Thursday, 2 February 2012







ကျုပ်တို့တိုင်းပြည်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

ထားဝယ်စက်မှုဇုံ ကိစ္စကတော့ ဆက်လုပ်မှာ သေချာသလောက် ဖြစ်နေပြီ။ ထားဝယ်စက်မှုဇုံမှာ တည်ဆောက်မယ့် စက်ရုံ တွေထဲမှာ ကျောက်မီးသွေးကို အသုံးပြုပြီး လျှပ်စစ်စွမ်းအင်ထုတ်မယ့် စက်ရုံကြီးလည်း ပါတယ်။ အခုတော့ မြန်မာ အစိုးရ ဖက်က အပြောအရ အဲသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ် စက်ရုံဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူသားတွေကို ရေရှည်မှာ ထိခိုက်စေတာကြောင့် တည်ဆောက်ခွင့် မပေးတော့ဖူးလို့ ဆိုတယ်။ ဒါဆိုရင်တော့ ကြိုဆိုရမှာပေါ့။ ဒါပေမယ့် ပြဿနာတွေက အများကြီးကျန်နေသေးတယ်။

ထိုင်းနိုင်ငံမှာ စက်မှုဇုံတွေ အတော်များများ ရှိတယ်။ အခု တည်ဆောက်မယ်ဆိုတဲ့ ထားဝယ်စက်မှုဇုံဟာ ထိုင်းနိုင်ငံထဲက အကြီးဆုံးဆိုတဲ့ စက်မှုဇုံထက် ၁၆ ဆ ကြီးမှာ ဖြစ်တယ်။ ထိုင်းတွေက စက်မှုဇုံတွေကို သူ့နိုင်ငံထဲမှာ မထားချင်တော့ဘူး။ ရေရှည်မှာ ဆိုးကျိုးတွေ အမြောက်အများ သယ်ဆောင်လာတယ် ဆိုတာကို သူတို့ဖက်က လက်တွေ့သိသွားလို့ ဖြစ်တယ်။ အဲသည်တော့ ဘုမသိဘမသိ ဘာမှ ကောင်းကောင်း နားမလည်သေးတဲ့ မြန်မာဖက်ကို ရွှေ့ဖို့ပြင်ဆင်လာတာ ဖြစ်တယ်။ မြန်မာအစိုးရကလည်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို အာသာငမ်းငမ်း ဖြစ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ စက်မှုဇုံ မှာ တည်ဆောက်မယ့် စက်ရုံတွေဟာ အမျိုးအစားများပြားလှတယ်။ အခုအထိ မြင်သလောက် ပြောရရင် သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ ဓာတုဗေဒ ပစ္စည်းမျိုးစုံ ထုတ်မယ့်စက်ရုံတွေ၊ ရေနံကနေ တဆင့် ဆက်ထုတ်လုပ်မယ့် ရေနံဓာတု ဆက်စပ်ပစ္စည်းတွေ ဖြစ်တယ်။

အထက်က ပြောခဲ့တဲ့ စက်ရုံတွေလည်ပတ်ဖို့ လျှပ်စစ်ဓာတ်အားက ဘယ်ကရမှာလဲ။ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသားတွေက ဈေးပေါတဲ့ ကျောက်မီးသွေးအခြေပြု လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကိုပဲ မျက်စေ့ထဲ ပြေးမြင်ကြတယ်။ နောက် ဓာတု ပစ္စည်းတွေ ထုတ်မယ့်စက်ရုံ တွေကလည်း ရေချိုကို အလွန်အမင်း အသုံးပြုရတဲ့ စက်ရုံတွေဖြစ်တယ်။ ပြန်စွန့်လိုက်တဲ့ ဓာတုဆိပ်ဆင့် ရေတွေကို ပင်လယ်ထဲ သွန်ထုတ်မှာ ဖြစ်တယ်။ တခါ စက်ရုံကထွက်လာတဲ့ မီးခိုးငွေ့ကလည်း ထင်းမီးလို ရိုးရိုးမီးခိုးငွေ့ မဟုတ်ဖူး။ ဓာတုဆိပ်သင့်နေတဲ့ အခိုးအငွေ့တွေပါ။ နောက်တချက်ကတော့ အဲသည့် စက်ရုံတွေကို ရင်းနှီး မြှုပ်နှံသူတွေက နှစ်ပေါင်း ၆ဝ လုပ်ကိုင်ပြီးမှ မြန်မာဖက်ကို လွှဲပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ဖက်က ဘာအမြတ်ရမှာလဲ။ သေသေချာချာ ဆန်းစစ်ဖို့လိုပါတယ်။ ကျနော်တို့ရဲ့ ထားဝယ်ဒေသခံတွေအတွက် ဘာကောင်းကျိုးတွေ သယ်ဆောင်လာ မှာလဲ။ ကောင်းကျိုးတွေ သယ်ဆောင်လာမယ်လို့ ဘယ်သူက ဘယ်သူ့ကို အာမခံမှာလဲ။

