ကူမင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အမေရိကန်သတ်မှတ်
Wednesday, March 05, 2014၀ါရှင်တန်၊ မတ် ၎
တရုတ်နိုင်ငံ ကူမင်းမြို့၌ ဓားကိုင် တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ပြီး ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှု လုပ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတ်မှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကူမင်းမြို့၌ စနေနေ့တွင် ဖြစ်ပွားခဲ့သော ဓားကိုင် တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ရန် အမေရိကန် ပြည်ထောင်စုက တွန့်ဆုတ်နေခြင်းကြောင့် စံနှစ်မျိုး ချမှတ်ကျင့်သုံးနေကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက စွပ်စွဲလိုက်ပြီးနောက် ယခုကဲ့သို့သော သတ်မှတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရှင်ကျန်ခွဲထွက်ရေး ဝါဒီများဖြစ်သော အူဂါ မွတ်ဆလင်များက ကူမင်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရအဖွဲ့က ပြစ်တင် ပြောကြားထားသည်။
ခွဲထွက်ရေးဝါဒီများ၏ တိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် အနောက်မီဒီယာများက သတ်မှတ်ခြင်း မရှိသဖြင့် တရုတ်နိုင်ငံက ဝေဖန်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကူမင်းမြို့တော်ရှိ မီးရထား ဘူတာရုံတွင် ဓားကိုင်ထားသူရှစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၂၉ ဦးသေဆုံးခဲ့ပြီး ၁၂၀ ထိခိုက်ဒဏ်ရာ ရရှိသွားကာ လူနာ ၂၀ ကျော်မှာ အခြေအနေ စိုးရိမ်ရကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ထုတ်ပြန်သွားသည်။
တိုက်ခိုက်ရေးသမား လေးဦးကို အရာရှိများက အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပစ်သတ်လိုက်ပြီး ဒဏ်ရာရှိသွားသော အမျိုးသမီးတစ်ဦးကို ထိန်းသိမ်းထားကြောင်း တရုတ် အရာရှိများက ပြောကြားသည်။
ကျန်ရှိနေသေးသော သံသယရှိသူ သုံးဦးကို တနင်္လာနေ့တွင် ဖမ်းဆီးနိုင်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်ရပ်ကို ဘေဂျင်းမြို့တော်ရှိ အမေရိကန်သံရုံးက၊ ကြောက်မက်ဖွယ် အဓိပ္ပာယ်မရှိသော အကြမ်းဖက်မှု ဖြစ်သည်ဟု အစောပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ကမ္ဘာ့အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွင် အမေရိကန် ပြည်ထောင်စုက စံနှစ်မျိုး ချမှတ်ကျင့်သုံးနေကြောင်း တရုတ်အစိုးရ ပိုင် Xinhua သတင်းတွင် ဝေဖန်သွားသည်။
"ရှီကျင် လူသတ်သမားတွေကို လွတ်မြောက်မှု ရှာဖွေနေတဲ့ ဖိနိုပ်ခံနေရသူအဖြစ် အမေရိကန်တွေက ပုံဖော်လိုက်တာပဲ" ဟု ဆက်လက်ဖော်ပြထားသည်။
ထို့ကြောင့် အမေရိကန် ပြည်ထောင်စုတွင် ယင်းကဲ့သို့သော တိုက်ခိုက်မှုများ ပေါ်ပေါက်လာပါက မည်ကဲ့သို့ မှတ်ချက်ပေးမည်နည်းဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းတွင် ဝေဖန်ထားသည်။
သို့သော်လည်း ကူမင်းမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် အများပြည်သူများကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ပတ်ကီက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ကူမင်း တိုက်ခိုက်မှုနှင့် မကြာသေးမီ လများအတွင်း ဘေဂျင်းမြို့တော်တွင် ပေါ်ပေါက်ခဲ့သော တိုက်ခိုက်မှုများမှာ ရှင်ကျင်ဒေသ အခြေစိုက် အူဂါ မွတ်ဆလင် ခွဲထွက်ရေး ဝါဒီများက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အများက ယူဆထားသည်။
သို့သော်လည်း ကူမင်း တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ဂျာမနီအခြေစိုက် ကမ္ဘာ့ အူဂါကွန်ဂရက်က ထုတ်ပြန်လိုက်ပြီး စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များကို တောင်းဆိုလိုက်သည်။
ရှင်ကျန်ဒေသရှိ အူဂါလူမျိုးများမှာ တူရကီနွယ်ဝင် မွတ်ဆလင်များဖြစ်ပြီး ယင်းတို့၏ နယ်မြေများအတွင်း တရုတ် ဟန်လူမျိုးများ တိုးချဲ့ဝင်ရောက် လာခြင်းကြောင့် မကျေနပ်မှုများ တိုးပွားလာကာ ပြီးခဲ့သည့် နှစ်များအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
The Voice Weekly
သန်းခေါင်စာရင်းတွင် "ရိုဟင်ဂျာ"ဟု ထည့်သွင်းခွင့်မပြုရန် ရခိုင်အမတ်တို့ ၀န်ကြီးဦးခင်ရီထံ တောင်းဆို
Wednesday, March 05, 2014မင်းမင်း
နေပြည်တော်၊ မတ် ၎
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီများက "ရိုဟင်ဂျာ"ဟု ထည့်သွင်းမည်ဆိုပါက လက်မခံရန် ရခိုင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော်အမတ်လေးဦးက လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီး ဦးခင်ရီနှင့် မတ်လ ၄ ရက် ညနေပိုင်းက ဆွေးနွေး တောင်းဆိုလိုက်သည်။
သန်းခေါင်စာရင်းတွင် "ရိုဟင်ဂျာ"ဟု ထည့်သွင်းလိုက်မည်ဆိုပါက ရခိုင်တိုင်းရင်းသားတို့က ကျေနပ် လိမ့်မည်မဟုတ်ဘဲ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်ဟု ရခိုင်အမတ်တို့က ဆိုသည်။
