Tuesday 13 March 2012



မိုးမပြိုဘူး ပြိုသည်ရှိခဲ့သော်ပေါ့ဗျာ... ဒီနေရာမှာ ပြောချင်တာလေးတစ်ခုပါတွဲပြောရရင် ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံရေးလုပ်တဲ့ ခေတ်ကာလကိုပါနှိုင်းယှဉ်ပြီးပြောကြည့်မယ်... တကယ်တမ်းပြောရရင် ဗိုလ်ချုပ်ကျဆုံးသွားချိန်မှာ နိုင်ငံရေးမျိုးချစ်တွေရိုက်သတ်လို့မကုန်အောင်ကျန်ပါသေးတယ်... အဲ့ဒီခေတ်ကာလက ကိုလိုနီခေတ်မို့လို့ အဖိအနှိပ်ခံလို့သာဆိုတယ် ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ဆိုရှယ်ဒီမိုခရက်တစ်၊ ပါလီမန်ဒီမိုခရက်တစ်၊ တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် ကျန်ခဲ့တဲ့ နိုင်ငံရေးမျိုးချစ်တွေမှ အများကြီးပါ... ပိုပြီးထူးခြားတာက ဗိုလ်ချုပ်အရွယ်တန်း လုပ်နိုင်ကိုင်နိုင်လူငယ်တင်မက ဗိုလ်ချုပ်မတိုင်ခင်ကတည်းက တိုင်းပြည်အရေးအရာအတွက် မျိုးချစ်စိတ်နဲ့လုပ်နေခဲ့ကြတဲ့နိုင်ငံရေးသမားတွေ သက်တမ်းရင့်နိုင်ငံရေးသမားတွေလည်းအများကြီးပါ... ဒါပေမဲ့ တိုင်းပြည်နုနုနိုင်ငံရေးဝါဒမုန်တိုင်းထန်ထန်ကြားထဲမှာ တိုင်းရင်းသားအရေးပါအကိုင်အတွယ်မတတ်တော့ လက်နက်ကိုင်အင်အားအခရာကျပြီး ဒီနေ့အထိ လွတ်လပ်ရေးရပြီး နှစ်ပေါင်း၆၄နှစ်ကျော်ကာလမှာ လက်နက်ကိုင်အင်အားခေါင်းဆောင်မှုအပိုင်းနဲ့ဆက်နွှယ်တဲ့ စစ်တပ်ဆန်ဆန်တိုင်းပြည်ကိုကြိုးကိုင်ချယ်လှယ်မှုနဲ့ အုပ်ချုပ်တဲ့ အာဏာရှင်စံနစ်အောက်မှာ တိုင်းပြည်ကနှစ်ပေါင်း၅၀ကျော်ရောက်ပြီး အဲ့ဒီကာလမှာ တိုင်းပြည်အုပ်ချုပ်သူတွေက တိုင်းချစ်ပြည်ချစ်စိတ်နဲ့ တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်မှုထက် ကြိုးနီစံနစ်နဲ့ အထက်အမိန့် အောက်ကပြန်မပြောရပုံစံခွက်ထဲ ရိုက်ထည့်ခဲ့ကြတော့ တိုင်းပြည်သည်လည်းပဲ ရေနစ်ရာကနေ နွံပါနစ်သွားတာပါပဲ... ဒါ့ကြောင့် ဗိုလ်ချုပ်ကျဆုံးပြီးချိန်ကနေ ဒီကနေ့အထိတိုင်းပြည်ရဲ့ နစ်နာမှုတွေမှာ စစ်တပ်နဲ့စစ်တပ်နွယ်တွေရဲ့ တိုင်းပြည်ကို ပျက်ဆီးစေမှုအပြင် အဲ့ဒီလိုမျိုးဖြစ်လာသည်အထိ တိုင်းပြည်ကိုထိန်းကျောင်းမှုပိုင်းမှာ အားနည်းခဲ့ကြတဲ့ တစ်ချိန်က နိုင်ငံရေးသမားများရဲ့ ဝါဒလက်ကိုင်စရိုက်ကလည်း အတိုင်းအတာတစ်ရပ်အထိ တာဝန်ရှိခဲ့တာပါ... လူသာများ၍ပွဲမစည်ဖြစ်ခဲ့တဲ့ တိုတောင်းလှတဲ့ လွတ်လပ်ပြီးခေတ်ကာလက ပါလီမန်ဒီမိုကရေစီကို