ပွင့်ပွင့်လင်းလင်း ပြောရရင် နောက်တချက်ကတော့ ထားဝယ်ဒေသက ဒေသခံလူအများစုဟာ အဆင့်မြင့် ခေတ်ပညာတွေ ကို မတတ်ကြဘူး။ အဲသည့် စက်ရုံတွေ လာဆောက်တော့ ဘယ်လို အလုပ်မျိုးတွေ သူတို့ရမှာလဲ။ ခြုံရှင်း၊ မြေသယ်၊ အုတ်သယ် အလုပ်မျိုးတွေနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်လို့ ပြောနိုင်တယ်။ အခုလောလောဆယ် ဖြစ်နေတာ တခုကိုပဲ ပြောပြချင်တယ်။ အီတဲလ်ထိုင်း ကုမ္ပဏီက ထားဝယ်စက်မှုဇုံ ဆောက်ဖို့အတွက် လမ်းတံတား အစရှိတဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို ဆောက်လုပ်မှာ ဖြစ်တယ်။ တောတွေ တောင်တွေရှင်းဖို့ ဘူဒိုဇာတွေ အများကြီးလိုလာ တယ်။ ဘူဒိုဇာ မောင်းသမား တွေလည်း အများအပြား လိုနေတယ်။ သူတို့ဖက်ကနေ မြန်မာဖက်ကို ကမ်းလှမ်းတယ်။ မြန်မာဘူဒိုဇာ မောင်းသမား သုံးထောင်လောက် အလုပ်ခန့်ချင်တယ်လို့ ဆိုတယ်။ ဒါပေမယ့် မြန်မာဖက်မှာ တနိုင်ငံလုံး လိုက်စုရင်တောင် ဘူဒိုဇာ မောင်းသမား ငါးရာလောက်ပဲ စုနိုင်တယ်လို့ သိရတယ်။ တခြားပညာတွေ မဆိုနဲ့ဦး ဘူဒိုဇာ မောင်းတဲ့ အတတ်ပညာမှာတောင် ကိုယ့်မှာ လူအလုံအလောက် မရှိဘူးဆိုတာ ပြနေတယ်။ အဲသည့်တော့ နောက်ဆုံးမှာ တော့ အီတဲလ်ထိုင်း ကုမ္ပဏီဖက်က ထိုင်းလူမျိုး ဘူဒိုဇာမောင်းသူတွေ ငှားဖို့ ဖြစ်လာရတယ်။ ဒါကိုကြည့်လိုက်ရင်ပဲ စလုံး ရေးစ ဆိုကထဲက ကိုယ့်မှာ ဘာအမြတ်မှ သိပ်မရတာကို တွေ့ရတယ်။

မြန်မာပြည်ဟာ အဆင့်မြင့်ပညာရေးမှာသာ မကဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေမှာလည်း သူများနောက်မှာ ကျန်နေရစ်တာ မြင်ရတယ်။ တက္ကသိုလ်ကောလိပ် ဆိုတာ အကုန်လုံး အစိုးရပိုင်တွေ ဖြစ်နေတယ်။ အစိုးရလုပ်ချင်တဲ့ ပေါ်လစီ အောက်မှာပဲ ပိနေတယ်။ သူများနဲ့ယှဉ်ဘောင်တန်းဖို့ အဆင်သင့် မဖြစ်သေးဘူး။ ကုန်ကုန် ပြောရရင် လူတွေကို နားမျက်စေ့ ဖွင့်ပေးနေတဲ့ မီဒီယာမှာတောင် မီဒီယာအတွက် သင်တန်းကျောင်း ကောင်းကောင်း မရှိသေးဘူး။ တချိန်တုန်း က ကိုယ့် နောက်မှာ နေခဲ့ရတဲ့ ကမ္ဘောဒီးယားမှာတောင် အခုဆိုရင် မီဒီယာသင်တန်းကျောင်း ရှိနေပြီ။ မြန်မာဂျာနယ်လစ် တချို့ သွားပြီး တက်နေကြရတာ အားလုံးအသိ။ ဟောင်ကောင် အခြေစိုက် Allan & Associates ဆိုတဲ့ သုတေသန အဖွဲ့က ဂယ်ဗင်ဂရင်းဝုဒ် ဆိုတဲ့ သုတေသီတဦးက ဒီလိုပြောတယ်။ အခုလက်ရှိ မြန်မာနိုင်ငံ လူဦးရေအများစု ဟာ ပညာကောင်းကောင်း မတတ်တဲ့ အဆင့်မှာ ရောက်နေကြတယ်။ ကုန်ကုန်ပြောရရင် ပညာပျက်ကိုသာ သိသူတွေ ဖြစ်နေတယ် လို့ ဝေဖန်ထောက်ပြ ထားတယ်။

