Saturday 20 April 2013

ဒေါင်းမာန်ဟုန်







Posted: 18 Apr 2013 08:54 AM PDT


မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုရှိရေးဟာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မှာ ပြောလိုက်ပါတယ်။
ဒီနေ့မနက်ပိုင်းက တိုကျိုတက္ကသိုလ်မှာ ဂျပန်ကျောင်းသူ၊ ကျောင်းသား ၄၀၀ ပတ်ဝန်းကျင်လောက်နဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာပါ။

တရားဥပဒေ စိုးမိုးရေးအတွက် လိုအပ်ချက်တွေမှာ တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းကို ဆိုလိုတာမဟုတ်ပဲ အစိုးရ၊ အုပ်ချုပ်ရေးဆိုင်ရာအပြင်၊ လုံခြုံရေးတပ်ဖွဲ့တွေကိုပေးတဲ့သင်တန်း စတာတွေအားလုံးနဲ့ သက်ဆိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

(ကိုထွန်းဝေ-ဂျပန်) ဗီဒီယိုမူရင်းမှာ ကောက်နှုတ်ထားပါတယ်။
Posted: 18 Apr 2013 08:46 AM PDT
(The Japan Times မှ 18 April 2013 ရက်စွဲပါ Su Kyii hopes to surmount obstacles to presidency သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လမ်းကြောင်းတွင် အတားအဆီးများ ရှိနေသည့်တိုင်အောင် နိုင်ငံရေးပါတီမှန်သမျှ၏ ခေါင်းဆောင်များကဲ့သို့ပင် နိုင်ငံသမ္မတဖြစ်လာရန် မျှော်လင့်ထားကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါသည်။

"ဟုတ်တယ်။ ကျွန်မ သမ္မတဖြစ်ချင်တယ်လို့ လုံးဝ ပွင့်ပွင့်လင်းလင်းပြောလိုက်ရင် သတင်းထောက်တွေအားလုံး အံ့အားသင့်သွားကြမယ်ဆိုတာ ကျွန်မသိပါတယ်။ အစိုးရအဖွဲ့ခေါင်းဆောင် တကယ်ကို မဖြစ်ချင်ပါဘူးဆိုတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်ရှိတယ်ဆိုရင် ကျွန်မ တွေ့ချင်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က တိုကျိုမြို့တွင် သတင်းထောက်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအား သမ္မတလောင်းစာရင်းမဝင်နိုင်အောင် တားဆီးထားသော လက်ရှိအခြေခံ ဥပဒေကို ကန့်ကွက်သည်ဟု ဂျပန်သတင်းထောက်ကလပ်တွင် ပြောကြားသည်။

"ကျွန်မသမ္မတ မဖြစ်အောင် တားဆီးထားတဲ့အချက်တွေ အခြေခံဥပဒေမှာ ထည့်သွင်းထားပါတယ်။ အခြေခံဥပဒေ ဆိုတာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ကို နေရာမရအောင် ဒါမှမဟုတ် နေရာမြဲအောင် ရေးဆွဲရတဲ့အရာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

"သဘောတူညီမှုကတဆင့် အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုပါတယ်။ ကျွန်မတို့နိုင်ငံမှာ မတူကွဲပြားတဲ့ အင်အားစုတွေအကြား သဘောတူညီမှုကတဆင့် ပြောင်းလဲမှုတွေ ဖြစ်စေချင်ပါတယ်"ဟု သူမက ပြောကြားသည်။

မူဆလင်နှင့် ဗုဒ္ဓဘာသာဝင်များအကြား တင်းမာမှုအရှိန်မြင့်နေသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှုနှင့် စည်းလုံးမှု ရှိစေရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးသည် အရေးကြီးကြောင်း မြန်မာအတိုက်အခံခေါင်းဆောင်က ထုတ်ဖော်ပြောဆိုသည်။

"မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးများစွာနဲ့ ဖွဲ့စည်းထားတာပါ။ လွတ်လပ်ရေးရကတည်းက အပြည့်အဝ ငြိမ်းချမ်းတဲ့အချိန်ဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ကျွန်မတို့တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်မှု ရရှိဖို့ ပထမဆုံး လုပ်ရမှာ ကတော့ တရားဥပဒေစိုးမိုးရေး ထူထောင်တာပါပဲ။ လုံခြုံမှုမရှိဘဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်မှု မရနိုင်ပါဘူး။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ချရတယ်လို့ မခံစားရဘဲနဲ့ အပြန်အလှန်ပြောဆိုဆွေးနွေးဖလှယ်ပြီး အဖြေရှာဖို့ မဖြစ်နိုင်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မိနစ် ၄၀ ကြာ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်စုကြည်က သူမ၏တွေ့ဆုံပွဲများသို့ ဂျပန်ရောက် မြန်မာရိုဟင်ဂျာများ တက်ရောက်ခွင့်မရဟု မီဒီယာများက ဖော်ပြနေသည့်ကိစ္စကို ထည့်သွင်းပြောဆိုခြင်း မပြုခဲ့ပေ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် ဂျပန်သို့ အလည်အပတ်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် သည် သောကြာနေ့အထိ တစ်ပတ်ကြာနေထိုင်မည်ဖြစ်ပြီး ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

Yangon Chronicle
Posted: 18 Apr 2013 08:41 AM PDT

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ နေ့ခင်းက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe)နဲ့ တွေ့ဆုံပြီး ဂျပန်မြန်မာနှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ကလည်း ကမ္ဘာအမြင့်ဆုံး မျှော်စင်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Tokyo Skytree မျှော်စင်ကို တက်ရောက်လေ့လာခဲ့သလို နာမည်ကြီး ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Panasonic Center ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့သလို တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဧပြီလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား Naruhito နာရူဟီတိုနဲ့ တိုကျိုမြို့တော်က တိုဂူးနန်းတော်မှာ တွေ့ဆုံခဲ့သလို ဂျပန်အောက်လွှတ်တော်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

Rfa
Posted: 18 Apr 2013 08:33 AM PDT
မြန်မာနိုင်ငံအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံမှ ပရိသတ်များကို ပြောကြားရာတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည် နောက်ပြန်လှည့်ရန် မရှိသေးကြောင်း၊ အားကောင်းသော စစ်တပ်အပေါ်တွင်သာ မူတည်လျှက်ရှိသေးကြောင်း ပြောခဲ့ပါသည်။ နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် အဆိုပါမိန့်ခွန်းသည် နိုဘယ်ဆုရှင်အနေဖြင့် စစ်တပ်နှင့် သူ့ပါတီ၏ နိုင်ငံရေးရည်မှန်းချက်များကြားတွင် ဆက်ဆံရေးကို ချိန်ခွင်လျှာညီအောင် လုပ်ဆောင်နေကြောင်း ပြသသည့် လက္ခဏာတရပ်ဖြစ်ကြောင်း ဆိုကြပါသည်။

ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနေပြီဖြစ်သော်လည်း ယခုအထိ ရလဒ်များသည် ခိုင်မာသည့်အဆင့်တွင် မရှိသေးကြောင်း ဆိုခဲ့ပါသည်။

"လူတိုင်းက ကျွန်မကို မေးတဲ့ မေးခွန်းရှိတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီလုပ်ငန်းစဉ် နောက်ပြန်လှည့်နိုင် သလားဆိုတာပေါ့။ ကျွန်မ ရိုးရိုးလေးပဲ ပြောပါမယ်။ စစ်တပ်က နောက်ပြန်လှည့်ဖို့ လက်ခံရင် ပြန်လှည့်သွား နိုင်တယ်"ဟုဆိုပါသည်။

မြန်မာနိုင်ငံမှ ခေါင်းဆောင်များသည် နိုင်ငံခြားမှ နိုင်ငံရေးသတင်းသမားများနှင့် နိုင်ငံခေါင်းဆောင်များ၏ ချီးကျူးမှုကို ခံရပါသည်။ နိုင်ငံတကာက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဒီမိုကရေစီ တံခါးဖွင့်မှု၏ လက္ခဏာအဖြစ် လက်ကမ်းကြိုဆိုခဲ့ကြပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ယခုအပတ်မိန့်ခွန်းသည် သူနှင့်လည်းကောင်း၊ သူ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် လည်းကောင်း၊ တိုင်းပြည်တွင် အာဏာအရှိဆုံးစစ်တပ်ကြား ရှုပ်ထွေးသော ဆက်ဆံရေးကို အလေးပေးဖော်ပြသကဲ့သို့ ရှိပါသည်။

နိုင်ငံရေးသုံးသပ်သူများက ပြောကြားရာတွင် စစ်တပ်ကရေးဆွဲသော ၂၀၀၈ အခြေခံဥပဒေကို ပြောင်းလဲလိုသော NLD ၏ ဆန္ဒသည် အတော်ညှိယူရမည့်ကိစ္စဖြစ်သည်ဟု ဆိုပါသည်။ အခြေခံဥပဒေတွင် လွှတ်တော်၌ စစ်တပ်က ၂၅ % နေရာယူထားပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရန် ခွင့်မပြုထားပေ။

