Saturday, 24 November 2012



                                 "လောကပါလ သားကောင်းများ"
                                                                            ၀ီရသူ(မစိုးရိမ်)
          ဒီကနေ့ ဘုန်းဘုန်းပြောလိုတာက မိတ်ဆွေကောင်းတစ်ယောက်ရဲ့တန်းဖိုး၊ မိတ်ဆွေကောင်း တစ်ရောက်ရဲ့ အစွမ်းသတ္တိ၊ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က မဟာဟံသဇာတ် စူဠဟံသဇာတ်တွေနဲ့ တစ်သဘောတည်းဖြစ်နေပေမယ့် ဒီဇာတ်တော်မှာ ထူးခြားတာလေးတွေရှိနေလို့ ထပ်ရေးလိုက်ခြင်းပါ။ သစ္စာရှိတဲ့မိတ်ဆွေတွေရဲ့အကျိုးကျေးဇူး၊ ရန်သူ ဘ၀ကနေချက်ချင်းမိတ်ဆွေစစ်ဖြစ်သွားတဲ့မုဆိုးတစ်ယောက်ရဲ့ စိတ်ထားတို့ကို ကြည်ညိုရအောင်လို့  ထပ်ရေးလိုက်တာပါ။ 
"အိပ်မက်ထဲက ရွှေသမင်"
         နိဒါန်းကနေ ကျော့ကွင်းမိတဲ့အထိ အားလုံးလိုလို မဟာဟံသဇာတ် စူဠဟံသဇာတ်တို့နဲ့တူကြ ပါတယ်။ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းအုပ်ချုပ်တယ်။ မိဘုရားကြီးခေမာ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ရွှေသမင်ထံမှတရားနာရတယ်။ တရားဟောမပြီးခင် ရွှေသမင်ပြန်သွားတယ်။ မိဘုရား က လန့်နိုးသွားတယ်။ မိဘုရားက အိပ်မက်လို့မပြောဘဲ နေမကောင်းဟန် ချင်ခြင်းတပ်ပူဆာ တယ်။ ဗြဟ္မဒတ်မင်းက ရွှေသမင်ရှာဖွေရေး စီမံကိန်းဖွင့်တယ်။ နောက်ဆုံး မုဆိုးတစ်ယောက်ထံမှ ဟိမ၀န္တာ တောထဲမှာ ရွှေသမင်ရှိကြောင်းသိရတယ်။ မုဆိုးက ကိုယ်တိုင်မြင်ဖူးတာ မဟုတ်ပေမယ့် သူ့ဖခင် မုဆိုးကြီးက အသေအချာမှာသွားခဲ့လို့ ရွှေသမင်ရှိတာသေချာကြောင်း တင်လျှောက်တယ်။ အဲဒီ မုဆိုးကို ရွှေသမင်ဖမ်းဖို့ တာဝန်ပေးလိုက်တယ်။ ဒီအထိအကုန်တူပါတယ်။
"မာယာကျော့ကွင်းနင်းမိပြီ"
         မုဆိုးဟာ ဘုရင်ပေးတဲ့အမိန့်အတိုင်း တောထဲကိုဝင်ခဲ့ပါတယ်။ သမင်အုပ်တွေကို ခြေရာခံပြီး လိုက်ရှာပါတယ်။ ရေကန်ကြီးတစ်ခုမှာ သမင်တွေရေလာသောက်တာ တွေ့ရပါတယ်။ ကြီးမားများ ပြားတဲ့ သမင်အုပ်ကြီးထဲမှာ ထူးခြားတဲ့ ရွှေသမင်ကို  တွေ့ရှိသွားပါတယ်။  နေ့စဉ်စောင့်ကြည့်တဲ့အခါ ရွှေသမင်ဟာ နေ့စဉ် တစ်နေရာတည်းမှာပဲ ရှေ့ဆုံးကလာပြီး ရေသောက်တာကို တွေ့ရပါတယ်။ ဒီလိုနဲ့ ရွှေသမင်လာရာလမ်းမှာ ကျော့ကွင်းထောင်ပြီး အဝေးကနေစောင့်ကြည့်ပါတယ်။ ဘုရား လောင်းရွှေသမင်ဟာ သမင်ရှစ်သောင်းအခြံအရံနဲ့ ရေကန်သို့ရောက်လာပါတယ်။ လာနေကျလမ်း အတိုင်း ရေဆင်းသောက်ပါတယ်။ ကျော့ကွင်းမိသွားပါတယ်။ သမင်အုပ်ကြီး ရေ၀အောင်သောက် စေပါတယ်။ သမင်အုပ်ကြီး ရေအ၀သောက်ပြီးချိန်လောက်မှာ ကျော့ကွင်းမိတဲ့အသံပြုပါတယ်။ သမင် တွေဟာ သုံးအုပ်စုကွဲသွားပါတယ်။
"ကိုယ်လွတ်မရုန်းခဲ့လေသူ"
         ပြေးရင်းလွှားရင်းမှ ဘုရားလောင်းရောဟဏသမင်မင်းရဲ့ ညီတော်စိတ္တရွှေသမင်က ဘုရား လောင်းကို လိုက်ရှာပါတယ်။ နောက်ဆုံး ဘုရားလောင်း ကျော့ကွင်းမိမှန်းသိသွားလို့ သမင်အုပ်ထဲမှ ဘုရားလောင်းထံ ပြန်ပြေးလာပါတယ်။ ဒါကိုဘုရားလောင်းက မြင်တော့ သူ့ညီအတွက် စိတ်ပူသွားပြီး ပြန်လွှတ်ပါတယ်။ ညီတော်စိတ္တသမင်က မပြန်ပါဘူး၊ ဘုရားလောင်းရွှေသမင်ဟာ ကျော့ကွင်းကို သုံးကြိမ်တိုင်တိုင် ရုန်းခဲ့ပါတယ်။ ပထမအကြိမ်ရုန်းရာမှာ  အရေပြားတွေ ပြတ်သွားခဲ့ပါတယ်။ ဒုတိယ အကြိမ်မှာ အသားတွေပြတ်ထွက်ကုန်ပါတယ်။ တတိယအကြိမ်မှာ အကြောတွေပြတ်ထွက်ကုန်လို့ သားရေလွန် ကျော့ကွင်းဟာ အရိုးကိုထိနေပါပြီ။ စတုတ္ထအကြိမ် ရုန်းလိုက်လျှင် အရိုးပြတ်သွားပြီး ကျော့ကွင်းက လွတ်မှာသေချာပေမယ့် သမင်မင်းဆိုတာ အင်္ဂါမချို့ယွင်းကောင်းလို့ ဆက်မရုန်း တော့ပါဘူး။ဒါကြောင့် ဘုရားလောင်းဟာ ခြေထောက်တစ်ဖက်နာနေပြီး မတ်မတ်မရပ်နိုင်တော့ပါဘူး၊ ညီတော်စိတ္တသမင်ဟာ ဘုရားလောင်းရဲ့ဘေးမှာယှဉ်ရပ်ပြီး ဘုရားလောင်းရဲ့ ခန္ဓာကိုယ်ကိုဖေးမထား လိုက်ပါတယ်။
"အသက်ကိုပဲ စွန့်မည့်သူ"
         ကျော့ကွင်းမိသံကြားလို့ ပြန်ပြေးသွားကြတဲ့ သမင်အုပ်တွေထဲမှာလည်း ဘုရားလောင်းရဲ့ နှမတော်သုတနာသမင်မလေးပါပါတယ်။ သုတနာသမင်မလေးဟာ နောင်တော်နှစ်ပါးလုံးကို ရှာသော်လည်းမတွေ့ရလို့စိတ်ပူပြီးရေကန်ရှိရာ ပြန်လာခဲ့ပါတယ်။ ဘုရားလောင်းက ညီတော်နည်းတူ တားပါတယ်။ပြန်လွှတ်ပါတယ်။ညီမလေးကလည်းမပြန်ဘူး။ သူတို့မောင်နှမ သုံးဦးလုံးဟာ မျက်မမြင် မိအိုဖအိုနှစ်ပါးကို လုပ်ကျွေးနေသူများဖြစ်ပါတယ်။ ဒါကြောင့် ဘုရားလောင်းက မင်းတို့မပြန်ရင် မိအိုဖအိုတွေတော့ အစာရေစာငတ်မွတ်ပြီး သေကုန်လိမ့်မယ်၊ ပြန်ကြပါလို့ ထပ်မံတိုက်တွန်းပါတယ်။ မောင်နှမနှစ်ယောက်လုံးက သူတို့နှစ်ယောက်လုံးရဲ့အသက်ကိုပဲစွန့်ပါ့မယ်၊ကျော့ကွင်းမိနေတဲ့ ဘုရား လောင်းကိုတော့ မစွန့်ပစ်နိုင်ဘူးလို့ ဘုရားလောင်းကို ဖေးမပေးရင်း သက်သာရာရစေပါတယ်။
"အကြောက်တရားကို အောင်နိုင်သူ"
         ဒီလိုနဲ့ မုဆိုးဟာ သမင်ထိုးလှံကို ကိုင်ဆောင်ရင်း ဘုရားလောင်းရှိရာ ရောက်လာပါတယ်။ စိတ္တသမင်ဟာ ဘုရားလောင်းနဲ့အတူ ရပ်နေရင်း တည်တည်ငြိမ်ငြိမ်ပဲ မုဆိုးကိုရင်ဆိုင်လိုက်ပါတယ်။ နှမတော် သုတနာသမင်မလေးကတော့ မုဆိုးကိုလဲမြင်ရော လန့်ဖြန့်ပြီးပြေးပါတော့တယ်၊ ပြီးမှ သတိ ပြန်ဝင်လာပြီး ဘုရားလောင်းထံ ပြန်လာခဲ့ပါတယ်။ မိန်းကလေးဆိုတော့လဲ ရုတ်တရက် မုဆိုး ကိုမြင်ရတော့ ကြောက်တာပေါ့၊ အစ်ကိုတော်ကို ချစ်တဲ့ဇောနဲ့သာ အန္တရာယ်ကို ရင်ဆိုင်နေရတာ မဟုတ်လား။ နောက်မှ အန္တရာယ်ကို သစ္စာတရားက လွှမ်းမိုးသွားပြီး၊ အကြောက်တရားနဲ့ ရန်သူကို မေတ္တာတရားနဲ့ ချစ်သူက အနိုင်ယူသွားလို့ ဘုရားလောင်းထံ ပြန်လာနိုင်တာဖြစ်ပါတယ်။
