Sunday, 4 November 2012



ညီမလေးဖတ်ဖို့-၉

ညီမလေးရေ -- နေလို့မှ ကောင်းရဲ့လား ညီမလေးဆီ စာလည်းမရေးဖြစ်တာအခုဆို
လပေါင်းများစွာကြာခဲ့ပြီပေါ့ ။ အလုပ်တွေက တစ်ဖက် ၀ါသနာပါတဲ့
စာပေခရီးကတစ်ဖက် နဲ့ တို့တွေ ခရီးတွေသွားနေလိုက်ကြတာ ။ သူများတွေကတော့
ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုလုပ်တဲ့နေရာမှာ ပန်းတိုင် ဆိုတာ ထားကြတယ်
ညီမလေးရေ ။ အကိုကတော့ ဒီလိုမဟုတ်ပါဘူး ။ ကိုယ့်မှာ Limit ဆိုတဲ့
ဒီလောက်ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိဘူးလေ ။ အကိုဟာ သွားနိုင်သမျှ
သွားမယ် ရောက်နိုင်သမျှ ရောက်အောင်သွားမယ် ရိုးရိုးလေးပါပဲ ။ ဒီတစ်ခေါက်
ညီမလေးအတွက်ရေးပေးတဲ့စာမှာတော့ ညီမလေးအတွက် အသုံးဝင်မယ် ထင်တဲ့အချက်အ
လက်လေးတွေ ကို တတ်နိုင်သမျှ စီရီလို့ စာတစ်ပုဒ်အဖြစ်ချရေးပေးလိုက်ပါတယ် ။
အခုရက်ပိုင်း မိုးကလည်း အရမ်း ကို သည်းနေတာပေါ့ ညီမလေးရယ် ။

ညီမလေးရေ မင်းရဲ့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ကြင်ကြင်နာနာဆက်ဆံပေးပါ ။
ဘာကြောင့်လည်းဆိုတော့ သူတို့ဘာလို့ မင်းနဲ့ မိတ်ဆွေဖြစ်ရသလဲ မင်းနဲ့
ရန်သူဖြစ်ရသလဲဆိုတဲ့ အချက်အလက်တွေအကုန်လုံးကို
မင်းမသိနိုင်တဲ့အတွက်ဖြစ်တယ် ။ တခါတလေ မင်းမှန်တယ်လို့
ကိုယ့်ဖက်ကနေထင်နေတဲ့အရာတွေဟာ သူတပါးဖက်ကကြည့်ရင်တော့
မှားနေတတ်တယ်မဟုတ်လား ။ ဒါကြောင့် လူဆိုတာ ကိုယ့်ဖက်က တစ်ဖက်
တည်းဘယ်တော့မှ မကြည့်ရဘူးလို့ ဆိုခဲ့ကြတာပေါ့ ။

ညီမလေးရေ ဘ၀ဆိုတာ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့
ခရီးရှည်ကြီးတစ်ခုပေါ့ ။ အဲဒီခရီးရှည်ကြီးထဲ ကိုယ်တစ်ယောက် တည်းစ
တင်လျှောက်လှမ်းတော့မယ်ဆိုတာနဲ့ ဆင်းရဲဒုက္ခတွေ ၀မ်းနည်းကြေကွဲ စရာတွေ
လည်းမ လွဲမသေ ကြုံတွေ့လာရလိမ့်မယ် ။ ဒါတင်ဘယ်ကလိမ့်မလဲ
သူနိုင်ကိုယ်နိုင်အပြိုင်ကြဲရတဲ့ တိုက်ပွဲတွေ လည်း မင်းဆင်နွှဲရလိမ့်မယ် ။
အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ဘ၀ခရီးရှည်ကို လျှောက်လှမ်းဖို့အတွက် ညီမလေးမှာ
ယုံကြည်မှု တွေ မေတ္တာတရားတွေ ခံနိုင်ရည်ရှိမှုတွေနဲ့ တွေးတောနားလည်နိုင်မှု
ဆင်ခြင်သုံးသပ်နိုင်မှုတွေ အများကြီးလိုအပ်တယ်မဟုတ်လား ။