လှမ်းမျှော်ကြည့်လိုက်ရင် အကွဲအပြဲဇာတ်လမ်းများစွာအောက်မှာ ဝါဒီနိုင်ငံရေးသမားတွေရဲ့ အာဏာတည်ဆောက်ရေးအထူးပြုကြိုးပမ်းချက်တွေကြောင့် ပြည်သူပြည်သားတွေအတွက် ဟုတ်တိပတ်တိဘာမှတိုးတက်အောင်မလုပ်နိုင်ခဲ့တာကို တွေ့ရမှာပါ... တကယ်လို့များ အဲ့ဒီကာလမှ ဗိုလ်ချုပ်သာရှိခဲ့မယ်ဆိုရင်ကောဆိုတဲ့အတွေးကတော့ ကျနော်လည်း အပြန်တလဲလဲတွေးမိပါတယ်... ဗိုလ်ချုပ်သာရှိခဲ့ရင် တိုင်းပြည်တည်ငြိမ်တိုးတက်အောင် မလွဲမသွေကြိုးပမ်းနိုင်မှာမှန်ပေမဲ့ အရာထင်အောင်ဆောင်ရွက်နိုင်ပါ့မလားဆိုတာတော့ သိပ်မသေချာဘူးလို့ တွေးမိပါတယ်... ဒီလိုပြောလို့ ဗိုလ်ချုပ်ရဲ့အရည်အချင်းကိုအသိအမှတ်မပြုတာ ဗိုလ်ချုပ်ကိုနှိမ့်ချတာလုံးဝမဟုတ်ဘူးလို့ ကြိုကာထားပါရစေ... သခင်ဗဟိန်း၊ သခင်သန်းထွန်းတို့နဲ့တွဲပြီး ဗိုလ်ချုပ်ကိုယ်တိုင်တည်ထောင်ထားတဲ့ ကွန်မြူနစ်တွေကိုတောင် ဗိုလ်ချုပ်ခေတ်ဗိုလ်ချုပ်ကာလမှာ ဗိုလ်ချုပ်အောင်မြင်အောင်မစည်းရုံးနိုင်ခဲ့တာ သက်သေပါ... ဆိုလိုတာက ဗိုလ်ချုပ်ဟာ အလုပ်ကြိုးစားတယ်၊ တိုင်းပြည်ချစ်စိတ်ကို ဝါဒရေးရာထက်ရှေ့တန်းတင်တယ် အများပြည်သူဆန္ဒကိုလိုက်လျှောနိုင်အောင်ကြိုးစားတယ်ဆိုတာ ငြင်းဖွယ်ရာမရှိတဲ့အချက်ပါ... ဒါပေမဲ့ အဲ့ဒီခေတ်ကာလမှာ ဗိုလ်ချုပ်ဟာ သူနဲ့အသက်အရွယ်မတိမ်းမယိမ်းနိုင်ငံရေးသက်တမ်းမတိမ်းမယိမ်းရှိတဲ့ နိုင်ငံရေးသမားတွေအားလုံးကိုတော့ တစုတစည်းတည်းဖြစ်အောင် သိမ်းသွင်းနိုင်မှုအားနည်းခဲ့ပါတယ်... ဒါဟာဗိုလ်ချုပ်ရဲ့အားနည်းချက်လို့ ဆိုချင်ဆိုလို့ရပေမဲ့ ဗိုလ်ချုပ်လိုလူမျိုးအနေနဲ့ မသိသာလှပါဘူး... ဗိုလ်ချုပ်ရဲ့ထူးချွန်တဲ့ နိုင်ငံရေးကွက်ကျော်မြင်တတ်မှု၊ ရိုးသားမှု၊ ရဲရင့်မှု၊ အနစ်နာခံနိုင်မှု၊ အပင်ပန်းခံနိုင်မှု၊ တိုင်းပြည်ချစ်စိတ်တွေနဲ့ယှဉ်ရင် အဲ့ဒါတွေကိုဖုံးလွှမ်းပြစ်နိုင်ခဲ့ပါတယ်... ဒါ့ကြောင့် ဗိုလ်ချုပ်ရှိနေစဉ်မှာ ဗိုလ်ချုပ်ရဲ့လွှမ်းမိုးမှုနဲ့ စုစည်းထားတာတွေ၊ ကွဲပြားထွက်မသွားအောင် ဆောင်ရွက်ထားတာတွေဟာလည်း ဗိုလ်ချုပ်မရှိတာနဲ့ တစ်စစီလွင့်ထွက်ပြီး ဝါဒပြိုင်ပွဲအသွင်ကိုရောက်သွားခဲ့တာပါ... ဖြစ်သင့်တာကတော့ ဗိုလ်ချုပ်လိုလူမျိုး ၃ ယောက်လောက် တိုင်းပြည်အတွက်လိုအပ်ပါတယ်... အမေရိကန်ပြည်ထောင်ခါစမှာ ဂျော့ဝါရှင်တန်နဲ့သောမတ်ဂျက်ဖာဆန်တို့လိုမျိုးပေါ့...

