Wednesday, 17 October 2012

ကောင်းသောအစာအဟာရဖြည့်တင်း ကြွေးမွေးသူများဖြစ်အောင်




၂၀-၉-၂၀၁၂ ရက် နေ့စွဲနဲ့ ဟစ်တိုင်ရဲ့ သုတကဏ္ဍ မှာဖေါ်ပြတဲ့ သန်းဝင်းလှိုင် ရေးတဲ့
သမိုင်းတကွေ့မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးကို
ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီဆောင်းပါးထဲမှာ အချို့ သောအချက်အလက်တွေမှာ ကွဲလွဲမှု
အနည်းငယ် ရှိနေလို့  ပြင်ဆင်ဖတ်ရှုနိုင်ရန်ဖေါ်ပြလိုပါတယ်။ ကွဲလွဲနေသောအချက်များ
(တနည်း) မှားယွင်းနေသောအချက်အလက်များကို အချိန်မီမပြုပြင်ခဲ့ဘူးဆိုရင်တော့
အဲဒီအမှားတွေကိုဘဲ အမှန်လို့ ထင်မှတ် ယုံကြည်သွားခဲ့ပြီး၊ အထူးသဖြင့် ယနေ့ ခေတ်
လူငယ်တွေ အမှားဗဟုသုတနဲ့ ကြီးပြင်းသွားပါလိမ့်မယ်။