"ဟိရီ ဩတ္တပ အကျဉ်းသား"
မုဆိုးဟာ  သမင်သုံးကောင်းလုံးကို မြင်လိုက်ရလို့ အံ့သြသွားခဲ့ပါတယ်။ အတိတ်ကရေစက် ကြောင့် မောင်ရင်းနှမလို ချစ်ခင်သွားပါတယ်။ "ရွှေသမင်မင်းကို ကျော့ကွင်း၌ဖွဲ့မိ၏၊ ဤနှစ်ယောက် သော သူတို့သည်ကား ဟိရိသြတ္တပ္ပဖွဲ့ခြင်းဖြင့် ဖွဲ့မိ၏။ အဘယ့်ကြောင့် ဤသူတို့သည် ထိုရွှေ သမင်မင်းကို စွန့်၍မပြေးသနည်း"။ ဒီလိုစိတ်ထဲမှာတွေးမိပြီး သမင်မင်းကို မေးလိုက်ပါတယ်။ သမင် မင်း- ဤ သမင်တို့သည် ကျော့ကွင်းမှလွတ်ကုန်လျက် ကျော့ကွင်းမိသော သင့်ထံမှာ နေကုန်၏။ အသက်၏အကြောင်းကြောင့်လည်း သင့်ကိုစွန့်ခြင်းငှာ အလိုမရှိကုန်။ ဤသမင်တို့သည် သင်နှင့် အဘယ်သို့ တော်ကြပါသနည်း? ဘုရားလောင်းက တစ်မိတစ်ဖတည်းမှ မွေးဖွားလာသည့် ညီနှင့် နှမ များဖြစ်ကြောင်း၊ အသက်အန္တရာယ်နှင့် ခြိမ်းခြောက်ပြီး ပြန်ခိုင်းတာတောင် မပြန်ကြောင်း- ပြန်ဖြေ ပါတယ်။ ဒီအခါ မုဆိုးဟာ စိတ်ထဲမှာ တော်တော်ကြည်နူးနှစ်သိမ့် သွားပါတယ်။ မုဆိုးရဲ့စိတ်တွေ နူးညံ့ပျော့ပြောင်းလာမှန်းသိလို့ ညီတော်စိတ္တသမင်က မုဆိုးကို စကားဆိုပါတယ်။
"အကျဉ်းသားတို့၏ ရင်တွင်းစကား"
         "အဆွေမုဆိုး- သင်သည် ဤရွှေသမင်မင်းကို သမင်သာမညဟူ၍  မအောက်မေ့ပါလင့်။ ဤရွှေသမင်မင်းသည် ရှစ်သောင်းသော သမင်တို့၏ မင်းတည်း။ သီလအကျင့် ဂုဏ်ကျေးဇူးနှင့် ပြည့်စုံ၏။ အလုံးစုံသော သတ္တ၀ါတို့၌ နူးညံသောစိတ်ရှိ၏။ ကြီးသောပညာရှိ၏။ အိုမင်းကုန်သော မျက်စိမမြင်ကုန်သော မိဘတို့ကိုလုပ်ကျွေးမွေးမြူ၏။အကယ်၍အဆွေသည်ဤသို့သော ဂုဏ်ကျေးဇူး နှင့်ပြည့်စုံသော တရားစောင့်သော ရွှေသမင်ကိုသတ်အံ့။ ဤရွှေသမင်ကို သတ်သည် ရှိသော် မိဘတို့ ကိုလည်းကောင်း၊ အကျွန်ုပ်တို့ကိုလည်းကောင်း၊ နှမငယ်တို့ကိုလည်းကောင်း၊ ငါးယောက်ကုန်သော ငါတို့ကိုသတ်သည်မည်ရာ၏။ အကျွန်ုပ်အစ်ကို၏ အသက်ကိုပေးလှူသည် ဖြစ်ဘိမူကား ငါးယောက် ကုန်သော သူတို့၏  အသက်အလှူကို ပေးလှူသည် မည်ကုန်၏။"
         ညီတော်စိတ္တရွှေသမင်ရဲ့စကားကို အနှစ်ချုပ်ကြည့်ရင် ဘုရားလောင်းရောဟဏ ရွှေသမင် မင်းရဲ့ဂုဏ်ရည်၊ စိတ္တနှင့်သုတနာမောင်နှမနှစ်ယောက်ရဲ့သစ္စာတရား၊ တရားပြ၍ဆုံးမသည့် အဆုံး အမတို့ပါဝင်တာတွေ့ရပါတယ်။အဆွေမုဆိုး-အခုကျော့ကွင်းမိထားတဲ့သမင်ဟာ သာမညသမင် မဟုတ်ဘူး။ ရွှေသမင်ဖြစ်တယ်။ သမင်အပေါင်း ရှစ်သောင်းကို ဦးဆောင်နေတဲ့သမင်မင်းဖြစ်တယ်။ သီလရှိတယ်။ မေတ္တာကြီးတယ်။ ပညာကြီးတယ်။ မျက်မမြင်မိအိုဖအိုနှစ်ပါးကို လုပ်ကျွေးနေသူ ဖြစ်တယ်။ ငါတို့မောင်နှမနဲ့ မိဘနှစ်ပါးရဲ့အသက်ဟာ ရွှေသမင်ရဲ့အသက်ထဲမှာ ပေါင်းစပ်ထားတယ်။ ဒါကြောင့် ဒို့တတွေဟာ ငါးယောက်ပေါင်းမှ အသက်တစ်ချောင်းပဲရှိတယ်။ တကယ်လို့ ရွှေသမင်ကို သတ်ရင် ငါးယောက်လုံးကို သတ်ရာရောက်တယ်။ တကယ်လို့ ရွှေသမင်ကို လွှတ်ပေးလိုက်ရင် ငါးယောက်လုံးရဲ့အသက်ကို ပေးလှူရာရောက်မယ်လို့ ဆိုလိုပါတယ်။ ညီတော်စိတ္တသမင်က အချိန် ကိုက်ပစ်လွှတ်လိုက်တဲ့ စကားလုံးတိုင်းဟာ မုဆိုးရဲ့နှလုံးသားကို တည့်တည့်ထိမှန်သွားခဲ့ပါတယ်။ မုဆိုးကြီးဟာ စိတ္တသမင်ရဲ့ တရားစကားကြောင့် ရောဟဏသမင်မင်းကို ကြည်ညိုသွားပြီး သမင်မင်း ကို နှစ်သိမ့်လိုက်ပါတယ်။  "အရှင်တို့ အကျွန်ုပ်သည် မိဘကိုလုပ်ကျွေး မွေးမြူသော သမင်မင်းကို လွှတ်ပါအံ့၊ ကျော့ကွင်းမှလွတ်သော သမင်မင်းကိုမြင်၍ သင်တို့၏ အမိအဖတို့သည် နှစ်သက် စေကုန်သတည်း"။
"လက်ထိပ်နှင့် ဆုတံဆိပ်"
         သမင်မုဆိုးဟာ ရောဟဏသမင်မင်းကို လွှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဗြဟ္ခဒတ်မင်းကပေး လိုက်တဲ့တာဝန်အရ သမင်ကိုကျော့ကွင်းထောင်ဖမ်းတာပါ။ အခုသမင်က သူတော်ကောင်းသမင် မျိုးဖြစ်နေလို့  လွှတ်ရပါတော့မယ်။ တစ်ဖက်က မင်းအမိန့်၊ တစ်ဖက်က အပြစ်မဲ့အကျဉ်းသား၊ ရွှေ သမင်ရဲ့အသက်ကို ကယ်လိုက်ရင် အာဏာဖီဆန်မှုနဲ့ သေဒဏ်စီရင်ခံရမှာ သေချာနေပါပြီ။ ဒါကြောင့် မုဆိုးဟာ အသက်ကို အသက်ချင်းလဲပြီး ပြစ်ဒဏ်ကိုရင်ဆိုင်ဖို့ ခုလိုဆုံးဖြတ်လိုက်ပါတယ်။ "မင်းသည် ပေးအပ်သောစည်းစိမ်သည် ငါ့အား အသို့ပြုလတံ့နည်း။ အကယ်၍ငါသည် ရွှေသမင်မင်း ကိုသတ်အံ့ ဤမြေသည်လည်းကွဲ၍ ငါ့အားဟင်းလင်းကိုပေးလတံ့။ မိုးကြိုးသည်မူလည်း ငါ၏ ဦးခေါင်း၌ကျလတံ့။ ထိုရွှေသမင်ကို မဖြစ်မနေ ငါလွှတ်ပေးတော့အံ့" မုဆိုးဟာ လှံတံကိုပစ်ချ လိုက်ပါတယ်။ သားရေလွန် ကြိုးကိုဖြတ်လိုက်ပါတယ်။ ရွှေသမင်ရဲ့ လည်ပင်းကိုသိုင်းဖက်လိုက်ပါတယ်။ ရေကန်အစပ်မှာ လှဲသိပ် လိုက်ပါတယ်။ ကြင်ကြင်နာနာနဲ့ကျော့ကွင်းကို ဖြေလိုက်ပါတယ်။ ပြတ်တောက်သွားတဲ့ အကြောတွေ ကို အကြောချင်းပြန်ဆက်ပေးပါတယ်။ အသားကို အသားချင်း၊ အရေကို အရေချင်းပြန်ဆက်ပေးပြီး ရေဖြင့်ဆေးကြောပေးပါတယ်။ ပြန်ကောင်းစေချင်တဲ့ မေတ္တာစေတနာတွေနဲ့ ဆုတောင်းသစ္စာပြုပါ တယ်။ မုဆိုးကြီးရဲ့မေတ္တာ အာနုဘော်၊ ဘုရားလောင်းရဲ့ ပါရမီ အာနုဘော်တို့ကြောင့် အကြော အသားအရေတို့ဟာ တစ်ပေါင်းတည်း တစ်စပ်တည်းဖြစ်သွားပြီး အကောင်းပကတိပြန်ဖြစ်သွား ပါတယ်။ သမင်အမွှေးတို့ဟာလည်း အနာကိုဖုံးလွှမ်းသွားပါတယ်။ ကျော့ကွင်းမိတဲ့နေရာမှာ ဒဏ်ရာ လေးအနည်းငယ်တောင် မကျန်ရစ်တော့ပါဘူး။ အကောင်းပကတိ ဘ၀ဖြင့် ကျော့ကွင်းမှလွတ်ပြီး စိတ်ချမ်းသာ - ကိုယ်ချမ်းသားရှိတဲ့ နောင်တော် ရောဟဏသမင်မင်းကို မြင်ရလို့ ညီတော်စိတ္တ သမင်က မုဆိုးကြီးအတွက် ဆုတောင်းပေးပါတယ်။ "အဆွေမုဆိုး- ငါသည် ကျော့ကွင်းမှလွတ်သော မြတ်သောရွှေသမင်ကိုမြင်၍ နှစ်သက်သကဲ့သို့ ဤအတူ သင်အဆွေသည် အလုံးစုံကုန် သော အဆွေအမျိုးတို့နှင့်အတူတကွ နှစ်သက်တော်မူပါလော့"။