၈၈လူထုအရေးတော်ပုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လာပါတယ်... ပါးစပ်ပြောစကားတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ထောင်ပြုစဉ်အခါကပင် တိုင်းပြည်ကလိုအပ်တဲ့အခါ မိမိတိုင်းပြည်အတွက် ပေးဆပ်ခွင့်ကို ခင်ပွန်းသည်ထံက ကတိယူပြီးသားလို့ပြောကြပါတယ်... ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စိတ်သဘောထားကိုထင်ဟပ်ပါတယ်... ဒါပေမဲ့ တစ်ခုသတိထားရမှာက ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ကင်းကွာနေတာနှစ်ပေါင်းများစွာပါ... ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင့်ကျက်မှု၊ အသိအမြင်ကြွယ်ဝမှု၊ နူးညံ့သိမ်မွေ့စွာဖြေရှင်းလိုမှု၊ စိတ်အားထက်သန်မှုတွေဟာ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးတွေပါ... ဒါ့ကြောင့် မောင်သော်က၊ သူရဦးတင်ဦး၊ ဦးဝင်းတင်တို့လို နိုင်ငံရေးပရိယယ်ကြွယ်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပြီး ပြည်သူတွေအတွက် မျှော်လင့်ချက်တွေရှင်သန်စေခဲ့တာပါ... တိုင်းပြည်ဟာ မျိုးဆက်၂ခုစာလောက် နိုင်ငံရေးမျိုးဆက်ပြတ်သွားပြီးမှ ၈၈အရေးအခင်းပေါ်ပေါက်လာတာပါ... အဲ့ဒီနောက်မှာမှ နောက်ထပ်မျိုးဆက်၂ခုစာလောက်ထပ်ပြီး နိုင်ငံရေးစိတ်ပါဝင်စားသူ အများအကျိုးဦးဆောင်ဦးရွက်ပြုလိုသူတွေထပ်ပြီး ချိုးနှိမ်ဖိနှိပ်ခံထားရတာကြောင့် ရာစုနှစ်ဝက်စာလောက် နိုင်ငံရေးမျိုးဆက်ပြတ်တောက်မှုပြဿနာကြီးရင်ဆိုင်နေရတာပါ... ဟုတ်ပါတယ်... ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းကို မျှော်လင့်ချက်တွေပုံထားရင် စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီစံနစ်ကိုမရောက်ခင်မှာပဲ ဦးဆောင်သူပျောက်သွားတာမျိုးဖြစ်ပွါးဖို့ရာ ရာခိုင်နှုန်းများနေပါတယ်... ဒီနေရာမှာ ရာစုနှစ်ဝက်အတွင်း ကျနော်တို့တိုင်းပြည်ရဲ့ အကြီးမားဆုံးဆုလဒ်ကြီးတစ်ခုရှိပါသေးတယ်... အဲ့ဒါကတော့ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးအောင်ကြည်တို့လိုမျိုး ညှိနှိုင်းဆောင်ရွက်ရေးကို ဦးတည်လိုတဲ့ စစ်တပ်ထွက်ပုဂ္ဂိုလ်များဖြစ်ပါတယ်... တိုင်းပြည်တွင်းက လက်ရှိနိုင်ငံရေးမျိုးဆက်အခြေအနေနဲ့ လူထုကိုဦးဆောင်နိုင်တဲ့ပုဂ္ဂိုလ်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ၈၈မျိုးဆက်များလို့ အမည်ရတဲ့အဖွဲ့ကျန်ပါသေးတယ်... လက်ရှိကျနော့အမြင်မှာ ၂၀၁၀ရွေးကောက်ပွဲကလက NLD ကနေ NDF ခွဲထွက်ပြီး လွှတ်တော်ထဲဝင်ခဲ့သလိုပဲထပ်မြင်ပါတယ်... ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ကလွှတ်တော်နိုင်ငံရေးထဲကိုဝင်သွားပါတယ်... လွှတ်တော်ပြင်ပအနေနဲ့ ၈၈မျိုးဆက်များအပါအဝင် တက်ကြွစွာလှုပ်ရှားသူများကို ချန်ခဲ့ပါတယ်... လွှတ်တော်တွင်းအခြေအနေကို NDF အနေနဲ့ဝင်ရောက်ကြည့်တဲ့အခါမှာ အေးချမ်းစွာပြောင်းလဲရေးကိုဖော်ဆောင်ဖို့လမ်းစတွေ့ရှိပြီးပြီလို့ယူဆတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဝင်ရောက်တယ်လို့ မြင်မိပါတယ်... အဲ.. စကားလမ်းကြောင်းက ချော်ကုန်ပြန်ပြီ... နိုင်ငံရေးမျိုးဆက်အနေနဲ့ ရှားရှားပါးပါးထဲမှာဆွဲထုတ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ၈၈မျိုးဆက်များဟာ လုပ်မယ်ဆိုရင် နိုင်ငံရေးလိုင်းထဲဝင်လို့ရပါတယ်... သူတို့ဟာ အသက်၄၀ကျော်တန်းတွေပါ... အဲ့ဒီနောက်မှာတော့ ၃၀ကျော်တန်းထဲကအနည်းငယ်ပမာဏအနေနဲ့ ၉၆တုန်းကတက်ကြွခဲ့သူတချို့ရှိပါတယ်... အငယ်ဆုံးမျိုးဆက်ကတော့ ဒီငြိမ်းလင်းတို့ရဲ့၂၀၀၇မျိုးဆက်ပါ... ကျနော့အမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်း ဒီ Plan တွေကိုချမှတ်ဖို့မလွယ်သလို ထင်ထင်ပေါ်ပေါ်ပဲ နိုင်ငံရေးတွက်ကြွသူထုတ်ဖော်ရေးလုပ်လို့မကောင်းပါဘူး... ၂၀၁၂နှစ်ဆန်းမှာ ၈၈မျိုးဆက်တွေ အစုလိုက်အပြုံလိုက်ပြန်လွတ်လာပြီးတော့ ဒီလိုမျိုး Plan တွေနောက်ကွယ်မှာရှိကောင်းရဲ့လို့ ကောက်ချက်စွဲလို့တော့ရပါတယ်... နှစ်ပေါင်း၂၀ကျော်နိုင်ငံရေးတက်ကြွသူတွေ ပြည်သူနဲ့ ကင်းကွာနိုင်သမျှကင်းကွာအောင်လုပ်ထားတာကြောင့် တိုင်းပြည်တစ်ခုလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားမသိဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်... လက်ရှိအခြေအနေမှာ ရွေးချယ်ခံကိုယ်စားလှယ်ဆိုတာ လွှတ်တော်မှာ ပြည်သူတွေအတွက် ဘာလုပ်ပေးရမှာလဲဆိုတာ ပြည်သူတွေတောင်းဆိုတတ်ဖို့တောင်ခက်ခဲဆဲပါ... ဒီမိုကရေစီမယဉ်ပါးမှုလို့ တံဆိပ်ကပ်ရမလိုပါပဲ... ဒါ့ကြောင့်လည်း ၈၈မျိုးဆက်တွေအနေနဲ့ ပြည်သူတွေကြားထဲရောက်နိုင်သမျှ ရောက်အောင်သွားနေကြတယ်လို့ ယူဆပါတယ်...

