Saturday, 11 February 2012




















ပါမောက္ခ အော်စလာ၏စာဖတ်နည်း 

မည်သူမဆို
ညအိပ်ရာဝင်ချိန်၌
မနက်အိပ်ရာထချိန်ထက်
နည်းနည်းဖြစ်စေ
အသိဥာဏ်ပညာ ပိုရှိနေရမည်
သို့မဟုတ်ပါက
လူသားတစ်ဦးအနေနှင့်
အကြီးမားဆုံးပြစ်မှုကို
ကျူးလွန်ခဲ့ရာရောက်သည်တဲ့..။
လီယိုဗတ်စကာဂလီယာကဆိုသည်။
မှန်သည်။
လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန်ပိုစီးလာရမည်။
သည်အတွက် ဘယ်လိုလုပ်မည်နည်း။
တစ်နည်းသာရှိသည် ။
"စာဖတ်ပါ" ၊ ဒါပဲ။
နေ့စဉ်စာဖတ်ပါ။ စာကောင်းပေကောင်းကိုရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက် ကိုယ့်ဘ၀အတွက် အသုံးဝင်မည့် အရာကို ဦးစားပေးဆောင်ရွက်ဖတ်ပါ။ ညအိပ်ရာဝင်ကာနီးတိုင်း သည်ကနေ့ ငါ့မှာ ဘာအသိဥာဏ်ပညာ တိုးသလဲ ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။
တချို့ကပြောသည်။ အလုပ်တွေများလွန်းလို့ စာအုပ်ဆိုတာ ကောင်းကောင်းမကိုင်နိုင်ဘူးတဲ့..။
ဟုတ်ရဲ့လား။
ဘယ်လောက်တောင် အလုပ်များနေလို့လဲ။
ပါမောက္ခအော်စလာထက်တော့ ပိုမများနိုင်ဘူးထင်သည်။
ပါမောက္ခအော်စလာ( Sir William Osler )( ၁၈၄၉-၁၉၁၉) ဟူသည်က ကမ္ဘာ့ဆေးလောကမှာ ကျော်ကြားသည့် ကနေဒီယန်လူမျိုး သမားတော်ကြီး ဖြစ်သည်။ ဆေးပညာ ပါမောက္ခတစ်ဦးအဖြစ် ဆေးပညာရှင်အမြောက်အမြားကို ကိုယ်တိုင်လေ့ကျင့် ပျိုးထောင်ပေးခဲ့သည်။သူရေးသားပြုစုသည့် ဆေးကျမ်းများကို ဖတ်ရှု၍ ဆရာဝန်ဖြစ်လာသူတို့ကားရေတွက်၍ပင် ရမည်မထင်။