"အပြစ်မဲ့အကဉ်းသား၏ အနှစ်ဖွဲ့အတွင်းစကား"
         ဘုရားလောင်းက မုဆိုးထံမှ အကြောင်းအရင်းကိုသိရတဲ့အခါ ထုံးစံအတိုင်းသူ့ကို နန်းတော် ခေါ်သွားဖို့၊မင်းမိဘုရားထံမှာ တရားဟောဖို့ ခေါ်ဆောင်ခိုင်းပါတယ်။ တစ်ဦးမေတ္တာတစ်ဦးမှာဆိုသလို ဘုရားလောင်းရဲ့ အသက်ကိုကယ်ခဲ့တဲ့မုဆိုးကို ဘုရားလောင်းကဆုတော်လာဘ်တော်တွေရအောင် ကျေးဇူးဆပ်ချင်လို့ ခေါ်ခိုင်းခြင်းဖြစ်ပါတယ်။ ဒီအခါ မုဆိုးက"အရှင်...မင်းမည်သည်ကားကြမ်းကြုတ် ၏။ အဘယ်သူသည်သိနိုင်မည်နည်း၊ အဘယ်သို့ဖြစ်လတံ့နည်း၊ အကျွန်ုပ်အား မင်းသည် ပေးအပ် သောအခြံအရံဖြင့် အလိုသည်မရှိ။ အရှင်ရွှေသမင်မင်းသည် အလိုရှိတိုင်းချမ်းသာရာသို့ ကြွတော် မူပါလော့"။ ရောဟဏသမင်မင်းကို ပြန်ဖို့သာခွင့်ပြုလိုက်ပါတယ်။ ဒီအခါသမင်မင်းက အဆွေ ငါ့ကျောက်ကုန်းကို လက်ဖြင့်သုံးသပ်လော့ဟု ကျောက်ကုန်းကို သုံးသပ်ခိုင်းပါတယ်။ မုဆိုးက သမင်မင်းရဲ့ ကျောက်ကုန်းကို လက်နဲ့သုံးသပ်တဲ့အခါ မုဆိုးရဲ့လက်ထဲမှာ သမင်မင်းရဲ့ ရွှေရောင် သမင်မွှေးတွေ အပြည့်ပါသွားပါတယ်။ သမင်မွှေးတို့ကိုယူသွားပြီး မင်းမိဘုရားတို့အား သမင်မင်းရဲ့ ကိုယ်စား တရားဟောဖို့ ဓမ္မဉ္စရ မဟာရာဇ-အစရှိတဲ့ ဓမ္မစရိယဆယ်ဂါထာကို သမင်မင်းက မုဆိုးအား သင်ကြားပေးလိုက်ပါတယ်။ သမင်မင်းကမုဆိုးကို ငါးပါးသီလ၌တည်စေပြီး အပ္ပမာဒ တရားနဲ့ပြည့်စုံဖို့ အဆုံးအမ ပေးလိုက်ပါတယ်။
"နှုတ်ချို လျှိုတစ်ပါး စကားစွမ်းအား"
         မုဆိုးက ဘုရားလောင်းအား ဆရာအရာ၌ထားပြီး လင်္ကျာရစ်သုံးကြိမ်လှည့်ပြီး ပူဇော်ပါတယ်။ သမင်မင်း အားအရပ်လေးမျက်နှာမှ လေးကြိမ်လေးခါရှိခိုးပါတယ်။ သမင်မွှေးများကို ပဒုမ္မာကြာရွက်နဲ့ ထုပ်ပြီး ယူသွားပါတယ်။ သမင်မင်းတို့မောင်နှမသုံးယောက်ဟာ မုဆိုးကို တောလမ်းအဆုံးထိ လိုက်ပို့ပြီး မိဘနှစ်ပါးအတွက် အစာနှင့်ရေကိုယူပြီး ပြန်လာခဲ့ပါတယ်။ မိဘနှစ်ပါးက သားဖြစ်သူ သမင်မင်းကျော့ကွင်းမှ လွတ်မြောက်လာရခြင်းအကြောင်းကိုမေးတဲ့အခါ ဘုရားလောင်းက "ညီတော် စိတ္တသည် နားချမ်းသာသော နှလုံး၌၀င်သော နှလုံးကိုမှီသော စကားကို ဆိုသည်ဖြစ်၍ ကောင်းစွာ ဆိုအပ်ကုန်သောစကားတို့ဖြင့် ကျွန်ုပ်ကိုလွတ်စေပြီ။" "နှမတော်သုတနာသည် နားချမ်းသာသော နှလုံး၌၀င်သော နှလုံးကိုမှီသောစကားကို ဆိုသည်ဖြစ်၍ ကောင်းစွာဆိုအပ်ကုန်သောစကားတို့ဖြင့် ကျွန်ုပ်ကိုကျော့ကွင်းမှလွတ်စေ၏။" "နားချမ်းသာသော နှလုံး၌၀င်သော နှလုံးကိုမှီသော စကားကို ကြား၍ မုဆိုးသည် ကျွန်ုပ်ကိုလွှတ်ပေ၏။" 
"မိဘဆုတောင်း ဝမ်းမြောက်ကြောင်း"
ညီတော်နှမတော်နဲ့ မုဆိုး၏ကျေးဇူးကြောင့် ကျော့ကွင်းမှလွတ်လာသော သားတော်သမင် မင်းကိုမြင်ရတဲ့အခါ မိဘနှစ်ပါးကမုဆိုးအတွက် ဆုတောင်းပေးကြရှာပါတယ်။"ငါတို့သည် ကျော့ကွင်း မှလွတ်၍ ငါတို့ထံပြန်လည်ရောက်ရှိလာသော ငါတို့သားတော်ရောဟဏ သမင်မင်းကို မြင်၍ ယခုအခါ ၀မ်းမြောက်ဝမ်းသာဖြစ်ကြကုန်သကဲ့သို့၊ ဤအတူ မုဆိုးသည် သားမယားတို့နှင့် အတူတကွ အလွန်ဝမ်းမြောက်သည် ဖြစ်ပါစေသတည်း။"
"မင်းတရားယုံကြည်ခဲ့ရသော အကျဉ်းသားဂုဏ်ရည်များ"
        သမင်မုဆိုးဟာ သမင်မပါဘဲ လက်ချည်းသက်သက် နန်းတော်သို့ပြန်ရောက်တဲ့အခါ ဗြဟ္မဒတ် မင်းရဲ့ငြိုငြင်မှုကိုခံရပါတယ်။ ဗြဟ္မဒတ်မင်းကြီး တာဝန်ပေးတုန်းက မုဆိုးမှာအာမခံချက် ရှိခဲ့ပါတယ်။ သမင်ကိုအရှင်ဖမ်းခဲ့ပါမယ်။ မရရင်သမင်ရေကို ယူခဲ့ပါမယ်။ မရရင်သမင်မွှေးတို့ကိုယူခဲ့ပါမယ်ဆိုတဲ့ အာမခံချက်ပါတယ်။ ဒီအာမခံချက်အရ သမင်ရေကိုမယူခဲ့ရကောင်းလားဆိုပြီး မင်းကငြူစူတာပါ။ မုဆိုးဟာ ဗြဟ္မဒတ်မင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ပါတယ်။ "မြတ်သောမင်းကြီး ထိုရွှေသမင်သည် အကျွန်ုပ်လက်တွင်းသို့လည်းရောက်ပြီ၊ စဉ်းလဲသောကျော့ကွင်းသို့လည်းရောက်ပြီ၊ ရွှေသမင်ကိုလျှင် ဖွဲ့မိ၏၊ထိုဖွဲ့မိသောရွှေသမင်ကိုလျှင်လွတ်သောသမင်နှစ်စီးတို့သည်ကပ်၍တည်ကုန်၏။" "အကျွန်ုပ် သည် ဤရွှေသမင်ကို သတ်ချေသော်လျှင်တစ်နေ့အသက်ကိုစွန့်ရအံ့၊ ဤသို့အကျွန်ုပ်အား ထိတ်လန့် ခြင်းသည်ဖြစ်၏။ မဖြစ်ဘူးသော ကြက်သီးမွေးညှင်း ထခြင်းသည်ဖြစ်၏။"  ဒီအခါ မင်းကြီးက "အမောင်မုဆိုး- ထိုသမင်တို့သည် အဘယ်သို့သဘောရှိကုန်သနည်း။ ထိုသမင်တို့သည် အဘယ်သို့ တရားစောင့်ကုန်သနည်း။ အဘယ်သို့အဆင်းရှိကုန်သနည်း။ အဘယ်သို့သီလရှိကုန်သနည်း။ သင်သည် ထိုသမင်တို့အား ပြင်းပြစွာချီးမွမ်းလွန်း၏။"ဟူ၍ မေးမြန်းလိုက်ပါတယ်။ ဗြဟ္မဒတ်မင်းဟာ သိချင်ဇောနဲ့ ဒီစကားကို ထပ်ခါတလဲလဲ တအံ့တသြနဲ့မေးမြန်းတာပါ။ မုဆိုးက ဖြေပါတယ်။
