ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၆)
တင်မိုး
ဇူလိုင် ၂၈၊ ၂၀၁၂
၁။
နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးက မီးလျှံထနေတယ်။ စီအန်အန်၊ ဘီဘီစီ စတဲ့ သတင်းဌာန တီဗွီတွေကို မကြည့်ချင် မြင်ပါလျက်သား မီးတောက်တွေတဖွားဖွား။
တိုင်းပြည်နယ်နိမိတ်လုကြ၊
ပြည်သူလူထုနဲ့ အာဏာရှင်တွေ စစ်ခင်းကြ၊ ရောဂါထူ ငတ်မွတ် စတဲ့
ကပ်ရောဂါတွေနဲ့ နပန်းလုံးရနဲ့ ဒုက္ခတွေ ပင်လယ်ဝေနေပါတော့တယ်။
အဲဒီဒုက္ခအပေါင်းတွေထဲမှာ
မဖြစ်သင့် မဖြစ်ထိုက်ပါဘဲနဲ့ ဖြစ်ရတဲ့ဒုက္ခကတော့ ဘာသာရေးအယူသည်းမှုကြောင့်
အစွန်းတဖက်ရောက်ပြီး အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာခြင်းပါပဲ။ ဘယ်နေရာ၊
ဘယ်စခန်းမှာ အသေခံဗုံးခွဲသမားတွေရဲ့ လက်ချက်နဲ့ အသက်ပေါင်းဘယ်လောက်သေကြမလဲ။
ကမ္ဘာကြီးဟာ ရင်တမမ။
ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်ခွင့်
ပေးထားတဲ့အတွက် ကိုယ့်ဘုရား၊ သူ့ဘုရား အငြင်းပွားစရာ မလိုပါဘူး။
ကိုးကွယ်မှုနဲ့ ပတ်သက်ရင်လဲ အငြင်းမပွားကောင်းပါဘူး။ ကမ္ဘာပေါ်ရှိ
ဘာသာတရားတိုင်းဟာ ငြိမ်းချမ်းရေစင်လောင်း၊ မေတ္တာရေစင်
ပက်ဖျန်းကြတာချည်းပါပဲ။ ဘယ်ဘုရားကမှ သတ်ပွဲ ဖြတ်ပွဲ သွေးရဲရဲကို
လိုလားကြမယ် မထင်ပါဘူး။ ဒီလိုအတွေးတစ ၀င်လာတာနဲ့ ဒီ “ဘုရားရှိခိုး” ဆိုတဲ့
ကဗျာကလေးတပိုဒ် ရေးစပ်လိုက်မိပါတယ်။
(၂)
“ဘုရားရှိခိုး”
ငါ့ဘုရားမှ ငါ့ဘုရား
ငါ့တရားမှ ငါ့တရားဟူ၍
ကျဉ်းမြောင်းသောစိတ်ထားနှင့်
ဘုရားရှိမခိုး။
ငါ့ဘာသာကမှ သမ္မာဒိဋ္ဌိ
တခြားဘာသာများက မိစ္ဆာဒိဋ္ဌိ
အမှန်မသိ အမှန်မမြင်ဟူ၍
အမြင်မကောင်း
အမြင်စောင်းနှင့် ဘုရားရှိမခိုး။
ငါ့အယူမှ အမှန်
သူအယူက မမှန်
င့ါအရဟံမှ အရဟံ
ငါ့အလံမှ အလံ
ငါ့ဗုဒ္ဓံကမှ အဟုတ်ဟူ၍
ကျွန်ုပ်ရှိမခိုး။
ဘာသာတရားတိုင်း
လေးစားရိုသေထိုက်သည်သာ။
အမိုက်မှောင်ကိုခွင်း၍
အလင်းဆောင်နိုင်စေသည်သာ။
ရိုင်းစိုင်းမှုကိုဆေး၍
ယဉ်ကျေးလိမ္မာစေသည်သာ။
ရက်စက်မှုကို စွန့်ပယ်၍
သနားလွယ်သော ကရုဏာနှင့်
မေတ္တာတရား မွေးမြူစေသည်သာ။
ဘာသာတရားမှန်သမျှ
လူ့လောက၏အလှဆုံး
အဆင်တန်ဆာ
အလင်္ကာဂုဏ်မြောက်သည့်
မြကျောက်ပွင့်ပမာ။
သိမ်မွေ့မှု၊ နူးညံ့မှု
နက်နဲမှု၊ လက်တွဲမှုတို့နှင့်
လူ့အကျိုးငှာ၊ ပွင့်၍လာသည်ဟု
ငါယုံကြည်လျက်
ဘာသာတရား၏ဂုဏ်ရည်ကိုရည်စူးကာ
ဦးချရှိခိုးပါ၏ သုံးပါးသောရတနာ။
အဲဒီလို
