Sunday, 29 January 2012







Posted: 29 Jan 2012 04:43 AM PST

မြန်မာ့ဆက်သွယ်ရေးက မကြာခင်နာရီပိုင်းက အထက်ပါအတိုင်းကြေငြာပါတယ်၊အဲဒီကြေငြာချက်အပေါ် အောက်ပါအတိုင်းတုန့်ပြန်ပါတယ်..

(၁)ယခင်မြန်မာဆက်သွယ်ရေးကဖုန်းတစ်လုံးကို မတန်တဆ ၁၅သိန်းနဲ့ ရောင်းချခဲ့ခြင်းအပေါ် ..ရှုံ့ချပါတယ်၊၁၅သိန်းပေးဝယ်ခဲ့သူများအပေါ် ၀န်ဆောင်မှု ဘာမှမလုပ်ပေးခဲ့သည့်အတွက် အထင်သေး မိပါတယ်၊တာဝန်မဲ့သည်ဟုလည်း ယူဆပါတယ်၊ထို့အပြင်၁၅သိန်းတန်ဖုန်းများ လစဉ်ခေါ်ဆိုခ ကျသင့် သည်ထက် ပိုမိုများနေသည့်အပေါ် စုံစမ်းစစ်ဆေး အယူမှုများပြုလုပ်သင့်ပါတယ်၊ မိမိသုံးစွဲသည့် ဖုန်းခေါ်ဆိုခ ထက် ပိုမိုကျသင့်နေသည့်ဖြစ်စဉ်များ ဂျာနယ်များတွင် တွေ့နိုင်ပါတယ်၊

(၂)မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်းလိုင်းများတိုးချဲ့နေသည် ဆိုသော်လည်း အဝေးလိုင်များ အလွန်ညံ့ဖျင်းလာပါသည်၊ကျွန်တော်၏ တုန့်ပြန်ချက်အား မယုံကြည်လျှင် ကသာမြို့သို့ ယခုပင် ဖုန်းခေါ်ကြည့်လိုက်ပါ..(မည်သူမဆို စမ်းသတ်ခေါ်ဆိုကြည့်နိုင်ပါသည်)၀၇၅ ၂၅၄၆၄.၊.၀၇၅၂၅၂၄၀.၊၀၇၅ ၂၅၇၀၅)ခေါ်ကြည့်ပါ..ဒါဆို လက်ရှိဖြစ်နေသော မြန်မာ့ဆက်သွယ်ရေးအခြေအနေကို သိနိုင်ပါသည်၊

ကသာမြို့မှာ အီးလိုင်းဟုခေါ်သော အဝေးဖုန်းလိုင်း ဘယ်နှလိုင်းပဲ ရှိတယ်ဆို လူကြီးမင်းတို့၏ စစ်ကိုင်းတိုင်းဆက်သွယ်ရေးမန်နေဂျာကိုမေးကြည့်ပါ။ ကသာမြို့အပါအ၀င် မြန်မာနိုင်ငံအထက်ပိုင်းကလူတွေ ဆက်သွယ်ပြောဆိုမှုမည်မျှခက်ခဲနေသည်ကိုသင်တို့မသိယောင်ဆောင်နေကြပါသည်၊.

တာဝန်သိကုမ္မဏီများမှ ၅၀၀၀တန်ဟု ပြောဆိုနေခြင်းကို သင်တို့ ကမဖြစ်နိုင် ..တည်ဆဲဥပဒေနှင့် မကိုက်ညီဟု ပြောဆိုနေခြင်း သည် ..မိမိကလည်း ဘာမှမလုပ်ပေးနိုင်.လုပ်ပေးနိုင်ပါသည်ဆိုသော ကုမ္မဏီများအပေါ်တိုက်ခိုက်ပြောဆို ကြေငြာနေခြင်းသည် လူထု၏ စိတ်ကူးယဉ်ကျေနပ်နေခြင်းအပေါ် ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ယူဆ တုန့်ပြန်အပ်ပါသည်...

Posted: 29 Jan 2012 03:54 AM PST





နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ်နိုင်ငံရေးခရီးစဉ် ထွက်ခွာသောဒေါ်အောင်ဆန်းစုကြည်က လူထုသို့ ရွေးကောက်ပွဲဝင်ရခြင်း၏အကြောင်းအရင်းကို ပြောကြားခဲ့သည်။
" ဒီမိုကရေစီကိုထူထောင်နိုင်တယ်ဆိုတာ ပြည်သူက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ၊ ကျွန်မတို့ကရွေးကောက်ပွဲဝင်တယ်ဆိုတာ ကျွန်မတို့ ဘာလုပ်ပေးမယ်လို့မပြောဘူး ။ ပြည်သူတွေကို လုပ်ပိုင်ခွင့်ရအောင်ကြိုးစားပေးမယ်လို့ ပြောချင်ပါတယ်။ ပြည်သူတိုင်းအတွက်တိုးတက်အောင်၊ ပြည်သူတွေကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးနိုင်ဖို့အတွက် ၊ ပြည်သူတွေအကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့အတွက် ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်သူတွေအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်အောင်လုပ်ဖို့အတွက်ရွေးကောက်ပွဲဝင်တာပါ" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က လောင်းလုံး တွင်ကြိုဆိုနေသော ဒေသခံပြည်သူများသို့ပြောကြားခဲ့သည်။

ထားဝယ်မြို့မှ လောင်းလုံး သို့သွားသောလမ်းတစ်လျှောက် နေရာလပ်မရှိရအောင် ကြိုဆိုသူများဖြင့် ကြက်ပျံမကျစည်ကားနေသည် ။ကျေးရွာများမှ ဒေသခံများမှာလည်း ကားစီးလုံးပြတ်များ ငှားရမ်းကာ လိုက်ပါ အားပေးနေကြပြီး ၊ရာနှင့်ချီသော ဆိုင်ကယ်များမှာလည်း ယာဉ်တန်းနောက်မှလိုက်ပါလျှက်ရှိသည်။
Photo..Getty images.7daysnews,ဥက္ကာကိုကို,Reuters