ဗဟုဖွံ့ဖြိုးမှုအဖွဲ့မှ ဦးအောင်သူငြိမ်းက ပြောကြားရာတွင် အတိုက်အခံသည် အလွန်ခက်ခဲသောနေရာတွင် ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းအပေါ် စစ်တပ်၏ ထောက်ခံမှုလိုအပ်နေသောကြောင့်ဟု ဆိုပါသည်။ "ဒေါ်အောင်ဆန်းစုကြည်အတွက် စစ်တပ်နဲ့ ဆက်ဆံရေးဟာ သိမ်မွေ့တဲ့အခြေအနေပါ။ စစ်တပ်ဟာ လွှတ်တော်မှာ ၂၅ % နေရာယူထားပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအပေါ် သူတို့သြဇာကြီးပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့ ပြည်ထဲရေးလို နယ်စပ်စည်ပင်လို ဝန်ကြီးဌာနတွေကို စစ်တပ်ကပဲ ထိန်းချုပ်ထားပါတယ်"ဟု ၎င်းကပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် လွှတ်တော်တွင်းသို့ ရောက်လာပြီးကတည်းက သမ္မတဦးသိန်းစိန်၏ အာဏာရပါတီအပေါ် လုံလောက်သော စိန်ခေါ်မှု မလုပ်နိုင်ခဲ့ကြောင်း နိုင်ငံရေးနှင့် လူ့အခွင့်အရးလှုပ်ရှားသူများက ဝေဖန်ကြပါသည်။

"ပြောင်းပြန်ဖြစ်သွားတယ်။ သူနေအိမ်အကျယ်ချုပ်ကျတုန်းက အသံပိုကျယ်တယ်။ လွတ်လာပြီးတဲ့နောက် ငြိမ်သွားတယ်။ ကျွန်တော်တို့က ကိစ္စရပ်တွေ ဖော်ထုတ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာ။ ကိစ္စရပ်တွေ ဖော်ထုတ်လာရင် စစ်တပ်နဲ့ ပဋိပက္ခရှိနိုင်ပေမယ့် ပြောလာလိမ့်မယ် ထင်ထားတာ"ဟု ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှ လေ့လာရေးဗဟိုမှ တွဲဖက်ပါမောက္ခ Pavin Chachavalpongpun က ပြောပါသည်။

တိုင်းရင်းသားကိစ္စနှင့် ဘာသာရေးအရ ပြင်းထန်သော ဖြစ်ရပ်များကိစ္စတွင် ထုတ်ဖော်ပြောကြားခြင်းမရှိမှုအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ ဝေဖန်ခံခဲ့ရပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အသိုင်းအဝိုင်းများကို ကာကွယ်ပြောကြားရန်နှင့် ဗုဒ္ဓ္ဓဘာသာဘုန်းကြီးများ တိုက်ခိုက်မှုများကို အားပေးအားမြှောက်ပြုနေခြင်းများအတွက် ပြောကြားရန် ငြင်းဆန်ခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ်အပြီး တိုကျိုတက္ကသိုလ်တွင် မိန့်ခွန်းပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကို ထူထောင်ခြင်းမှာ မြန်မာနိုင်ငံတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေဆဲဖြစ်ကြောင်း ဆိုပါသည်။

"မြန်မာနိုင်ငံမှာ နှစ်ပေါင်းငါးဆယ်လောက် တရားဥပဒေစိုးမိုးမှုမရှိခဲ့ပါဘူး။ အာဏာရှင်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်လာပါတယ်။ အခုမှ ပြန်ထူထောင်ဖို့ ကြိုးစားနေရပါတယ်"ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေး သုံးသပ်သူများက ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မူဆလင်ကိစ္စပြောကြားပါက ၎င်းအားထောက်ခံသည့် မြန်မာအများစု၏ တစိမ်းတရံစာအဖြစ် သတ်မှတ်ခြင်းကို ခံရနိုင်သည်ဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အများက ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဖြစ်လာနိုင်သည်ဟု မျှော်လင့်နေပါသည်။

Yangon chronicle
You are subscribed to email updates from Dawnmanhon( ဒေါင်းမာန်ဟုန်)
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 20 West Kinzie, Chicago IL USA 60610



--
http://www.burmaburo.blogspot.com

No comments:

Post a Comment