အမုန်းတရားနဲ့ကင်း၊ နှလုံးသားနဲ့ရင်းရတဲ့ ဘာသာတရားအားလုံးကို လေးလေးစားစား
ကြည်ကြည်ညိုညို ရိုရိုသေသေ ရှိခိုးတဲ့ ကဗျာရေးမိပါတယ်။ ဘယ့်နဲ့ ဘာသာတရားက
လူသားကို ဘာလို့ဒုက္ခပေးရမှာလဲ။
(၃)
အများအားဖြင့် အယူသည်းတယ်ဆိုတာ ကောင်းကျိုးမပေးတတ်ပါ။ စိတ်နေစိတ်ထား ကျယ်ပြန့်မှုကို အတားအဆီး ပြုတတ်ပါတယ်။
“ဘာသာရေးက၊ စစ်သွေးကြွ
မာနခက်ထန်၊ ဥပါဒါန်
ခိုက်ရန်လိုလား၊ ဒေါမာန်ပွားသတဲ့ ..။
ကိုယ့်ဘုရားမှ ကိုယ့်ဘုရား
သူများဘုရား၊ အကုန်မှား
ယုံစားသောသူ၊ တို့ရန်သူတဲ့ …။
စစ်ပွဲခင်းမလား၊ သတ်ပွဲကျင်းမလား
သွေးခြင်းခြင်းနီ၊ အလောင်းစီပစေ
မထီလေးစား၊ သင်တို့အား
ဘုရားမတူ တို့ရန်သူတဲ့ ..”
ဒီလိုအပြုအမူ၊
အပြောအဆို၊ အတွေးအကြံတွေမှန်သမျှ တဖက်သတ် တံခါးပိတ်ထားတဲ့ အမူအရာ
ဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့လမ်း လျှောက်လှမ်းသူသာ ဖြစ်ပါတယ်။ မိမိလဲသေ၊
တပါးသူတွေလဲ သေစေတဲ့ မရဏလမ်းသွား ဘ၀ရမ်းကားသူသာ ဖြစ်ပါတယ်။
“ဘာသာရေးက၊ မာန်နှိမ့်ချ
လောကပြတင်း၊ လူ့အလင်း။
ကိုယ်ကွယ်ဘုရား၊ မတူငြားလည်း
လူသားချင်းချင်း၊ ချစ်ခင်ရင်း
ညီအကိုရင်း နှမချင်း
ငါတို့သွေးရင်း၊ ဆွေသားချင်း။
ဘုရားမတူ၊ စကားမတူ
အသားမတူ
လူသားအချင်းချင်း၊ ကူရိုင်းပင်း
ယဉ်ကျေးလိမ္မာခြင်း။”
လို့လဲ
ကဗျာကို ဆက်လက်ဖွဲ့ဆိုမိပါတယ်။ လူသားဟာ ယဉ်ကျေးမှုအဆင့်မြင့်တဲ့ခေတ်ဆီသို့
တိုးတက်ရောက်ရှိလာပါရက်နဲ့ ဘာလို့ အောက်ပြန်ဆင်းတော့မှာလဲ။
ခေတ်နောက်ပြန်ဆွဲရာ ရောက်ပါတယ်။
လူသားအဖို့
အကောင်းဆုံးရရှိတဲ့လက်ဆောင်က “ဘုရား” ပါ။
ကိုးကွယ်ရာဘုရားတဆူရရှိလာတဲ့လူသားအဖို့ ဆင်ကန်းတောတိုး
အကျိုးမမြင်တဲ့လမ်းစဉ်ကို မလိုက်သင့်တော့ပါဘူး။ မိမိတို့ရဲ့ လောဘ ဒေါသ၊
အာဃာတ မာနနဲ့ မောဟတွေအတွက် ဘုရားရဲ့မြင့်မြတ်တဲ့ဂုဏ်ကို ထိခိုက်မှာ
စိုးရိမ်သင့်ပါတယ်။
ကမ္ဘာအရပ်ရပ်မှာ သွေးငတ်သွေးဆာနေတဲ့ နတ်မိစ္ဆာတွေ
ရှိတတ်ပါတယ်။ သူတို့ဟာ ယုံကြည်ကိုးစားသူတို့ကို လှည့်ဖြားပြီး
ဘုရားရဲ့ဂုဏ်တော်ကို ဖျက်ဆီးတတ်ပါတယ်။ သတိရှိရှိ ဆင်ခြင်ကြည့်နိုင်မှ
အကြမ်းဖက်သမားဘ၀ လွတ်မြောက်ကြမှာပါ။
ကမ္ဘာ့လူသားတွေရဲ့ နှလုံးခုန်သံဟာ မူမှန်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။ ။
ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၇)၊ ဒီဇင်ဘာ၂၀၀၃
(မိုးမခမှကူးယူဖေါ်ပြပါသည်)
No comments:
Post a Comment