ထားဝယ်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကား ကောက်နှုတ်ချက်များ
""မဲဆွယ်တဲ့နေရာမှာ ကတိလည်းမပေးရဘူး။ ပစ္စည်းလည်းမပေးရဘူးနော်။မဲဆွယ်တယ်ဆိုတာ မဲရဖို့အတွက် ၊ မဲရပြီး ပြည်သူ့မေတ္တာနဲ့ယုံကြည်မှုကိုမရနိုင်ရင် ဘာမှအနှစ်သာရမရှိဘူး။
ဒီမဲပေးထားတဲ့ ကိုယ်စားလှယ်တွေက ပေးတဲ့တာဝန်ကို မကြေဘူးဘူးဆိုရင်
နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဒီလူတွေကို လှည့်ကြည့်စရာမလိုဘူး။
... မလုပ်နိုင်တဲ့ကတိတွေကို လွယ်လွယ်မပေးပါနဲ့။ ငါတို့အဖွဲ့ချုပ်ကိုသာ မဲထည့်မယ်ဆိုရင် ဒါတွေလုပ်ပေးမယ်ဆိုတာမျိုးမပြောပါနဲ့.ပြည်သူတွေကို လှည့်ဖျားတဲ့ပါတီတွေက အချိန်တိုသာ အောင်မြင်နိုင်မှာပါ။
ရေရှည်မှာကျဆုံးမှာပါ""

(ထားဝယ်မြို့၊ ဆေးရုံလမ်းအတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ပါတီဝင်များနှင့် ပြည်သူလူထုကို ယခု နံနက် ၉ နာရီ ၁၀ မိနစ်၌
ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်။ )
မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "

(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)

" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "

" အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "

(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)

" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "

" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "
(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)
The voice weekly

Posted: 28 Jan 2012 06:30 PM PST

ပြည်ပအခြေစိုက် မြန်မာမီဒီယာအချို့ ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ခွင့်ရရန် ကြိုးစားနေသကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) လည်း မြန်မာပြည်၌ ရုံးခွဲဖွင့်ရန်အတွက် ပြည်တွင်းသို့လာရောက်ကာ အခြေအနေ လေ့လာသွားမည်ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကဆိုသည်။

"ကျွန်တော်တို့ တစ်ယောက်နှစ်ယောက် အရင်ဝင်ကြည့်မယ်၊ စကားပြောကြည့်မယ်။ အဲဒီမှာ ရုံးခွဲဖွင့်လို့ရမလားဆိုတာမျိုးပေါ့၊ အဲဒီကနေမှ တဖြည်းဖြည်းအထဲမှာ ချဲ့သွားမယ်၊ အထဲမှာများများ ချဲ့နိုင်လေ အပြင်မှာ လျှော့လျှော့သွားလေလုပ်မှာပါ " ဟု လတ်တလောတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ဦးအေးချမ်းနိုင်ကပြောသည်။

ယခုလက်ရှိ ၎င်းတို့ အနေဖြင့် မြန်မာပြည်သို့လာရောက်နိုင်ဖို့ ဗီဇာလျှောက်ရန် စီစဉ်လျှက်ရှိကြောင်း၊ ပြည်တွင်း၌ ၀င်ရောက်လုပ်ကိုင်ရန်မှာမူ အစိုးရ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ကြောင်း ၎င်းကဆိုသည်။

အစိုးရနဲ့ဘယ်လောက်ညှိလို့ရမလဲ။ ဘယ်လောက်ပြောင်းလဲမလဲစတဲ့ အခြေအနေ အများကြီးအပေါ်မှာ မူတည်ပါတယ်၊ စီမံကိန်းအနေနဲ့က ၂၀၁၅ ရွေးကောက်ပွဲကို တော့ ယေဘုယျ မှန်းထားတယ်၊ အခုလာမယ့် ဧပြီ ၁ရက်ကတော့ အဆုံးအဖြတ်ပေါ့ "ဟု၎င်းကဆက်ပြောသည်။

ဒီဗွီဘီအနေဖြင့် ပြည်တွင်းအခြေစိုက် မီဒီယာ အဖြစ် အကူးအပြောင်း ကာလရောက်လျှင်လည်း ပြည်ပထောက်ပံငွေများကို ဆက်လက်ရယူသွားရမည်ဖြစ်ပြီး နောက်ပိုင်းမှသာ Commercial (ကိုယ်ပိုင်ဝင်ငွေဖြင့်ရပ်တည်ခြင်း) အဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးဆိုင်ရာ မှီခိုမှုနှင့် ပတ်သက်ပြီး ပြောဆိုသွားသည်။

"အဓိက သွားမယ့် ပုံစံက သတင်းကို ဦးစားပေးတဲ့ပုံစံနဲ့ပဲသွားမယ်။ ရည်ရွယ်ချက်ကတော့ လူတွေအတွက် ၀န်ဆောင်မှုပေးဖို့( Public service)ပဲ။ အမှီအခိုကင်းရမယ်(independent) ဖြစ်ရမယ်။ အမြတ်(profit) တစ်ခုတည်းမဟုတ်ဘူး။ လောလောဆယ်မှာတော့ အပြင်က ငွေကြေးအကူအညီမပါလဲ သွားလို့မဖြစ်ဘူး " ဟုဦးအေးချမ်းနိုင်ကဆိုသည်။

ယခုလက်ရှိ အနေအထားတွင် ဒီဗွီဘီသတင်းဋ္ဌာနမှာ နော်ဝေနိုင်ငံ၌ အခြေစိုက်ထားပြီး ထိုင်းနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ကာ ထိုင်းသတင်းထောက်နှင့် ပြည်တွင်း သတင်းထောက်များခန့်အပ်ကာ လုပ်ကိုင်လျှက်ရှိသည်။

ယခုလောလောဆယ်တွင် ဒီဗွီဘီ သတင်းဋ္ဌာန လည်ပတ်မှု ကုန်ကျစရိတ်များကိုအနောက်ဥရောပ နိုင်ငံ အချို့နှင့် နိုင်ငံတကာ ကူညီရေးအဖွဲ့အစည်း အချို့က ထောက်ပံ့သည့် အကူအညီဖြင့် ရပ်တည်လျှက်ရှိသည်။

ပြည်တွင်း၌ အခြေအနေများကို လေ့လာရာတွင်လည်း စာပေစိစစ်ရေး အခြေအနေများ၊ မီဒီယာဥပဒေ အစရှိသည်တို့ကိုအဓိကထား လေ့လာသွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိဂျာနယ်၊ မဂ္ဂဇင်းများ၏ လုပ်ကိုင်ဆောင်ရွက်ပုံတို့ကို လည်း လေ့လာသွားမည် ဟု ဦးအေးချမ်းနိုင်ကပြောသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကာလနှင့် ၂၀၀၈ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး ကာလများတွင် ဒီဗွီဘီမှ ရုပ်သံထုတ်လွှင့်ချက်များကြောင့် နအဖ အစိုးရက လေလှိုင်းထဲမှ လူသတ်သမား၊ မိုးလုံးပြည့် မုသာဝါဒ အစရှိသည့် ကြွေးကြော်သံများကို နိုင်ငံပိုင် သတင်းစာများ၏ နောက်ကျောဖုံးတွင် နှစ်အတန်ကြာ ထည့်သွင်းဖေါ်ပြခဲ့ရာမှ ယမန်နှစ် စက်တင်ဘာလတွင် ထိုသို့ဖေါ်ပြခြင်းကို ရပ်ဆိုင်းခဲ့ကာ ယင်းသတင်းဋ္ဌာန ၀က်ဆိုက်အား ပိတ်ပင်ထားခြင်းမှလည်း ရပ်ဆိုင်းခဲ့သည်။

ဦးသိန်းစိန် အစိုးရသည် ယမန်နှစ်နှောင်းပိုင်းမှ စ၍ ပြည်ပအခြေစိုက် မြန်မာမီဒီယာ ၀က်ဆိုက်များအား ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းခဲ့သလို ယင်းသတင်းဋ္ဌာနများတွင် လုပ်ကိုင်လျှက်ရှိသည့် မြန်မာဝန်ထမ်းများအား အခါအားလျော်စွာ ၀င်ရောက်သတင်းယူခွင့် ပေးခဲ့ရာ ဗွီအိုအေ၊ ဘီဘီစီ သတင်းဋ္ဌာနတို့မှ လွန်ခဲ့သည့် လများအတွင်း လာရောက်ခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာလက ၀ါရှင်တန် အခြေစိုက် ဗွီအိုအေ မြန်မာဋ္ဌာန၏ ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း မြန်မာနိုင်ငံသို့ လာရောက်ကာ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး အလုပ်သဘောဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က ဗွီအိုအေ မြန်မာပိုင်း အနေဖြင့် ဋ္ဌာနေသတင်းထောက် ထားရှိရန် ခွင့်ပြုချက် မရရှိခဲ့သော်လည်း ပြည်တွင်း၌ သတင်းရယူလိုသည့် ကိစ္စရပ်များရှိသည့်အခါ ဗီဇာလျှောက်ထားပါက ခွင့်ပြုသွားမည်ဟု ပြန်ကြားရေး ၀န်ကြီးက ပြောဆိုခဲ့သည်။

နယူးဒေလီ အခြေစိုက် မဇ္ဈိမ သတင်းဋ္ဌာန၏ ချင်းမိုင်ရုံးခွဲ တာဝန်ခံ ဦးစိန်ဝင်းလည်း ယခုလဆန်းပိုင်းက တကြိမ်လာရောက်ခဲ့သလို ယခုသီတင်းပတ်တွင် ဒုတိယအကြိမ် လာရောက်ပြီး ပြည်တွင်း၌ ရုံးခွဲဖွင့်လှစ်ရန် အတွက် ကြိုးစားလျှက်ရှိသည်ဟု သိရှိရသည်။ ။

Yangon Press International


Posted: 28 Jan 2012 08:32 AM PST




by..Nay Wai

ကျွန်တော်တို့ ဟာ ဦးခင်ရွှေနဲ့ ဇေကမ္ဘာ ကုမ္ပဏီကို တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရကိုလည်း တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ အမှန်တကယ် လိမ်ညာလှည့်ဖြား - ရပ်ကွက် ဥက္ကဌအဟောင်း ဦးထွန်းနိုင် နဲ့ ဇေကမ္ဘာ ကုမ္ပဏီကပူးပေါင်းပြီး မြေယာမတရားရယူမှုကြောင့် နစ်နာသူ တောင်သူတွေအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ် ။ ဇေကမ္ဘာ ကုမ္ပဏီမဟုတ်ဘဲ ပေတရာကုမ္ပဏီဆိုလည်း ကျွန်တော်တို့ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ - ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်နေရင်လည်း နစ်နာမှုအတွက် တိုက်ပွဲဝင် ရမှာဘဲ စစ်သားလူထွက် အစိုးရမဟုတ်ဘဲ ကျောင်းသား လူထွက် အစိုးရဖြစ်နေရင်လည်း ကျနော်တို့ လယ်သမားတွေ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နစ်နာသူတွေထဲမှာ ကျနော့်အမျိုးတွေမပါသလို - နောင်လာမဲ့ ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲဆွယ်နေတာလည်း မဟုတ်ဘူး ( အဲသလိုအထင်ခံရပြီး လှုပ်ရှားမှုရဲ့ တန်ဖိုး ကျမှာစိုးလို့ ကျနော်သစ္စာဆိုတယ် ။