သူ့အကြောင်းအတ္ထုပ္ပတ္တိဆရာများစွားတို့ချီးပဂုဏ်တင် ရေးသားခဲ့ကြသည်..။ သို့သော်၎င်းပုဂ္ဂိုလ်တို့သည် သူ့အား ဆေးပညာရှင်တစ်ဦးဖြစ်ရုံမျှအတွက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းမဟုတ်။
သူသည် ဆေးပညာသာမဟုတ် အသိပညာဟူသမျှကို နှစ်ခြိုက် ခုံမင်သူဖြစ်သည်။ ခေတ်အဆက်ဆက် လူတို့ တွေးခဲ့ကြုံခဲ့ လုပ်ကိုင်ခဲ့သမျှကို သူသိချင် ကြားချင်သည်။ လူသားမျိုးနွယ်တစ်ရပ်လုံး၏ တန်ဖိုးအရှိဆုံး အတွေ့အကြုံများကို သူမှတ်သားနာယူချင်သည်။
သည်အတွက် အကောင်းဆုံးနည်းသည် စာဖတ်ခြင်းပင်ဖြစ်ကြောင်းသူသိသည်။
သို့သော် သည်ကိစ္စအတွက်သူ့မှာ အခက်အခဲရှိသည်။ အခက်အခဲက သည်ကနေ့ စာဖတ်ချင်လျက် မဖတ်နိုင်ဖြစ်နေရသည်ဆိုသူတွေ ပြောလေ့ရှိသည့် အလုပ်မအားခြင်း သို့မဟုတ် အချိန်မရှိခြင်း။ ဆေးကုသရသည်။ ဆေးပညာသင်ကြားပို့ချရသည်။ ဆေးသုတေသန လုပ်ငန်းများ၌လည်း အာရုံစူးစိုက်ရသေးသည်။
တစ်နေ့၂၄နာရီသည် သူ့အတွက် အလွန်နည်းနေခဲ့သည်။ စာဖတ်ချိန်ရချင်လျှင် အိပ်ချိန်ထဲက ဖဲ့ယူရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့..။
သို့နှင့် ညအိပ်ရာဝင်တော့မည်ဆိုသည့် အချိန်တွင် စာ၁၅မိနစ်ဖတ်သည့် အလေ့အကျင့်တစ်ခု သူအစပြုခဲ့သည်။
ည ၁၁နာရီအိပ်တော့မည်ဆိုလျှင် စာအတွက် ၁၅ မိနစ် အချိန်ထပ်ယူ။ ၁၁နာရီ ၁၅ကျမှအိပ်။ အလုပ်များ၍ ည ၁၂နာရီးထိုးသွားလျှင်လည်း နောက်ထပ် ၁၅မိနစ်တိုး၊ သန်းခေါင်ကျော်ပြီး ၁၅ မိနစ်မှာအိပ်။
အိပ်ကာနီး ၁၅ မိနစ်ဖတ်သည့်အလေ့အကျင့်ကို လူလတ်ပိုင်းအရွယ် အလုပ်များသော ဆရာဝန်ကြီးဖြစ်စ ကာလမှာပင် သူရရှိခဲ့ပြီး ကွယ်လွန်ခါနီး အချိန်ထိ နေ့စဉ်မပျက် ကျင့်သုံးခဲ့ရာ အနှစ်ရ၀ မျှရှည်လျားသော သူ့သက်တမ်းကာလအတွင်း စာအုပ်စာတမ်းပေါင်းများစွာကို ဖတ်ရှုဖြစ်ခဲ့သည်။
ပြီးပြီးရော ဖတ်ခြင်းမျိုးမဟုတ်။ ကိုယ်တိုင်ဖတ်ရုံဖြင့် မတင်းတိမ်၊ နောက်လူများအတွက်ပါ ညွှန်းသွားခဲ့သေး၏။ စာဖတ်ရန် အတွက် နည်းတူအချိန်ကုတ်ကတ်ယူရကာ သူရေးသာပြုစုခဲ့သည့် သူ၏ စာအုပ်အညွှန်းကျမ်းကြီး၌ စာအုပ်စာတမ်းကျမ်းပေါင်း (၇၇၈၇) အုပ်ကို စနစ်တကျ ညွှန်းဆိုဖော်ပြသွားခဲ့သည်။
အဲဒါ ပါမောက္ခ အော်စလာ၏စာဖတ်နည်းဖြစ်သည်။ သင်ရော တစ်နေ့မှာ ၁၅ မိနစ်လောက် အချိန်ရှာမရနိုင်ဘူးလား..။ အိပ်ရာဝင် မဟုတ်လျှင် အိပ်ရာထ၊ ဒါမှမဟုတ် နံနက်စာမစားမီ၊ သို့မဟုတ် စားပြီး နေ့လည်၊ ဒါမှမဟုတ် ညနေ။
ကိုယ်ဖတ်မည့် စာအုပ်တွေကို သတ်မှတ်ရွေးချယ်ထား။ အိတ်ထဲဆောင်လို့ရတာ အိပ်ထဲမှာ၊ သို့မဟုတ် လွယ်အိတ်ထဲမှာ၊ သို့မဟုတ် ရုံးစားပွဲ အံဆွဲထဲမှာ၊ ဧည့်ခန်းမှာ၊ အိပ်ခန်းမှာ။
အဲသလို ထားမည်ဆိုက စာဖတ်ချိန်လေးတွေ ငါးမိနစ်၊ ဆယ်မိနစ်၊ ဟိုနည်းနည်း သည်နည်းနည်း စုပေါင်းကာ တစ်နေ့ ၁၅ မိနစ်မက ရမှာသေချာသည်။
၁၅ မိနစ်ပဲ ဖတ်နိုင်သည်ထားဦး နေ့စဉ်မှန်မှန်သာဆိုက သင်ရရှိမည့် အကျိုးရလာဒ်သည် မသေး။ တွက်ချက်ထားသူတို့ အဆိုအရ တစ်နေ့ ၁၅မိနစ်ဖတ်လျှင် တစ်လမှာ စာအုပ်ထူထူ နှစ်အုပ်ဖတ်ပြီးနိုင်သည်။ တစ်နှစ်မှာ ပျမ်းမျှ ၂၀-၂၅အုပ် ဖတ်နိုင်လျှင် တစ်သက်တာအတွင်း စာအုပ်ပေါင်း ၁၀၀၀ တော့ သင်ဖတ်ဖြစ်ခဲ့ပေမည်။
တစ်ထောင်ဆိုတာ နည်းသလား။
တစ်ခုပဲ သတိထားဖို့လိုသည်။ တကယ် တန်ဖိုးရှိသည့် စာအုပ်ကောင်းတွေရွေးချယ်ဖတ်ရှုမိဖို့ပင်။
ဆရာဖေမြင့်၏(စာဖတ်သမား၏မှတ်စုများ) စာအုပ်မှကောက်နုတ်ပါသည်။
မေမွန်ကျော်

No comments:

Post a Comment