Sunday, 10 June 2012






ရိုဟင်ဂျာပြဿနာကို အမျိုးသားရေးပြဿနာအဖြစ် ၈၈မျိုးဆက်ကျောင်းသားတို့က သဘောထား

မိုးမခသတင်းကောက်နုတ်ချက်၊ ဇွန် ၉ ၊ ၂၀၁၂
ယမန်နေ့က ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ တွင် ကျင်းပရာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးနှင့် ကျောင်းသားလူငယ်များ၊ စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။ ဒီဗီဘီက ထုတ်ပြန်သော ရုပ်သံတင်ဆက်ချက်များအရ ၈၈ မျိုးဆက်ကျောင်းသားများက ရခိုင်ပြည်နယ်အတွင်း အစွန်းရောက်အကြမ်းဖက်သူများ၏ လုပ်ရပ်ကို ရှုပ်ချလိုက်ပြီး မြန်မာနိုင်ငံသားအားလုံးက အမျိုးသားရေးအသွင်ဖြင့် ရင်ဆိုင်ကြရန် တောင်းဆိုလိုက်သည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း မင်းမဲ့စရိုက်ကျုးလွန်မှုများ စတင်ဖြစ်ပွားပြီးနောက် တရားဥပဒေစိုးမိုးမှု မရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၏ လှုံ့ဆော်မှုများတွင် ရိုဟင်ဂျာ ခေါ် ဘင်ဂါလီလူမျိုးခြားများ အရင်းခံမှုရှိနေပါက ထိုပြသနာကို အမျိုးသားရေး ပြသနာအဖြစ် သတ်မှတ်ပြီး တုန့်ပြန်မည်ဟု ကိုကိုကြီးက ပြောကြားသည်။
ကိုမင်းကိုနိုင်က ပြောကြားရာတွင် စာနယ်ဇင်းသမားကလည်း တာဝန်ကြီးကြီး သတိကြီးကြီးဖြင့် ပြည်သူသို့ သတင်းပြန်ကြားကြရန်၊ ပြည်တွင်းရှိ တိုင်းရင်းသားအချင်းချင်း ဘာသာကိုးကွယ်ရာ မတူသူအချင်းချင်းကလည်း ကာကွယ် စောင့်ရှောက်ကြရန်၊ တားဆီးကြရန်၊ ပရိသတ်များကလည်း အင်တာနက်များ ဖေ့စ်ဘွတ်များတွင် တရားလက်လွတ် ဆူပူလှုံဆော်မှုများ၊ ရန်စ ရန်လိုမှုများ ထုတ်ဖော်ဝါဒဖြန့်ခြင်း မပြုကြရန် တောင်းဆိုလိုက်သည်။
ကိုကိုကြီးက အသေးစိတ်ပြောကြားရာတွင် …
"ရိုဟင်ဂျာပြဿနာမှာ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးပြဿနာအဖြစ် သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်ဟု  ကိုကိုကြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောက်က ရှင်းရှင်းလင်းလင်းပြောသွားပါသည်။ ထို့အပြင်
"ရိုဟင်ဂျာပြဿနာမှာ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်နေတဲ့ အချိန်မှာ တက်နိုင်သမျှသည်းခံဆောင်ရွက်နေတဲ့ကိစ္စသာဖြစ်ပါတယ်။ ဒါပေမယ့်ယခုရိုဟင်ဂျာကိစ္စကို အခုအပြတ်ပြောပါမယ်။ ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံတိုင်းရင်းသားလုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်းတောကိစ္စတွေမှာ နိုင်ငံတကာနိုင်ငံကြီးတွေက မြန်မာနိုင်ငံကိစ္စကို အပြည်အစုံနားမလည်ဘဲ ၀င်ရောက်ပတ်သက်စွက်ဖက်နေတာကို လုံးဝလက်မခံပါဘူး။ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာကိုထိပါးတယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ နိုင်ငံတကာနှင့် မျက်နှာမပျက်အောင်ဒုက္ခသည်များလို့ ယူဆပြီး လူသားခြင်းစာနာမှုနှင့် ကိုယ်ခြင်းစာလိုက်လျောမှုကို နိုင်ငံကြီးတွေက ဖိအားပေးလာရင် ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးပြဿနာအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့် လက်တွဲဖြေရှင်းသွားမယ်" ဟု ပြောသွားပါသည်။
ထို့အပြင် အစွန်းရောက်အကြမ်းဖက်သမားများ အစုအဖွဲ့များ၏ ဆူပူလှုံဆော် ရာဇ၀တ်မှုများ ကျုးလွန်နေခြင်းကို ကိုကိုကြီး ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဟု သဘောထုတ်ပြန်လိုက်သည်။
"အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာဝင်များကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသားလုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာသူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့ သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာ ပြဿနာပါ။ ၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားနေတဲ့အခါမှာ အတက်နိုင်ဆုံး အငြင်းပွားစရာ ကိစ္စတွေ၊ မပြောမဖြစ်တဲ့ကိစ္စတွေကလွဲပြီး တော်တော်များများကို သည်းခံပြီး ရှောင်ရှားနေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး အတိအလင်းပြော ပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ တိုင်းရင်းသားမဟုတ်ပါဘူး။ အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်တောကိစ္စသည် နယ်စပ်ကနေ တရားမ၀င် ဖြတ်ကျော်လာတဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာများနဲ့ ပြည်ပသွေးထိုးလှုံဆော်မှုတွေပါ ပါနေတယ်လို့မြင်တယ်။ နိုင်ငံတကာ နိုင်ငံကြီးတွေအနေနဲ့လည်းဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ ပြဿနာကို ကောင်းစွာနားလည်း သိကျွမ်းခြင်းမရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးတော့ ပြောဆိုနေကြတာတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက်တယ်လို့ဘဲ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ " ဟု ပြောသွားခဲ့သည်။
လက်ရှိမောင်တော အခြေအနေ အပေါ် ၈၈ကျောင်းသားခေါင်းဆောင် ကိုမြအေး ၏ သဘောထားကို ပြောကြားရာမှာတော့ …
"မောင်တောမှ ရခိုင်တိုင်းရင်းသားတွေနေတဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်တော်ကြားရတယ်။ ဒါနောက်ဆုံးအခြေအနေပေါ့နော်။ တစ်ဆက်တည်းပဲ အဲဒီဟာတွေနဲ့ ပတ်သတ်တဲ့ ကျွန်တော်သဘောထားတွေကို ပြောမယ်။ ကျွန်တော်တို့ အနေနဲ့က မနေ့တစ်နေ့က ဒီမှာ တစ်နေ့က ညနေထိ အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့ ၅ ဖွဲ့နဲ့ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ ကြေညာချက် ထုတ်ထားတယ်။ အစ္စလာမ် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေ နဲ့ကလည်း ဒီလိုအကြမ်းဖက်မှုမျိုးကို လက်မခံဘူးပြောထားပြီးသား၊ ဒီပြသာနာ ဖြစ်လာတယ်ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့တားထားပါရဲ့နဲ့ မောင်တောမှာ ဒီပြသာနာဖြစ်လာတယ်။ မောင်တောလုံခြုံရေးကိစ္စကို မနေ့က ကျွန်တော်အစိုးရ တာဝန်ရှိသူတွေ နဲ့ပြောထားပါတယ်။ အလားတူပဲ အခြားဒေသတွေရဲ့ လုံခြုံရေးကိုလည်း ပြောထားပါတယ်။ အထူးသဖြင့် မောင်တောကို ကြားရတဲ့အတွက် တားထားပါတယ်။ အဲဒီတော့ ဒီလို ဖြစ်တယ်ဆိုတဲ့ကိစ္စပေါ်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည် စိမ်တွေပေါ်မှာ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အကာအကွယ် ပေးစေချင်ပါတယ်။ နှစ်ပတ်နှစ်အချက်က မင်းမဲ့စရိုက်ဆန်ဆန်ဒီလို ကျူးလွန်တဲ့သူတွေကို ပြစ်မှုကျူး လွန်တဲ့သူတွေကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် အရေးယူ ပေးစေချင်ပါတယ်။ နောက်တစ်ချက်က ရခိုင်တိုင်းရင်သားတွေ နေအိမ်တွေကို ပျက်ဆီးသွားတဲ့ အဆောက်အအုံတွေကို မူလအတိုင်းပြန်ဖြစ်လာအောင် အစိုးရက ကြပ်မတ်ပြီး ဦးစီးဆောင်ရွက် ပေးစေချင်ပါတယ်။ ဒါလက်ရှိသဘောထားပါ။ "
ယခုမနက် ကြားသိလက်ခံရသော သတင်းများအရ လက်ရှိအစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ လုံခြုံရေးအဖွဲ့များက အကြမ်းဖက်ကျုးလွန်သူများကို မြန်မာ၊ ဘင်္ဂလားနယ်စပ်အထိ လိုက်လံ ရှင်းလင်းမှုများ၊ ထိတွေ့မှုများ ရှိနေသည်ဟု ဆိုသည်။ အကြမ်းဖက်ခံရသော အဆိုပါ ဒေသများတွင် အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဟု သိရသည်။

မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များ၌ မငြိမ်မသက်မှုဖြစ်ပွားနေ
Yangon Press International
http://www.facebook.com/ygnpress
ဇွန် ၈၊ ၂၀၁၂ 

ရခိုင်ပြည်နယ် နယ်စပ်မြို့ ဘူးသီးတောင်၊ မောင်တောမြို့နှင့် ပြည်နယ် မြို့တော် စစ်တွေမြို့များတွင် လူမျိုးရေးပဋိပက္ခကို အခြေခံသည့် မငြိမ်သက်မှုများ ဖြစ်ပွားနေသည်ဟု မောင်တောနှင့် စစ်တွေတို့မှ လာသည့် သတင်းများ အရသိရှိရသည်။

မောင်တောမြို့တွင် အချက်အချာကျသည့် မြို့တော်ခန်းမအနီးရှိ လူနေအိမ်များနှင့် ဘာသာရေး အဆောက်အဦအချို့ ဖျက်ဆီးခံရခြင်း မီးရှို့ခံရခြင်းများရှိကာ လူစုလူဝေးများဖြင့် ဈေးဆိုင်နေအိမ်များကို ဖျက်ဆီးခြင်းများရှိနေသည်ဟု ယင်းမြို့ခံတဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်လုံခြုံရေးများက သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုလူဝေးကိုခွဲရန် ကြိုးစားသော်လည်း သိသိသာသာ အောင်မြင်မှုမရသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့တွင်မူ ယနေ့နံနက်ပိုင်းက ဆူပူ အကြမ်းဖက်ရန် လူစုလူဝေးနေသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြုကာ လူစုခွဲခဲ့ရသည်ဟု မောင်တောမြို့ခံက ဆိုသည်။

မောင်တောတွင် စစ်တပ်ကိုလည်း အသင့်အနေအထားဖြင့် တပ်လှန့်ထားသည်ဟုလည်း ၎င်းက ပြောသည်။

စစ်တွေမြို့တွင်မူ မင်းဂံရပ်ကွက်ရှိ ရခိုင်လူမျိုးများပိုင် ဆိုင်အချို့ ယနေ့နေ့ခင်းပိုင်းက ဖျက်ဆီးခံရသည်ဟု စစ်တွေမှလာသည့် သတင်းများအရ သိရှိရသည်။ ။

နောက်ဆုံးရ မောင်တောမြို့ အခြေအနေ
ညနေ ၄နာရီ၊ ဇွန် ၈ ၊ ၂၀၁၂

မောင်တောမြို့ အခြေအနေကို ယင်းမြို့ ဗိုလ်မှူးရွာမှ အသက် ၄၀ ၀န်းကျင် ရခိုင်အမျိုးသမီးတဦးက ပြောပြရာတွင် မြို့လည် သဇင်တည်းခိုခန်း မီးလောင်ကျွမ်းသွားကာ ယူနိုက်တက်တည်းခိုခန်းမှာ မီးရှို့ရန်ကြိုးစား သော်လည်း မီးမလောင်ပဲ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုသည်။