နောင်အစဉ်အဆက် နေမျိုးဝေ မည်သည့်ရွေးကောက်ပွဲမှ မ၀င်ပါ ။ ဤစာကို အားလုံးမှတ်တမ်းတင်ပေးကြပါ ) ဒီနေ့ ( ၂၈ . ၁. ၂၀၁၂ ) ညနေ ၅း၃၀ ) မှာ ရွှေနံ့သာ အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပါတယ် စာနဲ့ ဗီဒီယို အခွေပေးခဲ့ပါတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ တည်ဆဲ ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကို မသိပါ ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို မသိပါ ။ သူ လုံးဝဆုံးဖြတ်ခွင့်မရှိကြောင်း ပြောပါတယ် -

ဒီနေ့ ည ၇ နာ၇ီခန့်မှာဘဲ ရွာသား ၃၀ လောက်နဲ့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်ကို သွားတွေ့ပါတယ် ။ ကန်သင်းတွေ မြေတူးစက်နဲ့ မထိုးဖို့ ညှိကြည့်ပါတယ် ( နေ့လည် ကတည်းက အခုထိ ဆက်တိုက် ဘူဒိုဇာနဲ့ထိုးနေပါတယ် ) ။ လုံးဝ အဆင်မပြေခဲ့ပါဘူး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကန်သင်းတွေကို ထိုးနေတယ်လို့ဖြေပါတယ် ။ ကျနော်တို့ ကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲဖို့ ဆုံးဖြတ် လိုက်ပါပြီ ။

နေမျိုးဝေ

Posted: 28 Jan 2012 07:57 AM PST

(ကေအိုင်စီ)
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၏ ဓာတ်ပုံသတင်းထောက် စောလောအဲ့စိုးအား ကရင်သတင်းဌာန (ကေအိုင် စီ)မှ သတင်းထောက် စောခါးစူးညားမှ ဇန်န၀ါရီလ ၉ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားချက်ဖြစ်သည်။

စောလော်အဲ့စိုးသည် အဖ ဦးတင်စိုး၊ အမိ နော်မော်လူသာယာတို့၏ သားသုံးဦးအနက် အကြီးဆုံးဖြစ်ပြီး ၁၉၇၁ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ကရင်ပြည်နယ်၌ ဖွားမြင်ခဲ့သည်။ ကျောင်းအမည် စောသူရစိုး ခေါ် စောလောအဲ့စိုးသည် မူလတန်းပညာကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဇာသပြင်ကျေးရွာ၊ အလယ်တန်းပညာကို အိန္ဒုကျေးရွာ၊ ထို့နောက် အထက်တန်းအဆင့်ကို ဘားအံမြို့ အထက(၁)ကျောင်းတွင် သင်ကြားခဲ့ပြီး ၁၉၈၇ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။

၁၉၈၈ခုနှစ် အရေးအခင်း ဘားအံမြို့၌ ဓါတ်ပုံကို စတင် ရိုက်တတ်ခဲ့ပြီး အရေးအခင်းအပြီး မြန်မာတနိုင်ငံလုံး တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ အားလုံးကို န၀တအစိုးရမှ ပိတ်ပစ်လိုက်သည့်အချိန်တွင် ဘားအံမြို့ နှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းအတွက် မှတ်တမ်းဓါတ်ပုံ၊ သာရေးနာရေး ဓါတ်ပုံများကို စရိုက်ခဲ့သည်။ အထူးသဖြင့် ဘားအံမြို့ ကန်သာ ယာတွင် ဓါတ်ပုံဆရာအဖြစ် ဘ၀ကို စတင်ခဲ့သည်။

၁၉၉၁ခုနှစ်၊ နိုဝင်ဘာလတွင် ဖခင်ဖြစ်သူ၏ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ရန်ကုန်တက္ကသိုလ်၌ ဥပဒေဘာသာရပ်ဖြင့် ၁၉၉၆ခုနှစ်က ဘွဲ့ရရှိခဲ့သည်။ တက္ကသိုလ်ပညာ အောင်မြင်ပြီးနောက်ပိုင်း မိမိဝါသနာပါခဲ့သည့် ဓာတ်ပုံပညာဖြင့် အသက်မွေး ၀မ်းကျောင်းရင်း ဘ၀ကို ခရီးဆက်ခဲ့သည်။ ၂၀၀၃ခုနှစ်တွင် နိုင်ငံခြားသတင်းဌာန(AFP)ဖြစ်သည့် ပြင်သစ်သတင်းဌာနတွင် ဓါတ်ပုံသတင်းထောက်အဖြစ် ၂၀၀၅ခုနှစ်အထိလည်းကောင်း၊ (European Press photo Agency-EPA) သတင်းဌာနတွင် ၂၀၀၅ခုနှစ်မှ ၂၀၀၇ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ဖြစ်ချိန်အထိ ဓာတ်ပုံ သတင်းထောက်အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ် သည်။ ထိုသံဃာ့အရေးအခင်းတွင်ပင် စစ်အစိုးရ ထောက်လှမ်းရေးအာဏာပိုင်များ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ မတ်လ၁၉ရက်နေ့တွင် နိုင်ငံရေးခိုလှုံခွင့် အစီအစဉ်ဖြင့် အမေရိကန်ပြည် ထောင်စုကို သွားရောက်အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။
စောလောအဲ့စိုး ရိုက်ယူခဲ့သည့် သပိတ်ကိုကိုင်မြှောက်နေသော ကိုရင်လေးတစ်ပါး၏ ဓာတ်ပုံမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။

မေး - ပထမဦးဆုံးအနေနဲ့ ကိုလော်အဲ့စိုး အကြောင်းကို Click in fear မှတ်တမ်းရုပ်ရှင်အဖြစ် ဖန်တီးပြီးတော့ လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပွဲတော်မှာ ဆုရခဲ့တဲ့အထိ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ စိုင်းကျော်ခိုင်ကို ရင်ထဲက ဘာတွေ ပြောချင်ပါသလဲ။
ဖြေ - သူ့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ပေါ့နော်။ နောက်တခုရှိတာက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို သူ့ရဲ့အနုပညာနဲ့ ပြန်ပြီး တော့ ပြည်သူတွေသိအောင် ဖော်ပြပေးတယ်။ အထူးသဖြင့် ဒီရုပ်ရှင်ပြပွဲမှာလည်း ဒီမှတ်တမ်းကို မြန်မာပြည်ကို ပို့ပြီးတော့ ပြိုင် တဲ့အခါမှာ ကျနော့်အကြောင်းဆိုတာထက်ကို တကယ့် ရွှေဝါရောင်တော်လှန်ရေးအကြောင်းကို သူပိုပြီးတော့ သိတယ်။ နောက်ပြီးတော့ သတင်းထောက်တွေရဲ့ အခန်းကဏ္ဍကို လူထုတွေ ပိုပြီးတော့ ထင်ထင်ရှားရှား မြင်လာအောင် တင်ပြတဲ့အ တွက်ကြောင့်မို့လို့ အများကြီး ဂုဏ်ယူမိပါတယ်။