ညီမလေးရေ လောကမှာ သိသင့်သိထိုက်တဲ့အရာတွေကို သိနေရအောင် ကြိုးစားရမယ် ။
လောကကြီးကနေ သင်ကြားပေးနေ တဲ့ သင်ခါးစာတွေကို ခါးသီးသည်ဖြစ်စေ
ချိုမြိန်သည်ဖြစ်စေ ခံယူနိုင်စွမ်းရှိနေရမယ် ။ ညီမလေးသိထား ဖို့ကတော့
လောကကြီးမှာ လူတိုင်းဟာ သမာ သမတ် မကျနိုင်ဘူးဆိုတာပါပဲ ။
မှန်ကန်တဲ့အတိုင်း လုပ်နေတဲ့သူတွေရှိသလို မမှန်မကန်ပဲ လုပ်နေတဲ့
လူမှားတွေလည်း အများကြီးရှိသေး တယ်ဆို တာ ညီမလေးသိဖို့လိုတယ် ။ ညီမလေးရေ
ဒါတင်ဘယ်ကလိမ့်မလဲ လောကကြီးက သိပ်ကို
အံဝင်ခွင်ကျဖြစ်အောင်ဖန်တီးပေးနိုင်တယ် ။ လောကထဲမှာ
လူဆိုးတစ်ယောက်ရှိအောင် လူစွမ်းကောင်း တစ်ယောက်ရှိတယ် ။ ကောက်ကျစ်တဲ့
ခေါင်းဆောင် တစ်ယောက်ရှိရင် လေးစားအ တုယူကြည်ညိုရ တဲ့ခေါင်းဆောင်ကောင်း
လည်းရှိတယ် ။ ညီမလေးသိထားဖို့က ကိုယ့်ကို ဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိ
တိုင်းမှာ ကိုယ့်ကို ကူညီစောင့်ရှောက်ပေးမယ့်
မိတ်ဆွေတစ်ယောက်တော့အနည်းဆုံးရှိတယ်ဆိုတာပါပဲ ။

ညီမလေးရေ ဘ၀ကို ဖြတ်သန်းတဲ့အခါ ကိုယ်အလကားရတဲ့ ပိုက်ဆံ တစ်ထောင်ထက်
ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင်ရှာတဲ့ငွေတစ်ရာက
ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ မှတ်ထားပါ ။ လောကမှာ ဖြစ်ပျက်သမျှ အဆိုးတွေ
အရှုံးတွေကို အပြုံးမပျက်ပဲ ညီမလေး ခံယူတတ်မှသာ ကိုယ်အောင်မြင်တဲ့အချိန်
မှာ ပျော်ရွှင်မှု အစစ်ဆိုတာ ဘာလဲဆိုတာ မင်းသိလာပါလိမ့်မယ် ။ ညီမလေးရေ
လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မနာလို ၀န်တိုစိတ် မစ္ဆေရ စိတ်တွေ
ကင်းနေမှ သူတပါးရဲ့အဆင်ပြေမှု အောင်မြင်မှုကို မုဒိတာ ပွားနိုင်မှ
ကိုယ့်စိတ်ဟာ ဖြူစင်အေးချမ်းနေမယ် ။ ကိုယ်ဘာပဲလုပ်လုပ် မအောင်မြင်မှုနဲ့
ရှုံးနိမ့်မှုတွေကြုံလာရတဲ့အခါ အရှုံးဒါဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်လို့
အောင်မြင်တဲ့အထိရောက်အောင် ဆက်လက်ကြိုးစားရမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှုကို
ညီမလေးရဲ့ စိတ်နှလုံးသားထဲမှာ မွေးမြူထားပါ ။ နောက်ထပ်သိထားဖို့ကတော့
ညီမလေးဟာ မှန် လို ကျင့်ကြံနိုင်ရင်အကောင်းဆုံးပါပဲ ။
သိမ်မွေ့ယဉ်ကျေးသူနဲ့တွေ့တဲ့အခါ သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး
မာကျောခက်ထန်သူနဲ့တွေ့တဲ့အခါ ကိုယ်လည်း မာကျောနေဖို့လိုတယ် ။

