေသဘင်ပွဲတော်ကို အင်းလျားကန်မှာ ကျင်းပသောအခါ ကုန်ကျစရိတ်သည် ဧရာဝတီမြစ်ကို ဖြတ်ဆောက်သော တံတားတန်ဘိုးနှင့် မတိမ်းမယိမ်းရှိ၏။ တိရိစ္ဆာန်ဖြစ်သော ဆင်ဖြူတစ်ကောင်၏ တစ်နေ့တာ ကုန်ကျစရိတ်သည် သာမန်ပြည်သူ မိသားတစ်စု တစ်လစားစရိတ်နှင့် ညီမျှ၏။ မဆင်းရဘို့အရေး ပဲခူးမြို့၏ မဇင်းမည်သောအရပ်မှာ သံမတူကြောင်းကွဲ မဆင်းဘုရားကို တည်၏။ မတ်ပဲအတွင်း ဆင်းရွှေကြာ မည်သောနေကြာကို အတင်းအဓမ္မ ထည့်စိုက်ခိုင်းသောကြောင့် လယ်သမားတို့ စိတ်ညစ်ရ၏။ ပြည်သူ့ခေါင်းဆောင်ကို နံနှိမ်ချင်သောကြောင့် ကြက်ဆူနှင့် ကက်ကင်းရိုက်သော ယတြာမှာ အဆိုးဆုံးဖြစ်၏။ မိမိဘာသာမပျိုးရ။ ကြက်ဆူတစ်ပင် ကျပ်တစ်ရာနှင့် ရပ်ကွက်ဥက္ကဋ္ဌ ထံမှာဝယ်၍ တစ်အိမ်ထောင်လျှင် ဆယ်ပင်စိုက်ရ၏။ မြန်မာပြည်၌ လူဦးရေ ၅၇ သန်းရှိ၏။ မိမိဘာသာ တွက်ကြပါကုန်။ သဲထဲရေသွန်သော် အရာမျှ ထင်ကျန်ခဲ့မည်။ ရေထဲ သဲသွန်သော် ဘာမျှ မထင်ကျန်ခဲ့။ တေဇသမီးကို တိုင်းပြည် မပေးချင်သောကြောင့် တေဇကို သမီးပေးခဲ့သည် ဟူ၍လည်း တစွန်းတစ်စ ကြားဘူးခဲ့သည်။ မိန်းမ အုပ်ချုပ်မည်ဟု ဗေဒင်ဆရာက မျက်နှာလို မျက်နှာရ ဆိုလာသောအခါ နံ့သာဖြူလိမ်းကာ ထမီဇောက်ထိုးဝတ်၍ ၃ လအိပ်ခဲ့သည်။ လဒမဖြစ်၍သာ တော်တော့သည်။ ထမိန်ခြုံ၍ လဒမဖြစ်လေသောကြောင့် ဒလမှ ဓနုတ်စေတီကို ထီးတင်သောအခါ သံဃာကို သတ်ထားသောကြောင့် ဘုရားသော်မှမခံနိုင် ပြိုကျလေ၏။ ထိုမျှနှင့် မလုံလောက်လေသောအခါ ကြိုးကြီးချိတ်ကို တဖွဲ့လုံးဝတ်၍ ပြည်သူ့ရှေ့သို့ အရှက်မရှိ ထွက်ကြလေ၏။ မယားလုပ်သူက မိမိကို နဖားကြိုးထိုး၍ ကြိုးကိုင်နေသည်ကိုကား သတိမှ မူမိလေစ။ ခွေးနှင့်ခြင်္သေ့ကို ခွဲခြားရန် ဥာဏ်မမှီလေသောကြောင့် သူခိုးကို သားမက်ထင်၍ ပေါင်းမိလေသောအခါ တိုင်းပြည်အ၀ှန်း ရှိရှိသမျှ သစ်တောတို့ကား အငုတ်သော်မျှ မကျန်။ သားသမီး ထမင်းမ၀ခြင်းသည် မွေးသော မိဘမှာ တာဝန်ရှိ၏။ ပြည်သူပြည်သား ငတ်မွတ်၊ ခေါင်းပါးခြင်းသည် အုပ်ချုပ်သူမှာ တာဝန်ရှိ၏။ တိုင်းပြည် နိမ့်ကျ၍ နိုင်ငံတကာမှ ကဲ့ရဲ့ပြစ်တင်စကား