မေး - တကယ်ဆိုရင် ကိုလောအဲ့စိုးက သတင်းဌာနတွေကို အင်တာဗျူးပေးလေ့ မရှိဘူးပေါ့နော်။ ကိုစိုင်းကျော်ခိုင်ကိုကျတော့ ဘယ်လိုဖြစ်လို့ အင်တာဗျူးအမေးခံဖြစ်ခဲ့ရတာလဲ။
ဖြေ - ကျနော်လည်း ဒီ(ထိုင်း-မြန်မာ)နယ်စပ်ကို ရောက်ကတည်းက ဘယ်မီဒီယာနဲ့မှ ကျနော်မတွေ့ဘူး။ ကျနော့်ဟာကျနော် အေးအေးဆေးဆေးပဲ နေတယ်။ ဘယ်သူ့ကိုမှ အင်တာဗျူး မပေးချင်ဘူး။ ပေးချင်တဲ့စိတ်လည်း မရှိဘူးလေ။ ဒါပေမယ့် ပဒိုမန်း ရှာ (၂၀၀၈ခုနှစ်မှာ လုပ်ကြံခံရတဲ့ KNU အတွင်းရေးမှူးချုပ်)ရဲ့ ရက်လည် တစ်လပြည့်တဲ့ အခမ်းအနားမှာ ကိုသာမည(ဒီဗွီဘီ)နဲ့ ကိုစိုင်းကျော်ခိုင်ကို ကျနော်တွေ့တယ်။ တွေ့တဲ့အခါကျတော့ သူတို့က ကျနော့်ကို ကိုလော်အဲ့စိုး ကျနော့်တို့ကို အင်တာဗျူး ပေးပါ။ မလုပ်ချင်ဘူးဗျာ။ ကျနော် အင်တာဗျူးလည်း မဗျူးချင်ပါဘူး။ ဖြစ်လို့လဲဆိုတော့ သတင်းထောက်တယောက်က သူလုပ် သင့်လုပ်ထိုက်တဲ့ အရာတခုကို သူလုပ်တာပဲလေ။ လုပ်သင့်လုပ်ထိုက်တဲ့အရာကို လုပ်ပြီး ကျနော်ထွက်လာတယ်။ ဒီမှာကျ တော့လည်း ကျနော် မပြောချင်ဘူးပေါ့နော်။ ဒါပေမယ့် စိုင်းကျော်ခိုင်ကပဲ ကျနော့်ကို ပြောတယ်။ ခင်ဗျား လုပ်ဆောင်ခဲ့တဲ့ အရာတွေကို ပြည်သူလူထုတွေ သိအောင် လက်ဆင့်ကမ်းပေးပါလား။ နောက်ပြီးတော့ ခင်ဗျားရဲ့ လုပ်ဆောင်မှုတွေ လူထုတွေ သိစေချင်တယ်။ အဲဒီအချက် ၂ချက်ကိုကျတော့ ကျနော်လည်း မငြင်းတော့ပါဘူး။ လက်ခံလိုက်တယ်။

မေး - ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ အခန်းကဏ္ဍတခုကနေ ကိုယ်တိုင်ပါဝင်ခဲ့တာကို ဒီမှတ်တမ်းရုပ်ရှင်ထဲကနေ ပြန် ကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ - ကျနော့်စိတ်ထဲမှာ မနေ့တနေ့တုန်းကလိုပဲ ဖြစ်နေတဲ့ အနေအထားတွေကို ပြန်ပြီးတော့ ခံစားမိတယ်လေ။ နောက်တစ် ချက်က ဘာလဲဆိုတော့ ရဟန်းတွေရဲ့ တိုင်းပြည်ချစ်စိတ်၊ အမှန်တရားပေါ်မှာ ဘက်မလိုက်ဘဲနဲ့ ရပ်တည်တဲ့စိတ်၊ ပြည်သူလူ ထုတွေရဲ့ ဒုက္ခ၊ သောကအခက်အခဲတွေကို ပြည်သူပြည်သားတွေနဲ့ တသားတည်းခံစားပြီးတော့ ရှေ့တန်းကနေ မားမားမတ် မတ် ရပ်ခဲ့တဲ့ဟာကို သမိုင်းမှာ ကျနော် ဘယ်တော့မှလည်း မေ့ပျောက်လို့ မရဘူး။ ဒါ အင်မတန်မှ ကြီးမားသော သမိုင်းမှတ် တိုင်တခုပဲလေ။ အဲဒါကို သူတို့တွေရဲ့သတ္တိ၊ စွန်လွှတ်အနစ်နာခံမှု အဲဒါကိုကြည့်ပြီးတော့ ကျနော် သူတို့ကို လေးစားတယ်။ တန်ဖိုးထားတယ်။ နောက် တကယ့် သမိုင်းမှတ်တိုင်တခုကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့အပေါ်မှာလည်း သူတို့ကို ကျနော် အမြဲတမ်း ချီးကျူးပြီးတော့ အမြဲတမ်း လေးစားပါတယ်။ အဲဒါ (Click in fear)ကို ကျနော် ပြန်ကြည့်တိုင်းလေ။

