အကယ်ဒမီကို နတ်ကြီးသည်ဟု ပြောကြပါသည်။
ဘာကို ဆိုလိုချင်သည်မသိ။
ထူးဆန်းအံ့ဖွယ်ရာဖြစ်တတ်သည်ကတော့ အမှန်ပဲဖြစ်လေသည်။
အမြဲလိုလို ပရိသတ်မှန်းသည့်အတိုင် တသွေမတိမ်း ဘယ်တော့မှမဖြစ်။
ဘယ်လိုမှ မထင်သည်များအား ဘယ်လိုမှ မသက်ဆိုင်သော နည်းလမ်းဖြင့် ရောက်ရှိလာတတ်စမြဲဖြစ်လေသည်။ပြီးတော့ မထော်မနှမ်းကိစ္စတွေကလည်း အတော့်ကို များ၏။
ဟိုနှစ်ကဆိုလျှင်ပင် အကယ်ဒမီဗန်းကိုင်လေးများ၏ ဆင်မယဉ်သာ ခြေလှမ်းများမှာအတော်မျက်စိစပါး မွှေးစူးစရာဖြစ်ခဲ့ရသည်။
အကယ်ဒမီပေးမည့်လူရော အကယ်ဒမီရွှေစင်ရုပ်တု လက်ခံမည့် အနုပညာရှင်ရော နေရာမှာ ရောက်နေပေပြီ။သို့သော် အကယ်ဒမီရုပ်တု ဆောင်ယူလာသည့် ဗန်းကိုင်တွေက မရောက်သေး။
ဆင်မ ခြေထောက်နာနေသလို ခြေလှမ်းမျိုးဖြင့် တစ်လှမ်းချင်း အားမနာလျှာမကျိုး လာနေသည်မှာ သြချရသည်အထိ။
ဒီနှစ်ကျတော့ရော ...ပြောစရာတွေက တော်တော့်ကို များပါသည်။
ကမ္ဘာ့အဆင့်မီအောင်ပေါ့။ ဒစ်ဂျစ်တယ် မီးရှုးမီးပန်းကြီးတွေ လွှတ်၏။ ကောင်းပါသည်။
ပြီးတော့ရော အကယ်ဒမီကို ယခင်နှစ်များကလို တစ်ယောက်ချင်း ကြေငြာ စင်ပေါ်တင်တာမျိုး မဟုတ်ပဲအားလုံး ဆက်တိုက်ကြေငြာ၏။
ကောင်းပြန်ပါသည်။
ပြီးတော့ မကောင်းသည်ကား တံခါးပိတ်လိုက်ခြင်းပင်။ အကယ်ဒမီတွေ ဘယ်သူရပြီလဲ ဆိုတာ အားလုံးသိကုန်ပြီ။ စင်ပေါ်တက်သွားသူတွေလည်း တက်သွားပြီဆိုသည့်နောက်မှာ ဆက်မနေလိုသူတွေက ပြန်ကုန်ကြ၏။
ထိုအချိန်တွင် အင်မတန်ဆန်းကြယ်သည်ကား ၀င်းတံခါးမကြီးများကို ပိတ်လိုက်ခြင်း။ ဘာလို့ ပိတ်လိုက်တာလဲဆိုတော့။ အမိန့်အရတဲ့။
ပြန်ချင်သူတွေ ပြန်ချင်တဲ့အချိန်ပြန်လို့ မရဘူးလား။
ဟုတ်ကဲ့ ကျနော်တို့လဲ အထက်က ပိတ်ခိုင်းထားလို့ပါဆိုတော့ ဘယ်လိုလုပ်ရပါတော့မည်နည်း။ အနုပညာရှင်တွေမှာ ပြန်လိုလျက်က ပြန်၍ မရ။
နောက်ဆုံး (ယောက်ျားလေးအနုပညာရှင်များ) ၀င်းနံရံကျော်တက်တာတွေ ဖြစ်ကုန်၏။
မျိုသိပ်ထားရတာတွေ ပေါက်ကွဲပြီး ၀င်းနံရံခွကာ ဆဲဆိုနေတာတွေ ဘာတွေဖြစ်ကုန်သည်။
အဲဒီအခါကျတော့မှ ၀င်းနံရံကို ခဏပြန်ဖွင့်ပေးသည်။အမြန်ပြေးထွက်ကြရ၏။
ကျောင်းလစ်ရသော ကျောင်းသားတွေနှင့် တူလှသည်။သြော် ရုပ်ရှင်ကျောင်းတော်သားကြီးများပေတကား။
ထုံးစံအတိုင်း အကယ်ဒမီဂယက်အဖြစ် ဒီနှစ်ဘယ်သူ့ကိုပေးလိုက်သည်။
ဘယ်သူကရသင့်သည် စသည့်အသံတွေ ညံလာ၏။
ဘာမှ မပြောလိုပါ။ သို့သော် ...