ဒီနေရာမှာ ဆိုလိုချင်တာက ကိုယ့်မှာ အဲသလို အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတာ ဝန်ခံဖို့လိုတယ်။ ဒါကို ပြောင်းလဲ ပစ်ဖို့ စိတ်စေတနာ ရှိဖို့လည်း လိုတယ်။ လမ်းဆုံးအထိ ပြောရမယ်ဆိုရင် ပညာရေးကို လွတ်လပ်ခွင့် ပေးလိုက်ပါတော့လို့ ဆိုချင် တယ်။ အစိုးရက နေရာတကာမှာ လိုက်ချုပ်နေတာကို ရပ်ဖို့သင့်ပါပြီ။ အဲသလို မဟုတ်ဘဲ ဒီအတိုင်းဆက်သွားရင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လက်ခံနေရင်လည်း ကိုယ့်အတွက် သိပ်ကျန်ဖို့ မမြင်ဘူး။ ဟင်းအရသာကို မသိတဲ့ မသိနိုင်တဲ့ ဟင်းအိုး မွှေရတဲ့ ယောင်းမလို ဖြစ်နေမှာပဲ။

နောက်ဒီကြားထဲမှာ မြန်မာနိုင်ငံဟာ ငွေကြေးမတည်ငြိမ်ဘူး။ စတော့အိပ်စ်ချိန်းလည်း မရှိသေးဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ တွေ လိုက်နာရမယ့် နိုင်ငံတကာ အဆင့်အတန်းနဲ့ ညီတဲ့ စည်းမျဉ်းတွေ ဥပဒေတွေလည်း ခိုင်ခိုင်မာမာ မရှိဘူး။ အဲတာတွေ ကြောင့် တည်ရှိနေတဲ့ လာဘ်ပေးလာဘ်ယူ ပြဿနာဟာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်ရှိမယ်။ အဲသလိုရှိတဲ့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အာဏာပိုင်တွေ (လူနည်းစု) အတွက်သာ အကျိုးရှိပြီး အလုပ်ဖြစ်မယ်။ နိုင်ငံသားတွေ ခံစားစံစား ရဖို့ ဝေးနေဦးမှာ ဖြစ်တယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တွေ ဝင်လာရင်၊ စတော့အိပ်စ်ချိန်း တည်ထောင်နိုင်ရင် ငွေကြေးတည်ငြိမ်လာမယ်လို့ တချို့က မျှော်မှန်း ထားတယ်။ တစိတ်တပိုင်းပဲ မှန်တယ်။

ဘာဖြစ်လို့တုန်းဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ဗဟိုဘဏ် Independent Central Bank ဆိုတာ မရှိသေးလို့ပဲ။ ဘဏ်ပေါင်းစုံတွေ၊ ရောင်းဝယ်မှုတွေ၊ ငွေကြေးစီးဆင်းမှုတွေကို ကွပ်ကဲကြီးကြပ်ဖို့ (ကွန်မင်ဒါ) ခေါင်းဆောင်ဘဏ် လိုတယ်လို့ ဆိုလိုတာ ဖြစ်တယ်။ လွတ်လပ်တဲ့ ဗဟိုဘဏ် ဆိုတာက ငွေကြေးကိစ္စတွေမှာ အစိုးရခေါင်းဆောင်တွေက ဘယ်လိုလုပ် ညာလိုလုပ်ဆိုပြီး ဝင်ဝင်ပြီး ဆုံးဖြတ်လို့ မရဘူး။ ငွေကြေး စီးဆင်းမှု ဖြစ်စဉ်အတိုင်း ငွေကြေးဆိုင်ရာ အတတ်ပညာရှင် အသိပညာရှင်တွေက ထိန်းကျောင်းပြီး ဆုံးဖြတ် လုပ်ကိုင်ရမှာလို့ ပြောတာ။ အစိုးရတာဝန်က အလွန်အကျူး ဖြစ်မယ့် ကိစ္စတွေ မဖြစ်ရအောင် စောင့်ကြည့် ကြပ်မတ်တာ လောက်ပဲ ရှိတယ်။ အခုဆိုရင် အင်္ဂလန်က Standard Chartered ထိုင်းနိုင်ငံက ဘန်ကောက်ဘဏ်၊ ဆီယံကွန်မာရှယ်ဘဏ်နဲ့ ကရုန်ထိုင်းဘဏ် တွေဟာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံဖို့ အားသန်နေ ကြတယ်။ တလောက ဂျပန်နိုင်ငံက ဘဏ်တခုလဲ ဘဏ်ခွဲထောင်ဖို့ ခွင့်ပြုချက် ရသွားပြီ။ ပြန်ကောက်ရရင် ကိုယ့်မှာ ဘာ အတတ်ပညာမှ ကောင်းကောင်း မရှိဘဲ အဲတာ တွေကို အကျိုးရှိအောင် ဘယ်လိုကွပ်ကဲမလဲ။

