Thursday, 1 November 2012




ဆိုမာလီယာနိုင်ငံမှ လူမှုကယ်ဆယ်ရေး စွမ်းဆောင်ရှင် နှလုံးလှ ဆရာဝန် မွတ်စလင် သားအမိများ

Dr_deco_mohamed








ဆိုမာလီယာ (Somalia) နိုင်ငံသူ အမျိုးသမီး အသက် ၆၃ နှစ်အရွယ်  ဒေါက်တာဟာဝါအက်ဘ်ဒီ (Hawa Abdi) ဟာ အမေရိကန် အခြေဆိုက် လူမှုကူညီရေး အဖွဲ့တစ်ခု ဖြစ်တဲ့ American Friends Service Committee (AFSC) က  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) အတွက် ပဏာမ ရွေးချယ်ခံထားရသူ (Nominee) တစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း European Union (EU) က ၂၀၁၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိသွားခဲ့ပါတယ်။

 

နိုဘယ်ဆုနဲ့ လွဲခဲ့ရပေမဲ့ ဒေါက်တာ ဟာဝါအက်ဘ်ဒီ (Hawa Abdi) ဟာ အမေရိကန် နိုင်ငံ ဂျွန်ဂျေး ကောလိပ် (John Jay College) က ၂၀၁၂ ခုနှစ်အတွက် ပေးအပ်တဲ့ တရားမျှတမှုဆု (Justice Award) ကို ချီးမြင့်ခြင်း ခံခဲ့ရပါတယ်။ ကိုယ်ပိုင် ဆေးရုံဖွင့်ပြီး ဆိုမာလီယာ ပြည်တွင်းစစ်ဒဏ် ခံစားနေရတဲ့ ဒုက္ခသည် တွေကို နှစ်ပေါင်းများစွာ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေ ပြုလုပ်ပေးနေတဲ့ သူမရဲ့ မွန်မြတ်တဲ့ လုပ်ဆောင်မှုတွေကြောင့် ဒီလို ဂုဏ်ပြုခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သူမမှာ ဆရာဝန် သမီး နှစ်ဦး လည်းရှိနေပါပြီ။ သူမရဲ့ သမီးတစ်ဦး ဖြစ်သူ နယူးယောက်မြို့ကို ရောက်ရှိနေတဲ့ ဒေါက်တာ ဒီကိုမိုဟာမက် (Dr. Deqo Mohamed)က ဒီ တရားမျှတမှုဆု (Justice Award) ကို တက်ရောက် ရယူပေးခဲ့ပါတယ်။

 

ဒေါက်တာ ဒီကိုမိုဟာမက် နဲ့ သူ့ညီမဟာ သူတို့ မိခင် တည်ထောင်ထားတဲ့ ဆေးရုံနဲ့ ဒုက္ခသည် စခန်းတွေမှာ ကူညီကယ်ဆယ်မှု လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်က အသေးစား ဆေးကုခန်းလေးအဖြစ် စတင်ခဲ့ပြီး အခုအခါမှာတော့ ဆေးရုံ၊ ဒုက္ခသည် စခန်းကြီး တစ်ခုအနေနဲ့ ဆောင်ရွက်နေတာပါ။ ဆိုမာလီယာ ပြည်တွင်းစစ်ဒဏ်ကြောင့် စုစုပေါင်း ဒုက္ခသည် အရေအတွက်မှာ ၉၀,၀၀၀ လောက်ထိ ရောက်ရှိပြီး အများစုဟာ အမျိုးသမီး နဲ့ ကလေးငယ်များဖြစ်ပါတယ်။

 

ဒေါက်တာ ဟာဝါအက်ဘ်ဒီ ရဲ့ သမီးနှစ်ဦး ဖြစ်သူ  ဒေါက်တာ ဒီကိုမိုဟာမက် နဲ့ ဒေါက်တာအမီနာ တို့ နှစ်ဦးဟာ ရုရှားနိုင်ငံကနေ ဆေးတက္ကသိုလ် ကျောင်းဆင်းပြီး ဆရာဝန်ဘွဲ့ ရရှိခဲ့ပါတယ်။ ဒေါက်တာ ဒီကိုမိုဟာမက်ဟာ အမေရိကန် နိုင်ငံမှာ အလုပ်လုပ်ကိုင် နေထိုင်ပြီး ပြီးခဲ့တဲ့ နှစ်က မိခင်ရဲ့ ဆေးရုံမှာ ကူညီဆောင်ရွက်ဖို့ ဆိုမာလီယာ နိုင်ငံကို ပြန်လည် ရောက်ရှိလာတာဖြစ်ပါတယ်။ သူမတို့ သားအမိတွေရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေ အပေါ် လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူ နာမည်ကြီး ဟောလိဝုဒ် (Hollywood) သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီ (Angelina Jolie) ကလည်း Newsweek နဲ့ The Daily Beast မှ တဆင့် ထုတ်ဖော် ချီးမွမ်းထားပါတယ်။

 

ဆိုမာလီယာ နိုင်ငံဟာ အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်တဲ့ သောက်သုံးရေ ဖြန့်ဖြူးမှုစနစ် အပါအဝင် အစစအရာရာမှာ တိုးတက်မှုမှု နည်းပါးနေတဲ့ ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒုက္ခသည် စခန်းတွေမှာလည်း စောင်၊ခြင်ထောင် အစရှိတဲ့ ပစ္စည်းတွေ လုံလောက်မှု မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလိုအပ်ချက်တွေကို ဖြေရှင်းဖို့ အသင့်ဖြစ်နေပြီလို့ ဒေါက်တာ ဒီကိုမိုဟာမက်က ဆိုပါတယ်။ မိခင်ဖြစ်သူ ဒေါက်တာ ဟာဝါအက်ဘ်ဒီ၊ သမီးနှစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဒီကိုမိုဟာမက် နဲ့ ဒေါက်တာ အမီနာ တို့ဟာ အယောက် ၉၀,၀၀၀ လောက်ရှိတဲ့ ဆိုမာလီယာ စစ်ဘေးဒုက္ခသည် တွေအတွက်တော့ ကယ်တင်ရှင်များသဖွယ် ဖြစ်ပါတယ်။

 

ဒေါက်တာ ဟာဝါအက်ဘ်ဒီဟာ ဆိုမာလီယားနိုင်ငံ ရဲ့ "Mother Teresa" လို့ ကျော်ကြားလူသိများပြီး သူမရဲ့ အတ္ထုပတ္တိ စာအုပ်ဖြစ်တဲ့ "မျှော်လင့်ချက်များ ရှင်သန်စေနေခြင်း" (Keeping Hope Alive) စာအုပ်ဟာလည်း လာမယ့် ၂၀၁၃ ခုနှစ်အတွင်းမှာ ထွက်ရှိတော့မှာဖြစ်ပါတယ်။

 

ကိုးကား – TheDailyBeast.com

မောင်သာကျူး


--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here

--
You received this message because you are subscribed to the Google Groups "Share from HYDE" group.
To post to this group, send email to hydegroup@googlegroups.com.
To unsubscribe from this group, send email to hydegroup+unsubscribe@googlegroups.com.
For more options, visit this group at http://groups.google.com/group/hydegroup?hl=my.


No comments:

Post a Comment