အဆုံးသတ်ကောက်ချက်ချရရင်တော့ NLD အပါအဝင် ဒေါ်အောင်ဆန်းစုကြည်သွားနေပုံက လွှတ်တော်ကိုအတွင်းအပြင်ဝင်ရောက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစံနစ်ကို အတည်ငြိမ်ဆုံးကူးပြောင်းဖို့ ပထမဦးစားပေးဖြစ်ပါလိမ့်မယ်... နိုင်ငံရေးမျိုးဆက် ဖြစ်ပေါ်လာရေးကိုလည်း လွှတ်တော်ပြင်ပမှာ ပါတီတံဆိပ်အမည်အကပ်မခံထားတဲ့ တက်ကြွသူတွေအနေနဲ့ကြိုးပမ်းနေပုံပါပဲ... နှစ်ပေါင်းရာနဲ့ချီပြီး ပါလီမန်စံနစ်နဲ့ယဉ်ပါးနေတဲ့ တိုင်းပြည်တွေနဲ့တော့ နှိုင်းယှဉ်ဖို့မဖြစ်နိုင်သေးပါဘူး... ပြိုင်တူလည်းတွန်း လားရာလည်းတူမယ်ဆိုရင်တော့ ပိုရွေ့မှာပါ...

On 13 March 2012 12:39, demonprince13 <demonprince13@gmail.com> wrote:
အကယ်၍ ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင်?

  အန်အယ်ဒီသည် နှစ်နှစ်ဆယ် ကျော် အချုပ်အချယ်ခံနေရရာမှ မကြာခင်အချိန်အတွင်းမှာပင်လွတ်လပ်လာသည် ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း နှစ်နှစ်ဆယ်ကျော် အကျယ်ချုပ်နှင့်
နေရာမှ ယခုလွတ်လွတ်လပ်လပ် လှုပ်ရှားလာနိုင်သည် ။ အန်အယ်ဒီ တခတ်ဆန်းလာသည် . . . စည်းရုံးရေးတွေ အောင်နိုင်ရေးခရီးစဉ်တွေလုပ်လာသည် ။ ကျနော့်အမြင်အရပြောရလျှင်
လက်ရှိမြန်မာနိုင်ငံရေးအရ အန်အယ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်သည် အခရာဖြစ်နေသည် ။ အကြီးမားဆုံးသော ဝေ့ဗ် ဖြစ်နေသည် ။ အင်အားအကြီးဆုံး နှင့် ပါဝါအရှိဆုံး . . . အခြား
နိုင်ငံရေးပါတီများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီလောက် ပြည်သူတို့၏ စိတ်ကို မညို့ငင်နိုင် ၊ မဆွဲဆောင်နိုင် ၊ မလှုပ်ခတ်နိုင် ။