"မြတ်သောမင်းကြီး- ထိုရွှေသမင်တို့သည် ငွေပန်းဆိုင်းနှင့်တူသော ဖြူသောဦးချိုရှိကုန်၏။ စာမရီသားမြီးကဲ့သို့ စင်ကြယ်သော အမြီးရှိကုန်၏။ ရွှေအဆင်းနှင့်တူသော အရေရှိကုန်၏။ ထိုသမင်တို့၏ ခွာတို့သည် ခြင်းခြင်းနီသောချိတ်ရည် အဆင်းနှင့်တူကုန်၏။ ငါးပါးသောကြည်လင် ခြင်းနှင့် ပြည့်စုံသောမျက်စိ ရှိကုန်၏။ နှလုံးမွေ့လျော်ဖွယ် တင့်တယ်ကုန်၏။"  မျက်စိထဲမှာ ပုံဖေါ်ပြီး ကြည့်လို့ရပါတယ်။ သမင်ရဲ့ဦးချိုအခက်အခွတွေဟာ ငွေရောင်တွေဖြစ်နေလို့ ခေါင်းပေါ်မှာ ငွေပန်း ဆိုင်ကြီးတင်ထားသလိုပါပဲ။ အမြီးကို အသက်နဲ့လဲပြီးစောင့်ရှောက်တတ်တဲ့ စာမရီသား ကောင်းရဲ့ အမြီးလို ရွှေသမင်ရဲ့အမြီးဟာလည်း ဖြောင့်စင်းရှည်လျားပြီး သန့်ရှင်းလှပနေပါတယ်။ မျက်စိဟာ လည်း အင်မတန်ကြည်လင်ဝင်းလက်လို့နေပါတယ်။ အရေပြားဟာ ရွှေရောင်အဆင်း ရှိပါတယ်။ သမင်မွှေးတွေဟာလည်းရွှေရောင်အဆင်းရှိပါတယ်။အင်မတန်ကြည့်လို့ကောင်းတဲ့ တင့်တယ်လှပတဲ့ ရွှေသမင်ဖြစ်ပါတယ်။
"မင်းတရားအတွက် ဓမ္မလက်ဆောင်"
         အဲ့ဒီနောက် မုဆိုးဟာ ရွှေရောင်သမင်းမွှေးတွေကို မင်းကြီးလက်မှာအပ်လိုက်ပြီး ရွှေသမင်ရဲ့ ဂုဏ်ကျေးဇူးကို ဆက်လက်လျှောက်ထားပြီး ဒီလိုတရားစောင့်တဲ့ မိဘကိုလုပ်ကျွေးမွေးမြူနေတဲ့ ရွှေ သမင်ကို မင်းကြီးအနေနဲ့ နန်းတော်သို့ မယူဆောင်ထိုက်ကြောင်း ရဲရဲဝံ့ဝံ့တင်ပြလျှောက်ထားလိုက် ပါတယ်။
ဆက်လက်ပြီး မုဆိုးက ရွှေသမင်မောင်နှမ သုံးကောင်းလုံးရဲ့ ဂုဏ်ကျေးဇူးကို ပေါ်လွင်အောင် တင်ပြလျှောက်ထားပြီး ရွှေသမင်မင်းက သူ၏ကိုယ်ပွား သမင်းမွှေးတို့ကိုပေးပြီး  သူ၏ကိုယ်စား မင်းကျင့်တရား ဆယ်ပါးကိုဟောပြဖို့ သင်ပြပေးလိုက်တဲ့အကြောင်း ပြောပြတဲ့အခါ မင်းကြီးက မုဆိုး ကို ရာဇပလ္လင်ပေါ်ပင့်ပြီး တရားဟောစေပါတယ်၊ မင်းမိဘုရားနှစ်ပါးလုံးက မုဆိုးဟောတဲ့ မင်းကျင့် တရားများကို ရိုရိုသေသေကြားနာပါတယ်။ မုဆိုးကလည်း ရွှေသမင်မင်း ပို့ချလိုက်တဲ့အတိုင်း ဓမ္မ ကထိကဟန်ပန်နဲ့ တရားဟောပါတယ်။
"မုဆိုးဟောကြား မင်းကျင့်တရား"
ဓမ္မဉ္စရ မဟာရာဇ၊  မာတာပိတူသု ခတ္တိယ။
        ဣဓ  ဓမ္မံစရိတွာန၊ ရာဇာ သဂ္ဂံ ဂမိဿတိ။
        ရေမြေကိုအစိုးရသော မြတ်သောမင်းကြီး  အမိအဖတို့၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်တော် မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်သည်ရှိသော်၊ နတ်ပြည်သို့ သွားရလတ္တံ့။
 မြတ်သောမင်းကြီး သားမယားတို့၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။
မြတ်သောမင်းကြီး ချစ်သောအဆွေခင်ပွန်းတို့၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။
မြတ်သောမင်းကြီး ဆင်မြင်းအစရှိသော ယာဉ်တို့၌၄င်း၊ ဗိုလ်ပါတို့၌၄င်း ကျင့်ဝတ်တရား ငါးပါးကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။
မြတ်သောမင်းကြီး ရွာတို့၌၄င်း၊ နိဂုံးတို့၌၄င်း ကျင့်ဝတ်တရားငါးပါးတို့ကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးပါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။
 မြတ်သောမင်းကြီး ပြည်တိုင်းကားတို့၌၄င်း၊ ဇနပုဒ်တို့၌၄င်း ကျင့်ဝတ်တရားငါးပါးတို့ကို ကျင့် တော်မူလော့၊ ဤလူ့ပြည်၌ ကျင့်ဝတ်တရားငါးကို ကျင့်၍ နတ်ပြည်သို့သွားရလတ္တံ့။
မြတ်သောမင်းကြီး ရဟန်း၌၄င်း၊ ပုဏ္ဏားတို့၌၄င်း ပစ္စည်းလေးပါးလှူခြင်းဟူသော အကျင့်ကို ကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ပစ္စည်းလေးပါးလှူခြင်းတည်းဟူသော အကျင့်ကိုကျင့်၍ မင်းသည် နတ်ပြည်သို့သွားရလတ္တံ့။
 မြတ်သောမင်းကြီး သားငှက်တို့၌ ဘေးမဲ့ပေးခြင်းတည်းဟူသော တရားကိုကျင့်တော်မူလော့၊ ဤလူ့ပြည်၌ ဘေးမဲ့ပေးခြင်းတည်းဟူသော တရားကိုကျင့်၍ မင်းသည် နတ်ပြည်သို့သွားရလတ္တံ့။
  မြတ်သောမင်းကြီး တရားကိုကျင့်တောမူလော့၊ ကောင်းစွာကျင့်အပ်သော တရားသည် လူ နတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရွက်ဆောင်တတ်၏၊ ဤလူ့ရွာ၌ တရားကိုကျင့်၍ မင်းသည် နတ်ပြည်သို့သွားရလတ္တံ့။
 မြတ်သောမင်းကြီး တရားကိုကျင့်တော်မူလော့၊ ဗြဟ္မာနှင့်တကွသော သိကြားနတ်တို့သည် ကောင်းသောအကျင့်ဖြင့် နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ရောက်ကုန်၏။ မင်းမြတ် မင်းကျင့်ဝတ်ဆယ်ပါးကို မမေ့မလျော့ပါနှင့်။
မုဆိုးဟာ ဘုရားလောင်းဟောတော်မူတဲ့ နည်းအတိုင်း ကောင်းကင် မြစ်ကြီးကို စီးသလို၊ (မိုးကြီးရွာချလိုက်သလို) တရားဟောတော်မူပါတယ်။ တရားနာမင်းပရိသက်တို့ဟာ တစ်ခဲနက် ကောင်းချီးသြဘာပေးကြ၊ သာဓုခေါ်ကြအနုမောဒနာပြုကြပါတယ်။တရားနာလိုက်ရပြီဖြစ်လို့ မိဘုရား ကြီးမှာလဲ အိပ်မက်တွေအကောင်အထည်ပေါ်သွားခဲ့ပါတယ်။အိပ်မက်တွေရုပ်လုံးပေါ် သွားခဲ့ပါတယ်။ ချင်ခြင်းတွေပြေငြိမ်းသွားခဲ့ပါတယ်။
 မုဆိုးဟောတဲ့ သမင်မင်းရဲ့ မင်းကျင့်တရားကို အနှစ်ချုပ်ကြည့်ရင်- မိဘနှစ်ပါးအပေါ် တာဝန် ကျေရမယ်။ သားမယားအပေါ်တာဝန်ကျေရမယ်။ မိတ်ဆွေခင်ပွန်းတို့အပေါ်တာဝန်ကျေရမယ်။ ဆင်မြင်းဗိုလ်ပါတို့အပေါ် တာဝန်ကျေရမယ်။ ရွာနိဂုံးတို့အပေါ် တိုင်းခရိုင်တို့အပေါ်- တာဝန်ကျေ ရမယ်။ အလှူခံရဟန်း ပုဏ္ဏားတို့အား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းရမယ်။ သားငှက်တို့ကို ဘေးမဲ့ပေးရမယ်။ တရားကျင့်ရမယ်။ ဖြစ်ပါတယ်။