ပြောဖန်များသော် အရူးမီးဝိုင်းသကဲ့သို့ ကြံရာမရလေ၍ အဘနဖူး သိုက်တူးသကဲ့သို့ အခဲအရာတွင် သဲသလဲမှ တွင်းထွက် ရတနာအဆုံး အရည်အရာတွင် နွေးနွေးရှိ၍ နံသည်မှ မြေမှထွက်သော ရေနံအဆုံး မိခင်ဧရာဝတီပါ မကျန် တရုပ်လက်သို့ ထိုးအပ်လေ၏။ မိမိသည်ပင် တရုပ်ပြည်သို့ ပြောင်းရန်အကြံနှင့် သားမက်ကို တရုပ်ပြည်ပို့၍ တရုပ်ပြည်၌ အိမ်ခြံမြေတို့ကို ၀ယ်၏။ သာလွန်မင်းသည် ငါ၏သားတော်ကို ငါကိုယ်တိုင် ဆုံးမပါသည်။ မိမဆုံးမ ဖမဆုံးမ ဟူ၍မဆိုပါလင့် ဟူ၍ တူတော်မောင်အား မိန့်ကြားသည်ကို ဖတ်ခဲ့ဘူးသည်။ ခါသာပိတ်ကို ၀တ်၍ နန်းတော်တိုင်ကို မှီနေသော သမီးတော်တို့အား ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးရကောင်းလားဟု ဆူပူကြိမ်းမောင်းခဲ့သည်ကို ပါးစပ်ရာဇ၀င်ကြားဘူးသည်။ မျောက်မူးလဲ မွေးပြီးသည့်နောက် ငါ ဤရာထူးရသည်။ ဤကလေး ဘာလုပ်လုပ် အရာအားလုံး လေမျှပင် မတိုးစေရ ဟု အာဏာနှင့် ခြောက်၍ လက်အောက်ငယ်သားတို့အား တိုးတိုးတိတ်တိတ်ကြိတ်၍ မိန့်ကြားလေသောအခါ သိန်းရာချီတန်သော မဏ္ဍပ်ကိုဆောက်၍ သင်္ကြန်၌ ရေကစားသော် ပုခုံးပေါ်၌ အပွင့်အခက်တို့ ဝေဆာနေသော ပုဂ္ဂိုလ်တို့က အသက်စွန့်၍ စောင့်ရှောက်ကြရ၏။ သမီးတော်တို့ ကမြင်းကြောထ၍ ဖုံးဖိ မရလေသောအခါ စိန်စီသော ညဟူ၍ ပြည်သူတို့က ဆိုကြလေသတည်း။ နေရဲနီ ထိမိလှသော ကဗျာများ ပေးပို့ပေးသည့် ပင်တိုင် ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူးတင်ပါသည်.. ဆရာနေရဲနီကဗျာများ ပြန်ဖတ်လို့ပါက Labels မှနေရဲနီကဗျာများ, အားနှိပ်၍ ပြန်လည် ဖတ်ရှုနိုင်ပါသည်.။ |
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်းစားနေကြသူများ... (တိုင်ကြားစာ) Posted: 22 Nov 2011 09:33 AM PST ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ တိုင်ကြားသူ) လေဆိပ်မှ အစဉ်အဆက် အကျင့်ပျက်ဝန်ထမ်းများ ဘယ်လောက်ပဲ အထက်ကပြောင်းပြောင်း အောက်ခြေအဆင့်က လိုက်ပြောင်းဖို့ မစဉ်းစားကြ နိုင်ငံခြားထွက်ဖူးသူတိုင်း. ပြန်လာမည့်သူကို ကြိုဖူးသူတိုင်းအတွက် ဘယ်နိုင်ငံမှာမှ မတွေ့ဖူးသော လေဆိပ်ထဲဝင်ရန် ဖောင်ဖြည့်ခိုင်းခြင်း စံနစ်ကတော့ မြန်မာနိုင်ငံတွင် မည်သည့်အခါမှ ပျောက်ဆုံးပါမည်လဲ။ တရားဝင်ဖောင်ဖြည့်လျှင် ၅၀၀ ကျပ်. ဖောင်မဖြည့်ချင်သော သူများက အပေါက်စောင့်ကို ၅၀၀ကျပ် ပေးကြသည်။ ရွာမှလိုက်ပို့သူ မလည်မ၀ယ် ပုံစံဆိုလျှင်တော့ ၁ထောင်ကျော် ၂ထောင်ကျော်လောက် အပေါက်စောင့်က လိုချင်သေးသည်။ ဧည့်လမ်းညွှန်များမှ ၁ထောင် ၂ထောင်လောက် အသာလေး မုန့်ဖိုးပေးသောအခါ အလွယ်တစ်ကူ မပေးသော အမြဲမြင်နေကြ ဧည့်လမ်းညွှန်ဆိုလျှင်တောင် ၀င်ခွင့်ဖောင် ဖြည့်ခိုင်းသေးသည်။ ၀င်ခွင့်ဖောင်သည် မည်သည့်အတွက်နည်း လေဆိပ်ရန်ပုံငွေအတွက်လား… လေဆိပ်လုံခြုံရေး အတွက်လား လေဆိပ်လုံခြုံရေး အတွက်ဆိုလျှင် စစ်ဆေးသည့် ကရိယာများ တပ်ဆင်ထားကြသည်။ လူကိုယ်တိုင် စစ်ဆေးသည် တော်ပီပေါ့။ ဒီကြားထဲ ချက်ကင် ကောင်တာ လ.၀.ကနားအထိ လိုက်မည့်သူ ဆိုလျှင်တော့ မပြောနှင့်တော့ ဆိုက်ရောက် ဗီဇာပြုလုပ်မည့် ခရီးသွားကုမ္ပဏီများမှ တရားဝင်စာဖြင့် လာကြသည်။ လ.၀.ကသို့ အကြောင်းကြားသည့် စာနှင့် တစ်ကွ မှတ်ပုံတင်ပဲ ပေးလို့ကတော့ ခဏစောင့် ကဒ်မရှိသေးဟု ပြောကြသည်။ စာနှင့်တကွ ပိုက်ဆံ ၁ထောင်ခန့် ထည့်ပေးလျှင်တော့ ၀င်ခွင့်ကဒ် တစ်ကဒ် ထုတ်ပေးသည်။ ၃ ကဒ်လောက် လိုချင်လျှင်တော့ အနည်းဆုံး ၃၊ ၄ ထောင်ခန့်ပေးရမည်။ နယ်မှအမျိုးများ နိုင်ငံခြားထွက်မည့် မိမိတို့ဆွေမျိုးများအား လိုက်ပို့ချင်သည်။ လ.၀.က ကောင်တာနားအထိ လိုက်ကြည့်ချင်သည်။ ဘာမှမပြောနှင့် ၇ထောင်လောက်သာ ပေးလိုက် လိုက်ပို့ခွင့် ကဒ်၃ ကဒ်လောက်က အလွယ်တစ်ကူ ထွက်လာသည်။ ကုမ္ပဏီမှ လာကြိုမှ ထွက်လို့ရမည့် ဆိုက်ရောက်ဗီဇာဖြင့် လာမည့် ခရီးသွား ဧည့်သည်မှာ ပိုက်ဆံမပေးမိ၍ လ.၀.