မေး - ကိုယ်ကိုယ်တိုင် ဓါတ်ပုံသတင်းယောက်အနေနဲ့ ပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ သက်စွန်ဆံဖျား ဓာတ်ပုံလိုက်ရိုက်နေရ တဲ့ ဘ၀တူ မိတ်ဆွေဓါတ်ပုံသတင်းထောက်တွေကို ဘာပြောချင်ပါသလဲ။
ဖြေ - နိုင်ငံခြားသတင်းဌာနမှာပဲ အလုပ်လုပ်၊ ပြည်တွင်းက သတင်းဂျာနယ်မှာပဲ အလုပ်လုပ်၊ လုပ်နေကြတဲ့သူ ဓါတ်ပုံသတင်း ထောက်တွေပေါ့နော်။ တခါတလေ ကျနော်တို့ကို အလုပ်က ပေးသော ကျင့်ဝတ်ဆိုတာလည်း ရှိတယ်။ အဲဒီအတိုင်းကိုလည်း အကောင်းဆုံး လေးစားလိုက်နာပါ။ နောက်တစ်ချက်ကလည်း ခေတ်ပျက်နေတဲ့ဟာတွေ အားလုံးမှာ ကျနော်တို့က ပြည်သူ တွေရဲ့၊ သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားမှု၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ကျနော်တို့ သတင်းထောက်တွေက အမြဲတမ်း မှတ် တမ်းတင်နေရတာပဲလေ။ ဆိုတော့ ကျနော့်တစ်ယောက်အနေနဲ့ကတော့ ပြည်သူတွေရဲ့ အခက်အခဲ၊ သူတို့တွေရဲ့ ကြုံတွေ့ မှတ်တမ်း။ အဲဒီအခက်အခဲတွေကို သတင်းလိုက်ရတဲ့အခါ ဘယ်တော့မှ အလုပ်သဘောမထားဘူး။ ဩော်… ဒါ ငါ့တိုင်းပြည် ပြည်သူပြည်သားတွေ ခံစားနေရတဲ့ သူတို့အခက်အခဲနဲ့ ဘ၀မှတ်တမ်းတွေဟာ သမိုင်းမှတ်တမ်းတင်နေသော ဓါတ်ပုံဆရာတစ် ယောက်အနေနဲ့လိုပဲ အဲလို ခံယူတဲ့အခါ ပြည်သူလူထုတွေနဲ့ ကျနော် တသားတည်းဖြစ်တယ်။ ကျနော်ကတော့ အဲလိုစိတ်ကို အမြဲတမ်းထားတယ်လေ။ ဒါကြောင့်လည်း အလုပ်သဘောထက်ကို လစာပေးသော အလုပ်ထက် တကယ့်တိုင်းပြည်ရဲ့ သမိုင်း မှတ်တမ်းတင်နေသော လူတယောက်ဖြစ်တယ်လို့ ဓါတ်ပုံသမားတွေကို ကျနော့်အတွေ့အကြုံအားဖြင့် အဲလိုပဲ ဝေမျှချင်ပါ တယ်။

မေး - ကရင်ထဲမှာဆိုရင် ဓါတ်ပုံသတင်းထောက်ဆိုရင် မရှိသလောက်ပဲဗျာ။ ဒီမှတ်တမ်းရုပ်ရှင်ကြည့်ပြီး တိုင်းပြည်တစ်ခုထဲမှာ ဓါတ်ပုံသတင်းထောက်တစ်ဦးရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲလို့ ထင်ပါသလဲ။
ဖြေ - ကျနော် ဓါတ်ပုံဆရာ စဖြစ်ကတည်းက ငါဟာ တိုင်းပြည်ရဲ့ သမိုင်းမှတ်တိုင်တခုခုကို မှတ်တမ်းတင်နိုင်သော လူတစ် ယောက် အရမ်းဖြစ်ချင်တယ်။ ကျနော်အမြဲတမ်း ဓါတ်ပုံစရိုက်ခဲ့တဲ့ ၁၉၈၈ခုနှစ်ကနေပြီးတော့ ၂၀၀၇ခုနှစ်အထိ နှစ်ပေါင်း ၁၉နှစ်နီးပါးပေါ့နော်။ ဒီဓါတ်ပုံတွေကို ကျနော်ရိုက်တဲ့အခါမှာ အခက်အခဲတွေလည်း ကျနော်အများကြီး ကြုံရတယ်။ အထူးသ ဖြင့် ကျနော် ဓါတ်ပုံကို အတိုင်းအတာတခုအထိ ရိုက်တတ်နေပါစေ။ ရွှေဝါရောင်အရေးအခင်းလို တကယ့်သမိုင်းဝင်တဲ့ အဖြစ် အပျက် မပေါ်လာဘူးဆိုရင် ကျနော့်ဓါတ်ပုံတွေလည်း သမိုင်းမှတ်တမ်းတင်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ ကိုယ့်စိတ်ထဲမှာ အနေအထားတခုထိ အမြဲတမ်း အဆင်သင့်ဖြစ်နိုင်အောင် ကျနော်ကြိုးစားတယ်။ ကျနော့်ဟာကျနော် စာဖတ် တယ်။ ကိုယ့်ကိုယ်ကို အမြဲတမ်းအချိန်မှာ အဆင်သင့်ရှိနေဖို့ အရေးကြီးတယ်။ နောက်ဖြစ်ပျက်လာတဲ့အနေအထား သမိုင်း တစ်ကွေ့တာဝန် ကျနော်တို့ အကောင်းဆုံး ထမ်းဆောင်နိုင်ဖို့အတွက် အမြဲပြင်ဆင်ထားဖို့လိုတယ်။ ကင်မရာကိုင်တဲ့သူ အများ ကြီး ရှိတယ်။ ဒါပေမယ့် ကိုင်တဲ့လူတွေရဲ့ သူတို့ရင်ထဲမှာရှိတဲ့ ခံယူချက်ချင်း မတူကြဘူး။ အဲဒီပေါ်မှာ မူတည်ပြီးတော့ လူတွေ ရဲ့ တန်ဖိုး ကွဲသွားတာပဲ။ ဒါကြောင့် ကိုယ်ကင်မရာ ကိုင်တာချင်းပဲ အတူတူ၊ ကလောင်ကိုင်တာကိုလည်း အတူတူပဲနော်။ ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့နှလုံးသားက ကိုယ့်ရဲ့တန်ဖိုးကို ပြဌာန်းတယ်လို့ အဲလိုပဲ ခံယူတယ်။