သက်ဦးဆံပိုင်ခေတ် ပဒေသရာဇ် ဧကရာဇ်ခေတ်ဆိုတော့လည်း မင်းတရားကျင့်မှ မင်းတရား မကျင့်ရင် တိုင်းပြည်ဟာ မီးလိုပူမှာဖြစ်လို့ မင်းကျင့်တရားကိုပဲ အဓိကထား ဟောတော်မူတာပါ။ တိုင်းပြည်ရဲ့ကံကြမ္မာဟာ မင်းတစ်ယောက်တည်းအပေါ်မှာ  မှီနေတည်နေ မူတည်နေလို့ မင်းကို အဓိကထားပြီး ဟောကြားတာပါ။ ခုခေတ်မှာတော့ ဒီမိုကရေစီနိုင်ငံ တော်တော်များများမှာ သမ္မတဦး ဆောင်သည်ဖြစ်စေ၊ ၀န်ကြီးချုပ်ဦးဆောင်သည် ဖြစ်စေ၊ လွှတ်တော်အဆင့်ဆင့်က သဘောတူမှ လုပ်ဆောင်ရတာဖြစ်လို့ မင်းကျင့်တရားကို အထူးတလည် ဟောကြားစရာ မလိုတော့ပါဘူး။ အတိုက် အခံကြောက်လို့ မီဒီယာကိုကြောက်လို့ ငါတကောလည်း မကောရဲကြပါဘူး ။ ဒီကြားထဲမှာ လူထုက မထင်ရင် မထင်သလို ရင်ဖွင့်ခွင့် ထုတ်ဖော်ခွင့် ဟစ်အော်ခွင့် စီတန်းဆန္ဒပြခွင့် ရှိတာဆိုတော့ သမ္မတ တွေ ၀န်ကြီးချုပ်တွေဟာ တရားမဲ့အလုပ်တွေကို အရမ်းကာရော မလုပ်ရဲကြ ရှာပါဘူး။ နောက်ပြီး သမ္မတဖြစ်လျက် ဥပဒေအရာရှိချုပ်ထံမှာ အစစ်ဆေးခံရတာဟာလဲ ရှက်စရာ ဂုဏ်သိက္ခာ ညှိုးနွမ်း စရာဖြစ်လို့  လာဘ်စားတာ- မတရားတာတွေလဲ မရှိသလောက်ကိုရှားနေပါပြီ။ အမေရိကန်သမ္မတ ကလင်တန် လူကြီးလူကောင်းမဆန်လို့ မော်နီတာလူဝင်စကီးနဲ့ စွပ်စွဲခံရတာ တရားရင်ဆိုင်ရတာ၊ တောင်ကိုးရီးယားသမ္မတ နိုတေဟူးလာဘ်စားမှုနဲ့ အမှုရင်ဆိုင်နေရတာ၊ ထိုင်းဝန်ကြီးချုပ်သက်ဆင် ရာထူးကဆင်းပေးရတာတွေဟာ ခုခေတ်ခုအခါမှာ မင်းတွေထင်ရာလုပ်လို့ မရတဲ့ ပြယုဂ်ပေါ့။ အဲ့ဒိ ဒီမိုကရေစီနိုင်ငံတော်တွေက ပြည်သူလူထုတွေဟာ အတော့်ကို  ကံကောင်း ကြတာပဲနော်။ ဘုန်းဘုန်း ဖြင့် အားကျလိုက်တာ လွန်ပါရောပဲ။
"ဓမ္မပူဇာ အမျှလှူတာ"
 ဗြဟ္မဒတ်မင်း တရားနာအပြီးမှာ မုဆိုးကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်ပါတယ်။ တန်ဖိုး ကြီးတဲ့ ပတ္တမြား နားဍောင်း၊ ရွှေစင် နိက္ခတစ်ရာ၊ အဆင်းတူ စည်းစိမ်ဥစ္စာတူ မယားနှစ်ယောက်၊ နွားလားဥသဘနှင့်တကွ နို့စားနွားမတစ်ရာ-စတဲ့ တစ်သက်လုံး သုံးမကုန်နိုင်လောက်အောင် များပြား တဲ့ စည်းစိမ်ဥစ္စာတွေကို ဆုချတာပါ။ အဆင်းတူ၊ စည်းစိမ်းဥစ္စာတူ မယားနှစ်ယောက်တောင် ပါသေး တယ်။ ခုခေတ်အရဆိုရင်တော့ ဥစ္စာပေါရုပ်ချောတဲ့မယားနှစ်ယောက်ပေါ့။ ဒီလိုပစ္စည်းတွေ ပေးသနား ပြီး မင်းကြီးက ဆက်ပြောပါတယ်။ ဓမ္မေန ရဇ္ဇံ ကာရေဿံ-အဆွေမုဆိုး ငါဟာတရားသဖြင့် မင်းပြု ပါ့မယ်တဲ့။ ဗဟုကာရော မေ သိ လုဒ္ဒ-သင်ဟာ ငါ့အတွက် ကျေးဇူးကြီးလှပါတယ်တဲ့။ ဒါက မုဆိုးကို ကျေးဇူးစကားဆိုပုံနဲ့ ဗြဟ္မဒတ်မင်းရဲ့ ပဋိညာဉ်  ခံဝန်ကတိ ဖြစ်ပါတယ်။ မင်းကြီးက မုဆိုးအတွက် လည်း အကြံပြုဆုံးမပါသေးတယ်။
"ရာဇောဝါဒ မြတ်ဓမ္မ"
ကသိ ၀ါဏိဇ္ဇ ဣဏဒါနံ၊ ဥဥ္ဆာစရိယာ စ လုဒ္ဒက။                
ဧတေန ဒါရံ ပေါသေဟိ၊ မေ ပါပံ အကရီ ပုန။
         "အဆွေမုဆိုး-လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ကျွေးမြီးပေးခြင်းသည်၎င်း၊ ကောင်းမြတ်သော အသက်မွေးခြင်းသည်၎င်းရှိ၏၊ ထိုကောင်းသောအသက်မွေးခြင်းဖြင့် သားမယားကို သင်ကျွေးမွေး လေလော့၊ တစ်ဖန် မကောင်းမှုကို သင်မပြုလေလင့်" ။
         မိစ္ဆာအာဇီဝ-မှားသော အသက်မွေး စီးပွားရေးကို ရှောင်ကြဉ်ပါ။ သမ္မာအာဇီဝ- မှန်သော အသက်မွေးစီးပွားရေးကိုပြုလုပ်ပါ။ လယ်ထွန်ပါ၊ ကုန်ကူးပါ၊ ငွေတိုးပေးစားပါ၊ တစ်ခြားကောင်းရောင်း ကောင်းဝယ်လုပ်ကိုင်စားသောက်ပါ၊ မုဆိုးအလုပ်ကိုဆက်မလုပ်ပါတော့နဲ့လို့ ဆိုလိုပါတယ်။ ဗြဟ္မဒတ် မင်းရဲ့ စကားထဲမှာ ဣဏဒါနံ-ကြွေးမြီပေးခြင်း၊ ငွေတိုးပေးခြင်းဆိုတာ ပါပါတယ်။ အဲ့ဒီ အလုပ်ဟာ သမ္မာအာဇီဝဖြစ်ပါတယ်တဲ့။ သင့်လျော်တဲ့အတိုးငွေယူပြီး စီးပွားရေးမရှိတဲ့လူတွေကို အရင်းအနှီး ထုတ်ပေးတာ လုပ်ငန်းအစုရှယ်ယာ ထောင်ပေးတာကို ဆိုလိုပုံရပါတယ်။ ခုခေတ်မှာလို ငွေလိုအပ် နေတဲ့သူအပေါ် အမြတ်ကြီးစား အဆမတန်အတိုးယူ အတိုးပေါ်အတိုးထပ်ဆင့်တဲ့  ငွေတိုးပေးစား ခြင်းမျိုးကို ဆိုလိုပုံမရပါဘူး။ မုဆိုးကြီးဟာ ဘိုးစဉ်ဘောင်ဆက် မုဆိုးမျိုးနွယ်ထဲက ဖြစ်လို့ အကုသိုလ် အလုပ်ကို စွန့်လွှတ်ဖို့ အမဲမလိုက်တော့ဘဲ သမ္မာအာဇီဝကျအောင် လုပ်ကိုင်စား သောက်ဖို့ ဆုံးမတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မုဆိုးဟာ စည်းစိမ်ဥစ္စာတွေကိုရော မယားနှစ်ယောက်ကိုပါ မမက်မောပါဘူး။ မင်းကြီးထံ အကုန်ပြန်အပ်နှံပြီး တောထွက်တရားကျင့်ဖို့ ခွင့်တောင်းပါတယ်။ သူ့ကြောင့် ရွှေသမင် မောင်နှမတတွေ ဒုက္ခရောက်ရတာကို နောင်တရလို့မဆုံး ဖြစ်နေပါတယ်။ သူတော်ကောင်းတရား ကြားနာပြီး သူတော်ကောင်းစိတ်တွေ မွေးမြူနိုင်လို့ ၀တ္ထုကာမဆိုတဲ့ ကာမဂုဏ်အာရုံတွေကိုရော၊ ကိလေသာကာမဆိုတဲ့ ကာမဂုဏ်ခံစားလိုတဲ့ ကိလေသာတွေကိုပါ ၀ိက္ခမ္ဘနပဟာန်နဲ့  ပယ်သတ်နိုင်ခဲ့ ပါတယ်။ ဈာန်တရားရပြီး ဗြဟ္မာ့ပြည်ကိုရောက်ရှိသွားခဲ့ပါတယ်။ ၀ိက္ခမ္ဘနပဟာန်ဆိုတာ ကိလေသာကို ခဏလေးပယ်လိုက်တာလဲ မဟုတ်ဘူး။ ထာဝရပယ် သတ်နိုင်တာလဲ မဟုတ်ဘူ။ ဈာန်မလျှောမချင်း ရသေ့ဘ၀တစ်လျှောက်လုံးနဲ့ ဗြဟ္မာ့ပြည်လားသည့် အထိ ဘ၀နှင့်ချီပြီး ပယ်သတ်နိုင်တာကို ဆိုတာပါ။
"ဇာတ်ပေါင်းခန်းနှင့် ဝမ်းပန်းတသာ"
         ဒီဇာတ်တော်မှာ မုဆိုးဟာ မြင်းမြီးဆွဲမောင်ဆန်ခေါ် ဆန္နမထေရ်လောင်းလျာဖြစ်ပါတယ်။ ဗြဟ္မဒတ်မင်းကြီးက ရှင်သာရိပုတ္တရာ၊ ခေမာမိဖုရားကြီးက ခေမာထေရီ၊ မိအိုဖအိုနှစ်ပါးက သုဒ္ဓေါဒန မင်းကြီးနဲ့မယ်တော်မာယာ၊ နှမတော်သုတနာက ဥပ္ပလ၀ဏ်ထေရီ၊ညီတော်စိတ္တသမင်က ရှင်အာနန္ဒာ လောင်းလျာဖြစ်ပါတယ်။ ရောဟဏရွှေသမင်မင်းကတော့ ဘုရားလောင်းပေါ့။                                                                                      (၀ီသတိနိပါတ်၊ ရောဟဏမိဂဇာတ်။)