ကကောင်တာ နားအထိ ၀င်ခွင့်ကဒ် မရသေးသောကြောင့် အပြင်တွင် ရှိနေသေးသည့် ကုမ္ပဏီမှ လာကြိုသူကို စောင့်ပေဦးတော့။ ပေးလျှင်တစ်မျိုး မပေးလျှင်တစ်မျိုး ရုပ်ဆိုးစွာ ဆက်ဆံတတ်သော အကျင့်ပျက် ၀န်ထမ်းပေါင်းများစွာ စုစည်းရာ လေဆိပ်သည် နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုနှင့် အကျင့်ပျက်မှုအား နိုင်ငံမျက်နှာစာ မုခ်ဦးတံခါးဝ လေဆိပ်မှာပင် အလွယ်တကူ သိရှိနိုင်သော နေရာဖြစ်ပါသည်။ (မဆင်မခြင် လာဘ်စားမှုများနဲ့ ပြည့်နှက်နေတဲ့ လေဆိပ် အတွင်းပိုင်း မြင်ကွင်း) လေဆိပ်မှ အိမ်သာတွင် ဘိုထိုင်အိမ်သာ တပ်ဆင်ထားသောလည်း ရေအိမ်သုံး စက္ကူကားမရှိ ရေများက ပြည့်လျှက် အပေါက်စောင့်မူကား လာသမျှလူအား လုံခြုံရေးစစ်ဆေးဖို့အတွက် တစ်နေကုန် နေ့တွက်အတွက် ၀င်သမျှ ပိုက်ဆံလက်ကို မှောက်လျှက် (ဖြန့်ထားလျှင်ပေါ်တင်ကြီးကိုး) တောင်းရန် အသင့်စောင့်လျှက် ရှိနေပါသည်။ မိမိဧည့်သည် နိုင်ငံခြားသား တစ်ဦး လေဆိပ် အိမ်သာသို့ ဝင်ရာ အိမ်သာသုံး စက္ကူကမရှိ အပေါက်စောင့်က အိမ်သာသုံး စက္ကူအတွက် ၁ဒေါ်လာတောင်းသည်...။ ဒေါသဖြစ်ပြီး မပေးခဲ့ နိုင်ငံစုံ ရောက်ဖူးသည့် မည်သည့်လေဆိပ်မှာမှ အိမ်သာ စက္ကူဘိုး ငွေတောင်းတာ မကြုံဘူးသည့် အဆိုပါ မိတ်ဆွေ နိုင်ငံခြားဧည့်သည် လက်ဖျားခါသွားသည်... နောက်တခါလာဖို့ စဉ်းစားမည်တဲ့။ အိမ်သာမှ ဧည့်လာပေမည် အထက်က မည်မျှမိမိနိုင်ငံကို လာပါလည်ပါ.. မည်မျှကောင်းကြောင်း ပြောဆို ဖိတ်ခေါ်နေပါစေ... နိုင်ငံ၏ တံခါးဝ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဤအရပ်၌ ထိုထိုသော အကျင့်ပျက် ဝန်ထမ်းများကြောင့် ခရီးသွား ပြည်တွင်းနိုင်ငံသားများ စိတ်အနှောက်အယှက် ဖြစ်ရသလို ပြည်ပနိုင်ငံခြားသားများ အတွက် အရှက်ရစရာ၊ နိုင်ငံမျက်နှာ အိုးမည်းသုတ်စရာ ဖြစ်မနေပေဘူးလား။ များမကြာမှီ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် လာတောမည့် အိမ်သာလို့ ဧည့်လာတော့မယ့် အခြေအနေ အခင်းအကျင်းများ အတွက် သက်ဆိုင်ရာမှ အသေအချာ ကွင်းဆင်းလေ့လာ စောင့်ကြည့်ပြီး အရေးယူပေးဖို့ အပြုသဘောဆောင် တိုင်ကြားလိုက်ရပါတယ်..။ လုပ်ငန်းရှင်တစ်ဦး.. |
You are subscribed to email updates from ဒီမိုဝေယံ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
No comments:
Post a Comment