အချို့ရပ်ကွက်များတွင် လူနေအိမ်များမီးရှို့ခြင်း ရွှေထည်ပစ္စည်းများ လုယူခြင်းများရှိနေသဖြင့် ၎င်းအနေဖြင့် လုံခြုံသည့်နေရာတွင် ယခုလောလောဆယ် ပုန်းရှောင်နေရကြောင်း ၊ ရဲစခန်းနှင့် နီးသည့်နေရာ ရခိုင်လူမျိုးများသည့်နေရာများတွင် စုစည်းနေထိုင်နေကြသည်ဟု ၎င်းက ပြောသည်။

မောင်တောမြို့မှ စံပြရွာလည်း ဖျက်ဆီးခံရသည့်အထဲတွင် ပါဝင်ကြောင်း၊ ယခုအကြမ်းဖက် ပစ္စည်းလုယူခြင်းများကို ရဲများအနေဖြင့် ပစ်ခတ်နှိမ်နှင်းခြင်း ပြုသည်ကို မတွေ့ရဘဲ သေနတ်မိုးပေါ်ထောင်ဖေါက်ကာ လူစုခွဲခြင်းမျိုးသာ တွေ့မြင်ရသည်ဟု ဆိုသည်။

အထက်မှ ပစ်မိန့်မပေးသေးကြောင်းလည်း သိရသည်။

ဘူးသီးတောင်မြို့အနီးရှိ စစ်တပ်ရင်း တခုမှ အရာရှိတဦးက ၎င်းတို့တပ်ဖွဲ့များကို အနီရောင် အဆင့်အသင့်အနေအထားဖြင့် တပ်လှန့်ထားကြောင်း၊ အကြမ်းဖက်မှုများကို နှိမ်နှင်းခြင်းထက် ယခုလို လူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားခြင်းကြောင့် တဖက်နိုင်ငံမှ စစ်တပ်များ ၀င်ရောက်လာနိုင်သည့် အနေအထားအတွက် တပ်လှန့်ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

နောက်ထပ် ရရှိသည့် သတင်းများအရ ဗိုလ်မှူးရွာတွင် လူနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခံရပြီး ၃ ဦး အသတ်ခံရသည်ဟု သိရှိရသည်။ သေဆုံးမှု သတင်းကို သီးခြား အတည်မပြုနိုင်သေးပါ။

မောင်တောမြို့လူဦးရေ၏ ၉၈ ရာနှုန်းနှင့် ဘူးသီးတောင်မြို့ လူဦးရေ၏ ၉၀ ရာနှုန်းမှာ အစ္စလာမ်ဘာသာဝင် ဘင်္ဂလီလူမျိုးများ ဖြစ်သည်။

သမ္မတရုံးမှ အရာရှိတဦးဖြစ်သူ ကလောင်အမည် မှူးဇော် ၏ ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယခုအဖြစ် အပျက်နှင့်ပတ်သက်၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေပုံကို
" နိုင်ငံတော်အစိုးရအနေဖြင့် ယင်းသို့ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိပါသည်။
ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေပါသည်။
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါသည်" ဟု ဖေါ်ပြထားသည်ကိုတွေ့ရသည်။ ။



မောင်တောမြို့တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

ည ၈နာရီ ၄၅မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်-Yangon Press International 