"ဘုရားရှင့်အာဘော် မှတ်သားသင့်ပါသော်"
ဒီဇာတ်တော်ဟာ ရှင်အာနန္ဒာရဲ့ဂုဏ်ကျေးဇူးကိုဖော်ကျူးတဲ့ ကျေးဇူးတော်ဖွဲ့ ဇာတ်တော် ဖြစ်ပါတယ်။ ရှင်အာနန္ဒာဟာ ဘုရားကို ဒေ၀ဒတ်က နာဠာဂီရိဆင်နဲ့ လုပ်ကြံတဲ့အခါ ဘုရားရှေ့ကနေ အသေခံပြီး ကာကွယ်ပေးတာကို အကြောင်းပြုပြီး ဟောတော်မူတာပါ။ ဒီဘ၀မှာတင်မဟုတ်ဘူး ရှေးဘ၀များစွာတုန်းကလည်းဘုရားလောင်းအပေါ်သစ္စာရှိခဲ့တယ်။ အသက်ကယ်ခဲ့ဖူးတယ်ဆိုတာကို ဟောလိုရင်းဖြစ်ပါတယ်။ သံသရာခရီးမှာ မိတ်ဆွေဟာ ဘယ်လောက်အရေးကြီးတယ်။ မိတ်ကောင်း ဆွေကောင်းကြောင့် သေဘေးမှတောင် လွတ်မြောက်ခဲ့ ရတယ်ဆိုတာကို ဟောလိုရင်းဖြစ်ပါတယ်။
"နောက်ကိုလှည့်ကြည့် အမြဲရှိ"
ဒီဇာတ်တော်ထဲက ညီတော်နှမတော်နဲ့ ပတ်သက်ပြီး မိတ်ဆွေကောင်းပီသပုံ၊ ရွှေသမင် အပေါ် မှာ သူတို့မောင်နှမ နှစ်ယောက်ထားရှိတဲ့ သစ္စာတရားရဲ့ ထုထည်ကို သိစေချင်လို့ ထပ်ပြောချင် ပါသေးတယ်။ ဘုရားလောင်းကျော့ကွင်းမိတော့ ညီတော်စိတ္တရွှေသမင် သမင်အုပ်ထဲကနေ ဘုရား လောင်းထံပြန်လာတဲ့အခါ ဘုရားလောင်းက ညီတော်ကို ပြောလိုက်ပါတယ်။
ဧတေ ယူထာ ပတီယန္တိ၊ ဘီတာ မရဏာ စိတ္တက။
        ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ  တယာ သဟ။
ညီတော်စိတ္တက ဤသမင်အပေါင်းတို့သည် သေဘေးမှကြောက်သည်ဖြစ်၍ ပြေးသွားကုန်၏။ ငါ့ညီတော်သည်လည်း သွားလေလော့၊ နေခြင်းကို အလိုမရှိလင့်၊ သင်နှင့်တကွ ထိုသမင်အပေါင်းတို့ သည် အသက်မွေးရကုန်လတ္တံ့။
        ငါ့ညီ-သမင်တွေပြေးကုန်ကြတာ မင်းအမြင်ပဲ၊ သေမှာကြောက်လို့ပြေးကုန်ကြတာ။ မင်းမလာ ခဲ့နဲ့ ပြန်သွားချေ၊ ဒီမှာလာမနေချင်နဲ့သေလိမ့်မယ်။ငါ့အစားအဲဒီသမင်တွေကို မင်းကပဲဦးဆောင် စောင့်ရှောက်ပါလို့ ဘုရားလောင်းက ညီတော်စိတ္တသမင်ကို မှာတာဖြစ်ပါတယ်။
ဘေးအန္တရာယ်နဲ့တွေ့ကြုံပြီဆိုမှဖြင့် ကိုယ်မကယ်နိုင်တဲ့ ဒုက္ခသည်ကိုကယ်လည်း ဘာထူးမှာ လဲနော်၊ ကိုယ်သာ ဒုက္ခရောက်တာထူးတော့မှာပေါ့။ ကိုယ်မတက်နိုင်တာကို တွေးပူနေလို့ကော ဘာ အကျိုးရှိမှာလဲနော်၊ စိတ်ဆင်းရဲတာပဲ အဖတ်တင်တော့မှာပေါ့။ ဒါကြောင့်ဘုရားလောင်းက ပြန်လွှတ် တာဖြစ်ပါတယ်။ ဘုရားလောင်းမရှိတဲ့နောက်ပိုင်း ခေါင်းဆောင်မရှိတော့လို့ ဖရိုဖရဲဖြစ်ပြီး ကျန်နေခဲ့ မယ့် သမင်တွေအရေးကို တွေးမိပြီး ညီတော်စိတ္တကို ပြန်လွှတ်တာဖြစ်ပါတယ်။ နှမတော် သုတနာ ပြန်လာတော့လဲ ဘုရားလောင်းက ပြန်လွှတ်တာပါပဲ။
ဂစ္ဆ ဘီရု ပလာယဿု၊  ကူဋေ ဗန္ဓော သ္မိ  အာယသေ။
ဂစ္ဆ တုဝမ္ပိ မာကင်္ခိ၊ ဇီဝိဿန္တိ တယာ သဟ။
ကြောက်တတ်သောနှမတော်- သင်နှမတော်သည် သွားလေလော့၊ ပြေးလေလော့၊ သံတိုင်၌ဖွဲ့ ၍ မြဲမြန်ခိုင်ခံ့သော ကောက်ကျစ်စဉ်းလဲ လျှို့ဝှက်သောကျော့ကွင်း၌ ဖွဲ့မိသည်ဖြစ်၏။ သင်နှမသည် လည်း လျင်မြန်စွာပြေးသွားလေလော့၊ နေခြင်း၌ အလိုမရှိလင့်၊ ထိုသမင်အပေါင်းတို့သည် သင်နှင့် တကွ အသက်ရှင်ကုန်လတ္တံ။
"ကြောက်တတ်တဲ့ နှမငယ်လည်း အရဲစွန့်ကယ်ခဲ့ရှာ"
သုတနာသမင်မလေးက ကြောက်တတ်ပုံရပါတယ်။ ဒါကြောင့်  ကြောက်တတ်သော နှမတော် လို့ ခေါ်တာပေါ့။ မိန်းကလေးဆိုတော့ သွေးသံရဲရဲ ဘေးဆိုးကပ်ဆိုးတွေကို ဘယ်ကြည့်ရဲ မြင်ရဲပါ့မလဲ။ ကြောက်တတ်ပါလျက်နဲ့ ဘာလို့ပြန်လာရတာလဲ၊ ပြန်သွားပါ။ ဟိုမှာ ဖရိုဖရဲဖြစ်နေတဲ့ သမင်တွေကို ညီတော်စိတ္တနှင့်အတူ ထိန်းကျောင်းပါလို့ ဆိုလိုပါတယ်။ ကူဋော ဗန္ဓော သ္မိ အာယသေ=ငါ့မှာတော့ သံတိုင်၌ဖွဲ့၍ မြဲမြံခိုင်ခံ့သော ကောက်ကျစ်စဉ်းလဲလျှို့ဝှက်သော ကျော့ကွင်း၌ ဖွဲ့မိနေပြီတဲ့။ ဒီစကား ကိုထောက်ရင် အရေတွေ၊ အသားတွေ အကြောတွေပြတ်နေတော့ အတော်နာနာကျင်ကျင် ခံစား နေရပုံပေါ်ပါတယ်။ ဒါကြောင့်  နာနာကျည်းကျည်း ဒီစကားကိုပြောတာပေါ့။ ဘယ်မုဆိုးက သား ကောင်ကို ညှာတာနေနိုင်မှာလဲလေ။ ဒါကြောင့် မသိအောင် ကျော့ကွင်းကိုလျှို့ဝှက်ထောင် ရတာပေါ့၊ မလွတ်အောင် ကြိုးခိုင်ခိုင်နဲ့ ထောင်ရတာပေါ့၊ ကြိုးကိုကြည့်ရုံနဲ့ မုဆိုးရဲ့စိတ်ထားကို သိနိုင်ပါတယ်။ ကျော့ကွင်းမှန်သမျှ စဉ်းလဲကောက်ကျစ်မှုတွေ ပြည့်နေတာချည်းပါပဲ၊ ဘယ်ကျော့ကွင်းက ကောက် ကျစ်မှုကင်းလို့လဲ။ ဘုရားလောင်းက ညီတော်နှမတော်တို့ကို ပြန်လွှတ်တဲ့အခါ မောင်နှမ နှစ်ယောက် စလုံးက ဘုရားလောင်းကို ပြန်ပြောတဲ့ စကားလေးတွေကလည်း မှတ်သားဖို့ ကောင်းပါတယ်။
နာဟံ ရောဟဏ ဂစ္ဆာမိ၊ ဟဒယံ မေ အ၀ကဿတိ။
       နတံ  အဟံ ဇဟိဿာမိ၊ ဣဓ ဟိဿာမိ ဇိဝိတံ။
         နောင်တော်ရောဟဏရွှေသမင်မင်း အကျွန်ုပ်သည် မသွားပါအံ့၊ အကျွန်ုပ်၏ စိတ်နှလုံးသည် စိုးရိမ်ခြင်းဖြင့် ငင်၏။ အကျွန်ုပ်သည် သင်နောင်တော်ကို မစွန့်ပါအံ့။ ဤအရပ်၌ အသက်ကိုစွန့်ပါအံ့။
"သေလျှင် ရှင်ကျန်ရစ်မည့် ရာဇာဝင်အရှင်သခင်များ"