 ထိုထက်ရှင်းရှင်းပြောရလျှင် အန်အယ်ဒီပါတီကြီး တခုလုံးကပင် ဒေါ်အောင်ဆန်းစုကြည်လောက် ပြည်သူတို့၏ စိတ်ကို မညို့ငင်နိုင် ၊ မဆွဲဆောင်နိုင် ၊ မလှုပ်ခတ်နိုင် . . . ဆိုတော့ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်သည် အကြီးမားဆုံးဝေ့ဗ် ၊အကြီးမားဆုံး အင်အား ၊ အထွန်းတောက်ဆုံး ပါဝါ ။ ဤအချင်းအရာကို အန်အယ်ဒီ လိုကယ် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှု့ နှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အန်အယ်ဒီ စည်းရုံးရေးခရီးစဉ်များတွင် အထင်အရှားတွေ့နိုင်သည် ။ ဒေသခံ အန်အယ်ဒီကိုယ်စားလှယ်လောင်းသည် ဒေါ်အောင်ဆန်းစုကြည်လောက် ဒေသတွင်း လူသိမများ ၊ ထောက်ခံမှု့မရှိ ၊ ပါဝါမရှိ ။

ဖြစ်သင့်သည်ကား ပါတီ အင်စတီကျူ့ရှင်း ခိုင်မာရမည့်အစား ပါဆင်နယ်အင်စတီကျု့ရှင်းက ပိုမိုခိုင်မာနေသည် ။ ဒေါ်အောင်ဆန်းစုကြည်သည် အန်အယ်ဒီခေါင်ဆောင်ကားမှန်သည် ။
ပြည်သူ့ခေါင်းဆောင်လည်း မှန်သည် . . . ကောင်းမွန်သော နိုင်ငံရေးမျိုးဆက်ရှိသည်ကားမှန်သည် . . . သို့သော် တွေးတောစရာရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ
ဖြင့် သက်တော်တရာကျော်ရှည်လျှင်ကားကောင်း၏ . . . မတော်တဆ မပြောကောင်းမဆိုကောင်း တစုံတခုကြောင့်တိမ်းပါးသွားခဲ့သည်ရှိသော် အန်အယ်ဒီ နှင့် ပြည်သူတို့မှာ ခေါင်းဆောင်
မဲ့လေတော့မည် ။ ဤထက်ပိုဆိုးဝါးသည်မှာ . . . ဒေါ်အောင်ဆန်းစုကြည်တွင် သူမ၏ နိုင်ငံရေးအရိုက်အရာကိုဆက်ခံမည့် သားသမီးမရှိ ၊ ရှိသည့်သားသမီးသည်လည်း နိုင်ငံနှင့် လူမျိုးမှ
လက်မခံနိုင် . . . လက်ခံနိုင်ပါစေဦး . . . လက်ရှိပြဌာန်းထားသော အခြေခံဥပဒေမှ လုံးဝ လက်မခံ ။

ဗိုလ်ချုပ် မကျဆုံးမှီတွင်လည်း ပြည်သူလူထုမှ ဗိုလ်ချုပ်လုပ်ကြံခံရမည်ဟုလုံးဝတွေးမထား . . . တိုင်းပြည် ကံကြမ္မာဆိုးဝင်စွာ ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရသည် ။ ယခုလည်း ပြည်သူမှာ သင်္ခါရသ
ဘောတရာကိုမေ့လျှော့နေကြပြန်သည် ။ မိုးမပြိုဘူး . . . ပြိုခဲ့သည်ရှိသော် . . . ယခုမှ ပြန်လည်ဖွဲ့စည်းခါစအန်အယ်ဒီအနေဖြင့် . . . ကောင်းမွန်သော လီဒါရှစ်စကေး နှင့် ပြည်သူ့စီမံခန့်ခွဲ
မှု့မရှိသေး . . .ဒေါ်အောင်ဆန်းစုကြည် ရှိနေ၍သာ လက်ရှိအနေအထားသို့ရောက်နေခြင်းဖြစ်သည် . . . ဒေါ်အောင်ဆန်းစုကြည်တိမ်းပါးသွားလျှင် . . . ပြည်သူတဦးအနေဖြင့် တွေးဖြင့်
မတွေးရဲတော့ပေ ။ ဒေါ်အောင်ဆန်းစုကြည်မရှိတော့သော အခြေအနေတရပ်ဖြင့်လည် ကြိုတင် ပြင်ဆင်ထားသင့်သည် ။