မောင်တောမြို့တွင် ယနေ့မွန်းလွဲပိုင်းမှ စတင် ဖြစ်ပွားခဲ့သည့် သည့် မီးရှို့မှုများ၊ လုယက်မှုများနှင့်အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် မောင်တောမြို့ စည်ပင်သာယာ နယ်နိမိတ်တွင် ည ၆နာရီမှ နံနက် (၆) နာရီထိ ညမထွက်ရ အမိန့်နှင့် လူ (၅) ယောက်ထက်ပို၍ စုဝေးခြင်း မပြုရဟု ပုဒ်မ (၁၄၄) အရ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ 
ဘုန်းတော်ကြီးကျောင်း တကျောင်းတွင် ခိုလှုံနေရသူ မောင်တောမြို့ခံ ကိုထူးက နောက်ဆုံး အခြေအနေကို ည၈နာရီခွဲတွင် YPI သို့ပြောဆိုရာတွင် ပုဒ်မ ၁၄၄ အမိန့်ထုတ်ခြင်းကို ၎င်းအနေဖြင့် မကြားသိသေးကြောင်း ၊ စွန့်ပစ်ထားခဲ့သည့် နေအိမ်များမှ ပစ္စည်များအား လုယူသွားမှုရှိနေသဖြင့် ၎င်းတို့၏ နေအိမ်သို့ ပစ္စည်းယူဆောင်ရန် လူအုပ်စုဖြင့် သွားစဉ် ဘင်္ဂါလီလူမျိုး အကြမ်းဖက်သူများက ဒါးများ၊ ဒုတ်များဖြင့် လိုက်လာ၍ ပြန်လှည့်လာခဲ့ရသည်ဟု ဆိုသည်။

