ရီစတရိမ့်(န်)
ရီစတရိမ့်(န်) ( RESTRAINT ) ဆိုသည်မှာ အင်္ဂလိပ်ဝေါဟာရ တစ်ခုဖြစ်ပြီး အနီးစပ်ဆုံးအားဖြင့် တစ်စုံတစ်ယောက်သောသူသည် သက်ရောက်မှုများကို စိတ်လှုပ်ရှားမှုများ (ဒေါသ ) မရှိဘဲ အေးချမ်း သော နည်းဖြင့် တုံ့ပြန်သက်ရောက်သည်ကို ဆိုလိုသည်။ ယင်းစကားလုံး တစ်လုံးတည်းနှင့်ပင် ထိမ်းသိမ်း ဆောင်ရွက်ခြင်း၊ ဆင်ခြင်ခြင်း၊ ထိမ်းချုပ်မှုအောက်တွင်ရှိခြင်း၊ အေးချမ်းခြင်း၊ ကန့်သတ် ခြင်း၊ စိတ်လှုပ်ရှားမှုများ (ဒေါသ) ကင်းခြင်း၊ သည်းခံခြင်း၊ တည်ငြိမ်ခြင်း စသော အပြုသဘော ဆောင်သည့် အနှစ်သာရတို့ သက်ဝင်သည်။
စာရေးသူသည် ယင်းစကားလုံးကို ဆောင်းပါး၏ ခေါင်းစဉ်အဖြစ် သုံးခြင်းအားဖြင့် အထက်ပါ ဆိုလိုသည်များကို ဖေါ်ပြပြီးသကဲ့သို့ ဖြစ်သည်။ ယနေ့ တိုင်းပြည်၏ အနောက်ဖက် ရခိုင်ပြည်နယ် တွင် ဖြစ်ပွားနေသော ပဋိပက္ခကြီးအတွက် ယင်းစကားလုံး၏ အနှစ်သာရ အဓိပ္ပါယ်များသည် လွန်စွာ အရေးပါပေသည်။ ထို့ကြောင့် ယင်းပဋိပက္ခကြီး အမြန်ဆုံး ချုပ်ငြိမ်းသွားစေရန် ဘက်အသီးသီးတို့မှ ပါဝင်ပတ်သက်နေသူများအားလုံးကို စာရေးသူမှ ဤစကားလုံး ရီစတရိန့်(န်) ဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။
ပါဝင်ပါတ်သက်နေသူ များသည် မိမိဘက်အလိုက် သက်ဆိုင်သော အချက်များကို ထိမ်းသိမ်း လိုက်နာ သင့်ပေသည်။ ယင်းစကားလုံး၏ အနှစ်သာရများအတိုင်း လိုက်နာကြရန် လိုအပ်ပါသည်။ သို့မှသာ ဤပဋိပက္ခ ချုပ်ငြိမ်းပြီး တိုင်းပြည် ငြိမ်းချမ်းမည်။ ငြိမ်းချမ်းမှ တိုးတက်ဖွံ့ဖြိုးမည်။
ဘက်အသီးသီးမှ ပတ်သက်သူများတွင် တိုက်ရိုက် ထိတွေ့ ပတ်သက်သူများနှင့် တစ်ဆင့် ပတ်သက်သူများဟူ၍ ရှိပေသည်။ အခြေခံအားဖြင့် ရခိုင်ပြည်နယ်တွင်ရှိသော ဘာသာကွဲ၊ လူမျိုးကွဲ လူ့အဖွဲ့အစည်းကြီး 2 စု ၏ ထိပ်တိုက်တွေ့ဆုံသော ပဋိပက္ခကြီး ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် ဒေသခံ ရခိုင်လူမျိုးများအုပ်စုနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ အုပ်စု တို့ ဖြစ်သည်။ ယင်းအုပ်စု ကြီး 2 စု အပြင် ပဋိပက္ခကို တားဆီးနိုင်ရန် ကူညီဖြေရှင်းနိုင်ရန်နှင့် ပြေလည်ချုပ်ငြိမ်းသွားစေရန် ဖြန်ဖြေ ဖေးမသော အခြား အုပ်စု ကြီး 1 စု အပါအ၀င်အဆိုပါ အုပ်စုကြီး 3 စု ရှိပေသည်။
I. ဗုဒ္ဓဘာသာဝင် ဒေသခံ ရခိုင်လူမျိုးများ ပါဝင်သော လူ့အဖွဲ့အစည်း အုပ်စု။
အောက်ပါ အချက်များကို စောင့်ထိန်းလိုက်နာကြရန် မေတ္တာရပ်ခံအပ်ပါသည်။
(၁) မေတ္တာ တရားကို အခြေခံသော ဗုဒ္ဓ၏ အေးမြသော အဆုံးအမများကို လိုက်နာကြပါရန်။
(၂) ဆရာတော်ကြီးများ၊ ဆရာသမားများ၊ လူကြီးသူမများ၏ ဆုံးမ စကားများကို နားထောင်ကြရန်။
(၃) ဗုဒ္ဓဘာသာ၏ သမိုင်းတွင် ဘာသာရေးစစ်ပွဲများ မရှိခဲ့သည့် အစဉ်အလာကို ထိမ်းသိမ်းရန်။
(၄) မိုက်ရူးရဲဆန်သော တုံ့ပြန်မှုများထက် တည်ငြိမ်၍ သတ္တိရှိသော စိတ်ဓါတ်များ ဖြင့် တုံ့ပြန်ရန်။
(၅) လူသားမဆန်သော လုပ်ရပ်များကို ရှောင်ကြဉ်ရန်။
(၆) ဥပဒေ ဘောင်အတွင်းမှသာ တုံ့ပြန်ဆောင်ရွက်ကြရန်။
(၇) ရိုင်းပြသော၊ ရင့်သီးသော စကားအသုံးအနှုံးများကို အင်တာနက် စာမျက်နှာများ၊ လက်ကမ်း
စာစောင်များ နှင့် သတင်းမီဒီယာများတွင် အသုံးမပြုကြပါရန်။
(၈) နိုင်ငံတော်၏ အခြေခံ အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို လေးစားကြရန်။
(၉) အခြားသူများ၏ ယုံကြည်ကိုးကွယ်မှုများ၊ ယဉ်ကျေးမှု အစဉ်အလာများကိုလည်း လေးစားကြရန်။
(၁၀) မိမိလူမျိုး မိမိဘာသာတရားကို ငြိမ်းချမ်းစွာ ရေရှည်တည်တံ့မည့် မြှော်မြင်မှုများနှင့်
တည်ဆောက်ကြရန်။
(၁၁) နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည့် အမှောင့်ပယောဂ အဖျက်သမားတို့၏
မမှန်မကန် လမ်းကို ပရိယာယ် ကြွယ်ဝစွာဖြင့် ရှောင်တိမ်းနိုင်ကြရန်။
(၁၂) လူမျိုးရေး၊ ဘာသာရေး နှိပ်ကွပ်မှုများ မဖြစ်ပေါ်အောင် တားဆီးကြရန်။
(၁၃) မိမိတို့ဘာသာ လူမျိုး အများစု ရှိသည့် နေရာ ကွက်ကွက် အတွက်သာ မစဉ်းစားဘဲ မိမိလူမျိုး၊
ဘာသာဝင် များ အနည်းစု ဖြစ်နေသည့် နေရာများအတွက်ပါ စဉ်းစားဆောင်ရွက် ပါရန်။
(၁၄) မိမိတို့ကို နှိပ်ကွပ်သူ၊ အနိုင်ကျင့်သည့် လူမျိုးများဟု ယူဆနိုင်သည့် လုပ်ရပ်များကို
ရှောင်ကြဉ်ကြပြီး သတ္တိပြောင်မြောက်သည့် မိမိဘာသာ၊ လူမျိုးကို ခုခံ ကာကွယ်သူများ
ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်။
(၁၅) မိမိတို့ ကိုယ်ကို စီးပွားရေး၊ ပညာရေး၊ လူမှုရေး အရ အောင်မြင်တောင့်တင်းသူများဖြစ်ရန်
ကြိုးပမ်းကြရန်။
(၁၆) ယခု မျိုးဆက်များ အတွက်သာ မဟုတ်ဘဲ နောင်လာမည့် မျိုးဆက်များ ကို ဒုက္ခတွင်းထဲ ကျန်ရစ် မည့် အရေးကို ကာကွယ် ကြိုးပမ်းကြရန်။
(၁၇) ငြိမ်းချမ်းသော၊ သာယာသော၊ လုံခြုံသော၊ အေးချမ်းသော လူမျိုး၊ ဘာသာ လူ့အဖွဲ့အစည်း
အဖြစ် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရန် တို့ ဖြစ်ပေသည်။
II. အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ ပါဝင်သော လူ့အဖွဲ့အစည်းအုပ်စု။
ယင်းအုပ်စု၏ ပုဂ္ဂိုလ်များသည် အောက်ပါ အချက်များကို လေးစား လိုက်နာ ကြရန် မေတ္တာ ရပ်ခံ အပ်ပါသည်။
(၁) အလ္လာအရှင်မြတ်၊ တမန်တော် မိုဟာမက်တို့၏ မေတ္တာတရားကို အခြေခံသော အဆုံးအမ များအတိုင်း နေထိုင်ရန်၊ ကုရ်အာန် ကျမ်းမြတ်လာ တရားတော်များနှင့် အညီ နေထိုင် ပြုမူသွားရန်။
(၂) ဗလီဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ မော်လ၀ီဆရာများ၏ သြ၀ါဒများကို နားထောင်ရန်။
(၃) နိုင်ငံတွင်း ရှိနှင့်ပြီးသော အခြားဘာသာ၊ လူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ယဉ်ကျေးမှု အစဉ်အလာများကို လေးစားရန်။
(၄) မိမိတို့ ၏ တည်ရှိခွင့်ကို နိုင်ငံတော်၏ တည်ဆဲ ဥပဒေဘောင်အတွင်းမှသာ ကြိုးပမ်း ဆောင်ရွက်ကြရန်။
(၅) နိုင်ငံတော်က ခွင့်ပြုထားသော အခြေခံ အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်များရှိသည့်အတိုင်း လိုက်နာ ကျင့်သုံးရန်။
(၆) မိမိဘာသာ မိမိ ယဉ်ကျေးမှု အစဉ်အလာများကိုသာ ရှေ့တန်းတင်ပြီး အခြားသူများ၏ ဘာသာ ယဉ်ကျေးမှု အစဉ်အလာများကို လျစ်လျှုရှူ့သည့် သဘောမျိုး မသက်ရောက်ရန်။
(၇) ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်မှုများ၊ လူမျိုးရေး အမြတ်ထုတ်မှုများ ပြုလုပ်သည်ဟု သံသယ ဖြစ်မည့် ကိစ္စများကို ရှောင်ကြဉ်ရန်။
(၈) အခြေခံ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးများကို ဥပဒေ ဘောင်အတွင်းမှသာ လှုပ်ရှား တောင်းဆိုကြရန်၊ အခြား မရိုးသားသော အကြံအစည်များဖြင့် မတောင်းဆိုမိစေရန်။
(၉) နိုင်ငံပြင်ပရှိ အစ္စလာမ်ဘာသာဝင်များအား နိုင်ငံတွင်း ဘာသာရေး နှိပ်ကွပ်မှုများ မရှိသည်ကို ရှင်းလင်းတင်ပြရန်။
(၁၀) ဘင်္ဂါလီလူမျိုးမဟုတ်သော အခြား အစ္စလာမ်ဘာသာ ကိုးကွယ်သည့် သူများမှလည်း နိုင်ငံ တွင် နှစ်ပေါင်းများစွာ အခြားဘာသာ လူမျိုးများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် ခဲ့ကြသည် တို့ကို ရှင်းလင်းတင်ပြရန်။
(၁၁) အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြရန်၊ ပြည်တွင်းပြည်ပ မည်သည့် အကြမ်းဖက် အဖွဲ့ အစည်းနှင့်မဆို မပူးပေါင်းရန်။
(၁၂) ပဋိပက္ခ များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန်၊ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ရန်။
(၁၃) ဤနိုင်ငံတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသည် နှစ်ပေါင်း ထောင်ချီ၍ ခိုင်ခန့်တည်ရှိနေမှုကို အသိအမှတ်ပြုရန်၊ လေးစားရန်။
(၁၄) နိုင်ငံတွင်း ပြဿနာဟု ရှုမြင်ပြီး နိုင်ငံ၏ အကျိုးစီးပွား ကို ထိခိုက်ဆုံးရှုံးမှုများ မဖြစ်အောင် တားဆီးရန်။
(၁၅) အငြင်းပွားဖွယ် ဖြစ်နေသော ကိစ္စရပ်များကို ရေတို ရေရှည် စီမံကိန်းများ ချမှတ်ပြီး စနစ်တကျ ဖေါ်ထုတ်၍ ရှင်းလင်းတင်ပြသွားနိုင်ရန် တို့ ဖြစ်ပါသည်။
III. ကြားဝင် ဖြန်ဖြေ ထိန်းသိမ်း စောင့်ရှောက်သူများ ပါဝင်သော လူ့အဖွဲ့အစည်းအုပ်စု။
ယင်းအုပ်စုတွင် အကြမ်းဖျင်းအားဖြင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဟု ခွဲခြားနိုင်သည်။
ပြည်တွင်း အဖွဲ့အစည်းများတွင် အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများဟု ခွဲခြား နိုင်သည်။
1) နိုင်ငံတော် အစိုးရ။
ပြည်တွင်း အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ အုပ်ချုပ်မှု အာဏာကို ရယူထားသော နိုင်ငံတော် အစိုးရသည် တာဝန်အရှိဆုံး၊ လုပ်ပိုင်ခွင့် အရှိဆုံးနှင့် တရားဝင် ပဋိပက္ခ ဖြေရှင်းခွင့်ရှိသော အရေးကြီးဆုံး အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော် အစိုးရ၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များသည် နိုင်ငံတော်အတွက် သေရေးရှင်ရေး တမျှ အရေးကြီးသည်။ နိုင်ငံတော် အစိုးရဟု ဆိုရာတွင် ပြည်ထောင်စု အဆင့်မှသည် ကျေးရွာ / ရပ်ကွက် အုပ်ချုပ်မှု့ အဆင့်ဆင့်ထိ အကျုံးဝင်လေသည်။ ဤမျှ အရေးကြီးသော အဖွဲ့အစည်းကြီးဖြစ်သည့်အတွက် အရာရာကို ချင့်ချင့်ချိန်ချိန်ဖြင့် ကိုင်တွယ် ဖြေရှင်းရန် လိုပေသည်။ အောက်ပါ အချက်များကို သတိပြု ဆောင်ရွက်သင့်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။
(၁) နိုင်ငံတော် အစိုးရသည် နိုင်ငံတွင်းရှိ မည်သည့် နိုင်ငံသားကို မဆို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိသည်။ မိမိ၏ မူလဘာသာ၊ လူမျိုးဆိုသည်ကို ထည့်သွင်းမစဉ်းစားဘဲ ဆိုလိုသည်မှာ ဘက်မလိုက်ဘဲ မည်သည့်ဘာသာဝင်ကို မဆို၊ လူမျိုးကိုမဆို ကာကွယ်ရမည်။
(၂) ဤနိုင်ငံတွင်း တရားဝင် ရောက်ရှိနေသော နိုင်ငံခြားသားများကိုလည်း ကာကွယ်စောင့်ရှောက် ရမည်။ လုံခြုံမှုကို တာဝန်ယူရမည်။
(၃) တရားမ၀င် ရောက်ရှိနေသည့် သူများကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများ၊ ဥပဒေများ၊ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများ ဘောင်အတွင်းမှသာ စီမံဆောင်ရွက် သင့်သည်။ လုံခြုံမှုနှင့် အသက်အန္တရာယ်ကို ကာကွယ် စောင့်ရှောက်ရမည်။
(၄) နိုင်ငံတော် အစိုးရသည် ဘက်လိုက်သည်ဟု ယူဆနိုင်ဖွယ်ရှိသော အပြုအမူ၊ အပြောအဆို၊ အရေးအသား၊ မိန့်ခွန်းများ၊ အမိန့်များကို မပြုလုပ်သင့်ပေ။ ပဋိပက္ခဖြစ်နေသော အုပ်စု အားလုံးမှ ဘက်မလိုက်သော၊ သမာသမတ်ကျသော၊ မျှတသော အဖွဲ့အစည်းဟု လေးစား ယုံကြည် အားကိုးလာအောင် ကြိုးစားဆောင်ရွက်သင့်ပေသည်။
(၅) နိုင်ငံတော် အစိုးရသည် ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရာတွင် သံသယ မပွားနိုင်အောင်၊ အငြင်းမပွားနိုင်အောင်၊ ထင်သာမြင်သာဖြစ်အောင် စီမံဆောင်ရွက်သင့်သည်။
(၆) နိုင်ငံတော် အစိုးရသည် အချိန်နှင့် တစ်ပြေးညီ ဖြစ်တည်နေသော သတင်းများကို ပြည်တွင်း ပြည်ပ အရပ်ရပ်မှ သိရှိနိုင်ရန် အပြည့်အ၀ ထုတ်လွှင့်နိုင်ရမည်။
(၇) နိုင်ငံတော်၏ လုံခြုံမှုကို ထိခိုက်နိုင်သည့် လျှို့ဝှက်သတင်းများမှ လွဲ၍ ပြည်တွင်းမီဒီယာများကို လွတ်လပ်စွာ ဖေါ်ထုတ်တင်ပြခွင့်ပေးရမည်။ နိုင်ငံပိုင် မီဒီယာများမှလည်း တရားဝင် ထုတ်လွှင့် နိုင်ရမည်။
(၈) မမှန်မကန် ဖန်တီးလုပ်ကြံသော သတင်းများ၊ သတင်းမှားများကိုလည်း နိုင်ငံပိုင် မီဒီယာများ အဖွဲ့အစည်း များမှ အချိန်နှင့် တစ်ပြေးညီ တရားဝင် ပြန်လည် ဖြေရှင်းနိုင်ရမည်။
(၉) နိုင်ငံတော် အစိုးရသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ကမ္ဘာ့အဖွဲ့အစည်းများ နှင့် ထိတွေ့မှုရှိရမည်။ ပဋိပက္ခကို ဖြေရှင်းတားဆီးရာတွင် အပြုသဘော ဆောင်သည့် လုပ်ရပ်များတို့ ပူးတွဲဆောင်ရွက်နိုင်ရမည်။
(၁၀) မိမိတို့၏ ရိုးသားမှု၊ မှန်ကန်မှု၊ မျှတမှုတို့ကို ဖေါ်ထုတ်ပြသနိုင်ရန် ပြည်တွင်းပြည်ပရှိ နိုင်ငံ တကာမှ ပုဂ္ဂိုလ်များ အဖွဲ့အစည်းများကို အခင်းဖြစ်ပွားသည့် မြေပြင်၊ ရေပြင် သို့ လေ့လာ မှုများ၊ စစ်ဆေးမှု များ ပြုလုပ်ရန် ခွင့်ပြုနိုင်ရမည်။ ဖိတ်ခေါ် ရှင်းလင်းမှုမျိုး ပြုလုပ်သင့်သည်။
(၁၁) နိုင်ငံတော် အစိုးရသည် ပြဿနာများကို ဖြေရှင်းရာတွင် ရေတို ရေရှည် စီမံရမည့် ပြသနာများကို ခွဲထုတ်နိုင်စွမ်းရှိရမည်။ ရေတို ပြဿနာများကို အရေးတကြီး လတ်တလော ဖြေရှင်းနိုင်ရမည်။ ရေရှည် ပြဿနာများကို အချိန်ယူပြီး စနစ်တကျ ဖြေရှင်းနိုင်ရမည်။ တည်ငြိမ် စွာ ဆုံးဖြတ်နိုင်ရမည်။ လေ့လာ ဆန်းစစ်နိုင်ရမည်။ ဆန္ဒ စောပြီး ရေရှည်ဖြေရှင်း ရမည့် ပြဿနာများနှင့် ပတ်သက်သည်များကို ဆွေးနွေး မှုများ၊ ပြောဆို မှုများ၊ ရေးသားမှုများ၊ ကြော်ငြာမှုများ မပြုလုပ်သင့်ပေ။ ဆုံးဖြတ်ချက်များကို လွယ်လင့်တကူ မချမှတ် သင့်ပေ။ အချိန်ယူသင့်ပေသည်။ နိုင်ငံတော် အစိုးရသည် အများကြိုက် နိုင်ငံရေး လုပ်ဆောင်မှု များကို ရှောင်ကြဉ်ရမည်။
(၁၂) နိုင်ငံတော် အစိုးရသည် ရေတို ဖြေရှင်းရမည့် ကိစ္စများကို နှောင့်နှေးမှု မရှိစေဘဲ ဖြေရှင်း နိုင်ရမည်။ ရေရှည် ဖြေရှင်းရမည့် ကိစ္စများကို လည်း ဆန္ဒစော၍ ပြုလုပ်ဆောင်ရွက်ခြင်း မပြုလုပ် သင့်ပေ။
(၁၃) မိမိတို့၏ အပြုသဘောဆောင်သည့် အာဏာ၊ လုပ်ပိုင်ခွင့်များသည် အောက်ခြေအဆင့်ဆင့်ထိ သက်ရောက် နိုင်ရမည်။ သက်ရောက်မှု ရှိမရှိ ပြန်လည် ဆန်းစစ်သင့်ပေသည်။
(၁၄) နိုင်ငံတော် အစိုးရသည် ပြည်သူ့အစိုးရဖြစ်သည့်နှင့် လျော်ညီစွာ ပြည်သူအများ၏ ဒုက္ခ အပေါင်း ကို ဖြေလျှော့ နိုင်စေရန် မိမိအစိုးရ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ အစိုးရမှ တာဝန်ပေးအပ်မည့် အကြံပေး ကော်မတီများ၊ ကော်မရှင်များကို ဖွဲ့စည်းပြီး အမြန်ဆုံး တာဝန်ပေး ဆောင်ရွက်သင့်ပါသည်။ ယင်းအဖွဲ့အစည်းများတွင် လွှတ်တော်နှင့် လွှတ်တော် ပြင်ပမှ ပုဂ္ဂိုလ်များ၊ ပဋိပက္ခကို ငြိမ်းချမ်းစေလိုသော စေတနာ အမှန်ရှိသူများ၊ ဘာသာရေး ဘက်လိုက်မှု လူမျိုးရေး ဘက်လိုက်မှုကင်းကာ သမာသမတ်ကျသော တွေးခေါ်မြှော်မြင်မှု ရှိသော ဤ ပဋိပက္ခကို အခြေခံ ကျကျ၊ တစ်ကယ့်အရှိအတိုင်း လေ့လာထားသော ဘာသာ ပေါင်းစုံမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသင့်သည်။ အမြန်ဆုံး တာဝန်ပေးသင့်သည်။
(၁၅) အရေးကြီးဆုံးသော အချက်မှာ နိုင်ငံတော် အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် အတိမ်း အစောင်းမခံသော နိုင်ငံရေး၊ အမျိုးသားရေး ကိစ္စများတွင် စီးပွားရေး စနစ် တွင် ကျင့်သုံးခဲ့သော Crony စီးပွားရေးကဲ့သို့ နိုင်ငံရေး Crony များ မပါဝင်ဖို့ လိုအပ်ပါသည်။ ယင်းအကြံပေး ကော်မတီ၊ ကော်မရှင်များတွင် ''လက်သင့်ရာ စားတော်ခေါ်'' ဟုခေါ်သော နိုင်ငံရေး Crony များ မပါဝင်ဖို့ လိုအပ်ပါသည်။ ထင်ပေါ်လျှင် စင်တော်က ကောက်သူများ ဖြစ်ရမည်။ ပြည်သူ့အကျိုးကို တစ်ကယ် လိုလားသောသူများ ဖြစ်သင့်ပေသည်။
2. အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ ( INGO + NGO )၊
ပြည်တွင်းရှိ နိုင်ငံသားများက မိမိတို့ ယုံကြည်ရာအတိုင်း ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ လူ့အခွင့်အရေး စောင့်ရှောက်မှုအတွက် နိုင်ငံတကာတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းများမှ ပြည်တွင်း အဖွဲ့ခွဲများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ ၏ ဌာနေ အဖွဲ့များဟူ ၍ ဖြစ်ပါသည်။
ယင်းအဖွဲ့အစည်းများသည်လည်း မိမိတို့ ယုံကြည်သော လူသားအချင်းချင်း စာနာရေး၊ လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ မျိုးတုံးမှုမှ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ချို့ယွင်းမှုများမှ ကယ်တင်ရေး၊ စောင့်ရှောက်ရေး စသည့် မိမိတို့၏ မွန်မြတ်သန့်စင်သော စေတနာ အမှန် ပေါ် တွင် ရပ်တည်ပြီး မိမိတို့၏ လုပ်ဆောင်မှု အားလုံးကို လူသားချင်းအတူတူ ဟူသောစိတ်ဓါတ်ဖြင့်သာ ဆောင်ရွက်သင့်သည်။ လူမျိုးရေး အရသော် လည်းကောင်း၊ ဘာသာရေး အရသော် လည်းကောင်း၊ ဘက်လိုက်သော ဆောင်ရွက်ချက်များကို မပြုလုပ်သင့်ပေ။ စီးပွားရေး အမြတ်ထုတ်မှုများ၊ ဘာသာရေး အမြတ်ထုတ်မှုများ၊ နိုင်ငံရေးအမြတ်ထုတ်မှုများ မဖြစ်ပေါ် အောင် ဆင်ခြင်သင့်၍ နိုင်ငံတွင်း တည်ဆဲ ဥပဒေများကို လေးစားလိုက်နာကြပါရန်။
3. ဘာသာရေး အဖွဲ့အစည်းများ
သီးခြားသွင်ပြင်များဖြင့် ဖွဲ့စည်းထားသော ဘာသာပေါင်းစုံမှ အဖွဲ့အစည်းများ၊ မိမိတို့ ယုံကြည်ရာ၊ ကိုးကွယ်ရာ ဘာသာတရား၏ အဆုံးအမများနှင့် လူသားချင်းဖြစ်ပွားနေသော ပဋိပက္ခများအား ဟန့်တား ဖြေရှင်းနိုင်ရန် တိုက်တွန်းကြသင့်ပေသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အေးချမ်းသော လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်မြောက်အောင် ကြိုးစားဆောင်ရွက်သင့်ပေသည်။ အစွန်းရောက် ဘာသာရေးဘက်လိုက်မှုများ၊ အခြားဘာသာ ယုံကြည်ကိုးကွယ်သူများကို စော်ကားသည့် အပြုအမူ လုပ်ရပ်များ မဖြစ်ပွားနိုင်စေရန် ပူးပေါင်း ဆောင်ရွက်သင့်ပေသည်။ အခြားသူ၏ ယုံကြည်ခွင့်ကို လေးစားလိုက်နာရင်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ် နိုင်ကြပေသည်။ အခြား ဘာသာကို အနှောက်အယှက် ဖြစ်နိုင်သော လုပ်ရပ် များကို ထိန်းသိမ်း ဆောင်ရွက်သင့်ပေသည်။ မိမိဘာသာနှင့် အခြားဘာသာတို့ သံသယ ပွားနိုင် သော၊ ရန်စ ဖြစ်နိုင်သော၊ သီးခံနိုင်ခြင်း မရှိနိုင်သော ကိစ္စရပ်များကို ထိန်းသိမ်း ဆောင်ရွက် သင့်ပေသည်။
IV. အနုပညာရှင်များ ။
မိမိတို့သည် ပြည်သူများ၏ ချစ်ခင်နှစ်သက်မှုကို ရရှိထားသောသူများဖြစ်သည့်အတွက် ပြည်သူများ စိတ်တွေဝေမှုများ မဖြစ်ပေါ်စေရန်၊ ရန်မီးပွားများကို ငြိမ်းသတ်နိုင်ရန်၊ ငြိမ်းချမ်းစွာ ပဋိပက္ခကို ဖြေရှင်းနိုင်ရေး စည်းရုံးလှုံ့ဆော်သင့်ကြသည်။ ပြည်သူအပေါင်းငြိမ်းချမ်းမှ မိမိတို့၏ လောကသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ကို သတိချပ်သင့်ကြပေသည်။ လူလူချင်းစာနာ ရေးဟူသော မွန်မြတ်သည့် မိမိတို့၏ အခြေခံ စိတ်များမှ မသွေဖည်အောင် ကြိုးစားကြရပေမည်။
V. နိုင်ငံရေးပါတီများ၊ နိုင်ငံရေး လှုပ်ရှားသူများ ။
ပြည်သူ့အရေး၊ နိုင်ငံ့အရေးနှင့် ပတ်သက်လျှင် အများပြည်သူများထက် ထဲထဲဝင်ဝင် သိရှိ နားလည်သူများဖြစ်သည့်အတွက် အထူးတလည် မပြောလိုတော့ပါ။ မိမိတို့ပါတီ ပုဂ္ဂလိက ရပ်တည် ချက်များသည် နိုင်ငံတော်အတွက် နိုင်ငံသားအားလုံးအတွက် ဖြစ်သည်ဟု တစ်ထစ်ချ ယုံကြည် အားကိုးမိပါသည်။
VI. စတုတ္ထမဏ္ဏိုင် သတင်းမီဒီယာများ ။
သတင်းစာ လွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို နိုင်ငံအကျိုး နိုင်ငံသားအားလုံး၏ အကျိုး ဆောင်ရွက်ပေးကြမည့်သူများဟု လေးစားယုံကြည်မိပါသည်။
သာယာအေးချမ်းသော လူ့အဖွဲ့အစည်းကြီးတစ်ခု တည်ထောင်ရာတွင် အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ မိမိတို့ ရရှိထားသော အခွင့်အရေးဘောင်အတွင်းမှ ပဋိပက္ခမှုကို ပိုမိုမဆိုးရွားသွားအောင် ထိန်းသိမ်းနိုင်သော အဖွဲ့အစည်းများ ဖြစ်ပေသည်။ မိမိနိုင်ငံ အကျိုး မိမိနိုင်ငံသားတို့၏ အကျိုးစီးပွားတို့ကို နစ်နာစေမည့် မမှန်မကန် သတင်းမှား၊ သတင်းလွဲများကို တစ်ကယ့် အရှိကို အရှိအတိုင်း ယထာဘူတ ကျကျ သတင်းမှန်များဖြင့် ပြန်လည်ချေပနိုင် သော အဖွဲ့အစည်းလည်းဖြစ်ပေသည်။ ပဋိပက္ခတို့ကို သမာသမတ်ကျစွာဖြင့် မြင်တက်သော ဒေါက်တိုင်ကြီး တစ်ခုဖြစ်သည်ကို ချွင်းချက်မရှိ ယုံကြည်ပေသည်။ ဤနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို မတိမ်းမစောင်း ထိန်းကျောင်းပေးနိုင်မည့် မဏ္ဏိုင်ကြီး တစ်ခုအဖြစ်လည်း ယုံကြည်မိပါသည်။
ပြည်ပအဖွဲ့အစည်းများဟူသည်မှာ များစွာ ကျယ်ပြန့်လှပေသည်။
နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများ၊ သတင်းမီဒီယာများ စသဖြင့် အများအပြား ရှိပေသည်။
ပြည်ပအဖွဲ့အစည်းများသည် မိမိတို့ လက်လှမ်းမမှီသော အဖွဲ့အစည်းများဖြစ်သည်။ မိမိတို့သည် မျှတမှု၊ စာနာမှု၊ လူ့အခွင့်အရေးစောင့်ထိန်းလိုက်နာမှု၊ ဒီမိုကရေစီ အခွင့်အရေးများ ကို ကာကွယ် စောင့်ရှောက်မှု တို့ဖြင့် ပြည်ပ ရှိ အဖွဲ့အစည်း အမျိုးမျိုး တို့ကို မိမိ တို့သည် လူမျိုးတုံးစစ်ပွဲ မပြုလုပ်ကြောင်း၊ ဘာသာရေးနှိပ်ကွပ်မှု မပြုလုပ်ကြောင်း၊ သာယာအေးချမ်းသော လူ့အဖွဲ့ အစည်း ကြီးကို တည်ဆောက်နေကြောင်း ကိုသာ ပြသရပေမည်။
အချုပ်အားဖြင့် ယနေ့ ရခိုင်ပြည်နယ် ပဋိပက္ခသည် ဖြေရှင်းရမည့် ပြသနာဖြစ်သည်။ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အချိန်ယူရမည်။ စနစ်ကျရမည်။ ရေတို ရေရှည် စီမံကိန်းများ ချမှတ်ရမည်။ ထိုမှ အဖြေမှန်ရှာရမည်။ အဖြေမှန်ကို ရရှိနိုင်ဖို့လည်း အောက်ပါ ချဉ်းကပ်မှုများသည် လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
1) သမိုင်းရေး အမြင်ဖြင့် ချဉ်းကပ်ခြင်း
2) ပထ၀ီနိုင်ငံရေး အမြင်ဖြင့် ချဉ်းကပ်ခြင်း
3) ဥပဒေ အမြင်ဖြင့် ချဉ်းကပ်ခြင်း
4) ဘာသာ ဗေဒအမြင်ဖြင့် ချဉ်းကပ်ခြင်း
5) မနုသဗေဒ အမြင်ဖြင့် ချဉ်းကပ်ခြင်း
6) ဝေါဟာရ အမြင်ဖြင့် ချဉ်းကပ်ခြင်း
7) ဘာသာရေးအရ ချဉ်းကပ်ခြင်း
8) လူဝင်မှု ကြီးကြပ်ရေး အမြင်ဖြင့် ချဉ်းကပ်ခြင်း
9) စီးပွားရေး အမြင်ဖြင့် ချဉ်းကပ်ခြင်း
စာရေးသူသည် ငယ်စဉ်က မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပေသည်။ ယခု မိမ ကိုယ်တိုင် ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ မြန်မာလူမျိုး စစ်စစ် မိဘ နှစ်ပါးမှ ပေါက်ဖွားလာသူဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား ) ဖြစ်ပါသည်။ မိမိဘာသာ လူမျိုးကို ချစ်မြတ်နိုးသူဖြစ်ပါသည်။မိမိရိုးရာ ယဉ်ကျေးမှု အဆင့်အတန်းကို တန်ဖိုးထားသူဖြစ်ပါသည်။ သရဲဘောကြောင် သော စကားမျိုး ပြောနေပါသည်၊ ရွှေပြည်အေးတရားများ ဟောနေသည်ဟု မထင် စေလိုပါ။
စာရေးသူ၏ ဤစာစုကို လက်မခံနိုင်ပါလျှင် အောက်ပါ မေးခွန်းများဖြင့် ပြန်မေးရင်း နိဂုံးချုပ်ပါမည်။ ထပ်မံဖြေရှင်းပြစရာ မလိုတော့ပါ။ စဉ်းစားချင့်ချိန်ကြပါ။ အားလုံးကို ပြောချင်တဲ့ စကားကတော့ ရီစတရိန့်(န်) RESTRAINT ပါဘဲ။
မေးခွန်း ( 5 ) ခွန်း
1) မျက်ကန်းဘာသာချစ် ဗုဒ္ဓဘာသာ ညီအကို ( Buddhist Brotherhood ) ဆိုတဲ့ အဖွဲ့အစည်း ကမ္ဘာမှာ ရှိနေပြီလား ? ရှိဖို့ လိုအပ်လို့လား ?
2) အသေခံ ဗုံးခွဲမှု ( Suicide Bombing ) အပါအ၀င် အကြမ်းဖက် မှုများကို မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ / နိုင်ငံသားတွေက ကျင့်သုံးနိုင်ကြသလား ? လက်ခံနိုင်ကြပါသလား ?
3) မိမိတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြောင်းလဲနေသော ဒီမိုကရေစီ ရေး ဖြစ်စဉ်များကို ပျက်စီးဆုံးရှုံး ခံနိုင်မလား ?
4) ယခုမျိုးဆက်ရှိသည့်အချိန်၊ မိမိတို့ ဘာသာ လူမျိုး အင်အားများသည့် နေရာ စသည်ဖြင့် ကွက်ကွက်ကလေး သာ စဉ်းစားကြမှာလား ? နောင်မျိုးဆက်များကို ဒုက္ခတွင်းထဲမှာ ထားခဲ့ကြမှာလား ? အင်အားနည်းသော နေရာများမှ သူများရဲ့ လုံခြုံမှုမရှိသည့် အန္တရာယ် ရှိသည့် အခြေအနေမျိုးကို ရောက်စေမှာလား ?
5) နှစ်ပေါင်း ထောင်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သော မိမိတို့၏ အေးချမ်းသော၊ ငြိမ်းချမ်းသော၊ သာယာသော၊ ၀ပြောသော ဘာသာ၊ လူမျိုး တို့၏ လူ့အဖွဲ့အစည်းကြီးတို့ကို အနိဌာရုံ ပဋိပက္ခ ကြီး အဖြစ် ပြောင်းလဲ နိုင်စေပြီလား ?
ငဒေါက် (သမဂ္ဂ)
No comments:
Post a Comment