မဖြစ်နိုင်ဟု ပြော၍ မရ အန်အယ်ဒီလူငယ်များကာထားသည့်ကြားမှ လူရွယ်တယောက် " အမေကိုချစ်တယ်တယ် " ဟုပြော၍ ဒေါ်အောင်ဆန်းစုကြည်ကို ဖက်နမ်းသွားသည်ကို ကျနော့်
မိတ်ဆွေသတင်းထောက်တယောက် မြင်တွေ့လိုက်ရသည် ။ ဖက်နမ်းသွားသည်ကား ကောင်း၏ . . . အကယ်၍ ဓါးဖြင့်ကပ်ထိုးသွားသည်ရှိသော် . . .ထိုနေ့သည် မြန်မာနိုင်ငံအတွက်
ကမ္ဘာပျက်သောနေ့ဖြစ်ပေလိမ့်မည် ။ အန်အယ်ဒီလူငယ်များအနေဖြင့်လည်း တာဝန်ကြီးသည် ။ ငါတို့လည်းကာကွယ်နေတာပဲ ဟုပြောမှု မှန်၏ . . . သို့သော် ဒီထက်ပို တာဝန်ယူစေချင်
ပါသည် ။ တတိုင်းပြည်လုံး၏ အနာဂါတ်ကို ဒီ့ထက်ပိုစောင့်လျှောက်ကြဖို့ မျှော်လင့်သည် ။ အန်အယ်ဒီလူငယ်များအနေဖြင့်လည်း ကာကွယ်ရမည့်အချိန်တွင် ဓါတ်ပုံမရိုက်ကြရန် ၊ဗီဒီယို
မရိုက်ကြရန် မေတ္တာရပ်ခံလိုပါသည် ။ ဓါတ်ပုံဗီဒီယိုတွေရိုက်ခြင်းကို သတင်းထောက်များ လုပ်ပါလိမ့်မည် ။ ကိုယ့်အလုပ်ကိုယ်လုပ်ကြလျှင် ပိုသင့်လျှော်ပါလိမ့်မည် ။

ပြည်သူများအနေဖြင့်လည်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှု့ကို အတတ်နိုင်ဆုံးလျှော့စေချင်ပါသည်။ အန်အယ်ဒီအနေဖြင့်လည်း ပါဆင်နယ်ထောက်ခံမှု့တခုအပေါ်တွင်သာယာမနေပဲ ၊ပါတီ
အင်စတီကျု့များကိုခိုင်မာအောင် ၊ ကြီးထွားလာအောင် ဆောင်ရွက်သင့်ပါသည် ။ ပါတီဝင်သစ်များကို နိုင်ငံရေးကေဒါသင်တန်းများပေးပြီး ၊ အနယ်နယ်အရပ်ရပ်သို့ သဘောတရားများ
ဖြန့်ပေးနိုင်လျှင် ပိုကောင်းလိမ့်မည် ။ယခုကား အန်အယ်ဒီသည် နေရာတကာသို့မရောက် နေရာကွက်ကြားမိုးရွာသလိုဖြစ်နေသည် . . . ခေါင်းဆောင်ကိုချည်းအားမကိုးသင့် ၊ အောက်
ခြေက အမြဲ လူထုနှင့်ထိတွေ့နေရမည် . . .  လက်ရှိအခြေအနေတွင် ကြံ့ဖွံ့သည် ရပ်ကွက်ကျေးရွာများနှင့် လက်လုပ်လက်စားများကြားတွင် အန်အယ်ဒီထက်ခြေလှမ်းများစွာသာနေသည်။

အန်အယ်ဒီ သည် များစွာလေ့လာရဦးမည် ။ များစွာကြိုးစားရဦးမည် ။ များစွာအနစ်နာခံရဦးမည် ။ ကြားဖြတ်ရွေးကောက်ပွဲသည် အန်အယ်ဒီအား ၀လုံးရေးသင်သလောက်ပင်ရှိလေတော့၏။



 မာဃလုလင်

-

No comments:

Post a Comment