ညီမလေးရေ လောကကြီးထဲမှာ ဘာကိုပဲလုပ်လုပ်
အများလုပ်တိုင်းလိုက်မလုပ်မိပါစေနဲ့ ။ ကိုယ့်ဆုံးဖြတ်ချက်ကို
ကိုယ်ကိုယ်တိုင်ယုံကြည်လို့ သူများစကားတွေကိုလည်းနားစွင့်လို့
အမှန်နဲ့အမှား အကောင်းနဲ့အဆိုး အကျိုးနဲ့ အကြောင်း ကို
ညီမလေးခွဲခြားချင့်ချိန်တတ်ဖို့လိုတယ် ။ ကိုယ်မျက်ရည်ကျတာဟာ ရှက်စရာမဟုတ်
ဘူးညီမလေး ဒါပေမယ့် ရှုံးနိမ့်တဲ့အခါမှာလည်းကိုယ်ဟာ
ကျက်သရေရှိနေဖို့တော့လိုတယ် ။ အရှုံးထဲ ကနေ ပြန်မထနိုင်ပဲ အရှုံးကို
လက်ခံလိုက်ရခြင်းသာ ညီမလေးအတွက်တကယ့် ဆုံးရှုံးမှုကြီးဖြစ်တယ် ။
ကိုယ့်နောက် ကွယ် မှာ ကိုယ့်အတင်းကိုပြောတတ်တဲ့သူတွေ
ကိုယ့်မကောင်းကြောင်အမြဲ ကုန်းချော ပြောနေတဲ့ သူတွေကို
ဂရုစိုက်ဖို့မလိုပါဘူးညီမလေးရေ ညီမလေးအနေနဲ့ စကားကို အရမ်းချိုချိုသာ သာ
ပြောတတ် တဲ့သူတွေနဲ့တွေ့ရင်သာ သတိထားဖို့လိုတယ် ။
စကားချိုလွန်းတဲ့သူတွေရဲ့ စိတ်အတွင်းသဏ္ဍာန် မှာ ကောက် ကျစ် မှုတွေနဲ့သာ
များသောအားဖြင့် ပြည့်နေတတ်ကြတယ် ။ ညီမလေးရေ ကိုယ့်ရဲ့ ဦးနှောက် က
တွေးတောနိုင် မှု စွမ်းရည်ကို ကြေးအမြင့်ဆုံးပေးတဲ့သူထံသာ ရောင်းချပါ ။
ဒါပေမယ့် ညီမလေးရဲ့နှလုံးသား ကိုတော့ ဘယ်တော့မှ
ဈေးနှုန်းမသတ်မှတ်လိုက်ပါနဲ့ ။ လောကကြီးမှာ နှလုံးသား ၀ိဥာဉ်ကို
သတ်မှတ်လောက်နိုင် တဲ့ ငွေကြေးသတ်မှတ်ချက် စံ ဆိုတာမရှိဘူး ။

ညီမလေးရေ ဘယ်တော့မှ ကိုယ့်ကိုယ်ကို သူတပါးနဲ့ မနှိုင်းယှဉ်ပါနဲ့ ။
လောကကြီးမှာ အမြဲ ပဲ ကိုယ့်ထက် သာတဲ့သူ တွေရှိသလို အမြဲပဲ
နိမ့်ကျနေတဲ့သူတွေဆိုတာရှိတယ် ။ အဓိက ကိုယ်ယှဉ်ပြိုင်ရမှာက
ကိုယ့်ကိုယ်ကို ပဲဖြစ်တယ် ။ ကိုယ်အရင်က ကြိုးစားထားတဲ့ စံချိန်တွေထက်
လာမယ့် ရက်တွေမှာ ချိုးနိုင်အောင် ကိုယ့်အရည်အ ချင်းကိုပဲ ကိုယ်
ယှဉ်ပြိုင်ကြိုးစားရမှာဖြစ်တယ် ။ လောကကြီးမှာ တချို့သောကိစ္စတွေဟာ
အလောင်းအစား လုပ်ရတဲ့အရာမျိုးနဲ့ဆင်တူတယ် ။ ကိုယ့်ဖက်က နိုင်တဲ့အခါ
ရှုံးတဲ့အခါရှိသလို ကိုယ်ကစားရမယ့်အလှည့်ကို သူများကို
ပေးကစားရတာတွေလည်းကြုံရလိမ့်မယ် ။ ညီမလေးရေ မီးဒါဏ်ကို နာနာ ခံနိုင်မှသာ
သံမဏိကောင်း ကို ရနိုင်ပါတယ် ။ ကိုယ့်မှာ အမြဲ ကိုယ့်ကိုယ်ကို
ယုံကြည်တဲ့စိတ်ကို မွေးမြူလေ့ကျင်ဖို့လိုသလို ကိုယ်နာကျင်ရတဲ့အခါ မှာ
ကိုယ့်မျက်ရည်တွေကို ခွန်အားအဖြစ်ပြောင်းလဲပစ်ဖို့လည်း မှာလိုက်ပါရစေ ။

ညီမလေးရေ စာတွေဖတ်ရလို့ ငြီးငွေ့နေပြီလား ။ မှတ်သားသင့်တဲ့အရာကို မှတ်သား
၊ လိုက်နာသင့်တဲ့ အရာကိုတော့ လိုက်နာလို့ လောကကြီးမှာ အရည်အချင်းရှိတဲ့
လူ ပီသတဲ့လူသားတစ်ယောက် အဖြစ် နေ ထိုင်ကျင့်ကြံ ရင်း အမျိုးဘာသာ သာသနာကို
စောင့်ရှောက်နိုင်တဲ့ အမျိုးသမီးလေး တစ်ဦးဖြစ်ပါစေလို့ ဆုတောင်းပေးရင်း
အဆုံးသတ်လိုက်ပါတယ် ။ အကို။



သက်တန့်ချို

No comments:

Post a Comment