မြစ်ဆုံပြီးတော့ ရိုဟင်ဂျာ (ဘင်္ဂါလီ)...
ကိုသင့်မြတ်၊ ဇွန် ၉၊ ၂၀၁၂
ဒီရက်ပိုင်းအတွင်း သတင်းတွေကို ကြည့်လိုက်တိုင်း ထိပ်တန်းမှာ နေရာယူနေတာက ရခိုင်ပြည်နယ် သတင်းတွေချည်းဖြစ်ပါတယ်။ မထင်မှတ်ပဲ ကျယ်ပျံ့လာလိုက်တာ သွေးထွက်သံယိုမှုတွေနဲ့ အထိတ်တလန့် ဖြစ်ဖွယ် သတင်းတွေဟာ တတိုင်းပြည်လုံးကို ရိုက်ခတ်နေပါတယ်။
အမျိုးသား သုံးဦးက အမျိုးသမီးတဦးကို မတရား မုဒိန်းကျင့်စော်ကားပြီး ရက်ရက်စက်စက်သတ်ဖြတ်ရာက မခံမရပ်နိုင်ဖြစ်ပြီး တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးသတ်ခံရတာ၊ (စစ်တွေမှာ မတရား ဈေးအခွန် ကောက်တာကို ကန့်ကွက်မှုကလည်း ထပ်ဆင့်လိုက်သေး)၊ ရန်ကုန်မှာ အစ္စလာမ်ဘာသာဝင်တွေက အမှုမှန် ဖြစ်ဖို့ ဆန္ဒပြတောင်းဆိုတာ..။ နောက် အခုဆက်ပြီး ရိုဟင်ဂျာဆိုသူ ဘင်ဂါလီတွေက သူတို့ အင်အားကြီးမားတဲ့ ဘူးသီးတောင် မောင်းတောမှာ ရခိုင်ရွာတွေကို ဖျက်ဆီး၊ ရိုက်နှက်၊ သတ်ဖြတ် ပစ်ခတ် မှုတွေဖြစ်ပြီး ရဲတွေက ခြောက်လှန့်ပစ်ခတ် တာ မရတဲ့အဆုံး ပစ်မိန့်ပေးလိုက်တဲ့သတင်း၊ စစ်တပ်အင်အားသုံးပြီး ထိန်းသိမ်းဖို့ ပြင်နေတဲ့သတင်းတွေဟာ ပလူပျံနေအောင် ထွက်ပေါ်လာပါတယ်။
သတင်းတွေထွက်ပေါ်နေသလို ဒီအဖြစ်အပျက်ပေါ် စိုးရိမ်မှုအမျိုးမျိုးနဲ့ ဝေဖန်မှု၊ အကြံပေးမှု၊ ဝေဖန်ပိုင်းခြား မှုတွေကလည်း အမျိုးမျိုးအဖုံဖုံ ပါပဲ။
စစ်တပ်က အာဏာသိမ်းပြီး နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်သူတွေ၊
ရိုဟင်ဂျာတွေကိစ္စကြောင့် အေးချမ်းစွာ နေထိုင်တဲ့ တခြားအစ္စလာမ်ဘာသာဝင်တွေနဲ့ အထိကရုဏ်းဖြစ်မှာ စိုးရိမ်သူ တွေ၊
ရခိုင်တွေဟာ အကြမ်းဖက် သွေးဆူတဲ့သူလို့ ယူဆကုန်မှာစိုးရိမ်သူတွေ၊
အာဏာပိုင်တွေက စနစ်တကျ မှန်ကန်အောင် ဖြေရှင်းပါ့မလား စိုးရိမ်သူတွေ၊
ရိုဟင်ဂျာတွေဖက်မှာ လက်နက်ကိုင် ပစ်ခတ်မှုတွေရှိနေလို့ မတော်မတရား လုပ်ခံရမှာ စိုးရိမ်သူတွေ အပြင် ရခိုင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုသူတွေ၊
တို့မြေကို မထိနဲ့ မကျူးကျော်နဲ့ ဧည့်သည်က အိမ်ရှင်ကို မတရားမစော်ကားနဲ့ ဆိုသူတွေ၊
အေးချမ်းသာယာမှုကိုပဲ ဦးတည်ဖို့ ပြောသူတွေ၊
လူကြီးတွေ ဟိုဖက် ဒီဖက် ခေါင်းဆောင်တွေ ဘာလုပ်နေသလဲလို့ အားမလို အားမရ ပြစ်တင်ဝေဖန် သူတွေ စုံလို့ပါပဲ။
တချို့ကလည်း ယခင့်ယခင် သင်ခန်းစာတွေကြောင့်၊ မယုံကြည်နိုင်စရာ အခြေအနေတွေကြောင့် တမင် တကာ ဖန်တီးပြီး နောက်ကြောင်းပြန်လှည့်ဖို့ ထောင်ခြောက်ဆင် အကွက်ဖန်နေတာလားလို့ သံသယရှိကြ ပါတယ်။
တချို့ကတော့ အေးအေးချမ်းချမ်းနဲ့ မှန်မှန်ကန်ကန် ဥပဒေအတိုင်းဖြစ်ဖို့ မေတ္တာရပ်ခံ လှုပ်ရှား ဆောင်ရွက်သူတွေလည်း ရှိနေပါတယ်။
အသံတွေ အားလုံး ခံစားချက်တွေ အားလုံးမှာ တူညီတဲ့ အချက်တခုကတော့ အမျိုးသားရေးဆိုတဲ့ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ချစ်စိတ်တွေကြောင့် ပြောဆိုကြတာပဲဖြစ်ပါတယ်။