        အကျွန်ုပ်တို့ မပြန်ပါရစေနဲ့၊ အကျွန်ုပ်တို့ရင်ထဲမှာ သောကတွေပြည့်နေခဲ့ပါပြီ။ စိတ်နှလုံးဟာလဲ ပူလောင်ဆူပွက်လို့ နေပါပြီ၊ ဒီနေရာမှာပဲ သေချင်သေပါစေ၊ အသက်ကိုစွန့်ပါ့မယ်၊ နောင်တော် ကိုတော့ မစွန့်ပါရစေနဲ့တဲ့။ ထူးခြားတဲ့သူတွေဟာ သာမန်လူတွေနဲ့ မတူတဲ့အတွေးကို တွေးမိတတ်ကြ တယ်နော်၊ ခံယူချက်ချင်းလဲ သူများတကာတွေနဲ့ မတူတတ်ကြဘူး။ တန်ဖိုးထားခြင်း ကိုးကွယ်ခြင်းလဲ သူများတွေထက် ထူးခြားနေတတ်တယ်။ သာမန်လူတွေက အကြင်နာမဲ့စွာနဲ့မိတ်ဆွေကို ပစ်ထားခဲ့ပြီး အဓိပ္ပါယ်မဲ့တဲ့ အသက်ရှင်သန်ခြင်းကို တန်ဖိုးထားကြတယ်။ သမင်မောင်နှမကတော့ အသက်ထက် သစ္စာတရားကို တန်ဖိုးထားတယ်။ မိတ်ကောင်းဆွေကောင်း ခေါင်းဆောင်ကောင်းကို စွန့်ပစ်ခဲ့ပြီး သစ္စာမဲ့တဲ့ ရှင်သန်ခြင်းမျိုးကို သူတို့မလိုလားကြဘူး။ သူတို့က သစ္စာတရားကို ကိုးကွယ်ကြတယ်။ သာမန်လူတွေက အသက်နဲ့ခန္ဓာကိုယ်ကို ကိုးကွယ်ကြတယ်။ သစ္စာမဲ့တဲ့ဘ၀ဟာ ရှင်လျက်သေနေ ကြတဲ့ လူပြိတ္တာတွေဖြစ်တယ်။ သစ္စာတရားကို ကိုးကွယ်ရင်း သေရတဲ့ဘ၀ဟာ သေလျက်ရှင်သန်နေ ရှင်ကျန်နေမယ့် သမိုင်းကောင်း(Role Mordal)တစ်ခု ဖြစ်တယ်လို့ သူတို့က ယုံကြည်ထားကြတာ ဆိုတော့ ဘုရားလောင်းကို ဘယ်စွန့်ရက်ရဲပါ့မလဲ။
"လောကမှာ အရေးအကြီးဆုံးအရာ"
ညီတော်နှမတော်တို့ကို ဒီပုံစံနဲ့ ကိုင်တွယ်လို့မရတဲ့အခါ ဘုရားလောင်းက မိဘနှစ်ပါးနဲ့ ခြိမ်းခြောက်လိုက်ပါတယ်။ "တေ ဟိ နူန မရိဿန္တိ၊ အန္ဓာ အပရိဏာယကာ= မျက်စိမမြင်ကုန်သော ကြည့်ရှုစောင်မသူ မရှိကြကုန်သော မိဘနှစ်ပါး သေကုန်ကြလိမ့်မယ်၊ မင်းတို့ပြန်ကြပါ။" ဒီလိုမိဘ နှစ်ပါးနဲ့ကိုင်လှုပ်တာတောင် သမင်မောင်နှမဟာ လုံးဝမပြန်ဘဲ ဘုရားလောင်းကို အသက်တွေ ပုံအပ် ထားကြတယ်။ လောကမှာဘာအရေးကြီးဆုံးလဲဆိုတာ ရွှေသမင်မောင်နှမက သက်သေပြလိုက် တာပါ။ လောကမှာ အရေးအကြီးဆုံးအရာဟာ အခြွေအရံတွေလား၊ (အခြွေအရံတွေ ပြေးကြပြီလေ) စည်းစိမ်ဥစ္စာတွေလား၊ ရာထူးအာဏာတွေလား၊ ဘုန်းတန်ခိုးကြီးခြင်း ထင်ပေါ်ကျော်ကြားခြင်းလား၊ ဒါတွေအားလုံးထက် မိတ်ဆွေကောင်းဟာ အရေးအကြီးဆုံးဆိုတာ ပိုပြီးပေါ်လွင်လှပါတယ်။
"သာပေါင်းညာစားတို့၏ နာမောင်းခွါသွားမှုကို ရှက်မိသူ"
မုဆိုးဟာ သမင်ထိုးလှံကို ကိုင်ပြီး ပြေးလာတော့ ထူးထူးဆန်းဆန်း မြင်လိုက်ရတဲ့အခါ တအံ့တသြနဲ့ပြောဆိုမိပါတယ်။ "ရွှေသမင်မင်းကို ကျော့ကွင်း၌ ဖွဲ့မိ၏။ ဤနှစ်ယောက်ကုန်သော သူတို့ကား ဟိရီသြတ္တပ္ပဖွဲ့ခြင်းဖြင့်ဖွဲ့မိ၏"ဆိုတဲ့စကားဟာ သိပ်တန်ဖိုးရှိပါတယ်။ အရှက်တရားဆိုတာ ဟာလဲရှက်တတ်မှရှက်စရာရှိတာပါ။ မရှက်တတ်ရင်ရှက်စရာမတွေ့ပါဘူး။ ရွှေသမင်မင်း ကောင်းစား တုန်းက ဆွေမျိုးတော်စပ်သူတွေ၊ မိတ်ဆွေတော်စပ်သူတွေ၊ တပည့်တော်စပ်သူတွေ၊ ခယ၀ပ်တွား သူတွေ အများကြီးရှိခဲ့မှာပေါ့။ ခုချိန်မှာတော့ သူတို့မရှိကြတော့ဘူး မဟုတ်လား။ ခုချိန်မှာဆွေမျိုး မတော်ကြတော့ဘူးလား၊ မိတ်ဆွေမတော်ကြတော့ဘူးလား၊ တပည့်မတော်ကြတော့ဘူးလား-လို့ မေးလိုက်ချင်စရာပဲနော်။ မောင်နှမနှစ်ယောက်ကတော့ အဲဒီလိုမဟုတ်ပါဘူး၊ အသာစံချိန်က မောင် နှမဟာ အနာခံချိန်မှာလဲ မောင်နှမပါပဲ။ သူတို့ရဲ့တော်စပ်မှုက ဂုဏ်ယူလို ၀င့်ကြွားလိုလို့ တော်စပ် ကြတဲ့ အပေါ်ယံတော်စပ်မှုမျိုး မဟုတ်ကြပါဘူး။ တကယ့်ကို သွေးနဲ့သားနဲ့ ပေါင်းစပ်ထားတဲ့ အတွင်းသားတော်စပ်မှုမျိုးဖြစ်ပါတယ်။ ဒါကြောင့် သာပေါင်းညာစားတာတို့  နာမောင်းခွာသွားတာတို့-စတဲ့ ဟန်မူရာတွေ ဂုဏ်ပကာသနတွေ မပါဝင်ကြတာပေါ့။
သူတော်ကောင်းစိတ်နဲ့ တွေးကြည့်ရင် တကယ်ရှက်စရာကြီးနော်၊ ရာထူးရှိလို့ ပေါင်းတယ်၊ ရာထူးကျတော့ ခွာတယ်။ လိုအပ်တော့လာတယ်၊ မလိုအပ်တော့ ထားရစ်ခဲ့တယ်၊ အသုံးချချင်လို့ ဆွေမျိုးတော်စပ်ကြတယ်။ အသုံးချပြီးလို့ ဆွေမျိုးပြတ်စဲကြတယ်။ ဒါတွေဟာ တကယ့်ရှက်စရာတွေ ပေါ့။ ဒါကို ရည်ရွယ်ပြီး မုဆိုးကြီးက ဟိရီသြတ္တပ္ပဖွဲ့ခြင်းဖြင့် ဖွဲ့မိ၏-လို့ ပြောတာဖြစ်ပါတယ်။
ဘုန်းဘုန်းတုန်းကလဲ ဆွေမျိုးတော်စပ်သူတွေ၊ တပည့်တော်စပ်သူတွေ၊ ဆရာတင်မြှောက်ကြ သူတွေ၊ ခယ၀ပ်တွားသူတွေဟာ အလျှိုလျှိုနဲ့ ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်ကြပါတယ်။ အဲဒီအချိန်မှာ တကယ်ဆွေမျိုးတော်စပ်သူတွေ၊ တကယ်ကျေးဇူးရှိတဲ့ သူတွေကတောင် ဆွေမျိုး တော်ရမှာ ပတ်သက်ရမှာ ကြောက်နေလို့ ရေငုံနှုတ်ပိတ်နေကြတာကိုတောင်တွေ့ခဲ့ရတယ်။ အဲဒီ အထဲမှာမှ ထူးခြားတဲ့ညီတော်စိတ္တတွေ၊ နှမတော် သုတနာတွေကိုလဲ တွေ့ရပါသေးတယ်။ ဘုန်းဘုန်း နဲ့ တော်စပ်ဖို့၊ ပတ်သက်ဖို့ ကြောက်နေတဲ့အချိန်မှာ ဒကာမကြီးဟာ ရဲရဲဝံ့ဝံ့နဲ့ အရာရာအား လုံးကို ရင်ဆိုင်ခဲ့တယ်။ တိုက်ရိုက်ပြောင်ပြောပြီး ၀င်တွေ့တယ်။ သူများတွေ ဘုန်းဘုန်းဓာတ်ပုံတွေကို ဖြုတ် ချပြီး ၀ှက်ထားချိန်မှာ ဒကာမကြီးဟာ ဘုန်းဘုန်းဓာတ်ပုံကို ပုံကြီးချဲ့ကာ ရဲရဲတင်းတင်း ကိုးကွယ် ရဲခဲ့တယ်။ ဒါတွေဟာ မိတ်ဆွေကောင်းတို့ရဲ့ သရုပ်သကန်ဖြစ်ပါတယ်။
"လောကပါလ သားကောင်းများ"
ထောင်ထဲမှာ ဟိရီသြတ္တပ္ပနဲ့ အကျဉ်းကျတဲ့သူတွေလည်းရှိပါတယ်။ ဒါမပြောနဲ့ဆို ပြောတယ်။ ပြောလို့ ထောင်ကျတယ်၊ ဒါမရေးနဲ့ဆို ရေးတယ်၊ ရေးလို့ထောင်ကျတယ်။  ဒါမလုပ်နဲ့ဆို လုပ်၊ ဒီမသွားနဲ့ဆို သွား - စသည်ဖြင့် တားမြစ်တာတွေကို ကျူးလွန်လို့ ကျရတဲ့သူတွေဖြစ်ပါတယ်။ သူတို့ ဘတ်ကကြည့်ရင်လည်း ဒါတွေကို သိထားတယ်။ သိလျက်နဲ့ ရေငုံနှုတ်ပိတ်နေရမယ်ဆိုရင် ဒါ သမိုင်း ကို သစ္စာဖောက်ရာ ရောက်သွားပြီ။ ဒါကိုစွမ်းနိုင်တယ်၊ စွမ်းနိုင်လျက်နဲ့ မလုပ်ဘဲနေမယ်ဆိုရင် ဓမ္မကို သစ္စာဖောက်ရာရောက်သွားပြီ။ ဒါရေးတတ်တယ်၊ ရေးတတ်လျက်နဲ့ မရေးဘဲနေရင် ထမင်းရှင်ကို သစ္စာဖောက်ရာရောက်သွားပြီ။ ဒီတော့ သူတို့ဟာ သမိုင်းရဲ့ တရားခံအဖြစ်မခံချင်၊ အမျိုးသား သစ္စာဖောက် အဖြစ်မခံချင်၊ ထမင်းရှင်ကို နွံမနှစ်ချင်၊ သမိုင်းကို သစ္စာမဖောက်ချင်ကြလို့ ဟိရီ သြတ္တပ္ပအတွက် ယုံကြည်ချက်အတွက်၊ ဓမ္မအတွက် ထောင်ကျခဲ့ကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေ ဟာ စိတ္တသမင်တွေ၊ သုတနာသမင်တွေပေါ့။