အထူးသဖြင့်တော့ အထင်ကရရှိနေတတ်တဲ့ သက်သေအထောက်အထားတွေကို ရေးသား
ရာမှာအချက်အလက် အကြောင်းအရာတွေကို အမှားအယွင်းကင်းစွာ ရေးသားတင်ပြခြင်းမျိုး
ဖြစ်သင့်ပါတယ်။ ပုဂ္ဂိုလ်ရေးအတ္ထုပ္ပတ္တိတွေကို ရေးသားရာမှာ ပိုပြီးဂရုတစိုက်ရေးသားဘို့     လိုအပ်ပါတယ်။ ရေးသူက မသိနားမလည်သူတွေအတွက် ရှာဖွေတင်ပြရေးသားရာမှာ
အချက် အလက်တွေကို အတတ်နိုင်ဆုံး ဆန်းစစ်ပြီး၊ မှန်ကန်မှရေးသား တင်ပြသင့်ပါတယ်။ အထူးသဖြင့် ခုနှစ်သက္ကရာဇ်များကိုဖေါ်ပြတဲ့အခါ သေချာအောင် ဆန်းစစ်ပြီးမှ ရေးသားသင့်
ပါတယ်။ ယခုဆောင်းပါးမှာ ခုနှစ်သက္ကရာဇတွေ ဖေါ်ပြမှု အမှားအယွင်းတွေ တွေ့ ရပါတယ်။
လက်နှိပ်စက်ရိုက် မှားယွင်းတာလည်း ရှိနိုင်ပါတယ်။ သည့်အတွက် မိမိဆောင်းပါးကို လက်နှိပ်
စက်ရိုက်နှိပ်ပြီးရင် အနည်းဆုံး(၂) ကြိမ်လောက်ပြန်ပြီး ဖတ်ရှူစစ်ဆေးဘို့ လိုအပ်ပါမယ်။
ဒါမှလည်း အမှားအယွင်း နည်းတဲ့ဆောင်းပါးတပုဒ်ဖြစ်လာမှာပါ။          
အောက်ဖေါ်ပြပါစာပိုဒ်ကိုကြည့်ပါ။
၁၉၄၉ မှ ၁၉၅၇ အထိ ရန်ကုန်မြို့ စိန့်ဖရန့်စ်ကွန်ဗင့်ကျောင်းတွင်စတင်ပညာသင်ကြားခဲ့သည်။
၁၉၁၀ မှ ၁၉၆၀ အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်း (ယခု အထက-၁ ဒဂုံ) 
တွင်ဆက်လက်သင်ကြားခဲ့သည်။
ကျောင်းအမည်မှန်မှာ စိန့်ဖရန့်စစ်ကွန်ဗင့်ကျောင်း ဖြစ်ပြီး၊ ၁၉၁၀ ဆိုတာ လက်နှိပ်စက်အမှား
အယွင်းလည်းဖြစ်နိုင်ပါတယ်။ စိန့်ဖရန့်စစ်ကွန်ဗင့်ကျောင်းမှ ပြောင်းလာပြီး ၁၉၅၇/၅၈ မှ 
၁၉၆၀ ခုနှစ် အထိ အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်းတွင် ဆက်လက်သင်ကြားခဲ့သည်ဟု ဆိုနိုင်မည်ထင်ပါတယ်။
၁၉၆၀ မေလတွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည်အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး
အဖြစ် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၏ ခန့်အပ်ခြင်းခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ နယူဒေလီမြို့သို့ လိုက်ပါခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ယေရှုနှင့် မေရီကွန်ဗင့်ကျောင်းနှင့် လေဒီရှယ်ရီရမ်ကောလိပ်တို့၌ ဆက်လက်ပညာသင်ကြားခဲ့သည်။   ဟုရေးသားထားပါသည်။
တကယ်တော့ ဦးနုအစိုးရဟာ ၁၉၆၀ ခုနှစ် ဧပြီလ (၇) ရက်မှာ အိမ်စောင့်အစိုးရထံက အာဏာ
လွှဲပြောင်းရယူခဲ့ပြီး၊ တနှစ်အကြာ ၁၉၆၁ခုနှစ် မှာမှ ဒေါ်ခင်ကြည်ကို အိန္ဒိယနိုင်ငံဆိုင်ရာ       
မြန်မာနိုင်ငံသံအမတ်ကြီး အဖြစခန့်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၆၁ ခုနှစ် ဖေဖေါ်
ဝါရီလမှာ ကျင်းပတဲ့ တန်းမြင့်ကျောင်းထွက်နဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်မြို့
အင်္ဂလိပ်မက်သဒစ်ကျောင်းကဘဲ ဝင်ရောက်ဖြေဆိုပြီး စာမေးပွဲ အောင်စာရင်းမထွက်မီ          
အမေနဲ့အတူ အန္ဒိယကိုထွက်သွားတာပါ။ စာမေးပွဲအောင်စာရင်းထွက်တော့ သူ့နာမည်
ပါလာပါတယ်။
၁၉၆၀ မေလတွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူလိုက်ပါလာပြီး အိန္ဒိယနိုင်ငံ၊
နယူးဒေလီမြို့တွင်ဆက်လက်ပညာသင်ကြားသည်ဟု ဆိုပါက အကြောင်းအရာတခု
မှားယွင်းနေသည်ဟုဆိုနိုင်ပါသည်။ ဤသည်ကို ပြင်ဆင်ဖတ်ရှုစေလိုသဖြင့် စာဖတ်သူတဦး အနေဖြင့် သဘောရိုးနှင့်တင်ပြလိုရင်းဖြစ်ပါတယ်။
ထို့နောက် ၁၉၆၂ မှ ၁၉၆၃ အထိ အိန္ဒိယနိုင်ငံ ဒေလီတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာဆည်းပူး ခဲ့သည်။ ၁၉၆၄ မှ ၁၉၂၇ တွင် အောက်စ်ဖို့ဒ်တက္ကသိုလ် ဟူ့စ်ကောလိပ်၌ ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ် များကို လေ့လာဆည်းပူးခဲ့ပြီး
ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။
အထက်ပါစာပိုဒ်တွင် ၁၉၂၇ သည် လက်နှိပ်စက်အမှားဟု ဆိုနိုင်ပါမည်။
ဒီနေရာမှာကြုံကြိုက်လို့ စာရေးသူများကို (စာရေးနေသူအားလုံးကို ညွှန်းလိုပါတယ်) စာဖတ်သူ
တယောက်အနေနဲ့ တင်ပြ ပြောကြားလိုတာကတော့ အကြောင်းအရာ အချက်အလက်တွေကို
မှန်/မမှန် ဆန်းစစ်မှု မရှိဘဲ၊ ပေါ့ပေါ့တန်တန်၊ ပြီးစလွယ် သဘောမျိုး ရေးသားဖေါ်ပြခြင်းဟာ မသိနားမလည်သူတွေ၊ အင်္ဂလိပ်ဘာသာ အားနည်းလို့ မိမိကိုယ်တိုင်ရှာဖွေဖတ်ရှုနိုင်ခြင်းမရှိတဲ့
သူတွေ၊ စသည်တို့ အတွက် ရှာဖွေရေးသားတင်ပြနေသူများက ရေးသားတင်ပြမှု မှားယွင်း
နေရင်၊ တခါဖတ်ထားပြီးသားကို အမှန်လို့ ဘဲစွဲထင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်သိနားလည် 
လို့ အများအတွက် ရှာဖွေတင်ပြ ရေးသားနေသူတွေ/စာရေးသားသူတွေဟာ ဒီအချက်အလက်
တွေကိုတော့ အလေးထားဘို့ အမှန်တကယ်လိုအပ်ပါမယ်။
အကြောင်းအရာအချက်အလက်တွေကို ရေးသားဖေါ်ပြတဲ့အခါမှာ ပေါ့ပေါ့တန်တန်၊ ပြီးစလွယ် သဘောမျိုး၊ မှန်/မမှန် ဆန်းစစ်မှု မရှိဘဲ ရေးသားဖေါ်ပြခြင်းဟာ မသိနားမလည်သူတွေကို
အမှားတွေကို သင်ပေးလိုက်တာနဲ့ တူပါမယ်။ အမှားတွေကို ဖတ်ရှု ရတဲ့သူတွေကလည်းအမှန်
လို့ ဘဲ စွဲပြီးသွားရင်တော့ အမှားသံသယာရှည်ကြီးထဲမှာ မျောပါနေပါလိမ့်မယ်။
စာဖတ်ခြင်းဟာ ဦးဏှောက်ကိုအစာကြွေးခြင်း /အဟာရဖြည့်တင်းပေးခြင်းလည်းမည်ပါတယ်။
သည့်အတွက် စာရေးသားသူတွေဟာ စာဖတ်သူတွေအတွက် ကောင်းသောအစာအဟာရဖြည့်
တင်းကြွေးမွေးသူများဖြစ်အောင် အလေးတမူ ဂရုတစိုက်ရှိကြဘို့ လိုပါကြောင်းရေးသားလို
ပါတယ်။ 
ရဲမြင့်အောင်

 



No comments:

Post a Comment