ဝန်ကြီးဦးခင်ရီနှင့် သွားရောက်ဆွေးနွေးခဲ့သည့် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက "ရိုဟင်ဂျာလို့ ပြောလာတဲ့အခါ အခက်အခဲရှိမယ်။ ရိုဟင်ဂျာလို့ စာရင်းကောက်ရင် သမိုင်းမှတ်တမ်းဝင် ဖြစ်သွားမယ်။ ပိုပြီးဖြေရှင်းရခက်သွားမယ်လို့ ပြောခဲ့တယ်"ဟု မဇ္ဈိမကို ပြောသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ ပင်ကိုယ်ဆန္ဒ အတိုင်း ရေးသွင်းနိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်း မြင့်က ဖေဖော်ဝါရီ ၂၄ ရက်က အမျိုးသားလွှတ်တော်တွင် ပြောသည်။
ဝန်ကြီးဦးခင်ရီက သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် နီးလာသည့်အတွက် ရခိုင်ပြည်နယ်တွင် အဆင်မပြေဖြစ်မည်ဟု စိုးရိမ်နေသည်ဟုလည်း ၀န်ကြီးနှင့် သွားရောက်တွေ့ဆုံရာတွင် ပါဝင်သူတစ်ဦး ဖြစ်သည့် ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောသည်။
"သူတို့အကျပ်ရိုက်နေပုံရတယ်။ သူတို့မှာလည်း UN တို့ လူ့အခွင့်အရေးတို့ပေါ့လေ။ ဒါပေမဲ့ ရိုဟင်ဂျာလို့ ထည့်လိုက်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေဘက်က ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး။ ဆူပူမှုက ဖြစ် လာမှာပဲ"ဟု ဒေါ်ခင်စောဝေက ပြောသည်။
ရခိုင်အမတ်တို့တင်ပြမှုအပေါ် ၀န်ကြီးဦးခင်ရီက တိကျသည့်အဖြေ ပြန်ပေးခြင်း မရှိသေးပေ။ သို့သော် ၀န်ကြီးက "မထည့်ဖို့ ကြိုးစားနေပါတယ်လို့တော့ ပြောတယ်"ဟု ဒေါ်ခင်စောဝေက မဇ္ဈိမ၏ တယ်လီဖုန်း ဖြင့် ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် မတ် ၃၀ မှ ဧပြီ ၁၀ ရက်အထိ သန်းခေါင်စာရင်းကောက်ယူရန် အစိုးရက စီစဉ် ထားသည်။
ထိုအစီအစဉ်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများအ တွက် အထူးအရေးကြီးသည့်ကာလမျိုးတွင် တင်းမာမှုများ မြင့်တက်လာစေနိုင်သည်ဟု ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ၏ ဖေဖော်ဝါရီ ၁၂ ရက်ထုတ် အစီရင်ခံစာတွင်လည်း သတိပေးထားသည်။
Mizzima Burmese
ဘင်္ဂါလီဒုက္ခသည်များကို ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တောင်းဆိုမှု မြန်မာသမ္မတပယ်ချ
Wednesday, March 05, 2014ရန်ကုန်၊ မတ် ၎
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေသည့် ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာ အစိုးရက ပြန်လက်ခံပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ တောင်းဆိုမှုကို သမ္မတဦးသိန်းစိန်က ငြင်းဆို ပယ်ချခဲ့ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းဆိုင်ရာ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) တတိယ ထိပ်သီးညီလာခံသို့ တက်ရောက်ရန်အတွက် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံ ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရှိနေသည့် မြန်မာ ရိုဟင်ဂျာ တိုင်းရင်းသားများ (မူရင်းအသုံးအနှုန်း) ကို မြန်မာအစိုးရက ပြန်လည် လက်ခံပေးရန် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် တိုက်တွန်း ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ယင်းသတင်းနှင့် ပတ်သက်၍ သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ ၎င်းကယင်းသို့ ပြန်လည် ပြောကြားခြင်း ဖြစ်သည်။
"ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကမ်းလှမ်းခဲ့တာတော့ အမှန်ပါ။ ဒါပေမဲ့ သူတို့တွေက မြန်မာနိုင်ငံသား မဟုတ်တဲ့ အကြောင်း၊ သူတို့ကို ပြန်လက်ခံမည် မဟုတ်တဲ့အကြောင်း သမ္မတကြီးက ပြန်ပြီး ငြင်းဆိုလိုက်ပါတယ်" ဟု အဆိုပါ သမ္မတရုံး အကြီးတန်း အရာရှိက ရှင်းပြသည်။
ထို့အပြင် အဆိုပါ ဒုက္ခသည်များကိစ္စကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံ မျက်နှာစုံညီ ဆွေးနွေးမည်ဟု ဦးသိန်းစိန်က ကတိပေး ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဘင်္ဂလားဒေ့ရှ် သတင်းဌာန အချို့တွင် ရေးသား ဖော်ပြထားမှုကိုလည်း "ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်မယ်လို့ သမ္မတဦးသိန်းစိန် ကတိပေးခဲ့တာ မရှိပါဘူး" ဟု ၎င်းက ထပ်လောင်းရှင်းပြသည်။
မြန်မာနိုင်ငံသို့ မတ်လ ၄ ရက်နေ့က ရောက်ရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် ၎င်း၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်း အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း အဆိုပါ သမ္မတရုံး တာဝန်ရှိသူက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ဒုတိယအကြိမ် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
--
http://www.burmaburo.blogspot.com
No comments:
Post a Comment