အခုမှ သွေးနုသားနုလေးဖြစ်နေသေးတဲ့ ပွင့်လန်းစ ဒီမိုကရေစီရောင်ခြည်လေးကို ပျက်စီးသွားမှာလည်း အင်မတန်မှ စိုးရိမ်ကြပါတယ်။ ဒါကြောင့်လည်း တဖက်နိုင်ငံသားတွေက ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကို ကိုယ့်မြေ ကိုယ့်ရေမှာ လာစော်ကားနေတယ်လို့ ယူဆရင်တောင် သည်းခံဖို့ မေတ္တာရပ်ခံတဲ့ နိုင်ငံကြီးသားပီသမှုတွေကိုလည်း မြင်တွေ့ရပါတယ်။
လတ်တလောပြသနာဟာ မုဒိန်းမှုက စတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တော့ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ်။ ယခင့်ယခင်ထဲက ပြသနာတွေရှိခဲ့ကြလို့ ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာလို့ ပြောရမှာပါ။
ဒီလိုအခြေအနေမှာ ပြသနာကို ဘယ်လိုဖြေရှင်းကိုင်တွယ်ကြမလဲ။ အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုရမှာပေါ့။ ဒီလိုမှ ဖြေရှင်းလို့ မရရင်တော့ ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှ တန်ကာကျမယ်။ မစို့မပို့ သွားလုပ်ရင်တော့ တဖက်နိုင်ငံသားတွေက ငါတို့ ဒီလို စော်ကား မော်ကား လုပ်လို့ရနေတာပဲဆိုတဲ့ အယူအဆကြီးဟာ ပိုကြီးမားသွားနိုင်သလို ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေဖက်က လည်း ငါတို့က မတရား အစော်ကားခံဖက်ကပဲ။ ဖြစ်တိုင်းခံရတဲ့ဖက်ကပဲ ဆိုတဲ့ အတွေးအမြင်တွေဖြစ်ကုန်ပြီး အနာဂတ်အတွက် ပိုဆိုးရွားတာတွေ ဖြစ်လာမယ်လို့ သုံးသပ်သူက သုံးသပ်ပါတယ်။
 မြစ်ဆုံအရေးဖြစ်တဲ့အခါ ပြည်သူလူထုက ဘုံရန်သူကို ပြတ်ပြတ်ရှင်းရှင်း ရှုမြင်ပြီး ပြုသင့်ပြုထိုက်တာကို  တပ်ညီ လက်ညီ  ပူးပေါင်းပြီး မှန်မှန်ကန်ကန် ပြသ ပါဝင်ကြိုးပမ်းခဲ့သလို တာဝန်ရှိသူးတွေကလည်း လူကြီးပီသစွာ ရဲရဲရင့်ရင့် ဆုံးဖြတ်စီစဉ်နိုင်ခဲ့လို့  အမျိုးသားညီညွတ်ရေးကို ပိုမိုရရှိခဲ့ကြတယ်၊ နားလည်မှု နွေးထွေးမှု ယုံကြည်မှုတွေ ပိုရှိလာ ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
အခု ရိုဟင်ဂျာအရေး ပေါ်ပေါက်လာပြန်ပါပြီ။ မကိုင်တတ် မရှင်းတတ်ရင်တော့ ဒါဟာ ကြီးမားတဲ့ မီးညွန့် မီးစ မီးတောက် မီးလျှံ ဖြစ်ပါတယ်။
လူထုက ဘယ်လိုသဘောထားပြီး ခေါင်းဆောင်တွေ အာဏာပိုင်တွေက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ သွေးထွက်သံယိုမှုတွေဖြစ်ခဲ့တယ် ဖြစ်နေတယ်ဆိုပေမယ့် ယူတတ်ရင် ဖြေရှင်းတတ်ရင် ဒါဟာ အမျိုးသား ညီညွတ်ရေးအတွက် အခွင့်အရေးတရပ်ဖြစ်သလို (ဟိုးနအဖ တွေရဲ့ စကားငှားသုံးရရင်) တပ်နဲ့ပြည်သူ ချစ်ကြည်ဖြူတောင် ဖြစ်သွားနိုင်ပါတယ်။
လူကြီးတွေ အမျှော်အမြင်ရှိရှိနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်စီစဉ်ကိုင်တွယ်ဖြေရှင်းနိုင်ကြပြီး လူထုတွေ အမျိုးသားရေးစိတ်နဲ့ သတိရှိရှိ ပညာရှိရှိ ပူးပေါင်းဆောင်ရွက်ရင်း အေးချမ်းသာယာတဲ့ အခြေအနေကို ပူးပေါင်း ဖန်တီးနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
ပွဲလန့်တုန်း ဖျာခင်းချင်သူတွေ၊ ပွဲဆူအောင် ပွဲလှန့်သူတွေ၊ ပွဲပျက်ဖို့ အမဲဖျက်သူတွေရဲ့ရန်က ကင်းဝေး နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
မြန်မာပြည် ငြိမ်းချမ်းတိုးတက် သာယာပါစေ။

          


 မာဃလုလင်

No comments:

Post a Comment