မေး - ရွှေဝါရောင်သံဃာ့အရေးအခင်းကြောင့် ပြည်ပကို တိမ်းရှောင်တဲ့နောက်ပိုင်း ကိုယ်တတ်ကျွမ်းထားတဲ့ ဓါတ်ပုံပညာနဲ့ တိုင်းပြည်အကျိုးအတွက် ဘယ်လိုအခန်းကဏ္ဍကနေ ဆက်ပြီး လုပ်ဆောင်ပေးသွားဖို့ ရှိပါသလဲ။
ဖြေ - ဓါတ်ပုံကတော့ မြန်မာပြည်မှာ မဟုတ်ပေမယ့် ဒီ(အမေရိကန်)မှာလည်း ကျနော်ရိုက်ဖြစ်တယ်။ အထူးသဖြင့် ကျနော် ဒီမှာရောက်တဲ့အခါမှာ ကျနော် စာပိုဖတ်ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဖတ်လို့မရတဲ့ စာအုပ်တွေ အတော်များများ ဒီမှာ ရှာဖတ်ဖြစ် တယ်။ မြန်မာပြည်ထဲက စာအုပ်တွေကိုလည်း ကျနော်မှာယူပြီးတော့ ဖတ်တယ်။ နောက်ပြီးတော့ ကျနော်စာတွေကို စရေးတာ ပေါ့။ ကျနော်ဒီမှာ ဗမာပြည်မှာလို ဓါတ်ပုံမရိုက်နိုင်ပေမယ့် ပြည်ပကို ရောက်လာတဲ့၊ ပြည်ပကို ထွက်ပြေးလာရတဲ့ နည်းပေါင်း မျိုးစုံနဲ့ ဒီ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံကနေတဆင့် ရောက်လာကြတဲ့ ဒီဘက်ဘ၀ မှတ်တမ်းတွေကို ကျနော်စပြီး တော့ ဓါတ်ပုံမှတ်တမ်းလည်း လုပ်သလို စာရေးဖို့အတွက် ကျနော်ပြင်ဆင်တယ်။ အတိုင်းအတာတခုထိ ရေးနိုင်သလောက် တော့ ရေးမယ်။ နောက်ပြီးတော့ ဒီမှာ ကျနော်ဆည်းပူးလို့ရသော ပညာကို ကျနော်ဗမာပြည်ကို တချိန်ချိန် ပြန်တဲ့အခါမှာ ကျနော်တတ်ကျွမ်းသောပညာ၊ ဖြတ်သန်းခဲ့သော အတွေ့အကြုံတွေကို နောင်လာမယ့် မျိုးဆက်သစ်တခုမှာ အတတ်နိုင်ဆုံး အကောင်းဖြန့်ဝေသွားမယ်လို့ ကျနော် ခံယူတယ်။

မေး - နောက်ဆုံးအနေနဲ့ ကိုလော်အဲ့စိုးရဲ့အကြောင်းကို မှတ်တမ်းထားတဲ့ ဒီမှတ်တမ်းရုပ်ရှင် ဆုရွေးခံရတာကို သိလိုက်ရတဲ့အ ချိန်မှာ ရင်ထဲက ဘာစကားတွေများ အများသိအောင် ပြောချင်ပါသလဲ။
ဖြေ - နံပါတ်တစ်အချက်က အထူးသဖြင့် ဗမာပြည်တွင်းတွင်းထဲမှာရှိတဲ့ ပြည်သူလူထုတွေ ဒီ(ရွှေဝါရောင် သံဃာ့အရေးအခင်း) အဖြစ်အပျက် တကယ့်သမိုင်းဖြစ်ရပ်မှန် ပုံရိပ်တွေကို သူတို့မြင်ခွင့်ရတဲ့အတွက်ကြောင့် ကျနော် အရမ်းဝမ်းသာတယ်။ ဟိုတုန်း က နိုင်ငံခြားသတင်းထောက်ဆိုတာက ရိုက်တာလေ။ ဒါပေမယ့် ရွှေဝါရောင်အရေးအခင်းမှာ ကျနော်နိုင်တဲ့ အခန်းကဏ္ဍကနေ ကျနော် ပါဝင်ခွင့်ရတယ်။ အထူးသဖြင့် တိုင်းပြည်ကိုချစ်သော ဓါတ်ပုံသတင်းထောက်တွေရဲ့ ကဏ္ဍကို သိခွင့်ရသွားတာကို လည်း ကျနော် အများကြီး ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပါပဲ။
kicupdatenews.blogspot.com

Posted: 28 Jan 2012 07:19 AM PST
သစ်ပုတ်မျိုးဆက်

ကျောင်းတော်ကြီးရဲ့ ကော်ရီဒါလမ်း
ဖုန်တလောင်းလောင်း ထနေဆဲ။
ကျောင်းတော်ကြီးရဲ့ သံတံခါး
တွန့်လိမ် ကောက်ကွေး ပိတ်မရဆဲ။
ကျောင်းတော်ကြီးရဲ့ အမိုးသံပြား
နေမလုံ ရေမလုံ လွင့်ပျံနေဆဲ။
ကျောင်းတော်ကြီးရဲ့ နာကျည်းမှုဒဏ်ရာများ
အော်ဟစ် ပေါက်ကွဲ ဖော်ထုတ်နေဆဲ။
ကျောင်းတော်ကြီးရဲ့ အထင်ကရ သစ်ပုတ်အိုကြီး
အရိုးအပြိုင်းပြိုင်းနဲ့ လက်သီးလက်မောင်း ထောင်ပြနေဆဲ။
ကျောင်းတော်ကြီးရဲ့ သစ်ပုတ်ပင်အောက်
သစ်ပုတ်မျိုးဆက်သစ်များ မာန်ကြွမာန်ထ ကုန်းရုန်းထနေဆဲပါလား။ ။ (ကျော်သူ)