အစိုးရအနေနဲ့ လုပ်ရမှာက ပညာရေးနဲ့ ပတ်သက်လို့ ငွေကြေးကို အလုံးအရင်းနဲ့ သုံးသင့်နေပြီ။ တဆက်ထဲမှာလည်း ပညာ ရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံလိုတဲ့ တိုင်းရင်းသားနဲ့ နိုင်ငံခြားကုမ္ပဏီတွေကို အတိုင်းအတာ တခုအထိ လွတ်လွတ် လပ်လပ် လုပ်ကိုင်ခွင့်ပေးသင့်တယ်၊ ဦးစားပေးသင့်တယ်။ စီးပွားရေးဇုံ၊ စက်မှုဇုံတွေဟာ ထားဝယ်ဒေသမှာတင် မကဘဲ နောင်မှာ နေရာအတော် များများမှာ ပေါ်လာတော့မှာကြောင့် ကိုယ့်ဖက်မှာ ပညာကောင်းကောင်း တတ်တဲ့ သူတွေ လိုသထက် လိုလာတော့မယ်။ အထူးသဖြင့် ထိုင်းမြန်မာနဲ့ တရုပ်မြန်မာ နယ်စပ်တလျှောက်မှာ ပေါ်လာလိမ့်မယ်။ နောက်ဆုံး တချက် ပြောလို တာကတော့ စီးပွားရေး ဆိုတာ တားလို့ မရပါဘူး။ အမြတ်ရရင် လုပ်ကြမှာဘဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ သဘာဝ အရင်း အမြစ်တွေကိုတော့ ဉာဏ်ရှိရှိ ဆင်ခြင်တိုင်းထွာပြီး သုံးဖို့လိုတယ်လို့ အစိုးရကို ပြောလိုတယ်။

ထိုင်းလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ "စာဝီဘွန်မ" က သတိပေးထားတာ တခုရှိတယ်။ နိုင်ငံ တကာနဲ့ ထိုင်းစီးပွားရေးသမား တွေရဲ့ လောဘကို သူကမြင်နေတဲ့အတွက် ပြောတာဖြစ်ပါတယ်။ အဲတာက ဘာတုန်းဆိုတော့ "ကျနော်တို့ ကမ္ဘာပေါ်မှာ မြေတွေဟာ တရက်ထက်တရက် ပိုပိုပြီး သဲကန္တာရအသွင် ပြောင်းလာ နေတယ်။ ရေချို ခမ်းခြောက်မှု ဟာလည်း ဆိုးသထက် ဆိုးလာနေတယ်။ အလားတူပဲ တခြားသော သဘာဝ အရင်း အမြစ်တွေလည်း ရှားပါးသထက် ရှားပါး လာတယ်။" သူပြောတာ မှန်ပါတယ်။ ဒါပေမယ့် စီးပွားရေးအကျိုးအမြတ်ကိုပဲ အားသန်နေတဲ့ သူတွေကတော့ အဲသည့် ကိစ္စ တွေကို စိုးရိမ်စရာအဖြစ် ထုတ်ဖော်မပြောကြဘူး။

ဇော်မင်း
၁ ရက်၊ ဖေဖဝါရီလ၊ ၂ဝ၁၂ ခုနှစ်


(ရရှိသောမေးလ်ကိုထပ်ဆင့်ကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment