လူ့အဆောက်အဦ တစ်ခုလုံးရဲ့ စံနစ်ယန္တယား ဖွတ်သရွတ်လိုက် ယိုယွင်းနေတဲ့ အရင်းခံအကြောင်းကို မထိမတို့ ၀ံ့သူတွေသာ တစ်ကိုယ်ရည် အကျင့်အကြံ စာရိတ္တတရားများ အားနည်းမှုကို တရားခံရှာ ယိုးမယ်ဖွဲ့တတ်တယ်။
ပုဂ္ဂလ စာရိတ္တတရား မြင့်မားဖို့ဆိုတာ ဘယ်လိုအချိန် ဘယ်လိုအခြေအနေမျိုးမှာ မဆို အင်မတန် လိုလားအပ်တယ်ဆိုတာ အငြင်းပွားဖွယ် မဟုတ်။ သို့ပေသိ နိုင်ငံရေးအယူ လွဲသမို့ စံနစ်ယန္တယား ချွတ်ခြုံကျပြီး တစ်ကိုယ်ရည်ဘ၀ တစ်ခုချင်းစီ ခြေမွဖျက်စီး ခံနေကြရတဲ့အခါ နိုင်ငံရေးနည်းနာနဲ့သာ လူ့အဆောက်အဦသစ် တည်ဆောက်ပြီး ကောင်းမွန်သော စံနစ် ထူထောင်ရုံကအပ ပုဂ္ဂလ စာရိတ္တတရား သက်သက်အပေါ် ခေတ်ပြောင်း စံနစ်ပြောင်းပါစေကြောင်း ယုံပုံလို့ မရဘူး။
ယုံပုံလို့ မရနိုင်တဲ့ ပထမအချက်က စာရိတ္တကျင့်ဝတ်ဆိုတာတွေရဲ့ စံနှုံးတွေဟာ သမုတိသစ္စာ နှိုင်းရအမှန်တွေမျှသာ ဖြစ်သမို့ သွေးစုပ်ကောင်တွေဆီက တိုက်ရာပါပစ္စည်း ဆင်းရဲသားကို ဝေငှတယ်ဆိုတဲ့ ရော်ဘင်ဟုဒ်၊ ကျူးကျော်သူ နယ်ချဲ့ရဲ့ ကြေးစားစစ်သားကို စီးချင်းထိုး အသေသတ်တဲ့ သမိန်ဗရမ်းနဲ့ ရန်သူ့စစ်ကြောရေးအတွင်း မသိဘူး မရှိဘူး မုသားထွက်ဆိုသူတွေဟာ ဇာနည်သူရဲကောင်းတွေဆိုတာ အထင်အရှားမို့ ကျင့်ဝတ်စံများဟာ ကျိုးလွယ်ပဲ့လွယ်....၊ သူ့အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မဟုတ်မမှန် လိမ်လည်ပြောဆိုခြင်းတွေအပေါ် သင်ကိုယ်တိုင် သဘောတူ နှစ်လိုမိလိမ့်မယ်။
ယုံပုံလို့ မရနိုင်တဲ့ ဒုတိယအချက်က ပုဂ္ဂလ စာရိတ္တတရားဟာ ဒီပုပ်ထဲက ဒီပဲဆိုတဲ့ ခေတ်စံနစ်ရဲ့ တံဆိပ်ကပ် တန်ဖိုးအဖြတ် ခံရမှုကို မလွန်ဆန်နိုင်ဘူး။ ဗမာပြည်မှာ ဖြေခဲ့သမျှ စာမေးပွဲ တစ်ခါမှ ခိုးမချခဲ့ဖူးဘူးလို့ ကိုယ့်လိပ်ပြာကိုယ်သန့်လည်း ခိုးမချပဲနဲ့အောင်ခဲ့တာဟာ ခိုးချသူတွေအောင်တဲ့ ပညာရေးအဆင့်အတန်းနဲ့ အတူတူပဲ၊ ခိုးမချရုံနဲ့ ကိုယ်အောင်တယ်ဆိုတဲ့ ပညာရေးအဆင့်အတန်း မြင့်မသွား... အပြင်နဲ့ ဆက်ဆံရတဲ့အခါ ကိုယ်အောင်ခဲ့တဲ့ ပညာရေးကို ခြွင်းချက်ထား အသိအမှတ်ပြုမှု ခံရမှာမဟုတ်၊ ဒီပုပ်ထဲက ဒီပဲအဖြစ်ပဲ အသတ်မှတ် အဆက်ဆံခံရတယ်။
တစ်ကိုယ်ရည် ဇွဲ လုံ့လ ၀ီရိယ စိုက်ထုတ်တတ်တဲ့ အလေ့အကျင့်ကောင်း... ကိုယ့်အားကိုယ် ကိုးတတ်တဲ့ အလေအကျင့်ကောင်းတွေကြောင့် တစ်ကိုယ်ရည် တိုးတက်ကြီးပွားမှု လွတ်မြောက်မှုပဲ ဖြစ်ထွန်းနိုင်မယ် (ဥပမာ- အင်္ဂလိပ်စာညံ့တဲ့ ၀န်းကျင်မှာ ကိုယ့်ရဲ့အားထုတ်မှုကြောင့် သူများနဲ့ယှဉ်ရင် အနူတောမှာ လူချောဖြစ်တာမျိုး)၊ စံနစ်မပြောင်း ခေတ်မပြောင်းသ၍တော့ အများသူငါမကောင်း၊ ဒီပုပ်ထဲကဒီပဲ မဖြစ်ချင်ရင် ဒီပုပ်ကို ဖြိုမှဖြစ်မယ်။
တစ်ဦးချင်းစီရဲ့ ညံ့ဖျင်းချို့ယွင်းချက်ကို အပြစ်ဖို့ တရားခံရှာလိုမှု အတွေးအမြင်ဟာ အခြေခံကစလွဲတဲ့ အင်မတန် လူပါးဝဖောက်ပြန်တဲ့ နိုင်ငံရေးအမြင် နှစ်ရပ်ကိုလည်း သားပေါက်စေနိုင်တယ်။ ဖောက်ပြန်တဲ့ ပထမအမြင်က လမ်းဘေး ကွမ်းသွေးထွေးလို့၊ လူကူးမျဉ်းကြားက မကူးလို့၊ တန်းစီတာ ကြားဖြတ်လို့၊ ဘော်လုံးကွင်းထဲ ဆဲလို့ လူတွေ ဒီမိုကရေစီနဲ့ မထိုက်တန်သေးပါဘူးဆိုပြီး တန်ဖိုးအဖြတ်ခံရတာ။ စည်းကမ်းနဲ့ မယဉ်ပါးတတ်မှုဟာ စည်းကမ်းနဲ့ ယဉ်ပါးလိုအောင် ယဉ်ပါးတတ်အောင် ၀န်းကျင်အခြေအနေ ဖန်တီးထားမှု ကင်းမဲ့လစ်လပ်ခြင်း စံနစ်ရဲ့ အပြစ်သာဖြစ်ပြီး၊ စစ်သားတွေ နိုင်ငံရေးထဲ ၀င်စွက်တဲ့ စည်းမဲ့မှုကို လူတွေ ကွမ်းသွေးထွေး လမ်းစည်းကမ်း မလိုက်နာမှုနဲ့ ကြေးတန်းတိုက်လို့မရ၊ လူတိုင်းဟာ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်... ဘယ်တော့ထိုက်တန်သလဲဆို အခုချက်ခြင်း ထိုက်တန်တယ်။ ဒီမိုကရေစီဆိုတဲ့ လက်တွေ့ အကျင့်တရားကြီးကို နိုင်ငံသားမှန်သမျှ ညီတူညီမျှ ပြိုင်တူ ကျင့်ကြံသွားကြမယ်။
ဆင်းရဲသားတွေ ခံစားနေရတဲ့ မတရားမှုကျ အသံမထွက်ပဲ မိုဘိုင်းဖုန်း အလကားပြောခွင့်နဲ့ တိုက်မဖြိုရေးကျမှ လမ်းပေါ်ရောက်တဲ့ ဘူဇွာအခွင့်အရေး ကာကွယ်လိုစိတ်ထက်စာရင် လိုလားအပ်တဲ့ ပုဂ္ဂလစာရိတ္တတရားနဲ့ ကျင့်ဝတ်ဆိုတာ လူအဖွဲ့အစည်းအတွင်းက ခွင့်တူညီမျှ မရှိမှု၊ တရားမမျှတမှုများအပေါ် အနိုင်ကျင့်ခံ အားနည်းရာဘက်က ရပ်ရဲတဲ့ စာရိတ္တသတ္တိပဲ။ ဒီစာရိတ္တသတ္တိကို အသုံးပြုပြီး လူတွေဟာ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ ကိုယ်ရတယ်ဆိုတဲ့ ဒုတိယမြောက် လူပါးဝဖောက်ပြန်တဲ့ အမြင်ကို ကာကွယ်ကြရမယ်။
ဒီပညာရှိစကားလိုလို ရှေးဆိုရိုးလိုလို နိုင်ငံရေးနီတိလိုလို ဘယ်ကမှန်းမသိ ရလာတဲ့ဟာက တစ်ပိုင်းကြောင်သမားတွေ ပါးစပ်ဖျား အတော်ရေပန်းစားပြီး၊ ဗမာတွေပဲ အသုံးမကျလို့ စစ်တပ်အောက်ပဲ နေရသလိုလို... စည်းကမ်း ပညာမပြည့်ဝသေးသ၍တော့ စစ်တပ်ရဲ့ စွက်ဖက်ထိန်းကျောင်းမှုကို ဆက်ခံနေရဦးတော့မလိုလို။
Toqueville ပြောတာ ဒီမိုကရေစီစံနစ်မှာ လူတွေ ကိုယ့်မှာရှိတဲ့ မဲပေးပိုင်ခွင့်ကို ချင့်ချင့်ချိန်ချိန် အသုံးချဖို့၊ တကယ်ကောင်းမွန်တဲ့ အစိုးရကို ရွေးချယ်နိုင်ဖို့... ဒါကိုသတိပေးတာ၊ ဘယ်လောက် ချင့်ချိန်နိုင်တယ်ဆိုတာ မူတည်ပြီး ရလာတဲ့ အစိုးရ ဘယ်လောက် ကောင်း မကောင်း ကွာမှာပဲလို့ ပြောတာ။ ဒါကို စစ်တပ်က လက်နက်နဲ့ အာဏာသိမ်း အာဏာထိန်းတာကို အာဏာအသိမ်း အာဏာအထိန်းခံရတဲ့ လူတွေ ဒီလောက်နဲ့တန်လို့ ဒီလောက်ပဲရတာဆိုပြီး မပြောတတ် သံယောင်မလိုက်တတ်အောင် အဖိနှိပ်ခံဘက်က ရပ်ရဲတဲ့ စာရိတ္တသတ္တိတော့ မွေးမြူထားမှဖြစ်မယ်။
လင်းထင်
No comments:
Post a Comment