"အသက်ရှင်ဖို့ ထမင်းစားသူနှင့် ထမင်းစားဖို့ အသက်ရှင်နေသူများ"
နောက်တစ်ခု ပြောချင်တာကတော့ မုဆိုးကြီး၏ သတ္တိပါ။ မုဆိုးကြီးဟာ ညီတော်စိတ္တ သမင်ထံမှ ရွှေသမင်မင်းရဲ့ ဂုဏ်ကျေးဇူးကို ကြားလိုက်ရတဲ့အခါ အခုလိုတွေးမိပါတယ်။ "မင်းကြီးက ချီးမြှင့်မယ့် စည်းစိမ်ဥစ္စာ ငါ့အတွက် ဘာအကျိုးရှိမှာလဲ၊ ငါဟာ ရွှေသမင်ကို သတ်လိုက်ရင် မြေမျိုခံရ ရင်လည်း ခံရမယ်၊ မိုးကြိုးပစ်ခံရရင်လည်း ခံရမယ်၊ ခုပဲ ရွှေသမင်ကို လွှတ်လိုက်မယ်"တဲ့။
မုဆိုးဟာ ဘုရင့်အမိန့်နဲ့ ဘုရင်ကတာဝန်ပေးလို့ သမင်ဖမ်းရသူ၊ သမင်ရလျှင် ဆုလာဘ် အများကြီးရမယ့်သူ ဖြစ်ပါတယ်။ မုဆိုးဟာ ပါရမီဓာတ်ခံပါသူ  ဖြစ်လေတော့ မင်းမိန့်ကို တော်လှန် ပစ်လိုက်ပါတယ်။ ဆုလာဘ်တွေကို စွန့်လွှတ်ပစ်လိုက်ပါတယ်။ လူတွေဟာ  ကိုယ်ကောင်း စားဖို့၊ ကိုယ်ချမ်းသာဖို့၊ ကိုယ်ထမင်းနပ်မှန်နေဖို့အတွက် ဘာကိုပဲလုပ်ရလုပ်ရဆိုတဲ့ လူတွေများ ပါတယ်။ အဲဒီလူတွေဟာ ငရဲနဲ့အာဏာ၊ ၀ဋ်ကြွေးနဲ့ဆုလာဘ်၊ အကုသိုလ်နဲ့ အရာအထူးတွေကို "တည့်"ချင်း လဲလိုတဲ့သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သူတွေ၊ လောကရဲ့ အလှကိုဖျက်ဆီး ကြတဲ့သူတွေ၊ လောကကို အကျည်းတန်စေတဲ့သူတွေ၊ လောကရဲ့ အမှိုက်သရိုက်တွေသာ ဖြစ်ပါ တယ်။ မုဆိုးကတော့ ဆုလာဘ်ကို အကုသိုလ်နဲ့ "တည့်"ချင်းမလဲနိုင်သူ၊ ငါကောင်းစား ရေးအတွက် သူ့အသက်ကို မစတေးနိုင်သူဖြစ်ပါတယ်။
"မုဆိုးချေးတွေ ကျွေးကြစေ"
တကယ်တမ်းကျတော့လဲ  မုဆိုးလို ဆုံးဖြတ်ချက်မှန်ဖို့ဆိုတာ စွန့်လွှတ်ရဲမှ အနစ်နာခံရဲမှ ရင်ဆိုင်ရဲမှ သတ္တိရှိမှ ဖြစ်နိုင်တာပါ။ တစ်အချက်- မုဆိုးဟာ ဥစ္စာစည်းစိမ်ကို စွန့်လွှတ်ရပါမယ်။ နှစ်အချက်- မင်းကပေးတဲ့ ပြစ်ဒဏ်ကို ခေါင်းနှင့်ခံရပါတော့မယ်။ နှစ်ချက်စလုံးကို မုဆိုးကရွေးချယ် သွားတာပါ။ ဒီလို သူတော်ကောင်းတွေကို ငါမသတ်ရဲဘူး၊ ငါမသတ်နိုင်ဘူး။ ဆုလာဘ်ကို မျှော်ကိုးပြီး သတ်ရင် မြေမျိုခံရမှာ၊ မိုးကြိုးပစ်ခံရမှာ၊ အပါယ်သွားရမှာ ဆိုတဲ့အတွေးကို သူတော်ကောင်းမဟုတ် သူတွေက တွေးနိုင်ပါ့မလား။ သူတော်ကောင်းဓာတ်ခံ ပါရမီဓာတ်ခံရှိလို့မုဆိုးဟာ ဒီလိုတွေးမိတာပေါ့။ မုဆိုးကို ကြည့်ပြီး တာဝန်အရဆိုပြီး ဘုန်းကြီးတွေကို လက်ထိပ်ခတ်တဲ့သူတွေ၊ ညှဉ်းပမ်းနှိပ်စက် သူတွေ၊ ဓားမပါ လက်နက်မပါတဲ့ အပြစ်မဲ့သံဃာတွေကို ပစ်မိန့်ပေးသူတွေ၊ ပစ်လည်းပစ်ရဲတဲ့ သူတွေကို သတိရလိုက်မိပါတယ်။ သူတို့တတွေဟာ တဒင်္ဂ ရာထူးအာဏာအတွက် အပါယ်ငရဲကို လက်ယက်ခေါ်ခဲ့ကြသူတွေပါ၊ ရာထူးနဲ့ငရဲကို အလိုက်ပေး လဲတာမျိုး မဟုတ်ဘဲ "တည့်"ချင်းလဲ ကြသူတွေသာ ဖြစ်ပါတယ်။
မုဆိုးကတော့ အသက်ကို အသက်ချင်းလဲပြီး သူ့အသက်ကို ရင်းနှီးခဲ့ရပါပြီ။ ဆုလာဘ်နဲ့ ပြစ်ဒဏ်ကိုလည်း လဲယူလိုက်ပါပြီ။ ရွှေသမင်ရဲ့အသက်ကိုလွှတ်ရင် သူအသတ်ခံရမယ်၊ ရွှေသမင် ဖမ်းမိလျက် လွှတ်လိုက်တာသိရင် ဆုလာဘ်တွေမရတော့ဘဲ အပြစ်ပေးခံရပါတော့မယ်။ ဒါကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြသွားတဲ့မုဆိုးကို ဘုန်းဘုန်းက အကြည်ညိုဆုံးပါပဲ။ လူမိုက်တွေကတော့ မြေမျိုတာနောက်မှ မိုးကြိုးပစ်ခံရတာနောက်မှ အပါယ်ငရဲဆိုတာနောက်မှ အခုစည်းစိမ်ခံရတယ်၊ အခုချမ်းသာမယ်၊ နောင်ခါလာ နောင်ခါဈေးဆိုပြီး ရွှေသမင်ကို သတ်ကြမှာ အမှန်ပဲနော်၊ မုဆိုးကြီးကတော့ မြေမျိုလည်း မခံနိုင်၊ မိုးကြိုးပစ်လည်းမခံနိုင်၊ အပါယ်ငရဲလည်း အကျမခံနိုင်တော့ ဆုလာဘ်တွေ စည်းစိမ်ဥစ္စာ တွေကို မမက်မောတော့ဘူးပေါ့။ တကယ်တော့လည်း လူ့ဘ၀ဆိုတာက ဓားသွားထက်က ပျားရည် စက်လို ချိုမြိန်တာကနည်းနည်း အန္တရာယ်ကများများ ဖြစ်နေတာပါပဲ။
         မုဆိုးဟာ ရွှေသမင်မင်းက သူ့ကို နန်းတော်ခေါ်သွားဖို့ ပြောတာတောင် လက်မခံနိုင်တော့ဘူး။ မင်းဆိုတာပြောလို့မရဘူးလေ၊အခုပဲတရားနာဖို့ ဖမ်းခိုင်းပြီး ငါပြန်မလွှတ်တော့ဘူးဆို ဘယ်နှယ့် လုပ်မလဲ၊ ခဏဆိုပြီး တသက်လုံးနေခဲ့ရသူတွေ အစည်းအဝေးဆိုပြီး ထောင်ထဲရောက် သွားရတဲ့ သူတွေလည်းရှိတော့ မုဆိုးက မယုံရဲတော့ဘူးပေါ့။ ရွှေသမင်မင်းရဲ့ ကံကြမ္မာဟာ မုဆိုးအပေါ်မှာ တည်သလို မုဆိုးရဲ့ကံကြမ္မာဟာလည်း ရှင်ဘုရင်လက်ထဲမှာ ရှိနေပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ မပိုင်လေတော့ သမင်မင်းကိုလည်းမခေါ်ရဲဘူးပေါ့။ လွတ်လွတ်ကျွတ်ကျွတ်ကြီးကို စွန့်လွှတ်ပြီး ရဲရဲဝံ့ဝံ့  ရင်ဆိုင်သွားတဲ့ မုဆိုးကြီးလို တာဝန်အရ- ဆိုသူတွေ သတ္တိရှိကြရင်၊ ပေးဆပ်ဝံ့ကြရင်၊ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားသိကြရင်၊ တစ်ဘ၀စာ ကောင်းစားရေးနဲ့ သံသရာကောင်းစားရေးကို ခွဲခြားသိ ကြရင်၊ တစ်ဘ၀ တစ်နပ်စာအတွက် သံသရာဆင်းရဲမှာကို မလုပ်ရဲကြရင်၊ မုဆိုးကြီးလို စွန့်ရက်ရဲ ကြရင်၊ ပေးဆပ်ရဲကြရင်၊ ရင်ဆိုင်ရဲကြရင်၊ ဘယ်လောက်များ ကောင်းလိုက်မလဲလို့ တွေးမိပါ သေးတယ်…..။
                                                ၁၃၆၈-ခု၊ ဝါဆိုလဆန်း(၁၀)ရက် (4-7-2006)
                                                မန္တလေး၊ ဗဟိုအကျဉ်းထောင်မှာ၊ ရေးသားသည်


No comments:

Post a Comment