အကောင်းဆုံးဇာတ်ကားဆုကို အချစ်ကားက ရသွားတော့ တော်တော်ဆန်းသွား၏။
သြော် အကယ်ဒမီ အကဲဖြတ်လူကြီးမင်းများ အချစ်ကားကြိုက်လို့ ထင်ပါရဲ့ဟု နားလည်မိသည်။
ပြီးတော့ ထိုကားနှင့်ပတ်သက်၍ ကျေးဇူးစကားကိုကြားရသည်။
ဒီကားကြီးဖြစ်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက အစစအရာရာ ကူညီလုပ်ဆောင်ပေးခဲ့တာကျေးဇူးတင်ပါတယ် ... တဲ့။
ဒါရိုက်တာဝိုင်းပြောသည်။ အဲဒီလိုဆိုတော့ ဒါရိုက်တာဝိုင်းက ဘာမှ မလုပ်ပေးခဲ့သလိုဖြစ်နေတယ် တဲ့
ဒီကားရဲ့ အောင်မြင်မှုတစ်ခုဟာ ရုပ်ရှင်လုပ်ငန်းက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်သလား ၀ိုင်းရဲ့ လုပ်ရပ်တွေနဲ့ သက်ဆိုင်သလား... တဲ့။ဟုတ်ကဲ့။ ကျနော်တို့ ဘေးလူတွေလည်း နားကို မလည်နိုင်တော့ပါ။
ပြီးတော့ ရုပ်ရှင်လောကသားများ၏ တူညီသော အသံတစ်ခုကို ကြားမိ၏။
မကြာခင်မှာ မြန်မာရုပ်ရှင်လောက ပျက်ပါတော့မည်။
ဝိုင်းကတော့ အကယ်ဒမီပွဲကို ...
``ဘယ်မျက်နှာနဲ့သွားတက်မလဲ
ဘောလုံးသမားတစ်ယောက်က ဘောလုံးကွင်းမရှိရင် ဘောလုံးကန်လို့ မရဘူး။
ရုပ်ရှင်သမားတစ်ယောက်က ရုပ်ရှင်မားကတ်ပျက်ရင် ရုပ်ရှင် ရိုက်လို့ မရတော့ဘူး။
မကြာခင်မှာ ရုပ်ရှင်လောကပျက်ပါတော့မယ်လို့ ပါးစပ်ကတင်မဟုတ်ဘူး အပြင်မှာ မီဒီယာတွေက တစ်ဆင့်ပြောတယ်။
ဒါပေမဲ့ အရေးလည်း မစိုက်ဘူး။ အဖက်လည်း မလုပ်ဘူး။ ကိုယ့်ထမင်းအိုးကိုယ် ကာကွယ်နေတဲ့ လူတွေကြားထဲမှာ ဘယ်လို အလုပ်လုပ်မလဲ။ ကိုယ်တို့ချစ်တဲ့လောကကြီး ပျက်စီးမှာမြင်နေလျက်နဲ့ဒီအရုပ်တရုပ်အတွက် မတက်တော့ဘူး။´´
ဟု ဆို၏။
ပြီးတော့ ဘာကြောင့်မှန်းမသိပဲ အကယ်ဒမီပွဲစချင်း ညနေ၅နာရီမှာ ဒါရိုက်တာဝိုင်းရဲ့ ဖုန်း အပိတ်ခံလိုက်ရသည်တဲ့။
ဘီလ်လဲ ဆောင်လျက်သားနှင့် ထူးဆန်းစွာ အပိတ်ခံလိုက်ရခြင်းဖြစ်သည်တဲ့။
အင်မတိအင်မတန် ထူးဆန်းအံ့ဖွယ် ရှိချေသည် တကား။
ကိုယ်တိုင်ကင်မရာထမ်း ရိုက်ရပါလျက် အကယ်ဒမီနှင့် နီးစပ်ခွင့်မရရှာသူကင်မရာဆရာတစ်ယောက် အကြောင်း ကြားရသည်ကလည်း စိတ်မကောင်းစရာ ကောင်းလှပါသည်။
လင်းဇာနည်ဇော် အကယ်ဒမီမရ။ ထို့အတွက် ဘာမှ မပြောလိုပါ။
သို့သော် အကယ်ဒမီဆိုတာ အလှည့်ကျ ပေးရသော အရာလား။
ပရိသတ်အနည်းအများကိုလိုက်ပြီး ပေးတာလား။
ဒါကိုတော့ ဝေခွဲမရပါ။
လင်းဇာနည်ဇော် ကိုယ်တိုင်ကိုက ပြောပါသည်။သူ မရဘူးဆိုတာ အစောကြီးကတည်းက ကြိုသိပါသည် ... တဲ့။ဘယ်အချက်တွေကြောင့်များလဲ စဉ်းစားစရာရှိပါသည်။
အကယ်ဒမီဆိုတာ ဒီလို အချက်အလက်တွေနဲ့ ဆုံးဖြတ်ကြတာမျိုးလား?
ဒါကို အနုပညာရှင်တွေက ငုံ့ခံနေကြရတာမျိုးလား?
ဝါရင့် ဒါရိုက်တာကြီးတစ်ဦးကတော့ အကယ်ဒမီကို ဤသိုဝေဖန်ပါသည်။
``... မလုပ်တတ်တဲ့အကြောင်း ဖော်ပြတဲ့ပွဲ ... တဲ့အကဲဖြတ်တွေကို By Name နှင့် ဆွဲခန့်သည့်အခါ အနုပညာကို နားမလည်တဲ့သူက ၈၀ရာခိုင်နှုန်းလောက်ပါနေတယ် ...´´ဟု ဆိုပါသည်။
သြော် နတ်ကြီးလှစွာသော အကယ်ဒမီပေတကား။
(ဖော်ပြပါ အချက်များ၏ အတွင်းကျကျ အင်တာဗျူးများကို ဖတ်ရှုလိုပါလျှင် မကြာမီထုတ်ဝေဖြန့်ချိမည့် OASIS အနုပညာဂျာနယ်တွင် ဖတ်ရှုနိုင်ပါလိမ့်မည်။)
သွန်းနေစိုး Thorn Nay Soe
No comments:
Post a Comment