ဟုတ်ပါသည်။ သစ်ပုတ်မျိုးဆက်သစ်များ တစ်နည်းအားဖြင့် လူမှုရေးမျိုးဆက်သစ်များ အားမာန် အပြည့်ဖြင့် တိုးတက်ရှင်သန်လာကြပါပြီ။

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမားများ၊ လုပ်အားပေးများတို့သည် မိမိတို့၏ ကိုယ်ပိုင် အချိန်များအား ဖဲ့ယူ၍ အများအကျိုးအတွက် လာရောက်ပေးဆပ် ကူညီနေကြသူများ ဖြစ်ကြသည်။ မိမိတို့ ၏ ကိုယ်ပိုင်အချိန်များတွင် ပညာရေး၊ အိမ်တွင်းရေး၊ စားဝတ်နေရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရင်း ကုသိုလ်ယူကြသူများလည်း ဖြစ်ကြသည်။

*
မောင်နေမျိုးနိုင် - မြောက်ဒဂုံမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ၂၀၀၆ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မော်တော်ယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ပေးခြင်း လုပ်ငန်းတာဝန်များကို ထမ်းဆောင် ခဲ့ကာ မိမိ၏ ပညာရေးအားလည်း မလစ်ဟင်းစေရန် ကြိုးစားခဲ့၍ ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.A Myanmar ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။

*
မောင်ဖြိုးကိုကို - ကျောက်မြောင်းမြို့နယ်တွင် နေထိုင်ပြီး ၂၀၀၈ ခုနှစ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ဝင်ရောက်ပေးဆပ်ခဲ့ပြီး ယခုလက်ရှိ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ခဲ့ကာ ၂၀၀၉ ခုနှစ်တွင် B.Sc (Zoology) ဘွဲ့အား ဆွတ်ခူး ရယူနိုင်ခဲ့သည်။

*
မဇင်မေလင်း(ခ)ဇူးဇူး - မြောက်ဥက္ကာလာပမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လုပ်အားပေးအဖြစ် ၂၀၁၀ ခုနှစ်မှစ၍ ကုသိုလ်ဖြစ် လုပ်အားဒါနပြုခဲ့ပြီး ၁၆.၁၀.၂၀၁၁ ရက်နေ့တွင် ကွန်ပြူတာစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကာ မိမိ၏ ပညာရေး အတွက် ၂၆.၁၁.၂၀၁၁ ရက်နေ့တွင် B.Sc (Botany) ဘွဲ့အား ဆွတ်ခူးရယူနိုင်ခဲ့သည်။

*
မဆုမြတ်နိုး - မရမ်းကုန်းမြို့နယ်တွင် နေထိုင်ကာ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ၂၀၀၈ ခုနှစ် (ယခင်သင်္ဃန်းကျွန်းရုံး)မှစ၍ အသက်အငယ်ဆုံးသော လူမှုရေးသမားအဖြစ် လုပ်အားဒါန ကူညီ ဖေးမမှုတို့ကို လုပ်ကိုင်ခဲ့ပြီး ၂၈.၁.၂၀၁၂ ရက်နေ့တွင် B.C.Sc (ကွန်ပြူ တာသိပ္ပံ) ဘွဲ့ကို ဂုဏ်ထူးတန်းဖြင့် အောင်မြင်ဆွတ်ခူး ရယူနိုင်ခဲ့သည်။

ထို့ကြောင့် သူတို့သူတို့အား ကျွန်တော်နှင့် ကျွန်တော့်ဇနီး ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာသက် အနှစ် (၃၀) မြောက်တွင် ကိုမျိုး(မြန်မာစာ)၏ ဂုဏ်ပြုရေးဖွဲ့ထားသော "ဂုဏ်ယူတယ်" ဟူသော ကဗျာစာပိုဒ်၏ နောက်ဆုံးအပိုဒ်တွင် ထပ်မံဖြည့်စွက်ကာ ဂုဏ်ယူမိပါကြောင်း . . . . (ကျော်သူ)

"ဂုဏ်ယူတယ်"

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံကသာ

တိပိဋက သာသနာ့ အာဇာနည်တွေပေါ်ထွန်းတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံသားတစ်ဦး

ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲဖြစ်ခဲ့ဖူးတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံမှာ

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တစ်ဦး ရှိနေတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံတွင်

ဧရာဝတီမြစ်မင်းနဲ့ ရေဝေတောတောင်အပေါ် မြတ်နိုးသူတွေရှိတာ ဂုဏ်ယူတယ်။

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံဟာ

ဗြဟ္မစိုရ်တရားထွန်းကားတယ်ဆိုတဲ့ စကားဆက်လက်မှန်ကန်စေဖို့

ဘဝတစ်ခုလုံး ပရဟိတနယ်မှာ "ဝကွက်" အပ်ရဲတဲ့

"ဇနီးမောင်နှံရဲ့ ပုလဲရတု" အတွက်လည်း ဂုဏ်ယူတယ်။ (ကိုမျိုး - မြန်မာစာ)

* ကိုယ်သာ အသုံးမကျရင်နေမယ်


ကိုယ့်နိုင်ငံအတွက် ဗြဟ္မစိုရ်နှလုံးသားကို လက်ကိုင်ပြုပြီး

အများပြည်သူတို့ကို ကူညီဖေးမ စောင့်ရှောက်ရင်း

ပညာရေး ဘွဲ့ထူး၊ ဂုဏ်ထူးများရအောင် ဆွတ်ခူးနိုင်တဲ့

F.F.S.S လူမှုရေးမျိုးဆက်များအတွက်လည်း ဂုဏ်ယူတယ်။ (ကျော်သူ)


You are subscribed to email updates from dawnmanhon
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610

No comments:

Post a Comment